ကမ္ဘာ့သတင်းများ  19/07/2012

 

နိုင်ငံတကာသတင်း


တရုတ်ဖိအားကြောင့် အာဆီယံစိတ်ဝမ်းကွဲ


သြဇာပိုပြီးကြီးထွားလာနေတာကြောင့် တောင်တရုတ်ပင်လယ်အတွင်း နယ်မြေအငြင်းပွားမှုနဲ့ ပတ်သက်ပြီး အရှေ့တောင်အာရှနိုင်ငံတွေက တစုတစည်းတည်းဖြေရှင်းဖို့ လုပ်ဆောင်နေတာဟာ ပိုပြီးတော့ ရှုပ်ထွေးလာခဲ့တယ်လို့ အကဲခတ်တွေက ပြောလိုက်ပါတယ်။

အရှေ့တောင်အာရှနိုင်ငံ ၁၀ နိုင်ငံပါဝင်တဲ့ အာဆီယံအဖွဲ့ဟာ ပြီးခဲ့တဲ့တပတ်က ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ ဒေသတွင်း အစည်း အဝေးမှာ ပူးတွဲကြေငြာချက်ထုတ်နိုင်ခြင်းမရှိခဲ့ပါဘူး။ ဒါဟာ နှစ်ပေါင်း ၄၅ နှစ်အတွင်း ပထမဆုံးအကြိမ် ပူးတွဲကြေငြာချက်ထုတ်ပြန်နိုင်ခဲ့ခြင်း မရှိခဲ့တာဖြစ်ပြီး နယ်မြေ အငြင်း ပွားမှုပြဿနာနဲ့ ပတ်သက်ပြီးတော့ သဘောထားတွေကွဲပြားနေတယ် ဆိုတာကို ပြသလိုက်ပါတယ်။

အခုလို အဖွဲ့အတွင်းမှာ မညီမညွတ်ဖြစ်နေတာဟာ တရုတ်နိုင်ငံရဲ့ နိုင်ငံရေးဖိအားတွေနဲ့ အများစု သက်ဆိုင်နေပါတယ်။ တရုတ်နိုင်ငံဟာ သူတို့နဲ့ ပင်လယ်ရေပိုင်နက် နယ်နိမိတ်အငြင်းပွားနေတဲ့ နိုင်ငံ ၅ နိုင်ငံနဲ့ သာ သီးခြားဆွေးနွေးလိုပြီး အာဆီယံအဖွဲ့တခုလုံးနဲ့ ဆွေးနွေးလိုခြင်းမရှိပါဘူး။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မာတီနာတာလီ ဂါဝါဟာ အရှေ့တောင်အာရှနိုင်ငံတွေကို အရေးပေါ် ခရီးထွက်နေပြီး သူ့အဆိုအရတော့ ဒီခရီးစဉ်ဟာ တောင်တရုတ်ပင်လယ်နဲ့ ပတ်သက်ပြီး  အာဆီ ယံနိုင်ငံတွေရဲ့ ညီညွတ်မှုကို ပြန်ပြီးတော့ ရရှိဖို့ဖြစ်တယ်လို့ ပြောပါတယ်။ ကမ္ဘောဒီးယားနိုင်ငံမှာတော့ သူက  တိုးတက်မှုတချို့ရှိခဲ့တယ်လို့ ပြောခဲ့ပါတယ်။


ဆီးရီးယားအရေး လုံခြုံရေးကောင်စီဆုံးဖြတ်ချက်မူကြမ်း ရုရှားနဲ့တရုတ်ပယ်ချ


ဆီးရီယားမှာ အကြမ်းဖက်မှုတွေကို မရပ်တန့်ရင် ပိတ်ဆို့အရေးယူမယ်လို့ ခြိမ်းခြောက်ထားတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ဟာ ရုရှားနဲ့ တရုတ်က ဗီတိုသုံးပယ်ချတာကြောင့် ဆုံးဖြတ်ချက်မကျခဲ့ဘူးလို့ အမေရိကန်ပြည်ထောင်စုက ပြောလိုက်ပါတယ်။

ဒီ ဗီတိုသုံးပယ်ချလိုက်မှုဟာ အန္တရာယ်ကြီးပြီးတော့ အတော်လေး ဆိုးဝါးတဲ့ကိစ္စဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဆူဇန် ရိုက်စ်က ပြောပါတယ်။ လုံခြုံရေးကောင်စီကနေ အခုလို အရေးယူမှု မလုပ်နိုင်တာကြောင့် အဲဒီဒေသတခုလုံးကိုပါ ရိုက်ခတ်သွားနိုင်တဲ့စစ်ပွဲတွေ၊ အကြမ်းဖက်မှုတွေ ပိုဖြစ်လာနိုင်တယ်လို့လည်း ဆူဇန် ရိုက်စ်က သတိပေးလိုက်ပါတယ်။

အဆိုပြုထားတဲ့ ဆုံးဖြတ်ချက်မူကြမ်းမှာ ဆီးရီယားနိုင်ငံတွင်း ကုလသမဂ္ဂ စောင့်ကြည့်ရေးအဖွဲ့တွေ ဆက်ထားနိုင်ရေး သက်တမ်းတိုးဖို့ ပါဝင်ပါတယ်။ ဒါ့အပြင် ဆီးရီးယားသမ္မတ အာဆဒ်အစိုးရအနေနဲ့ သူပုန်တွေနဲ့ အရပ်သားတွေကို လက်နက်ကြီးသုံးပြီး ပစ်ခတ်တိုက်ခိုက်နေတာတွေကို ၁၀ ရက် အတွင်း မရပ်တန့်ဘူးဆိုရင် ဒဏ်ခတ် အရေးယူတာခံရမယ်လို့လည်း ခြိမ်းခြောက် အကြပ်ကိုင်ထား တာ ပါဝင်ပါတယ်။ ဒါ့အပြင် သမ္မတ အာဆဒ်အနေနဲ့ အထူး ကိုယ်စားလှယ် ကိုဖီအာနန်ရဲ့ ငြိမ်းချမ်း စွာ နိုင်ငံရေးအသွင်ကူးပြောင်းမှု အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ကိုလည်း တိုက်တွန်းထားပါ တယ်။
ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်ကြီး Vitaly Churkin ကတော့ ပိတ်ဆို့အရေးယူမယ်လို့ ခြိမ်းခြောက်တဲ့၊ နောက်ပြီး စစ်ရေးအရ ကျူးကျော်နိုင်ဖို့ လမ်းဖွင့်ပေးတဲ့ပုံစံမျိုး ဘယ်လို စာ၊ ဘယ် လို ကြေညာချက်မျိုးကိုမှ ရုရှားအနေနဲ့ လက်မခံနိုင်ဘူးလို့ ပြောပါတယ်။

ဆီးရီယားနိုင်ငံတွင်း ကုလသမဂ္ဂစောင့်ကြည့်ရေးအဖွဲ့ရဲ့ သက်တမ်းဟာ အခု သောကြာနေ့မှာ ကုန်ဆုံး မှာဖြစ်ပါတယ်။ အဲဒီအတွက် သက်တမ်းတိုးပြီး ဆက်ထားမထားဆိုတာတော့ မကျိန်းသေတော့ပါဘူး။ အမေရိကန်သံအမတ်ကြီး ဆူဇန်ရိုက်စ်ကတော့ သမ္မတအာဆဒ်အစိုးရကို ဖိအားပေးဖို့နဲ့ ဆီးရီးယားနိုင်ငံတွင်းက လိုအပ်ချက်တွေကို အကူအညီပေးနိုင်ဖို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ လုံခြုံရေးကောင်စီ အပြင်ပန်းက အမျိုးမျိုးသော အမေရိကန်လက်တွဲဘက် မဟာမိတ်တွေနဲ့ အတူတကွ ဆောင်ရွက်သွားမယ်လို့ ပြောလိုက်ပါတယ်။

တိုကျိုတွင် နျူဆန့်ကျင်ရေး လူတစ်သိန်းကျော်ဆန္ဒပြ

ဂျပန်နိုင်ငံမြို့တော် တိုကျိုတွင် လူထောင်ပေါင်းများစွာသည် ဇူလိုင်လ ၁၆ ရက်က နျူစွမ်းအင် အသုံးပြုမှု ရပ်ဆိုင်းရေးအတွက် တောင်းဆိုဆန္ဒပြခဲ့ရာ ဖူကူရှီးမား နျူကလီးယားအကျပ်အတည်းအပြီး နျူစွမ်းအင် အသုံးပြုမှု ရပ်ဆိုင်းရေးအတွက် တောင်းဆိုဆန္ဒပြမှုများအနက် နောက်ဆုံးဆန္ဒပြမှုတစ်ခု ဖြစ်လာခဲ့သည်။ 
အစိုးရ ရုံးပိတ်ရက်ဖြစ်သည့် ယင်းနေ့တွင် နေမှာပူပြင်းနေသော်လည်း ဆန္ဒပြသူများအတွက် ယိုယိုဂျီပန်းခြံအနီး လမ်းများတစ်လျှောက် ချီတက်ဆန္ဒပြခဲ့ပြီး ''နျူစွမ်းအင်စီမံကိန်း ပြန်စခြင်း ရပ်ဆိုင်းပါ။ ၀န်ကြီးချုပ် နိုဒါ နုတ်ထွက်သင့်ပါတယ်''ဟူသော ကြွေးကြော်သံများကို အော်ဟစ်ခဲ့ကြသည်။ ဆန္ဒပြသူ အရေအတွက်မှာ ၁၇၀၀၀၀ အထိရှိမည်ဟု ဆန္ဒပြမှုစီစဉ်သူများက ပြောကြားခဲ့ရာ ပြီးခဲ့သောနှစ် သဘာဝဘေးအန္တရာယ်နှင့် နျူအကျပ်အတည်းအပြီး လူအများဆုံး ပါဝင်ဆန္ဒပြမှုတစ်ခု ဖြစ်ခဲ့သည်။ ဆန္ဒပြသူများတွင် နိုဘယ်ဆုရ စာရေးဆရာ ကင်ဇာဘူရိုအိုအီနှင့် ဂီတပညာရှင်နှင့် တေးရေးဆရာ ရူအီချီဆာကာမိုတိုတို့လည်း ပါဝင်သည်။  



အမေရိကန်သမ္မတ ဘာရက်အိုဘားမားကို လုပ်ကြံရန် ခြိမ်းခြောက်မှု၊ အကြမ်းဖက်သမားများအတွက် ကုန်ကြမ်းများ ထောက်ပံ့ပေးမှုနှင့် တရားမ၀င် လက်နက်ခဲယမ်းများ လက်ဝယ်ရှိမှုပြစ်မှုများဖြင့် ဥဇဘက် နိုင်ငံသားတစ်ဦးကို အမေရိကန် ဖက်ဒရယ်တရားရုံးက ထောင်ဒဏ် ၁၅ နှစ်နှင့် ရှစ်လချမှတ်ခဲ့ကြောင်း အမေရိကန် အစိုးရရှေ့နေများက ပြောကြားခဲ့သည်။
အသက် ၂၂ အရွယ်ရှိ ဥဇဘက်နိုင်ငံသား Ulugbek Kodirov သည် အမေရိကန်နိုင်ငံသို့ ကျောင်းသား ဗီဇာဖြင့် ၂၀၀၉ ခုနှစ်တွင် ၀င်ရောက်ခဲ့ခြင်းဖြစ်သော်လည်း ကျောင်းဝင်ခွင့် မအောင်ခဲ့သဖြင့် ၂၀၁၀ ပြည့်နှစ်ဧပြီလတွင် ဗီဇာ ရုပ်သိမ်းခံခဲ့ရသည်။ ဗီဇာရုပ်သိမ်းခံရသော်လည်း အမေရိကန်မှ ထွက်ခွာခြင်းမပြုဘဲ တရားမ၀င်နေထိုင်ခဲ့ခြင်းဖြစ်သည်။ ထောင်ဒဏ်ကျခံရမှု ပြီးဆုံးပါက ဥဇဘက်ကစ္စတန်သို့ ပြည်နှင်ခံရမည်ဖြစ်ကြောင်း သိရသည်။
သူလျို့အဖွဲ့တစ်ခုထံမှ ဖောက်ခွဲရေးပစ္စည်းများနှင့် သေနတ်များ ၀ယ်ယူရန်ကြိုးစားခဲ့သည့် Kodirov ကို ၂၀၁၁ ခုနှစ် ဇူလိုင် ၁၃ ရက်နေ့တွင် အလာဘားမားရှိ မိုတယ်တစ်ခု၌ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

Islamic Movement of Uz-bekistan အဖွဲ့ဝင်တစ်ဦးဟု သံသယရှိသူတစ်ဦးနှင့် အဆက်အသွယ်ရှိခဲ့သည်ဟု Kodirov က ၀န်ခံခဲ့သည်။ Islamic Movement of Uzbe-kistan ကို ပြည်ပအကြမ်းဖက်အဖွဲ့တစ်ခုအဖြစ် အမေရိကန်နိုင်ငံခြား ရေးဝန်ကြီးဌာနက စာရင်းသွင်းထားသည်။


အာဖရိကသမဂ္ဂကို အမျိုးသမီးတစ်ဦး ပထမဆုံးအကြိမ် ဦးဆောင်မည်

အဖွဲ့ဝင် ၅၄ နိုင်ငံပါဝင်သော အာဖရိကသမဂ္ဂကို ဦးဆောင်မည့်သူရွေးချယ်ပွဲကို ပြုလုပ်ခဲ့ရာ ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးတစ်ဦးက ယင်းအဖွဲ့ကို ဦးဆောင်ရတော့မည်ဖြစ်ကြောင်း သိရသည်။ 
တောင်အာဖရိက ပြည်ထဲရေးဝန်ကြီး အင်ကိုဆာဇာနာဒီလာမီနီဇူးမားကို အကြိတ်အနယ် ယှဉ်ပြိုင်ရသော မဲခွဲမှုအပြီး ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ အသက် ၆၃ နှစ်ရှိ ဒီလာမီနီဇူးမားမှာ တောင်အာဖရိကသမ္မတ ဂျက်ကော့ဇူးမား၏ ဇနီးဟောင်းဖြစ်သည်။
ဇူလိုင်လ ၁၅ ရက်တွင် အီသီ ယိုးပီးယားနိုင်ငံမြို့တော် အက်ဒက်စ် အက်ဘာဘာမြို့တွင် ရွေးချယ်ပွဲပြု လုပ်ခဲ့ပြီး မဲသုံးပုံနှစ်ပုံရမှသာ ရွေးချယ်ခံရခြင်းဖြစ်သည်။ ပြင်သစ်စကား အသုံးများသော အာဖရိကအနောက်ခြမ်းမှ နိုင်ငံ ၃၀ ကျော်က လက်ရှိဥက္ကဋ္ဌဖြစ်သူ အသက် ၆၉ နှစ်ရှိ ဂါဘွန်သမ္မတ ယန်းပင်းကို ထောက်ခံသည်။ သို့သော် တောင်အာဖရိကသမ္မတ ဇူးမား ဦးဆောင်သော တောင်အာဖရိက ဖွံ့ဖြိုးတိုးတက်ရေး အသိုက်အ၀န်းကမူ ဇူး ဒီလာမီနီဇူးမားကို ထောက်ခံသည်။ 
ဥက္ကဋ္ဌသစ်အနေဖြင့် အာဏာသိမ်းမှုဖြစ်ခဲ့သော ဂီနီဘစ်ဆာအိုနှင့် မာလီအရေးစသည့်တို့ကို ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်သည်။ ပင်းလက်ထက်တွင် အိုင်ဗရီကို့စ်အာဏာသိမ်းမှုအပေါ် တုံ့ပြန်မှု နှေးကွေးမှုအတွက် ဝေဖန်ခံခဲ့ရသည်။ 


စစ်ဘေးသင့် ဆိုမာလီယာတွင် လူနှစ်သန်းခွဲကျော် အငတ်ဘေးကြုံနေရဆဲ

စစ်ဘေးသင့် ဆိုမာလီယာတွင်  နိုင်ငံတကာက အကူအညီ ကြီးကြီးမားမား ပေးနေသော်လည်း လူနှစ်သန်းခွဲကျော်မှာ အငတ်ဘေး ကြုံနေရဆဲဖြစ်ပြီး အခြေအနေမှာ ပိုမိုဆိုးရွားလာနေကြောင်း ကုလသမဂ္ဂက ဇူလိုင်လ ၁၇ ရက်တွင် သတိပေးချက် ထုတ်ပြန်ခဲ့သည်။ ဆိုမာလီယာတွင် ပြီးခဲ့သောနှစ် ဇူလိုင်လ၌ အငတ်ဘေး ကျရောက်သောဇုန်များကို ကြေညာခဲ့ရသည်။
ဆိုမာလီယာတွင် ကလေးမွေး သေနှုန်းနှင့် အာဟာရချို့တဲ့မှုနှုန်းမှာ အတိုင်းအတာတစ်ခုအထိ တိုးတက်မှုရှိခဲ့သော်လည်း ကမ္ဘာပေါ်တွင်မူ အမြင့်ဆုံးနိုင်ငံအဖြစ် ရှိနေဆဲဖြစ်ကြောင်း ဆိုမာလီယာအတွက် ကုလလူသားချင်း ထောက်ထားမှု အကူအညီပေးရေး ဌာနေကိုယ်စားလှယ် မာ့ခ်ဘိုဒင်က ပြောကြားခဲ့သည်။ အသက်ငါးနှစ်အောက် ကလေးအားလုံး၏ ငါးပုံတစ်ပုံခန့်ဖြစ်သော ကလေး ၃၂၃၀၀၀ ခန့်မှာ အာဟာရအလွန်အမင်း ချို့တဲ့မှုကြုံနေရသည်။
၂၀၁၁ ခုနှစ်တွင် ဆိုးရွားသော မိုးခေါင်မှုနှင့် နိုင်ငံတောင်ပိုင်းရှိ ဒေသအများအပြားတွင် စစ်ဒဏ်ကြုံခဲ့ရခြင်းကြောင့် အငတ်ဘေးများကြုံခဲ့ရပြီး လူထောင်ပေါင်းများစွာ သေဆုံးခဲ့သည်ဟုယုံကြည်ရကြောင်း သိရသည်။
ယခုနှစ်၊ ဖေဖော်ဝါရီလတွင် အငတ်ဘေးကျရောက်မှု ကြေညာထားမှုကို ပြန်လည်ရုပ်သိမ်းခဲ့သော်လည်း အခြေအနေမှာ ဆိုးရွားနေဆဲဖြစ်ပြီး လာမည့်လများအတွင်း မိုးခေါင်မှု၊ ရိတ်သိမ်းချိန် နောက်ကျမှု၊ ပဋိပက္ခများ မပြေလည်သေးမှုတို့ကြောင့် အနည်းငယ် ကောင်းမွန်လာသော အခြေအနေ ပြန်လည်ဆိုးရွားသွားနိုင်ကြောင်းလည်း သိရသည်။ 

အလှူရှင် နိုင်ငံများကလည်း လိုအပ်သောအလှူငွေ ထက်ဝက်ခန့်ကိုသာ ထောက်ပံ့ပေးနိုင်သေးပြီး ဒေါ်လာ ၅၇၆ သန်းခန့် လိုအပ်မှုနှင့် ရရှိမှု ကွာဟနေဆဲဖြစ်ကြောင်း သိရသည်။

LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment