ကမ္ဘာ့သတင်းများ  22/07/2012


နိုင်ငံတကာသတင်း


တရုတ်-အမေရိကန် လူ့အခွင့်အရေးဆွေးနွေးပွဲ တနင်္လာနေ့ စတင်မည်


တရုတ်အစိုးရဟာ အမေရိကန် အစိုးရနဲ့ လူ့အခွင့်အရေး ဆွေးနွေးပွဲတွေ ပြန်စတင်မယ်လို့ တရုတ်အစိုးရ သတင်းဌာနက ပြောပါတယ်။ တရုတ်နဲ့ အမေရိကန်ဟာ စီးပွားရေးနဲ့ မူဝါဒရေးရာ ဆွေးနွေးပွဲတွေ မကြာခဏပြုလုပ်သလိုပဲ ဒီလို လူ့အခွင့်အရေး ဆွေးနွေးပွဲတွေကိုလည်း ပုံမှန်လို ကျင်းပလာတာပါ။ ဒါပေမဲ့ လူ့အခွင့်အရေးနဲ့ ပတ်သတ်ပြီး ဝိဝါဒ ကွဲပြားမှုတွေကိုတော့ သိသိသာသာ မလျှော့ချနိုင်သေးပါဘူး။

ဧပြီလက ဆွေးနွေးပွဲတွေ ကျင်းပပြီးတဲ့နောက်မှာတော့ ဒီအစည်းအဝေးတွေမှာ လေးလေးစားစား ဆွေးနွေးကြပေမဲ့ ရေရာတဲ့ရလဒ်တော့ မရဘူးလို့ အမေရိကန် အထူးကိုယ်စားလှယ်က ပြောပါတယ်။ အခုတခေါက် ဆွေးနွေးပွဲကို ၀ါရှင်တန် မြို့တော်မှာ တနင်္လာနေ့မှာ စတင်မယ်လို့ Xinhua သတင်းဌာနက သောကြာနေ့ကပဲ ကြေညာသွားပါတယ်။

တရုတ်အစိုးရက သူ့နိုင်ငံသား သန်း ၁,၃၀၀ ရဲ့ လူနေမှု အဆင့်အတန်းကို အခြေခံပြီးတော့ပဲ လူ့အခွင့်အရေး ဆိုတာကို အဓိက သတ်မှတ်တာဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာက လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ခွင့်နဲ့ နိုင်ငံရေးနဲ့ ပတ်သတ်တဲ့ လှုပ်ရှားမှုတွေကို တရုတ်အစိုးရက တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတာပါ။ ဒါတွေကိုက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်တယ်လို့ အမေရိကန်အစိုးရက ရှုမြင်တာဖြစ်ပါတယ်။

နိုင်ငံတကာ AIDS ညီလာခံစတင်


ကမ္ဘာပေါ်က AIDS ရောဂါဆိုင်ရာ ထိပ်တန်းသုတေသီတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ၊ သံတမန်တွေ နဲ့ တခြားတာဝန်ရှိသူ ၂ သောင်းခွဲလောက်ဟာ ဒီကနေ့ တနင်္ဂနွေနေ့မှာ ကျင်းပမယ့် နိုင်ငံတကာ AIDS တိုက်ဖျက်ရေး ညီလာခံမှာ စုဝေးတွေ့ဆုံကြမှာ ဖြစ်ပါတယ်။

၂ နှစ်တကြိမ် ကျင်းပနေတဲ့ ဒီညီလာခံကို ဇူလိုင်လ ၂၂ ရက်နေ့က ၂၇ ရက်နေ့အထိ ၀ါရှင်တန်မြို့တော်မှာ ကျင်းပမှာဖြစ်ပါတယ်။ ၀ါရှင်တန်မြို့တော်ဟာ အမေရိကန်နိုင်ငံမှာ HIV ရောဂါပိုး အများဆုံးရှိနေတဲ့ မြို့တွေထဲက တခုဖြစ်ပါတယ်။

အဲဒီညီလာခံမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလရီကလင်တန်၊ အရင်သမ္မတဟောင်း ဘီလ်ကလင်တန် နဲ့ သမ္မတကတော်ဟောင်း မစ္စလော်ရာဘုရှ် တို့က မိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်။ မိန့်ခွန်းပြောကြားမယ့် တခြား ထိပ်တန်းပုဂ္ဂိုလ်တွေ အထဲမှာ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ Jim Yong Kim နဲ့ Microsoft ကုမ္ပဏီဥက္ကဋ္ဌ Bill Gates တို့လည်း ပါဝင်ပါတယ်။ကမ္ဘာပေါ်မှာ HIV/AIDS ရောဂါဖြစ်နေသူ ၃၄ သန်းရှိပြီး၊ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်က ဒီရောဂါကြောင့် သေဆုံးသူ ၁.၇ သန်းရှိတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

ပြောင်း၊ ဂျုံဈေး ရုတ်တရက် မြင့်တက်မှု ကုလ စိုးရိမ်


ကမ္ဘာ့ဈေးကွက်မှာ ပြောင်းနဲ့ ဂျုံဈေးတွေ လွန်ခဲ့တဲ့ သီတင်း ၃ ပတ်ထဲမှာကို ၂၀ ရာခိုင်နှုန်း မြင့်တက်သွားတဲ့အပေါ် ကုလသမဂ္ဂရဲ့ စားနပ်ရိက္ခာနဲ့ လယ်ယာ စိုက်ပျိုးရေးအဖွဲ့ FAO က စိုးရိမ်နေပါတယ်။ ဈေးတက်သွားပုံဟာ ရုတ်တရက် ထိုးတက်သွားတာမျိုး ဖြစ်တယ်လို့ FAO အဖွဲ့က စီးပွားရေးပညာရှင် ရွှတ်ကရီး အာမက် (Shukri Ahmed) က ပြောပါတယ်။မေလ မတိုင်ခင်အထိက ကမ္ဘာတဝန်းမှာ ပြောင်းစိုက်ပျိုးမှု အထွက်တိုးမယ်လို့ ကျွမ်းကျင်သူတွေက မျှော်လင့်ထားခဲ့ကြတာလို့ သူက ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုက ပြောင်းစိုက်ပျိုးတဲ့ ဒေသတွေမှာ မိုးခေါင်ရေရှား ဖြစ်နေတာကြောင့် ပြောင်းဈေးတွေ တက်သွားခဲ့သလို ပင်လယ်နက်ဒေသမှာ ပူပြင်း ခြောက်သွေ့တဲ့ ရာသီဥတုကလည်း ဂျုံစိုက်ပျိုးမှုကို ထိခိုက်နေတယ်လို့ FAO ကမ္ဘာတဝန်း သတင်းအချက်အလက်နဲ့ ကြိုတင် သတိပေးဌာနက သောကြာနေ့က သတင်းထုတ်ပြန်ပါတယ်။

ခုလို စားသောက်ကုန်ဈေးတွေ တက်သွားတာကြောင့် ပြည်တွင်းလိုအပ်ချက်ကြောင့် ပြည်ပပို့ကုန်တွေကို မှီခိုအားကိုးနေရတဲ့ အစိုးရတွေအတွက် ခက်ခဲတဲ့ ရွေးချယ်မှုတွေ လုပ်ရနိုင်တယ်လို့ FAO အဖွဲ့က စီးပွားရေးပညာရှင် မစ္စတာ ရွှတ်ကရီး အာမက်က ပြောပါတယ်။




