ကမ္ဘာ့သတင်းများ  23/07/2012


နိုင်ငံတကာသတင်း


HIV ဝေဒနာရှင်တွေ ခရီးသွားခွင့်ကန့်သတ်မှု အဆုံးသတ်ရေး AIDS ညီလာခံမှာတောင်းဆို


HIV ရောဂါပိုး ရှိသူတွေကို ခရီးသွားလာခွင့် ပိတ်ပင်တာ၊ နိုင်ငံဝင်ရောက်ခွင့် ဗီဇာ မပေးတာ စတဲ့ တားမြစ်ကန့်သတ်ချက်တွေကို ရုပ်သိမ်းဖို့ နိုင်ငံတကာမှာ AIDS ရောဂါ တိုက်ဖျက်ရေး ဆောင်ရွက်နေကြတဲ့ အဖွဲ့တွေ စုပေါင်းထားတဲ့ ဦးဆောင်ညွန့်ပေါင်း အဖွဲ့ကြီးရဲ့ အကြီးအကဲဖြစ်သူတွေက တောင်းဆိုလိုက်ပါတယ်။

ကမ္ဘာအနှံ့ နိုင်ငံပေါင်း ၄၆ နိုင်ငံက ချမှတ်ထားတဲ့ ဒီလို ကန့်သတ်မှု စည်းမျဉ်းတွေဟာ ခွဲခြားဆက်ဆံမှု ဖြစ်သလို၊ စီးပွားရေး လုပ်ငန်းတွေ အတွက်လည်း အခြေအနေဆိုး ဖြစ်တယ်လို့ သူတို့က ပြောပါတယ်။ အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီမှာ  ၆ ရက်ကြာ လုပ်မယ့် နိုင်ငံတကာ AIDS ညီလာခံ စတင်တဲ့ ဒီနေ့မှာ ဒီလို ကြေညာချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။နိုင်ငံအရပ်ရပ်က AIDS ရောဂါ သုတေသီတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ၊ သံတမန်တွေ၊ အခြား ရောဂါတိုက်ဖျက်ရေးမှာ ဆက်နွယ် ပတ်သက်သူတွေ စုစုပေါင်း နှစ်သောင်းငါးထောင် လောက် ဒီညီလာခံကို တတ်ရောက်မှာဖြစ်ပါတယ်။

ဒီညီလာခံကို အခု အသံလွှင့်ချိန် အမေရိကန်စံချိန် ည ၇ နာရီမှာ စတင် ဖွင့်လှစ် ကျင်းပပြုလုပ်နေပြီ ဖြစ်ပါတယ်။ ညီလာခံ တတ်ရောက် လာသူတွေကို ၀ါရှင်တန်ဒီစီ မြို့တော်ဝင်က ကြိုဆို မိန့်ခွန်းစကား ပြောပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ကလည်း အဖွင့် ဗွီဒီယိုမိန့်ခွန်း ပြောသလို၊ အမေရိကန်ပြည်ထောင်စု ကျန်းမာရေးနဲ့ လူမှုဝန်ထမ်း ၀န်ကြီး Kathleen Sebelius လည်း ကိုယ်တိုင် တတ်ရောက် မိန့်ခွန်းပြောမှာ ဖြစ်ပါတယ်။အဲဒီညီလာခံမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလရီကလင်တန်၊ အရင်သမ္မတဟောင်း ဘီလ်ကလင်တန် နဲ့ သမ္မတကတော်ဟောင်း မစ္စလော်ရာဘုရှ် တို့က မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။မိန့်ခွန်းပြောကြားမယ့် တခြား ထိပ်တန်းပုဂ္ဂိုလ်တွေ အထဲမှာ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ Jim Yong Kim နဲ့ Microsoft ကုမ္ပဏီဥက္ကဋ္ဌ Bill Gates တို့လည်း ပါဝင်ပါတယ်။

မြန်မာဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း အမျိုးသမီးနဲ့ AIDS ရောဂါဆိုင်ရာ ဆွေးနွေးပွဲတခုမှာ ဗွီဒီယိုမိန့်ခွန်း ပြောဆိုဖို့ရှိပါတယ်။ ၂ နှစ်တကြိမ် ကျင်းပနေတဲ့ ဒီညီလာခံကို ဇူလိုင်လ ၂၂ ရက်နေ့က ၂၇ ရက်နေ့အထိ ၀ါရှင်တန်မြို့တော်မှာ ကျင်းပမှာဖြစ်ပါတယ်။

တရုတ်နိုင်ငံ မုတ်သုန်မိုးကြောင် အနည်းဆုံး ၁၀ ဦးသေ


အိမ်နီးချင်း တရုတ်နိုင်ငံမှာ နှစ်ပေါင်း ၆၀ ကျော်အတွင်း မကြုံစဖူး မိုးပြင်းထန်စွာ ရွာသွန်းခဲ့တာမို့ မြို့တော် ဘေဂျင်းမှာ အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့ရတဲ့အပြင် လူပေါင်းငါးသောင်းလောက်ကို ဘေးလွတ်ရာ နေရာဒေသကို ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ စနေနေ့က စတင်ပြီး မိုးသက်မုန်တိုင်း ကျရောက်ခဲ့တာဟာ တနင်္လာနေ့အထိ ဆက်ပြီး ရှိနိုင်တယ်လို့ တရုတ်အစိုးရ ရှင်ဟွာ သတင်းမှာ ဖော်ပြကြပါတယ်။

ဒီရေလွှမ်းမိုးမှုကြောင့် ဒေသခံ လူတော်တော်များများနဲ့ မော်တော်ကားတွေပါ မျောပါခဲ့ကြပါတယ်။ ဘေဂျင်းမြို့ ဆင်ခြေဖုံးဒေသဖြစ်တဲ့ Fangshan ရပ်ကွက်မှာ စနေနေ့က ၁၈ လက်မလောက် ရေဖုံးလွှမ်းခဲ့တာမို့ ဒါဟာ ၁၉၅၁ ခုနှစ်က စံချိန်ကို ချိုးခဲ့တယ်လို့ ဆိုပါတယ်။ ဘေဂျင်းမြို့နားမှာ ပျမ်းမျှ ၁၇ စင်တီမီတာလောက် မိုးရွာသွန်းခဲ့တာ ဖြစ်ပါတယ်။ အဆက်မပြတ် ရွာသွန်းတဲ့မိုးကြောင့် သေဆုံးသူဦးရေ အခုထက် ပိုတိုးလာနိုင်သလို ကယ်ဆယ်ရေး လုပ်သားတွေ အပါအ၀င် လူအများအပြား သေဆုံးနေတယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြကြပါတယ်။တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်မှာ လူပေါင်း တစ်သောင်းခွဲလောက် ကို ဘေးလွတ်ရာ အမြန် ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ စနေနေ့အတွက် ဘေဂျင်း နိုင်ငံတကာလေဆိပ်မှာ လေကြောင်းခရီးစဉ် ၄၀၀ ကျော် ဖျက်သိမ်းခဲ့တာမို့ ခရီးသည်ပေါင်း တစ်သောင်းလောက် လေဆိပ်တွေမှာ ပိတ်မိနေခဲ့ပါတယ်။

ပရာနတ် မူခါဂျီး အိန္ဒိယ သမ္မတသစ်ဖြစ်


အိန္ဒိယနိုင်ငံ သမ္မတရွေးကောက်ပွဲမှာ အာဏာရ ညွှန့်ပေါင်းအဖွဲ့က ပရာနတ်မူခါဂျီး (Pranab Mukherjee) အနိုင်ရသွားပြီဖြစ်ပါတယ်။ အိန္ဒိယ Congress ပါတီ ခေါင်းဆောင်ဟာ ပြည်နယ်နဲ့ အမျိုးသားလွှတ်တော် ဥပဒေပြု အမတ်တွေရဲ့ ထောက်ခံမဲ လုံလောက်စွာ ရပြီး အိန္ဒိယနိုင်ငံရဲ့ ၁၃ ယောက်မြောက် သမ္မတ ဖြစ်လာမှာ ဖြစ်ပါတယ်။နယူးဒေလီ မြို့တော်က သူ့နေအိမ် အပြင်ဘက်မှာ တနင်္ဂနွေနေ့ကသူ့ကိုထောက်ခံသူ ပြည်သူတွေနဲ့ တွေ့ဆုံရာမှာ ကျေးဇူးတင်စကား ပြောဆိုခဲ့ပါတယ်။ ပရာနတ်မူခါဂျီး ဟာ အသက် (၇၆) နှစ်ရှိပြီဖြစ်ပြီး ဘဏ္ဏာရေးဝန်ကြီး ဌာနမှာ ၀န်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

သူဟာအရင်က နိုင်ငံခြားရေးဝန်ကြီးနဲ့ ကာကွယ်ရေးဝန်ကြီး တာဝန်တွေကိုလည်း ထမ်းဆောင်ခဲ့ဖူးပါတယ်။ သူဟာ အိန္ဒိယနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးသမ္မတ Pratibha Patil ရဲ့နေရာကို ဆက်ခံရမှာလည်း ဖြစ်ပါတယ်။

ဒမတ်စကတ်မြို့တွင်း ဆီးရီးယားစစ်တပ်က ရဟတ်ယာဉ်သုံးတိုက်ခိုက်


ဆီးရီယားနိုင်ငံ ဒမတ်စကတ်မြို့တော်မှာ အစိုးရ လုံခြုံရေးတပ်ကနေ သူပုန်တွေကို ရဟတ်ယာဉ်တွေ တင့်ကားတွေ သုံးပြီး တိုက်ခိုက်နေတယ်လို့ ဆီးရီယား တတ်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ တချိန်တည်းမှာပဲ မြောက်ပိုင်းက Aleppo မြို့မှာတော့ အစိုးရတပ်တွေကို သူပုန်တွေက ထိုးစစ်ဆင်ခဲ့ပါတယ်။

ဒမတ်စကဒ်မြို့ရဲ့ဆင်ခြေဖုံး Barzeh နဲ့ Mazzeh ရပ်ကွက်တွေမှာ အစိုးရတပ်တွေဟာ သူပုန်တွေကို စက်သေနက်တင်ထားတဲ့ ရဟတ်ယာဉ်တွေ၊ တင့်ကားတွေနဲ့ မောင်းထုတ် စစ်ဆင်နေတယ်လို့ တတ်ကြွလှုပ်ရှားသူတွေက ပြောတာပါ။ ရဟတ်ယာဉ်တွေ ဖျက်ဆီးခံရတယ် ဆိုတဲ့ သတင်းတွေကို ဆီးရီယား အစိုးရပိုင် သတင်းဌာနက ငြင်းဆန်ပါတယ်။ မြို့တော် ဒမတ်စကတ်မှာ အခြေအနေတွေဟာ ပုံမှန်အတိုင်းရှိနေပြီး၊ လုံခြုံရေး တပ်ဖွဲ့တွေဟာ လမ်းပေါ်မှာ ကျန်နေတဲ့ သူတို့အခေါ် အကြမ်းဖက် သမားတွေကို ခြေရာခံ လိုက်လံ နှိမ်နင်းနေတယ်လို့ အစိုးရသတင်းက ကြေညာပါတယ်။

အင်တာနက် ဗွီဒီယိုတခုမှာတော့ သူပုန်စစ်ဘက် ခေါင်းဆောင်တဦးက ကုန်သွယ်ရေး အချက်အချာမြို့ဖြစ်တဲ့ Aleppo ကို စတင် စစ်ဆင် တိုက်ခိုက်နေပြီလို့ ကြေညာသွားပါတယ်။ Salaheddine နဲ့ Sakhour အပါအ၀င် မြို့နယ်အတော်များများ လမ်းတွေပေါ်မှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ မျက်မြင်တွေက ပြောပါတယ်။
လက်ဘနွမ် မြောက်ပိုင်းမှာရှိတဲ့ ဗွီအိုအေ သတင်းထောက်ကတော့ တနင်္ဂနွေနေ့ နေလယ်ပိုင်းတုန်းက ဆီးရီယားဘက်ခြမ်း နယ်စပ်မှာ ပေါက်ကွဲသံတွေ ကြားခဲ့ရတယ်လို့ ပြောပါတယ်။ အဲဒီ ပေါက်ကွဲသံတွေကို ကြည့်ရင် နယ်စပ်နဲ့ ကီလိုမီတာ အနည်းငယ်ပဲဝေးတဲ့ Homs ပြည်နယ်မှာ အစိုးရနဲ့ သူပုန်တပ်တွေ အကြီးအကျယ် တိုက်ပွဲဖြစ်နေတဲ့ပုံပဲလို့ Wadi Khaled မှာရှိတဲ့ လက်ဘနွမ် ဒေသခံတွေက ဗွီအိုအေ သတင်းထောက်ကို ပြောပါတယ်။

ရခိုင်ပြည်နယ်ကို ကုလ-ငြိမ်းချမ်းရေးတပ် စေလွှတ်ဖို့ အီရန် လွှတ်တော်ဥက္ကဋ္ဌ တိုက်တွန်း


မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်တွေ စေလွှတ်ပေးဖို့ အီရန်နိုင်ငံ လွှတ်တော် ဥက္ကဋ္ဌက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကို မနေ့က တိုက်တွန်းလိုက်ပါတယ်။
ရခိုင်ပြည်နယ်မှာ အစ္စလာမ် ဘာသာဝင်အပေါ် လူမျိုးတုံး ဖိနှိပ် သတ်ဖြတ်နေတာတွေ ရပ်ဆိုင်းနိုင်ရေး အတွက်လို့ ဆိုပါတယ်။အမေရိကန် အခြေစိုက် AI ခေါ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကလည်း ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ မွတ်စလင်တွေဟာ အဓိကပစ်မှတ် ဖြစ်နေကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။မြန်မာ အစိုးရကတော့ အဲဒီ ပြောဆိုချက်တွေအပေါ် အခြေအမြစ် မရှိတဲ့ တစ်ဘက်သတ် လိုရာဆွဲ စွပ်စွဲချက်တွေအဖြစ် လက်မခံဘဲ ပယ်ချခဲ့ပါတယ်။
ရခိုင်ပြည်နယ်ဆိုင်ရာ အစိုးရ ပြောရေး ဆိုခွင့်ရှိသူ ဦးဝင်းမြိုင်ကလည်း ဒီပြောဆိုချက်တွေဟာ လက်တွေ့ ဖြစ်နေတာတွေနဲ့ လုံးဝ ဥဿုံ ပြောင်းပြန် ဖြစ်နေကြောင်း၊ ရခိုင်ပြည်နယ်မှာ အခြေအနေတွေ အေးချမ်း ငြိမ်သက်နေပြီ ဖြစ်ကြောင်း အေပီသတင်းကို ပြောဆိုခဲ့ပါတယ်။ဒါပေမဲ့ AI နဲ့ The Arakan Project စတဲ့ အဖွဲ့တွေက အခြေအနေ အေးချမ်းသွားပြီ ဆိုပေမဲ့ အရေးပေါ် အခြေအနေ ကြေညာခဲ့ပြီး နောက်ပိုင်း ရိုဟင်ဂျာ မွတ်စလင် အများအပြားကို အစိုးရ လုံခြုံရေး တပ်ဖွဲ့တွေက ထင်သလို ဖမ်းဆီး ချုပ်နှောင်ခဲ့တာတွေ၊ တချို့နေရာတွေမှာ ရိုက်နှက် သတ်ဖြတ်တာတွေ ရှိခဲ့ကြောင်း ပြောဆိုပါတယ်။
ဒါပေမဲ့ အဇာဘိုင်ဂျန်နိုင်ငံ အခြေစိုက် Trend သတင်းဌာနကတော့ အဲဒီနေရာတွေကို သတင်းထောက်တွေ မသွားရောက်နိုင်တာကြောင့် ဒီသတင်းတွေကို အတည်ပြုဖို့ ခက်ခဲကြောင်း၊ တချို့ရိုဟင်ဂျာ မွတ်စလင်တွေ အဖမ်းဆီးခံရတာဟာ အကြမ်းဖက်မှုနဲ့ဆက်နွယ်နေကြောင်း၊ လက်နက်တွေ ကိုင်ဆောင်ထားတဲ့ ရခိုင် တိုင်းရင်းသား တချို့လည်း ဖမ်းဆီးခံရတယ်လို့ The Arakan Project ကလည်း ပြောဆိုခဲ့ကြောင်း ဖော်ပြထားပါတယ်။




လင်းနို့လူသား ဇာတ်ကားသစ်ပြသစဉ် ၀င်ရောက်ပစ်ခတ်ပြီး လူ ၁၂ ဦး သေဆုံးစေခဲ့သူ ဂျိမ်းစ်အီးဟုမ်းမှာ အကြမ်းဖက်မှုဖြစ်ပွားပြီးပါက သူ၏နေအိမ်သို့ ရဲများဝင်ရောက်စစ်ဆေးမည်ဟုပါ မျှော်မှန်းထားခဲ့ဖွယ်ရှိပြီး လာရောက်စစ်ဆေး သည့်ရဲအရာရှိများ ပေါက်ကွဲသေဆုံးစေရန်ပါ နေအိမ်တွင် ဗုံးထောင်ထားခဲ့ကြောင်း ရဲအရာရှိများက ထုတ်ပြန်ခဲ့သည်။
ကော်လိုရာဒိုပြည်နယ်၊ အော်ရိုရာမြို့ရှိ Century 16 ရုပ်ရှင်ရုံတွင် ဇူလိုင်လ ၂၀ ရက်နေ့က လင်းနို့လူသားဇာတ်ကားသစ် Dark Knight Rises သန်းခေါင်ယံ ရုံတင်မှုဖြင့် စတင်ပြသစဉ် ၀င်ရောက်ပစ်ခတ်ခဲ့သူ ဂျိမ်းစ်အီးဟုမ်းသည် အကြမ်းဖက်မှုအတွက် နှစ်လကြာမျှ စနစ်တကျ ကြိုတင်စီစဉ်ခဲ့ကြောင်းလည်း ၎င်း၏နေအိမ်ကို ၀င်ရောက်စစ်ဆေးစဉ် ရရှိခဲ့သော အထောက်အထားအများအရ ရဲအရာရှိများက ထုတ်ပြန်ခဲ့သည်။
အသက် ၂၄ နှစ်အရွယ်ရှိ ပါရဂူတန်းကျောင်းသား ဟုမ်းစ်သည် ရုပ်ရှင်ရုံသို့ သွားရောက်ပစ်ခတ်မှု မပြုလုပ်မီ နေထိုင်ရာ တိုက်ခန်းတွဲတွင်ပါ ထိမိသည်နှင့်ပေါက်ကွဲနိုင်သော ဗုံးများထောင်ထားခဲ့ခြင်းဖြစ်သည်ဟု ယူဆရကြောင်း ရဲများက ပြောကြားခဲ့သည်။

သူနေထိုင်ရာအခန်းရှိသည့် တိုက်ခန်းသာမကအနီးရှိတိုက်ခန်း များတွင်နေထိုင်သူများကိုပါ ကယ် ဆယ်ရှင်းထုတ်ခဲ့ပြီးမှ ဟုမ်းစ် ထောင်ထားသည်ဟု ယူဆရသော သူ၏အခန်းတွင်းမှ ဖောက်ခွဲရေး ပစ္စည်းများကိုဖျက်ဆီးခြင်း၊ဖယ်ရှား ခြင်းများကို နည်းပညာရှင်များ နှင့် စက်ရုပ်အကူအညီယူကာ ပြုလုပ်ခဲ့ရသည်။
ရုပ်ရှင်ရုံတွင် ၀င်ရောက်ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသူ ၅၈ ဦးအနက် ၂၆ ဦးမှာဆေးရုံတွင် ရှိဆဲဖြစ်ပြီး ငါးဦးမှာ အသက်အန္တရာယ် စိုးရိမ်ရဆဲဖြစ်သည်။
ဓာတ်ငွေ့ကာ မျက်နှာဖုံးတပ်၊ ခေါင်းဆောင်းစွပ်ပြီး ခြေနှင့်လည်ပင်းတွင် အကာများတပ်ဆင်ကာ လက်အိတ်နက်ဝတ်၍ ၀င်ရောက်ပစ်ခတ်ခဲ့သည့် ဟုမ်းစ်ကို ရုပ်ရှင်ရုံနောက် ကားပါကင်တွင် ဖမ်းဆီးမိခဲ့ခြင်းဖြစ်ပြီး ဇူလိုင်လ ၂၃ ရက်နေ့တွင် ရုံးတင်မည်ဖြစ်သည်


LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment