မြန်မာပြည်မှပေးပို့သောနောက်ဆုံးဖြစ်ရပ်မှန်သတင်းများ      ဇန်နဝါရီလ ၁၇ ရက်၊ ၂၀၁၂

 ပဒိုမန်းငြိမ်းမောင် မကြာမီ ပြန်လွတ်မည် by နော်နိုရင်း 

 

 

·အင်းစိန်ထောင်တွင်း အကျဉ်းကျနေတဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ခေါင်းဆောင်တဦးဖြစ်တဲ့ ပဒိုမန်းငြိမ်းမောင် တပတ်အတွင်း လွတ်လာနိုင်တယ်လို့ ဇန်နဝါရီ ၁၂ ရက်နေ့က အစိုးရနဲ့ သွားရောက်ဆွေးနွေးခဲ့တဲ့ ကရင်အမျိုးသားအစည်းအရုံး ငြိမ်းချမ်းရေးကော်မတီက ပြောပါတယ်။

ကေအန်ယူ ငြိမ်းချမ်းရေးကော်မတီ ကိုယ်စားလှယ်အဖွဲ့မှာ ပါဝင်တဲ့ ပဒိုဒေးဗစ်ထောက “သူတို့ ပဒိုမန်းငြိမ်းမောင်ကိုလည်း ကျနော်တို့နဲ့ တခါတည်း ပေးလိုက်ဖို့ပါပဲ။ ဒါပေမယ့် ဖြစ်ပုံက အချိန်က နည်းနည်းကပ်ပြီးတော့ ရုံးလုပ်ငန်းတွေနဲ့ စာရွက်စာတမ်းကိစ္စတွေ ရှိတဲ့အတွက်ကြောင့် ကျနော်တို့အနေနဲ့ တပါတည်း ခေါ်ဆောင်လာနိုင်ခဲ့ခြင်း မရှိပါဘူး။ သူတို့ အဲဒီစာရွက်စာတမ်း ကိစ္စတွေ ပြီးရင် ကျနော်တို့ကို အကြောင်းကြားပြီးတော့ သူတို့ ပို့ပေးပါလိမ့်မယ်။ ကျနော်ထင်တယ်၊ ဒီတပတ်အတွင်းမှာ ဖြစ်နိုင်ပါတယ်။”

ပဒိုမန်းငြိမ်းမောင်ဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လကုန်ပိုင်းက ထိုင်းနိုင်ငံကနေ တရုတ်နိုင်ငံကို သွားရောက်စဉ် ပျောက်ဆုံးခဲ့ပြီး မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ခံခဲ့ရကာ လဝကအမှုနဲ့ ထောင်ဒဏ် ၆ လချခဲ့ပါတယ်။ နောက်ပိုင်း ပုဒ်မ (၁၇/၁) မတရားအသင်း အက်ဥပဒေအပါအဝင် အခြားစွဲချက်တွေနဲ့ တရားစွဲဆိုခံခဲ့ရပြီး အင်းစိန်ထောင်မှာ အကျဉ်းချခံနေရတာဖြစ်ပါတယ်။

ပဒိုမန်းငြိမ်းမောင်

ပဒိုမန်းငြိမ်းမောင်အမှုကို လိုက်ပေးဖို့ ပြီးခဲ့တဲ့အပတ်က ရှေ့နေပါဝါရရှိခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပေဒေပြုအဖွဲ့က ရှေ့နေဦးအောင်သိန်းက ပြောပါတယ်။

ပဒိုမန်းငြိမ်းမောင်ဟာ ကေအန်ယူ အမြဲတမ်းဗဟိုကော်မတီဝင်ဖြစ်သလို ညီညွတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီရဲ့ အမှုဆောင်နဲ့ အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု တွဲဖက်အတွင်းရေးမှူးလည်း ဖြစ်ပါတယ်။

ပဒိုမန်းငြိမ်းမောင်ဟာ မဆလခေတ် ၁၉၆၉ ခုနှစ်မှာ နိုင်ငံရေးလှုပ်ရှားမှုကြောင့် တသက်တကျွန်း ထောင်ဒဏ်ချမှတ်ခံရပြီး ကိုကိုးကျွန်းမှာ အကျဉ်းကျဖူးပါတယ်။

အကျဉ်း ကျ ဖော်နှစ်ဦးနဲ့အတူ လှေနဲ့ ပင်လယ်ဖြတ်ပြီး ကိုကိုးကျွန်းနဲ့ မိုင် ၂၅၀ အကွာ မွန်ပြည်နယ် ကမ်းခြေကို လွတ်မြောက်သွားပါတယ်။ ဒါပေမယ့် အစိုးရစစ်တပ်က ဖမ်းဆီးလို့ အင်းစိန်ထောင်မှာ ၃ နှစ် အကျဉ်းကျ တိုက်ပိတ်ခံခဲ့ရပြီး ၁၉၇၃ ခုနှစ်မှာ လွတ်မြောက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့ကပြုလုပ်ခဲ့တဲ့ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ကိုကိုရဲ့ သတင်းစာရှင်းလင်းပွဲမှာ မန်းငြိမ်းမောင်ကို တရား ဥပဒေအတိုင်း ဆောင်ရွက်နေတယ်လို့ ပြောခဲ့ပါသေးတယ်


NLD စာစောင်သစ်ထုတ် By ဗွီအိုအေ (မြန်မာဌာန)


Democratic Wave ဒီလှိုင်း ဆိုတဲ့နံမည်နဲ့ ပါတီစာစောင်တစ်ခုကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ဒီကနေ့ စတင် ထုတ်ဝေလိုက်ပါတယ်။ လောလောဆယ် နှစ်ပတ် တစ်ကြိမ်ထုတ်ဝေမယ့် ဒီလှိုင်းစာစောင်ကို စာဖတ်သူတွေ စိတ်ဝင်စားအောင် ဂျာနယ်ပုံစံနဲ့ ထုတ်ဝေ ရောင်းချသွားမယ်လို့ တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။ ဒီတော့ ဘယ်လို အကြောင်းအရာတွေကို ဒီလှိုင်းမှာ ဖတ်နိုင်မှာပါလဲ။ ဒီကနေ့မှာ ပထမဆုံး ထုတ်ဝေတဲ့ စာစောင်မှာရော ဘာတွေဖော်ပြထားလဲ ဆိုတာကို ဘန်ကောက်ရုံးက မစုမြတ်မွန်က အစီရင်ခံထားပါတယ်။
နိုင်ငံရေးပါတီ စာစောင်ထုတ်ဝေခွင့်အရ NLD ပါတီက ဒီလှိုင်း စာစောင်ကို ဒီနေ့ တနင်္လာနေ့မှာ စတင် ထုတ်ဝေ ရောင်းချခဲ့တာဖြစ်ပါတယ်။ အခုအစပိုင်းမှာ သီတင်းနှစ်ပတ်ကို တစ်ကြိမ် စောင်ရေ ၁ သိန်း ထုတ်ဝေသွားမှာ ဖြစ်တယ်လို့ ဒီလှိုင်းထုတ်ဝေရေး တာဝန်ရှိသူတစ်ယောက်ဖြစ်တဲ့ မနီမိုလှိုင်က ပြောပါတယ်။ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေတဲ့ NLD ပါတီက စည်းရုံးမဲဆွယ် နေချိန်မှာ ပထမဆုံး ထုတ်ဝေလိုက်တဲ့ စာစောင်မှာ ဘယ်လိုထူးခြားတဲ့ အကြောင်းအရာတွေ ဖတ်နိုင်မှာပါလဲ။
“အခု ပထမဆုံး ထုတ်ဝေတဲ့ စာစောင်က အန်တီ ကော့မှူး မြို့နယ်က ရွေးကောက်ပွဲ ၀င်မယ်ဆိုတဲ့အကြောင်း မျက်နှာဖုံးနဲ့ နိုင်ငံရေး အကျဉ်းသာတွေ လွတ်မြောက်လာတဲ့ သတင်းရယ်၊ နောက်ဆုံး လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ အမြင်ပေါ့နော်။ လွတ်မြောက်လာသူတွေရဲ့ အမြင်ရယ်။ နောက် ဘဘဦးဝင်းတင်ရဲ့ ဆောင်းပါး ပါတယ်။ အန်တီလည်း ရေးပါတယ်။ ဆရာမောင်ဝံသရဲ့ ဆောင်းပါး ပါတယ်။ အစ်မတို့ ပြီးခဲ့တဲ့ လွတ်လပ်ရေးနေ့မှာ ဖြစ်သွားခဲ့တဲ့ ဖျာပုံမြို့နယ်က ကိုသိန်းဆွေနဲ့ အာဏာပိုင်များရဲ့  အနေအထားလေး၊ အစ်မရဲ့   ပြည်သူလူထုကို သိစေချင်တာလေး ရေးထားတဲ့သတင်း ဆောင်းပါးလေး ပါတယ်။ နောက် ကဗျာလေးတွေ ပါတယ်။ နောက် အန်ကယ် ဦးဉာဏ်ဝင်းရဲ့ ဥပဒေရေးရာနဲ့ ပတ်သက်တဲ့ ဆောင်းပါး ပါတယ်။”
တနင်္လာနေ့မနက် အစောပိုင်း ဂျာနယ်တွေ စတင်ရောင်းချိန်ကတည်းက ဒီလှိုင်းစာစောင်ကို စတင် ရောင်းနေတာမှာ ဝယ်ကြသူတွေ များတယ်လို့လည်း ဆိုပါတယ်။
“မနက်အစောကြီးကတည်းက ရောင်းတယ်။ ရောင်းအားကတော့ တော်တော်လေး များတယ် ညီမရေ။ နယ်က တက်လာတဲ့သူတွေလည်း တော်တော်လေး မှာကြတယ်။ တစ်ယောက်တည်း မှာတာကို ၅၀၀ တို့ ဘာတို့ စာရင်းအားဖြင့်တော့ တော်တော်လေး များတယ်။”
NLD ပါတီရဲ့ အာဘော်၊ ပါတီရဲ့ မူဝါဒတွေကို အဓိက ဖော်ပြမယ့် စာစောင်ဖြစ်တာမို့ ရေရှည်မှာ စာဖတ်သူတွေကို စွဲဆောင်ထားနိုင်ဖို့ အတွက်ကရော ဘယ်လိုလုပ်မှာပါလဲ။
“အဓိကကတော့ NLD ရဲ့ အာဘော်၊ NLD ရဲ့ လှုပ်ရှားမှုတွေကို ပြည်သူဆီကို ဂျာနယ်နည်းလမ်းနဲ့ ဖြန့်တာပါ။ ဂျာနယ်ပုံစံနဲ့ သွားနိုင်အောင် ကြိုးစားနေတယ်။ အဓိက က အင်မတန် ညောင်းညာခဲ့တဲ့ သတင်းစာတွေလို မဖြစ်အောင် ကြိုးစားတယ်။ အစိုးရထုတ် သတင်းစာတွေ အများကြီး ဖတ်ခဲ့ရဖူးတယ်လေ။ အခုကတော့ နိုင်ငံရေး ပါတီတစ်ခုရဲ့ အာဘော်နဲ့  နိုင်ငံရေး ပါတီတစ်ခုရဲ့ လှုပ်ရှားမှုတွေကို ဦးစားပေးပြီး သွားမယ်ဆိုတော့ မတော်တဆ သတင်းစာ ဆန်သွားမှာ စိုးတယ်။ အဲတော့ အစ်မတို့က သတင်းစာပုံစံနဲ့ မသွားဘူး။ ပါတီက ထုတ်တာ မှန်တယ်။ ပါတီက နသ နဲ့ တရားဝင်ထုတ်တဲ့စာစောင် ဖြစ်တယ်။ ဒါပေမဲ့ ဂျာနယ် အတိုင်းပဲ သွားမယ်။ ဘာသာရပ်နဲ့ ပတ်သက်ရင် ဥပဒေနဲ့ ပတ်သက်ပြီး ပါမယ်။ နောက်ပြီးတော့ ပြည်သူလူထုကို ပြည်သူလူထုရဲ့ အခွင့်အရေး Right နဲ့ ပတ်သက်ပြီးတော့ ပြန်ယူရမယ့် အခွင့်အရေးတွေ၊ စောင့်ထိန်းယူရမယ့် အခွင့်အရေးတွေ၊ အဲဒီ အခွင့်အရေး တွေကို ပြည်သူလူထု သိအောင်ပေးမယ်။ နောက် ပါတီရဲ့ အာဘော်နဲ့ ပါတီရဲ့ လှုပ်ရှားမှုတွေ ပါမယ်။”
ဒီလှိုင်းစာစောင် ထုတ်ဝေရေးနဲ့ပတ်သက်လို့ တာဝန်ရှိသူတစ်ယောက် ဖြစ်တဲ့ မနီမိုလှိုင် ဖြစ်ပါတယ်။ အယ်ဒီတာအဖွဲ့မှာ ဦးဝင်းတင်၊ ဦးမိုးသူ၊ ဖျာပုံနေလုံဦး၊ မုံရွာအောင်ရှင် စတဲ့ ဝါရင့် သတင်းစာဆရာ၊ စာရေးဆရာကြီးတွေ ပါဝင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကလည်း သူရဲ့ဆောင်ပါးတွေ ပုံမှန်ပါနိုင်အောင် ကြိုးစားရေးမယ်လို့ ပြောပါတယ်။



အင်းစိန်ထောင်မှ လွတ်မြောက်လာသော ဗိုလ်ကြီးဟောင်း နေမျိုးဇင်ဖြင့် တွေဆုံမေးမြန်းခြင်း

အောင်ကိုကိုလတ်(ရွှေမြစ်မခ)ဇန်န၀ါရီလ ၁၆၊ ရန်ကုန်မြို့။


 ဇန်န၀ါရီလ ၁၄ရက်နေ့၊ နေ့လည် ၁၂နာရီခန့်အချိန်တွင်  လွတ်ငြိမ်းချမ်းသာခွင့်နှင့် လွတ်မြောက်လာသော ကိုနေမျိုးဇင်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါသည်။ ကိုနေမျိုးဇင်သည် ၂၀၁၁ခုနှစ်က  ပုဒ်မ ၃၃/က ( အီလက်ထရောနစ်) ဖြင့် ၁၀နှစ်ကျခံခဲ့ရပြီး အင်းစိန်ထောင် အကျဉ်းထောင်ထဲတွင် ၁၀လအကျဉ်းကျခံခဲ့ရကာ။ ဇန်န၀ါ၇ီလ ၁၂ ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြန်လည်လွတ်မြောက်လာသူတစ်ဦးဖြစ်သည်။
မေး။    ။ အခုလိုလွတ်ငြိမ်းချမ်းသာခွင့်အပေါ် အကို ဘယ်လိုခံစားရပါသလဲ၊။
ဖြေ။     ။ အကျဉ်းကျနေတဲ့ ဒုက္ခသုတ်ခတွေကြားထဲက လွတ်လာတာတော့ဝမ်းသာတာပေါ့ဗျာ။ ကျန်တဲ့နိုင်ငံရေးအကျဉ်းသားတွေအားလုံးအတွက်ကတော့ တကယ်ရင်ထဲမှာလေးလေးနက်နက်ဝမ်းသာပါတယ် ။ ထောင်ထဲမှာနှစ်ရှည်လများကျတာဆိုတော့ ကျွန်တော်တို့ အနေနဲ့ ထောင်ဒဏ်ဆယ်နှစ် ကျခဲ့တယ်ဆိုပေမယ့် ဆယ်လပဲနေပြီးတော့ လွတ်လာတာပါ။ ကျွန်တော်အမူကလည်း တကယ်တကယ်ပြောရင်အခုခေတ်နဲ့ မလျှော်ညီတော့ဘူးပေါ့ အီလက်ထရောနစ်အက် ပုဒ်မ ၃၃ (က) နဲ့ထောင်ဒဏ်ဆယ်နှစ်ချခဲ့တယ်။ အမှန်တကယ်ဖြစ်သင့်တာက ကျွန်တော်တို့လို မဖြစ်သင့်တော့တဲ့ မတရားတော့တဲ့ ဥပဒေပုဒ်မတွေနဲ့ချထားခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အကျဉ်းသားအားလုံးကို ချွမ်းချက်မရှိလွတ်ပေးသင့်တာပေါ့ ။လွတ်ငြိမ်းချမ်းသာခွင့်ဆိုပြီး သနားလို့လွတ်လာတ်ဆိုပြီး ပုံစံမျိုးထက်တော့ တရားစိုးမိုးမူ ဒီလိုဒီလိုဖြစ်ခဲ့တယ် မှားယွင်းခဲ့တယ် ယွင်းချော်ခဲ့တယ် တရားစီရင်ရေးသားကောင်တွေအဖြစ်မင်းတို့ဖြစ်ခဲ့တယ် ။ အဲတော့ သားတို့ တူတို့ မောင်တို့ မင်းတို့ကို ဒီလိုဒီလို ဥပဒေအကြောင်းအရာတွေပြင်ပြီးတော့ မင်းတို့ကို  တရားရှင်လွတ်တယ်ဆိုပြီးတော့ လွတ်ပေးတယ်ဆိုရင် ပိုပြီးတော့ဂုဏ်ယူတယ်။ ပိုပြီးတော့ပျော်ရွှင်မိမှာပေါ့ ။
မေး။       ။  အကျဉ်းကျခံနေရစဉ်က တွေ့ကြုံခဲ့ရတဲ့ အခြေအနေဘယ်လိုရှိပါသလဲ ?
ဖြေ။       ။ အတွေ့အကြုံကိုပြောပြမယ်ဆိုရင် လူအခွင့်အရေးလည်းမရှိဘူး။ အကျဉ်းသူအကျဉ်းသားတွေ များစုဟာ ကျွန်တော်ပွင့်ပွင့်လင်းလင်းဝေဖန်ရရင် လူလိုမနေရပါဘူး တိရိစ္ဆာန် လိုနေရပါတယ်။ စားရေးသောက်ရေးကို သူတို့အနေနဲ့အရင်ခေတ်တွေနဲ့မတူအောင်ပြင်ဆင်ပေးတယ် တိုးတက်ပေးတယ် ကောင်းမွန်လာအောင်ဖန်တီ ပေးတယ်ဆိုတာတယ်ဆိုတာကို ကျွန်တော်လက်ခံပါတယ်။ ဘာကြောင့်လည်း ဆိုတော့ ၂၀၀၅ မတိုင်ခင်ကအခြေအနေနဲ့ ၂၀၁၁-၂၀၁၂ အခြေအနေမှာအများကြီးကွာခြားတယ်ဆိုတာကိုလည်း နှစ်ရှည်လများနေရတဲ့ အကျဉ်းသူအကျဉ်းသားတွေအနေနဲ့ အကျဉ်းသားကြီးတွေပြောပြချက်အရ ကျွန်တော်သိရပါတယ်။ အများကြီးကောင်းတာမြင်ပါတယ်။ ဒါပေမယ့်အများကြီးကောင်းလာတယ်ဆိုတာက တကယ်တကယ်ရှိသင့်ရှိထိုက်တဲ့ နိုင်ငံတကာစံနူန်းအရရော လက်ရှိမြန်မာနိုင်ငံရဲ့စံနူန်းအရရော လူနေမူအဆင့်အတန်းကွာဟမူအနေအထားအရရော စားဝတ်နေရေးအနေအထားအရရော လူမဆန်သေးပါဘူး စားရသောက်ရတာတွေဟာ အပြင်ကနေပြီးတော့ မိသားစု တွေကနေပြီးတော့ သူငယ်ချင်းအပေါင်းအသင်းတွေကနေပြီးတော့ ထောင်ဝင်စာလာမပို့ဘူးဆိုရင် ဒီလူတစ်ယောက်ဟာ အာဟာရပြည့်ဝစရာမရှိပါဘူး။ အသက်ရှင်နေထိုင်ဖို့ အခက်အခဲရှိပါလိမ့်မယ်။ ထောင်က စီမံ့ခင်းကျဉ်းထားတဲ့အနေအထားပေါ့။ အဓိကအမြန်ဆုံးပြုပြင်ပြောင်းလဲပေးစေချင်တာက ထောင်ထဲက နေမူထိုင်မူအခြေအနေက အမြန်ဆုံးပြုပြင်ပြောင်းလဲပေးရမဲ့အချက်တွေပါ။
မေး။ ထောင်ထဲမှာတော့ ကျန်းမာရေး ထိခိုက်ခဲ့တာရှိပါသလား။လက်ရှိ ကျန်းမာရေးကော  ကောင်းပါသလား။
ဖြေ။ ကျွန်တော်ခါးနားရောဂါဖြစ်ခဲ့ရတဲ့အကြောင်းအရင်းကလည်း လူမဆန်စွာကြပ်ကြပ်တည်းတည်းနေခဲ့ရတဲ့ အတွက်ပါ။ ကျွန်တော်နေရတဲ့အခန်းလေးဆိုရင်ပေ ၅၀-၃၀ လောက်ပဲရှိမယ်ထင်တယ်။ အဲအခန်းလေးက လက်ခံနိုင်တဲ့ စံနူန်းက အကျဉ်သားဦးရေ ၆၀ဆိုတာအများဆုံးပါပဲ။ တစ်ယောက်ကို နှစ်ပေခြားရမယ်။ အိပ်မယ် လက်ခံနိုင်တဲ့စံနူန်းက ဒါပေမယ့် တကယ်တကယ်ထားတဲ့စံနူန်းက ၁၁၀-၁၂၀ ထားတော့ နှစ်ဆဖြစ်နေပါတယ်။ အဲတော့ အိပ်တဲ့အခါကြတော့ သစ်တုံးတွေတန်းစီးပြီးတော့ထားသလို အပြည့် ကြမ်းပြင်တစ်ခုလုံးကအပြည့် အိမ်သာကနေထွက်ပြီးတော့ ခြေထောက်ချလိုက်ရင်ကို လူကိုနင်းမိပါတယ်။ အနေအထိုင်ဆင်းရဲတယ် အစားအသောက်တွေဆင်းရဲတယ် အဲတော့ ကူးစပ်မူတွေဖြစ်တယ် လူအချင်းချင်း ဖိနှိပ်မူတွေဖြစ်တယ်၊ ဒါအနေဆင်းရဲပေါ့ အစားဆင်းရဲကျတော့ ကောင်းလာတာမှန်တယ် ဒါပေမယ့် မပြည့်စုံသေးဘူး။
အသားငါးကျွေးတာမှန်တယ်။ ဒါပေမဲ့ ၇ ကျပ်သားကျွေးရမှာကို ၇ ကျပ်သားမပြည့်ပါဘူး သေးသေးလေးတွေပဲရှိတယ်။ အရွတ်တွေပဲကျွေးတယ်။ စနစ်တကျနဲ့ နိုင်ငံတော်က ဘားကျပ်တွေကို လုံလောက်အောင်ချပေးမယ်ဆိုရင်တော့ ကောင်းလာနိုင်ချေရှိပါတယ်။ လောလောဆယ် ကျွန်တော်လေ့လာမိသလောက်အခုရှိနေတဲ့ ကုန်ဈေးနူန်းနဲ့ အစိုးရက အကျဉ်းဦးစီးဌာနတွေကိုချပေးတဲ့ ဟာနဲ့က ကွာနေတယ်။ သူတို့က အမဲသားတစ်ပိသာကို ၈၀၀လောက်နဲ့ချပေးဆိုရင် အပြင်မှာပေါက်တာ ၃၀၀၀ ဘယ်လိုလို့လောက်မလဲ။ အစိုးရဘက်ကလည်း တာဝန်ရှိတဲ့ ပြည်ထဲရေးဝန်ကြီးဌာန နဲ့ ပြန်လည်ညှိနှိုင်းရမယ့်အပိုင်းပေါ့။ ဒါကတော့ စားမူနဲ့နေမူကိုပဲပြောတာပါ။ နောက်အဓိကဖြစ်တဲ့ အုပ်ချုပ်မူအပိုင်းပေါ့ အခုချိန်ထိ အကျဉ်သားချင်းအုပ်ချုပ်မူစနစ်ကိုအခုထိသုံးနေပါသေးတယ်။ သူတို့ကတော့ပြောတယ် စည်းကမ်းကောင်းသောသူ နှစ်ရှည်ကျသောသူ ရာဇ၀တ်သားမဟုတ်ရဘူး ဆိုးသွမ်းမိုက်ရိုင်းသောသူမဟုတ်ရဘူးဆိုပြီး စာမေးပွဲဖြေခိုင်းပြီး အခန်းလူကြီးခန့်တယ်လို့ စည်းမျဉ်း အရတော့ ပြောတယ်။
မေး။        ။ အကျဉ်းထောင်တွေမှာ ဘယ်လိုပြုပြင်ပြောင်းလဲမူတွေလုပ်သင့်တယ်လို့ အကို ထင်ပါလဲ ?
ဖြေ။        ။ အကျဉ်းသားချင်းချင်း အနိုင်ကျင့်နှိပ်စက်မူတွေရှိနေတယ်။့အကျဉ်းထောင် အာဏာပိုင်တွေနဲ့ ထောင်မှုးတွေနဲ့ပင်းပြီးတော့ ပူးပေါင်းပြီးတော့ အကျိုးစီးပွားရှာစားတယ်။ ထောင်မှုးကိုလည်းဆယ်ပုံတစ်ပုံပေးစားတယ်ဆိုပြီးတော့ အကျဉ်းသူအကျဉ်းသားချင်းအနိုင်ကျင့်နှိပ်စက်ပြီးတော့ အကျဉ်းသားချင်းအုပ်ချုပ်ရေးစနစ် ရှိနေသေးတယ်။ အဲဒါမျိုးကြောင့် ဘုမသိဘမသိနဲ့ အခြေခံလူတန်းစားကျလာတဲ့ထောင်သားတွေအနေနဲ့ ငွေကြေးအနည်းငယ်ပြည့်စုံတဲ့အကျဉ်းသားတွေအတွက်က ဖမ်းဆီးနှိပ်စက်မူတွေ ခြိမ်းခြောက်နှောက်ယှက်မူတွေ ရှိပြီးတော့ ဒီလောက်တစိုးလက်ဆောင်ပေးနိုင်မှ လူလိုသူလိုနေနိုင်တဲ့အနေထားပေါ့နော်။
 မေး။ ထောင်ကို ငွေမပေးနိုင်တဲ့သူတွေရဲ့ အခြေအနေ အကြပ်အတည်းက ဘယ်လိုအနေကြပ်မှု၊ဆင်းရဲမှုမျိုးလဲ ခင်ဗျာ။
ဖြေ။  ဥပမာ အလယ်တန်းမှာအိပ်ရတဲ့လူမျိုးအတွက်က ခက်ခဲကျပ်တည်းတယ်။ လေးတန်းအိပ်ရတာဆိုတော့ နံရံကိုခေါင်းတည့်ထားတာတစ်တန်း၊ သူတို့နဲ့ခြေချင်းဆိုင်ထားတာတစ်တန်း၊ သူတို့နဲ့ခေါင်းချင်းဆိုင်ထားတာ တစ်တန်း၊ သူနဲ့ခြေချင်းဆိုင်ထားတာတစ်တန်း လေးတန်းအိပ်ရတယ်။ ထောင်ဝင်စာလဲမလာဘူး။ ၀တ်စရာအကျီင်္လည်းမရှိဘူး။ တစ်ခါတစ်လေ ကိုယ်တုံးလုံးအိပ်ကြရတယ်။ သူတို့တွေအတွက်က အခွင့်ရေးအနည်းဆုံးပေါ့။ အိပ်တဲ့အခါ သူတို့တွေက တစောင်းအိပ်ကြရတယ်။ ဘာလို့လည်းဆိုတော့ လူချင်းထက်ကြတယ်။ စစ်စကားနဲ့ပြောရင် (တစ်ယောက်ဖင်တစ်ယောက်ထောက်) နေတယ်။ လှုပ်လို့လှည့်လို့မရဘူး။ လှည့်ချင်းတယ်ဆိုရင် ထထိုင်၊ ထထိုင်ပြီး တစ်ဖက်လှည့်ပြန်အိပ်ရတယ် သူတို့ဘ၀က အဲလောက်ဆိုးတယ်။ အဲလိုနေရာမျိုးမှာတော်ရုံတန်ရုံလူကမအိပ်နိုင်ဘူး။ အဲအခါကျတော့ ဘေးတန်းကိုအိပ်ချင်သလား။ ပိုက်ဆံ တစ်သောင်းခွဲပေးရမယ်။ အခန်းလူကြီးကို အခန်းလူကြီးကို တစ်သောင်းခွဲပေးပြီးတော့ ဘောက်စင်းလို့ခေါ်တဲ့ အလုပ်လိုက်လုပ်ဖို့ လုပ်အားပေးမပါချင်ဘူးဆိုပါတော့ ထောင်မှူးကိုသုံးသောင်းထက်ပေးရမယ်။ ဒါဟာ လုံးဝရောက်ရောက်ချင်းပေးရမယ့် လေးသောင်းခွဲ အဲမှာရှိတဲ့ တန်းစီး၊ စည်းကမ်းထိန်း၊ စည်းကမ်းထိန်းဆိုတာ အပြစ်ဖောက်တဲ့သူတွေကို ရိုက်နှိပ်ဆုံးမတဲ့ စည်းကမ်းထိန်းကိုပေးရတာတစ်မျိုး အချင်းချင်းအထဲမှပဲ ဇိုးပေါ့ ရာဇ၀တ်မူကြီးကြီးနဲ့ကြလာခဲ့ပြီးတော့ ဆေးမှင်ချောင် အပြည့်နဲ့ လူတကာကို ထိုးရကြိတ်ရမှာကို လက်မနှေးဘူးဆိုတဲ့လူ ကြတဲ့အမူကြီးလာတဲ့လူ ထောင်ဒဏ်ကို လွတ်ရက်မရှိဆိုတဲ့လူမျိုး သူတို့တွေအတွက်က အနာဂတ်မရှိဘူးဆိုတဲ့လူ။ အနာဂတ်မရှိတော့တဲ့လူမျိုးက အနာဂတ်မရှိဘူး မျှော်လင့်ချက်မရှိဘူး။ ကြောက်စရာအကောင်းဆုံးဆိုတာ သူုတို့ရဲ့အနိုင်ကျင့် နှိက်စက် ဖိစီးမူကို သူတို့တောင်းသလောက်ပေးနေရတာ။ သူတောင်းသလောက်မပေးလို့ ဓားနဲ့ထိုးသတ်လိုက်ပါပြီတဲ့ သူတို့အတွက်က တစ်သက်တစ်ကျွန်း ထပ်ကျစရာလည်းအကြောင်းမရှိတော့ဘူး နှစ်သက်နှစ်ကျွန်းလည်း ကျစရာမရှိတော့ဘူး။ အဲတော့အဲလိုမျိုးဟာတွေကြားနေတယ်။ ဒါတွေကလည်း အာဏာပိုင်တွေအနေနဲ့ လူအခွင့်အရေးစံနူန်းတွေနဲ့ ဒီမိုကရေစီစံနူန်းတွေနဲ့ အညီအများဆုံးထွက်စပြင်ဆင်ရမယ် အကြောင်းအရာတွေပေါ်မှာ အသေးဖွဲကိစ္စလေးတွေပဲရှိသေးတယ်။ ထောင်အာဏပိုင်တွေရဲ့ကိစ္စတွေ၊ အပြင်ကနေပြီးတော့ ဖမ်းဆီး တဲ့ရဲတွေနဲ့ ပြည်ထဲရေးရဲတွေနဲ့ ပင်းပြီးတော့ တွေ့ချိန် ၁၅ မိနစ်ပဲပေးတွေ့ပြီးတော့ ထပ်တွေ့ရင် အပိုတစ်ထောင်တောင်းတာတွေ အဲလိုကိစ္စတွေအများကြီးရှိပါသေးတယ်။ ထောင်ဝင်စာမှာတွေရင် ၁၅မိနစ်ပဲအချိန်ရတယ်။ နောက်ထပ် ၁၅မိနစ်ထပ်တွေ့မယ်ဆိုရင် တစ်ထောင်ထပ်ပေးရပါတယ်။ ဆင်းရဲတဲ့သူဆိုရင် ငါးရာထပ်ပေးရပါတယ်။ ကိုယ်မိသားစုကိုယ်တွေ့ရဖို့အရေး ပိုက်ဆံကို ထောင်သောင်းချီပြီးတော့ ပေးရတယ်။ နှစ်ပတ်မှ တစ်ကြိမ်တွေ့ရတာကို ဒီမိသားစုတွေပိုက်ဆံ အလကားရနေတာမဟုတ်ဘူး ချွေးနဲ့သွေးနဲ့ ရင်းနှီးရှာပြီးတော့ ဒီငွေလေး လေးငါးထောင်နဲ့လာတွေ့ရတာ မိသားစုတွေ ဆွေမျိုးတွေအနေနဲ့ ။ထောင်အာဏာပိုင်တွေအနေနဲ့ သိပ်ပြီး ဒီငွေတွေ အိပ်ထဲထည့်နေတာတွေ အဲတော့ ကျွန်တော့်တွေးကြည်တာ လူဖမ်းပြီးပြန်ပေးဆွဲနေတာဖြစ်နေတယ်။ အဲဒါကြောင့် ဒီအစိုးရအနေနဲ့ဒါတွေကို ထဲထဲဝင်ဝင်လေးလေးနက်နက် ဖော်ထုတ်အရေးယူ အားလုံးပြုပြင်ပြောင်းလဲပေးမှ အစိုးရအနေနဲ့ ကျဆင်းနေတဲ့ဂုဏ်သိက္ခာတွေတက်လာလိမ့်မယ်။ နိုင်ငံသူနိုင်ငံသားတွေ တကယ်ကြုံ့တွေ့နေရတဲ့ ဆင်းရဲဒုက္ခကနေလွတ်ကင်းလိမ့်မယ်။ ဒါဥပဒေစိုးမိုးရေးစိုတာက ပြည်ပကနေ နိုင်ငံတကာကနေထောက်ပြနေတဲ့အခြေကောင်းမွန်တိုးတက်လာလိမ့်မယ်လို့ထင်ပါတယ်။
 မေး။    ။ အကိုက ဘယ်လိုအရာမျိုးကြောင့် နိုင်ငံရေးစိတ်ဝင်ရပါသလဲ?
ဖြေ။      ။ ကျွန်တော်စစ်မူထမ်းဟောင်းတစ်ယောက်ပါ ၊ DSA တက်ခဲ့ပါတယ်။ မေဂျာမယူပဲ မေဂျာတင်ခံနီးမှာ နူတ်ထွက်ခွင့်တင်ပြီးတော့ ကိုယ်သဘောနဲ့ကိုယ်ထွက်ခဲ့တဲ့သူပါ ။တပ်ထဲမှာထဲကိုက လူလတ်ပိုင်း လူငယ်ပိုင်းတွေက တိုင်းပြည်ဆင်းရဲချွတ်ချုံကျပြီးတော့ စနစ်ဆိုးတစ်ခုရဲ့အောက်မှာ မွန်းကြပ်နစ်မြုပ်ပြီးတော့ နှစ်ပေါင်းများစွာ ဒုက္ခရောက်ပြီးတော့ ကမ္ဘာအလယ် ကိုယ်ရဲ့ အိမ်နီးနားချင်းတွေအလယ်မှာ မျက်နှာမဖော်ဝံ့ရအောင် ဆင်းရဲ အောက်တန်းကျတယ ဖြစ်နေရတဲ့ အနေအထားက လွတ်မြောက်ဖို့အတွက်ကလည်း လူငယ်လူလတ်တွေမှာတာဝန်ရှိတယ်။ တရားခံလို့ပြောရရင် စနစ်ပေါ့ဗျာ။ စနစ်မကောင်း၊ ခေါင်းဆောင်မကောင်း၊ အုပ်ချုပ်မူမကောင်းတဲ့အတွက်ကြောင့်အရာရာမှာ ယိုယွင်းပျတ်စီးပြီးတော့ တိုင်းသူပြည်သားတွေလိုလားတဲ့ စစ်မှန်လုံခြုံတည်ငြိမ် ငြိမ်းချမ်းတဲ့ ဘ၀မရပဲနဲ့ အရာရာကို ကြောက်လှန့် ကြောက်ရွံ့နေရတဲ့ ဘ၀မျိုးကိုရပြီးတော့ တဖြည်းဖြည်းဆင်းရဲနွမ်းပါးတဲ့ ဘ၀မျိုးကိုရောက်လာတာ။
မေး။ စနစ်ပြောင်းဖို့ ကြိုးစားရာမှ အကိုကရော ဘယ်လိုနည်းလမ်းမျိုးနဲ့ လုပ်ဆောင်ချင်တာပါလဲ။
စနစ်ပြောင်းဖို့အတွက် ဘယ်လိုကြိုးစားရမလဲ၊ နည်းမျိုးစုံကြိုးစားကြတယ်၊ သူနည်းသူ့ဟန်နဲ့ပေါ့ အချို့ကလည်း အကြမ်းဖက်တာရှိတယ်။ အချို့ကလည်းအနုနည်း အချို့ကလည်းနိုင်ငံရေးနည်းနဲ့ စသည့်ဖြင့်ပေါ ကျွန်တော်တို့က နိုင်ငံရေးနည်းနဲ့ပေါ့ သိမ်သိမ်မွေ့မွေ့အတတ်နိုင်ဆုံး သွေးထွက်သံယိုမူမရှိစေပဲ ပြုပြင်ပြောင်းလဲရေးဖြစ်စေမဲ့ နည်းလမ်းမျိုးနဲ့ လုပ်ချင်စိတ်ရှိခဲ့မယ်။ နောက်ဆုံးစဉ်စားမိတာတော့ ကျွန်တော့ မြင်တဲ့ ရပ်ရှိနိုင်ငံရေးရပ်ဝန်းထဲမှာရှိတဲ့ခေါင်းဆောင်တွေအကြောင်း လိုက်လေ့လာတဲ့အခါမှာ ကျွန်တော်တို့တပ်မတော်ရဲ့ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့မိန့်ခွန်းတွေ သူရဲ့အကြောင်းတွေအကုန်လုံးဖတ်ရပါတယ်။ ဖတ်ရတော့ ကျွန်တော်နောက်ဆုံး ဆုံးဖြတ်လိုက်တာက ကျွန်တော်တို့ နိုင်ငံအနာဂတ် တိုင်းသူပြည်သားရဲအနာဂတ် နောက်ဆုံးကျွန်တော်တို့ တပ်မတော်သား ၀န်ထမ်းအားလုံးရဲ့အနာဂတ်ဖြောင့်မတ်မှန်ကန်ကောင်းမွန်ဖို့အတွက် တည်ငြိမ်အေးချမ်းမူကို ဒေါ်အောင်ဆန်းစုကြည်ကပဲ ပြင်ဆင်ပေးနိုင်လိမ့်မယ်လို့ ဦးဆောင်ပေးနိုင်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။
 မေး။        ။ အခုတိုင်းရင်းသားတွေနဲ့ နိုင်ငံတော်အစိုးရ အပစ်ခတ်ရပ်ဆဲရေး ညှီနိုင်းလက်မှတ်ရေးထိုးလာကြတဲ့ အပေါ်ဘယ်လိုမြင်ပါလဲ ။
ဖြေ။          ။ တီဗီမှာ ချင်းတပ်ဦးအဖွဲ့တို့ ကရင်အဖွဲ့တို့စသည်ဖြင့် အားလုံးနဲ့ ငြိမ်းချမ်းရေးသဘောတူဆွေးနွေးမူ လုပ်ကြတယ် လက်မှတ်တွေထိုးကြတယ်။ အဲဒီအပေါ်မှာ တကယ် ကြက်သီးဖျန်းဖျန်းထတဲ့အထိ ၀မ်းသာပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တပ်မတော်ထဲမှာရှိစဉ်အခါကတည်းက ကျွန်တော်မကြိုက်ဆုံးမနှစ်သက်ဆုံး မဖြစ်ဆုံးအလုပ်က တိုင်းရင်းသား အချင်းချင်း စစ်ခင်းရတဲ့အလုပ်ပဲ။ ကိုယ့်ဆွေမျိုးသားချင်းတွေကြည့်ပဲ ရန်ကုန်မှာ ဘယ်နေရာဘယ်ဒေသ ကိုသွားသွားတိုင်းရင်းသားမျိုးစုံ မြန်မာနိုင်ငံအနှံအပြားမှာ ညီကိုယ်သားချင်းတွေကြည့်ပါပဲ။ ကျွန်တော်တို့က ရန်သူတွေမဟုတ်ပါဘူး အဲတော့ ဘယ်နိုင်ငံကိုပဲသွားသွား ကချင်ပဲဖြစ်ဖြစ် ကရင်ပဲဖြစ်ဖြစ် ဗမာပဲဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် ဘယ်နေရာကိုပဲသွားသွား မြန်မာဆိုတဲ့လူမျိုးပဲရှိတယ်။ ကျွန်တော်တို့ဟာ မြန်မာဆိုတဲ့ လူမျိုးတစ်မျိုးထဲပါပဲ အခြေအနေ အချိန်အခါနဲ့ဘာသာစကား ကိုယ်ကွယ်ရာဓလေ့စသဖြင့်သာ ရှေးရိုးအစဉ်အဆက်ခံယူခဲ့တဲ့ သဘောကြောင့်သာ ဘာတိုင်းရင်းသား ဆိုပြီးကွဲပြားတာ အားလုံးက ကျွန်တော့်တို့ မြန်မာပါပဲ၊ အဲတော့ ကိုယ့်မြန်မာတိုင်းရင်းသားအချင်းချင်း စစ်ခင်းနေခြင်းအားဖြင့် ရာစုနှစ်တစ်ဝက်လောက်ဖြစ်နေတဲ့ ပြည်တွင်းစစ်ကြီး တာရှည်နေခြင်းအားဖြင့် ဘယ်လိုရလဒ်တွေ ဘယ်လိုဆိုးကြိုးတွေရခဲ့ပြီ ဆိုတာ ယနေ့ ဆင်းရဲနွမ်းပါးပြီးတော့ အောက်တန်းကျနေတဲ့ ကမ္ဘာနိုင်ငံသားဘ၀ကိုကြည့်ပြီး ကျွန်တော်တို့ သံဝေဂ ရပါပြီ ၊ အတော့ ဒီလိုအခြေအနေက ရုံးထွက်ဖို့် လွတ်မြောက်ဖို့ ကျော်လွန်ဖို့ဆိုတာ ကျွန်တော်တို့ အရင်ဆုံးအရေးကြီးတာက တိုင်းရင်းသားတွေနဲ့ဖြစ်နေတဲ့ ပြည်တွင်းစစ်တွေ ရပ်ဆဲပြီးတော့ ငြိမ်းချမ်းရေး စစ်စစ်မှန်မှန်ပေါ်ထွန်းဖို့ပါပဲ။ ပြည်တွင်းစစ်လျော့နည်းမှ ဒေသတွေ ဖွံ့ဖြိုးမယ်၊ တိုးတက်မူတွေလုပ်လာနိုင်မယ်၊ တိုင်းပြည်အတွက် အဟန့်အထားတွေ အကြမ်းဖက်လုပ်ရပ်တွေ လျော့ပါးပျောက်ကွယ်သွားမယ်။ ကျွန်တော်အမျှော်လင့်ဆုံး ကိစ္စဖြစ်တဲ့အတွက်ကြောင့် လက်မှတ်ထိုးလာတဲ့ တိုင်းရင်းသားညီညွတ်မူတွေဖြစ်လာတဲ့အတွက် ဆက်ပြီးတော့ တည်ဆောက်ပါ။ ထာဝရငြိမ်းချမ်းရေးအတွက် ထပ်ပြီးတော့ ရည်စူးပါ။ ပြည်ထောင်စုတပ်မတော်တစ်ခုထဲပြီးတော့ လက်နှက်ကိုင် သီးခြားဆိုတဲ့အဖွဲ့တွေမရှိတော့ပဲနဲ့ အားလုံးတက်ညီလက်ညီနဲ့ ဘယ်လူမျိုးပဲဖြစ်ဖြစ် ကချင်ပဲဖြစ်ဖြစ် ကရင်ပဲဖြစ်ဖြစ် သူတို့မှာ အဓိကတာဝန်ရှိတာက မြန်မာနိုင်ငံ ပရ၀ုဏ်ကြီးတစ်ခုလုံးကိုကာကွယ်ဖို့ တစ်ခုပဲတာဝန်ရှိစေရမယ်။ ဘယ်လူမျိုးကမှာ ဘယ်လူမျိုးကို ဖိနှိပ်ညှင်းဆဲတာမရှိပဲနဲ့ အားလုံးလက်ရည်တစ်ပြေးညီ တစ်တန်းတစ်စားထဲ သာတူညီမျှမူရှိစွာနဲ့ အမိနိုင်ငံတော်ကြီးဖွံ့ဖြိုးတိုးတက်ဖို့ နိုင်ငံတွေခြားထဲမှာ မျက်နှာငယ်ရတဲ့ဘ၀ကနေ ရုန်းထွက်ဖို့ နောက်ဆုံးကမ္ဘာကြီးကို ကာကွယ်ဖို့အထိ ရည်မှန်းချက်ကြီးကြီးနဲ့ ကျွန်တော်တို့ အားလုံးညီညွတ်ဖို့ဒီနေ့အချိန်ထိလက်မှတ်ထိုးထားတာတွေက အင်မတန်ကောင်းတဲ့ အခွင့်အလမ်းလို့ ကျွန်တော်ထင်ပါတယ်။
မေး။       ။ ဒီမိုကရေစီ လွတ်လပ်တဲ့နိုင်ငံဖြစ်လာလိမ့်မယ်လို့ရောအကိုအနေနဲ့ထင်ပါသလား ?
ဖြေ။        ။ လွတ်လပ်တဲ့နိုင်ငံတော်ဆိုပြီးတော့ အကြီးအကျယ်တော့မပြောတက်ဘူး။ ကျွန်တော်သိတာတော့  ဗိုလ်ချုပ်ပြောသလို့ပေါ့ဗျ အကျင့်တွေပြင်ရမယ်ပေါ့။ ဗိုလ်ချုပ်ပြောခဲ့တာတော့ “စောက်ကျင့်”ပေါ့။ “စောက်ကျင့်” ဆိုတာက ပြောင်းပြန်ပြန်လိုက်ရင် “ဆင့်ကြောက်”ပေါ့အဆင့်ဆင့်ကြောက်နေရတဲ့ဘ၀ထဲက ရုန်းထွက်ပြီးတော့ ခေါက်ရိုးကြိုးနေတဲ့ “စောက်ကျင့်”တွေပြင်လိုက်ရင်အဲတော့မကြာခင် ကျွန်တော်တို့ ဒီမိုကရေစီလမ်းစကို ခြေချနိုင်လိမ့်မယ်လိုထင်ပါတယ်။ အကျင့်တွေကိုပြင်ပြီးတော့မှ စည်းကမ်းရှိသော လူအခွင့်ရေးစံနူန်းတွေကို နားလည်သော ခေတ်စနစ်နဲ့အချိန်အခါပတ်ဝန်းကျင် နိုင်ငံတွေရဲ့ဒေသစံနူန်းတွေနဲ့ လျောညီစွာ ကျင့်နိုင်နေနိုင်ထိုင်နိုင်သော နိုင်ငံသားကောင်းတွေဖြစ်အောင်လို့ ကိုယ်စီကိုယ်စီ ကျင့်ကျန်ပြီးတော့ အစိုးရကလည်း တရားဥပဒေစိုးမိုးရေးစနစ်ကို ဒီမိုကရေစီစံနူန်းနဲ့ညီအောင် နေထိုင်မယ် တည်ဆောက်မယ် အစိုးရကလည်း အပြန်အလှန်စောင့်ကြည့်ဖှေးမတဲ့သဘောနဲ့ အုပ်ချုပ်သွားမယ် ဆိုရင် တိုင်းသူပြည်သားကလည်း ကိုယ်စီကိုယ်စီ လက်ရှိပြတ်ယွင်းနေတဲ့ စိတ်ဓာတ်တွေ စရိုတ်တွေပြင်ဆင်ပြီးတော့ပေါ့ ။ အဆိုးတွေကို စွန့်ပယ်ခဲ့ ကောင်းတာတွေကိုကောင်းတာထက်ကောင်းအောင် ပြင်ဆင်ပြီးတော့ အားလုံး ညီညီညွတ်ညွတ်နဲ့ စည်းကမ်းလိုက်နာပြီးတော့ ဥပဒေစိုးမိုးမူ တည်ဆောက်အကောင်အထည်ဖော်သွားမယ်ဆိုရင် ဒီမိုကရေစီလမ်းကို လှေခါးထစ်နှစ်ခုလောက်တက်နိုင်မယ်ထင်ပါတယ်။
မေး။      ။ ကျန်နေတဲ့ အကျဉ်းသားတွေအတွက် ဘာတွေဆက်လုပ်ဖို့အစဉ်စီတွေရှိပါသလဲ၊
ဖြေ။       ။ နောက်ဆက်တွဲအခြားအမူတွေနဲ့ကျန်ခဲ့တဲ့ အမူတွဲတွေကျန်သေးတာပေါ့ တစ်ချို့ဆေးမူနဲ့ စွပ်ဆွဲတာကျန်သေးတယ်ပေါ့။ ဒါပေမယ့် ကျွန်တော်ကသူတို့အတွက်ကြည့်ပဲမဟုတ်ပါဘူး။ ထောင်ထဲမှာရှိနေသော အကျဉ်းသူအကျဉ်းသားအားလုံးအတွက်ကျွန်တော်ပြောရမယ်ဆိုရင် ကျွန်တော်အကျဉ်းသားတော်တော်များများလိုက်မေးကြည့်ပါတယ်။ သူတို့ဖြစ်စဉ်တွေ ပြစ်မူတွေ အပြစ်ဒဏ်ကျွန်တော်လိုက်မေးကြည့်ပါတယ်။ ကျွန်တော်လည်း ဥပဒေသင်တန်း တွေတက်ခဲ့ဘူးတယ်ဆိုတော့ လိုက်မေးကြည့်ပါတယ် လိုက်မေးကြည့်တဲ့အခါကြတော့ များသောအားဖြင့်ဟာ သုံးပုံတစ်ပုံ သို့မဟုတ် လေးပုံတစ်ပုံလောက်ဟာ အပြစ်မရှိတဲ့လူတွေ ဖြစ်နေတယ်ဆိုတာတွေ့ရပါတယ်။
မေး။ ဘယ်လို အပြစ်မရှိတာပါလဲ။
ဖြေ။ အထူးသဖြင့် ရဲက စီမံ့ချက်တော့ အမူလိုလို့ ဆွဲထဲတာမျိုးအချို့ကမအူမလည်နဲ့ ဘယ်လိုပုဒ်မနဲ့ ဘယ်လိုဆွဲပြီးတော့ ဘယ်လိုချလိုက်မှန်းတောင်မသိလိုက်တဲ့လူမျိုးအဲလိုမျိုးတွေတွေ့ရပါတယ်။ ကျွန်တော်တို့နိုင်ငံက ပညာအရည်းအချင်း အင်မတန်နိမ့်တဲ့အတွက်ကြောင့်မလို့ စဉ်းစားဆင်ခြင်နိုင်မူ လေ့လာသုံးသပ်နိုင်မူအားနည်းတယ်။ အဲတော့ တရားဥပဒေဆိုတာလည်းဘာမှန်းမသိဘူး။ သူကိုဖမ်းသွားတဲ့ ရဲကရဲအစစ်လားအတုလားလည်းမသိဘူး။ အဲတော့ထောင်ထဲရောက်လာတဲ့သူမျိုးဟာ အပြစ်မရှိတဲ့လူမျိုးဖြစ်ပါတယ်။ အားလုံးစီစစ်ပြီးတော့ပြောရမယ်ဆိုရင် လက်ရှိထောင်ထဲမှကျန်ရစ်ခဲ့သောသူများ အတွက် တရားဥပဒေ စီရင်ရေးစနစ်ဟောင်း အုပ်ချုပ်ရေးစနစ်ဟောင်း ထဲကကျခံခဲ့ရတဲ့ ပြစ်မူအားလုံးကို အကုန်လုံးကို ပြန်လှန်စီစစ်ပြီးတော့ ဖော်ထုတ်ပြီးတော့ ပြန်စ်ီစစ်သင့်ပါတယ်။ အချို့တွေဟာ များသောအားဖြင့်ဟာ သေချာတာကတော့ တိုင်းပြည်ရဲ့ ပြည်သူလူထူကို ဆိုးကျိုးဖြစ်မယ့်လူမျိုးမဟုတ်ဘူး ဆိုတာကို ကျွန်တော်ရဲရဲကြီးအာမခံရဲပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ခေတ်ပြောင်းစနစ်ပြောင်းသွားပါပြီ အဲတော့ပြောကြပါတယ် ထောင်ထဲမှရှိတဲ့ ခိုး၊ ဆိုး၊ နှိက်၊ လူသတ် ပုဒ်မနဲ့ကျနေတယ်ဆိုပေမယ့် အကုန်လုံးဟာ ခိုး၊ ဆိုး၊ နှိက်၊ လူသတ်တွေမဟုတ်ပါဘူး၊ အဲလိုဖြစ်ရခြင်းအကြောင်းအရင်းကိုလည်းစီစီစစ်စစ် သင်ခန်းစာဖော်ထုတ်ရေးလုပ်ရပါ့မယ်။ စစ်စကားဆိုရင် “စစ်ရေးသုံးသပ်ချက်” လုပ်ရပါ့မယ်။ ဘာလို့ အဲလိုဘ၀ရောက်ရတာလည်း။ တိုင်းပြည်ဆင်းရဲလို့ ဘာကြောင့်ဆင်းရဲခဲ့လည်းအုပ်ချုပ်ရေးစနစ် ပျက်ယွင်းခဲ့လို့ ဂျာအေး သူ့မေ ရိုက်သလို့ ၀ိုင်းလည်ပတ်ခြာလိုက်နေတဲ့အထဲမှာ ပြည်သူလူထုတွေ ခိုး၊ ဆိုး၊ နှိုက်၊ ဖြစ်သွားရတဲ့ ဘ၀တစ်ခုထဲကို လက်ညိုးထိုးမနေပဲနဲ့ ဒီလို ခိုး၊ ဆိုး၊ နှိုက်ဖြစ်လာအောင်ဖန်တီးခဲ့တဲ့ အုပ်ချုပ်ရေးစနစ်အားလုံးကို အခင်းအကျင်းတွေကအစ အားလုံးကို ပြုပြင်ပြောင်းလဲမူတွေလုပ်ပေးပြီးတော့ သူုတို့တွေကို  လွတ်ငြိမ်းချမ်းသာခွင့် အကုန်လုံးချွမ်းချက်မရှိ လွတ်ပေးပြီးတော့ ဘ၀သစ် စိတ်သစ် ဥပဒေသစ် နွေးနွေးထွေးထွေးကြိုဆိုပြီးတော့ သာယာစည်ပင်ဝပြောတဲ့ လှုံချုံအေးချမ်းတဲ့ လူဘောင်ကြီးကို တည်ဆောက်ဖို့အတွက် အမြန်ဆုံးပြုပြင်ပြောင်းလဲမူတွေလုပ်ပေးဖို့လိုတယ်လို့ အားလုံးလွတ်ပေးပါလို့ပြောချင်တယ်။
ခုလို ပြည့်ပြည့်စုံစုံနဲ့ လွတ်လပ်လပ်ဖြေပေးတဲ့အကို့ကို ကျေးဇူးတင်ပါတယ်။
ကျနော်ကလည်း သတင်းမီဒီယာတွေ လွတ်လွတ်လပ်လပ်ဖော်ပြခွင့်ရပါစေလို့ ဆုတောင်းပါတယ်။ ဒါမှလည်း ပြည်သူတွေ အဖြစ်မှန်သိကြရမှာပါ။
ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။


ဈေးချိုတွင် မီးလောင်မှု ဖြစ်ပွားခဲ့

မင်းမင်းလတ်(ရွှေမြစ်မခ) ဇန်န၀ါရီ ၁၆၊ မန္တလေးမြို့။

 ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁၆ရက်နေ့ နံနက် ၅နာရီ ၁၅မိနစ်အချိန်ခန့်တွင်မန္တလေးမြို့ ဈေးချိုတော် သံဖြူတန်း မြောက်ဖက်ရှိ (၇)နံပါတ်ရုံမုန့်စုံတန်းတွင် မီးလောင်မှုဖြစ်ပွားခဲ့သည်။
 “ မီးလောင်တာက မနက် ၅နာရီ (၁၅)မိနစ်မှာ စတွေ့တာ။ လောင်တာက လဖက်ရည်ဆိုင်က
မီးကြွင်းမီးကျန်လို့ ယူဆပါတယ်။ ဆိုင်ခန်းနှစ်ခန်းပဲ လောင်တဲ့အထဲပါတယ် ”
ဟု တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။မီးစတင်လောင်ကျွမ်းသောဆိုင်သည်
ဦးမျိုးညွန့်၏ လဖက်ရည်ဆိုင်မှဖြစ်သည်ဟုသိရသည်။မီးလောင်ကျွမ်းမှုကို တာဝန်ကျ ကင်းလှည့်များက စတင်တွေ့ရှိခဲ့ပြီးဈေးရုံးဝန်ထမ်းများဖြင့် စတင်ငြှိမ်းသတ်ကာ မီးသတ်ကား ၃၇စီးရောက်ရှိခဲ့ကြောင်း သိရှိ့ရသည်။အဆိုပါမီးလောင်မှုဖြစ်ပွားခဲ့သောကြောင့် ဆိုင်းခန်းနှစ်ခန်းဆုံးရှုံးခဲ့ပြီး ဆုံးရှုံးမှု တန်ဖိုး သုံးသိန်းလေးသောင်းနီးပါးရှိသည်ဟု ခန့်မှန်းပြောဆိုချက်များအရ သိရှိရသည်။ 



မြန်မာပြည်၏ အကြီးဆုံးရွှေကြောကြီးကို ရှာဖွေတွေ့ရှိခဲ့ကြောင်း


အမေရိကန်ဂြိုလ်တု Landsat 7 ၏ အကူအညီဖြင့် မြန်မာပြည်၏ အကြီးဆုံးရွှေကြောကြီးကို ရှာဖွေတွေ့ရှိခဲ့ကြောင်း မြန်မာ့ဘူမိဗေဒပညာရှင်တစ်ဦးဖြစ်သူ အငြိမ်းစားပါမောက္ခ ဦးစိုးသိန်းက ယမာန်နေ့ စနေနေ့တွင် ပြောကြားခဲ့ပါသည်။ တွေ့ရှိသည့်နေရာသည်၊ မြန်မာပြည်အရှေ့ပိုင်း ကရင်ပြည်နယ်၊ ဖါပွန်၊  လှိုင်းဘွဲနှင့် ဖါးအံမြို့နယ် အနောက်ဖက် နေရာ တ၀ိုက်တွင် တည်ရှိကြောင်း သိရပါသည်။ အရင်က အသေအချာမသိရသေးသော်လည်း အခုမှတိကျသည့် နေရာကိုရှာ ဖွေတွေရှိ့ပြီးဖြစ်ကြောင်း ဦးစိုးသိန်းကဆိုပါသည်။ တန်ချိန် ထောင်ပေါင်းစွာ ရှိပြီး ၊နှစ်ပေါင်းများစွာ ထုတ်ယူနိုင်ောကာင်း လည်းဆိုပါသည်။ သတ္ထုတွင်းဌါနအဆိုအရ မြန်မာပြည်တွင် လက်ရှိရွှေတွင်းပေါင်း ၂၂ ခုရှိကြောင်း သိရပါသည်။

 

ဗိုလ်ချုပ်အောင်ဆန်းကို ကျေးဇူးဆပ်တဲ့ အနေနဲ့

 

ဗိုလ်ချုပ်အောင်ဆန်းကို ကျေးဇူးဆပ်တဲ့ အနေနဲ့ ဗိုလ်ချုပ်ဇာတ်ကား အတွက် ငွေကျပ်(၁၂၈)သိန်း လှူဒါန်းမယ့် ဆရာတော် အရှင်ဆန္ဒာဓိက ဆရာတော်အရှင်ဆန္ဒာဓိက (ရွှေပါရမီ တောရ)က သက်တော်(၄၄)နှစ်ပြည့်မွေးနေ့ မှာ ဗိုလ်ချုပ်အတ္ထုပ္ပတ္တိ ဇာတ်ကားရိုက်ကူးဖို့ အတွက် ဗိုလ်ချုပ်ဇာတ်ကားကော်မတီ အဖွဲ့ သို့ ငွေကျပ်(၃၂)သိန်းပေးအပ် လှူဒါန်းခဲ့ပါတယ်။ ယခုပထမဆုံးလှူဒါန်းငွေ ၃၂သိန်း အပြင် နောက်ထပ်လည်း ဗိုလ်ချုပ်ဇာတ်ကား အတွက် အလှူငွေများ ထည့်ဝင် သွားဖို့ရှိ ကြောင်းသိရတဲ့အတွက် ဆရာတော်ရဲ့မွေးနေ့ အလှူပွဲကို သွားရင်း၊နောက်ထပ်အလှူငွေများ ကို ဘယ်နေ့၊ဘယ်ရက်မှာ ထပ်မံလှူဒါန်းသွား မလဲ၊နောက် ဗိုလ်ချုပ် ဇာတ်ကားနဲ့ပတ်သက်ပြီး အလှူငွေထည့်ဝင်ဖြစ်ရတဲ့အကြောင်းတွေကို ဆရာတော်ထံ မေးမြန်းဖြစ်ခဲ့ပါတယ်။ မေး- ဗိုလ်ချုပ်ဇာတ်ကားအတွက် အလှူငွေ ထည့်ဝင်ဖြစ်တဲ့အကြောင်းကို သိချင်ပါတယ်။ ဖြေ- ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင် ဇာတ်ကားကြီးဖြစ်မြောက်ဖို့အတွက် လှူရ ခြင်း အဓိက ရည်ရွယ်ချက်ကတော့ ဗိုလ်ချုပ် ရဲ့ကျေးဇူးတရားကို တုန့်ပြန်တဲ့ အနေနဲ့ပါ။ လိုရင်းကတော့ ကျေးဇူးရှိတဲ့လူကို ကျေး ဇူးဆပ်တဲ့အနေနဲ့ လှူဒါန်းတာပါပဲ။ ဒီနေ့မှ မွေးဖွားတဲ့ကလေးအတွက်လည်း ဗိုလ်ချုပ်က ကျေးဇူးရှင်ပဲ။ မြန်မာပြည်မှာ အသက်အကြီး ဆုံးပါဆိုတဲ့ လူတစ်ယောက်အတွက်လည်း ဗိုလ်ချုပ်က ကျေးဇူးရှင်ပဲ။ မြန်မာပြည်သူ၊ ပြည်သားတွေ လွတ်လွတ်လပ်လပ် နေခွင့်ရအောင် ဗိုလ်ချုပ် ဦးဆောင်ပြီးတော့ လွတ်လပ်ရေးရယူ ပေးခဲ့တာလေ။ အဲတော့ မြန်မာနိုင်ငံသူ၊ နိုင်ငံ သားအားလုံးအတွက် အဓိကပမာနကျတဲ့ ကျေးဇူးရှင်ကြီးပဲပေါ့။ ဦးဉ္ဇင်းရဲ့တစ်ကိုယ်ရေ တစ်ကာယအတွက်လည်း ဗိုလ်ချုပ်က ကျေးဇူးရှင်ပါပဲ။ ရည်ရွယ်ချက်၃ရပ်လို့ ပြောလို့ရပါတယ်။ နံပါတ်၁အချက်က ဗိုလ်ချုပ်ကို ကျေးဇူးဆပ်တဲ့အနေနဲ့ လှူတာ၊ နံပါတ်၂ကတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ စိတ် ဓာတ်နဲ့ လုပ်ရပ်တွေ တိုင်းသူ၊ပြည်သား အား လုံးရဲ့ စိတ်ဓာတ်နဲ့ ဘဝထဲမှာ ကိန်းဝပ်သွားစေ ချင်လို့ပါ။ နောက်တစ်ချက် ကတော့ ဒကာမ ကြီးဒေါ်အောင်ဆန်းစုကြည်ရဲ့ မေတ္တာတရားကို လေးစားဂုဏ်ပြုတဲ့ အနေနဲ့ လှူဖြစ်သွားတာပါ။

 

 

ဘိန်းမှောင်ခိုအဖွဲ့၊ လက်နက်ကိုင် သူပုန်အဖွဲ့ တချို့ကို ငြိမ်းချမ်းရေးအဖွဲ့တွေအဖြစ် ဖန်တီးပြီး ကျောထောက်နောက်ခံရအောင် ကြိုးစားခဲ့ by မောင်ညီ MMCP

 

ဦးခင်ညွန့်ကို လွှတ်လိုက်တာဟာ သူတို့ကို လူတွေက ဘယ်လောက် ခွင့်လွှတ်နိုင်လဲဆိုတာ စမ်းသပ်ကြည့်တာ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ပြီးတော့ ဒီလောက် ဆိုးခဲ့တဲ့လူဟာ ပြန်လည် ထင်ပေါ်လာနိုင်သေးလားဆိုတာ စမ်းကြည့်တာလဲ ဖြစ်နိုင်တယ်။ သူလုပ်ခဲ့တာ ကောင်းခဲ့တာတွေရှိတယ် ဘာဘာညာညာ။
 မြန်မာပြည် ဒီလောက် ဆိုးရွားသွားခဲ့တဲ့ အဓိက တရားခံထဲမှာ သူပါတယ်။ တရားခံ နံပါတ် ၁ ဟာ ဦးနေ၀င်းဆိုရင် တရားခံ နံပါတ် ၂ ဟာ ဦးခင်ညွန့်ပဲ။ ၈၈ မှာ အတိုက်အခံတွေဘက်က ကြားဖြတ်အစိုးရဖွဲ့ဖို့ နှောင့်နှေးခဲ့ရတဲ့ အခြေအနေမှာ သပိတ်တန်ပြန်ရေး ဖော်ဆောင်သွားတာ သူနဲ့ ထောက်တွေပဲ။ ၈၈ မှာ ခေါင်းဖြတ်ပြ၊ စက်ရုံတွေဖောက်ပြ မင်းမဲ့ စရိုက်ဆိုတဲ့ ဘက်ကို လုပ်ပြသွားတာသူပဲ။ အဲ့ဒါကြောင့် ဒီနေ့တချို့ လူငယ်တွေ ၈၈ မှာ တပ်မတော်က ကယ်တင်လိုက်ရ တယ်ဆိုတဲ့ ဗိုလ်ချုပ်ခင်ညွန့်ရဲ့ အလှည့်စားခံလေးတွေ ဖြစ်သွားတာပဲ ဒီနောက်မှာ သပိတ်နှိမ်နှင်းရေးတွေကို လူမဆန်အောင် ကြူပင်ခုတ် ကြူငုတ်မကျန် လုပ်ခဲ့တာ သူပါပဲ။
 ရေကြည်အိုင်လိုမျိုး နာမည်ဆိုးနဲ့ကျော်ကြားတဲ့ စစ်ကြောရေးစခန်းတွေက ငရဲခန်း နှိပ်စက်ခန်းတွေဟာ သူ့စနက်တွေချည်းပါပဲ။ ဆိုင်ကယ်မောင်းခိုင်းတာကအစ သောက်တဲ့ ရေထဲ မာကျူရီထည့်ပြီး ဦးနှောက်ပျက်အောင် လုပ်တဲ့အထိ ဆိုးရွားခဲ့တာ သူပါပဲ။
 ရေကြည်အိုင်ကို ၀င်သွားတဲ့သူ မှန်သမျှ အကောင်းအတိုင်း ပြန်ထွက်လာတယ်ဆိုတာ အလွန်ရှားပါတယ်။ လူမသိ သူမသိ လက်လွန်သွားတဲ့သူတွေ ဘယ်လောက်ရှိသလဲဆိုတာ ရေတွက်လို့ မရပါဘူး။ တကယ်တော့ မြန်မာတပြည်လုံးကို အကြောက်တရားနဲ့ အုပ်ချုပ်ခဲ့တာမျိုးကို စစ်ဗိုလ်ချုပ်တွေ မလုပ်တတ်ခဲ့ပါဘူး။ ညအချိန်မတော် အိမ်တံခါးလာခေါက်ပြီး ညီလေး အစ်ကိုတို့နဲ့ ခဏလိုက်ခဲ့ပါလို့ ဘယ်တော့များ အခေါ်ခံရမလဲဆိုတဲ့ အကြောက်တရားမျိုးကို လူတွေစိတ်ထဲ ရိုက်သွင်းခဲ့တာ ဗိုလ်ချုပ်ခင်ညွန့်ပါ။ နိုင်ငံရေးဆိုတာ လုပ်တာနဲ့ သင်္ချိုင်းကုန်းပဲ ပြေးမြင်အောင် လုပ်ထားတာ သူပါ။
 စစ်သားတွေဟာ မျက်ကန်းမျိုးချစ်နဲ့ ငါတကောကော အမှားတွေလုပ် တိုင်းပြည်ကို စစ်တပ်လို အုပ်ချုပ်ဖို့ကြိုးစားပါတယ်။ တကယ်တော့ စစ်ဗိုလ်ချုပ်တွေချည်းပဲဆို စစ်တပ်က ဒီလောက် ဖိနှိပ်ဖို့ မလွယ်ပါဘူး။ ဗိုလ်ချုပ်ခင်ညွန့်လို ပါးပါးနပ်နပ်နဲ့ ကောက်ကျစ်တဲ့ စစ်သားမဟုတ်တဲ့ သူကြောင့်သာ စစ်တပ် သက်ဆိုးရှည်ခဲ့တာပါ။ အာဏာရှင်တွေရဲ့ ကယ်တင်ရှင်ပါပဲ။ ဒါကြောင့် သူဟာ တပ်ထဲမှာ နေရာပေးခြင်း ခံခဲ့ရတာပါ။
 ဦးနေ၀င်း ဆင်းပြီး သူ့သြဇာခံတွေလဲ ထည့်မရတဲ့အဆုံးမှာ ဗိုလ်ခင်ညွန့်ကို နောက်ဆုံးလက်နက်အဖြစ် သုံးခဲ့တာပဲ။ အဲ့ဒီ အချိန်မှာ ဗိုလ်ချုပ် စောမောင်ဆိုတာ ရုပ်သေးပဲ။ နောက်က တကယ်လှုပ်ရှားခဲ့တာ အတွင်းရေးမှူး (၁) တွင်း (၂)နဲ့ ရန်ကုန်တိုင်း တိုင်းမှူး ဗိုလ်ချုပ်မျိုးညွန့်တို့ပဲ။ အဲ့ဒီ ၃ ယောက်မှာ စီမံခန့်ခွဲသူက ဗိုလ်ချုပ်ခင်ညွန့်ပဲ။ ဗိုလ်ချုပ် သန်းရွှေကိုလဲ အစက ဟန်ပြအဖြစ် တင်ခဲ့တာပဲ။ နောက်မှ သူတို့ အပေါ်ရောက်သွားလို့ ခံလိုက်ရတာ။
 သေနတ်ရှိမှ နေရာမြဲတဲ့ စစ်တပ်ထဲမှာ စစ်ကောင်းကောင်း မတိုက်တတ်၊ စစ်တပ်ကျောထောက်နောက်ခံမရှိတဲ့ ဗိုလ် ခင်ညွန့်ဟာ အခြေအနေ မကောင်းဘူးဆိုတာ သိပါတယ်။ ဒါကြောင့် တိုင်းရင်းသားတော်လှန်ရေးအုပ်စုတွေနဲ့ စစ်ပြေငြိမ်းရေးလုပ်တာကို ဘန်းပြပြီး ဘိန်းမှောင်ခိုအဖွဲ့၊ လက်နက်ကိုင် သူပုန်အဖွဲ့ တချို့ကို ငြိမ်းချမ်းရေးအဖွဲ့တွေအဖြစ် ဖန်တီးပြီး ကျောထောက်နောက်ခံရအောင် ကြိုးစားခဲ့ပါတယ်။ ဒါကြောင့် ကိုးကန့်တို့ဟာ မြန်မာလူမျိုးထဲတောင် ပါဝင်ခွင့်ရခဲ့ပါတယ်။ ငြိမ်းချမ်းရေးအဖွဲ့တွေ သူတလူ၊ ငါတမင်း လုပ်ချင်တိုင်း လုပ်တာကို ခံခဲ့ရပါတယ်။ စစ်တပ် ကျောထောက်နောက်ခံမရှိတဲ့ သူအဖို့ ဒီလို ရည်ရှည်သွားတာဟာ နောက်ဆုံး သူဒုက္ခရောက်မယ်ဆိုတာကို သဘောပေါက်လာပါတယ်။
 စစ်အစိုးရ အနေနဲ့ ရည်ရှည်သွားတာဟာ မကောင်းဘူးလို့ အစောဆုံး သဘောပေါက်တာလဲ ပါမယ်ထင်ပါတယ်။ ဒါကြောင့် အခု ပုဆိုးဝတ် စစ်သားကြီးတွေ ကပြနေတဲ့ဇာတ်ကို သူက အရင် ရေးသွားခဲ့တာပါ။ အဲ့ဒီအချိန်မှာသာ သူ့ကို ပေးကခဲ့ရင် အခု ပုဆိုးဝတ်ကြီးတွေကို ဗီလိန်နေရာထားပြီး သူက မင်းသားနေရာကနေ ကမှာကို မြင်ခဲ့လို့ စင်ပေါ်ကနေ ကန်ချခံခဲ့ရတာပါ။
 တကယ်တော့ ဗိုလ်ချုပ်ခင်ညွန့်ဟာ စစ်သား စစ်စစ် မဟုတ်ပါဘူး။ ရှေ့တန်းတောင် ကောင်းကောင်း ရောက်ဖူးရဲ့လား မပြောတတ်ဘူး။ စစ်တက္ကသိုလ် ဆင်းလဲ မဟုတ်ပါဘူး။ စစ်သားတွေဟာ သေနတ်ကို သုံးပြီး ဉာဏ်နည်းနည်းနဲ့ပဲ လုပ်တတ်ပါတယ်။ သူကတော့ ဉာဏ်ရှိပြီး ကောက်ကျစ်တဲ့သူပါ။ ကဲ ဘယ်သူဟာ ပိုကြောက်စရာကောင်းလဲ စဉ်းစားကြည့် ကြပါ။ သူလို လူမျိုးကို ကျနော်တို့ အာဃာဋ ထားစရာမလိုဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီအတွက် အချိန်မရှိလို့ပဲ။ တခြား တိုးတက်ရေးလုပ်စရာတွေ အများကြီးရှိနေတယ်။ ဒါပေမယ့် နိုင်ငံတိုးတက်ရေးမှာ ၀င်မနှောင့်ယှက်နိုင်အောင်တော့ သတိထားနေရမယ်။ သူလုပ်ခဲ့တာတွေကိုတော့ မေ့မပစ်ဘဲ ထပ်မခံရအောင် သင်ခန်းစာတော့ ယူရမယ်။


ကံ့ကူလက်လှည့်ဆရာကြီး ပလာတီး

ယခုအချိန်တွင် ခင်ညွန့်၏သားတပည့်များက ခင်ညွန့်နာမည်ထွက်လာအောင် ပုံစံအမျိုးမျိုးနဲ့တင်နေကြတာကိုတွေ့နေရတယ်။တချို့ကထောက်ခံသူအနေနဲ့တမျိုး တချို့ကမထောက်ခံသူအနေနဲ့တမျိုး အမျိုးမျိုးပွဲဆူအောင်လှုံ့ဆော်နေကြတာကို သတိထားကြပါ။ ခင်ညွန့်ကောင်းကြောင်းပြောတဲ့လူမှမဟုတ် ခင်ညွန့်မကောင်းကြောင်းပြောသူကလဲခင်ညွန့်တပည့်ဖြစ်နေနိုင်ပါတယ်။ခင်ညွန့်နာမည်ထွက်လာပြီးတကျော့ပြန်ခင်ညွန့်ဖြစ်လာဖို့ကသူတို့ရဲ့အဓိကရည်မှန်းချက်အဖြစ်ယူဆရပါတယ်။ဒါကြောင့်သူ့လူကိုယ့်ဘက်သားတွေကိုသတိရှိရှိနဲ့ရှောင်ကြဉ်ကြပါကုန်။



မီဒီယာဟာ ရန်သူမဟုတ်လို့ ကြောက်ဖို့မလို


မြန်မာပြည်မှ အပြောင်းအလဲများကို ကမ္ဘာ့မီဒီယာက နေရာပေး ဖော်ပြလာချိန်၊ မြန်မာပြည်တွင်းမှာလည်း သတင်းလွတ်လပ်ခွင့်ပြုရေး မီဒီယာသမားများနှင့်တိုင်ပင်ကာ လွှတ်တော်သို့တင်ပြ၊ ဥပဒေပြဋ္ဌာန်း လုပ်ဆောင် သွားမည်ဟု တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက် အကောင် အထည်ပေါ်လာလျှင် မြန်မာ့မီဒီယာသည်လည်း ကမ္ဘာ့မီဒီယာမိသားစုတွင်း ၀င်လာနိုင်တော့မည်ဟူ၍ သုံးသပ်မိသည်။ မြန်မာ့မီဒီယာဆိုသည်မှာ ပုဂ္ဂလိက မီဒီယာကိုသာမက အစိုးရမီဒီယာကိုပါ ဆိုလိုပါသည်။ မြန်မာပြည်နှင့်ပတ်သက်သည့် သတင်းများ ဆိုလျှင် ယခင်က မကောင်းမြင်သတင်းဆိုးများအဖြစ်နှင့်သာ မထင်မရှားထည့်သွင်းခဲ့သော ကမ္ဘာ့မီဒီယာတွင် ယနေ့မြန်မာပြည်က ဖြစ်ထွန်းမှု အပြောင်းအလဲသတင်းများကို စောင့်ကြည့်အနေအထားသာမက ဝေဖန်ချက်များ၊ ပါရဂူတို့၏ ထင်မြင်ချက်များ၊ နောက်ခံသမိုင်းကိုးကား ချက်များနှင့်နေရာပေး ဖော်ပြလာကြလေပြီ။ ယနေ့ကမ္ဘာတွင် မြန်မာကျန်နေလို့မဖြစ်
မြန်မာပြည် ကမ္ဘာ့မိသားစုဝင် ဖြစ်ရေး၊ မြန်မာ့မီဒီယာသည်လည်း ကမ္ဘာ့မီဒီယာမိသားစုဝင်ဖြစ်ဖို့ လိုသည်။ တိုင်းပြည်တစ်ပြည်၏ ကြန်အင်လက္ခဏာများအနက် မီဒီယာတစ်နည်းဆိုရသော် သတင်းလွတ်လပ်ခွင့်သည်လည်း အရေးကြီးအခန်းကနေ ပါဝင်ကြောင်း ကမ္ဘာက အသိအမှတ်ပြုထားသည်ကို မမေ့အပ်ပါ။ ခေတ်မီနည်းပညာများ၏ ကျေးဇူးကြောင့် မြောက်ကိုရီးယားက Kim Jong-il ၏ ဈာပနကို ကမ္ဘာအရပ်ရပ်က ဧည့်ခန်းထဲထိုင်ရင်း အပြည့်အ၀ ကြည့်လို့ရနေသည့် အချိန်ကာလကို ရောက်နေလေပြီ။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Hillary Clinton ရန်ကုန်မြို့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နှစ်ကိုယ်ကြားတွေ့ဆုံဆွေးနွေးအပြီး မိနစ်ပိုင်းအတွင်း ဘီဘီစီမှ မီဒီယာသမား မီရှဲလ်ဟူစိန်ကဒေါ်အောင်ဆန်းစုကြည်တစ်ယောက်တည်းနှင့် ဘာကြောင့်ခုလိုတွေ့ဆုံဆွေးနွေးရတာလဲ မေးခွန်းနှင့် အစချီသော ရုပ်သံလွှင့်အစီစဉ်ကို ကမ္ဘာအရပ်ရပ်ရှိ စိတ်ဝင်စားသူတိုင်း ကြည့်ရသော်လည်း မြန်မာလူထုသန်း ၆၀ အနက် ဘယ်နှယောက်ကြည့်ရသလဲ။ မြောက်ကိုရီးယားက ဈာပနကို မကြည့်ရလျှင်လည်း ကိစ္စ မရှိ၊ ဘီဘီစီ၏ အမေးကို Hillary Clinton ဘယ်လိုဖြေသလဲဆိုတာကို တော့မြန်မာတွေ သိချင်ကြပေလိမ့်မည်။ တကယ်တော့ သိလည်းသိခွင့်ရှိပါသည်။ ဘာ့ကြောင့်မသိကြရသနည်း။
မြန်မာတို့ခမျာ နီးလျက်ဝေး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအား လန်ဒန်ကနေ ဗြိတိသျမီဒီယာက လှမ်းမေးလို့ရလျှင် ရန်ကုန်ရှိ မြန်မာမီဒီယာသမားတို့ ဘာဖြစ်လို့ မမေးနိုင်ရတာလဲ။ မမေးချင်ဘဲ ဘယ်နေပါ့မလဲ။ ကိုယ့်မြေပေါ်က သတင်း ကိုယ့်တိုင်းပြည်ကိစ္စ ကိုယ့်ပရိသတ်ရဲ့စိတ်ဝင်စားမှုမို့ မြန်မာမီဒီ ယာသမားတို့ ပိုလို့တောင် မေးချင်ကြမှာ မြေကြီးလက်ခတ်မလွဲတည်း။ မြန်မာမီဒီယာကမေးလာလျှင် ဧည့်သည်အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပိုလို့ပင် ဂရုတစိုက် ဖြေကြားရပါမည်။ ဖြေလည်း ဖြေချင်ပေလိမ့်မည်။ ဒီကနေ့ကမ္ဘာမှာ ဘယ်နိုင်ငံက ဘယ်အဆင့်ခေါင်းဆောင်မဆို မီဒီယာ သမားဆိုတာ မိမိတို့နှင့် တစ်လှေတည်းစီး တစ်ခရီးတည်းသွားဆိုတာ သိထား လက်ခံထားကြရသည်။ မြန်မာပရိသတ်မသိရ၊ မြန်မာမီဒီယာတို့ အပြည့်အ၀မမေးရသော ပြဿနာအဖြေရှာကြရတော့မည်။ မြန်မာပြည်တွင်းမှာလည်း သတင်းလွတ်လပ်ခွင့်ပြုရေး မီဒီယာသမားများနှင့်တိုင်ပင်ကာ လွှတ်တော်သို့ တင်ပြ၊ ဥပဒေပြဋ္ဌာန်း လုပ်ဆောင်သွားမည်ဟု တာဝန်ရှိသူတစ်ဦး ပြောကြားချက် အကောင်အထည်ပေါ်လာလျှင် အထက်ပါပြဿနာ အဖြေတန်းမရသေးသည့်တိုင် သတင်းရှိပါလျက်နှင့် သတင်းငတ်နေရ သည့် ပရိသတ်အတွက် အစိုးရနှင့်မီဒီယာတို့အတူတွဲကာ လုပ်ဆောင်ရေးလမ်းစ ဖော်ဆောင်ပေးနိုင်လိမ့်မည်ဟု မြန်မာ့မီဒီယာနှင့် ကမ္ဘာ့မီဒီယာတို့တွင် အနှစ်ငါးဆယ်ကျော် ပါဝင်ခဲ့ဖူးသူတစ်ဦးအနေနှင့် စာရေးသူ အပြည့်အ၀ ယုံကြည်မျှော်လင့်ပါသည်။
မြင်ပြီပြောပြီဆို လုပ်ဖို့လိုပြီ
သတင်းလွတ်လပ်ခွင့်မရှိလျှင် ဒီမိုကရေစီမရှိနိုင်ဟု သူထင်မြင်ကြောင်း အဆိုပါတာဝန်ရှိသူပြောကြားချက်ကလည်း နှစ်ထောင်းအားရစရာ ကောင်းလှပါ၏။ အလွန်မှန်သော စကား၊ အားတက်စရာကောင်းသော စကားဟု ကိုယ်တွေ့ပေါ်အခြေခံကာ ဆိုပါရစေ။ ဒီကနေ့ မြန်မာပြည်ကိုအုပ်ချုပ်နေသော အစိုးရသည် အရပ်သားအစိုးရအစစ်လား၊ ဒီမိုကရေစီအပြည့်အ၀ ကျင့်သုံးသလားဟု မေးလာပါလျှင် မေးခွန်းထုတ်သူလိုချင်သော အဖြေကိုကိုယ်တိုင်ပေးမှ သာရပါလိမ့်မည်။ အရပ်သားအစိုးရ ဖြစ်ချင်ကြောင်း၊ ဒီမိုကရေစီစနစ် ကျင့်သုံးမည့်အကြောင်း အနည်းဆုံး ကမ္ဘာသိတာဝန်ယူပြောထားပြီး သတင်းလွတ်လပ်ခွင့်ပေးဖို့ဆန္ဒ အစိုးရမှာရှိနိုင်သည်ကို သံသယဖြစ်စရာ မလိုပါ။ ဒီမိုကရေစီလမ်းကြောင်း ပေါ်လှမ်းတက်နေရဆဲလား၊ ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်နေပြီပဲထား သူတို့မှာ ခွန်အား ရာခိုင်နှုန်း အပြည့်မရှိသေးလို့ သတင်းလွတ်လပ်ခွင့်ပေးလိုက်ဖို့ မ၀ံ့မရဲဖြစ်နေသလား စသဖြင့် တွေးတောစဉ်းစားလျှင်မူ အစိုးရကို နားလည်နိုင်ပါမည်။ အစိုးရချည်းသက်သက် ဒီမိုကရေစီလမ်းကြောင်းပေါ်လှမ်းတက်ဖို့ ခက်လိမ့်မည်၊ အစိုးရချည်းသက်သက် ဒီမိုက ရေစီလမ်းကြောင်းပေါ် အဖော်မပါဘဲ လျှောက်နေပါလျှင် စမ်းတ၀ါးဝါးနှင့် အချိန်လည်းကြာ ခရီးလည်းမပေါက် ဖြစ်လိမ့်မည်ဟု ထောက်ပြပါရစေ။
မီဒီယာဟူသည်အစိုးရအဖို့ အဖော်ကောင်း
မြန်မာပြည်တွင် ဒီကနေ့အစိုးရအဖို့ လက်တွဲရမည့် အဖော်ကားအခြားမဟုတ်၊ မီဒီယာဖြစ်သည်။ တာဝန်သိမီဒီယာကောင်းဖြစ်ရေးအတွက် သတင်းလွတ်လပ်ခွင့် ရှိကိုရှိရပါမည်။ ပြည်သူလူထုအနေနှင့် သူတို့ကံကြမ္မာကို ဖန်တီးနေသည့် အစိုးရလုပ်ဆောင်နေသည်များမှာ ပါဝင်ခွင့်မရသေးသည့်တိုင် ဘာတွေလုပ်နေသလဲဆိုတာလောက်တော့ သိခွင့်ရှိသည်။ သိသင့်သိထိုက်သည်များကို သိခွင့်မရလျှင် ထင်ကြေးနှင့်ခန့်မှန်းပြောဆိုရာကနေ ကောလာဟလတွေ ပေါ်လာရသည်။ သတင်းလွတ်လပ်ခွင့်သာရှိပါက ကောလာဟလ ပေါ်လာစရာ အကြောင်းမရှိပါ။ ကောလာဟလသည် အစိုးရအတွက်ရော၊ မီဒီယာအတွက်ရော၊ နိုင်ငံအတွက်ရော အကျိုးမပြုပါ။ ထို့ကြောင့် သတင်းလွတ်လပ်ခွင့် မီဒီယာမှာရှိဖို့အတွက် အစိုးရက တာဝန်ယူ လုပ်ဆောင်ပေးရမည်။ ယနေ့မြန်မာမီဒီယာကို ယနေ့ မြန်မာအစိုးရက သတင်းလွတ်လပ်ခွင့်ပေးရေး အဘယ့်ကြောင့် လက်တွန့်နေရသနည်း။ စာရေးသူအနေနှင့် အစိုးရတာဝန်ရှိသူများထံ တွေ့ဆုံမေးမြန်းခွင့်မရ၍ အတိအကျမသိပါ။ သတင်းလွတ်လပ်ခွင့် ချက်ချင်းပေးလိုက်လျှင် ထိန်းမနိုင်သိမ်းမရ ကမောက်ကမ ဖြစ်ကုန်မလားဟု စိုးရိမ်နေသလားဆိုလျှင်တော့ အစိုးရကိုအပြစ်မတင်ဘဲ နားလည်ရပါမည်။ ပြောကြစတမ်းဆို ယနေ့ မြန်မာမီဒီယာကိုယ်၌ကလည်း ဖောင်းပွနေသည်။ မြေစမ်း ခရမ်းပျိုးနေကြရသည်။ အုတ်အရောရော ကျောက်အရောရော ဖြစ်နေသည်။ မီဒီယာ လမ်းကြောင်း ပီပီပြင်ပြင်မရှိ၍လည်း ဦးတည်ရာမဲ့နေကာ သွားရာခရီးမပေါက်ဘဲ တလွဲရောက်ချင် ရောက်နေမည်။ နှစ်ဖက်ညှိကာ ရဲရဲပြင်လို့ရပါသည်။
ဒီမိုကရေစီလမ်းကြောင်းပေါ် လှမ်းတက်နေရဆဲလား၊ ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်နေပြီပဲထား သူတို့မှာ ခွန်အားရာခိုင်နှုန်း အပြည့်မရှိသေးလို့ သတင်းလွတ်လပ်ခွင့် ပေးလိုက်ဖို့ မ၀ံ့မရဲဖြစ်နေသလား စသဖြင့် တွေးတောစဉ်းစားလျှင်မူ အစိုးရကို နားလည်နိုင်ပါမည်။ အစိုးရချည်းသက်သက် ဒီမိုကရေစီလမ်းကြောင်းပေါ် လှမ်းတက်ဖို့ ခက်လိမ့်မည် . . .
ဒီမိုကရေစီရော သတင်းလွတ်လပ်ခွင့်ရောရှိခဲ့ဖူး
ယနေ့မြန်မာပြည်တွင် ဒီမိုကရေစီဆိုသည် အသစ်အဆန်းလို၊ သတင်းလွတ်လပ်ခွင့်ဆိုသည် ခဲရာ ခဲဆစ်ဖြစ်နေသည်ကို တွေးကြည့်သောအခါ၊ ဒီမိုကရေစီကျင့်သုံးသော သတင်းလွတ်လပ်ခွင့်ရှိသော မြန်မာပြည်တွင် မွေးဖွားကြီးပြင်းခဲ့ရ သည့်၊ ဒီမိုကရေစီကွယ်ပျောက်သွားသော သတင်းလွတ်လပ်ခွင့် ကင်းမဲ့သွားသောကာလ မြန်မာပြည်ကို ဖြတ်သန်းခဲ့ဖူးသည့် မီဒီယာသမားတစ်ဦးအနေနှင့် မကျေမနပ်လည်း မဖြစ်၊ ၀မ်းလည်း မနည်း၊ စိတ်မကောင်းတော့ ဖြစ်မိသည်။ အကြောင်းကသည်လိုပါ။ မြန်မာပြည် ဗြိတိသျတို့ လက်အောက်သို့ လုံးလုံးလျားလျား ရောက်မသွားမီကတည်းက မြန်မာတွေ ဒီမိုကရေစီ၏ အရသာကို မြည်းစမ်းခွင့်၊ သတင်း လွတ်လပ်ခွင့်ကို စားသုံးနေခဲ့ကြရသောကြောင့် ဖြစ်သည်။ အောက်မြန်မာပြည် ဗြိတိသျတို့ လက်အောက်သို့ ရောက်စမှာပင် တနင်္သာရီတိုင်းနှင့် ရခိုင်တိုင်းတွင် အင်္ဂလိပ်လို၊ ဗမာလို၊ ကရင်လို၊ ရခိုင်လိုသတင်းစာတွေ မြန်မာတို့ ဖတ်နေကြရပြီ။
သတင်းစာကိုမကြောက်သော ဘုရင်
ထိုအခါ မန္တလေးနန်းတွင်းတွင်လည်း ၁၈၇၅ ခု၊ မတ်လ ၃၀ ရက်နေ့က ရတနာပုံနေပြည်တော်သတင်းစာစထွက်သည်ဟု ဆိုသည်။ ၁၈၇၄ ခုနှစ်လောက်အထိ စောနိုင်ကြောင်းလည်း ခန်မှန်းကြသည်။ မင်းတုန်းမင်းတရားက ထုတ်ခိုင်းသလား၊ ဘိုး ၀ဇီရက သတင်းစာထုတ်ခွင့်လျှောက်သလား အတိအကျမသိနိုင်။ သေချာသည်ကတော့ မင်းတုန်းမင်းကြီး မီးစိမ်းမပြဘဲ ရတနာပုံနေပြည်တော်သတင်းစာ နန်းတွင်းသားတို့ ဖတ်ခွင့်ရကြမည် မဟုတ်ဆိုသော အချက်တည်း။ သက်ဦးဆံပိုင်ဘ၀ရှင် မင်းတုန်းမင်း တရားက ငါမကောင်းလျှင် ငါ့အကြောင်းရေး၊ မိဖုရားတွေမကောင်းလျှင် မိဖုရားတွေမကောင်းကြောင်းရေး၊ သားတော်သမီးတော်တွေ မကောင်းလျှင် သားတော်သမီးတော်တွေ မကောင်းကြောင်းရေး၊ သတင်းသမားများ နန်းတွင်းသို့ အတားအဆီးမရှိ ၀င်ခွင့်ထွက်ခွင့်ရှိစေရမည်ဟူ၍ သတင်းလွတ်လပ်ခွင့်ပေးခဲ့ကြောင်း မြန်မာသတင် စာဆရာတို့ ဂုဏ်ယူစွာ ပြော ဆိုလေ့ရှိကြသည်။ မြန်မာပြည်သားများ သတင်းစာဖတ်ချင်ကြ၊ သတင်းလွတ်လပ်ခွင့်ရချင်ကြမည်ကို အလွယ်တကူခန့်မှန်းလို့ ရနိုင်ပါသည်။ ယခုဤဆောင်းပါးရေးချိန်တွင် စာရေးသူ၏ ကလောင်သက် ၅၅ နှစ်ကျော် လာပါပြီ။ မြန်မာပြည်တွင်း အစိုးရမီဒီယာမှာရော ပုဂ္ဂလိကမီဒီယာမှာပါ ရေးခဲ့သည်။ အစိုးရစေလွှတ်၍ ဆိုဗီယက်ယူနီယန်တွင်လည်း ကွန်မြူနစ်မီဒီယာအတွက် ရေးခဲ့ဖူးသည်။ ထိုင်းနိုင်ငံရောက်သွားတော့လည်း ပြည်ပ အခြေစိုက် မြန်မာမီဒီယာအတွက် ရေးပေးရသည်။ အမေရိကန်ရောက်လာတော့လည်း အစိုးရသတင်းအေဂျင်စီအတွက် ရေးရပြန်သည်။ မည်သည့်အခါမှ ပြဿနာမတက်၊ အခက်မကြုံခဲ့ပါ။ တော်လွန်း တတ်လွန်း၍ မဟုတ်ပါ။ ကလောင် ကိုင်တတ်သည့် လက်ဖြင့်ရေးသောကြောင့်ဖြစ်သည်။ ကလောင်မည်သို့ ကိုင်ရမည်ကို ဆရာ့ဆရာများက သင်းပေးသောကြောင့် ကလောင်ကိုင်တတ်ခြင်းဖြစ်သည်။
ကလောင် ဘယ်လိုကိုင်မလဲ
ရတနာပုံနေပြည်တော်သတင်း စာအတွက် ရေးသားသောအခါ ဆရာကြီးဘိုးဝဇီရသည် မျက်စိတစ်ဖက်က ကလောင်ကိုကြည့်ရင်း ကျန်မျက်စိတစ်ဖက်က မင်းတုန်းမင်းကြီး လက်ထဲကိုင်ထားသည့် သန်လျက်ကို လှမ်းကြည့်ရသည်။ ထို့ကြောင့်လည်း ဘိုးဝဇီရ၏ သားစဉ်မြေးဆက် မြန်မာသတင်းစာတို့ မည်သည့်အခြေအနေမျိုးတွင်မဆို ကလောင်ကို ကိုင်တတ်၊ သတင်းလွတ်လပ်ခွင့်သုံး တတ်ကြခြင်းဖြစ်သည်။ကလောင်ကို စည်းနှင့်ကမ်းနှင့် ကိုင်ရပြီး မိမိရေး သားသည်များကိုလည်း တာဝန်ယူရဲရမည်။ ကလောင်ကိုင်ခွင့်ရသည်ကို အလွဲသုံးစားလုပ်လို့မရ။ သို့မှာသာ သတင်းစာဆရာသည် ကြောက်စိတ်ကင်းစွာ ကလောင်ကိုင်နိုင်မည်။ ကလောင်သွားသည် ဓားသွားထက် ပိုထက်သည်ဆိုသောစကားမှာ စာ-နယ်-ဇင်းသမားများက သူတို့ကိုယ် သူတို့အမွှန်းတင် ပြောဆိုခြင်းမဟုတ်၊ သုတေသီများ သမိုင်းဆရာများက မှတ်တမ်းတင်ကြခြင်းသာ ဖြစ်သည်။
စာ-နယ်-ဇင်းမှသည် မီဒီယာသို့ သိပ္ပံပညာတိုးတက်လာသောအခါ သတင်းစာများသာမက အသံလွှင့်လုပ်ငန်း ပေါ်လာသည်။ နောက်တစ်ခါ ရုပ်မြင်သံကြား ထွင်လာနိုင်သည်။ ခေတ်မီနည်းပညာ နေ့ချင်းညချင်း တိုးတက်လာနေသည့် ယနေ့ကမ္ဘာတွင် သတင်းစာ၊ ရေဒီယို၊ TV များသာမက ကွန်ပျူတာများသုံးကာ Internet , Online စသဖြင့် ရှိလာသည်။ ခဲစာလုံးများဖြင့် လူသုံးလေးယောက် စာစီစရာမလိုတော့သလို စာစီခုံများယူထားသည့်နေရာတွင် ကွန်ပျူတာတစ်လုံးနှင့် လူတစ်ယောက်ရှိရုံနှင့် အလုပ်ဖြစ်လာပြီ။ သတင်းယူသည့် နေရာသတင်းပို့သည့်နေရာတွင်လည်း လွယ်ကူမြန်ဆန်လာသည်။ ကလောင်ကိုသာမက မိုက်ကရိုဖုန်းများ၊ ကင်မရာများကိုပါ ကိုင်လာကြရသည်။
စာ-နယ်-ဇင်းမှသည် ခေတ်အခေါ် မီဒီယာရယ်လို့ ဖြစ်လာရသည်။ လျင်မြန်စွာ ပြောင်းလဲလာသည်။ မပြောင်းလဲသည်ကား ကျင့်ဝတ်နှင့် တာဝန်ယူရမှု ဖြစ်သည်။ ကလောင်ကိုင်သောလက်အတွက် ကျင့်ဝတ်ကို မိုက်ကရိုဖုန်းကိုင်သောလက် ကင်မရာကိုင်သောလက် ကွန်ပျူတာ ကိုင်သောလက်တို့လည်း လိုက်နာကြရသည်။ စာ-နယ်-ဇင်းတို့နည်းတူ မီဒီယာကလည်း တာဝန်ယူရသည်။ တစ်သဘောတည်းဖြစ်သည်။
လူထု၏အခန်းကဏ္ဍ
ဒီမိုကရေစီစနစ်ကျင့်သုံးသော နိုင်ငံတွင် လူထုသည် အရေးကြီး သောအခန်းကဏ္ဍကပါဝင်သည်။ လူထုဆိုသည်မှာ လူမျိုးမရွေး၊ ဘာသာမရွေး နိုင်ငံသားအားလုံးကို ဆိုလိုသည်။ တိုင်းတစ်ပါးကလာရောက် နေထိုင် လုပ်ကိုင်နေကြသည့် နိုင်ငံခြားသားများကိုပါ ထည့်သွင်းစဉ်းစားရသည်။ လူထုကိုပေါ့သေးသေး တွက်လို့မရကြောင်း အစိုးရကလည်း သိသည်။ မီဒီယာကလည်း သိသည်။ လူထုက ရွေးကောက်တင်မြှောက်မှ သာလျှင် အစိုးရဆိုတာ ဖြစ်လာနိုင်သည်။ လူထုက လက်မခံ နိုင်တော့ဘူးဆိုလျှင် နောက်ရွေးကောက်ပွဲအထိ စောင့်နေစရာမလိုဘဲ အစိုးရကို ဖယ်ရှားလို့ရသည်။ ထိုနည်းတူစွာ လူထုက လက်ခံမှာသာလျှင် မီဒီယာရှင်သန် လို့ရသည်။ စာ-နယ်-ဇင်းတွေ ဘယ်လောက်ထွက်ထွက် လူထုကမဖတ်လျှင် ရပ်သွားလိမ့် မည်။ အသံလွှင့်ဌာနတွေ ဘယ်လောက်များများ လူထုကနားမထောင်လျှင် အသံလှိုင်းတွေ နားထဲမ၀င်နိုင်ဘဲ လေထဲ တ၀ဲလည်လည် ဖြစ်နေမည်။ ရုပ်သံလွှင့်တွေ ဘယ်လောက်ကြိုးစားကြိုးစား လူထုက TV ပိတ်ထားလျှင် အလကားဖြစ်သွားမည်ကို သတိပြုသင့်သည်။ ထို့ကြောင့်လည်း လွတ်လပ်ပွင့်လင်းသည့် လူ့အဖွဲ့အစည်းတွင် လူတစ်ဦးတစ်ယောက်ချင်းကို အစိုးရကရော မီဒီယာကပါ လေးစားတန်ဖိုးထားကြရခြင်း ဖြစ်သည်။
ယနေ့ မြန်မာလူထုအစိုးရနှင့် မီဒီယာ
ယနေ့မြန်မာပြည်က အခြေအနေကိုသုံးသပ်လျှင် အစိုးရက နေရာယူထားသည်၊ မီဒီယာကလည်း နေရာရသလောက်တော့ ရနေသည်။ နေရာမရဘုံ ပျောက်နေသည်က ပြည်သူလူထု ဆိုနိုင်ပါသည်။ အစိုးရမှာ အာဏာရှိ၍ မီဒီယာသမားများအား အရေးယူနိုင်သည်၊ ဖမ်းဆီးနိုင်သည်၊ ထောင်ချနိုင်သည်။ မီဒီယာသမားများအနေနှင့်မူ ဒီမိုကရေစီနိုင်ငံများမှာလို အစိုးရကိုတရားစွဲနိုင်သော အဆင့်သို့မရောက်သေး။ ထိုအဆင့်သို့ရောက်ရေး လုပ်ဆောင်ပေးဖို့ အစိုးရ မှာ တာဝန်ရှိသည်။ မီဒီယာဆိုင်ရာ ဥပဒေတစ်ရပ် လိုအပ်လာသည်။ သတင်းလွတ်လပ်ခွင့်ပေးရဲလာအောင် တာဝန်သိပီပြင်သည့် မီဒီယာဖြစ်ရပါမည်။ အုတ်အရောရော ကျောက်အရောရောနှင့် ဖောင်းပွနေရာကနေ မီဒီယာအတုအယောင် များ လျော့နည်းကင်းစင်သွားသည့် တာဝန်သိမီဒီယာဖြစ်ရေး ခက်ခဲသည့်ကြား နှစ်ဖက်လက်တွဲကြိုးပမ်းကြပါလျှင် မရစရာအကြောင်းမရှိပါ။ ပြင်ပကမ္ဘာကိုလှမ်းကြည့်သလို ကိုယ့်မြန်မာပြည်တွင် တကယ်ရှိခဲ့ဖူးသည်များကို သမင်လည်ပြန် ကြည့်လိုက် ပါက ပိုမိုမြန်ဆန် အဆင်ပြေနိုင်ပါသည်။ ဘုံပျောက်နေသည့်လူထုလည်း သူ့နေရာသူပြန်ရောက်ကာ သူ့တာဝန်သူယူလာလိမ့်မည်။ ထို့ကြောင့် အစိုးရနှင့်မီဒီယာသမားတို့ကြား ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြပါ၊ အလေးထားညှိနှိုင်းကြပါ၊ မြန်မြန် ဆန်ဆန် အကောင်အထည်ဖော်လုပ်ဆောင်ကြပါဟု တိုက်တွန်းလိုပါသည်။
ဒီမိုကရေစီလိုချင်ကြသည်ဆိုပါက လက်နှေးမနေပါနှင့်။ တစ်ရက်စောပြီး ဒီမိုကရေစီမျိုးစေ့ချလျှင် တစ်ရက်စော အပင်ပေါက်မည်။ တစ်ရက်စောအပင်ပေါက်လျှင် တစ်ရက်စောသီးပွင့်မည်။ ထိုအခါတစ်ရက်စောပြီး ဒီမိုကရေစီ အသီးအပွင့်ကို စားသုံးကြရမည် မဟုတ်ပါလား။

Written by ၀င်းအောင်ကြီး  EMG



တိုင်းပြည်ရှိရင်းနှီးမြှုပ်နှံမှုများနှင့်ပတ်သက်၍ ကျနော့်အတွေးများ

 

  • ရင်းနှီးမြှုပ်နှံမှုတွေဟာ နှောင်ကြိုးတွေကင်းနေသရွေ့ ကျနော်တို့ တိုင်းပြည်အဘက်ဘက်ကအကျိုးအမြတ်ရှိနေသရွေ့ ဘယ်သူပဲရင်းနီး မြှုပ်နှံမြှုပ်နှံ အရေးမကြီးပါဘူး။ Free Market Economy ခေတ် Global Institutions တွေဝင်လာတဲ့အချိန်မှာ ဂလိုဘယ် (global) ကိုလက်ခံပြီး လိုကယ် (local) ပြည်တွင်းပိုမိုတိုးတက်မှုရှိလာအောင်လုပ်ဆောင်ရပါမယ်။
  • ယခုတိုင်းပြည်ဟာဒီမိုကရေစီစနစ်ကိုသွားနေပြီဖြစ်လို့ အနောက်ရဲ့ရင်းနီးမြှုပ်နှံမှုများ လာတော့မှာဖြစ်ပါတယ်။ လွတ်လပ်စွာကုန်ကူးသန်းတဲ့ခေါတ် (2015) မှာကိုယ့်ရဲ့ကုန်ကူးသန်းရောင်းဝယ်မှုပေါ်လစီတွေကိုတော့ လျှော့ပေါ့ခိုင်းပြီး သူတို့ ပေါ်လစီတွေကိုတော့ တပြားမှလျှောမပေးတဲ့ကိစ္စတွေကို ကြုံရမှာဖြစ်ပါတယ်။
  • Global Institutions/Globalists တွေကိုသွားတားဆန့်ကျင်ပြီး ကိုယ့်ကိုကိုယ်အထီးကျန်ဖြစ်သွားစေနိုင်တဲ့အဖြစ်မျိုးကိုမရောက်ဘို့ ထို့အတူကိုယ့်အတွက်ဘာမှမကျန်ပဲ သူတို့ပဲယူသွားတာမျိုးမဖြစ်ဘိုလိုပါတယ်။
  • ရင်းနီးမြှုပ်နှံမှုတွေကြောင့်တိုင်းပြည်ဟာပိုအမှီအခိုကင်းလာရပါမယ်။
  • ရင်းနှီးမြှုပ်နှံမှုတွေကြောင့်ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တွေပို ကြီးထွားအားကောင်းလာမှုရှိလာပြီး ပြည်သူပြည်သားတွေဝင်ငွေကောင်းလာရပါမယ်။
  • ထို့အတူ ဒီမိုကရေစီရဲ့ရေသောက်မြစ်တွေဖြစ်တဲ့ အခြေခံလူအခွင့်ရေးတွေရရှိမှု လွတ်လပ်မှု၊ စီးပွားရေးအရဖွံ့ဖြိုးတိုးတက်မှု၊ တရားမျှတမှ၊ု ဥပဒေစိုးမိုးမှု၊ တည်ငြိမ်မှု ၊ နည်းပညာတိုးပွားမှုတွေအခိုင်အမာနဲ့ဖြစ်လာပြီး အချိန်နဲ့အမျှတတ်သိပညာရှင်တွေ ပိုများလာရပါမယ်။
  • သို့သော်ရင်းနီးမြှုပ်နှံမှုတွေကြောင့်တိုင်းပြည်မှာ ပ ဋိပက္ခ္ခတွေ ပိုမိုတိုးပွားတာမျိုးမဖြစ်ဘို့  လူထုအကြားချမ်းသာဆင်းရဲပိုမိုကွာဟလာတာမျိုးမဖြစ်ဘို့ အဲဒီရင်းနှီးမြှုပ်နှံမှုတွေကြောင့်ကျနော်တို့မြန်မာပြည်သူပြည်သားတွေတခြားတိုင်းတပါးမှာ အလုပ်ထွက်လုပ်ရတဲ့အခြေအနေမဖြစ်ပေါ်ဘို့လိုပါတယ်။
မိမိပြည်သားများကိုပိုမိုအကာအကွယ်ပေးနိုင်ဘို့ ဒါတွေကိုလုပ်ဘို့လိုပါတယ်။
  • သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်စာင့်ရှောက်ဘို့လုပ်ရပါမယ်။
  • ပညာရေးစနစ်ကို မြှင့်တင်ပေးပြီး အရည်အသွေးပြည့်ဝတဲ့ အလုပ်သမားတွေ ပညာရှင်တွေ မွေးထုတ်ပေးရပါမယ်။
  • စီမံခန့်ခွဲမှုနဲ့ ဖွံဖြိုးတိုးတက်ရေးနဲ့ပတ်သက်တဲ့ ပေါ်လစီတွေ နည်းဗျုဟာတွေကို ခေတ်နဲ့အညီတိုးတက်အောင်လုပ်ဆောင်ရပါမယ်။
  •  ပြည်တွင်းစီးပွားရေးသမားတွေကိုကြီးထွားလာအောင်အားပေးရပါမယ်။
  • Middle Class အလယ်အလတ်တန်းစားလူတန်းစားပိုမိုများပြားလာအောင်လုပ်ပေးရပါမယ်။
  • ပြည်သူပြည်သားတွေ တိုင်းပြည်ချစ်စိတ်တွေပိုရှိနေအောင်လုပ်ဆောင်နေရပါမယ်။
  • အလုပ်သမားတွေသွေးစုတ်မှုမခံရအောင် အလုပ်ခွင်ဆိုင်ရာရပိုင်ခွင့်တွေ safety net ပိုမိုခိုင်မာနေအောင် လူမှုရေး နိုင်ငံရေး စီးပွားရေးအသင်းအဖွဲ့တွေပိုအားကောင်းလာအောင်လုပ်ဘို့လိုပါတယ်။
  • လောင်စာစွမ်းအင်ကို တိုင်းပြည်တည်ဆောက်ရေးမှာသုံးနိုင်အောင် တိုင်းတပါးက ခေတ်မီနည်းပညာတွေရရှိလာအောင်လုပ်ရပါမယ်။
  •  နိုင်ငံခြားကုမ္ပဏီတွေကလယ်သမားအလုပ်သမားငယ်တွေကို သွေးစုတ်တဲ့ရန်ကကာကွယ်ဘို့ ပြည်တွင်းက ဘါဏ်တွေ စီးပွားရေးလုပ်ငန်းရှင်တွေကိုကာကွယ်ဘို့ အာမခံလုပ်ငန်းတွေခိုင်မာလာအောင်လုပ်ဘို့လိုပါတယ်။
  • လက်မှုလယ်ယာစီးပွားရေးကိုစက်မှုလယ်ယာစီးပွားရေးသို့ပြောင်းလာအောင်လုပ်ရပါမယ်။
 ကျေးဇူးတင်ပါတယ်။ by နေဦး

ပြည်တွင်းကရင်လူထုမှ KNU ကို ပန်ကြားခြင်း


၁၂၊ ၁၊ ၂၀၁၂ရက် (ကြာသပတေးနေ့) ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ အမှတ်(၇) ဇွဲကပင်ဟိုတယ် ခမ်းမ၌

(က) အစိုးရဘက်မှ ထားရှိသော ငြိမ်းချမ်းရေးမူ ၄-ချက်နှင့်
(ခ) ကေအဲန်ယူဘက်မှ ထားရှိသော တောင်းဆိုချက်မူ ၁၁-နှင့်ပါတ်သက်ပြီး
 တစ်ကမ္ဘာလုံးရှိ ကရင်အမျိုးသားများ ငြိမ်းချမ်းရေး ကြိုဆိုကြပါသော်လည်း ထာဝရ စစ်မှန်သော ငြိမ်းချမ်းရေး မရနိုင်ကြောင်း သုံးသပ်ပါသည်။
 သုံးသပ်ချက်-
၁။ ကေအဲန်ယူ၏ တောင်းဆိုချက် ၁၁-ချက်သည် ကရင်တစ်မျိုးသားလုံး၏ အခွင့်အရေး အပြည့်အ၀ မပါရှိခြင်း
၂။ ကရင်လူထုအတွက် အာမခံသော ငြိမ်းချမ်းရေးမဟုတ်ခြင်း
၃။ ငြိမ်းချမ်းရေးပွဲစားများကြောင့် ကေအဲန်ယူများ အစိတ်စိတ် အပိုင်းပိုင်း ကွဲပြားလာနိုင်ခြင်း စသည်တို့ကို ရှုမြင်တွေ့ရှိရပါသည်။
 * သတိပြုစေ *
ထိုသို့ အလျင်အမြန် ဆောင်ရွက်လုပ်ကိုင်သောကိစ္စကြောင့် ကရင်တစ်မျိုးသားလုံး (၆၃)နှစ်အတွင်း ခုခံအားထုတ်ခဲ့သော တော်လှန်ရေးအတွက် အထူးအခွင့်အရေး ဆုံးရှုံးသွားပြီးဖြစ်ကြောင်း ကေအဲန်ယူသို့ ပန်ကြားသိစေအပ်ပါသည်။

(ပြည်တွင်းကရင်လူထုများ) ပေးစာ

မျက်စိလှယ် တကိုယ်လုံးလည်နေတဲ့ ကရင်လူငယ်တစ်ဦးရဲ့ပေးစာ
"ကျွန်တော်တို့ ကရင်တမျိုးသားလုံးအတွက် တိုက်ပွဲဝင်ခဲ့တဲ့မျိုးချစ်ရဲဘော်အာဇာနည်တွေဟာ ကော်သူလေး ကရင်နိုင်ငံတော်အတွက်လား ဒါမှမဟုတ် အခုဗိုလ်ချုပ်ကြီးမူတူစေဖိုးတို့ အစိုးရနဲ့လက်မှတ်သွားထိုးတဲ့ ငြိမ်းချမ်းရေးပဲလား"
 အီးမေးမှတဆင့်လက်ခံရရှိတဲ့ ကရင်လူငယ်တစ်ဦးရဲ့ ပေးစာကို မူရင်းအတိုင်း တင်ပြပေးလိုက်ပါတယ်။
 သောသီခို ရေ.....
 ကျွန်တော်ကတော့ အခုလောလောဆယ်တော့ မျက်စိလှည် တကိုယ်လုံးလည်းလည်ကုန်ပြီ
ကော်သူးလေ နဲ့ပတ်သက်ပြီးကျွန်တော့အကြောင်းကိုပြောပြရရင်
ကျွန်တော်က ဟိုးငယ်ငယ်လေးကတည်းက မြန်မာပြည်မှာကြီးပြီး မြန်မာပြည်မှာပဲ ကျောင်းတက်ခဲ့ရတာပါ။ ကော်သူလေးနဲ့ပတ်သက်ပြီးကောင်းကောင်းမသိခဲ့ရပါဘူး
ကျွန်တော်အခုလဲ အသက် ၂၂ ပဲရှိသေးတာပါ။ ကျွန်တော်မြန်မာပြည်မှာ အထက်တန်းကျောင်းအထိကျောင်းတက်ပြီး ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ ဒုက္ခသယ်စခန်းမှာရှိတဲ့အထက်တန်းကျောင်းမှာ ဆက်ပြီးကျောင်းတက်ခဲ့တယ်
အဲဒီအချိန်မှာ ကေအဲန်ယူ ဆိုတာ ၈၀% ရာခိုင်နုန်းလောက်ကောင်းကောင်းသိခဲ့ရပါတယ် ကျွန်တော်သိတဲ့အအရာတွေကတော့
 ၁။ ကျွန်တော်တို့တိုင်းပြည်နဲ့လွတ်လပ်ရေးအတွက် အသက်ပေးသွားတဲ့
 စောဘဦးကြီးရဲ့မူလေးချက်
 ၂။ ကျွန်တော်တို့အခုတိုက်နေတာ ကျွန်တော်တို့ရဲ့ကော်သူးလေ (ကရင်နိုင်ငံတော်)အတွက်
 နောက်အများကြီးရှိသေးတယ်............................။
(ကော်သူလေး ကီ ၊်ကညီ နဲ့ပတ်သက်ပြီးကျွန်တော့ရဲ့အမြင်ကတော့ ကျွန်တော်တို့ကရင်လူမျိုးတွေဟာ ကိုယ်ပိုင် နိုင်ငံ ကိုယ်ပိုင်အုပ်ချုပ်ရေး ကိုယ်ပိုင်အစိုးရ အတွက်တိုက်ပွဲဝင်ခဲ့တာလို့မြင်ခဲ့တာ)

သောသီခိုတို့အတွက်မေးခွန်း
 - ကျွန်တော်တို့ ကရင်တမျိုးသားလုံးအတွက် တိုက်ပွဲဝင်ခဲ့တဲ့မျိုးချစ်ရဲဘော်အာဇာနည်တွေဟာ ကော်သူလေး ကရင်နိုင်ငံတော်အတွက်လား ဒါမှမဟုတ် အခုဗိုလ်ချုပ်ကြီးမူတူစေဖိုးတို့ အစိုးရနဲ့လက်မှတ်သွားထိုးတဲ့ ငြိမ်းချမ်းရေးပဲလား?
 - ကျွန်တော်တို့ တိုက်နေတာ ကရင်လူမျိုးတမျိုးလုံးနိုင်ငံတော်နဲ့လွတ်လပ်ရေး(ဥပမာ အရှေ့တီမောလို) အတွက်တိုက်နေတာမဟုတ်ဘူးလား?
 လေးစားစွာဖြင့်
သောသီခိုရဲ့အမာခံ စာဖတ်ပရိတ်သတ်
 စောအယ်ကေယာ (အမေရိကန်)16/01/2012

 

Lwin Pwin

Blog:                 http://wanna23-23.blogspot.com/
Web-site:           http://www.nlabr.co.cc/

 

0 comments:

Post a Comment