ယူကရိန်းနိုင်ငံသည် အရေးကြီး သော ဒုံးကျည်ထုတ်လုပ်ရေးအချက် အလက်များကိုရယူရန်ကြိုးပမ်းခဲ့သော မြောက်ကိုရီးယားသူလျိုနှစ်ဦးအား ထောင်ဒဏ် ရှစ်နှစ်ချမှတ်ခဲ့ကြောင်း ဥပဒေပြုရေးအရာရှိတစ်ဦးက ဇူလိုင်လ ၁၆ ရက်နေ့ကပြောကြားခဲ့သည်။
ယင်းဆုံးဖြတ်ချက်ကို ပြီးခဲ့သည့်လက ထုတ်ပြန်ခဲ့ခြင်းဖြစ်သော်လည်း အကျဉ်းသားများအား နေရပ်သို့ ပြန်လည်မပို့ဘဲ ယူကရိန်းတွင်သာ အကျဉ်းချထားမည်ဖြစ်ကြောင်းကိုမူ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကမှ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။သူလျိုနှစ်ဦးသည် ရုရှားနိုင်ငံ၏ အိမ်နီးချင်း ဘီလာရုစ်နိုင်ငံ၏ မြို့တော်မင့်စ်ခ်၌ မြောက်ကိုရီးယား ကုန်သွယ်ရေးအဖွဲ့တွင် အလုပ်လုပ်နေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယူကရိန်းနိုင်ငံသည် ဆိုဗီယက်စစ်တပ်အတွက် ဒုံးကျည်များနှင့် ယနေ့ ရုရှားနိုင်ငံတွင် အသုံးပြုနေသော အာကာသနည်းပညာများ အခြေစိုက်ရာ အရေးကြီးသောနေရာတစ်ခု ဖြစ်သည်။ Segodnya သတင်းစာတွင် ဖော်ပြချက်အရ ယင်းသူလျိုနှစ်ဦးသည် စစ်အေးကာလအတွင်းက တိုက်ချင်းပစ်ဒုံးကျည် SS-18 အား တီထွင်ခဲ့မှုဖြင့် ကျော်ကြားလာသော Yuzhnoye ဌာနမှ လောင်စာရည် အသုံးပြုအင်ဂျင်နှင့် အခြားလျို့ဝှက် အချက်အလက်များအား ခိုးယူရန် ကြိုးစားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။




တရုတ်လူ့အခွင့်အရေး လှုပ်ရှားသော မျက်မမြင် အမျိုးသမီးတစ်ဦးသည် စစ်ဆေးမေးမြန်းမှုခံနေရစဉ်အတွင်း ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း ဟောင်ကောင်လူ့အခွင့်အရေး လှုပ်ရှားသည့်အဖွဲ့က ထုတ်ပြန်ခဲ့သည်။
တရုတ်လူ့အခွင့်အရေး လှုပ်ရှားသူ မျက်မမြင်ချင်ကွမ်းချန်သည် ပြီးခဲ့သောသုံးလက သူ့ကိုလုံခြုံရေး ထူထပ်စွာ စောင့်ကြပ်နေသည့်ကြားမှ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ယခုအခါ အမေရိကန် ကာကွယ်ပေးမှုအောက်တွင် ရောက်ရှိနေခဲ့ပြီးနောက် ယခု အခါ အလားတူဖြစ်စဉ်မျိုး ထပ်ဖြစ်ခဲ့ခြင်းဖြစ်သည်။ 
အသက် ၅၇ နှစ်ရှိ Li Guizhi သည် ဇူလိုင်လ ၁ ရက်တွင် ဟောင်ကောင်၌ ဒီမိုကရေစီထောက်ခံမှု ဆန္ဒပြပွဲတွင်ပါဝင်နိုင်ရန် ဟောင်ကောင်သို့ ၀င်ရောက်ရန် ကြိုးပမ်းစဉ် နိုင်ငံတောင်ပိုင်းရှိ Shenzhen မြို့နယ်စပ်တွင် ထိန်းသိမ်းခံရခြင်းဖြစ်ပြီး ဆွေ မျိုးများ၏ အကူအညီဖြင့် ယခုသီတင်းပတ်အတွင်း ထွက်ပြေးလွတ်မြောက်ခဲ့ခြင်းဖြစ်ကြောင်း တရုတ်လူ့အခွင့်အရေး ကာကွယ်ရေးမဟာမိတ်အဖွဲ့က ထုတ်ပြန်ခဲ့သည်။ 
၂၀၀၆ ခုနှစ်တွင် ရုတ်တရက် သေဆုံးခဲ့ပြီး ချက်ချင်းသင်္ဂြိုဟ်ခံရသော သူ၏သားနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးပေးရန် Li က အစိုးရ တာဝန်ရှိသူများကို တောင်းဆိုခဲ့သည်မှာ နှစ်ချီလာပြီဖြစ်သည်။ သူ့သားအလောင်းကို Li က မတွေ့လိုက်ရပေ။
ဟောင်ကောင်ကို ဗြိတိန်ထံမှ တရုတ်လွှဲယူခြင်း ၁၅ နှစ်ပြည့် ဆန္ဒပြပွဲတွင် Li က သူ၏ သားနှင့်ပတ်သက်ပြီး အသနားခံတင်ပြနိုင်ရေးအတွက် ဟောင်ကောင်သို့ ၀င်ရောက်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့မှ ပြောခွင့်ရပုဂ္ဂိုလ် လျူဝေဖင်းက ဇူလိုင်လ ၁၉ ရက်တွင် ပြောကြားခဲ့သည်။




