အပြောင်းအလဲတွေလုပ်လာမယ့် အင်န်အယ်ဒီ နဲ့ ယူအက်စ်ဒီ
by ၀တ္မႈံ (စကာၤပူ)

ကြားဖြတ်ရွေးကောက်ပွဲ နေရာများမှာ အန်အယ်ဒီက အပြက်အသတ်နိုင်သွားတဲ့အတွက် လွှတ်တော်မှာနေရာ ၈ရာနှုန်းလောက်ရရှိသွားခဲ့ပြီးပါပြီ။ အတိုက်ခံ တိုင်းရင်းသားပါတီများကို ထည့်တွက်ရင် ၁၅ ရာနှုန်းလောက်တော့ လွှတ်တော်မှာရှိပါမယ်။ တိုင်းရင်းသားပါတီဆိုတာ အတိုက်အခံဖက်သားများလို့ ပြောနိုင်ပါတယ်။


ပုသိမ်မြို့က ကြံဖွံ့အမတ်တဦး

လွန်ခဲ့တဲ့ အနှစ်၂၀လောက်က ၁၀တန်းကို ထူးချွန်စွာအောင်မြင်ခဲ့တဲ့ မိန်းကလေးတဦး ရှိပါတယ်။ မင်းကြီးလမ်းက ချမ်းသာသူတဦးက ဆေးကျောင်းတက်ဖို့ ရိုးသားစွာ ထောက်ပံ့ပေးပြီး ဆရာဝန်ဖြစ်လာပါတယ်။ ဆရာဝန်ဖြစ်တော့ သူတို့သားနဲ့ အိမ်ထောင်ပြုလိုက်ပြီး၊ ပုသိမ်မှာ ဆင်းရဲသူများကြားမှာ ဆေးခန်းကလေး ထူထောင်ပြီး၊ အသက်မွေးဝမ်းကြောင်းပါတယ်။ ပုသိမ်မြို့ဆိုတာ မြန်မာပြည်နယ်တိုင်း မြို့တော်များမှာ “နာမည်ကြီး ထမင်းငတ်”၊ ဆန်၊ ငါးပုဇွန် အလွန်ထွက်ပေမယ့် အားလုံး နိုင်ငံခြားပို့ပြီး ပြည်သူလူထုကတော့ ဆင်းရဲနေတဲ့ မြို့ကြီးဖြစ်ပါတယ်။ မြန်မာပြည်တခြားမြို့ကြီးများမှာ မော်တော်ဆိုင်ကယ် အိမ်တိုင်းရှိနေကြပေမဲ့၊ ပုသိမ်မြိုက မော်တော်ဆိုင်ကယ်ပိုင်ရှင်ဆိုရင် သူဌေးလို့ သတ်မှတ်ပါတယ်။ အဲဒီလောက် ဆင်းရဲတဲ့ လူတွေကြားမှာ ဆရာဝန်မလေးက ကုသိုလ်လည်းရ၊ ၀မ်းလည်းဝ ကိုယ်ပိုင်ဆေးခန်း ဖွင့်ပါတယ်။ စေတနာကြောင်း ၀င်ငွေအသင့်တင့် ကောင်းပြီး၊ အနှစ်၂၀လောက်မှာ နာမည်ကျော် ဆရာဝန်မတဦးဖြစ်လာပါတယ်။ 
၂၀၀၇ နာဂစ်မုန်တိုင်းနဲ့ သံယာအရေးအခင်းနောက်ပိုင်း၊ ကြံ့ဖွဲ့ပါတီ ပြုပြင်ပြောင်းလည်းရေး လုပ်ချိန်၊ အဲဒီဆရာဝန်အမျိုးသမီးကို လွှတ်တော်အမတ်အဖြစ် ကြံ့ဖွံ့ပါတီမှ ရွေးချယ်ခဲ့ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှ အမတ်ဖြစ်လာပါတယ်။
ဒါကြောင့် ကြံဖွံ့ပါတီမှာ ဇေကမ္ဘာဦးခင်ရွှေလို ငွေရှင်၊ နအဖ ခေတ်က ခေတ်ပျက်သူဌေးဟောင်းတွေလည်း လွှတ်တော်အမတ်ဖြစ်နေသော်လည်း အထက်ပါ ပုသိမ်မြို့က ဆရာဝန်အမျိုးသမီးလို ပြည်သူလူထု အားကိုးတဲ့ စိတ်ရင်းကောင်းသူများ ရွှေးကောက်ထားပြီး ဖြစ်ပါတယ်။ ဒီလိုလူမျိုးတွေကို ဦးသိန်းစိန်တို့ ကြံ့ဖွံ့ပါတီက တိတ်ဆိတ်စွာ၊ ရွေးကောက်ထားပြီး၊ တိတ်ဆိတ်စွာ နိုင်ငံရေးသင်တန်းများ ပေးနေပါတယ်။ နိုင်ငံခြားသို့ စေလွှတ်ပြီး နိုင်ငံတကာအတွေ့အကြုံယူစေပါတယ်။ ပြည်တွင်း အစိုးရဌာနများကိုလည်း လေ့လာ၊ သင်ကြားစေပါတယ်။ ၅နှစ်အကြာမှာ အနီးကပ်နိုင်ငံရေးပို့ချမှုနဲ့၊ အာဏာပိုင်များရဲ့ ငွေအား၊ လူအား ပံ့ပိုးမှုကြောင့် ယခင်က ဆေးဆရာဝန်အမျိုးသမီးလေးကို  ၂၀၁၅ ရွေးကောက်ပွဲမှာ NLD ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရှိန်အ၀ါနဲ့ ၀င်ပြိုင်မဲ့သူအနေနဲ့ ၁၉၉၀၊ ၂၀၁၁ ရွေးကောက်ပွဲတုန်းကလို အလွယ်တကူ အနိုင်ရပါ့မလား ဆိုတာ စဉ်းစားစရာရှိပါတယ်။ 


၂၀၁၅ ရွေးကောက်ပွဲ

တရားမျှတစွာ ရွေးကောက်တယ်ဆိုတဲ့ အမေရိကန်မှာ မီဒီယာ နဲ့ မဲကြိုတင်ခန့်မှန်းတဲ့အဖွဲ့တွေရဲ့ မှန်းဆမှုတွေဟာ အလွန်မှန်ကန်နေတာကို တွေ့ရပါတယ်။ အမေရိကန်တွေက ဒီမိုကရက်ဆို ဒီမိုကရက်ပဲ ပေးလေ့ရှိပြီး၊ စိတ်ပြောင်းသွားမှု နည်းပါတယ်။ ပညာတတ်တော့ မဲပေးခါနီးမှ ရီပတ်ဘလင်ကန်သမ္မတလောင်း၊ အိမ်လာလည်သွားလို့ ရီပတ်ဘလစ်ကန်ကို မဲပြောင်းပေးတာမျိုး နည်းပါလိမ့်မယ်။ သို့သော် ပုဂ္ဂိုလ်ရေးခင်မင်လွန်းပြီး၊ ဘွဲ့မရ၊ ကျေးလက်လူများစုဟာ ဦးသိန်းစိန်ကို ကြံ့ဖွံ့ကိုမဲပေးမလား၊ အန်င်အယ်ဒီကို မဲပေးမလား မသိနိုင်ပါ။ အဝေးကြီးလိုသေးတဲ့ ၂၀၁၅ အတွက် ကြံ့ဖွံ့ကို လျှော့တွက်လို့မရကြောင်းပါ။
ကျွန်တော်တို့ မြန်မာအများစုဟာ အပြောင်းအလဲ လိုလားပြီး တိုင်းပြည်ကို ၀ုန်းကနဲ ထောင်တက်စေချင်ပါတယ်။ နှစ်၅၀လောက် စစ်တပ်အစိုးရကြောင့် တိုင်းပြည် ဖွတ်ဖွတ်ကြေခဲ့ရတော့ အတိုက်အခံများက ပိုလုပ်နိုင်မယ်မျှော်လင့်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လို ကမ္ဘာ၊ မြန်မာ အားလုံးလေးစား၊ စစ်အစိုးရရဲ့ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကလည်း သူမရဲ့ မွေးဖခင်အရင်းချာ …ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပါတီ အန်င်အယ်ဒီအမတ်တွေက အလွယ်တကူ အနိုင်ရရှိခြင်းဖြစ်ပါတယ်။
အရေးအကြီးဆုံးကတော့ အန်င်အယ်ဒီ အတွင်းညီညွတ်မှု ရရှိရေးအတွက် လူမှန်၊ နေရာမှန် ရရှိဖို့ပါပဲ။  လူတော်လူကောင်းများစွာကို ကြံ့ဖွံ့က လွှတ်တော်အမတ်အဖြစ် ရွေးကောက်ခံစေပြီး၊ အခန့်သား မထိုင်ခိုင်းဘဲ ပြည်သူကြားကို ၀င်နေစေပါပြီ။ 


လူမှန်နေရာမှန် အမတ်လောင်းရွေးချယ်မှု

၁၉၉၀ ရွေးကောက်ပွဲတုန်းက ရပ်ရွာက ဘာမှန်းမသိ၊ ဗဟိုက ချပေးလိုက်တဲ့ အမတ်လောင်းကို ပြည်သူတွေကို တခဲနက် မဲပေးကြတယ်။ ကျွန်တော်ဇနီးသည်တို့ ဧရာဝတီတိုင်းမှာ လည်ဝယ်တဲ့ လူတချို့ ဒေသခံ အင်အယ်ဒီပါတီခေါင်းဆောင်များနဲ့ ပေါင်းသင်းပြီး၊ အမတ်လောင်းရွေးခံရတယ်။ လိင်၊ လာဘ်၊ လောင်းကစား၊ အရှုပ်အရှင်းရှိသူများ အမတ်လောင်းဖြစ်လာတယ်။ ဒေါ်အောင်ဆန်းစုကြည် ရွေးထားတဲ့လူဆိုပြီး ၀ိုင်းမဲပေးတော့ အမတ်အဖြစ် အရွေးခံရပါတယ်။
စင်ကာပူမှာ အတိုက်အခံပါတီတခု Workers’ Party က အာဏာရ ၀န်ကြီးချုပ် လီရှန်လုန်းရဲ့ PAP ပါတီကို ယှဉ်ပြိုင်ဖို့ အမတ်လောင်းတဦး Yaw Shin Leong, ကို ရွေးချယ်ပြီး၊ အာဏာရပါတီနဲ့ မဲပြိုင်ကြပါတယ်။ Workers’s ပါတီက စင်ကာပူသမိုင်းဝင် အမတ်နေရာ ၁၀ ရာနှုန်းလောက် (အမတ် ၆ဦး၊ NCMP အမတ် ၂ ဦး၊ စုစုပေါင်း ၈ဦး) အနိုင်ရရှိခဲ့ပါတယ်။ စင်ကာပူသမိုင်းမှာ အတိုက်အခံများ တယောက်၊ နှစ်ယောက်လောက်ပဲ အရွေးခံရလေ့ရှိတာ ၂၀၁၁ ရွေးကောက်ပွဲမှာ အာဏာရ PAP ပါတီ အရှိုက်ထိုးခံရပါတယ်။ 
အတိုက်ခံ Workers’ Party က အမတ်တဦး Yaw Shin Leong, MP for Hougang SMC, ကို အမတ်လောင်းအဖြစ် ရွေးခဲ့စဉ်က လူတော်လူကောင်း တယောက်လို့ မြင်ခဲ့ပါတယ်။  အခု အမတ်အဖြစ် ရွေးခဲ့ပြီး တနှစ်အတွင်းမှာ ဒီလူ လိင်ကိစ္စ လျှို့ဝှက်စွာ မိန်းမရှုပ်နေတယ် ဆိုတာ မီဒီယာတွေလက်ထဲ ရောက်သွားပြီး၊ လွှတ်တော်အမတ်ဘ၀ နှုတ်ထွက်ရရှာတယ်။ ဟိုး.. ဟိုး တုန်းကပါဆိုလည်း လိင်ကိစ္စဆိုတာ စင်ကာပူ၊ အမေရိကား ဒီမိုကရေစီနိုင်ငံတွေမှာ လက်မှမခံပဲကိုး၊ လိင်စိတ်ဝင်စားပြီး ရှုပ်ချင်ရင် စီးပွားရေးသမားပဲလုပ်ပါ ဆိုပြီး Workers’ Party မှ ၂၀၁၂ မှာ ထုတ်ပယ်ပစ်လိုက်တယ်။  
စင်ကာပူ အတိုက်ခံပါတီကြီး တလူလူလွှင့်ထူစ အခြေအနေမှာပဲ အရှိုက်ထိုးခံလိုက်ရတယ်။ လက်ရှိအာဏာရ အစိုးရပါတီက ငြိမ်နေတယ် ဆိုပေမဲ့ သူတို့ထောက်လှမ်းရေးက မီဒီယာကို တို့ပြီး သတင်းပေးလိုက်တာလည်း ဖြစ်နိုင်ပါတယ်။ ပါတီ နိုင်ငံရေးဆိုတာ ညစ်ပတ်တာတွေ ရှိနေမှာပါ။


အသေးအမွှားများလည်း အရေးပါနေတတ်ခြင်း

NLD ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီလည်း  ပါတီဝင်များက အခြေခံဥပဒေနဲ့ဆက်စပ်နေတဲ့ ကျမ်းကျိန်စာသားတလုံးကို ပြောင်းပေးမှ လွှတ်တော်တက်မယ် .. အကြပ်ကိုင်ခဲ့ဖူးပါတယ်။ စာရေးသူအနေနဲ့ဆိုရင် အသေးအမွှားကို ကဂျီကဂျောင်ကျပြီး NLD အများမဲဆန္ဒနဲ့ ကန့်ကွတ်ခဲ့ခြင်းလို့ မြင်ပါတယ်။ တနည်းအားဖြင့်ပြောရရင် နိုင်ငံရေး အားစမ်းမှုတခုပါ။ အဲဒီတုန်းက သမ္မတဦးသိန်းစိန် စကားတခွန်းပြောပါတယ်။ ပါတီကိုကြည့်မလား၊ နိုင်ငံကို ကြည့်မလား … ဆိုတော့ တတိုင်းပြည်လုံး တရုန်းရုန်းနဲ့ အသေးအမွှားလေးတခုကို အချိန်ကုန်၊ အလုပ်ရှုပ်… ပြီးတော့လည်း ပြီးသွားတာပါပဲ။ 
သတင်းစာဆရာကြီး ကြေးမုံဦးသောင်း ရေးခဲ့တာကို မှတ်မိပါသေးတယ်။ ၀န်ကြီးချုပ်ဦးနု ၁၉၅၉က ဗိုလ်ချုပ်နေ၀င်းကို အိမ်စောင့်အစိုးရ အာဏာလွှဲပေးတော့ ဗိုလ်ချုပ်နေ၀င်းရဲ့ ပထမဆုံး အမိန့်စာက “(အမဲသားအတွက်) နွားသတ်ခွင့်ပြုသည်”  ဆိုတဲ့အမိန့်စာပါ။ ၁၉၆၁ ဦးနု ရွေးကောက်ပွဲအနိုင်ရပြီး အစိုးရဖြစ်လာတဲ့အချိန် ပထမဆုံးသော အမိန့်စာက “နွားသတ်ခွင့်မပြု”  ဆိုပဲ။ ဦးနုက ဘာသာရေးသမားဆိုတော့ နွားတွေကို သနားတယ်လေ။  ၁၉၆၂ ဗိုလ်ချုပ်နေ၀င်း အပြတ်အာဏာသိမ်းလိုက်ပြီး စစ်အာဏာရှင်စနစ် အစပျိုးလိုက်တဲ့အချိန် ပထမဆုံး ထုတ်ပြန်လိုက်တဲ့ အမိန့်စာကတော့ အားလုံးသိပါတယ် … “နွားသတ်ခွင့်ပြုသည်” .. ဆိုပဲ။ ပုဂ္ဂိုလ်ရေး အသေးအမွှားတွေကို တခါတရံ အထူးသဖြင့် မြန်မာလူမျိုးများက ရှေ့တန်းတင်တတ်ပါတယ်။ 
မြန်မာပြည်အတွက် လူမှန်၊ နေရာမှန် လုပ်နိုင်ဖို့ရာ အတိုက်အခံ ကောင်းကောင်းလိုပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိ ဒီမိုကရေစီစနစ်က ဘယ်လိုပုံစံကို သွားနေပါသလဲ။ အမေရိကန် ဒီမိုကရေစီ ပုံစံလား၊ တရုပ်၊ ဂျပန်၊ ကိုးရီးယားပုံစံလား၊ လောလောဆယ် ပြောင်းလဲပြီး ဥရောပဘုံဈေးမှာ သူဌေးနိုင်ငံအဖြစ် သတ်မှတ်ခံလိုက်ရတဲ့ ချက်နိုင်ငံရဲ့ ဒီမိုကရေစီလား၊ ၁၈နှစ်တာ ပြောင်းလဲခဲ့ပြီး လူထုက မချမ်းသာပေမဲ့ ရောင့်ရဲတတ်တဲ့ ဗီယက်နမ်ဒီမိုကရေစီလား .. စာရေးသူအဖို့ သေချာတာကတော့ မြန်မာနည်းမြန်မာ့ဟန် ဒီမိုကရေစီစနစ်ပဲ ဖြစ်မယ် လို့ မျှော်လင့်ပါတယ်။ 
အာဏာရပါတီ ကြံ့ဖွံ့နဲ့ အတိုက်အခံ အန်င်အယ်ဒီတို့ တရားမျှတသော ယှဉ်ပြိုင်မှု ယခုမှ စတင်ပြီး ၂၀၁၅အထိ ကမ္ဘာမှာ မြန်မာ မကျော်ကြားခင်၊ အရှေ့တောင်အာရှနိုင်ငံတွေကို ဗီဇာမလိုပဲ သွားနိုင်အောင် လုပ်ဆောင်နိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။


LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment