KIO, ကချင် သတင်းများ      ဇန်နဝါရီလ ၁၇ ရက်၊ ၂၀၁၂

 

ကချင်လွတ်မြောက်ရေးတပ်မတော်နှင့် အစိုးရ ရွှေလီတွင် ဆွေးနွေးမည်

by ကိုထွေး

ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) နဲ့ ဦးအောင်သောင်း ခေါင်းဆောင်တဲ့ ငြိမ်းချမ်းရေးအဖွဲ့တွေ တရုတ်နိုင်ငံ ရွှေလီမှာ နိုင်ငံရေး ဆွေးနွေးသွားဖို့ ရှိပါတယ်။

ဆွေးနွေးပွဲကို ဗုဒ္ဓဟူးနေ့လို့ သတ်မှတ်ထားပေမယ့် နေရာအတွက် တရုတ် အစိုးရရဲ့ ခွင့်ပြုချက် ရယူရဦးမှာဖြစ်ပြီး ခွင့်ပြုချက်ရရင် သတ်မှတ်ရက်မှာ ဆွေးနွေးသွားမယ်လို့ ကေအိုင်အိုပြောခွင့်ရ ဦးလနန်းက ပြောပါတယ်။

ပြည်ထောင်စု အစိုးရအဆင့်နဲ့တွေ့ဖို့ ကေအိုင်အေက ဗဟိုကော်မတီအဖွဲ့ဝင် ၆ ဦးကို ရွေးချယ်ထားပေမယ့် လိုအပ်ပါက အဖွဲ့ဝင်ဦးရေ တိုးသွားမှာ ဖြစ်ပြီး အစိုးရဘက်က ပြည်နယ်အဆင့် အရာရှိတချို့ ပါဝင်မှာ ဖြစ်ပါတယ်။

ဦးလနန်းက “အဓိကကတော့ အပစ်အခတ်ရပ်စဲရေးကို သိပ်ပြီး မီးမောင်းမထိုးချင်ဘူးဗျ။ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု ဖြစ်ပေါ်လာဖို့အတွက် လမ်းကြောင်းဖော်ဆောင်ရေး ဆွေးနွေးဖို့ပဲ အဓိကထားပါတယ်။ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု အဆင့်တိုင်း အဆင့်တိုင်းမှာ တဆင့်ချင်း တက်ပြီး အဆင်ပြေလာတယ်ဆိုရင်တော့ ပစ်ခတ်မှုက လတ်မှတ်ထိုးစရာ မလိုပါဘူး။ သူ့ဘာသာသူ ရှောရှောရှူရှူ အဆင်ပြေသွားမယ့် ကိစ္စရပ်လေးတွေပါ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ဇွန်လကစပြီး ကချင်ပြည်နယ်အတွင်း ကေအိုင်အေနဲ့ အစိုးရစစ်တပ် တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီးတော့ သောင်းနဲ့ချီတဲ့ ဒုက္ခသည်တွေက နယ်စပ်တွေမှာ ခိုလှုံနေပါတယ်။

အစိုးရက တခြားတိုင်းရင်းသားအဖွဲ့များနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့ပြီး ကေအိုင်အေနှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖို့ သဘောတူခဲ့တာဖြစ်ပါတယ်။

 

တိုင်းရင်းသားအားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးမှု KIO မျှော်လင့်
တနင်္လာနေ့၊ ဇန်နဝါရီလ 16 ရက် 2012 ခုနှစ် သျှမ်းသံတော်ဆင့်သတင်း



လာမည့် ရက်ပိုင်းအတွင်း ဦးအောင်သောင်း ဦးဆောင်သည့် အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် KIO တို့ နိုင်ငံ ရေးအဆင့် ဆွေးနွေးရန်ရှိပြီး တိုင်းရင်းသားအားလုံးပါဝင်သည့် ဆွေးနွေးမှုပုံသဏ္ဍာန်ဖြစ်ပေါ်လာရန် မျှော်လင့်ထား ကြောင်း KIO အဖွဲ့ ပြောခွင့်ရ တွဲဘက်အထွေထွေ အတွင်းရေးမှူး ဦးလနန်က သျှမ်းသံတော်ဆင့်သို့ ပြောသည်။ KIO ၏ လက်နက်ကိုင်တပ်ဖြစ်သည့် KIA အဖွဲ့နှင့် အစိုးရစစ်တပ်များ ကချင်ပြည်နယ်အတွင်း စစ်ပွဲများဖြစ်ပွားနေရာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ နှင့် KIO တို့ တရုတ်နိုင်ငံတစ်နေ ရာ၌ လာမည့်ရက်ပိုင်းအတွင်း ဆွေးနွေးရန်ရှိကြောင်း သူက ပြောသည်။
“ဆွေးနွေးရေးကိစ္စ စီစဉ်နေတာတော့ကြာပါပြီ ဒီ ၃ ရက်လောက်အတောအတွင်းမှာ ဆွေးနွေးဖို့ ဖြစ်လာနိုင်ပါတယ်။ နိုင်ငံရေးအရဆွေးနွေးမယ်ဆိုရင် UNFC မှာလည်း ပြောဆိုပြီးသားဖြစ်တယ်။ UNFC အဖွဲ့ဝင်တွေ တိုင်းရင်းသားအား လုံး နိုင်ငံရေးဆွေးနွေးမှု ပုံသဏ္ဍာန်ဖြစ်လာမှာပါ။ အဲလိုမျှော်လင့်ပါတယ် ခင်ဗျ” - ဟု သူက ဆိုသည်။
အဆိုပါဆွေးနွေးပွဲမတိုင်မီ KIO ဘက်မှ ထည့်သွင်းဆွေးနွေးမည့် အသေးစိတ်အချက်အလက်ကို ပြောကြားအုံးမည် မဟုတ်ပဲ နှစ်ဘက်ဆွေးနွေးပြီးမှသာ ထုတ်ပြန်မည်ဟု သူက ဆက်ပြောသည်။

“ကျနော်တို့အမြဲတမ်းပြောဆိုနေတဲ့ကိစ္စတွေကိုပဲပြောဆိုမှာပါ။ အသေးစိတ်ကတော့ ကြိုပြီးပြောဆိုဖို့မကောင်း ဘူးလေ။ အစည်းအဝေးလုပ်ပြီးတဲ့အခါကျမှ အချိန်နဲ့တစ်ပြေးညီ အားလုံးသိအောင်လုပ်ပေးရမှာပဲ။ အပစ်အခတ် ရပ်ဆဲရေးဆိုတဲ့ ကိစ္စကိုပဲ ဦးစားပေးပြောဆိုဖို့တော့ မရှိဘူး။ ဒီအပစ်အခတ်ရပ်ဆဲရေး ဆိုတာ နိုင်ငံရေးကြောင့်ဖြစ်တဲ့ ကိစ္စတွေပါ။ ဒါ ကြောင့်မို့ ဒီနိုင်ငံရေးပြဿနာကို ဖြေရှင်းရမဲ့ ဆန္ဒကတော့ ရှိကိုရှိရပါတယ်။ ခံယူချက်လည်းအဲလိုရှိရ မယ်။ ဒါမှလည်း တိုက်တာခိုက်တာတွေက လျော့ပါးသွားမှာပါ” ဟု ဆိုသည်။

ယခုဆွေးနွေးပွဲအတွက် KIO ဘက်မှ ကိုယ်စားလှယ်အဖွဲ့ကို ရွေးချယ်ထားပြီး ဖြစ်သော်လည်း ပါဝင်သူများ၏ အမည် စာရင်းကို ထုတ်ဖေါ်ပြောကြားခြင်း မရှိပေ။ KIO နှင့် ဆွေးနွေးရန် ဦးအောင်သောင်းဦးဆောင်သည့် အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ ယနေ့နံနက် ပိုင်းတွင် မန္တလေး - မူစယ်လမ်းအတိုင်း မူစယ်ဘက်သို့ ထွက်ခွာလာကြောင်း စစ်ဘက်သတင်းရပ်ကွက်များ အဆိုအရသိရသည်။ လွန်ခဲ့သည့်နှစ် နိုဝင်ဘာလကုန်ပိုင်းက အပစ်အခတ်ရပ်ဆဲရေးကိစ္စ အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နှင့် KIO တို့ တရုတ် ယူနန်ပြည်နယ် ရွှေလီမြို့၌ တွေ့ဆုံခဲ့သေးပြီး ယခုတစ်ကြိမ် နိုင်ငံရေးအဆင့် ဆွေးနွေးရန် ထပ်မံတွေ့ဆုံခြင်း ဖြစ်ကြောင်း သိရသည်။

 

မြန်မာ့တပ်မတော်နှင့်ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တိုက်ပွဲကြောင့် ဒေသခံအရပ်သား ၂ဦး သေဆုံး

ဂျာတောပ့် (ရွှေမြစ်မခ)
ဇန်န၀ါရီ ၁၆ ၊ကချင်ပြည်နယ်။
 ဇန်န၀ါရီလ ၁၅ရက်နေ့၊ ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းမှော်တွင် မြန်မာအစိုးရ တပ်မတော်နှင့်ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့ ကင်ဆန်ခါကျေးရွာ၌ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံအရပ်သား ၂ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။
 “ဆန်ခါ၊ ကင်ဆီကျေးရွာမှာပေါ့။ မြန်မာအစိုးရဘက်က စစ်သားအပြောင်းအလဲလုပ်နေတဲ့ချိန် KIAဘက်က ပစ်လိုက်တာ။ အဲ့တာနဲ့ ဟိုဘက်ဒီဘက် ပစ်ကြတာ။အရပ်သားတွေ ထိတာပဲ။” ဟု ဖားကန့် ဒေသခံ တစ်ဦးက ပြောသည်။
 တပ်မတော်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)တိုက်ပွဲများကြောင့်အရပ်သား ၆ဦး ဒဏ်ရာရရှိကာ ၂ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။
 ကချင်ပြည်နယ်၊ဖားကန့် ကျောက်စိမ်းမှော်တွင် ယခုလို စစ်ဖြစ်ပွားနေခြင်းကြောင့် ကျောက်စိမ်းကုမ္ပဏီ ၁၀၀ကျော်မှလည်း လုပ်ငန်းလည်ပတ်မှု ရပ်တန့်သွားခဲ့ပြီး ရွှေ့ပြောင်းအလုပ်သမားအချို့လည်း မိမိနေရပ်သို့ ပြန်သွားရကြောင်း သိရှိရသည်။
 “ကုမ္ပဏီတွေ ပိတ်လိုက်တော့ ကျွန်တော်တို့ ရေမဆေးကျောက်ကောက်သမားတွေလည်း
အလုပ်မရှိတော့ အိမ်ပြန်ကြတာပေါ့။ ဖားကန့်က အတက်မရှိတော့ဘူး။ အဆင်း
(အပြန်) ပဲ လူပိုများနေတယ်။” ဟု ရေမဆေးကျောက်စိမ်းကောက်သူတစ်ဦးက ပြောသည်။
 ဇန်န၀ါရီ ၄ရက်နေ့တွင် ဖားကန့်ကုန်သွားလာရေး လမ်းကို ပိတ်ထားခဲ့ပြီး ယခုပြန်လည် သွားလာခွင့်ပြုပြီး မကြာသေးခင်ရက်အတွင်း ယခုကဲ့သို့ စစ်ဖြစ်ပွားခဲ့ကြောင်း၊ ဒေသခံပြည်သူများမှာ တိုက်ပွဲများကြားတွင် ဒုက္ခများလျက်၇ှိကြောင်းသိရှိရသည်။

KIO,KIA၏ Padang Hkrunlam စစ်ဆင်ရေးပတ်သက်၍ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်ထန်ဂမ်ရှောင်၏ ရှင်းလင်းချက်မိန့်ခွန်း

ကချင်ပြည်နယ်နှင့် ကချင်လူမျိုးများကို အဓိကကိုယ်စားပြုသော ကေအိုင်အို၏ နိုင်ငံရေးရပ်တည်ချက်နှင့် အမြင်များကို သိရှိနားလည်စေရန် KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်ထန်ဂမ်ရှောင်၏ Padang Hkrunlam စစ်ဆင်ရေးနှင့်ပါတ်သက်၍ ရှင်းလင်းချက် မိန့်ခွန်း အားမြန်မာဘာသာသို့ ပြန်ဆိုပြီး ပြန်လည်ဝေမျှထားခြင်းဖြစ်ပါသည်။ စိတ်ပါဝင်စားသူ မဖတ်ရသေးသော ညီအစ်ကိုများအတွက် ရည်ရွယ်ပါသည် ။

နေ့စွဲ ။  ။ ၂၇.၈.၂၀၁၁

ဖန်ဆင်းရှင် ထာဝရဘုရားသခင်ရဲ့ ကောင်းချီးမင်္ဂလာအပေါင်း ခညောင်းတဲ့  ဒီကနေ့မှာ သွေးစည်းညီညွတ်တဲ့ ခေါင်းဆောင်တွေ၊ ရဲဘော်ရဲဘက်တွေ၊ ညီအစ်ကိုမောင်နှမတွေနဲ့ တွေ့ဆုံခွင့်ရတဲ့အတွက် အင်မတန် ၀မ်းမြောက်ပါတယ်။ အားရကျေနပ် ပါတယ်။ အခုဆိုရင် ကျနော်တို့ဟာ Padang Hkrunlam စစ်ဆင်ရေး အချိန်ကာလ (၃)လအတွင်းကို ရောက်ရှိလာပြီဖြစ်ပါတယ်။ ဒီစစ်ဆင်ရေးကို ဆောင်ရွက်ရာမှာ ဘာ့ကြောင့်ဒီစစ်ဆင်ရေးကို လုပ်ဆောင်ခဲ့ရတာလဲ၊ ဘာတွေကို လုပ်ဆောင်ခဲ့ပြီးပြီလဲ၊ ဘာတွေ ဆက်လက်လုပ်ဆောင်သွားမလဲ ဆိုတာတွေကို ပြည်သူပြည်သားတွေ ရဲဘော်ရဲဘက်တွေကို ရှင်းလင်းတင်ပြဖို့ အချိန်တန်ပြီလို့ ဗဟိုကော်မတီက ဆုံးဖြတ်တဲ့အတွက် ဒေသအသီးသီး၊ တပ်ဖွဲ့အသီးသီးကို အကြောင်းကြားရှင်းလင်းသွားမှာ ဖြစ်ပါတယ်။ စစ်ဘေး ဒုက္ခသည်စခန်းတွေကို ရောက်ရှိလာတဲ့ တိုင်းသူပြည်သားတွေ၊ မြို့ရွာဒေသအသီးသီးမှာ နေထိုင်နေကြတဲ့ ပြည်သူတွေ၊ တပ်ရင်းတပ်ဖွဲ့အသီးသီးမှာ တာဝန်ထမ်းဆောင်နေကြတဲ့ မျိုးချစ်ရဲဘော်တွေ အားလုံးထံ ဗဟိုကော်မတီ ကိုယ်စားလှယ်တွေစေလွှတ်ကာ ရှင်းလင်းပြောကြားသွားမှာ ဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်စားလှယ်တွေ မရောက်ရှိသွားနိုင်တဲ့ ဒေသတွေကိုတော့ ရုပ်သံဒီဗွီဒီတွေနဲ့ ဖြန့်ချိသွားမှာ ဖြစ်ပါတယ်။ ဗဟိုဌာနချုပ်ကို မရောက်သော်လည်း ဗဟိုအစည်းအဝေးကို ကိုယ်တိုင် တက်ရောက်နားထောင်ခဲ့သလို သိရှိနားလည်နိုင်အောင် ဖြန့်ဝေသွားမှာ ဖြစ်ပါတယ်။ တစ်တိုင်းပြည်လုံး သာမက နိုင်ငံရပ်ခြားသို့တိုင်အောင် ဖြန့်ဝေသွားမှာဖြစ်ပါတယ်။ ကျနော်တို့ လုပ်ငန်းတစ်ခုကို ဆောင်ရွက်ရာမှာ အဲဒီလုပ်ငန်းရဲ့ အကြောင်းတရားကို နားမလည်လို့ရှိရင် ဘယ်လိုဘယ်ပုံ ကြိုးစားအားထုတ် ရမယ်၊ ဘယ်လို စိတ်ခွန်အားဖြည့်ဆည်းရမယ် ဆိုတာ မသိနိုင်ပါဘူး။ အဲဒီလိုပဲ ကိုယ်လုပ်မယ့် အလုပ်ရဲ့ ရည်မှန်းချက်ကို မသိတဲ့အခါ ဘယ်လိုဘယ်ပုံ လျှောက်လှမ်းဆောင်ရွက်ရမယ် ဆိုတာ သိဖို့ ခက်ပါတယ်။ အဲဒါကြောင့် ကျနော်တို့ရဲ့ ရည်ရွယ်ချက်က ဘာလဲ၊ ဒီရည်မှန်းချက်ကို အကောင်အထည် ဖော်ဆောင်ရာမှာ ကျော်ဖြတ်ခဲ့ပြီးတဲ့ အကြောင်းအရာတွေ၊ ဆက်လက်ကြုံတွေ့ရမယ့် အရာတွေ နဲ့ပတ်သက်ပြီး ဒီကနေ့ ရှင်းလင်းပြောကြားသွားမှာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ဇွန်လကစတင်ကာ ကောက်ကျစ်စဉ်းလဲတဲ့ ဒီ ဗမာ (စစ်တပ်) တွေက အသားလွှတ် လာရောက်ပြီး ကျူးကျော်စစ် စတင်လိုက်ပါတယ်။ တပ်မဟာ(၃) လက်အောက်ခံ တပ်ရင်း(၁၅)ရဲ့ ဘွန်ဆင်(န်) (Bum Sen) စခန်းနဲ့၊ ဆန်ဂန် (Sang Gang) က ဆက်ဆံရေးရုံးတွေမှာ စတင်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ကျနော်တို့ (၄)ရက်တိုင်တိုင် စောင့်ဆိုင်းသည်းခံခဲ့ပါတယ်။ အဲဒီလိုစောင့်ဆိုင်းသည်းခံနေတဲ့ အချိန်မှာ ကျနော်တို့ရဲ့ ပြောဆိုဆွေးနွေးမှုတွေကို သူတို့ ဂရုမှမစိုက်ပါဘူး။ အရေးမလုပ်ပါဘူး။ ဒါ့ကြောင့် ကျနော်တို့လဲ သူတို့ကို သတိပေးတယ်။ ဒီကိစ္စက (၉)ရက်နေ့မှ စဖြစ်တယ်။ “(၁၃)ရက်နေ့ မွန်းတည့် (၁၂)နာရီအထိ ကျနော်တို့ စောင့်မယ်” လို့ ကျနော်တို့ သတိပေးတယ်။ အဲဒီအချိန်မှာ ဗမာ(စစ်တပ်)တွေက အင်အား အလုံးအရင်းနဲ့ တပ်ရင်း(၁၅)ကို ၀ိုင်းတိုက်နေကြပြီ။ အဲဒီလို ၀ိုင်းတိုက်နေတာကို ကျနော်တို့တတွေက ပွဲကြည့်သလို စောင့်ကြည့်နေရမယ့် ကိစ္စမဟုတ်ဘူး။ သည်းခံတယ်ဆိုရာမှာလဲ အတိုင်းအတာဆိုတာ ရှိတယ်။ အဲဒီ သည်းခံမှု အတိုင်းအတာမရှိဘူးဆိုရင်တော့ လက်နက်ချလိုက်တာနဲ့ ဘာများကွာခြားတော့မှာလဲ။ အဲဒီတော့ သုံးလေးရက် သည်းခံစောင့်ဆိုင်းပြီးတဲ့နောက် သည်းခံစရာအကြောင်း မရှိတော့ပါဘူး။ ဒါ့ကြောင့် (၁၃) ရက်နေ့ မနက်မှာ ကျနော်တို့ ဗဟိုကော်မတီကနေ ဗမာ(စစ်တပ်)တိုင်းမှူးကို စာနဲ့တရားဝင် အကြောင်းကြားတယ်။

“ ဒီနေ့ (၁၃) ရက်နေ့ မွန်းတည့် (၁၂)နာရီအထိ ကျနော်တို့ စောင့်မယ်။ ခင်ဗျားတို့ ဒီပုံအတိုင်း ဆက်သွားမယ်ဆိုရင်တော့ ကျုပ်တို့လည်း ဒီစစ်မီးကို တပြည်လုံး ဖြန့်ပစ်လိုက်မယ်။ ပြည်ထောင်စုတစ်ခုလုံးကို ဖြန့်ပစ်လိုက်မယ်။ ခင်ဗျားတို့ သတ္တိရှိသလား။ လုပ်ရဲတယ်ဆို ရင်တော့ ဆက်လုပ်လိုက်။ ကျုပ်တို့လည်း ခပ်မာမာပဲ။ "

ကျနော်တို့ ကချင်ဘိုးဘွားတွေ လက်ထက်မှာ ဘယ်တော့မှ လက်နက်ချတယ်ဆိုတာ မရှိခဲ့ဘူး။ ကျနော်တို့ဘိုးဘွားတွေ တိုက်ခဲ့တဲ့ စစ်ပွဲတွေမှာ လက်နက်အပ်ပစ်လိုက်ပြီး ကျွဲနွားဆွဲကာ ထွက်ပြေးတယ်ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ဘူး။ ဘိုးဘေးတွေဟာ ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ် အပါအ၀င် စစ်ပွဲတွေများစွာမှာ တိုက်ခိုက်ခဲ့ကြတယ်။ ကျုပ်တို့ဟာ ဒီလို ရဲစွမ်းသတ္တိနဲ့ ပြည့်စုံတဲ့ဘိုးဘွားတွေရဲ့ မျိုးဆက်တွေဖြစ်တာနဲ့ အမျှ ကျနော်တို့ သူရဲဘောကြောင်စရာ အကြောင်းမရှိဘူး။ နောက်တစ်ချက်က ကျနော်တို့ဟာ ထာဝရဘုရားသခင်ရဲ့ အလိုတော်ဖြစ်တဲ့ တရားမျှတမှု၊ အမှန်တရား အတိုင်း လျှောက်လှမ်းကြတာဖြစ်တဲ့အတွက် ကျနော်တို့ မလုပ်ရဲစရာ အကြောင်းမရှိပါဘူး။

ဒါနဲ့ပဲ ကျနော်တို့ ဗမာတိုင်းမှူးဆီက ပြန်ကြားချက်ကို စောင့်ပါတယ်။ သူက ကျနော်တို့ကို ဂရုမစိုက်ပါဘူး။ အရေးမလုပ်ပါဘူး။ အဲဒါကြောင့် မွန်းတည့် (၁၂) နာရီကျော်သွားတဲ့ နောက်ပိုင်းမှာ ကျနော်တို့ ဗဟိုကော်မတီအစည်းအဝေးလုပ်တယ်။ ဒီလူတွေတော့ ကျနော်တို့ရဲ့ ဆက်သွယ် ဆွေးနွေးမှုတွေကို အရေးတယူလုပ်မှာ မဟုတ်တော့ဘူး။ ကျနော်တို့လဲ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ ကာကွယ်စစ် သို့မဟုတ် ခုခံတွန်းလှန်စစ်ကို ဆင်နွှဲရတော့မယ်။ ဒါကို ရှောင်ဖယ်လို့ မရတော့တဲ့အတွက် ကျနော်တို့ ယုံကြည်ကိုးစားတဲ့ ထာဝရဘုရားသခင်ထံမှ ခွန်အားယူကာ ခုခံစစ်ကို ဆင်နွှဲကြစို့ဆိုပြီး ကချင်လွတ်လပ်ရေးအဖွဲ့ ဥက္ကဌကြီးကိုယ်တိုင် လက်မှတ်ရေးထိုးကာ အဲဒီညနေမှာ တတိုင်းပြည်လုံးကို ဒီအမိန့်ညွှန်ကြားချက်ကို ဖြန့်ဝေလိုက်ရာမှ ပြန်လည်စတင်တဲ့ ကျနော်တို့ရဲ့ စစ်ရေးနဲ့ယှဉ်တွဲနေတဲ့ နိုင်ငံရေးလုပ်ငန်းစဉ် ဖြစ်ကြောင်းပြောကြားလိုပါတယ်။

ဒီခုခံတွန်းလှန်တဲ့စစ်ဆင်ရေးကို ဆင်နွှဲရာမှာ ကျနော်တို့ ဘယ်လို မူဝါဒကို လက်ကိုင်စွဲထားသလဲ ဆိုတာ နားလည်ဖို့ရန်အတွက် ဖော်ပြလိုပါတယ်။ လွန်ခဲ့တဲ့ (၁၇)နှစ်တာ ကာလက စပြီးတော့ ကျနော်တို့ အပစ်အခတ်ရပ်စဲခဲ့ကြပါတယ်။ နိုင်ငံရေးနည်းလမ်းဖြင့်၊ တွေ့ဆုံဆွေးနွေးခြင်းဖြင့် ဖြေရှင်း အဖြေရှာဖို့အတွက် အပစ်အခတ်ရပ်စဲခဲ့ခြင်း ဖြစ်ပါတယ်။ အပစ်အခတ်ရပ်တယ်ဆိုတာဟာ ကျနော်တို့ လိုချင်တဲ့ နိုင်ငံရေးလမ်းစဉ်ကို နိုင်ငံရေးနည်းအားဖြင့် ရရှိနိုင်ဖို့ အပစ်ရပ်ခဲ့ခြင်း ဖြစ်ပါတယ်။ အဲဒီ အပစ်အခတ်ရပ်စဲရေး ကနဦးကာလတုန်းက ကျနော်တို့ကို ဘာပြောသလဲဆိုတော့ သူတို့ဟာ ယာယီအစိုးရသာ ဖြစ်ကြောင်း၊ အရပ်သားအစိုးရ ပေါ်ပေါက်လာမှာ ဖြစ်ကြောင်း၊ သူတို့ တပ်မတော်အစိုးရဟာ ပြည်ထောင်စုကြီး ချောက်ကမ်းပါးထဲ ကျရောက်တော့မယ့် အခြေအနေကြောင့် ကယ်တင်ရခြင်းသာ ဖြစ်ကြောင်း၊ သူတို့ဟာ အရပ်သားအစိုးရ မဟုတ်တဲ့အတွက် အရပ်သားအစိုးရ ပေါ်ပေါက်လာတဲ့အခါ ဆွေးနွေးရယူနိုင်မှာ ဖြစ်ကြောင်း ပြောခဲ့ကြပါတယ်။ အဲဒီလိုပဲ အကြိမ်ပေါင်း မြောက်များစွာ ကျနော်တို့ကို ပြောခဲ့ကြပါတယ်။ အပစ်ရပ်ကာလအတွင်း ဘာလုပ်ကြမှာလဲဆိုတော့ စစ်ကြောင့် ယိုယွင်းပျက်စီးသွားတဲ့ ဒေသတွေကို ပြန်လည်တည်ဆောက်ဖို့၊ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ ပြောတဲ့အတွက် ကျနော်တို့ကလည်း သဘောတူခဲ့ကြတာပါ။

အဲဒါကြောင့် ကျနော်တို့က နောင်အနာဂတ်မှာ စစ်တိုက်စရာမလိုတော့ဘူး၊ စစ်ပွဲတွေရှိစရာ အကြောင်းမရှိတော့ဘူးလို့ တွေးထင်မှတ်ယူတဲ့အတွက် စစ်တပ်ကိုတောင် အင်အားတောင့်တင်းအောင် ဆောင်ရွက်ခြင်း မရှိတော့ပါဘူး။ နိုင်ငံရေးနည်းနဲ့ သို့မဟုတ် ဆွေးနွေးပွဲတွေနဲ့ အဆုံးသတ်တော့မယ့် တော်လှန်ရေးလမ်းစဉ်  ဖြစ်မယ်လို့ မျှော်မှန်းခဲ့ကြတာပါ။ ဒီလိုနဲ့ပဲ အချိန်ကာလ နှစ်ပေါင်းများစွာ ကုန်ဆုံးသွားခဲ့ပါတယ်။ ဒါပေမယ့် အမှန်တကယ် လက်တွေ့မှာ ဘာတွေဖြစ်ခဲ့သလဲဆိုတော့ အရပ်သားအစိုးရ မပေါ်ပေါက်ခင်မှာ သူတို့တတွေ ညီလာခံ (အမျိုးသားညီလာခံ) ကို ကျင်းပခဲ့ကြတယ်။ ညီလာခံဆိုတာ ကျနော်တို့ ဘာသာစကားအရ ဘာအဓိပ္ပယ်လဲဆိုတော့ မညီမညွတ်ဖြစ်နေတဲ့ ပြည်ထောင်စုကြီးကို ပြုပြင်ပြောင်းလဲနိုင်ဖို့ရန်အတွက် ကျင်းပတဲ့ ဆွေးနွေးပွဲကြီး ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲကြီးမှာ တိုင်ပင်နှီးနှောကြပြီးတော့ ကျနော်တို့ရဲ့ ပြည်ထောင်စုကြီးကို ဘယ်လို ဘယ်ပုံ ဖွဲ့စည်း တည်ထောင်ကြမယ်၊ ပြည်တွင်းစစ်မက်မီးတွေ မရှိတဲ့၊ အေးချမ်းတည်ငြိမ်တဲ့ ပြည်ထောင်စုကြီး၊ တိုင်းရင်းသားအားလုံး သာတူညီမျှ အခွင့်အရေးရရှိတဲ့ ပြည်ထောင်စုကြီးကို တည်ထောင်ဖို့ တိုင်ပင် အဖြေရှာတဲ့ ဆွေးနွေးပွဲကြီးကို ညီလာခံလို့ ခေါ်တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီညီလာခံကြီးမှာ ဘာဆိုဘာမှ ပြောဆိုဆွေးနွေးခွင့် မရခဲ့ပါဘူး။ ဒီလူတွေက ကောက်ကျစ်တဲ့လူတွေပဲ။ ဒီဗမာစစ်တပ်က သူတို့ကြိုက်သလိုချယ်လှယ်နိုင်မယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးသားပြဌာန်းနိုင်ဖို့ လုပ်ဆောင်ခြင်းသာ ဖြစ်ပါတယ်။ သူတို့ ကြိုက်သလို ရေးသားပြီးတော့ သူတို့ကြိုက်သလို တစ်သက်လုံး စစ်တပ်ကလူတွေ စစ်တပ်ပုံစံနဲ့၊ စစ်တပ်စနစ်နဲ့ အုပ်စိုးသွားနိုင်ဖို့သာ ဖြစ်ပါတယ်။ စစ်မှန်တဲ့အရပ်သားအစိုးရ ပေါ်ပေါက်လာဖို့မှ သူတို့ ရည်ရွယ်ခြင်း မရှိခဲ့ပါဘူး။ သူတို့ ချမှတ်ထားပြီးသား လမ်းစဉ်အတိုင်းပဲ လုပ်ဆောင်ခဲ့ကြတယ်။ ဘာဆိုဘာမှ ပြောဆို ဆွေးနွေးခွင့် မရှိဘူး။ ရုပ်မြင်သံကြားမှာ ကြည့်ရင်တော့ အားလုံးက ကိုယ့်ရဲ့ တိုင်းရင်းသား ၀တ်စုံတွေ ခံ့ခံ့ညားညားဝတ်ဆင်ပြီး အတွေ့အကြုံရင့်ကျက်တဲ့၊ တိုင်းပြည်နဲ့လူမျိုးအနာဂတ်ကို စဉ်းစားဆုံးဖြတ်ပေးနိုင်မယ့် လူကြီးလူကောင်းတွေ ညီလာခံခန်းမကြီးထဲကို စီတန်းဝင်ရောက်သွားကြတာပဲ။ ဒါပေမယ့် ခန်းမထဲမှာ ပါးစပ်ပိတ်ပြီးပဲ နေကြရတာပဲ။ ဘာမှ ပြောဆိုဆွေးနွေးခွင့် မရှိဘူး။ အဲဒါကြောင့် ကျနော်တို့ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေ အချင်းချင်း တိုင်ပင်ဆွေးနွေးပြီး ရေးသားတင်ပြခဲ့ကြပါတယ်။ ပြောဆိုဆွေးနွေးလို့ မရတဲ့အတွက် ကျနော်တို့ လက်နက်ကိုင်အဖွဲ့ (၁၃)ဖွဲ့ စုပေါင်းပြီးတော့လည်း ရေးသားတင်ပြခဲ့တယ်။ အဖွဲ့ (၆)ဖွဲ့ အနေနဲ့လည်း ရေးသားတင်ပြတယ်။ ပြီးတော့ ကျနော်တို့ ကချင်မျိုးနွယ်စုတွေလဲပဲ ကချင်ပြည်နဲ့ ကချင်ပြည်သူပြည်သားတွေ အပေါ်မှာ သမိုင်းကြွေးတင်လို့ မဖြစ်တဲ့ အတွက် ကချင်အမျိုးသားများ အတိုင်ပင်ခံ လွှတ်တော် (Kachin National Consultative Assembly – Wunpawng Mungbawng Rapdaw) မှာ ဆွေးနွေးတိုင်ပင်ပြီးတော့ ကချင်တွေအားလုံးကိုယ်စား လိုချင်တဲ့ အကြောင်းအရာတွေကို ရေးသားတင်ပြခဲ့ကြပါတယ်။ ပြည်ထောင်စုကြီးကို ဘယ်လို ဘယ်ပုံ ဖွဲ့စည်းတည်ဆောက်စေလိုပါတယ် ဆိုတဲ့ အကြောင်းကို တင်ပြခဲ့ကြပါတယ်။ ဒါတင်မကပဲ ကျနော်တို့ ကေအိုင်အိုအနေနဲ့လည်း ရေးသားတင်ပြခဲ့ပါတယ်။ မရတဲ့အခါကြတော့ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ကျနော်တို့ ပြောပြီ။ အဲဒီအချိန်တုန်းက သိန်းစိန်က အမျိုးသားညီလာခံကျင်းပရေးကော်မတီ ဥက္ကဌ ဖြစ်တယ်။ သူ့ကို ပြောလို့မရတဲ့အဆုံး သူ့ရဲ့ ဖအေလား၊ အစ်ကိုလား ဖြစ်တဲ့ သန်းရွှေဆီကို ပြောဆိုတင်ပြကြစို့ ဆိုပြီးတော့ အချက်(၁၉) ချက်ပါ တောင်းဆိုတင်ပြချက်ကို ရေးသားတင်ပြခဲ့တယ်။ ကျနော်တို့ ကချင် ကေအိုင်အိုက တင်ပြတဲ့ အချက်(၁၉)ချက်က ပြည်ထောင်စုနဲ့ ပတ်သက်တဲ့ အကြောင်းအချက်တွေချည်းပဲ ဖြစ်တယ်။ ကချင်အမျိုးသား၊ ကချင်ပြည်နယ်နဲ့ သက်ဆိုင်တဲ့ အချက်တစ်ချက်ပဲ ပါတယ်။ အဲဒါကြောင့် ရှမ်း၊ ကရင်၊ ချင်း၊ ကယား စတဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေက ကချင်(ကေအိုင်အို)ဟာ အားလုံးအတွက် စဉ်းစားပေးပါလားဆိုပြီး နားလည်သဘောပေါက်ခဲ့ကြတယ်။ ကချင်တွေအတွက်သာ မဟုတ်ပဲ ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်နေကြတဲ့ တိုင်းရင်းသားတွေအားလုံးရဲ့ အကျိုး၊ အခွင့်အရေးကို ထည့်သွင်းစဉ်းစားပေးပါလား ဆိုပြီး နားလည်သဘောပေါက်ခဲ့ကြပါတယ်။

ဒီလို အကြိမ်ပေါင်းများစွာ ရေးသားတင်ပြခဲ့ကြပါတယ်။ ရှမ်းညီအစ်ကိုတွေနဲ့လည်း ဆွေးနွေးတိုင်ပင် တင်ပြခဲ့ကြတယ်။ WMR အနေနဲ့ရော၊ ကျနော်တို့ ကေအိုင်အို အနေနဲ့ရော၊ နောက်ဆုံး (၁၉)ချက်အနေနဲ့ရော တင်ပြခဲ့ပေမယ့် ပြန်လည်ရရှိတဲ့ အဖြေကတော့ “မှတ်တမ်းတင်ထားပေးပါမယ်” ဆိုပဲ။ မှတ်တမ်းတင်ထားပေးပါမယ် ဆိုတာက ကချင်စကားပုံနဲ့ ပြောရင် “Udi htingpa tawn di ya ai” ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ အလိမ္မာနည်းနဲ့ လူကြီးလူကောင်းစကား ပြောခြင်းပါပဲ။ စာရွက်ပေါ်မှာ ရေးခြစ်ထားပေးမယ်ဆိုတဲ့  အဓိပ္ပယ်ပါပဲ။ လုံးဝအရေးမလုပ်တဲ့ သဘောပဲ။ ဘာမှ ဆက်လက်တိုင်ပင်ဆွေးနွေးစရာ မရှိတော့ပါဘူး။ စစ်မှန်တဲ့ ပြည်ထောင်စုကို တည်ထောင်ဖို့ သူတို့ မရည်ရွယ်ပါဘူး။ ဘာဒီမိုကရေစီကိုမှလည်း ဦးတည်ခြင်းမရှိပါဘူး။ ဒါဟာ ညာလာခံပါ၊ ညီလာခံမဟုတ်ပါဘူး။ ဘာမှပြောဆိုလို့ မရတော့တဲ့အခါကြတော့ အစည်းအဝေးလာတက်တဲ့ လူကြီးတွေက ဘာမှ လုပ်စရာမရှိတော့ဘူး။ အိပ်ငိုက်တဲ့လူက ငိုက်၊ တစ်နေ့လုံး ငိုက်။ အရက်သောက်ပြီး မူးတဲ့လူ ကလည်း မူးရူး။ အချို့လူကြီးတွေဆိုရင် အရက်သောက်လို့မရဘူးဆိုရင် အိမ်ပြန်မယ်လုပ်လို့ ပြန်လိုက်ဆွဲကြနဲ့။ အချို့တွေက ပေါက်ကရတွေလုပ်ပြီး အဲဒီအနီးဝန်းကျင်က ခလေးမတွေကို ရည်းစားထားကြည့် ကြတယ်။ အဲဒီလိုပဲ လုပ်ချင်တာတွေလုပ်၊ ဖြစ်ချင်တာတွေဖြစ်ပြီး သူတို့ ရေးထားပြီးသား စာတွေကို တစ်ရက်ပြီး တစ်ရက် ဖတ်ကြတယ်။ ဖတ်ပြီးတာနဲ့ ဒီညာလာခံလည်း ပြီးတာပဲ။ ဘာဒီမိုကရေစီမှ မဟုတ်ဘူး၊ ဘာပြည်ထောင်စုမှ မဟုတ်ပဲ နဲ့ ဦဆောင်ကျင်းပခဲ့ကြခြင်းဖြစ်တယ်။ ဒါကိုပဲ (၁၃) နှစ်ကျော် (၁၄) နှစ်နီးပါး ကျင်းပခဲ့ကြပြီး လိမ်လည်ခဲ့ကြပါတယ်။ ကျနော်တို့လည်းပဲ ဒီအကြောင်းအရာတွေမှာ (၁၇)နှစ်တိုင်တိုင် အချိန်ဖြုန်း ကုန်လွန်ခဲ့ကြတာပါ။ ဘယ်အရပ်သားအစိုးရကိုမှ အာဏာလွှဲပြောင်းပေးခြင်း မရှိပဲ ကျနော်တို့တတွေ လိမ်လည်လှည့်ဖြားခံခဲ့ကြရတာပါ။

အဲဒီနောက်မှာတော့ သူတို့ကြိုက်သလိုရေးသားထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ထုတ်ပြန်ပါတယ်။ အဲဒီဥပဒေအရ လွှတ်တော်အမတ် အယောက်(၁၀၀)မှာ ဗမာစစ်သား (၂၅)ယောက်က ရွေးချယ်ခံစရာမလိုပဲ အလိုအလျောက် အမတ်တွေဖြစ်လာမယ်။ စစ်မိန့်နဲ့ အမတ်နေရာ (၂၅) ရာခိုင်နှုန်းကို  ရယူထားမယ်။ ကျန်တဲ့ (၇၅) ရာခိုင်နှုန်းမှာလည်း သိန်းစိန်၊ သီဟသူရတင်အောင်မြင့်ဦး၊ ခင်အောင်မြင့်၊ သူရရွှေမန်းတို့လို ဗိုလ်ချုပ်တွေက အရပ်သားဝတ်စုံ လဲဝတ်ပြီး လွှတ်တော်ထဲ ပြန်ဝင်ထိုင်ကြမယ်။ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို ထုတ်ပြန်ပြီးသွားတဲ့အခါကျတော့ ဒါကို ထောက်ခံပေးရမယ်လို့ ဆိုလာပြန်ပါတယ်။ လုပ်နေကျအတိုင်း ကလိန်ကကျစ်နည်းလမ်းတွေနဲ့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း အတည်ပြုခဲ့ကြပါတယ်။ အဲဒီနောက် နိုင်ငံရေးလုပ်ချင်ရင် ရွေးကောက်ပွဲဝင်ပါလို့ ကျနော်တို့ကို ပြောလာပြန်ပါတယ်။ ရွေးကောက်ပွဲဝင်ပြီး အမတ်အဖြစ်အရွေးခံပါ ဆိုပဲ။ ယှဉ်ပြိုင်ခိုင်းတဲ့ မဲဆန္ဒနယ်ကတော့ ဒေါ့ဖုန်းယန်မြို့နယ်မှာပေါ့။ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မယ်ဆိုရင်တော့ လက်နက်ကိုင်လို့ မရဘူးလို့လည်း ပြောပြန်ပါတယ်။ ညဏ်နီညဏ်နက်တွေနဲ့ ကလိန်ကကျစ်ကျဖို့ ကြိုးစားလာကြတာပေါ့။
လက်နက်ကိုင်အဖွဲ့ အနေနဲ့ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်မရှိတဲ့ အတွက် ကျနော်တို့ လက်နက်တွေကို အပြီးတိုင် အပ်ရင်အပ်၊ ဒါမှမဟုတ် နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖို့ရန် ဖိအားပေး ပြန်ရော။ ဒီနယ်ခြားစောင့်တပ်လုပ်ဖို့အတွက် ကျနော်တို့ စစ်တပ်ထဲက အသက် (၁၈) နဲ့ (၅၀) နှစ်ကြား အရွယ်ကောင်း စစ်သည်တွေကိုပဲ ရွေးထုတ်သွားမှာ ဖြစ်တယ်။ အရပ်ဘက်အုပ်ချုပ်ရေးဌာန၊ စီးပွားရေးဌာန၊ ပညာရေးဌာန၊ ကျန်းမာရေးဌာန စတဲ့ အခြားဌာနတွေက ၀န်ထမ်းတွေမပါဝင်ပဲ စစ်တပ်ထဲက အရွယ်ကောင်း စစ်သည်တွေကိုသာ ဖဲ့ထုတ်သွားမယ့် အစီအစဉ်ဖြစ်တယ်။ နယ်ခြားစောင့်တပ်ရင်းတွေ အနေနဲ့ဖွဲ့စည်းပြီး တပ်ရင်း တစ်ရင်းကို ဗမာစစ်သား အယောက်(၃၀) ထည့်သွင်းရောနှောကာ အုပ်ချုပ်ရေးပိုင်းကိုကျတော့ သူတို့ ဗမာတွေ ရယူထားမှာ ဖြစ်တယ်။ ဒီလိုနည်းလမ်းတွေနဲ့ ကျနော်တို့ကို နှဖားကြိုးလျှိုမယ့် အစီအစဉ်ဖြစ်ပါတယ်။ တပ်ရင်းတွေအနေနဲ့ပဲ ဖွဲ့စည်းသွားမှာဖြစ်တဲ့ အတွက် အခုလက်ရှိလိုမျိုး တပ်မဟာဖွဲ့စည်းပုံတွေလည်း ရှိတော့မှာ မဟုတ်ဘူး။ ဒီတပ်ရင်းတွေဟာလည်း သုံးလေးနှစ်ကြာပြီးသွားတဲ့နောက်တော့ တဖြည်းဖြည်းနဲ့ ဖျက်သိမ်း ပစ်လိုက်ကြမှာပဲ။ ဒီနယ်ခြားစောင့်တပ်ဆိုတာဟာ လက်နက်ဖြုတ်သိမ်းရေးမူပဲ ဖြစ်တယ်။ ဒါကိုသာလက်ခံခဲ့ရင် တပ်သားသစ်တွေလည်း ထည့်သွင်းလို့ရတော့မှာ မဟုတ်ဘူး။ တပ်က ထွက်သွားတဲ့သူတွေရဲ့နေရာတွေမှာလဲ ဗမာစစ်သားတွေပဲ အစားထိုးဝင်ရောက်လာမှာ ဖြစ်တယ်။ ကျနော်လူမျိုးတွေဝင်လို့ရမှာ မဟုတ်တော့ဘူး။ ဒီလိုနဲ့ပဲ နောက်ဆုံးတော့ ဗမာတပ်ဖြစ်သွားမှာ ဖြစ်တယ်။ ဒီလိုနည်းလမ်းတွေနဲ့ ကျနော်တို့ကို ကလိန်ကကျစ်လုပ်ဖို့ ကြိုးစားခဲ့ကြပါတယ်။

ဒါတွေကို ကျနော်တို့ ကောင်းကောင်းသဘောပေါက်တဲ့အတွက် ဗဟိုကော်မတီအနေနဲ့ ဒါကို လုံးဝ လက်မခံခဲ့ပါဘူး။ ကျနော်တို့ရဲ့ လက်နက်တွေကို ဖြုတ်သိမ်းလိုက်ဖို့ Disarm လုပ်လိုက်ဖို့ပဲ ဖြစ်တယ်။ ဒီလိုအလုပ်ကို ကျနော်တို့ မလုပ်ပါဘူး။ လုံးဝ မလုပ်ပါဘူး။ ကျနော်တို့ လိုချင်တာ လွတ်လပ်ရေးပါ။ အနည်းဆုံးတော့ အခွင့်အရေးတန်းတူရရှိမှုကို အာမခံပေးနိုင်မယ့် ကိုယ်ပိုင်ပြဌာန်းခွင့် ရကိုရရပါမယ်။ Equality နဲ့ Self- determination ရဖို့ လိုပါတယ်။ တိုင်းပြည်တိုင်းက လူမျိုးတိုင်းရရှိထားကြတဲ့ မိမိကြမ္မာ မိမိဖန်တီးနိုင်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့် ရဖို့ လိုပါတယ်။ ကျနော်တို့ရဲ့ အနာဂတ်၊ ကံကြမ္မာကို ဗမာတွေ လာဖန်တီးပေးလို့ မရပါဘူး။ ဒီကနေ့ လူငယ်တွေကို အနည်းငယ် ပြောပြလိုပါတယ်။ ဗမာတွေနဲ့ ကျနော်တို့ မတူပါဘူး။
 ကဲ … ကျနော်တို့ လူမျိုးတွေ ဗမာနဲ့ မျိုးနွယ်တူသလား။ မတူပါဘူး။
စာပေ တူသလား။ မတူပါဘူး။  စကား တူသလား။ မတူပါဘူး။
ကိုးကွယ်ယုံကြည်မှု တူသလား။ ကျနော်တို့ လူမျိုးတွေရဲ့ (၉၈) ရာခိုင်နှုန်းက ခရစ်ယာန်တွေ ဖြစ်တယ်။ ကျန်တဲ့ ဗုဒ္ဓဘာသာဝင်တွေ၊ မူစလင်ဘာသာဝင်တွေ၊ နတ်စား (နတ်ကိုးကွယ်မှု)တွေဟာ အနည်းအကျဉ်းမျှသာ ဖြစ်တယ်။
ယဉ်ကျေးမှု ထုံးတမ်းစဉ်လာ တူသလား။ မတူပါဘူး။ တစ်ခုမှ မတူပါဘူး။

ကျနော်တို့ဟာ ကျနော်တို့ရဲ့ ယဉ်ကျေးမှုနဲ့အညီ တိုးတက်လာဖို့လိုပါတယ်။ ကျနော်တို့ရဲ့ စာပေ၊ ဘာသာစကားတွေကို ထိန်းသိမ်းစောင့်ရှောက်ကြရပါမယ်။ ဒါပေမယ့် အခွင့်အာဏာမရှိတဲ့အခါမှာ ဒါတွေကို လုပ်ဆောင်လို့မရနိုင်ပါဘူး။ ကျနော်တို့ရဲ့ စာကို တရားဝင် သတ်မှတ်ပေးခြင်း မရှိပါဘူး။ သင်ကြားခွင့်မရှိသလို အသုံးပြုခွင့်လဲ မရှိပါဘူး။ ကျနော်တို့ရဲ့ စာပေ၊ ဘာသာစကား၊ ကိုးကွယ်ယုံကြည်မှုတွေမှာ လွတ်လပ်မှုတွေရှိနေဖို့ လိုပါတယ်။ ကျနော်တို့ရဲ့ ကံကြမ္မာကို ကျနော်တို့ပဲ နားလည်တာပါ။ ကျနော်တို့တတွေ ဘယ်လို အောင်မြင်တိုးတက်ချင်တယ်ဆိုတာ ဗမာတွေ နားမလည်နိုင်ပါဘူး။ ဒါတွေက ဗမာတွေ လာဆုံးဖြတ်ပေးရမယ့် ကိစ္စလား။ မဟုတ်ပါဘူး။ ကျနော်တို့ရဲ့ အနာဂတ်ကို ကျနော်တို့ကိုယ်တိုင် စီမံဆုံးဖြတ်ပိုင်ခွင့်ဆိုတာဟာ ကိုယ်ပိုင်ပြဌာန်းခွင့် (Self-determination) ပါပဲ။ ဒါရကိုရရမယ်၊ ရှိကို ရှိရပါမယ်။ ကိုယ်ပိုင်ပြဌာန်းခွင့်မရှိဘူးဆိုရင် ကျွန်မျိုး ဖြစ်မှာပဲ။ မိမိ လျှောက်မယ့်လမ်း မိမိ ဆုံးဖြတ်ပိုင်ခွင့် မရှိဘူးဆိုရင် ကျွန်မျိုးပဲ ဖြစ်မှာပဲ။ သမ္မာကျမ်းစာထဲမှာ ကျွန်မျိုးနဲ့ လွတ်လပ်တဲ့ လူမျိုးဆိုပြီး နှစ်မျိုးပဲ ရှိတယ်။ လွတ်လပ်တဲ့လူမျိုးမဖြစ်သ၍ ကျွန်မျိုးဖြစ်နေဦးမှာပဲ။ ကျွန်, မဖြစ်ချင်ဘူးဆိုရင် လွတ်လပ်တဲ့လူမျိုးဖြစ်ဖို့လိုတယ်။ ကျနော်တို့ဟာ ကျွန်မျိုးတွေ မဟုတ်ဘူး။ ရှေးပဝေသဏီကတည်းက ကျွန်မျိုး မဟုတ်သလို၊ ယခုအချိန်ကာလမှာလည်း ကျနော်တို့ဟာ ဗမာတွေရဲ့ ကျွန်, မဟုတ်ဘူး။ စစ်အာဏာရှင်စနစ်က ကျနော်တို့ကို ကျွန်ဇာတ်သွင်းနေတယ်။ ကျနော်တို့ တိုင်းပြည်မှ အဆီအနှစ်တွေ ထုတ်စားနေကြတယ်။ ဒါ့ကြောင့် ကိုယ်ပိုင်ပြဌာန်းခွင့် (Self-determination) မရဘူးဆိုရင် ကျနော်တို့ရဲ့ အနာဂတ်ကို ဖော်ဆောင်နိုင်မှာ မဟုတ်ဘူး။ ဒီလို ဖော်ဆောင်နိုင်မယ့် အခွင့်အရေးမရှိဘူးဆိုရင် ကျွန်ဖြစ်သွားလိမ့်မယ်။ ကျွန်, မဖြစ်လိုတဲ့အတွက်ကြောင့် ကျနော်တို့ တော်လှန်ရေးလုပ်နေကြခြင်း ဖြစ်တယ်။ ယူနီဖောင်းဝတ်ဆင်ကာ လူငယ် လူရွယ်တွေ ကြိုးစားအားထုတ် နေကြခြင်းဖြစ်တယ်။ အခုဆိုရင် တော်လှန်ရေးမှ အနားယူသွားတဲ့ အမှုထမ်းဟောင်းတွေပါဝင်တဲ့ အရပ်ဘက်ပြည်သူ့စစ်အဖွဲ့ (Mung Shawa Hpyen Hpung) ကိုလည်း ဖွဲ့စည်းကာ အတူတကွ ပူးပေါင်းဆောင်ရွက်လျက် ရှိပါတယ်။ ဒါတွေဟာ ကျနော်တို့ ကျွန်မျိုး အဖြစ်မခံနိုင်တဲ့ အတွက်ဖြစ်တယ်။ ဒါ့ကြောင့်မို့ ဘုရားသခင်ထံ ဆုတောင်းတဲ့ အခါတိုင်းမှာ ကျနော်တို့ကို ကျွန်မျိုး မဖြစ်စေဖို့၊ လွတ်လပ်တဲ့ လူမျိုးတွေဖြစ်စေဖို့ တောင်းကြရမယ်။ ထာဝရဘုရားသခင်ဟာ ကျနော်တို့ကို ကျွန်မျိုးအဖြစ် ဖန်ဆင်းလိုက်တာ မဟုတ်ဘူး။ ကျွန်ဖြစ်သွားဖို့လည်း အလိုတော်မရှိဘူး။ လွတ်လပ်တဲ့ လူမျိုးပဲ ဖြစ်ရမယ်။ ဒါ့ကြောင့် ကျနော်တို့ ကြိုးစားဖို့ လိုပါတယ်။ အဲဒါကြောင့် ကျနော်တို့ရဲ့ အနာဂတ်ကို မိမိဘာသာမိမိ ပြဌာန်းပိုင်ခွင့်၊ စီမံပိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့် မရှိသ၍ ကျွန်ပဲဖြစ်နေဦးမှာပါပဲ။ ဒီလိုအဖြစ်ကိုတော့ ကျနော်တို့ ဘယ်သူမှ လက်ခံလို့မရပါဘူး။


KIA မှ ဖားကန့် ကျောက်စိမ်းမှော်လမ်း ပြန်ဖွင့်
ဖားကန့်လမ်း၊ ကချင်ပြည်နယ်။

ကချင်ပြည်နယ်အနောက်ပိုင်း ဖားကန့်ကျောက်စိမ်းမှော်သွားလမ်းကို လုံခြုံရေးကြောင့် ယခုလအစောပိုင်းမှ စတင်၍ ၉ ရက်ကြာပိတ်ထားခဲ့ရာမှ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA) က ပြန်ဖွင့်ပေးလိုက်သည်။ ဖားကန့်မြို့ခံများ၊ ကုန်သည် ပွဲစားများနှင့် ကျောက်စိမ်းတူးဖော်သည့် ကုမ္ပဏီများ၏တောင်းဆိုချက်ကြောင့် ဇန်နဝါရီလ ၁၃ ရက်တွင် လမ်းပြန်ဖွင့်ပေးလိုက်ခြင်းဖြစ်သည် ဟု KIA ကပြောသည်။ ပြင်ပမှတင်သွင်းသည့် ဆန်ကိုအဓိကမှိီခိုနေရ၍ ဖားကန့်လမ်းပိတ်ထားသည့်ကာလတွင် ဆန်တအိတ်ဈေးမှာ ကျပ် ၂၀၀၀၀ မှ ကျပ် ၅၀၀၀၀ ဈေးအထိ ခုန်တတ်သွားသည်။ ဇန်နဝါရီ ၄ ရက်မှ နမ္မတီး (မိုးကောင်း)-ဖားကန့်လမ်း၊ ဟိုပင်-ဂွေခါလမ်းနှင့် ခန္တီး-တာမခန်လမ်းအားလုံးကို KIA က ပိတ်ထားခဲ့ခြင်းဖြစ်သည်။ အကြောင်းရင်းမှာ မြန်မာအစိုးရတပ်နှင့် KIA တိုက်ပွဲပြင်းထန်လာလျှင် ပြည်သူလူထုကို ထိခိုက်လာမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်ဟု KIA က ဆိုသည်။ လမ်းဖွင့်ပေးသည်ဆိုသော်လည်း နိစ္စဓူဝ နှစ်တပ်ဖွဲ့ကြားတိုက်ပွဲများ ရှိနေသေးသဖြင့်ထိုလမ်းများသည် ဖြတ်သန်းသွားလာသူ ပြည်သူများတွက် အန္တရာယ်ရှိနေဆဲဖြစ်သည်ဟု ၎င်းဒေသရှိ KIO တပ်ဖွဲ့ဝင်များပြောသည်။ KIO နှင့် မြန်မာအစိုးရတပ်ကြား ၁၇ နှစ်ကြာအပစ်ခတ်ရပ်ဆိုင်းရေးကာလတွင် ဖားကန့်ကျောက်စိမ်းလုပ်ငန်းကို မြန်မာအစိုးရက လက်ဝါးကြီးအုပ်ထိန်းချုပ်ထားသည်။
 သို့သော် ထိုသို့လက်ဝါးကြီးအုပ်မှုသည် ယခင်နှစ်ဇွန်လတိုက်ပွဲပြန်ဖြစ်လာချိန် ပျက်ပြယ်သွားသည်။ယခုအခါ ၁၉၉၄ အပစ်အခတ်ရပ်ဆိုင်းမှု မတိုင်ခင်ကာလ ကဲ့သို့ KIO မှကျောက်စိမ်းလုပ်ငန်းအပေါ် အခွန်ကောက်ခံနေသည်။ ကျောက်စိမ်းလုပ်ငန်း လက်ဝါးကြီးအုပ်မှုမှ မြန်မာအစိုးရက ဘဏ္ဍာဝင်ငွေတတိယအများဆုံးရရှိသည်ဟု ခန့်မှန်းရသည်။
 

Lwin Pwin

Blog:                         http://wanna23-23.blogspot.com/
Web-site:           http://www.nlabr.co.cc/

0 comments:

Post a Comment