ရာထူးမှ ထုတ်ပယ်ခြင်းခံရသော ပါကစ္စတန် ၀န်ကြီးချုပ်ဖြစ်သူ၏ အကြီးဆုံးသားသည် ဖခင်၏ လစ်လပ်သွားသော အမတ်နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရရွေး ကောက်ခံခဲ့ရကြောင်း သိရသည်။
ယူဆွတ်ရာဇာဂီလာနီအား လက်ရှိသမ္မတ အဆစ်ဖ်အလီဇာဒါရီ၏ လာဘ်စားမှုကိစ္စရပ်များကို ပြန်လည် စစ်ဆေးရန်ငြင်းဆန်ခဲ့သည့်အတွက် ၀န်ကြီးချုပ်ရာထူးမှ ဖယ်ရှားခံရပြီး တစ်လအကြာတွင် သားဖြစ်သူ အဗ္ဗဒူလ်ကာဒါးဂီလာနီသည် ကြားဖြတ်ရွေးကောက်ပွဲ၌ မိသားစု မဲဆန္ဒနယ်ဖြစ်သည့် Multan မြို့တွင် ဇူလိုင်လ ၁၉ ရက်နေ့က အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ 
အဗ္ဗဒူလ်ကာဒါးဂီလာနီသည် မဲ ၆၄၆၂၈ မဲရရှိခဲ့ကာ အဓိကပြိုင်ဘတ်ဖြစ်သူ ၆၀၅၃၂ မဲ ရရှိခဲ့သည့် Shaukat Bosan အားအနိုင်ရရှိခဲ့ကြောင်း ဒေသခံမီဒီယာတစ်ခုတွင် ဖော်ပြခဲ့သည်။
ယင်း Shaukat Bosan အား ၀န်ကြီးချုပ်ဟောင်း နာဝပ်ရှရစ်ဖ် ဦးဆောင်သော Pakistan Muslim League-N ပါတီနှင့် ခရစ်ကတ်က စားသမားဘ၀မှ နိုင်ငံရေးသမားဘ၀သို့ ကူးပြောင်းလာသော အီမရန်ခန်း၏ Pakistan Tehreek-e-Insaaf  ပါတီတို့မှ ထောက်ခံပေးထားခဲ့ခြင်း ဖြစ်သည်။
ရုပ်မြင်သံကြားလိုင်းတစ်ခုတွင် ၀န်ကြီးချုပ်ဟောင်း ယူဆွတ်ရာဇာဂီလာနီသည် သားဖြစ်သူ၏ အောင်မြင်မှုအတွက် ဂုဏ်ပြုပွဲကျင်းပနေသည်ကို ထုတ်လွှင့်ပြသခဲ့ပြီး အဗ္ဗဒူလ်ကာဒါးကလည်း ထောက်ခံသူများ အားကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
သမ္မတဇာဒါရီကလည်း အဗ္ဗဒူလ်၏ အောင်မြင်မှုအတွက် ဂုဏ်ပြုကြောင်းနှင့် ''ပြည်သူလူထုရဲ့ ဆုံးဖြတ်ချက်ဟာ နောက်ဆုံးမှာ အခြားသူတွေရဲ့ ဝေဖန်ချက်တွေကို ဖြတ်ကျော်နိုင်ခဲ့ပါတယ်''ဟု ပြောကြားခဲ့သည်။
ပါကစ္စတန် တရားရုံးချုပ်သည် ပြီးခဲ့သည့်အပတ်က ၀န်ကြီးချုပ်သစ် ရာဇာပါဗက်ဇ်အက်ရှ်ဖက်အား ဇူလိုင်လ ၂၅ ရက်နေ့ မတိုင်မီ ဆွစ်ဇာလန် အာဏာပိုင်များထံ ၂၀၀၈ ခုနှစ် ဇာဒါရီသမ္မတရာထူး စတင်ရရှိစဉ်က ရွှေ့ဆိုင်းထားသော အကျင့်ပျက်ခြစားမှုဆိုင်ရာ အမှုများအား ပြန်ဖွင့်ပေးရေး စာရေးသားရန် ညွှန်ကြားထားခဲ့သည်။

ထို့ပြင် တရားရုံးချုပ်က အက်ရှ်ဖက်သာ ယင်းကိစ္စအားလိုက်နာခြင်း မရှိပါက အခြေခံဥပဒေနှင့် ဥပဒေအရ သင့်တော်သလို ဆက်လက်လုပ် ဆောင်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားပြီး ဆိုလိုသည့်အဓိပ္ပာယ်မှာ ယခုနှစ်နှောင်းပိုင်းတွင် ရွေးကောက်ပွဲ စောခေါ်ရန် ဖိအားပေးမည့်သဘော ဖြစ်သည်။




တရုတ်နိုင်ငံတွင် ကလေးများ၌ အဖြစ်များသော လက်ခြေပါးစပ် ကူးစက်ရောဂါ (Hand,Foot and Mouth Disease-HFMD) ဖြစ်ပွားနေပြီး ကမ္ဘောဒီးယားနိုင်ငံနှင့် ထိုင်းနိုင်ငံတွင် မူကြိုနှင့် မူလတန်းကျောင်းအချို့ကို ပိတ်ထားခဲ့ရသည်။
ကမ္ဘောဒီးယားနိုင်ငံတွင် ဖြစ်ပွားနေသော HFMD မျိုးကွဲမှာ သေစေနိုင်လောက်သည်အထိ ပြင်းထန်ပြီး အနည်းဆုံး ကလေး ၅၄ ဦးမျှ ယင်းရောဂါဖြင့် သေဆုံးခဲ့ပြီဖြစ်ကာ အများစုမှာ သုံးနှစ်အောက်များဖြစ်သည်ဟု သိရသည်။ ကမ္ဘောဒီးယား တွင်တွေ့ရှိသည့် HFMD မျိုးကွဲ Enterovirus 71(EV-71) ကူးစက်ခံခဲ့ရသော ကလေးငယ် ၆၁ ဦးတွင် ၅၄ ဦးသေဆုံးခဲ့ပြီး နောက်နိုင်ငံတွင်းရှိ မူလတန်းနှင့် မူကြိုကျောင်းအားလုံးကို ပိတ်ထားခဲ့ခြင်းဖြစ်သည်။ ကမ္ဘောဒီးယားတွင် စတင်ဖြစ်စဉ်က ရောဂါ ဆန်းတစ်မျိုးဟု မှတ်ယူခဲ့ကြသော်လည်း နောက်ပိုင်းတွင် HFMD ၏ သေစေနိုင်လောက်သော မျိုးကွဲကူးစက်ခံထားရခြင်းဖြစ်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ပညာရှင်များက လေ့လာတွေ့ရှိခဲ့ကြခြင်းဖြစ်သည်။
ထိုင်းနိုင်ငံတွင်မူ မူလတန်းနှင့် အလယ်တန်းကျောင်းအချို့ကို ပိတ်ထားခဲ့ပြီး အများစုမှာ ဘန်ကောက်မှဖြစ်သည်ဟု သိရသည်။ ထိုင်းတွင်ဖြစ်ပွားသည့် လက်ခြေ ပါးစပ်ကူးစက်ရောဂါမှာမူ သေစေနိုင်လောက်သည်အထိ ပြင်းထန်ခြင်း မရှိဟုသိရသည်။ သို့ရာတွင် ဖြစ်ပွားသူမှာ တွေ့ရှိသမျှ ၁၄၀၀၀ မျှရှိပြီး ကူးစက်နှုန်း မြန်ဆန်သောကြောင့် ကြိုတင်ကာကွယ်သည့်အနေဖြင့် ကျောင်းအချို့ကို ပိတ်ထားခဲ့ခြင်းဖြစ်သည်။ ယခုအခါတွင်မူ ဘန်ကောက်ရှိ ပိတ်ထားသောကျောင်း ၂၂ ကျောင်းအနက် သုံးကျောင်းမှလွဲပြီး ကျန်ကျောင်းများကို ပြန်ဖွင့်ပြီဟု သိရသည်။
တရုတ်နိုင်ငံတွင်လည်း HFMD ကြောင့် ပြီးခဲ့သည့် ဇွန်လအတွင်း သေဆုံးသူ ၁၁၂ ဦးအထိ ရှိခဲ့ပြီး ယခုအခါ ကူးစက်ခံရသူ ၃၈၁၀၀၀ ကျော်ရှိကြောင်း တရုတ် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ဗီယက်နမ်တွင်လည်း ပြီးခဲ့သည့်လက လက်ခြေပါးစပ် ကူးစက်ရောဂါ ဖြစ်ပွားမှုအချို့နှင့် သေဆုံးမှုအချို့ရှိခဲ့သည်ဟု သိရသည်။
ဖိလစ်ပိုင်တွင်လည်း သေစေနိုင်လောက်အောင် ပြင်းထန်သည့် HFMD မျိုးကွဲတစ်မျိုး ၁၉ လအရွယ် ကလေးငယ်တစ်ဦးတွင် ဖြစ်ပွားသည်ကို တွေ့ခဲ့ရသော်လည်း ကျန်းမာလာစေရန် ကုသနိုင်ခဲ့ကြောင်း ဖိလစ်ပိုင် ကျန်းမာရေးဌာနက ထုတ်ပြန်သည်။ သို့ရာတွင် ယင်းကလေးသည် ကမ္ဘောဒီးယားမှ ကူးစက်ခံရသူများနှင့် အဆက်အစပ်မရှိပေ။ HFMD သေစေနိုင်လောက်အောင် ပြင်းထန်သည့် မျိုးကွဲ EV-71 ကူးစက်ခံရခြင်းဖြစ်သော်လည်း ကမ္ဘောဒီးယားတွင်ဖြစ်သည့် မျိုးကွဲ နှင့် ပုံစံမတူကြောင်း၊ မျိုးကွဲများစွာ ရှိကြောင်း ကျန်းမာရေးဝန်ကြီး အင်းနရစ်အိုနာက ပြောကြားခဲ့သည်။
အဓိကအာရုံစိုက်နေကြသည်မှာ ကမ္ဘောဒီးယားတွင် ဖြစ်ပွားနေသော အခြေအနေဖြစ်ပြီး ယင်းမျိုးကွဲအတွက် တိကျသော ကုသမည့်ဆေးဝါးမရှိသေးသောကြောင့် လက်ကို စင်အောင်ဆေးခြင်းကဲ့သို့သော တစ်ကိုယ်ရည် သန့်ရှင်းရေးကို ဂရုတစိုက် လုပ်ကိုင်ရန်သာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့က သတိပေးထားသည်။ လက်၊ ခြေ၊ပါးစပ်၊ကူးစက်ရောဂါ HFMD မှာ အာရှတွင် ပုံမှန်ဖြစ်တတ်သော ရောဂါဖြစ်သော်လည်း ကမ္ဘောဒီးယားမှ မျိုးကွဲပျံ့နှံ့လာမည်ကိုမူ စိုးရိမ်မှုများရှိနေသည်။ ယင်း EV-71  မျိုးကွဲ ကူးစက်ခံထားရသူများတွင် စတီရွိုက်သုံး ကုသခြင်းမှာလည်း ရောဂါကိုပိုဆိုးစေကြောင်း တွေ့ရှိထားသည်။




ထိုင်းနိုင်ငံတွင် ကျောင်းနေ ကလေးများအတွက် သင်ပုန်းကွန်ပျူတာအခမဲ့ ဖြန့်ဝေမှုအစီအစဉ် One Tablet Per Child(OTPC) အရ ပြည်နယ်ရှစ်ခုမှ Grade-1 ကလေးများအတွက် ဖြန့်ဝေပေးမှုကို ဇူလိုင်လ ၂၀ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။
ထိုင်းနိုင်ငံတွင်းရှိ ပြည်နယ်အများအနက် ထိုင်းအက္ခရာစဉ်အရ ရှေ့ပိုင်းတွင်ရှိသည့် ဘန်ကောက်၊ ကရာဘီ၊ ကန်ချနာဘူရီ၊ ကာလာဆင်၊ ကမ်ဖန်ဖက်၊ ခွန်ကန်၊ ချန်တာဘူရီ နှင့် ချာချောင်ဆောင်တို့ကို ဦးစွာဖြန့်ဝေပေး ခဲ့ခြင်းဖြစ်သည်။ တရုတ်ကုမ္ပဏီ Shenzhen Scope Scientific Development က ယင်းသင်ပုန်း ကွန်ပျူတာများကို ထုတ်လုပ်ပေးခြင်းဖြစ်သည်။
အာဏာရ ဖြူထိုင်းပါတီ၏ ရွေးကောက်ပွဲ ကတိက၀တ်အတိုင်း ဖြန့်ဖြူးပေးမှု အစီအစဉ်မှာ ယခုပညာသင်နှစ် စတင်ကတည်းက အကောင်အထည်ဖော်ရမည်ဖြစ်သော်လည်း အတန်ငယ် နှောင့်နှေးနေခဲ့ခြင်းဖြစ်သည်။

ပထမဆုံးအသုတ် ဖြန့်ဖြူးမှုတွင် သင်ပုန်းကွန်ပျူတာလုံးရေ ၅၅၇၁၂ လုံးသာ ဖြန့်ဖြူးနိုင်သေးသည်။ ယခုနှစ်အတွင်း Grade-1  ကလေးငယ်များအတွက် အလုံးရေ ရှစ်သိန်းအထိ ဖြန့်ဖြူးသွားမည်ဖြစ်သည်။ 
ငါးနှစ်အတွင်း ကျောင်းသား၊ ကျောင်းသူအားလုံးကို ပေးအပ်နိုင်ရန် မျှော်မှန်းထားသည်။

သင်ပုန်းကွန်ပျူတာများ လက်ခံရန်အတွက် ကျောင်းသားများနှင့် ၎င်းတို့၏မိဘများသည် စာချုပ်လက်မှတ်ထိုးရန် လိုအပ်သည်။ တစ်နှစ်ချင်းငှားသည့်သဘော ပေးအပ်ခြင်းဖြစ်သော်လည်း သုံးနှစ်ဆက်တိုက်သုံးအပြီးတွင်မူ အပြီးပိုင်သွားမည်ဖြစ်သည်။
''သူတို့မိဘတွေနဲ့ ဆရာတွေ သဘောတူရင် ကလေးတွေက ဒီသင်ပုန်းကွန်ပျူတာတွေကို အိမ်ပါ ယူသွားနိုင်ပါတယ်။ သုံးနှစ်အပြည့်မှာ ဒီကလေးတွေ အပိုင်ဖြစ်သွားပါပြီ''ဟု ပညာရေးဝန်ကြီး ဆူရာချက်သာဒါသမ်ရောင်ဗက်ခ်ျက ပြောကြားခဲ့သည်။


LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment