ကမ္ဘာ့သတင်းများ  02/07/2012

 

နိုင်ငံတကာသတင်း


ဟောင်ကောင် အုပ်ချုပ်ရေးမှူးသစ် ကျမ်းကျိန်

လူဦးရေ ၇ သန်းရှိတဲ့ ဟောင်ကောင်ရဲ့ အုပ်ချုပ်ရေးမှုအသစ် ဖြစ်လာသူဟာ ဒီကနေ့ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။ ဗြိတိသျှပိုင် ကိုလိုနီကျွန်းနိုင်ငံအဖြစ်ကနေ တရုတ်နိုင်ငံကို ပြန်လည်လွှဲပြောင်း ပေးခဲ့အပြီး (၁၅) နှစ်ပြည့်မြောက်တဲ့ အချိန်မှာကျင်းပတဲ့ အဲဒီ ကျမ်းသစ္စာ ကျိန်ဆိုတဲ့အခမ်းအနားကို တရုတ်သမ္မတ ဟူကျင်းတောင် ကိုယ်တိုင်တက်ရောက်ခဲ့ပြီး လုံခြုံရေးတွေ တင်တင်းကျပ်ကျပ် ချထားတယ်လို့ သိရပါတယ်။
သမ္မတ ဟူကျင်းတောင် က တရုတ်အစိုးရအနေနဲ့ ဟောင်ကောင်ရဲ့ လွတ်လပ်တဲ့ လူမှုအဖွဲ့အစည်းကို ထောက်ခံသလို နိုင်ငံတခုအတွင်း စနစ် ၂ မျိုး ကျင့်သုံးတဲ့မူဝါဒကို ဆက်လက်ကျင့်သုံး အကောင်ထည် ဖော်သွားမယ်လို့ ပြောပါတယ်။
အုပ်ချုပ်ရေးမှူးအသစ် ဖြစ်တဲ့ မစ္စတာလီယောင်ချွန်ယင်း (Leung Chun-ying) ကလည်း သူ့အစိုးရဟာ ဟောင်ကောင် ပြည်သူတွေရဲ့ ဆန္ဒအတိုင်း အကောင်ထည်ဖော် လုပ်ဆောင်သွားမှာပါလို့ ပြောဆိုပါတယ်။
ဒီအတောအတွင်း တကိုယ်တော်ဆန္ဒပြသူတဦးက မတ်တက်ရပ်ပြီး တရုတ်နိုင်ငံမှာ တပါတီ အာဏာရှင်စနစ်ကို ဖျက်သိမ်း ပေးဖို့ဆိုပြီး သမ္မတ ဟူကျင်းတောင်ကို ကန့်ကွက် ဆန္ဒပြခဲ့ပါတယ်။ မကြာခင်မှာ သူ့ကို လုံခြုံရေး ရဲတွေက ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
အုပ်ချုပ်ရေးမှူး အသစ်ဖြစ်တဲ့ လီယောင်ချွန်ယင်း ဟာ ချမ်းသာကြွယ်ဝတဲ့ စီးပွားပိုင်ဆိုင်မှုဆိုင်ရာ အတိုင်ပင်ခံ တဦးဖြစ်ပြီး သူဟာ အုပ်ချုပ်ရေးမှူးဟောင်း ဒေါ်နယ်လ်ဆန်း (Donald Tsang) ထံကနေ တာဝန်ကို လွှဲပြောင်းရယူ ရမှာဖြစ်ပါတယ်။
အုပ်ချုပ်ရေးမှူးအသစ်ဖြစ်သူ လီယောင်းဟာ ပြည်မကြီးက တရုတ် အစိုးရနဲ့ အလွန်နီးစပ်သူ ဖြစ်တယ်ဆိုပြီး ဝေဖန်တာကို ခံနေရသူဖြစ်ပါတယ်။
သောင်းပေါင်းများစွာရှိတဲ့ ဟောင်ကောင် ပြည်သူတွေဟာ ဇူလိုင်လ ၁ ရက်နေ့ နှောင်းပိုင်းမှာ လမ်းမတွေပေါ်ထွက်ပြီး ဆန္ဒပြကြဖို့ ရှိနေပါတယ်။ ဒါဟာ ပုံမှန်နှစ်စဉ် ဆန္ဒပြကြတဲ့အတိုင်း တရုတ်နိုင်ငံကနေ ဟောင်ကောင်ကို ပိုမိုလွတ်လပ်ခွင့် ပေးဖို့နဲ့ ဆင်းရဲ ချမ်းသာ ကွာဟမှု တိုးမြင့်လာတာကို မကျေနပ်ကြတဲ့အတွက် ဆန္ဒပြကြတာ ဖြစ်ပါတယ်။

အမေရိကန် အရှေ့ပိုင်း မုန်တိုင်း လူ ၁၂ ဦးသေ

အင်အားပြင်းတဲ့ မုန်တိုင်းတခု အမေရိကန်နိုင်ငံ အရှေ့ဘက်အခြမ်းကို သောကြာနေ့ညက ၀င်တိုက်သွားတာကြောင့် လူ ၁၂ ဦး သေဆုံးပြီး ၃ သန်းကျော် လျှပ်စစ်မီး ပြတ်တောက်မှုနဲ့ ကြုံနေရပါတယ်။
တိုင်းပြည် အရှေ့ဘက်ခြမ်းတလျှောက် မကြုံစဖူး ထူးကဲတဲ့ အပူဒဏ်ကို ခံရပြီးနောက် ညပိုင်းမှာ အဲဒီ အားပြင်းတဲ့ မုန်တိုင်း တိုက်ခတ်ခဲ့တာကြောင့် သစ်ပင်တွေကျိုးကျပြီး လျှပ်စစ်မီးတွေ ပြတ်တောက်ခဲ့တာပါ။ ဒေသခံ ပြည်သူတွေ အခက်အခဲနဲ့ ရင်ဆိုင်နေရတာကြောင့် မြို့တော် ၀ါရှင်တန် ဒီစီ အပါအ၀င် အနီးအနားမှာရှိတဲ့ မယ်ရီလန်း (Maryland)၊ ဗာဂျီးနီးယား (Virginia)၊ ၀က်စ်တ်ဗာဂျီးနီးယား (West Virginia) နဲ့ Ohio (အိုဟိုင်းအိုး) ပြည်နယ်တွေမှာ အာဏာပိုင်တွေက အရေးပေါ် အခြေအနေ ကြေညာခဲ့ပါတယ်။
အရေးပေါ် အခြေအနေ ကြေညာလိုက်ခြင်းအားဖြင့် ပြည်နယ်အုပ်ချုပ်ရေးမှူး အနေနဲ့ အစိုးရမှာရှိတဲ့ ထောက်ပံ့ရေးပစ္စည်းနဲ့ အကူအညီတွေကို ပြည်သူတွေထံ အလျင်အမြန် ပို့ပေးနိုင်အောင် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
မုန်တိုင်းကြောင့် ကျိုးကျတဲ့ သစ်ပင်တွေပိပြီး ဗာဂျီးနီးယားပြည်နယ်မှာ ၆ ယောက်၊ နယူးဂျာဆီ (New Jersey) နဲ့ မယ်ရီလန်း ပြည်နယ်တို့မှာ ၂ ယောက်စီနဲ့ အိုဟိုင်းအိုး နဲ့ ကင်န်တက်ကီ (Kentucky) ပြည်နယ်တို့မှာ တယောက်စီ အသီးသီး သေဆုံးခဲ့တာပါ။
ဒီပြည်နယ်တွေမှာ ပြတ်နေတဲ့ လျှပ်စစ်မီးဟာ ရက်အတော်ကြာနိုင်တယ်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။



ဆီးရီးယား နိုင်ငံရေးပဋိပက္ခ အဆုံးသတ်နိုင်ရေးအတွက် နိုင်ငံတကာဆိုင်ရာ သဘောတူညီချက်တစ်ခု ဇွန်လ ၃၀ ရက်တွင် ရရှိခဲ့သော်လည်း ယင်းသဘောတူညီချက်သည် ဆီးရီးယား နိုင်ငံရေးပြဿနာ ပြေလည်သွားမည် ဟု အာမမခံကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာ ရီကလင်တန်က ၀န်ခံပြောကြားခဲ့သည်။ ''ကျွန်မတို့ အောင်မြင်မှုရလိမ့်မယ်လို့ အာမမခံနိုင်ပါဘူး။ အဲဒီလိုပြောရတာကိုပဲ ကျွန်မမကြိုက်ပါဘူး'' ဟု သူက ပြောကြားခဲ့သည်။
သို့သော် သဘောတူညီချက်သစ်အရ ဆီးရီးယားသမ္မတ ဘာရှားအယ်လ်အာဆတ်၏ အာဏာကျဆင်းစေရန် ကူညီပေးနိုင်မည်ဟု ဟီလာရီက အကောင်းဘက်က ရှုမြင်ခဲ့သည်။
ရုရှားနှင့်တရုတ်က ပထမဆုံးအကြိမ် ထောက်ခံမှုပေးထားသော  ယင်းသဘောတူညီချက်သစ်အရ ၁၆ လ ကြာမြင့်လာပြီဖြစ်သော ဆီးရီးယားနိုင်ငံရေး ပဋိပက္ခ ပြေလည်စေရေး ကနဦးခြေလှမ်းအဖြစ် အသွင်ကူးပြောင်းရေး အစိုးရတစ်ရပ် ဖွဲ့ရန်ဖြစ် သည်။ သို့သော် အာဆတ် အာဏာတည်မြဲနိုင်ရေး လမ်းပွင့်နေဆဲဖြစ်သော သဘောတူညီချက်ဟု ဆီးရီးယားအတိုက်အခံတို့က ဝေဖန်ခဲ့သည်။
ဟီလာရီကမူ အသွင်ကူးပြောင်းရေးအစိုးရတွင် အာဆတ်နှင့် သူ၏ အတွင်းစည်းလူများမပါသင့်ကြောင်း အကြံပြုထားသည်။ သို့သော် ဆီးရီးယားအစိုးရနှင့် အတိုက်အခံနှစ်ဘက်စလုံးမှ လူများပါသင့်ကြောင်းကိုမူ လက်ခံထားသည်။ ''အဲဒီ အစီအစဉ်ထဲမှာ အာဆတ်ပါလာမှာ မဟုတ်ဘူး''ဟု ဟီလာရီက သဘောတူညီမှုရအပြီး ပြောကြားခဲ့သည်။



ဂျပန်တွင် ၂၀၁၁ ခုနှစ်က အင်အားပြင်းငလျင်နှင့် ဆူနာမီကြောင့် ဖူကူရှီးမားနျူစက်ရုံ ပေါက်ကွဲမီးလောင်မှုဖြစ်ပွားခဲ့မှုအပြီး နျူစွမ်းအင်စက်ရုံများကို ပိတ်ထားခဲ့ရာမှ ဇူလိုင်လ ၁ ရက်နေ့တွင် နျူစွမ်းအင်စက်ရုံ တစ်ရုံကို လည်ပတ်မှုပြန်လည်စတင် ခဲ့ကြောင်း သိရသည်။ 
Kansai လျှပ်စစ်စွမ်းအင်ကုမ္ပဏီ (KEPCO) က အိုဟီယိုနျူစွမ်းအင် စက်ရုံ၏အမှတ် ၃ ဓာတ်ပေါင်းဖိုကို ဇူလိုင်လ ၁ ရက်နေ့ညတွင် လည်ပတ်မှုပြန်လည်စတင်ခဲ့ကြောင်း သိရသည်။  
ယင်းစက်ရုံအပြင်ဘက်တွင် ဆန္ဒပြသူများက ဇူလိုင်လ ၁ ရက် အစောပိုင်း၌ စုရုံးခဲ့ပြီး ''နျူစက်ရုံ ပြန်လည်စတင်ခြင်း အလိုမရှိ''ဟု ကြွေးကြော်ကာ ဆန္ဒပြခဲ့ကြသည်။ 
ဓာတ်ပေါင်းဖိုပြန်လည် လည်ပတ်ခြင်းလုပ်ငန်းစဉ်မှာ နာရီနှင့်ချီ ကြာမြင့်နိုင်ကြောင်း သိရသည်။ ယင်းဓာတ်ပေါင်းဖိုမှ ထွက်ရှိသော ဓာတ်အားများကို ဂျပန်အနောက်ဘက်သို့ စတင်ပို့လွှတ်သွားမည်ဖြစ်ပြီး ယင်းအနောက်ဘက်တွင် ဒုတိ ယအကြီးဆုံးမြို့ဖြစ်သော အိုဆာကာလည်းရှိပြီး ဇူလိုင်လ ၄ ရက်တွင် စတင်ဖြန့်ဝေနိုင်မည်ဟု မျှော်လင့်ထားကြောင်း သိရသည်။ အမှတ် ၄ ဓာတ်ပေါင်းဖိုကို ဇူလိုင်လ ၂၄ ရက်တွင် ပြန်လည်လည်ပတ်ရန် စီစဉ်ထားကြောင်းလည်း သိရသည်။

ဂျပန်တွင် ၂၀၁၁ ခုနှစ်၊ နျူကလီးယား အကျပ်အတည်းမတိုင်မီ လျှပ်စစ်စွမ်းအင် လိုအပ်ချက်အားလုံး၏ ၃၀ ရာခိုင်နှုန်းကို နျူကလီးယား စွမ်းအင်အပေါ် မှီခိုရကြောင်း အစိုးရ ထုတ်ပြန်သော ကိန်းဂဏန်းများအရ သိရသည်။  



LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment