ရခိုင်ပြည်နယ် သတင်းများ

ထိန်းသိမ်းခံဝန်ထမ်း လွတ်မြောက်ရေး ကုလနှင့် NGO ကြိုးပမ်းနေ

ရခိုင်ပြည်နယ်က အကြမ်းဖက်မှု တွေ အတွင်း သူတို့ရဲ့ဝန်ထမ်းတချို့ကို အစိုးရက ဖမ်းဆီးထိန်းသိမ်း ထားကြောင်းနဲ့ သူတို့ အားလုံး လွတ်မြောက်ရေးအတွက် ကြိုးပမ်းနေကြောင်း ကုလသမဂ္ဂ နဲ့ နိုင်ငံတကာ လူမှုရေး အကူ အညီ ပေးနေတဲ့ အဖွဲ့အစည်းတွေက ဒီကနေ့ ပြော လိုက်ပါတယ်။
Doctors Without Borders ခေါ် နယ်စည်းမခြား ဆရာဝန်များအဖွဲ့က ဝန်ထမ်း ၆ ဦး အပါအဝင် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP နဲ့ ဒုက္ခသည်ဆိုင်ရာ အေဂျင်စီဝန်ထမ်း ၆ ဦးလောက် ဖမ်းဆီးထိန်းသိမ်းခံ ထားရတယ်လို့ ထုတ်ဖော်ပြောဆိုပါတယ်။အဲဒီ ဝန်ထမ်းတွေဟာ ရခိုင်ပြည်နယ်အတွင်းက ပဋိပက္ခတွေကြောင့် ဒုက္ခ ရောက်နေသူတွေကို စားနပ်ရိက္ခာ အကူအညီ ပေးနေသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံရသူတွေထဲက တစ်ဦး ပြန်လွတ်လာကြောင်း အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ သိရတယ်လို့လည်း ပြောပါတယ်။ သူတို့ အားလုံးကို ဘယ်လို အကြောင်းနဲ့ ဖမ်းဆီးထားသလဲ ဆိုတာကို မသိရသေးဘူးလို့ ဆိုပါတယ်။ရခိုင်ပြည်နယ်မှာ အရေးပေါ်ဥပဒေ ထုတ်ပြန်ခဲ့ပြီး ချိန်ကတည်းက အစိုးရ ရဲတပ်ဖွဲ့နဲ့ ထောက်လှမ်းရေးတွေက လိုက်လံ စုံစမ်းမှုတွေ ဆက်တိုက် ပြုလုပ်နေကြတယ်လို့လည်း သိရပါတယ်။

ကုလ ဝန်ထမ်းများ ရခိုင်ပြည်နယ်တွင်း ထိန်းသိမ်းခံရ

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့် ပတ်သက်၍ ပြည်တွင်း အခြေစိုက် ကုလသမဂ္ဂဆိုင်ရာ ၀န်ထမ်းများကို ဒေသဆိုင်ရာ အာဏာပိုင်များက ဖမ်းဆီး ထိန်းသိမ်းထားသည်ဟု ကုလသမဂ္ဂ ပြန်ကြားရေးရုံးနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်များက အတည်ပြု ပြောဆိုသည်။
ရခိုင်ဒေသတွင်း ပဋိပက္ခများကြောင့် ဒုက္ခသည်များအား ကူညီကယ်ဆယ်ပေးရေး အတွက် မောင်တော၊ ဘူးသီးတောင် ဒေသ၌ တာဝန်ထမ်းဆောင်နေကြသည့် ကုလသမဂ္ဂဆိုင်ရာ ဒေသခံ မြန်မာမွတ်ဆလင် ၀န်ထမ်း တချို့သည် ပြီးခဲ့သည့် ရက်ပိုင်းက အဖမ်းအဆီး ခံထားရသည်ဟု ကြားသိရကြောင်း ရန်ကုန် အခြေစိုက် ကုလသမဂ္ဂရုံး၏ ပြန်ကြားရေး တာဝန်ခံ ဦးအေးဝင်းက ဆိုသည်။
သို့သော် ဖမ်းဆီးထိန်းသိမ်း ခံထားရသူများ၏ အမည်နှင့် တာဝန်များကို ဦးအေးဝင်းက အတိအကျ အတည်ပြု ပြောဆိုခြင်း မရှိပေ။ရခိုင်ဒေသ ဒုက္ခသည်များအား ကျန်းမာရေး ကိစ္စ ကူညီပေးနေသည့် နယ်စည်းမခြား ဆရာဝန်များအဖွဲ့(MSF) မှ ဆရာဝန် ၆ ဦးနှင့်ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) မှ ၀န်ထမ်း ၆ ဦး စုစုပေါင်း ၁၂ ဦး ဖမ်းဆီးခံထားရသည်ဟု ကမ္ဘာ့ကုလသမဂ္ဂက ယမန်နေ့တွင် ပြောဆိုကြောင်း အမေရိကန် ထိပ်တန်းသတင်းစာ The New York Times သတင်းက ဖော်ပြထားသည်။ထိုကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာ အဖွဲ့အစည်းများက မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ဆွေးနွေးမည် ဖြစ်ကြောင်းလည်း The New York Times သတင်းက ဆိုသည်။
မောင်တောမြို့တွင် အခြေစိုက်ထားသည့် ကုလသမဂ္ဂဆိုင်ရာ ရုံးမှ ၀န်ထမ်းတဦးဖြစ်သူ ဒေါ်မြနန္ဒာအောင်အား စစ်တွေလေဆိပ်၌ ဇွန်လ ၁၁ ရက်နေ့တွင် ခေတ္တခေါ်ယူ ထိန်းသိမ်း စစ်ဆေးခဲ့ပြီး ပြန်လွှတ်ပေးခဲ့ကြောင်း သတင်းများထွက်ပေါ် ခဲ့သော် လည်း အတည်နိုင်ခြင်း မရှိသေးပေ။ဒေါ်မြနန္ဒာအောင်၏ ဖခင်ဖြစ်သူ ဒေါက်တာထွန်းအောင် (ခေါ်) နုရ်ဟောက်ကိုမူ မောင်တောမြို့၌ ဇွန်လ ၁၁ ရက်နေ့တွင်  အာဏာပိုင် များက ဖမ်းဆီးခဲ့ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများက ပြောသည်။
ဒေါက်တာထွန်းအောင်သည် အစ္စလမ် ဘာသာရေး ခေါင်းဆောင်တဦး ဖြစ်ပြီး တောင်ကုတ်မြို့၌ လူ ၁၀ ဦး အသတ်ခံရမှု အတွက် မောင်တောမြို့ရှိ ဗလီကျောင်း တခုတွင် ဆုတောင်းပွဲ ပြုလုပ်ရန် ဒေသဆိုင်ရာ အာဏာပိုင်များထံ တင်ပြခဲ့ရာ ခွင့်ပြုပေး ခဲ့ကြောင်း၊ ထို့နေ့၌ပင်  မောင်တောမြို့၌ အကြမ်းဖက်မှု ဖြစ်ပွားခဲ့ကြောင်းမောင်တော ဒေသ၌ တည်ငြိမ်မှု မရှိသည့် အတွက် လူစုလူဝေး မပြုလုပ်ရန် အာဏာပိုင်များ က ပြောဆိုထားသော်လည်းမည်သည့် ပြဿနာမှ မဖြစ်ပွားရအောင် ၎င်းတာဝန်ယူသည်ဟု ဒေါက်တာထွန်းအောင်က ကတိပေး သည့်အတွက် ၀တ်ပြု ဆုတောင်းပွဲ ပြုလုပ်ခွင့်ပေးခဲ့ခြင်း ဖြစ်ကြောင်း
ဒေါက်တာထွန်းအောင်သည် ထိုအကြမ်းဖက် တိုက်ခိုက်မှုနှင့် အဓိက ပတ်သက်နေသူဟု အာဏာပိုင်များက ယူဆနေပြီး ၎င်းထံတွင် သင်္ကာမကင်းသည့် စာရွက်စာတမ်းများ သိမ်းဆည်းရမိသည့် အတွက် ဖမ်းဆီးခံရခြင်း ဖြစ်ကာ မောင်တော အခြေစိုက် နယ်စပ်ဒေသ ကွပ်ကဲရေး (နစက) စခန်း၌  ထိန်းသိမ်းထားကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း အတည်မပြုနိုင်သေးပေ။ဒေါက်တာထွန်းအောင်နှင့် သမီးဖြစ်သူတို့ ထံမှ သင်္ကာမကင်းသည့် စာရွက်စာတမ်း အထောက်အထား တချို့သိမ်းဆည်း ရမိသကဲ့သို့ မောင်တော မြို့၌ တာဝန်ထမ်းဆောင်နေသည့် ကုလသမဂ္ဂ လက်အောက်ခံ ၀န်ထမ်း  မြန်မာမွတ်ဆလင် တချို့ ကိုလည်း ၎င်းတို့ သားအဖနှင့် ဆက်နွှယ် ပတ်သက်နေသည့် အတွက် ဖမ်းဆီးထားခြင်း ဖြစ်ကြောင်း အင်တာနက် လူမှု ကွန်ယက် စာမျက်နှာများတွင် ပြောဆို ဆွေးနွေးနေကြသည်။မြန်မာအစိုးရကမူ ဝန်ထမ်းမည်မျှကို ဖမ်းဆီးထားကြောင်း တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိပေ။

UNHCR ဝန်ထမ်းတွေ ရခိုင်ပြည်နယ်မှာ ပြန်လည်တာဝန်ထမ်းဆောင်

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဇွန်လ (၂၉) ရက်နေ့က စပြီး ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာ မင်းကြီးရုံး (UNHCR) ၀န်ထမ်းတွေရဲ့ တ၀က်လောက်ဟာ  တာဝန်တွေ ပြန်ပြီး ထမ်းဆောင်နေပြီလို့ ဂျနီဗာမြို့ UNHCR ရုံးချုပ်က ပြောရေးဆိုခွင့်ရှိသူ အေဒရီယင် အက်ဒ်ဝပ်စ် (Adrian Edwards) က မနေ့က ပြောကြားလိုက်ပါတယ်။
အကြမ်းဘက်မှုတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြသူ ထောင်ပေါင်းများစွာ ရှိနေတဲ့ ဒီဒေသမှာ ဇွန်လ (၂၀) ရက်နေ့က စပြီး UNHCR ၀န်ထမ်းတစ်ဖွဲ့ ဟာ အလုပ်တွေလုပ်နေပြီလို့လည်း သူက ပြော ပါတယ်။ မြန်မာအစိုးရ၊ UNHCR ၊ NGO တွေနဲ့ အလှူရှင်နိုင်ငံတွေက ကိုယ်စားလှယ်တွေ ပူးပေါင်းပြီး ရခိုင်ပြည်နယ်အတွင်းမှာ အတူတကွ နှစ်ရက် သို့မဟုတ် သုံးရက် ဒုက္ခသည်စခန်းတွေဆီ ခရီးလှည့်ကြ မှာ ဖြစ်ပါတယ်။ ကူညီကယ်ဆယ်ရေး စခန်းတွေဆီ UNHCR အဖွဲ့တွေ ရောက်ရှိခဲ့ပြီးတော့ အဲဒီကနေ တဆင့် ဒုက္ခသည်စခန်းပေါင်း (၃၀) က လူဦးရေ ၅ ထောင်လောက်ကို စောင်တွေ၊ ခြင်ထောင်တွေ၊ တာပေါ်လင်စတွေ၊  အိုးခွက်တွေ ပေးဝေခဲ့ပြီးပြီလို့လည်း မစ္စတာ အက်ဒ်ဝပ်က ပြောပါတယ်။
ရှေ့သီတင်းပတ်အစောပိုင်းမှာ လူပေါင်း ၃ သောင်း ၅ ထောင် အတွက် ကူညီကယ်ဆယ်ရေးပစ္စည်းတွေ စစ်တွေမြို့ကို ရောက်ရှိလာမယ်လို့လည်း မစ္စတာ အက်ဒ်ဝပ်က ဆိုပါတယ်။ မိုးသည်းထန်စွာ ရွာလာတဲ့ အချိန်မှာ သောက်သုံးရေပေးဝေနိုင်မှု မလွယ်ကူတာနဲ့ အညစ်အကြေးစွန့်တဲ့စနစ် မကောင်းမွန်တာကြောင့် ဒုက္ခသည်စခန်းတွေထဲမှာ ကူးစက်ရောဂါ တွေ ဖြစ်ပွားလာမှာကို UNHCR က စိုးရိမ်နေပါတယ်။
လောလောဆယ်မှာတော့ ကုလသမဂ္ဂအဖွဲ့အစည်း တစ်ခုဖြစ်တဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ကလည်း ဒုက္ခသည်ပေါင်း ၉ သောင်း၊ ၂ ထောင် အတွက် ဆန်တန်ချိန် ၁,၀၀၀ နဲ့ အခြား စားသောက် ကုန်ပစ္စည်းတွေ တန်ချိန် (၄၄၀)ကို စစ်တွေမြို့ကို ပေးပို့ခဲ့ပြီးပြီလို့ WFP ရဲ့ ပြောရေးဆိုခွင့်ရှိသူ အဲလစ္စဘက်ဘိုင်ယာစ် (Elisabeth Byrs)က ပြောကြားခဲ့ပါတယ်။

ရခိုင်အရေးအခင်း သေဆုံးသူ ၈၀ ခန့်ရှိကြောင်း ကုလပြော

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ သီတင်း ပတ်တွေအတွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်း ဖက်မှုတွေမှာ သေဆုံးသူ ၈ဝ ခန့်ရှိခဲ့ တယ်လို့ အစိုးရထုတ်ပြန် တဲ့ စာရင်းကို ကိုးကားပြီး ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ Martin Nesirky က ဒီကနေ့ ပြောလိုက်ပါတယ်။
သေဆုံးသူတွေအပြင် ဒဏ်ရာရသူ အများအပြားနဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ၅၂,၀၀၀ ရှိတယ်လို့ ကုလသမဂ္ဂ ပြောရေး ဆိုခွင့်ရှိသူ Martin Nesirky က ပြောပါတယ်။ အကြမ်းဖက်မှုတွေကြောင့် ဒုက္ခရောက်နေကြသူတွေကို ကုလသမဂ္ဂအနေနဲ့ အကူအညီ ပေးနေကြောင်းလည်း သူက ပြောပါတယ်။
အဲဒီ အကူအညီတွေထဲမှာ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က ရခိုင်ပြည်နယ် မြို့နယ် ၅ မြို့နယ်က လူဦးရေ ကိုးသောင်းကျော်အတွက် စားနပ်ရိက္ခာ တန်ချိန် (၇၂၅) တန် ကူညီခဲ့တယ်လို့ ဆိုပါတယ်။ဒါ့အပြင် WHO အဖွဲ့က ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းတွေမှာ ကူးစက်ရောဂါ ပျံ့ပွားမှု မရှိအောင် ဆောင်ရွက်နေတယ်လို့လည်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ရခိုင်ပြည် လုံခြုံရေး စိုးရိမ်နေရဆဲ

အကြမ်းဖက်မှု အဓိကရုဏ်းများ ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်ရှိ ဒေသခံများမှာ လုံခြုံရေး အတွက် စိုးရိမ်နေကြဆဲဖြစ်ကြောင်း အဓိကရုဏ်းများ စတင်ဖြစ်ပွားခဲ့သည့် ဘူးသီးတောင်၊ မောင်တောနှင့်စစ်တွေမြို့များတွင် စာသင်ကျောင်းများနှင့် ဈေးဆိုင် အများစု ပြန်မဖွင့်နိုင်သေးသကဲ့သို့ တနေရာနှင့် တနေရာ ကူးသန်းသွားလာနိုင်ခြင်း မရှိသေးကြောင်း ထိုနေရာများသို့ သွားရောက် လေ့ လာခဲ့သူ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့မှ မမီးမီး က ပြောသည်။
မမီးမီးနှင့် မနီလာသိန်းတို့သည် ယခုလ ၂၀ ရက်နေ့မှစ၍ စစ်တွေ၊ မောင်တော၊ ဘူးသီးတောင် မြို့နယ်များရှိ ဒုက္ခသည် စခန်းများ နှင့် ကျေးရွာ တချို့ကို သွားရောက် လေ့လာခဲ့ကြသည်။
စစ်တွေမြို့ပေါ်တွင်ရှိသော ရခိုင် ဒုက္ခသည်စခန်းများတွင် အစိုးရ၏ ကူညီပံ့ပိုးမှု ထိထိရောက်ရောက် မတွေ့ခဲ့ရသော်လည်း ရန်ကုန်၊ မန္တလေးမှလာသော ပုဂ္ဂလိက အလှူရှင်များနှင့် လူမှုရေးလုပ်ငန်းအဖွဲ့များက လာရောက်လှူဒါန်းမှုများ တွေ့ရှိရကြောင်း၊ မြို့ပြင်ရှိ ဘင်္ဂါလီ ဒုက္ခသည် စခန်းများတွင်တော့ ကုလသမဂ္ဂနှင့် အစိုးရတို့က အကူအညီပေးနေသည်ကို တွေ့ခဲ့ရကြောင်း၊ သို့သော် လုံလောက် သည့် အနေအထားကို မတွေ့ခဲ့ရကြောင်း ဘူးသီးတောင်၊ မောင်တော မြို့ပေါ်များရှိ ဘင်္ဂါလီလူမျိုး အများစုနေထိုင်ရာ ကျေးရွာ တချို့တွင် ထွန်ယက်စိုက်ပျိုးခြင်းနှင့် ငါးဖမ်း လုပ်ငန်းများ စတင် လုပ်ကိုင်နေသည်ကို တွေ့မြင်ခဲ့ရကြောင်းလည်း မမီးမီး ကပြောသည်။
မွတ်စလင်လူမျိုးအများစုနှင့် စုဖွဲ့ထားသော အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ (NDPD) ဗဟို ကော်မတီ အဖွဲ့ဝင် ဦးခင်ကျော် က မောင်တောမြို့အခြေအနေနှင့် ပတ်သက်၍“အခုတော့ နည်းနည်းတည်ငြိမ်သွားတယ်၊ လူတွေက စိုးရိမ်နေကြတဲ့ အတွက် အချို့က ထွက်တယ်၊ အချို့က မထွက်ဘူး၊ အဲဒီလိုမျိုးတော့ ရှိနေသေးတယ်”ဟု ပြောပြသည်။
မောင်တော ဒေသခံများကလည်း မြို့ပေါ်နှင့် မြို့စွန်နေရာများတွင် အစိုးရက လုံခြုံရေး တင်းကျပ်စွာ ချပေးထားသဖြင့် လုံခြုံရေး စိုးရိမ်မှု လျော့ကျသွားသော်လည်း မြို့ပြင်ရှိ လယ်ယာမြေများတွင် ထွန်ယက်စိုက်ပျိုးရန်အတွက် စိုးရိမ်နေကြဆဲ ဖြစ်သဖြင့် လုပ် ငန်းခွင် ပြန်ဝင်နိုင်ခြင်း မရှိသေးကြောင်း မောင်တောတွင် ယခုလ ၂၇ ရက်နေ့က မိုးကြီး၊ ရေလျှံမှုဖြစ်ကာ ဒုက္ခသည်စခန်းများပါ မြှုပ်သွားသဖြင့် ဒုက္ခသည်များကို နေရာရွှေ့ပြောင်းခဲ့ရပြီး ယနေ့တွင် ပုံမှန် အနေအထားသို့ ပြန်ရောက်ရှိသွားပြီဖြစ်ကြောင်း အဓိကရုဏ်းအခြေအနေများ စတင်ဖြစ်ပွားခဲ့သည့် ယခုလ ၈ ရက်နေ့မှစ၍ အကြမ်းဖက်မှု ဖြစ်ပွားသောနေရာများ နှင့် ထိစပ်နေ သည့် မြို့များတွင် ကုန်သွယ်ရေး လမ်းကြောင်းများ ပြတ်တောက်ခဲ့သကဲ့သို့ ဈေးဆိုင်များလည်း ပိတ်သိမ်းခဲ့ကြရပြီး အစိုးရက ထုတ်ပြန်ထားသော ညမထွက်ရအမိန့်နှင့် အရေးပေါ်ကြေညာချက် ပြန်ရုပ်သိမ်းချိန် အပါအဝင် ဒေသပြန်လည်တည်ငြိမ်နိုင်မည့် ကာလကိုပင် မခန့်မှန်းနိုင်ကြသေကြောင်းရခိုင်ပြည်နယ် အစိုးရက ဖွဲ့စည်းထားသော ပြန်ကြားရေးအဖွဲ့ တာဝန်ခံ ဦးဝင်းမြိုင်က ရခိုင်ပြည်နယ် အခြေအနေတည်ငြိမ်နေပြီ ဖြစ် ကြောင်း၊ စာသင်ကျောင်းများလည်း ပြန်ဖွင့်နေပြီဖြစ်ကြောင်း သို့သော်လည်း တဘက်နှင့် တဘက် စိုးရိမ်စိတ်များကြောင့် ကလေး များကို ကျောင်းသို့ မပို့နိုင်သေးခြင်းသာ ဖြစ်ကြောင်း  မြေပုံမြို့တွင်လည်း မြို့ပေါ်ဘုန်းကြီးကျောင်းများနှင့် ရခိုင်သူဋ္ဌေးအိမ်များကို မီးရှို့မည်ဟု သတင်းရရှိသဖြင့် ဘင်္ဂါလီ လူမျိုးများ နေ ထိုင်သော ကံသာယာ ရပ်ကွက်သို့ လုံခြုံရေးအဖွဲ့များက သွားရောက်ရှာဖွေခဲ့ရာ လူစုလူဝေးများပြုလုပ်နေသဖြင့် ဇွန်လ ၂၇ ရက်နှင့် ၂၈ ရက်နေ့များတွင် ၂ ရက် ဆက်တိုက် သေနတ် ပစ်ဖောက်၍ လူစုခွဲခဲ့ရသည်ဟု ဆိုသည်။ ယနေ့တွင်လည်း မြေပုံမြို့ပေါ်ရှိ စာ သင် ကျောင်းများ အားလုံး ပိတ်ထားသည်။

ဖမ်းဆီးခံ ရခိုင် တိုင်းရင်းသားများ ပြန်လွှတ်ရေး သမ္မတထံ စာတင်

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေ အတွင်း ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ ဒေသခံ ရခိုင်တိုင်းရင်းသားတွေကို အမြန်ဆုံး ပြန်လွှတ်ပေး ဖို့ မြောက်ဦးမြို့ဒေသခံ (၈၀၀) ကျော်က သမ္မတ ဦးသိန်းစိန်ထံ စုပေါင်းလက်မှတ်ရေးထိုး တောင်းဆို လိုက်တယ်လို့ သိရပါတယ်။
ပဋိပက္ခတွေအတွင်း မိမိတို့ရဲ့ အသက်အိုးအိမ်နဲ့ နယ်မြေပိုင်နက်ကို ကာကွယ်စောင့်ရှောက်ရင်း ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ ဒေသခံ ရခိုင်တိုင်းရင်းသားတွေကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့နဲ့ ရခိုင်တိုင်းရင်းသားတွေကို အကာအကွယ်ပေးဖို့ သမ္မတထံ ခုလို စာရေးသား တောင်းဆိုရတာ ဖြစ်တယ်လို့ ဒီလှုပ်ရှားမှုကို ဦးဆောင်သူ တစ်ဦးဖြစ်တဲ့ မြောက်ဦးမြို့ခံ ဦးမောင်ကျော်ဇော က ပြောပါတယ်။
အခုလို ရခိုင်လူမျိုးတွေကို ဖမ်းဆီးထားတာဟာ မိမိတို့ရဲ့ မြို့၊ ရွာ၊ တိုင်းပြည်နဲ့ အချုပ်အခြာအာဏာကို တိုင်းတပါးသားတို့ မကျူးကျော် မစော်ကားနိုင်အောင် ကာကွယ်စောင့်ရှောက်ပေးနေတဲ့ ဒေသခံ ရခိုင် တိုင်းရင်းသားတွေရဲ့ မျိုးချစ်စိတ်ဓာတ်ကိုပါ ချိုးနှိမ်ပစ်ရာ ရောက်နေ တယ်လို့လည်း အဲဒီတောင်းဆိုချက်ထဲမှာ ရေးသားထားပါတယ်။
ဒေသခံတွေရဲ့ ပြောဆိုချက်အရ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအတွင်း ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့ ဒေသခံ ရခိုင် တိုင်းရင်းသား (၂၀) ကျော်ရှိတယ်လို့ သိရပါတယ်။ အာဏာပိုင် တွေ ဘက်ကတော့ ဘယ်နှစ်ဦး ဖမ်းဆီးထားတယ် ဆိုတာ ဒီကနေ့အထိ တရားဝင် သတင်းထုတ်ပြန်မှု မရှိသေးပါဘူး

မြေပုံမှာ ရုန်းရင်းဆန်ခတ်ဖြစ်

ရခိုင်ပြည်နယ် မြေပုံမြို့မှာ သာကြာနေ့ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပေမယ့် အခြေအနေကို ထိန်းသိမ်းထားနိုင်တယ်လို့ သတင်းရရှိပါတယ်။မြေပုံမြို့မှာ အများသုံး သောက်သုံးရေကန် တစ်ကန်ရှိပြီး ရေကန်ကို အဆိပ်ခတ်ထားတယ်လို့ မြို့ခံတွေက သံသယ ဖြစ်ကြပါတယ်။ ဒါကြောင့် ဒီရေကိုမသုံးကြဖို့လိုက်လံဆော်သြ ကြပါတယ်။
တချိန်တည်းမှာပဲ သောကြာနေ့ ဖြစ်တဲ့အတွက် မြို့နေ အစ္စလာမ်ဘာသာဝင်တွေကလည်း ဘုရားကျောင်းတက်ဖို့ အပြင်လမ်းမတွေမှာ သာမန်နေ့တွေထက် လူပိုများနေတယ်လို့ ဆိုပါတယ်။ဒီလို အခြေအနေမှာ နှစ်ဘက်သံသယပွားပြီး အပြန်အလှန် လောက်လေးဂွတွေနဲ့ ပစ်ခတ်ကြတဲ့ အထိဖြစ်ခဲ့လို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဝင်ထိန်းပြီး လမ်းဆုံ-လမ်းခွတွေမှာ စောင့်ကြည့်နေခဲ့တယ်လို့ အမည်မဖော်လိုသူ အစိုးရ အာဏာပိုင်တစ်ဦးက အတည်ပြုပြောဆိုပါတယ်။ဒါ့အပြင် အဲဒီကန်ထဲမှာ သေဆုံးနေတဲ့ ငါးတွေကို စမ်းသပ်ဖို့ မြေပုံမြို့မှာ ဓာတ်ခွဲခန်းမရှိတဲ့အတွက် စစ်တွေကိုပို့ ထားတယ်လို့ အဲဒီ အာဏာပိုင်က ပြောပါတယ်။

ရခိုင်၌ မိုးကြီး၍ ရေလွှမ်းမိုးမှု ဖြစ်ပွား

 

ရခိုင်ပြည်နယ် ပဋိပက္ခ ဖြစ်ပွားရာ ဒေသများဖြစ်သော ဘူးသီးတောင်နှင့် မောင်တော၌ ပြီးခဲ့သည့် ရက်ပိုင်းက မိုးကြီး၍ ရေလွှမ်းမိုးမှု များကြောင်း ပျက်စီး ဆုံးရှုံးမှုများရှိခဲ့ကြောင်း သိရသည်။ မေယုမြစ် ရေလျှံ၍ ဘူသီးတောင်မြို့ ဈေးကြီး တခုလုံး ရေမြုပ်ခဲ့ပြီး ဂိုဒေါင် များနှင့် ဈေးဆိုင်များရှိ ကုန်ပစ္စည်းတချို့ ပျက်စီးခဲ့ကြောင်း၊ မောင်တောတွင်လည်း ရေကြီး ရေလျှံဖြစ်ပြီး တံတားများ ကျိုးပျက်ခြင်း၊ ကားလမ်းများ ရေမြှုပ်ခြင်း နှင့် ဒုက္ခသည် စခန်းများလည်း ရေနစ်မြှုပ်မှု ဖြစ်ခဲ့ကြောင်း ရခိုင်ပြည်နယ်မှလာသော သတင်းများက ဆို သည်။ ဘူးသီးတောင်နှင့် မောင်တောတွင် ဒုက္ခသည် ၃၀၀၀၀ ကျော်ရှိကြောင်း အစိုးရက ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်တွင်း မိုးသည်းထန်ပြီး ရေကြီးမှုကြောင့် အိမ်ခြေအများအပြား ပျက်စီး

ရခိုင်ပြည်နယ်တွင်းက လွန်ခဲ့တဲ့ (၂) ရက်က မိုးအသည်းအထန် ရွာသွန်းခဲ့တဲ့အတွက် ဘူးသီးတောင်၊ မောင်တော နဲ့ ကျောက်တော်မြို့ နယ်တွေမှာ ရေလွှမ်းမိုးပြီး အိမ်ခြေအများအပြား ပျက်စီးခဲ့ပါတယ်။ရေကြီးမှုကြောင့် ကုန်းမြင့်ရာနေရာမှာ ယာယီကယ်ဆယ်ရေး စခန်းတွေ ဖွင့်လှစ်ပြီး ဒေသခံတွေကို ရွှေ့ပြောင်း ပေးထားရပါတယ်။ဘူးသီးတောင်၊ မောင်းတောမြို့နယ်တွေအတွင်း မေယုတောင်တန်း တလျှောက်မှာ မြေပြိုကျမှုတွေရှိပြီး လမ်းပန်းဆက်သွယ်ရေး တွေ ပြတ်တောက်ခဲ့ပါတယ်။အဲဒီအချိန်အတွင်းမှာပဲ ပုဏ္ဍားကျွန်းမြို့နယ်ထဲက ရွာတစ်ရွာမှာ လေဆင်နှာမောင်း တိုက်ခတ်သွားခဲ့တဲ့အတွက် အိမ်ခြေ ၁၅ လုံး ပျက်စီးသွားခဲ့ပြီး လူပေါင်း ၈၉ ယောက် အိုးအိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။

LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment