မြန်မာပြည်မှပေးပို့သောနောက်ဆုံးဖြစ်ရပ်မှန်သတင်းများ ဇန်နဝါရီလ ၁၂ ရက်၊ ၂၀၁၂
၅၀၀၀ တန်ဖုန်း ရောင်းချပေးမည့် ရွှေပြည်တံခွန် ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးလွင်နိုင်ဦး နှင့် တွေ့ဆုံခြင်း
ငွေကျပ် ငါးထောင်ရှိရုံဖြင့် ဂျီအက်စ်အမ်မိုဘိုင်းလ်ဖုန်း ၀ယ်ယူသုံးစွဲနိုင်မည်ဖြစ်ကြောင်း ဇန်န၀ါရီလ ၃ ရက်နေ့က ရန်ကုန်မြို့ ပါ့ခ်ရွိုင်ရယ်လ် ဟိုတယ်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် မိုဘိုင်းလ်ဖုန်းဝန်ဆောင်မှုပေးမည့် ရွှေပြည်တံခွန်ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးလွင်နိုင်ဦးက ပြောကြားခဲ့သည်။ အဆိုပါ သတင်းနှင့် ပတ်သတ်ပြီး The Messenger ဂျာနယ်က ဦးလွင်နိုင်ဦးနှင့် ဆက်သွယ်မေးမြန်းထားချက်များကို ဖော်ပြလိုက်ပါသည်။၃-၁-၂၀၁၂ နေ့ ပါ့ခ်ရွိုင်ရယ်လ်မှာ လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ၅၀၀၀ တန် ဂျီအက်စ်အမ်ဖုန်းတွေကို ဒီနှစ်ထဲမှာ စတင်ချပေးမယ်လို့ အသိပေးပြောခဲ့တဲ့အပေါ်မှာ ပြည်သူတွေဘက်က မယုံမရဲ ဖြစ်နေကြတာတွေ ရှိနေပါတယ်။ အဲဒီအပေါ်မှာ ရွှေပြည်တံခွန်အနေနဲ့ ဘယ်လို ဖြေရှင်းပေးနိုင်ပါမလဲ။
ကျွန်တော်တို့ နိုင်ငံတော် သမ္မတရုံးကို ပရိုပိုဆယ်လ် တင်ထားပါတယ်။ ခွင့်ပြုချက်ရပြီဆိုတာနဲ့ မတ်ခ်ျလမှာ စတင်မိတ်ဆက်ပြီး ဇွန်လလောက်မှာ ရောင်းချပေးသွားနိုင်မှာပါ။ ဒီပရိုပိုဆယ်ကို တင်ထားကတည်းက ကျွန်တော်တို့မှာ Business Plan ရှိပါတယ်။ အဲဒါကြောင့်မလို့ ပြည်သူကို အသိပေးလိုက်တာပါ။
ပရိုပိုဆယ်လ်ကို ဘယ်အချိန်က တင်ခဲ့တာပါလဲ၊ ရွှေပြည်တံခွန်လိုပဲ ဒီဖုန်းကိစ္စကို ပရိုပိုဆယ်လ်တင်ထားတဲ့ တခြား ပုဂ္ဂလိက လုပ်ငန်းရှင်ရော ရှိပါသေးသလား
ပရိုပိုဆယ်လ်က ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာမှာ စတင်ခဲ့တာပါ၊ တခြား လုပ်ငန်းရှင်တွေ တင်မတင်တော့ ကျွန်တော်တို့ မသိပါဘူး။ ဒါပေမဲ့ တင်တယ်ဆိုရင် ကျွန်တော်တို့ ကြိုဆိုပါတယ်။ ကျွန်တော်တို့က ငါးထောင်ရောင်းနိုင်ရင် သုံးထောင်၊ နှစ်ထောင်နဲ့ ရောင်းနိုင်မဲ့သူမျိုးရှိရင် ကြိုဆိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး လုပ်ချင်တဲ့ လုပ်ငန်းရှင်များ ရှိရင်လည်း ကျွန်တော်တို့နဲ့ လာဆွေးနွေးနိုင်ပါတယ်။
ဂျီအက်စ်အမ်ဖုန်းတွေကို မြန်မာငွေ ငါးထောင်လောက်နဲ့ ခြောက်လအတွင်း စရောင်းပေးမယ်ဆိုတော့ လိုအပ်တဲ့ အခြေခံလိုအပ်ချက်တွေ အဆောက်အဦးတွေကိုရော ဘယ်လိုစီစဉ်ထားပါသလဲ။
အခြေခံအဆောက်အဦးတစ်ခု၊ Infrastructure တစ်ခု တည်ဆောက်ရတာ ဘယ်လိုအခြေအနေမျိုးမဆို လေးငါးနှစ် ဆောက်ရမလား၊ နှစ် ၂၀ စီမံကိန်းနဲ့ သွားရမလားလို့ စဉ်းစားကြမြဲပါ။ တကယ်က အဲလောက် မလိုပါဘူး။ လိုအပ်တဲ့ တာဝါတွေကို ခွင့်ပြုချက်ရတာနဲ့ သုံးလနဲ့ ခြောက်လအတွင်းမှာ ပြီးအောင် ဆောက်လို့ရပါတယ်။ ခက်ခဲတဲ့ ကိစ္စမဟုတ်ပါဘူး။
အခု ငါးသိန်းဖုန်းတွေမှာတောင် လိုင်းကျပ်တဲ့ ပြဿနာတွေရှိနေတော့ တကယ်လို့ ဖုန်းတွေများလာရင် အဲဒီပြဿနာကို ဘယ်လိုဖြေရှင်းမလဲ။
လိုင်းကျပ်တယ်ဆိုတဲ့ ပြဿနာက အင်မတန်သေးငယ်တဲ့ ပြဿနာပါ။ အဲဒါက အသုံးပြုတဲ့ Band Width အပေါ်မူတည်ပါတယ်။ နည်းပညာပဲလိုအပ်ပါတယ်။ ဖြေရှင်းနိုင်တဲ့ နည်းပညာတွေ ကျွန်တော်တို့မှာ အများကြီးရှိပါတယ်။
ဖြေရှင်းနိုင်တဲနည်းပညာတွေထဲက ပညာရပ်အသုံးအနှုန်းနဲ့ မဟုတ်ဘဲနဲ့ လူအများစုနားလည်နိုင်မဲ့ ဖြေရှင်းနည်း တစ်ခုကို ဥပမာ ပြောပြလို့ရနိုင်မလား။
ဥပမာပြောရရင် ဖုန်းလိုင်း ငါးလိုင်း သုံးခွင့်ပြုထားတယ်။ ကျွန်တော်က လေးလိုင်းပဲ သုံးမယ် တစ်လိုင်းကို emergency အတွက်ထားမယ်ဆိုရင် လိုင်းကျပ်တဲ့ ပြဿနာမရှိနိုင်ပါဘူး။ ငါးလိုင်း သုံးရမဲ့နေရာမှာ ခြောက်လိုင်း သုံးရင်၊ ထပ်ပွားရင်တော့ လိုင်းကျပ်တဲ့ ပြဿနာက ရှိနေမှာပါပဲ။ ငါးလိုင်း သုံးရမှာကို ငါးလိုင်းပဲ သုံးမယ်၊ ထပ်မပွားဘူး၊ ကွာလတီကို ထိန်းထားမယ်ဆိုရင် ပြဿနာမရှိပါဘူး။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကလဲ ငါးသိန်းထက်လျှော့တဲ့ မိုဘိုင်းဖုန်း သန်းသုံးဆယ် ငါးနှစ် စီမံကိန်းကို အကောင်အထည်ဖော်နေပါတယ်။ ခု ရွှေပြည်တံခွန်က လုပ်တဲ့ ငါးထောင်တန် ဖုန်းကိစ္စကရော မြန်မာ့ ဆက်သွယ်ရေးနဲ့ လုပ်ဆောင်မှာပါလား။
မဟုတ်ပါဘူး။ ကျွန်တော်တို့က ပုဂ္ဂလိက သတ်သတ် လုပ်မှာပါ။ နိုင်ငံတော် သမ္မတရဲ့ ပရိုင်းဗိတ်၊ ပတ်ဗလစ်၊ ပါတနာရှစ် ဆိုတဲ့ 3 Ps ကို တဘက်တလမ်းက ပါဝင်တဲ့သဘောပါ။ ကျွန်တော်တို့ရဲ့ ငါးထောင်တန်ဖုန်းကိစ္စဟာ မြန်မာ့ ဆက်သွယ်ရေးနဲ့ မဆိုင်ပါဘူး။
ခွင့်ပြုချက်ရခဲ့ရင် ဖုန်းအလုံးအရေအတွက် ဘယ်လောက်နဲ့ စတင်ရောင်းချမယ်လို့ ရည်ရွယ်ထားပါသလဲ။ ဘယ်ဒေသတွေမှာ အရင်ရောင်းချမှာပါလဲ။
ကျွန်တော်တို့ Sim Card တစ်သန်း စရောင်းပါ့မယ်။ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းဒေသကြီးတွေကို ပထမဦးစားပေး အရင်ဆုံးရောင်းချပါ့မယ်။ ဘာကြောင့်လဲ ဆိုတော့ ဧရာဝတီတိုင်းဆိုတာ ကျွန်တော်တို့ နိုင်ငံရဲ့ စပါးကျီပါ။ အဲဒီဒေသက လူတွေ တိုးတက်ဖို့လိုတယ်။ ခုဆိုရင် အင်ဖော်မေးရှင်း စီးဆင်းမှု နှေးကွေးတဲ့အတွက် တကယ်အလုပ်လုပ်သူတွေ၊ ထုတ်လုပ်သူတွေက နစ်နာနေရတယ်။ ဈေးကွက်မှာ ဖြစ်နေတဲ့ ဈေးအတိုင်း တကယ်ထုတ်လုပ်သူတွေက မရဘူး၊ ပွဲစားကုန်သယ် ကြားခံအဆင့်ဆင့်ကြောင့်မလို့ ရသင့်ရထိုက်တဲ့ ဈေးနှုန်းတွေ မရဘူးဖြစ်နေတယ်။ သူတို့မှာသာ ဖုန်းရှိရင် ဆက်သွယ်ရေးလွယ်ကူသွားမယ်ဆိုရင် ဒီကိစ္စတွေနဲသွားမယ်။ ကျွန်တော်တို့ရဲ့ စပါးကျီဒေသက လူတွေ တိုးတက်ရင် ကျွန်တော်တို့ တစ်နိုင်ငံလုံး ထမင်းဝမှာပဲ။
အခု အနည်းဆုံး မြန်မာငွေ ငါးသိန်းပေးမှ ရနိုင်တဲ့ ဂျီအက်စ်အမ်ဖုန်းတွေကို ငွေ ငါးထောင်ထဲနဲ့ ရောင်းမယ်ဆိုတော့ ရွှေပြည်တံခွန်အနေနဲ့ စီးပွားရေးအရ တွက်ခြေကိုက်မှုရော ရှိပါရဲ့လား။
ဒီဖုန်းတွေရဲ့ တန်ဖိုးက ဒီလောက်နဲ့ရောင်းလို့ရလို့ ရောင်းတာပါ။ တကယ်ရောင်းနိုင်လို့ ရောင်းတာပါ။ ကျွန်တော်တို့က ထူးပြီး လုပ်ပေးရတာမရှိပါဘူး။ ဆင်းရဲမွဲတေမှု လျှော့တယ်ဆိုတာ လူတွေကို ပိုက်ဆံပေးလို့ ကောင်းသွားတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ပြည်သူတွေမှာ ဒီဆက်သွယ်ရေးလေး တစ်ခုလွယ်ကူအဆင်ပြေသွားမယ်ဆိုရင် သူ့အပေါ်က ရလာမဲ့အကျိုးကျေးဇူးက အများကြီးပဲ။ အဲဒါကိုလဲ နိုင်ငံတော် သမ္မတနဲ့ နိုင်ငံ့အကြီးအကဲတွေက သိတယ်။ အဲဒါကြောင့် လမ်းဖောက်ပေးတယ်။ ဘာကြောင့် ကျွန်တော်တို့က ရဲရဲမလျှောက်ရမှာလဲ။ အမှန်တကယ်က ငါးထောင်ဆိုတာတောင် များတယ်။ အလကားပေးသင့်တာ။ ဖုန်းခေါ်ဆိုခ တစ်မိနစ်ကို အစိတ်ဆိုတာကလဲ များတယ်။ နိုင်ငံတကာမှာ လေးကျပ်ခွဲ ငါးကျပ်လောက်ပဲ ရှိတာ။ ဒါတွေက ကျွန်တော်တို့ ပြည်သူတွေ အားလုံးခံစားရမဲ့ အခွင့်အရေးတွေပါပဲ၊ ကျွန်တော်တို့ ထူးပြီး လုပ်ပေးရတာမရှိဘူး။ ကျွန်တော်တို့ ပြောချင်တာက ဖုန်းဆိုတာ ဇိမ်ခံပစ္စည်းမဟုတ်ဖူး၊ စားစရာလည်း မဟုတ်ဖူး၊ လူတိုင်းလူတိုင်း ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စတွေမှာ အသုံးပြုဖို့ လိုအပ်တဲ့အရာ၊ ကြားခံပစ္စည်းတစ်ခုပဲ။
အခု ရွှေပြည်တံခွန်က နိုင်ငံတော် သမ္မတရုံးကို ပရိုပိုဆယ်လ်တင်ထားတုန်း အဆင့်ပဲ ရှိသေးတယ်။ ခွင့်ပြုမယ် မပြုဘူး မသိရသေးဘဲနဲ့ လူထုကို အသိပေးလိုက်တဲ့အပေါ်မှာရော ဘယ်လိုသဘောထားနဲ့ အသိပေးလိုက်တာပါလဲ။ လိုအပ်တဲ့ Infrastructure တွေက အသင့်ဖြစ်ပါပြီလား။
အဆင်သင့် မဖြစ်သေးပါဘူး။ ကျွန်တော်တို့ ဒီလုပ်ငန်းကို လုပ်နေတယ်ဆိုတာ ပြည်သူကို အသိပေးတာပ။ ကျွန်တော်တို့မှာ Business Plan ရှိပါတယ်။ ဒီနေ့ ခွင့်ပြုရင် မနက်ဖြန်စလုပ်မယ်။ စမယ်ဆိုတာနဲ့ ဘယ်လို စလုပ်မယ်ဆိုတာ Master Plan ရှိပါတယ်။ ခုချိန်မှာတော့ ပြောဖို့ စောနေပါတယ်။ တခုခု ထူးခြားတာနဲ့ သတင်းစာရှင်းလင်းပွဲ ထပ်လုပ်ပြီးတော့ အခုလိုပဲ အသိပေးပါမယ်။
ကနဦးပေးသွင်းရမှာက မြန်မာငွေကျပ် ငါးထောင်၊ ဖုန်းခေါ်ဆိုခက ၂၅-၃၀ ဆိုတော့ အင်တာနက် အသုံးပြုခကရော ဘယ်လို ပေးဆောင်ရမှာပါလဲ။ အင်တာနက် အသုံးပြုဖို့ကိုသီးသန့် ထပ်ပေးဖို့ လိုပါသလား။
အင်တာနက် အသုံးပြုခက လုပ်ခွင့်ရတာနဲ့ ထပ်ထုတ်ပြန်ပါ့မယ်။ အသေးစိတ်ထုတ်ပြန်ပါ့မယ်။ အင်တာနက် ဆားဗစ်အတွက် ထပ်ပြီး ထည့်ဖို့မလိုပါဘူး။ အဲဒါကျတော့ လူလည်ကျလွန်းရာ ကျနေပါတယ်။ ဥပမာပြောရရင် ကားဝယ်တာ ဘီးပါလား၊ စီယာတိုင်ပါလားလို့ မေးနေတာနဲ့ တူနေတယ်။ ဖုန်းဝယ်ပါပြီဆိုမှ အင်တာနက်ဆားဗစ်လည်း တစ်ပြိုင်တည်းပါပါတယ်။ 3G ဆိုပြီးတော့ အင်တာနက်ထပ်သုံးရင် ဘယ်လောက် ထပ်ဖြည့်ရမယ်ဆိုတာကျတော့ ကျွန်တ်ာတို့ မလုပ် ပါဘူး။
မြန်မာငွေကျပ် ငါးထောင်နဲ့ ဂျီအက်စ်အမ် ဆင်းကဒ်ဝယ်လို့ရတယ်ဆိုတဲ့ သတင်းအပေါ် မယုံမရဲဖြစ်နေကြတဲ့ ပြည်သူတွေကို ရွှေပြည်တံခွန်အနေနဲ့ ဘာများ ထပ်ဖြည့် ပြောချင်ပါသလဲ။
ဒီအခွင့်အရေးဟာ ပြည်သူတိုင်းရရမဲ့ အခွင့်အရေးဖြစ်ပါတယ်။ ကျွန်တော်တို့က Magician တွေ မဟုတ်ပါဘူး။ ကျွန်တော်တို့ ပတ်ဝန်းကျင်နိုင်ငံတွေမှာ ဖုန်းတစ်လုံးကို ငွေအနည်းငယ်နဲ့ အလွယ်တကူပိုင်ဆိုင်နေရတဲ့ အချိန်မှာ ကျွန်တော်တို့ကတော့ ဖုန်းတလုံးရဖို့ ခက်ခက်ခဲခဲ ကြိုးစားနေရတယ်ဆိုတာ မဖြစ်သင့်တဲ့ကိစ္စပါ။ ဒီအတွက် ကျွန်တော်တို့ ကုမ္ပဏီက ထူးပြီးလုပ်ပေးရတာလဲ မရှိပါဘူး။ ဒီလုပ်ငန်းကို လုပ်ခွင့်ရရင် လုပ်ခွင့်ရတဲ့အတွက် ကျွန်တော်တို့ ဂုဏ်ယူမှာပါ။ နယ်စပ်ဒေသတွေမှာ ဆိုရင် လူတွေက တစ်ဘက်နိုင်ငံက ဖုန်းတွေကို သုံးကြပါတယ်။ အဲဒါ ဘာဖြစ်တယ်လို့ ကျွန်တော်ခံစားရလဲ ဆိုတော့ ကျွန်တော်တို့ နယ်ချဲ့ခံနေရတယ်လို့ ခံစားရတာ။ ကျွန်နော်တို့ ပိုင်နက်ထဲမှာ၊ ကျွန်တော်တို့ သွေးချင်းတွေက သူများနိုင်ငံက ဖုန်းကို သုံးပြီးတော့ သူများနိုင်ငံကို ဖုန်းဖိုးပေးနေရတယ်။ အဲဒါကို ကျွန်တော် မဖြစ်စေချင်ဘူး။ ကျွန်တော်တို့ နိုင်ငံထဲမှာ ကျွန်တော်တို့က ထုတ်တဲ့ဖုန်းတွေပဲ သုံးနိုင်အောင် ကျွန်တော်တို့ လုပ်ရပါမယ်။ နိုင်ငံတော် သမ္မတကြီးကလဲ ဆင်းရဲမွဲတေမှု ပပျောက်ဖို့လိုတယ်။ လူနေမှု အဆင့်အတန်းမြင့်ရမယ်လို့ ပြောခဲ့တယ်။ အဲဒီစကားကို ကျွန်တော်တို့ ဦးထိပ်ထားပါတယ်။ သမ္မတကြီးရဲ့ ဦးဆောင်မှုအောက်မှာ ကျွန်တော်တို့ ပါဝင်ချင်တယ်။ ၀င်ငွေနဲပြည်သူတွေ၊ ကျောင်းသူကျောင်းသားတွေ အတွက် ဆက်သွယ်ရေးမြန်ဆန်လွယ်ကူဖို့ ကျွန်တော်တို့ လုပ်ပေးချင်ပါတယ်။ နိုင်ငံတော် သမ္မတရုံးက ခွင့်ပြုချက်ရတာနဲ့ ကျွန်တော်တို့ အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ပါ့မယ်။
ဟုတ်ကဲ့။ ခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံကို ပြင်မှ ပြည်တွင်း စစ်ကို ရပ်နိုင်မယ်
တိုင်းရင်းသားခေါင်းဆောင်များနှင့် ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီးတွေ့ဆုံခဲ့မူအပေါ် ဦးအေးသာအောင်နှင့် တွေ့ဆုံမေးမြန်းခန်း
အဲဒီမှာ ၀ီလျံဟိတ်နဲ တွေ့တဲ့အခါ တိုင်းရင်း သားခေါင်းဆောင်တွေက ဘာတွေကိုအဓိက ထားပြီးတင်ပြခဲ့ကြသလဲ ဆိုတာနည်းနည်း လောက်ရှင်းပြပေးပါ။
အဓိက ကတော့ ကျနော်တို့ အခုဖြစ်နေတဲ့ ပြည်တွင်းစစ်နဲ့ ပတ်သတ်ပြီး ပြည်တွင်းစစ်ကို အမြန် ရပ်စဲဖို့ရယ်။ နောက်ပြီး ပြည်တွင်းစစ်ဖြစ်ရတဲ့ အကြောင်းနဲ့ ပြည်တွင်းစစ်ဖြစ်နေတဲ့ အခြေအနေ တွေကို တင်ပြ ပြောဆိုကြတယ်။ ပြည်တွင်းစစ်ကို ရပ်စဲနိုင်ဖို့ ဆိုရင် တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့်တွေကို ပေးပြီးတော့ ပြည်ထောင်စုကို တည်ဆောက်ဖို့ လိုပါတယ်။ အထူးသဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်မှသာ အခုဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကို ရပ်စဲနိုင်မယ် ဆိုတာ တွေကို တင်ပြခဲ့ပါတယ်။ နောက်တစ်ချက်က အထူးသဖြင့် ဦးခွန်ထွန်းဦး တို့လို တိုင်းရင်းသား ခေါင်းဆောင်တွေ၊ မင်းကိုနိုင်တို့လို ကျောင်းသား ခေါင်းဆောင်တွေကို လွှတ်ပေးမှသာ အားလုံး ပါဝင်တဲ့ နိုင်ငံရေး ဖြစ်စဉ်နဲ့တကွ အမျိုးသားပြန်လည် သင့်မြတ်ရေး တည်ဆောက်နိုင်ဖို့ ဆိုတဲ့ ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ပါတယ်။ ထို့အတူ ဒီနေ့ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေတွေကိုလည်းပဲ ဆွေးနွေးပါတယ်။
ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး ၀ီလျံဟိတ်က ဘာတွေ ပြန်ပြောခဲ့ ပါသလဲ။
သူက ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ စစ်ပွဲတွေ အပေါ် အထူးစိတ်ဝင်စားပြီးတော့ ပြည်တွင်းစစ် ရပ်စဲမယ့်ကိစ္စ၊ ပြီးတော့ အကျဉ်းသားတွေကို လွှတ်ပေးဖို့ ကိစ္စတွေကိုလည်း အလေးနက်ထားပြီးတော့ ပြောပါတယ်။ ဒီကိစ္စရပ်တွေကို နေပြည်တော်မှာ ဆွေးနွေးတင်ပြခဲ့တယ်ဆိုတဲ့ အကြောင်းတွေကိုလည်း ပြောပြပါတယ်။
ဦးအေးသာအောင် အနေနဲ့ ၀ီလျံဟိတ် မြန်မာနိုင်ငံကို လာတဲ့ ခရီးစဉ် အပေါ်မှာ ဘယ်လို သဘောအမြင်ရှိပါသလဲ။
ဗြိတိန် နိုင်ငံ အပါအ၀င် နိုင်ငံတကာက မြန်မာနိုင်ငံရဲ့ လတ်တလော ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး ဖြစ်စဉ်တွေ အပေါ်မှာ အထူး စိတ်ဝင်တစား ရှိနေတယ်။ ဒါကြောင့် နှစ်ပေါင်း ၅၀ ကျော်အတွင်း နိုင်ငံခြားရေး ၀န်ကြီး တစ်ဦး ရောက်ရှိလာတာ ဖြစ်ပါတယ်။ သူ့ခရီးစဉ်ဟာလည်း ထူးခြားမူ၊ တိုးတက်မူတွေ ရှိလာမှာ ဖြစ်ပါတယ်။ အခု မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို စိတ်ဝင်တစားနဲ့ မေးမြန်းတယ်။ ဆွေးနွေးတယ်ဆိုကတည်းက တစ်စုံတစ်ရာ နိုင်ငံရေးအရ ဖြစ်ပေါ် ပြောင်းလဲမူတွေ ဖြစ်ဖို့ သူတို့ လိုလားနေတယ်ဆိုတာကတော့ သေချာပါတယ်။ ဒါကြောင့်လည်း လာတာ ဖြစ်ပါတယ်။ နောက်ပြီးတော့ အဲဒီလို ပြောင်းလဲ တိုးတက်ဖို့ အတွက်လည်းဘဲ သူတို့ အနေနဲ့ ဆက်လက်ပြီး မြန်မာ အစိုးရကို တွန်းအားပေးသွားမယ်ဆိုတဲ့ အကြောင်းတွေကို ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ လိုတယ်။ ပြီးတောပြည်တွင်းစစ်ကို ရပ်စဲဖို့ လိုတယ်လို့ မြန်မာ အစိုးရကို သူက တွန်းအားပေး ပြောဆိုသွားတယ်။ ဒါတွေကို ဦးသိန်းစိန် အစိုးရက လိုက်လျော ပေးမယ်လို့ကော မြင်မိပါသလား။
လောလောဆယ် အခြေမှာကတော့ မမြင်သေးပါဘူး။ ဒါပေမဲ့ အတိုင်းအတာတစ်ခုထိ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ဆွေးနွေးပွဲတွေက တဆင့် ဖြစ်လာနိုင်စရာတွေတော့ တွေ့နေရပါတယ်။ NLD ကလည်း တရားဝင်ပါတီ မှတ်ပုံတင်တယ်။ ကြားဖြတ် ရွေးကောက်ပွဲလည်း ၀င်မယ်။ အဲဒီရွေးကောက်ပွဲက တဆင့် အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပါလီမန်ထဲကို ရောက်လာမဲ့ အနေအထားတွေ ရှိနေတယ်။ အဲဒီကနေ တိုးတက် ဖြစ်ပေါ်လာမယ့် အလားအလာတွေတော့ ရှိနေတယ်လို့တော့ သုံးသပ်လို့ရပါတယ်။
ဝီလျံဟိတ်နဲ ဦးအေးသာအောင်တို့နဲ ဘယ်မှာတွေ့ကြပါသလဲ။
တိုင်းရင်းသား ညီနောင် (၅) ပါတီ အပါအ၀င် တစ်ခြား တိုင်းရင်းသား အဖွဲ့တွေ ကျွန်တော် အပါအ၀င်တွေ့တာကတော့ ဗြိတိသျှ သံအမတ်ကြီး အိမ်မှာ ဖြစ်ပါတယ်။ ညနေ ၅နာရီကနေ ၆ နာရီထိ ဖြစ်ပါတယ်။
CRPP နဲ တွေ့တယ်လို့ သိရပါတယ်။ ဘယ်မှာ တွေ့တာပါလဲ။
ဒေါ်အောင်ဆန်းစုကြည်ရဲအိမ်မှာ တွေ့ပါတယ်။ ညနေ ၁၀ နာရီ ၁၅ မိနစ်ကနေ ၁၁ နာရီထိတွေ့ပါတယ်။ (ပြီး)
ဆိုင်ကယ်ပေါ်မှ တမင်တွန်းချ သတ်ဖြတ်သူ ပဲခူးတိုင်းပြည်မြို့မှ ဒုတပ်ကြပ် သဲမောင်မောင်အား အရေးယူပေးပါရန် တိုင်ကြားခြင်း
(3/1/2011) နေ့ နံနက်(103း0) အချိန်တွင် အိမ်အမှတ်(9/ခ) ရတနာမာရ်အောင် ကွက်သစ်ပဲခူးတိုင်း ပြည်မြို့တွင်နေထိုင်သူ မောင်ကောင်းဆက်ပိုင်နှင့် သူငယ်ချင်းဖြစ်သူ မောင်ဇော်လင်းဦးတို့အားဒုတပ်ကြပ် သဲမောင်မောင်က ဆိုင်ကယ်ပေါ်မှ တွန်းချရာတွင် မောင်ကောင်းဆက်ပိုင် (ခ)တရုပ်ကြိး အသက် (15)နှစ်သည် နေရာတွင်ပင် သေဆုံးသွားပီး ဇော်လင်းဦးမှာ ပြည့်သူ့ဆေးရုံကြီးတွင် တပ်ရောက်ကုသနေရပါသည်။ သေဆုံးသူမောင်ကောင်းဆက်ပိုင်သည် အ.ထ.က (1)ပြည်တွင် ပညာသင်ကြားနေသော ကျောင်းသားတစ်ယောက်ဖြစ်ပြီး အခင်းဖြစ်သည့် ထိုနေ့နံနက်(10)နာရီခန့်တွင် သေဆုံးသူသည် ၀ိုင်းကျူရှင် တတ်ရောက်ရာမှပြန်လာပြီး စည်တော်မင်္ဂလာရပ်ကွက်ထဲတွင်နေထိုင်သော သူ၏ သူငယ်ချင်းမောင်ဇော်လင်းဦးအား ၀င်ခေါ်ပီး သေဆုံးသူက မောင်းနှင်ကာ အုန်းတော်လမ်းမကြီးမှ ဖြတ်လမ်းဖြစ်သည့်ရထားလမ်းဘေးလူသွားလမ်းမှမောင်းနှင်လာရာတွင် နောက်မှ အမည်သူတစ်ဦး ဆိုင်ကယ်နှင့်လိုက်လာပီး ဘေးချင်းယှဉ်သည့်အချိန်တွင် ဆိုင်ကယ်နောက်မှ စီးလာသူ ဇော်လင်းဦး၏ အကျီင်္ကို ဆုတ်ကိုင်စွဲချပီး အရှိန်ဖြင့်ပြုတ်ကျခဲ့သည် ။ ထို့်နောက်သေဆုံးသူမောင်းနှင်သည့် ဆိုင်ကယ်လက်ကိုင်အားလှမ်းဆွဲပြီး ဆိုင်ကယ်နံဘေးကို လှမ်းကန်လိုက်သောကြောင့်  သေဆုံးသူမှာ ဆိုင်ကယ်နှင့်အတူ လမ်းပေါ်သို့ တစောင့်အနေအထားနဲ့ လဲကျသွားခဲ့ပါသည်။ ဦးခေါင်းမှ သွေးများထွက်ပြီး လဲကျနေသော သေဆုံးသူ၏ လက်မှ နာရီကိုချွတ်ကာ လက်ထိတ်ခိုက်လိုက်ပြီး လူကို တရွတ်တိုက် လေးငါးတောင်ခန့် အကွာအဝေးသို့ ဆွဲခေါ်သွားခဲ့ပါသည်။ ပတ်ဝန်ကျင်မှ လူများက အမြင်မတော်လို့ ၀ိုင်းပြောပြီး သတိလစ်နေသော သေဆုံးသူအား ဆေးရုံသို့ ပို့ပေးခဲ့ကြသည် ။ ဆေးရုံမရောက်မီ ဆိုက်ကားပေါ်မှာပင် သေဆုံးသွားခဲ့ရသည်။ အခင်းဖြစ်ပြီး နောက်တစ်နေ့တွင် ဆေးရုံတွင်တတ်ရောက်နေသော မောင်ဇော်လင်းဦးအား သွားရောက်မေးမြန်းရာတွင်သေဆုံးသူအား ဆိုင်ကယ်ပေါ်မှ တွန်းချသတ်ဖြတ်သူမှာ ပြည်မြို့ အမှတ်(2) ရဲစခန်းမှ ဒုတပ်ကြပ် သဲမောင်မောင်ဖြစ်ကြောင်း သိရှိခဲ့ရပါသည်။ သို့ဖြစ်သောကြောင့် ဆိုင်ကယ်ပေါ်မှ တမင်တွန်းချသတ်ဖြတ်သူ ဒုတပ်ကြပ်သဲမောင်မောင်အား ဥပဒေနှင့်အညီဖော်ထုတ်အရေးယူပေးပါရန် သက်ဆိုင်ရာလူကြီးများအား သူငယ်ချင်းများမှ တဆင့်ဒီဖြစ်ရပ်လေးကိုတင်ပြပေးပီး အရေးယူပေးကြဖို့ ဒီပို့စ်လေးကိုရေးသားဖြစ်ခဲ့တာပါ နော်
မှတ်ချက် ။........။ သေဆုံးသူ၏ x1ဆိုင်ကယ်နံပါတ် (၁၀ယ/၁၁၆၆) လိမ္မော်+အနက်ရောင်နှင့် လက်ပတ်နာရီမှာ ယခုချိန်ထိ ပျောက်ဆုံးနေဆဲဖြစ်သည်ဟု သိခဲ့ရ
ကျောင်းသားတစု ဓားနဲ့ခုတ် ကားနဲ့တိုက်လို့ ၁ ဦးသေဆုံး
ဒီလထဲမှာ မန္တလေးတိုင်း ကျောက်ဆည်တက္ကသိုလ်ရှေ့မှာ ကျောင်းသားအုပ်စု တစုက ကျန် ကျောင်းသားတစုကို ဓားနဲ့ခုတ် ကားနဲ့တိုက်လို့ ၁ ဦးသေဆုံးပြီး အနည်းဆုံး ၃ ဦး ဒဏ်ရာရခဲ့ပါတယ်။ တရားခံလို့ ယူဆရသူ ၉ ဦးအနက် ၅ ဦးကို စဥ့်ကိုင်ရဲစခန်းက ဖမ်းထားတယ်လို့ မျက်မြင်တွေက ပြောပါတယ်။
ကျောက်ဆည်တက္ကသိုလ် ကျောင်းသားတွေ ထိုးခုတ် ကားတိုက်ခံရရာမှာ အသက် ၁၇ နှစ်အရွယ် ပထမနှစ် ဘူမိဗေဒကျောင်းသား ညီဇော်ထွန်း ကားနဲ့ကြိတ်ခံရလို့ သေဆုံးခဲ့တာပါ။
လွတ်လပ်ရေးနေ့မှာ ဘူမိဗေဒဌာနရဲ့ မိုင် ၂၀ လမ်းလျှောက် အစီအစဉ်ကြောင့် ကျောင်းကို လာအိပ်ရင်း ဖြစ်ခဲ့တာလို့ သေဆုံးသူ ကျောင်းသားရဲ့ ဖခင် ဦးမောင်မောင်ဝင်းက ဒီကနေ့ သူ့သား သေဆုံးခဲ့တဲ့ နေရာကို လာကြည့်ရင်း ပြောပါတယ်။
“ဒီပွဲကို လာရတာကလည်း သူတို့ ဘူမိဗေဒဌာနက မိုင် ၂၀ လမ်းလျှောက်ပွဲ ရှိတယ်လေ။ ၄ ရက်နေ့ မနက်မှာဆိုတော့။ ၃ ရက်နေ့ ညကနေ ကျောင်းမှာ လာအိပ်ရတာ။ ဒီလိုပဲ ကားတိုက်တယ်လို့ အသံကြားရတယ်။ လိုက်လာတဲ့ အချိန်ကျတော့ ကျနော့်သား အသက်မရှိတော့ဘူး။”
ဒေသခံ မျက်မြင်တဦး အဆိုအရ အဲဒီညက ဖြစ်စဉ်မှာ အဲဒီကားနဲ့ လာတဲ့ လူငယ် ကျောင်းသားတွေဟာ တခြားတက္ကသိုလ်တွေက ဖြစ်ပြီး ကျောက်ဆည် တက္ကသိုလ်က ကျောင်းသား ၅ ဦးနဲ့ စတင်ရန်ဖြစ်တယ်လို့ ဆိုပါတယ်။
အပြင်မှာ မုန့်ထွက်စားတဲ့ မောင်ညီဇော်ထွန်း အပါအ၀င် ၃ ဦးက ကွန်ပျူတာ ဂိမ်းဆိုင်မှာ ရန်ပွဲပြီးအောင် နာရီဝက်လောက် စောင့်နေပြီးမှ အပြန်မှာ ကားနဲ့လာတဲ့ ကျောင်းသားတွေက လိုက်တိုက်တာလို့ ဆိုပါတယ်။ ဒုတိယအကြိမ် တိုက်ခိုက်မှုမှာ ကျန် ၂ ဦးက ဓားဒဏ်ရာရခဲ့ပြီး မောင်ညီဇော်ထွန်း ကတော့ လမ်းပေါ်မှာ ၀ါးတရိုက်လောက် ပြေးပေမယ့် ကားနဲ့ တိုက်ပြီး တက်ကြိတ်သွားတာလို့ ဒေသခံတဦးက ဆိုပါတယ်။
“ကားနဲ့တိုက်သွားတာ။ ၂ ယောက်က ဘေးမှာရှောင်ပြီး လွတ်သွားတယ်။ တယောက်က ကားလမ်းအတိုင်း ပြေးတာ။ အောက်ဆင်းပြေးတော့ အောက်ထိ လိုက်တိုက်တာ။ နေရာတင် သေသွားတယ်။”
ကျောက်ဆည် တက္ကသိုလ်နားမှာ ဖြစ်ပေမယ့် အခင်းဖြစ်တဲ့ နေရာဟာ စဥ့်ကိုင်အပိုင်ထဲမှာ ဖြစ်တာကြောင့် စဥ့်ကိုင်မြို့နယ် ရဲက ကိုင်တွယ် ဆောင်ရွက်ပါတယ်။ အဲဒီညက သွေးသံရဲရဲနဲ့ လူနာတွေ ဆေးရုံပို့ဖို့ ယာဉ်စီစဉ်ရာမှာ ကျောင်း တာဝန်ရှိသူတွေရော အုပ်ချုပ်ရေး အာဏာပိုင်တွေပါ ကိုင်တွယ်မှု နှေးကွေးတယ်လို့ မျက်မြင်တွေက ပြောပါတယ်။
အခင်းဖြစ်တဲ့နေရာဟာ စဥ့်ကိုင်မြို့နယ် ရဲစခန်းနဲ့ ၆ မိုင်လောက် ကွာဝေးတာကြောင့် ရဲလည်း ချက်ချင်း မရောက်လာနိုင်ဘဲ ဖြစ်ခဲ့ရပေမယ့် နောက်ပိုင်းမှာ လူ ၅ ယောက်ကို ဖမ်းဆီး ထိန်းသိမ်းထားပါတယ်။
သေဆုံးသူ ကျောင်းသားရဲ့ ဖခင် ဦးမောင်မောင်ဝင်းက သူ့သားအတွက် စဥ့်ကိုင် ရဲစခန်းမှာ အမှုဖွင့်ဖို့ ကြိုးပမ်းပါတယ်။ ဒါပေမယ့် ရဲက သူကိုယ်တိုင် အမှုဖွင့်ခဲ့ပါတယ်။ ရဲက ဒီအမှုကို လူသေမှုသာဖြစ်ပြီး လူသတ်မှု မဟုတ်ကြောင်း ပြောတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အမှန်တရားအတိုင်း ဖြစ်စေချင်ကြောင်း ပြောပါတယ်။
“လူကြီးတွေကတော့ မှန်မှန်ကန်ကန်နဲ့ လုပ်နေပြီလို့ ထင်ပါတယ်။ အောက်ခြေ အဖွဲ့အစည်းကလည်း မှန်မှန်ကန်ကန် လုပ်ရင်တော့ ကောင်းတာပေါ့။ အဲဒီလိုမှသာ ကျောင်းသားလူငယ်တွေ အေးအေးချမ်းချမ်းနဲ့ ပညာသင်ကြားတဲ့ အခါမှာ အန္တရာယ်ကင်းကင်း ဖြစ်စေချင်တာပေါ့။ ဒါတွေကလည်း အာဏာပိုင် အဖွဲ့အစည်းရဲ့ ကာကွယ်စောင့်ရှောက်မှု ရှိမှသာ ဖြစ်တော့မယ့်ကိစ္စကို။”
မောင်ညီဇော်ထွန်းရဲ့ ဈာပနကို ဇန်န၀ါရီ ၅ ရက်နေ့က ကျောက်ဆည်မှာ သဂြိုငှ််ခဲ့တယ်လို့ ဆိုပါတယ်။ အခုအခါ သူ့သား သေဆုံးတဲ့နေရာကို လာကြည့်ပြီး ဇရပ်ဆောင်တခုခု ဆောက်လုပ်လှူဒါန်းဖို့ ရည်ရွယ်ထားတယ်လို့ ပြောဆိုသွားပါတယ်။
ဒီဗွီဘီ
`ဒေါင်း´
`ဒေါင်း´ ဆိုတာ မြန်မာလူမျိုးရဲ့ သင်္ကေတဖြစ်တယ်။ ဒေါင်းဆိုတာ နေလို့လဲ အဓိပ္ပါယ်ယူလို့ရတယ်။ ဒေါင်းတောင်ဖြန့်နေတာဟာ နေရောင်သာနေတဲ့ပုံ ဥပမာပြသရုပ်ဖော်ကြတာ။ မြန်မာအပါအ၀င် အရှေ့တိုင်းသားတွေဟာ နေအပေါ်မှာ အစွဲအလန်းကြီးခဲ့ ကြတယ်။ `နေမင့်နွယ် ဆွေဘုရားရယ်လို့ ဝေတင့်တယ် အသေရေခြားအောင်ပ ငွေများမှာတဲ့ တံဆိပ်တင် နမိတ်မြင်က မင်္ဂလာရှိ မြန်မာနွယ် ကမ္ဘာဝယ် ထင်အလင်းသာပ ဆင်မြင်းဗိုလ်ပါရံလို့ မြကဏ္ဍန် သီဟာစိုးစဉ်က ဒေါင်းအလံ စိုက်ကာထိုးကြတယ် ဖိုးထိုက်ပါဘိ´ ... ဆိုတဲ့ ကဗျာကို ၀ိုးတ၀ါးမှတ်မိနေသေးတယ်။ (မှတ်ဥာဏ်သက်သက်နဲ့ ရေးလိုက်ရတာမို့ စာလုံးပေါင်းမှားကောင်း မှားနိုင်ပေမဲ့ ကဗျာ ဆိုလိုရင်းက အဲဒီအတိုင်းပဲ) ပြောချင်တာက `ဒေါင်း´ ဆိုတဲ့ သင်္ကေတကို မြန်မာဘုရင်တွေ ခေတ်ထဲက သုံးခဲ့ကြတာ။ ခုအခါမှာ ဒေါင်းပုံ သင်္ကေတကို စော်ကားလာတာတွေ့ရတယ်။ ဒါ မြန်မာ တစ်မျိုးသားလုံးကို စော်ကားလိုက်တာပဲ။ ပါတီတစ်ခုကို ပြောနေတာ မဟုတ်တော့ဘဲ မြန်မာတစ်မျိုးသားလုံးကို ဆဲနေတာဖြစ်နေတယ်။
ဦးတေဇ ကိုယ်တိုင် ရေးသားထားတဲ့ “ဝတိံဖျားက နတ်ရေကန်သို့ အသွား မရဏတရား၏ ခံတွင်းမှ အပြန်” ဆောင်းပါးကို ဖတ်လိုက်ရပါတယ်။ ရေးထားတာက ဖတ်လို့ အတော်ကောင်းပါတယ်။ သက်စွန့်ဆံဖျား ဝတ္ထုတပုဒ် ဖတ်နေရသလိုပါပဲ။ အားလုံး ဘေးမသီ ရန်မခ ပြန်လည်လွတ်မြောက်လာကြလို့လည်း ဝမ်းသာမိပါတယ်။
အခြား ထူးထူးထွေထွေ ပြောစရာ နောက်ထပ် နည်းနည်းရှိနေသေးလို့ လူချင်းတွေ့ဖို့ အဆင်မပြေတာနဲ့ အိတ်ဖွင့်စာ ပေးပို့ရပါတယ်။ ဦးတေဇရဲ့ ပုဂ္ဂိုလ်ရေးဂုဏ်သိက္ခာကို ထိခိုက်စေလိုတာ မဟုတ်မှန်း ဖတ်ကြည့်ရင် သိနိုင်ပါလိမ့်မယ်။
ဦးတေဇအနေနဲ့ စစ်အစိုးရ အားကောင်းစဉ်မှာ အောင်မြင်တဲ့ စီးပွားရေး သူကြွယ်ကြီးတဦး ဖြစ်လာခဲ့တာကြောင့် စစ်အာဏာရှင်ရဲ့ ဒဏ်ကို အကြီးအကျယ် ခံစားနေရဆဲ ပြည်သူတွေနဲ့ ပြဒါးတလမ်း သံတလမ်းမှာ ရှိနေပါတယ်။
ပူတာအို tourism plan ကလည်း ဦးတေဇ မျှော်လင့်သလို မီးခိုးတိတ် အောင်မြင်နိုင်မယ့် လူထုစီးပွားရေး အမှန်ပါပဲ။ ထိုင်းက သက်သေပြခဲ့ပါတယ်။ ဦးတေဇ အနေနဲ့ နာဂစ်တုန်းက ကူညီပေးခဲ့တာအပြင် အခု ဒီဆောင်းပါးကို အများသူငါသိအောင် ရေးပေးရုံနဲ့ မတူညီနိုင်သေးတဲ့ လမ်းကြောင်း ၂ ခုကို ဆက်လို့ မရနိုင်သေးဘူး ထင်ပါတယ်။
ဒီထက် ပိုကောင်းမယ့် သက်သေတွေ ထပ်ပြီးတော့ ပြသစေချင်ပါတယ်။ ဦးတေဇရဲ့ ဆောင်းပါးထဲမှာပဲ ဦးတေဇရဲ့ အရည်အချင်းကောင်းတွေကို သတိပြုမိပါတယ်။ ဒါကြောင့် ကျနော့်အနေနဲ့ တွေးမိတာကို ပွင့်ပွင့်လင်းလင်း ထုတ်ပြောရရင် ဦးတေဇဟာ ပြည်သူတွေဘက်ကနေ မားမားမတ်မတ် ရပ်တည်ပေးရင်း ဒီအရည်အချင်းတွေကို အပြည့်အဝ အသုံးချစေချင်ပါတယ်။
လက်ရှိမြန်မာနိုင်ငံမှာ အလိုအပ်ဆုံးက စီးပွားရေး မဟုတ်ပါဘူး။ စီးပွားရေးကို စိတ်ချလက်ချ လုပ်နိုင်တဲ့ နိုင်ငံရေးစနစ်သာ ဖြစ်ပါတယ်။ ရှင်းရှင်းပြောရင် ဒီမိုကရေစီ အမှန်တကယ် ဖြစ်ထွန်းလာဖို့ပါ။ “နောက်ပြန် မဆုတ်တော့ပါ” ဆိုတဲ့ ကျနော့် ဆောင်းပါးမှာ ပြည်သူအများက မျှော်လင့်နေတဲ့ လောလောဆယ် မြန်မာနိုင်ငံမှာ အမြန်ဆုံးလုပ်ရမယ့် အရေးကြီးဆုံး အမျိုးသားရေးကိစ္စတွေ (National issues) အကြောင်း ထည့်ရေးထားပါတယ်။ ဦးတေဇ အချိန်ပေးပြီး ဖတ်စေချင်ပါတယ်။
စီးပွားရေးသမားဖြစ်လို့ နိုင်ငံရေးဘက်မှာ မကျွမ်းကျင်ဘူး ပြောလို့ မဖြစ်ပါ။ နိုင်ငံရေးကို အထောက်အကူ ဖြစ်စေတဲ့ လူမှုရေး အကျိုးပြုလုပ်ငန်းတွေမှာ တဘက်တလမ်းကနေ ပါဝင်ပေးနိုင်ရမှာ ဖြစ်ပါတယ်။ ပြာပုံဘဝက ဂျပန်နိုင်ငံဟာ ဒီလိုနည်းနဲ့ အုတ်တချပ်သဲတပွင့် ကူညီခဲ့ကြလို့ ပြန်လည်ဦးမော့လာရတဲ့ အကြောင်းရင်းတွေ ရှိပါတယ်။ အောင်မြင်နေတဲ့ မြန်မာ့စီးပွားရေးသမားကြီးတွေကိုယ်တိုင် ကိုယ်ကျိုးစီးပွား မပါဘဲ လူမှုရေး အကျိုးပြုလုပ်ငန်းတွေမှာ အားတက်သရော ပါဝင်စေချင်ပါတယ်။ စီးပွားရေးသမားတွေဟာ ဒီနည်းနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အကူအညီ ပေးနိုင်စရာ ရှိပါလိမ့်မယ်။
ဘယ်သူမဆို မွေးလာကတည်းက အသက်ရှင်ဖို့ကိုသာ ရုန်းကန်ကြတာ ဖြစ်ပါတယ်။ ရည်မှန်းချက်နဲ့ ခံယူချက်တွေကို သိသိနဲ့ မွေးလာကြတာ မဟုတ်ပါဘူး။ ပတ်ဝန်းကျင် စေ့ဆော်မှုအရသာ သိရှိလာပြီး လမ်းကြောင်းတွေ ပြောင်းလဲသွားကြရတာ ဖြစ်ပါတယ်။ အသိဥာဏ် ပွင့်လာသလောက် အကောင်းဆုံး ဖြစ်တယ်လို့ ခံယူထားချိန်မှာ အများပြည်သူတွေဘက်ကနေ ရပ်တည်ပြီး ကြိုးစားတဲ့ လမ်းကြောင်းဟာ ဘယ်တော့မှ မမှားသလို လက်ရှိ ကျနော်တို့ လိုချင်တဲ့ ဒီမိုကရေစီရဲ့ သဘောအတိုင်းလည်း ဖြစ်နေပါတယ်။ ဦးတေဇအနေနဲ့ George Soros လို လမ်းကြောင်းမျိုးကို ရဲရဲရွေးချယ်ပါလို့ အကြံပေးချင်ပါတယ်။ ဒါဟာ သာကူး မဟုတ်ပါဘူး။
“.....ကျန်ရှိသေးတဲ့ သက်တမ်းတလျှောက်လုံး ကျွန်တော့်ကိုယ် ကျွန်တော် မြန်မာပြည်ရဲ့ တန်ဖိုးရှိသော လူတစ်ယောက်အဖြစ် ကျင့်ကြံနေထိုင်သွားပါမယ်။ လိုအပ်လျှင် မိမိအသက်ကိုပင် ပဓာနမထား၊ တိုင်းပြည်အတွက် စွန့်စားစွန့်လွှတ်ဖို့ အမြဲအသင့် ရှိနေပါမယ် ခင်ဗျာ....”
လို့ ဦးတေဇက ဆောင်းပါးအဆုံးမှာ ရေးသားထားကို အလွန်နှစ်ခြိုက်မိပါတယ်။ ဦးတေဇက ဒီလိုနိဂုံးမျိုး ရေးထားခဲ့လို့သာ ကျနော့်အနေနဲ့ အိတ်ဖွင့်ပေးစာ ရေးလိုက်ရခြင်း ဖြစ်ပါတယ်။
ပြည်သူများနှင့်အတူ ရွှင်လန်းချမ်းမြေ့ပါစေ။
လွင်အောင်စိုး
၁၁-၁-၂ဝ၁၂
ဝတိံဖျားက နတ်ရေကန်သို့ အသွား မရဏတရား၏ ခံတွင်းမှ အပြန် -- http://www.ygnutd.com/files/docs/ma_dwe.swf
ပြည်ပန်းညို ချိုပါလျက် ဆားဖျက်တဲ့ မိုဘိုင်းကဒ်
ယနေ့ ပြည်သူတွေ စိတ်အဝင်စားဆုံးသတင်းမှာ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဘာတွေပြောသွားလဲဆိုသည့် သတင်းလည်းမဟုတ်၊ မာစီးဒီးလို တန်ဖိုးကြီးကားတွေ သွင်းခွင့်ပြုလိုက်ပြီဆိုသည့် သတင်းကလည်း သာမန်လက်လုပ်လက်စား တွေအတွက် စိတ်ဝင်စားစရာ သတင်းမဟုတ်ပေ။ သို့သော် ပြည်သူလူထု အများစု သိချင်နေကြသည့် သတင်းတစ်ခု အရပ်တကာထဲတွင် ဟိုးဟိုးကျော်နေပြီ။
ငါးထောင်တန် ဖုန်းကဒ်များ ရောင်းချတော့မည့်သတင်းမှာ အင်တာနက်စာမျက်နှာများမှ ပုံနှိပ်ဂျာနယ်များပေါ် အထိ ရောက်ရှိလာသည်။ ရွှေပြည်တံခွန် ကုမ္ပဏီမှ မိုဘိုင်ဆင်းကဒ် တစ်ကဒ်လျှင် ငါးထောင်ကျပ်နှင့် ရောင်းချပေးနိုင်မည့် Proposal ကို နိုင်ငံတော်သမ္မတကြီးထံ တင်ပြထားသည်ဟု အဆိုပါကုမ္ပဏီ၏ ထိပ်တန်းအရာရှိကြီးတစ်ဦးက မီဒီယာများကို ဖိတ်ခေါ်၍ အသိပေးလိုက်သည်။ သမ္မတကြီးမှ ခွင့်ပြုသည်နှင့်တပြိုင်နက် စတင်ဖြန့်ချိတော့မည်ဟုလည်း အသိ ပေးလိုက်သည်။ ဈေးနှုန်းနှင့် ခေါ်ဆိုခမှာ မြန်မာ့ဆက်သွယ်ရေးမှ GSM, CDMA, ကမ်းရိုးတမ်းတွေထက် အံသြဖွယ်ကောင်းလောက်အောင် နည်းပါးသော်လည်း စီးပွားရေးအရ တွက်ခြေကိုက်သည့်အပြင် အရှိန်ရလာလျှင် ဆင်းကဒ်ဖိုး ငါးထောင်ကိုပင် ယူတော့မည်မဟုတ်ဘဲ ခေါ်ဆိုခကိုသာ ကောက်ခံတော့မည်ဟုလည်း ၎င်းအရာရှိကြီးက ဆက်လက်ပြောကြားလိုက်သေးသည်။ ခေါ်ဆိုခပင်လျှင် ဒေသတွင်း နိုင်ငံများနှင့် ယှဉ်လျှင်များပြားနေသေးကြောင်းလည်း ဝန်ခံသွားခဲ့သည်။
ပြည်သူတွေအနေဖြင့် ထိုကိစ္စ အမှန်တကယ် အကောင်အထည်ဖော်လာရန် ဆုတောင်းနေကြရပါသည်။ မည်သည့်နိုင်ငံတွင်မှ မပေးရသည့် ဖုန်းဈေးနှုန်းနှင့် ကြီးမြင့်လှသော ခေါ်ဆိုခတွေကို ဆင်းရဲသောပြည်သူတွေ ပေးဆောင်နေကြရသည်။ စီးပွားရေးလုပ်ငန်းတွေမှာလည်း မလိုလားအပ်သည့် အပိုကုန်ကျစရိတ်( Transaction Cost) တွေကြောင့် ဒေသတွင်းနိုင်ငံတွေနှင့် ယှဉ်ပြိုင်ရောင်းချနိုင်စွမ်းမရှိ ဖြစ်နေရသည်။ Transaction Cost တွေ လျော့ချရမည့် ကိစ္စကို တိုင်းပြည်အခြေပြုမိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားခဲ့သည့် သမ္မတကြီးအနေဖြင့်လည်း ယခုကိစ္စကို သဘောတွေ့လိမ့်မည် ထင်ပါသည်။
ပြည်ပန်းညိုချိုပါလျှက် ဆားကဖျက်ဆိုသကဲ့သို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ထိုကိစ္စကို အနှုတ်လက္ခဏာဆောင်သည့်အမြင်ဖြင့် ရှုမြင်သည်။ ဆက်သွယ်ရေးမပါဘဲ လုပ်၍မရကြောင်း မီဒီယာများကို အသိပေးသည်။ ဆက်သွယ်ရေးကဏ္ဍမှာ နိုင်ငံတော်ကသာ လုပ်ခွင့်ရှိသည့် ကိစ္စဟူ၍လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ကိုးကားပြောဆိုပြန်သည်။ မြန်မာ့ဆက်သွယ်ရေး၏ ကွန်ယက်ပေါ် ဖြတ်သန်းခြင်းမရှိဘဲ မြန်မာ့ဆက်သွယ်ရေးမှ ဖုန်းများနှင့် ချိတ်ဆက်၍မရ၊ နိုင်ငံတကာ ဖုန်းများနှင့် ချိတ်ဆက်၍မရဟူ၍လည်း နည်းပညာပိုင်းအရ မဖြစ်နိုင်ပါဟူ၍လည်း ငြင်းဆိုလိုက်သေးသည်။ အကယ်၍ ပုဂ္ဂလိက လုပ်ငန်းက ကိုယ်ပိုင် ဆက်သွယ်ရေး ပစ္စည်များ၊ တိုင်များ၊ ဂြိုလ်တုများနှင့် လုပ်ကိုင်မည်ဆိုလျှင် မြန်မာ့ဆက်သွယ်ရေးမှ ဖုန်းများကို မည်သူမျှ သုံးကြတော့မည်မဟုတ်ပေ။ အစိုးရမှာ တပ်မတော် အစိုးရကို ဆက်ခံသော အစိုးရဖြစ်၍ လုံခြုံရေးအမြင်အရဆိုလျှင်လည်း ထိုပုဂ္ဂလိကကုမ္ပဏီများမှာ နိုင်ငံတော်လုံခြုံရေးကို ထိခိုက်စေမည့် ကိစ္စရပ်များ အတွက် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီပြီးဖြစ်ပါလိမ့်မည်။ အမေရိကန် ပြည်ထောင်စုကဲ့သို့ နိုင်ငံကြီးများပင်လျှင် ၉/၁၁ အရေးအခင်းအပြီးတွင် တယ်လီဖုန်းများ ကြားဖြတ်နားထောင်သည့်ကိစ္စကို ပြုလုပ်ခဲ့ရသည်ဖြစ်ရာ လုံခြုံရေးအမြင်ဖြင့် ကြည့်လွန်းသော အစိုးရအနေဖြင့် ထိုကိစ္စကို ပူပန်စရာမလိုပါဟုသာ ဆိုရပေလိမ့်မည်။
သို့ရာတွင် အစိုးရဘက်မှ တစ်စုံတစ်ရာ သဘောထားထုတ်ပြန်ချက်မရှိသေးဘဲ မြန်မာ့ဆက်သွယ်ရေးကသာ ထိုကိစ္စကို ငြင်းဆိုနေခြင်းဖြစ်ရာ မည်သို့ ဆက်ဖြစ်မည်ဆိုသည်မှာ စိတ်ဝင်စားစရာကောင်းနေပေသည်။ ခြစားမှုများလွန်းသော ကဏ္ဍများကို ပြုပြင်ပြောင်းလဲရေးလုပ်ရန်မှာ လွယ်ကူသည့် ကိစ္စ မဟုတ်ပေ။ ဆိုရလျှင် မြန်မာ့ဆက်သွယ်ရေးသာ မဟုတ်၊ အစိုးရ၏ လုပ်ငန်းတော်တော်များများတွင် ခြစားမှုတွေမှာ သူ့နည်းသူ့ဟန်နှင့် ရှိနေကြပြီး ဖြစ်ပါသည်။ မြန်မာ့ဆက်သွယ်ရေးကို ဥပမာပေးရလျှင်ပင် မြန်မာစာ၊ ရုက္ခဗေဒ စသည်ဖြင့် လုပ်ငန်းသဘောသဘာဝနှင့် မည်သို့မျှဆက်စပ်ခြင်းမရှိသည့် ဝန်ထမ်းတွေ အမြောက်အများရှိနေသည်။ သို့ရာတွင် ပြန်တမ်းဝင်ဝန်ထမ်းအဖြစ်မဟုတ်ဘဲ အကူ၊ နေ့စား ဝန်ထမ်းအဖြစ်၊ အချို့ဆိုလျှင် လခမရဘဲ လုပ်အားပေးအဖြစ် ဝင်ရောက်လုပ်ကိုင်နေကြခြင်းဖြစ်သည်။ သက်ဆိုင်ရာအရာရှိကြီးများ၏ နီးစပ်မှုဖြင့် ထိုသို့ ဝင်ရောက်နေကြသည့် ဝန်ထမ်းတွေ မနည်းမနောရှိပါသည်။ သူတို့၏ ရည်ရွယ်ချက်မှာလည်း ဖုန်းပွဲစားလုပ်ခြင်း၊ ဖုန်းဘီလ်ဆောင်ခြင်း၊ ပီစီအို တည်ထောင်ခြင်း၊ လိုင်းပြင်ခြင်း စသည်ဖြင့် ကြားပေါက်ရမည့် ကိစ္စတွေ အတွက်သာ ထိုကဲ့သို့ လစာကို မက်မောခြင်းမရှိဘဲ ဝင်ရောက်လုပ်ကိုင်နေကြခြင်းဖြစ်သည်။ ထိုသို့ဆိုလျှင် မြန်မာ့ဆက်သွယ်ရေး၏ ခြစားမှု မည်မျှကြီးမားနေသည်ကို ခန့်မှန်း နိုင်ကြပါလိမ့်မည်။ ထို့ကြောင့် မြန်မာ့ဆက်သွယ်ရေး ရှုထောင့်မှကြည့်လျှင် လုပ်ငန်းအတွကသာမက၊ ဝန်ကြီးအစ၊ အရာရှိအလယ် အောက်ခြေဝန်ထမ်းအဆုံး ကိုယ်ကျိုးစီးပွား ထိခိုက်နိုင်ကြသည်ဖြစ်၍ ယခုကိစ္စကို လက်မခံနိုင်ကြသေးခြင်း ဖြစ်ပါလိမ့်မည်။
ဥပမာပေးရလျှင် ကြေးနန်းပို့သည့် ခေတ်ကုန်သွားပြီဖြစ်၍ ကြေးနန်းကဏ္ဍမှာ နှစ်စဉ်အရှုံးပေါ်လျှက်ရှိသည်။ ထို့ကြောင့် ကြေးနန်းဝန်ထမ်းတွေ အလုပ်ပြုတ်မည့်အရေးမှ အကာအကွယ်ပေးနိုင်ရန် ကြေးနန်းဝန်ထမ်းများကို အင်တာနက်၊ အီးမေးလ်သင်တန်းများပေး၍ မြန်မာ့ဆက်သွယ်ရေး၏ အများပြည်သူ သုံး အင်တာနက်စခန်းများ၊ အင်တာနက်ကြေးနန်း ဝန်ဆောင်မှုလုပ်ငန်းများကို ပြုလုပ်ကြရသည်။ အစိုးရရှုထောင့်မှကြည့်လျှင် အစိုးရဝန်ထမ်းများ အစုလိုက် အပြုံလိုက် အလုပ်ပြုတ်မည့်အရေးကို ထည့်သွင်းစဉ်းစားရခြင်းလည်း ရှိနိုင်ပါသည်။ သို့ရာတွင် ပုဂ္ဂလိကဆက်သွယ်ရေး ကုမ္ပဏီများ အပြိုင်အဆိုင် ပေါ်လာသည် နှင့်အမျှ အလုပ်အကိုင် အခွင့်အလမ်းများလည်း ပေါ်ပေါက်လာမည်ဖြစ်ရာ ထိုကိစ္စမှာ စိုးရိမ်ပူပန်ဖွယ်မရှိနိုင်ပါ။ သို့ရာတွင် ထိုက်တန်သော လုပ်ခလစာနှင့် လုပ်ရမည်ဖြစ်၍ လိုအပ်သည်ထက် အခွင့်အရေးပိုယူလွန်းသော ဝန်ထမ်းများအတွက်မူ ဆက်သွယ်ရေးကုမ္ပဏီများထက် မြန်မာ့ဆက်သွယ်ရေးကို ပို၍ ဖက်တွယ် လိုကြပါလိမ့်မည်။ အထူးသဖြင့် အကျိုးအမြတ်များစွာရရှိနေသာ ထိပ်တန်းအရာရှိများက ပိုပါလိမ့်မည်။ စီမံကိန်း ဒါရိုက်တာရာထူး၊ ညွှန်ကြားရေးမှူးရာထူး စသူတို့မှာ အများအားဖြင့် တပ်မတော်မှ အငြိမ်းစားများဖြစ်လေ့ရှိပြီး နည်းပညာအကြောင်း နကန်းတစ်လုံးမျှ နားမလည်သူတွေလည်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတွင် ရှိနေပါသေးသည်။ ထိုကဲ့သို့ ပုဂ္ဂိုလ်မျိုးတွေကို ငဲ့ညာနေလျှင် ကျန်သန်းခြောက်ဆယ်သော ပြည်သူတို့၏ ဘဝကို မညှာတာရာ ရောက်ပေလိမ့်မည်။ ယနေ့ခေတ်မှာ မိမိကိုယ်ကို တာဝန်ခံရသောခေတ်ဖြစ်ရာ လုပ်ငန်းအမှန်တကယ် တတ်ကျွမ်းခြင်းမရှိလျှင်၊ ခေတ်နှင့်အညီ လိုက်ပါနိုင်ခြင်းမရှိလျှင် ကျန်ရစ်ခဲ့မည်မှာ လည်း ဓမ္မတာပင်ဖြစ်ပါသည်။
စာရေးသူတို့ နိုင်ငံအနေဖြင့် ထိုကိစ္စအပေါ် အသစ်အဆန်းဖြစ်နေသော်လည်း ဂလိုဘယ်လိုက်ဇေးရှင်းခေတ်တွင် ဆက်သွယ်ရေးနှင့် သတင်းပျံ့နှံ့ စီးဆင်းမှုတို့မှာ အဓိကမောင်းနှင်အားဟုဆိုရမည်ဖြစ်ရာ ဆက်သွယ်ရေးအတွက် တယ်လီဖုန်းနှင့် အင်တာနက်တို့ကို ကောင်းနိုင်သမျှ ကောင်းအောင် လုပ်နေကြ ရသည်။ ဆရာကျော်ဝင်း၏ စာအုပ်များထဲက စကားနှင့်ဆိုရလျှင် ယခင်က တစ်နိုင်ငံနှင့် တစ်နိုင်ငံ မည်သည့်နိုင်ငံ၏ ဒုံးပျံက ပိုမြန်သလဲ ပြိုင်ကြရင်းမှ ယခုအခါတွင် ကွန်ပျူတာချိပ်စ်တွေ ဘယ်လောက်မြန်သလဲ၊ ထိုနိုင်ငံ၏ အင်တာနက်ဒေါင်းလုပ် ဘယ်လောက်မြန်သလဲဆိုတာတွေနှင့် ပြိုင်လာကြရပြီဖြစ်သည်။ မြန်မာနိုင်ငံ အနေဖြင့်လည်း ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဟု တလျှောက်လုံး ကြွေးကြော်ကြုံးဝါးနေခဲ့စေကာမူ လျှပ်စစ်မီး၊ အင်တာနက်၊ တယ်လီဖုန်းတို့ကို ယနေ့တိုင် အဆင်ပြေပြေလုပ်ဆောင်ပေးနိုင်ခြင်း မရှိသေးသည်ကို တွေ့ရသည်။ ထိုကဏ္ဍကြီးသုံးခုမှာ နိုင်ငံဖွံ့ဖြိုးရေးအတွက် အဓိကအကျဆုံးသော လုပ်ငန်းကြီး သုံးရပ်လည်း ဖြစ်ပါသည်။ ပြုပြင်ပြောင်းလဲရေးများသည် ကနဦးပိုင်းတွင် အခက်အခဲများနှင့် ရင်ဆိုင်ရလေ့ရှိသော်လည်း ရေရှည်တွက် အကျိုးများ သည့် ကိစ္စရပ်များဖြစ်ကြောင်းကို မော်တော်ကားအသစ်များ လဲလှယ်ခွင့်ပြုခဲ့သည့် ဖြစ်ရပ်က သက်သေပြခဲ့ပြီးဖြစ်ပါသည်။ ထို့ကြောင့် ယခုကဲ့သို့ ဈေးနှုန်း သက်သာသော ဖုန်းများကိစ္စလည်း မကြာမီ အကောင်အထည်ပေါ်လာဖွယ် ရှိပါသည်။ လက်ဝါးကြီးအုပ်ရုံမျှမက အမြတ်ကြီးပါစားလိုသော ခရိုနီများနှင့် ကိုယ်ကျိုးစီးပွား ကြည့် လွန်းသော အုပ်စုများမှလွဲ၍ လူတိုင်းနှစ်သက်လက်ခံသောကိစ္စပင် ဖြစ်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားရမည် မှန်သော်လည်း မြစ်ဆုံကဲ့သို့ သော ကိစ္စ၊ ဝန်ကြီးများရုံးကိစ္စ၊ မော်တော်ယာဉ်တင်သွင်းခွင့် စသည့် ကိစ္စရပ်များသည် နိုင်ငံတိုးတက်ရေးကို လိုလားသော သမ္မတကြီးနှင့် အစိုးရထိပ်တန်း ပုဂ္ဂိုလ်ကြီး များထံမှ တိုက်ရိုက်လာသည်ကို မမေ့မလျော့ရှိကြရန်လည်း လိုအပ်သည်ဟု ဆိုရပေလိမ့်မည်။
Yangonchronicle
Lwin Pwin
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment