ကမ္ဘာ့သတင်းများ  01/07/2012

 

နိုင်ငံတကာသတင်း


နှစ် ၆၀ ကြာ ထီးနန်းစံခဲ့သည့် အလိဇဘက်ဘုရင်မကို ဂုဏ်ပြုရန်အတွက် Big Ben ခေါင်းလောင်းရှိရာ နာရီစင်တာဝါကို အလိစ်ဇဘက်တာဝါဟု အမည်ပြောင်း

နှစ် ၆၀ ကြာ ထီးနန်းစံခဲ့သည့် ဗြိတိန်ဘုရင်မအလိဇဘက်ကို ဂုဏ်ပြုရန်အတွက် Big Ben ခေါင်းလောင်းရှိရာ နာရီစင်တာဝါကို အလိစ်ဇဘက်တာဝါဟု အမည်ပြောင်းသွားမည်ဖြစ်ကြောင်း ဗြိတိန်ပါလီမန်၏ တာဝန်ရှိသူများက ထုတ်ပြန် ကြေညာခဲ့သည်။
ဗြိတိန်၏ လူသိအများဆုံး အထင်ကရ အဆောက်အအုံများထဲမှ တစ်ခုဖြစ်သည့် နာရီစင်၏အမည်ကို ပြောင်းလဲရန်အတွက် ပါလီမန်အဖွဲ့ဝင်များက အဆိုပြုခဲ့ပြီးနောက်တွင် အမည်ပြောင်းလဲမှု ဖြစ်ပေါ်လာခြင်းဖြစ်သည်။
နာရီစင်တာဝါ(Clock Tower)ကို အမည်ပြောင်းရန် အဆိုပြုမှုကို ထောက်ခံသူသည့် အကြီးတန်း ပုဂ္ဂိုလ်များထဲတွင် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်၊ ဒုတိယ၀န်ကြီးချုပ် နစ်ကလက်ခ်နှင့်  လေဘာပါတီခေါင်းဆောင် အက်ဒ်မီလီဘန်းတို့လည်း ပါဝင်ခဲ့သည်။ ပါလီမန်အဖွဲ့ဝင် ထက်ဝက်ကျော်ကလည်း ထောက်ခံခဲ့ကြောင်း သိရှိရသည်။ မျှော်စင်အမည်ပြောင်းရန်အတွက် ဗြိတိန်ပါလီမန်၏ အောက်လွှတ်တော်ကော်မရှင်နှင့် လွှတ်တော်ဥက္ကဋ္ဌ ဂျွန်ဘားကိုးတို့ ဆွေးနွေးခဲ့ပြီးနောက်တွင် မီးစိမ်းပြခဲ့ခြင်း ဖြစ်သည်။

အလိဇဘက်မျှော်စင်ဟု ပြောင်းလဲခြင်းသည် အလိဇဘက်ဘုရင်မ၏ ထီးနန်းစံသက် နှစ် (၆၀) ပြည့်မှုကို အသိအမှတ်ပြုရန် ထိုက်တန်သည့် ဂုဏ်ပြုမှုတစ်ခုဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်က ပြောကြားခဲ့သည်။ ဘုရင်ကို ဂုဏ်ပြုရန်အတွက် Westminister နန်းတော်ရှိ အစိတ်အပိုင်းတစ်ခုကို အမည်ပြောင်းလဲမှုသည် ပထမဆုံးအကြိမ် မဟုတ်ပေ။ ဗစ်တိုးရီးယားဘုရင်မ၏ ထီးနန်းစံသက်နှစ် (၆၀) ပြည့် စိန်ရတုကျင်းပခဲ့သည့် ၁၉ ရာစုနှစ် အတွင်းကလည်း Westminister ကို ဗစ်တိုးရီးယားတာဝါအဖြစ် အမည်ပြောင်းလဲခဲ့ဖူးသည်။
အလိဇဘက်မျော်စင်ဟု အမည်ပြောင်းခဲ့သည့် နာရီစင်ကို ၁၈၄၃ ခုနှစ်က စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ၁၈၅၉ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့ခြင်းဖြစ်ကြောင်း ပါလီမန်၏ သမိုင်းအထောက်အထားများတွင် ဖော်ပြခဲ့သည်။ မျက်နှာလေးဖက်ပါဝင်သည့် နာရီစင်၏ခေါင်းလောင်းကြီးကို ၁၈၅၉ ခုနှစ်၊ မေလ ၃၁ ရက်နေ့တွင် တပ်ဆင်ခဲ့ခြင်းဖြစ်သည်။ ၁၃ တန်ခွဲ လေးသည့် ခေါင်းလောင်းအတွင်းဘက်ရှိ Big Ben အမည်ကို အစွဲပြုပြီး Big Ben ဟု ခေါ်ဆိုခဲ့ခြင်းဖြစ်သည်။ အမြင့်ပေ ၃၁၆ ရှိသည့် အဆိုပါမျှော်စင်သည် လန်ဒန်နှင့် ယူကေရှိ အထိမ်းအမှတ် သင်္ကေတများစွာထဲမှ တစ်ခုဖြစ်သည်။


အီဂျစ် သမ္မတသစ် ကျမ်းသစ္စာကျိန်ဆို

အီဂျစ်နိုင်ငံမှာ စစ်အစိုးရအုပ်ချုပ်မှု စာမျက်နှာကို ပိတ်လိုက်နိုင်ပြီလို့ သမ္မတသစ် မိုဟာမတ် မော်စီ (Mohamed Morsi) က ပြောကြားပြီး အီဂျစ်နိုင်ငံရဲ့ အနာဂတ် ပိုမိုကောင်းမွန်ရပါစေမယ်လို့ ကတိပြုခဲ့ပါတယ်။ အီဂျစ်နိုင်ငံမှာ ရွေးကောက်ခံရတဲ့ ပထမဆုံး အရပ်သား သမ္မတအဖြစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတရားရုံးမှာ ကျန်းသစ္စာ ကျိန်ဆိုပြီး နာရီပိုင်းအကြာမှာပဲ မစ္စတာ မော်စီ က ကိုင်ရို (Cairo) တက္ကသိုလ်မှာ သမ္မတမိန့်ခွန်း ပြောကြားခဲ့ပါတယ်။
အီဂျစ်နိုင်ငံကို ပြန်လည် မွေးဖွားခဲ့ပြီလို့ မော်စီ က မိန့်ခွန်းထဲမှာ ဖော်ပြ ပြောဆိုသွားပါတယ်။ အီဂျစ်နိုင်ငံမှာ ကစဥ့်ကလျားဖြစ်နေတဲ့ အခြေအနေတွေ အဆုံးသတ်အောင် လုပ်ကြပါလို့လည်း အီဂျစ်လူမျိုးတွေကို တိုက်တွန်းသွားပါတယ်။ သမ္မတသစ်ကပဲ လူမှုရေး တရားမျှတမှုတွေ ရရှိအောင် ဆောင်ရွက်ပေးပါမယ်လို့လည်း ကတိပြုသွားပါတယ်။
စစ်တပ်အနေနဲ့ အဓိက တာဝန်ဖြစ်တဲ့ ပြည်ပရန်ကာကွယ်ရေးကို ပြန်လည် တာဝန်ယူဖို့လည်း တောင်းဆိုခဲ့ပါတယ်။ နိုင်ငံခြားရေးရာပိုင်းနဲ့ ပတ်သက်လို့လည်း သူ့အဆို ပါလက်စတိုင်း ပြည်သူတွေရဲ့ တရားဝင် အခွင့်အရေးတွေ ရရှိရေးအတွက် ထောက်ခံသွားမယ်လို့ ကတိပြုခဲ့သလို ဆီးရီးယားမှာဖြစ်နေတဲ့ သွေးထွက်သံယိုမှုတွေ အဆုံးသတ်ဖို့ကိုလည်း တောင်းဆိုခဲ့ပါတယ်။
အရင်သမ္မတဟောင်း ဟိုစနီမူဘာရက် (Hosni Mubarak) လက်ထက်မှာ တရားမဝင်အသင်းအဖြစ် ကြေညာခံထားရတဲ့ Muslim Brotherhood အဖွဲ့ကိုယ်စားပြုပြီး မစ္စတာ မော်စီ သမ္မတဖြစ်လာတာဖြစ်ပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲ အနိုင်ရသူဖြစ်တယ် ဆိုတဲ့ တရားဝင် မဲရလဒ်တွေ ထွက်ပေါ်လာခဲ့ပြီးနောက်မှာ မစ္စတာ မော်စီ က Brotherhood အဖွဲ့ဝင်အဖြစ်ကနေ နှုတ်ထွက်လိုက်ပါတယ်။ သူသမ္မတ တာဝန်ထမ်းဆောင်နေစဉ် ကာလအတွင်း အီဂျစ်ပြည်သူတွေကို ကိုယ်စားပြုပြီး ဆောင်ရွက်သွားပါမယ်လို့ ကတိပြုခဲ့ပါတယ်။


တရုတ်သမ္မတဟူကျင်းတောင် ဟောင်ကောင်အစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုပွဲ တက်ရောက်မည်

တရုတ်သမ္မတ ဟူကျင်းတောင်ဟာ ဟောင်ကောင် အစိုးရသစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲကို တက်ရောက်မှာဖြစ်ပြီး တရုတ်အုပ်ချုပ်မှု လက်အောက် ပြန်လည် ရောက်ရှိတာ (၁၅) နှစ်မြောက် အထိမ်းအမှတ်တွေ ကျင်းပနေတဲ့ ဟောင်ကောင်ကို သွားရောက်နေပါတယ်။
တရုတ်အစိုးရနဲ့ သဘောထားကွဲလွဲသူ လီဝမ်ယမ်း ဒီလမှာပဲ မသင်္ကာဖွယ် သေဆုံးသွားရမှုနဲ့ ပတ်သက်ပြီးတော့ အကြောင်းပြချက် ပေးဖို့ကို တောင်းဆို ဆန္ဒပြကြသူတွေကိုတော့ ရဲက လူစုခွဲခဲ့ပါတယ်။ သေဆုံးသူ လီ ဟာ အလုပ်သမားအခွင့်အရေး ကြိုးပမ်းသူ တဦးဖြစ်ပြီး ၁၉၈၉ ခုနှစ် တီယာနန်မင် (Tiananmen) ရင်ပြင် ဆန္ဒပြပွဲတွေကို ဦးဆောင်ခဲ့သူတဦးလည်း ဖြစ်ပါတယ်။
သတင်းထောက်တဦးကလည်း သမ္မတ ဟူ ကို တီယာနန်မင် ရင်ပြင် နှိမ်နင်းမှုနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်ခဲ့လို့ ခဏ ထိန်းသိမ်းခံခဲ့ရပါတယ်။ စနေနေ့က ပြောကြားသွားတဲ့ သမ္မတရဲ့ မိန့်ခွန်းထဲမှာတော့ သမ္မတ ဟူက ဟောင်ကောင်က အစိုးရသစ်ကို ယုံကြည်အားထားပါကြောင်း ပြောသွားပါတယ်။ တရုတ်ပြည်မကြီးနဲ့ ဟောင်ကောင်ရဲ့ နီးကပ်တဲ့ ဆက်ဆံရေးကိုလည်း သမ္မတက ချီးကျူးသွားတာပါ။
မစ္စတာ ဟူဟာ ဟောင်ကောင်ကို သုံးရက်ခရီးစဉ်အဖြစ်နဲ့ သောကြာနေ့မှာ ရောက်လာတာ ဖြစ်ပြီးတော့ ဒီကနေ့ ကျင်းပမယ့် အစိုးရသစ်ရဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲကို တက်ရောက်မှာဖြစ်ပါတယ်။




ဗြိတိန်အိုလံပစ်ပွဲသည် အကြမ်းဖက်သမားများအတွက် အလွန်ဆွဲဆောင်မှုရှိသော ပစ်မှတ်တစ်ခုဖြစ်ပြီး အကြမ်းဖက်သမားအနေဖြင့် တိုက်ခိုက်မှုပြုလုပ်ရန် မည်သည့်နည်းလမ်းမဆို အသုံးပြုရန် ကြံရွယ်နေကြောင်း ပြည်တွင်းထောက်လှမ်း ရေးအေဂျင်စီ အမ်အိုင်-၅ ၏ ညွန်ချုပ် ဂျိုနသန်အီဗန်စ်က ပြောကြားခဲ့သည်။
သို့ရာတွင် ပြည်တွင်း၊ ပြည်ပတွင်ရှိသော အကြမ်းဖက်သမားတို့၏ အစီအစဉ်များအား လွန်ခဲ့သည့် နှစ်များကတည်းကစ၍  ဖျက်စီးနိုင်ခဲ့သောကြောင့် အကြမ်းဖက်သမားတို့၏ ပစ်မှတ်လွယ်ကူစွာ မဖြစ်နိုင်ကြောင်း ဇွန်လ ၂၅ ရက်နေ့တွင် အီဗန်စ်က ပြောကြားခဲ့သည်။ အီဗန်စ်က လန်ဒန်အိုလံပစ်တွင် အောင်မြင်မှုနှင့် အမှတ်တရများစွာ ကျန်ခဲ့စေရန် အာမခံကြောင်း ကတိပေးခဲ့ပြီး လုံခြုံရေး အာမခံပေးနိုင်ရေးအတွက် အလွန် အလုပ်များနေကြောင်း ပြောကြားခဲ့သည်။
MI5 နှင့် အခြားအကြမ်းဖက်မှု တိုက်ဖျက်ရေးအဖွဲ့များသည် လူ ၅၂ ဦးသေဆုံး၍ လူ ၇၀၀ ကျော် ဒဏ်ရာရရှိခဲ့သော ၂၀၀၅ ခုနှစ်က လန်ဒန်မြေအောက်ရထားလိုင်းများ၌ ဖြစ်ပွားခဲ့သော အသေခံ ဗုံးဖောက်ခွဲမှုဖြစ်စဉ်များပြီးနောက် ဗြိတိန်မြေပေါ်တွင် နောက်ထပ် အကြမ်းဖက် တိုက်ခိုက်မှုများ မဖြစ်ပေါ်စေရန် တားဆီးခဲ့သည်။ 
ထို့ပြင် အကြမ်းဖက်တိုက်ခိုက်မှုများကို ကာကွယ်သည့် နည်းစနစ်များသည် ပြီးခဲ့သည့်နှစ်များအတွင်း၌ များစွာ တိုးတက်လာခဲ့ကြောင်းနှင့် အကြမ်းဖက်သမားများအား တားဆီးသည်ထက် ပို၍ကောင်းမွန်သော နည်းလမ်းများရှိကြောင်း အီဗန်စ်က ဆက်လက်ပြောကြားခဲ့သည်။
အီဗန်စ်သည် ပြီးခဲ့သည့်နှစ် အာရပ်နွေဦး ပြောင်းလဲမှုများ၏ မတည်ငြိမ်မှုများကို အခွင့်ကောင်းယူပြီး အယ်ကေဒါများသည် ခြိမ်းခြောက်မှုအသစ်များကိုလည်း ပြုလုပ်နိုင်ကြောင်းလည်း ပြောကြားခဲ့သည်။ အာရပ်နိုင်ငံများတွင် ဒီမိုကရေစီ တော်လှန်ရေးများ ပေါ်ပေါက်လာသည့်အတွက် မျှော်လင့်ချက်ရှိသော်လည်း အယ်ကေဒါများသည် ၎င်းတို့၏ မူလနေရပ်ဖြစ်သော အာဖဂန်နစ္စတန်သို့ ပြန်၍ အုပ်စုဖွဲ့မှုများသည် ပြဿနာများကို ဖြစ်ပေါ်စေနိုင်ကြောင်း အီဗန်စ်ကဆိုသည်။
စာရင်းဇယားများအရ ဗြိတိန်နိုင်ငံဖွား အစ္စလာမ္မစ်များသည် အယ်ကေဒါများ၏ လေ့ကျင့်မှုများကိုခံယူရန် လစ်ဗျား၊ အီဂျစ်၊ ယီမင်နှင့် ဆိုမာလီယာစသည့် အာရပ်နိုင်ငံများသို့ သွားရောက်သူများရှိကြောင်းနှင့်  ဆိုမာလီယာရှိ အကြမ်းဖက်အဖွဲ့များထဲတွင် ပါဝင်နေသူများမှ ၁၀၀ ခန့်ရှိ ကြောင်း သိရသည်။
ယင်းဗြိတိန်နိုင်ငံဖွား အစ္စလာမ္မစ်များသည် အိုလံပစ်ပွဲအတွက် ယူကေသို့ ပြန်လာကာ ခြိမ်းခြောက်မှုများ ပြုလုပ်မည်ကိုလည်း စိုးရိမ်နေကြသည်။




အိန္ဒိယအရှေ့မြောက်ပိုင်းရှိ အာသံပြည်နယ်တွင် မုတ်သုံမိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျယ်ကျယ်ပြန့်ပြန့် ရေလွှမ်းမိုးမှုဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ ၂၇ ဦးသေဆုံးခဲ့ကာ လူကိုးသိန်းကျော် အိုးအိမ်မဲ့ဖြစ်ခဲ့ကြောင်း တာဝန်ရှိသူများက ဇွန်လ ၂၈ ရက်တွင် ပြောကြားခဲ့သည်။ 
လက်ဖက်နှင့် ရေနံကြွယ်ဝသော အာသံပြည်နယ်၏ ၂၇ ခရိုင်အနက် ၂၁ ခရိုင်တွင် ပြီးခဲ့သော သီတင်းပတ်မှစ၍ ရေလွှမ်းမိုးမှုကြုံခဲ့ရသည်။ မတူညီသော ဖြစ်စဉ်များအတွင်း လူ ၂၇ ဦးသေဆုံးခဲ့ကြောင်း အာသံပြည်နယ်၏ အကြီးဆုံးမြို့ Guwahati မှ အာသံ စိုက်ပျိုးရေးဝန်ကြီး နီလာမိုနီဆင်ဒီကာက ပြောကြားခဲ့သည်။ ဗြဟ္မပုတ္တရမြစ်သည်လည်း မြစ်ကမ်းနေရာ အများအပြားတွင် လျံထွက်မှုဖြစ်ခဲ့ကြောင်း သူက ပြောကြားခဲ့သည်။ ရေကြီးမှုကြောင့် လူကိုးသိန်းခန့်အထိ အိုးအိမ်မဲ့ဖြစ်ခဲ့ကြောင်း ဒီကာက ပြောကြားခဲ့သည်။ ရေလွှမ်းမိုးမှုအတွင်း ပိတ်မိနေသူများအတွက် ယာယီခိုလှုံစရာ တဲ ၁၅၀၀ ခန့် ပြုလုပ်ပေးထားကြောင်း သိရသည်။ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်တွင်လည်း ရေလွှမ်းမိုးမှုများနှင့် မြေပြိုမှုများကြောင့် သေဆုံးသူအရေအတွက်မှာ ဇွန်လ ၂၈ ရက်တွင် ၁၀၀ အထိ မြင့်တက်လာကြောင်း သိရသည်။ စိုက်ပျိုးရေး၏ ၆၀ ရာခိုင်နှုန်းမှာ မိုးရွာသွန်းမှုအပေါ် အားထားရသော်လည်း မုတ်သုံမိုးသည်းထန်ပါက နိုင်ငံတစ်ဝန်းရှိ လယ်သမား ၂၃၅ သန်းအတွက် ဘဏ္ဍာရေးဆုံးရှုံးမှုများ ဖြစ်ပေါ်စေခဲ့ကြောင်း သိရသည်။

LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment