မန်မာသတင်းများ  ဇူလိုင် ၅၊ ၂၀၁၂


ဒု သမ္မတသစ် ရွေးတော့မည်


နုတ်ထွက်သွားသော ဒု သမ္မတ ဦးတင်အောင်မြင့်ဦး၏ နေရာတွင် ဆက်ခံရေးအတွက် ဒုသမ္မတလောင်း၏ အမည်စာရင်းကို ယနေ့ စတင်ကျင်းပသည့် စတုတ္ထအကြိမ် ပြည်သူ့ လွှတ်တော်တွင် တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းက တင်သွင်းမည်ဟု သတင်းရရှိသည်။
ထင်ကြေးပေးခံရသူများတွင် လက်ရှိ ဒု ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း၊ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ကိုကို တို့ ပါဝင်ကြောင်း လွှတ်တော်သတင်းရပ်ကွက်က ဆိုသည်။
ခေါင်းမာဂိုဏ်းသားဟု လူသိများသည့် ဦးတင်အောင်မြင့်ဦး ပြီးခဲ့သည့် မေလအတွင်းက ကျန်းမာရေးအကြောင်းပြချက်ဖြင့် ရာထူးမှ နုတ်ထွက်သွားကြောင်း ဧရာဝတီက ရေးသားခဲ့သော်လည်း အစိုးရတာဝန်ရှိသူများက ငြင်းဆိုခဲ့ပြီး အဆိုပါသတင်းနှင့် ပတ်သက်၍ ပြည်တွင်းဂျာနယ်များတွင်လည်း ဖော်ပြခွင့်မပြုခဲ့ပေ။
အစိုးရနှင့် နီးစပ်သူများ အဆိုအရ ဦးတင်အောင်မြင့်ဦးသည် လည်ချောင်းကင်ဆာရောဂါ ဖြစ်ပွားနေသည့်အတွက်   စင်ကာပူနိုင်ငံတွင် ဆေးကုသခံယူ ခဲ့ကြောင်း၊ ယခုအခါ  ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ကမ္ဘာအေး ဗီလာအတွင်းရှိ အောင်သိဒ္ဓိ ဘုန်းကြီးကျောင်းတွင် ရဟန်းဝတ်နေသည်ဟု သိရသည်။သီဟသူရ ဦးတင်အောင်မြင့်ဦးသည် ယခင်စစ်အစိုးရလက်ထက်တွင် အတွင်းရေးမှူး (၁) တာဝန်ထမ်းဆောင်ခဲ့ပြီး ကုန်သွယ်မှုဝါဒ ကောင်စီတွင် ဥက္ကဋ္ဌ၊ တပ်မတော်တွင်လည်း စစ်ထောက်ချုပ်တာဝန်ယူခဲ့သူဖြစ်သည်။
လွှတ်တော်သတင်းရပ်ကွက်များ အဆိုအရ ဒု သမ္မတသစ် ရွေးချယ်တင်မြောက်ရေးသည် ပြုပြင်ပြောင်းလဲရေးကို ဦးတည်မည့် ဥပဒေအသစ်များကို ပြဋ္ဌာန်း၍ အစိုးရအဖွဲ့ အတွင်းတွင်လည်း ခေတ်နောက်ပြန်ဆွဲသူများ၏ သြဇာအာဏာကို လျှော့ချရေး ရှေ့ပြေးဖြစ်သည်ဟု ဆိုသည်။ပြုပြင်ပြောင်းလဲရေးကို မလိုလားသည့် ၀န်ကြီးများ ထုတ်ပယ်နိုင်ပြီး အလုပ်မဖြစ်သည့် ၀န်ကြီးဌာနများကိုလည်း ပူးပေါင်းပစ်နိုင်ကြောင်း၊ ထို့ကြောင့် တချို့သောဝန်ကြီးများ ၎င်းတို့ရာထူး ဆုံးရှုံးနိုင်ကြောင်း ရိုက်တာ သတင်းတပုဒ်တွင်လည်း ဖော်ပြထားသည်။


ဒုသမ္မတ ဇူလိုင် ၁၀ ရက်နေ့ နောက်ဆုံးထားရွေးမည်

ကျန်းမာရေးအကြောင်းပြချက်ဖြင့် ရာထူးမှ အနားယူသွားသူ ဒုသမ္မတ ဦးတင်အောင်မြင့်ဦး၏ ရာထူးနေရာကို တပ်မတော်သား လွှတ်တော်အမတ်များက ရွေးချယ်ကာ ဇူလိုင်လ ၁ဝ ရက်နေ့နောက်ဆုံးထား၍ လွှတ်တော်သို့ တင်ပြပေးရန် သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော်သို့ ဗုဒ္ဓဟူးနေ့တွင် သဝဏ်လွှာပေးပို့ အကြောင်း

သမ္မတ ဦးသိန်းစိန်၏ သဝဏ်လွှာအတွင်း ဦးတင်အောင်မြင့်ဦး ရာထူးမှ အနားယူသွားခြင်းနှင့်ပတ်သက်၍ ဒုသမ္မတ သည် ဧပြီလ ၁၈ ရက်နေ့တွင် စင်္ကာပူသို့ သွားရောက်ဆေးကုသမှုခံယူခဲ့ပြီး ဇွန်လ ၃ဝ ရက်နေ့အထိ ဆေးကုသခွင့်တောင်းခံခဲ့သည်ဟု ပါရှိသည်ကို အမျိုးသားလွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်က ပြောသည်။
ယင်းနောက် ဇူလိုင်လ ၂ ရက်နေ့တွင် ရာထူးမှ နုတ်ထွက်စာကို သမ္မတရုံးသို့ တရားဝင်တင်ခဲ့သည်ဟုလည်း သဝဏ်လွှာအတွင်း ပါဝင်သည်ဟု ဦးဖုန်းမြင့်အောင်က ပြောသည်။
သမ္မတ ဦးသိန်းစိန်၏ သဝဏ်လွှာတွင် လစ်လပ်သွားသည့် ဒုသမ္မတကို ရွေးချယ်ပေးခဲ့သည့် အစုအဖွဲ့မှာ တပ်မတော် သား လွှတ်တော်အမတ်များ ဖြစ်ခြင်းကြောင့် ယခုအကြိမ်တွင်လည်း တပ်မတော်သားလွှတ်တော် အမတ်များမှပြန်လည်ရွေးချယ်ပေးရန် ဖြစ်သည်ဟု ပါဝင်ကြောင်းလည်း သိရသည်။ဦးဖုန်းမြင့်အောင်က တပ်မတော်သား လွှတ်တော်အမတ်များ သမ္မတ ရွေးချယ်မှုနှင့် ပတ်သက်၍ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် အပေါ်တွင်သာ မူတည်သည်ဟု လွှတ်တော်အတွင်း တပ်မတော်သား လွှတ်တော်အမတ်များ၏ အခြေအနေကို သူ၏ အတွေ့အကြုံပေါ်မူတည်၍ ပြောသည်။တပ်မတော်သား လွှတ်တော်အမတ်များမှ ရွေးချယ်ပြီးသည့် ဒုသမ္မတကို ပြည်သူ့လွှတ်တော်မှ လွှတ်တော်အမတ် ၃ ဦး၊ အမျိုးသားလွှတ်တော်မှ အမတ် ၃ ဦး၊ တပ်မတော်သား လွှတ်တော်အမတ် ၃ ဦးတို့ဖြင့် ဖွဲ့စည်းထားသည့် သမ္မတ အရည်အချင်းစစ်ကော်မတီမှ စိစစ်ကာ လွှတ်တော်သို့ ပြန်လည်တင်ပြ၍ အတည်ပြုရွေးချယ်ကြမည် ဖြစ်သည်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အပိုဒ် ၅၇ တွင်ပါရှိသည့် သမ္မတများ၏ အရည်အချင်း သတ်မှတ်ချက် ၆ ချက်ရှိသည်။ ထိုအထဲတွင် နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေး စသည့်အမြင်များရှိရမည့်အပြင် "မိမိကိုယ်တိုင် သော် လည်းကောင်း၊ မိမိ၏မိဘ တပါးပါး သော်လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင်၊ သားသမီးတဦးဦးသော်လည်းကောင်း၊ ထိုတရားဝင်သားသမီးတဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ" ဟု ပြဋ္ဌာန်းပါရှိသည်။

ဗုဒ္ဓဟူးနေ့ နေ့လည်ပိုင်းတွင်ကျင်းပသည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေးတွင်သို့ တက်ရောက်ခွင့်ရှိသူ ၆၅၄ ဦးအနက် ခွင့်ဖြင့်ပျက်ကွက်သူ ၁၅ ဦးခန့်ရှိပြီး ၉၅ ရာခိုင်နှုန်း တက်ရောက်သည်ဟုလည်း သိရသည်။လွှတ်တော်အစည်းအဝေးသို့ ခွင့်ယူထားသူများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်နှင့် စစ်ကိုင်းတိုင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်သိန်းတို့လည်း ပါဝင်သည်။

ဒေါ်အောင်ဆန်းစုကြည်မှာ ပြည်ပခရီးစဉ်များအတွင်း ပင်ပန်းခြင်းကြောင့် ယခုလ ၆ ရက်နေ့အထိ လွှတ်တော်တက်ရန် ခွင့်ယူထားသည်ဟုလည်း NLD လွှတ်တော်အမတ်နှင် ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က မဇ္ဈိမကိုပြောသည်။ ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းတွင်ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် တက္ကသိုလ်ပညာရေး ဥပဒေမူကြမ်းကို ဆွေးနွေး ခဲ့သည်ဟုလည်း ဦးအုန်းကြိုင်က ပြောသည်။
ဗုဒ္ဓဟူးနေ့တွင် စတင်ခေါ်ယူကျင်းပနေသည့် လွှတ်တော် အစည်းအဝေးများအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဥပဒေ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဥပဒေနှင့် မီဒီယာဥပဒေတို့ကိုဆွေးနွေးရန်ရှိမည်ဟု လွှတ်တော်အမတ်များက ခန့်မှန်းကြသည်။

လယ်မြေသိမ်းမှု ဖြေရှင်းမပေးလျှင် အိုးအိမ်ကို ဆန္ဒ ထပ်ပြမည်


ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်တွင် လယ်ဧက ၆၀၀ ကျော် အသိမ်းခံထားရသော ဒေသခံလယ်သမားများက ၎င်းတို့၏ ဘိုးဘွားပိုင် လယ်မြေများအား ပြန်လည်လုပ်ကိုင်ခွင့် သို့မဟုတ် နစ်နာကြေး မပေးပါက မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနကို ထပ်မံဆန္ဒ ပြ တောင်းဆိုသွားမည်ဟု လယ်သမားများက ပြောသည်။
လယ်မြေ သိမ်းခံရခြင်းနှင့်ပတ်သက်ပြီး တရားမျှတစွာ ဖြေရှင်းပေးရေး အတွက် ယခုလအတွင်း ပဒံကျေးရွာအုပ်စု ကျေးရွာများမှ လယ်သမား ၅၀ ကျော်က ရန်ကုန်မြို့ ဗိုလ်တစ်ထောင်မြို့နယ် ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာန ရှေ့တွင် ဇူလိုင်လ ၂ ရက် နေ့မှစပြီး ၂ ရက်ဆက်တိုက် ဆန္ဒပြခဲ့ကြသည်။ ယင်းလယ်မြေများကို ၁၉၈၈ ခုနှစ်က အနော်ရထာ စက်မှုဇုန် စီမံကိန်းကို အကြောင်းပြပြီး အစိုးရပိုင်အဖြစ် မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာန က သိမ်းယူခဲ့ခြင်း ဖြစ်သည်။
လယ်သမားများ၏ ဆန္ဒပြတောင်းဆိုချက်များအား အိုးအိမ် ဌာန က တိုက်ရိုက်ဖြေရှင်းမပေးဘဲ ဝါဝါဝင်း ကုမ္ပဏီနှင့် လှိုင်သာယာမြို့နယ် အုပ်ချုပ်ရေးမှူး ရုံးတွင် ဖြေရှင်းရန် လွှဲပြောင်း ပေးခဲ့သည်။မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနက တိုက်ရိုက် ဖြေရှင်းမပေးသည့်အပေါ် မကျေနပ်သော်လည်း ဝါဝါဝင်း ကုမ္ပဏီ က ဖြေရှင်း ပေးမည်ဆိုသည့် အခြေအနေကို စောင့်ကြည့်ဦးမည်ဟု လယ်သမားများက ဆိုသည်။
အိုးအိမ်က သိမ်းယူထားသော လယ်မြေများပေါ်တွင် စက်ရုံငယ် ၃ ရုံသာ လည်ပတ်နေပြီး ကျန်နေရာများတွင် မြေကွက် အရောင်း အဝယ်များနှင့် စည်းရိုးကာရံခြင်းများသာ တွေ့မြင်ရကြောင်း လယ်သမားများက ပြောသည်။ ထိုလယ်မြေများတွင် ထွန်ယက်စိုက်ပျိုး ရန် ပြုလုပ်ခဲ့ကြသော လယ်သမားများကို စက်မှုဇုန် တာဝန်ရှိသူများက ခြိမ်းခြောက်ခြင်း များလည်း ရှိသည်ဟု ဆိုသည်။
အလားတူ လှိုင်သာယာမြို့နယ် အဆင့်မြင့်ရပ်ကွက်ထဲက လစ်လပ်မြေကွက်တွင် ၁၉၈၈ ခုနှစ်ကတည်းက ကျူးကျော် နေထိုင် နေခဲ့ကြသော အိမ်ထောင်စု ၂၈ စုကိုလည်း အိုးအိမ် ဌာနက တရားစွဲဆိုထားပြီး ယခုလ ၁၂ ရက်နေ့တွင် လှိုင်သာယာ မြို့နယ် တရားရုံး၌ ရုံးချိန်းခေါ်ယူထားကြောင်း ရွှေ့ပြောင်းရန် အခက်အခဲဖြစ်မည် စိုးရိမ်သဖြင့် မိုးတွင်းကာလတွင် ဆက်လက်နေထိုင်ခွင့်ပေးပြီး ပွင့်လင်းရာသီရောက်မှ ပြောင်း ရွေ့ ခွင့်ပြုရန် ကျူးကျော်နေထိုင်သူများက တောင်းဆိုခဲ့ကြသည်။ ထိုသို့ တောင်းဆိုကြသူများထဲမှ ၂၂ ဦးကို လှိုင်သာယာမြို့နယ် အာဏာပိုင်များက ဖမ်းဆီးချုပ်နှောင်ခဲ့ပြီး ယခုလ၂ ရက်နေ့က အာမခံဖြင့် ပြန်လွှတ် ပေးလိုက်ပြီဖြစ်သည်။
အိမ်ထောင်စု ၂၈ စုအနက်မှ ၇ ဦးကို ယခင်လ ၂၈ ရက်နေ့က ဖမ်းဆီးခဲ့ပြီး ၃၀ ရက်နေ့နှင့် ယခုလ ၁ ရက်နေ့တွင် နောက်ထပ် ၁၅ ဦး ကို လှိုင်သာယာမြို့နယ် ရဲများက ဝင်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။အဖမ်းဆီးခံခဲ့ရသူများထဲတွင် မူလတန်းမှ ၆ တန်းထိ ကျောင်းသား ၁၀၀ ကျော်ကိုစာသင်ပေးနေသော ဗေဒါ အခမဲ့ စာသင်ကျောင်း တည်ထောင်သူများလည်း ပါဝင်နေပြီးထိုကျောင်းသည်လည်း ပြောင်းရွှေ့ပေးရမည့်စာရင်းတွင် ပါဝင်နေသည်။တရားစွဲဆိုထားခြင်း မပြုလုပ်ရန်နှင့် မိုးတွင်းကာလအတွင်း အတင်းအကျပ်ပြောင်းရွှေ့ခိုင်းခြင်းမပြုရန် သမ္မတ ဦးသိန်းစိန်ထံသို့ ကျူးကျော်နေထိုင်သူများဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသူ မစုစုနွေးက ယခုလ ၃ ရက်နေ့က အသနားခံစာ တင်ပြထားသည် ဟု သိရသည်။၁၉၆၂ ခုနှစ်တွင် အစိုးရက လယ်မြေများကို နိုင်ငံပိုင်မြေအဖြစ် ဥပဒေပြဌာန်းခဲ့ပြီးနောက် စီမံကိန်းများ အတွက် လယ်မြေများသိမ်းယူခြင်း၊ လက်ဝါးကြီးအုပ် မြေရှင်စနစ် ကြီးစိုးလာခြင်းတို့ကို နိုင်ငံအတွင်းရှိ တောင်သူလယ်သမားများ တွေ့ကြုံခဲ့ကြရသည်။


ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့(ယူနီဆက်)၏ အထူးသံတမန် ဂျက်ကီချန်း မြန်မာနိုင်ငံသို့ လာရောက်

ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်)၏ အထူးသံတမန် ဂျက်ကီချန်းသည် ဇူလိုင်လ ၅ ရက်နေ့မှ ၈ ရက်နေ့အထိ မြန်မာနိုင်ငံသို့ လေးရက်ကြာ လာရောက်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။ 
ခရီးစဉ်အတွင်း ကလေးသူငယ်များ လူကုန်ကူးမှုခံရမှု တိုက်ဖျက်ရေးတွင်ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဂျက်ကီချန်းသည် ဇွန်လ ၅ ရက်နေ့တွင် မန္တလေးမြို့သို့ တိုက်ရိုက်သွား ရောက်မည်ဖြစ်ပြီး မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၏ လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်းများတွင် ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်ရေးအတွက် ဆွေးနွေးမှုများလည်း လုပ်ဆောင်သွားမည်ဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံရှိ လူကုန်ကူးခံရသည့် ကလေးသူငယ်များအတွက် ဖွင့်လှစ်ထားသည့် အသက်မွေးဝမ်းကျောင်း သင်တန်းများသို့ သွားရောက်မှာဖြစ်ပြီး လူကုန်ကူးခံခဲ့ရပြီး ပြန်လည်ကယ်တင်နိုင်ခဲ့သည့် ကလေးသူငယ်များနှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း၊ ကလေးသူငယ်များ မိမိတို့နေအိမ်သို့ ပြန်နိုင်ရေးနှင့် လိုအပ်သည့်စောင့်ရှောက်မှုများကိုလည်း လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် ယူနီဆက်မှထောက် ပံ့ကူညီနေသည့် စီမံချက်နေရာများသို့ သွားရောက်ပြီး ကလေးသူငယ်များ၊ လမ်းမတွင် လေလွင့်နေကြသည့် မိဘမဲ့ကလေးသူငယ်များကိုလည်း လေ့လာမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဂျက်ကီချန်းသည် ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့(ယူနီဆက်) ၏ အထူးသံတမန်အဖြစ် ၂၀၀၄ ခုနှစ်မှစ၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး လူသားချင်း စာနာထောက်ထားမှုလုပ်ငန်းများနှင့် ကလေးသူငယ်များ၏ အခွင့်အရေးအတွက် အစဉ်တစိုက် လုပ်ဆောင်နေ သူတစ်ဦးဖြစ်ကြောင်း သိရသည်။


 မြန်မာနိုင်ငံတော်နှင့် သံတမန် အဆက်အသွယ် ထူထောင်ရန် နိုင်ငံပေါင်းရှစ်နိုင်ငံမှ အဆိုပြုလာကြောင်း သိရ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် သံတမန် အဆက်အသွယ်ထူထောင်ရန် နိုင်ငံပေါင်းရှစ်နိုင်ငံမှ အဆိုပြုလာကြောင်း ၎င်းနိုင်ငံများမှာ ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနားနိုင်ငံ၊ မာလာဝီသမ္မတနိုင်ငံ၊ ဘူတန်နိုင်ငံ၊ အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံ၊ လူဇင်ဘတ်နိုင်ငံ၊ လတ်ဗီးယားသမ္မတနိုင်ငံ၊ အက်စတိုးနီးယားနိုင်ငံနှင့် ဒိုမီနီကန် သမ္မတနိုင်ငံတို့ဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၆၂ နှင့် နည်းဥပဒေ ၁၂၁ တို့အရ နိုင်ငံခြားတိုင်းပြည်များနှင့် သံတမန်ဆက်သွယ်ရေး ဆောင်ရွက်ရန်ရှိသဖြင့် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ရရှိရေးအတွက် တင်ပြခြင်းဖြစ်ကြောင်း သိရှိရသည်။

KIA နှင့် အစိုးရ ဒု စစ်ဦးစီးချုပ်များ တွေ့မည်


ကချင်ပြည် လွတ်လပ်ရေး တပ်မတော် (KIA) ဒု စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်နှင့် အစိုးရ ဒု တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း ဦးဆောင်သော နှစ်ဘက် ကိုယ်စားလှယ် များသည် တင်းမာနေသော စစ်ရေးကိစ္စများ ပြေလည်ရေး အတွက် ပထမဆုံး အကြိမ် တွေ့ဆုံ ဆွေးနွေးရန် စီစဉ်ထားကြောင်းကချင်ပြည်နယ် လွယ်ဂျယ်မြို့နယ် သို့မဟုတ် ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ် မြို့နယ်တို့ကို အဆိုပြုထားပြီး ယခုလ ၉ ရက်နေ့ နောက်ပိုင်း တွေ့ဆုံရန် စီစဉ်ထားသည်ဟု ငြိမ်းချမ်းရေး အကျိုးဆောင် ဦးဆန်းအောင်က ပြောသည်။အစိုးရဘက်က ဗန်းမော်မြို့နယ်တွင် တွေ့ဆုံဆွေးနွေးရန် ယခုလဆန်းပိုင်းက ကမ်းလှမ်းခဲ့သော်လည်း စစ်ရေးတင်းမာနေချိန် အတွင်း ထိုနေရာများ၌ တွေ့ဆုံဆွေးနွေးရန် အဆင်မပြေနိုင်ကြောင်း နှစ်ဘက် တွေ့ဆုံဆွေးနွေးအတွက် ငြိမ်းချမ်းရေး အကျိုးဆောင်များနှင့် အစိုးရဘက်က ဦးအောင်မင်း ဦးဆောင်သော အဖွဲ့တို့ ကြိုတင် ညှိနှိုင်း၍ ယမန်နေ့က စစ်ဘက်ဆိုင်ရာ နှစ်ဘက် ကိုယ်စားလှယ်များကို ကမ်းလှမ်းထားခြင်း ဖြစ်ကြောင်း နှစ်ဘက်တိုက်ပွဲများကြောင့် အိုးအိမ် စွန့်ခွာ တိမ်းရှောင်နေကြရသော စစ်ဘေး ဒုက္ခသည်စခန်းများတွင် ဇွန်လ နှောင်းပိုင်းမှစ၍ ၀မ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်ပွားနေကြောင်း သိရသည်။ ယင်း ဒုက္ခသည် စခန်းများသည် KIO ၏ ထိန်းချုပ်မှု အောက်ရှိ စခန်း များ ဖြစ်သည်။ဝမ်းပျက် ၀မ်းလျှော ဖြစ်ပွားမှုမှာ မိုင်ဂျာယန်၊ ပါကထောင်၊ ဖလူရန့် နှင့် ဂျေယန့် စခန်းများတွင် အဓိက ဖြစ်ပွားနေပြီး ဒုက္ခသည် ၇၀၀၀ ကျော်ရှိသော ဂျေယန့် စခန်းတွင် ၆၀ ရာခိုင်နှုန်းကျော် ဖြစ်နေကြောင်း၊ အများစုမှာ အသက် ၅ နှစ်အောက်နှင့် သက်ကြီး ရွယ် အိုများ ဖြစ်ကြောင်း၊ တချို့ ဒုက္ခသည် စခန်းတွင်လည်း ဖြစ်ပွားကြောင်း တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ စစ်ပြေး ဒုက္ခသည် ၁၀၀၀၀ ခန့် အပါအ၀င် နယ်စပ် ဒုက္ခသည် စခန်း ၄၀ ကျော်မှ စုစုပေါင်း ဒုက္ခ သည် ၅၃၀၀၀ ကျော်အတွက် ထောက်ပံ့ရေး အကူအညီများ လိုအပ်နေကြောင်းလည်း သိရသည်။
KIO သည် ၁၉၉၄ ခုနှစ်တွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး ၂၀၁၁ ခုနှစ် ဇွန်လတွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ပြီးနောက် အပစ်အခတ် ရပ်စဲရေးလည်း ပျက်ပြားခဲ့သည်။ယင်း တိုက်ပွဲများကြောင့် အစိုးရနှင့် KIO ကြား ငြိမ်းချမ်းရေး ပြန်လည် တည်ဆောက်ရန် ၂၀၁၁ ခုနှစ် နိုဝင်ဘာလမှစတင်၍ ၂၀၁၂  ခုနှစ် အတွင်း အကြိမ်ကြိမ် တွေ့ဆုံခဲ့ကြသော်လည်း ယနေ့အထိ ရေရာသည့် သဘောတူညီချက် တစုံတရာ မရရှိသေးပေ။

လွှတ်တော် သီးသန့် ရုပ်သံလိုင်း လွှင့်ရန် ကြိုးပမ်း


ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်မှ ကင်းလွတ်သည့် သီးသန့် ရုပ်သံလိုင်းတခု ထုတ်လွှင့်ရန် လွှတ်တော်က ကြိုးပမ်းနေကြောင်း ပြည်သူ့လွှတ်တော်၏ ရေးရာကော်မတီအဖွဲ့ဝင် ဦးခိုင်မောင်ရည် (ခ) ဦးခင်မောင်ရည်ထံမှ သိရသည်။အစိုးရပိုင် မီဒီယာများတွင် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးမှုကို ပြည့်စုံစွာ မဖော်ပြနိုင်သည့် အပြင် ဖော်ပြရန်လည်း နေရာမရှိကြောင်း၊ ပြည်သူများအနေဖြင့်လည်း လွှတ်တော်ကိုယ်စားလှယ်များ၏ လုပ်ဆောင်မှုများကို လေ့လာရန်၊ သိရှိရန် လိုအပ်သဖြင့် ယခုကဲ့သို့ စီစဉ်ခြင်းဖြစ်ကြောင်း လွှတ်တော်မှ သီးသန့်မီဒီယာ ထုတ်လွှင့်ရန်အတွက် ဇွန်လ ၁၈ ရက်နေ့ကတည်းက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံ တိုက်ရိုက် တင်ပြခဲ့ကြောင်းနိုင်ငံပိုင်မီဒီယာများ၌ လွှတ်တော်တွင်း ဆွေးနွေးမှုများကို ဆင်ဆာဖြတ်တောက်ပြီးမှ ထုတ်လွှင့်ခြင်းနှင့် ပတ်သက်၍ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက “လွှတ်တော်ဆိုတာ နိုင်ငံရဲ့ အမြင့်ဆုံး အာဏာပိုင် အဖွဲ့အစည်းတခုပဲ။ အခုတော့ နိုင်ငံပိုင်မီဒီယာတွေက လွှတ်တော်ရဲ့အထက်မှာ ရှိသလိုဖြစ်နေတာပေါ့” ဟု ဆိုသည်။လွှတ်တော်၏ လုပ်ငန်းဆောင်တာများကို ပြည်သူက အချိန်နှင့်တပြေးညီ သိခွင့်ရှိကြောင်း၊ လွှတ်တော်၏ လုပ်ဆောင်မှုများကို နေ့စဉ် သို့မဟုတ် အပတ်စဉ်သိရသင့်သည့်အတွက် လွှတ်တော်၏ သီးသန့်မီဒီယာ ထုတ်လွှင့်ရန်ကြိုးပမ်းမှုကို ကြိုဆိုကြောင်း
လွှတ်တော်၏ သီးသန့်ရုပ်သံလိုင်း ထွက်ပေါ်လာပါက ပြည်တွင်း၌ ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ခံ မဟုတ်သော ပထမဆုံး ရုပ်သံမီဒီယာ ဖြစ်လာမည် ဖြစ်သည်။နော်ဝေနိုင်ငံသို့ မြန်မာလွှတ်တော်ကိုယ်စား လှယ်များသွာရောက်စဉ် လွှတ်တော်က ထုတ်လွှင့်မည့် မီဒီယာအတွက် အကူအညီတောင်းခဲ့သကဲ့သို့ ပြည်ပနိုင်ငံများမှ မီဒီယာနှင့်ပတ်သက်၍ ကျွမ်းကျင်သူများကိုလည်း အကူအညီ တောင်းထားကြောင်း ဦးခိုင်မောင်ရည်က ပြောသည်။
ပြည်တွင်းမှ သတင်းအယ်ဒီတာတဦးက “အချိန်နဲ့တပြေးညီ လွှတ်တော်ကိုယ်စားလှယ်တွေ ဘာလုပ်နေလဲဆိုတာ ပြည်သူကို တင်ပြပေးနိုင်တာပေါ့။ အဲဒါကြောင့် ပြည်သူကလည်း သူတို့ရွေးထားတဲ့ ကိုယ်စားလှယ်ရဲ့ အရည်အချင်းကို ပိုပြီး အကဲဖြတ်လာနိုင်လိမ့်မယ်။ ဘယ်သူက သူတို့အတွက် ပိုအလုပ်လုပ်လဲဆိုတာ ပိုသိလာလိမ့်မယ်” ဟု ဆိုသည်။ယခင်က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ပြောကြားသော မိန့်ခွန်းများကိုပင် ပြန်ကြားရေးဝန်ကြီးဌာနက သတင်းစာနှင့် ရုပ်သံများတွင် ဆင်ဆာ တည်းဖြတ်ပြီးမှ ထုတ်လွှင့်မှုများ ရှိခဲ့သည်။

ဆန်စပါး အထူးပြုကုမ္ပဏီများ ပြိုလဲနိုင်


ယခုနှစ် ရာသီဥတုနှင့်ဈေးကွက် မတည်ငြိမ်မှုတို့ကြောင့် ဆန်စပါးအထူးပြု ကုမ္ပဏီကြီးများမှာ ပြိုလဲတော့မည့် အနေအထားကို မြင်တွေ့နေရကြောင်း ယခုနှစ်ထဲတွင် ဆန်စပါး အထူးပြု ကုမ္ပဏီကြီးများ အနေဖြင့် ငွေကြေးပိုင်းဆိုင်ရာ အကျပ်အတည်းနှင့် ရင်ဆိုင်နေရကြောင်း၊ ရာသီဥတု မကောင်းခဲ့သည့်အတွက် လယ်သမားများသည် ဆန်ကုမ္ပဏီကြီးများထံမှ ချေးယူထားသည့် ငွေများကို ပြန်လည် မပေးဆပ်နိုင်သည့်အပြင် နိုင်ငံတကာ ဆန် ရောင်းဝယ်ရေး ဈေးကွက်တွင်လည်း ဆန်စပါးဈေး ကျဆင်းနေသည့်အတွက် ကုမ္ပဏီကြီးများ ဆက်လက် ရှင်သန်နိုင်ရန် ခက်ခဲနေကြောင်း မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးချစ်ခိုင်က ပြောသည်။
ပြည်တွင်းတွင် ဆန်စပါးအထူးပြု ကုမ္ပဏီကြီးများကို ၂၀၀၉ ခုနှစ်မှ စတင် တည်ထောင်ခဲ့ပြီး လက်ရှိအခြေအနေတွင် ကုမ္ပဏီပေါင်း ၅၈ ခုအထိ ရှိလာပြီဖြစ်ရာ မတည်ရင်းနှီးငွေမှာ ကျပ်သန်းပေါင်း ၁ သောင်း ရှိကြောင်း ကုမ္ပဏီများအနေဖြင့် လယ်သမားများအပေါ် ချေးငွေပံ့ပိုးပေး နိုင်မှုမှာ တစ်ဧကလျှင် ကျပ် ၄ သောင်းမှ ၈ သောင်းကျော် အထိရှိပြီး ယခုနှစ်တွင် ချေးငွေ ပံ့ပိုးပေးနိုင်ရန် မလွယ်ကူတော့ကြောင်း၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က ၁ ဧကလျှင် ကျပ် ၄ သောင်းမှ ၅ သောင်းသို့ တိုးမြှင့်ချေးငှား ပေးမည်ဖြစ်သော်လည်း ယင်းချေးငွေမှာ လယ်သမားများအတွက် မလုံလောက် ကြောင်းကမ္ဘာ့ဆန်ဈေးကွက်တွင် မြန်မာ့ဆန်ဈေး ၃၀ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ပြီးနောက် တောင်သူ လယ်သမားများထံမှ ဈေးဖြတ် ၀ယ်ယူသော စပါးဈေးနှုန်းလည်း ကျဆင်းကာ စိုက်ပျိုးထုတ်လုပ်မှု စရိတ်ပင် မကာမိသောကြောင့် တောင်သူ လယ်သမားများ အနေဖြင့် ကုမ္ပဏီများ၏ ချေးငွေကို ပြန်လည် ပေးဆပ်နိုင်ရန် အခက်အခဲ ရှိနေကြောင်းပြည်ပဆန် တင်ပို့မှုသည် မိုးစပါး စိုက်ဧက ၁၈ သန်းမှ စိုက်ပျိုးထွက်ရှိမှုအပေါ် အားထား ဆောင်ရွက်နေရခြင်း ဖြစ်သော ကြောင့် ယခုနှစ် မိုးစပါးစိုက်ဧက လျာထားချက် မပြည့်မီလျှင် အခြေအနေ စိုးရိမ်စရာ ရှိကြောင်း၊ လယ်သမားများ အနေဖြင့် ခေတ်အဆက်ဆက် အကြွေးသံသရာမှ ရုန်းမထွက်နိုင်သေးကြောင်းနှင့် နိုင်ငံတော်က လယ်ယာကဏ္ဍ၌ ရင်းနှီးမြှုပ်နှံသော ဘဏ္ဍာရေး အခြေအနေ လုံးဝ အားနည်းနေကြောင်း မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းရှင်များ အသင်းအနေဖြင့် လယ်ယာကဏ္ဍတွင် ပါဝင်ပတ်သက်သူများ အားလုံးပါဝင်သော ဖိုရမ်တခုကို မကြာမီ ကျင်းပရန် စီစဉ်နေကြောင်း၊ ထွက်ရှိလာသည့် အချက်အလက်များအား သက်ဆိုင်ရာသို့ တင်ပြ သွားမည်ဖြစ်ကြောင်း
၂၀၁၀ – ၁၁ ဘဏ္ဍာရေးနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် ၅ သိန်းကျော် တင်ပို့မှု ရှိခဲ့သည့်အတွက် နိုင်ငံခြားဝင်ငွေ အမေရိကန် ဒေါ်လာ ၁၈၅ သန်းကျော် ရရှိခဲ့ပြီး ၂၀၀၉ – ၂၀၁၀ ဘဏ္ဍာရေး နှစ်တွင်လည်း ဆန်တန်ချိန် ၉ သိန်းကျော် တင်ပို့မှုမှနေ၍ ဒေါ်လာသန်း ၂၈၀ ကျော်ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာနက ထုတ်ပြန်သည့် စာရင်းဇယား များအရ သိရသည်။


SSPP/SSA ရှေ့တန်းစခန်း နှစ်ခု ဆုတ်ခွာပေးမည်

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်၏ တောင်းဆိုချက်အရ ရှမ်းပြည်ဖွံ့ဖြိုးရေးကောင်စီ ခေါ် ရှမ်းပြည်တပ်မတော် (မြောက်) SSPP/SSA က ယင်းတို့၏ တပ်စခန်းနှစ်ခုမှ ဆုတ်ခွာပေးမည်ဟု SSA မှ ဗိုလ်မှူး စိုင်းလှက ပြောသည်။

ယမန်နေ့က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်က SSPP/SSA အား ယင်းတို့၏ တပ်စခန်းမှ ဆုတ်ခွာပေးရန် တယ်လီဖုန်းဖြင့် အကြောင်းကြားလာသဖြင့် တန့်ယန်းမြို့နယ် ၇ မိုင်စခန်းနှင့် မိုင်းရှူးမြို့နယ် လွိုင်ဖာဖိန့်ရှိ တပ်စခန်းတို့မှ နှစ်မိုင်ခန့် အကွာသို့ ဆုတ်ခွာပေးရန် ယနေ့ ဗဟိုကော်မတီစည်းဝေး ကျင်းပ၍ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

ထို့ပြင် ဦးသိန်းဇော်၏ မေတ္တာရပ်ခံချက်အတိုင်း တပ်ဆုတ်ပေးလိုက်သော်လည်း SSPP/SSA တပ်များ ဆုတ်ခွာပေး သည့် အချိန်တွင် အစိုးရတပ်များ တပ်စွဲခြင်း မပြုရန်နှင့် ဆုတ်ခွာချိန်တွင် ပစ်ခတ်ခြင်း မပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည်ဟု သူက ပြောသည်။
အစိုးရတပ်ဖွဲ့များ လားရှိုး၊ တန့်ယန်းနှင့် မိုင်းရှူး ကားလမ်းတလျှောက် လမ်းကြောင်း ရှင်းလင်းလိုကြောင်းနှင့် ယခု တိုက်ပွဲဖြစ်ပွားမှုမှာ အစိုးရတပ်ဘက်မှ ထိခိုက်မှု များပြားသဖြင့် ပြန်လည် တိုက်ခိုက်သည့် အနေအထားဖြစ်သည်ဟု  ဦးသိန်းဇော်က ပြောဆိုခဲ့သည်ဟုပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်နေ့မှစတင်၍ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားခဲ့သဖြင့် ငြိမ်းချမ်းရေးနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်များ ပျက်ပယ်စေမည့် တိုက်ပွဲများ မဖြစ်ပွားလိုသဖြင့် ယင်းတို့ ဆုတ်ခွာပေးရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု ဆက်ပြောသည်။

ယခု ဆုတ်ခွာပေးမည့် တပ်စခန်းများသည် လွန်ခဲ့သော နှစ်ပေါင်း ၂၀ ကျော်က ငြိမ်းချမ်းရေး စတင်ယူခဲ့စဉ်ကတည်းက SSPP/SSA အဖွဲ့များ အခြေချခဲ့သည့် နေရာဖြစ်သည်ဟု ဆိုသည်။
ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်နေ့က  ဦးသိန်းဇော် နှင့် SSPP/SSA  ကိုယ်စားလှယ်များ မန္တလေးမြို့တွင် တွေ့ဆုံပြီး SSPP/ SSA ရှေ့တန်းတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားသည့် နေရာမှ ဆုတ်ခွာပေးခဲ့ပြီး ယခုတကြိမ်မှာ ဒုတိယအကြိမ် ရှေ့တန်း စခန်းမှ ထပ်မံ ဆုတ်ခွာပေးလိုက်ခြင်း ဖြစ်သည်။SSPP/SSA ဗဟိုကော်မတီဝင် ၁၁ ဦးပါဝင်သော ဗဟိုကော်မတီ အစည်းအဝေးကို ဝမ်ဟိုင်း ဌာနချုပ် ၉ နာရီမှ မွန်လွဲပိုင်း ၁ နာရီထိ ပြုလုပ်ခဲ့ပြီး အတွင်းရေးမှူး (၃) စဝ်ကျော်လှ လက်မှတ်ဖြင့် ၎င်းဆုံးဖြတ်ချက်များကို သမ္မတ ဦးသိန်းစိန်ထံ ပို့ရန် စီစဉ်နေသည်ဟု သိရသည်။တိုက်ပွဲစတင်ဖြစ်ပွားခဲ့သော မိုင်းရှူးမြို့နယ် မိုင်းအော့ကျေးရွာအနီးတွင် အစိုးရဘက်မှ လက်နက်ကြီးများဖြင့်ဆက်လက် ပစ်ခတ်နေပြီး တိုက်ပွဲဖြစ်ပွားသည့် သုံးရက်အတွင်း ၁၂၀ မမ လက်နက်ကြီး ကျည်အလုံးပေါင်း ၁၀၀ ကျော်ရှိသွားပြီဖြစ်ကြောင်း ဗိုလ်မှူး စိုင်းလှက ပြောသည်။

ယမန်နေ့ကလည်း တန်ယန်းမြို့နယ် မိုင်းကောင်းကျေးရွာအနီး SSPP/SSA ၏ ခုနှစ်မိုင်တပ်စခန်းသို့ အစိုးရ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်ဖွဲ့များ အနီးကပ် ဝင်ရောက်လာ၍ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့သဖြင့်နှစ်ဖက် ထိခိုက်ကျဆုံးမှုများ ရှိခဲ့သည်ဟု ဆိုသည်။မြန်မာအစိုးရ တပ်ဘက်မှ ၂၀ ကျော်ခန့် ထိခိုက်ဒဏ်ရာ ရရှိမှု ရှိနေသည်ဟု ခန့်မှန်းရပြီး SSPP/SSA ဘက်မှ ၆ ဦး ဒဏ်ရာရသည်ဟု ဗိုလ်မှူးစိုင်းလှက ပြောသည်။


မွန်အမျိုးသား ကျောင်းဆရာတို့ ထောက်ပံ့ကြေး နည်းပါးခြင်းကြောင့် အခက်ကြုံဟုဆို

ထောက်ပံ့ကြေး နည်းပါးမှုကြောင့် မွန်စာပေနှင့် ယဉ်ကျေးမှု ကော်မတီ ဗဟိုသို့ လွှဲပြောင်းခဲ့ သည့် မွန်အမျိုးသားကျောင်းမှ ဆရာ၊ဆရာမအချို့ နှုတ်ထွက်သွားကြကာ အိမ်နီးချင်း နိုင်ငံများသို့ သွားရောက်အလုပ် လုပ်ကိုင်နေကြရသည်ဟု မွန်စာပေအရေး ဆောင်ရွက်နေသူများက ပြောသည်။

မွန်အမျိုးသား ကျောင်းဆရာ တဦးအား တလလျှင် ၂ဝ,ဝဝဝ ကျပ်သာ ထောက်ပံ့နိုင်ပြီး၊ အစိုးရကျောင်း မူလတန်းပြ ဆရာတဦး၏ လစာနှင့် ထောက်ပံ့ကြေးမှာ အနိမ့်ဆုံး ၈ဝ,ဝဝဝ ကျပ်ဝန်းကျင် ရှိကြောင်း
နှုတ်ထွက်သွားကြသည့် ဆရာ၊ ဆရာမ  မြို့နယ်တမြို့နယ်လျှင် ဆယ်ဦးခန့်စီ ရှိမည်ဟု နိုင်အောင်မွန်က ခန့်မှန်းသည်။ ထိုကဲ့သို့ အခြေအနေများကြောင့် ဆရာ မလုံလောက်မှု ဖြစ်ပေါ်လာသည့် အခက်အခဲများကြောင့် မွန်အမျိုးသားကျောင်းမှ ကျောင်းသူ ကျောင်းသားအချို့မှာ အစိုးရကျောင်းသို့ ပြောင်းရွှေ့သင်ကြားမှုလည်း ရှိကြောင်း ယင်းသို့သော အခြေအနေများကြောင့် ဆရာများအား ထောက်ပံ့ကြေး တိုးမြှင့်နိုင်ရန်အတွက် ဇွန်လလယ်ခန့်တွင် မွန်စာပေနှင့် ယဉ်ကျေးမူ ကော်မတီ ဗဟိုက ရန်ပုံငွေ ရှာဖွေရေး ကော်မတီတရပ်ကို ဖွဲ့စည်းခဲ့ပြီး၊ မြို့နယ်အသီးသီးရှိပြည်သူများနှင့် သံဃာတော်များထံမှ ရန်ပုံငွေများ စုဆောင်းလျက် ရှိသည်ဟု မွန်စာပေနှင့် ယဉ်ကျေးမူ ကော်မတီ ဗဟိုမှ ခေါင်းဆောင်တဦး ဖြစ်သူ ဒေါက်တာမင်းစိုးလင်းက ပြောသည်။
ကျောင်းသား မိဘများမှာ စားဝတ်နေရေး အခက်အခဲများနှင့် ရုန်းကန်နေရသည့်အတွက် ယင်းတို့ထံမှ ငွေကြေး အမြောက်အမြား ရနိုင်မည် မထင်ကြောင်းနှင့် အဆိုပါကျောင်းများကို တာဝန်ယူရန်မှာ ကြီးလေးသည့် တာဝန်တခုဖြစ်သည့်အတွက် မွန်စာပေနှင့် ယဉ်ကျေးမှု ကော်မတီ ဗဟိုအတွက် စိန်ခေါ်မှုတရပ် ဖြစ်ကြောင်းလည်း နိုင်အောင်မွန် က ပြောသည်။

ယခင်က မွန်ပြည်သစ်ပါတီ မွန်အမျိုးသား ပညာရေးဌာန ကွပ်ကဲမှုအောက်တွင် ရှိသည့် အမျိုးသားကျောင်းများနှင့် အစိုးရကျောင်းနှင့် တွဲဖက်သင်ကြားနေသည့် ကျောင်းများအနက် မွန်ပြည်နယ် သံဖြူဇရပ်၊ မုဒုံ၊ ကျိုက်မရောမြို့နယ်နှင့် ကရင်ပြည်နယ် ဘားအံ၊ ကော့ကရိတ်မြို့နယ်ရှိ ကျောင်းပေါင်း ၁၄၅ ကျောင်းကို ယခုနှစ် ဧပြီလ ၁ ရက်နေ့တွင် မွန်စာပေနှင့် ယဉ်ကျေးမှု ဗဟိုသို့ လွှဲပြောင်းပေးခဲ့ပြီး အဆိုပါကျောင်းများတွင် ဆရာ ဆရာမ သုံးရာကျော် ရှိကြောင်း မွန်ပြည်သစ် တပ်တည်ဧရိယာနှင့် နီးစပ်သည့် မွန်ပြည်နယ် ရေးမြို့နယ်၊ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်၊ တနင်္သာရီတိုင်း ရေဖြူမြို့နယ်ဒေသများရှိ အမျိုးသားကျောင်းများနှင့် တွဲဖက်ကျောင်းများကို မွန်အမျိုးသား ပညာရေး ဌာန လက်အောက်တွင် ဆက်လက်ထားရှိဆဲ ဖြစ်သည်။၂၀၁၀ ခုနှစ် မွန်အမျိုးသား ပညာရေးဌာနမှ ထုတ်ပြန်သော စာရင်းအရ မွန်အမျိုးသားကျောင်း ၁၅၆ ကျောင်းနှင့် အစိုးရကျောင်းနှင့် တွဲဖက် သင်ကြားသည့် မွန်စာပေသင်ကျောင်း ၁၁၆ ကျောင်းတွင် ကျောင်းသားဦးရေ ၃၅,၀၀၀ ပညာသင်ကြားလျက် ရှိကြောင်း သိရသည်။


ဆန္ဒပြအလုပ်သမားခေါင်းဆောင်တချို့ အလုပ်ဖြုတ်ခံရ

မကြာသေးခင်လတွေအတွင်းက မြန်မာနိုင်ငံ ရန်ကုန်၊ စက်မှုဇုန်သီးသီးမှာ အလုပ်သမား ဆန္ဒပြမှုတွေ ဖြစ်ပွားပြီး တဲ့နောက် အလုပ်အထုတ်ခံရသူတွေ များလာတဲ့အတွက် အလုပ်သမားရေးကို ဖြေရှင်းတဲ့အခါမှာ အလုပ်သမား ၀န်ကြီးဌာနရဲ့ ဖြေရှင်းမှု နည်းလမ်းဟာ အားနည်းချက်တွေရှိနေတယ်လို့ အလုပ်သမားအရေး ဆောင်ရွက် သူတွေက ထောက်ပြကြပါတယ်။ မေလနဲ့ဇွန်လအတွင်း မြန်မာနိုင်ငံစက်မှုဇုန် အလုပ်သမားဆန္ဒပြမှုတွေ ဖြစ်ပြီးတဲ့နောက်မှာတော့ ဆန္ဒပြမှုမှာ ပါဝင် ဦးဆောင်တဲ့ အလုပ်သမားတွေကို အလုပ်ကထုတ်ပယ်မှုတွေ လှိုင်သာယာ စက်မှုဇုန် ၄ မှာဖြစ်ခဲ့ပါ တယ်။အလုပ်သမားအရေး ဦးဆောင်နေသူ ဦးဌေးက လှိုင်သာယာ စက်မှုဇုန်ထဲမှာတင် စက်ရုံ  ၃ ရုံက အလုပ် သမားတွေ အကြောင်းအမျိုးမျိုးနဲ့ ထုတ်ပယ်ခံနေရတယ်လို့ ဆိုပါတယ်။
လှိုင်သာယာ စက်မှုဇုန် (၁)၊ တော်ဝင်မြန်မာ အထည်ချုပ်စက်ရုံ အလုပ်သမား ၄၀ ကျော်ကိုတော့ အသက် မပြည့်လို့ ထုတ်ပစ်လိုက်ရကြောင်း အလုပ်ရှင်နဲ့အလုပ်သမား ဖြန်ဖြေရေး ကိစ္စတွေ ဆောင်ရွက်ပေးနေတဲ့ အလုပ်သမားဥပဒေ စိစစ်ရေး ညွှန်ကြားမှုဦးစီးဌာနက ညွှန်ကြားရေး မှူးချုပ် ဦးဝင်းရှိန်က ဆိုပါတယ်။ ဒါပေမဲ့လည်း အလုပ်ထုတ်ပစ်မှုဟာ အလုပ်သမားဥပဒေပါ အချက်အလက်တွေအတိုင်း မဟုတ်တဲ့ အကြောင်း ဦးဌေးက ဆိုပါတယ်။
တကယ်တော့ အလုပ်သမားတွေအနေနဲ့ ဆန္ဒပြပြီး တောင်းဆိုချက်အတော်များများကို တောင်းခဲ့ကြရာမှာ လုပ်အားခပြဿနာအပြင် တနေ့ ၁၂ နာရီကျော် ခိုင်းစေမှုတွေ၊ အလုပ်သမားတွေရသင့်တဲ့ လူမှုဖူလုံရေး ဥပဒေခံစားခွင့်အတိုင်း မရရှိတာတွေ၊ အလုပ်ရှင်တွေက လိုက်နာ ဆောင်ရွက်ပေးမှု မရှိတာတွေကြောင့်လို့ ဆိုပါတယ်။အလားတူပဲ မန္တလေးတိုင်းက အောင်စိန် အထည်ဆိုးဆေးစက်ရုံမှာလည်း အလုပ်သမားခေါင်းဆောင် ၁၀ ဦး ဟာ အကြောင်းပြချက်မပေးဘဲ အလုပ်ရှင်က အလုပ်ထုတ်ပစ်တာခံခဲ့ရပါတယ်။အလုပ်သမား ဆန္ဒပြမှုတွေဖြစ်လာနေတာနဲ့ပတ်သက်လို့ လှုံ့ဆော်သူတွေကို အညှိုးထားပြီး အလုပ်ကနေ အကြောင်းအမျိုးမျိုးနဲ့ ထုတ်ပယ်တာဟာ အလုပ်ရှင်နဲ့အလုပ်သမားတွေကြား အမြဲလိုလို ကြုံနေရတာ လည်း ဖြစ်ပါတယ်။

နေပြည်တော်တဝိုက်က ဘုန်းကြီးကျောင်းတွေ ဖျက်မိန့်ပေးထား


နေပြည်တော် ဥတ္တရသီရိမြို့နယ်နဲ့ ဇဗ္ဗူသီရိမြို့နယ် အနီးတဝိုက်က ဘုန်းတော်ကြီးကျောင်းပေါင်း (၅၀) ကို စည်ပင်သာယာက ဖျက်မိန့်ပို့ထားပြီး အဲဒီထဲက ကျောင်း ၂ ကျောင်းကို မီးရှို့လိုက်တယ်လို့ သတင်းရရှိပါတယ်။
ဘုန်းကြီးကျောင်းတစ်ကျောင်းကိုတော့ ငွေသိန်း (၄၀) ကျော်ပေးပြီး မီးရှို့ဖျက်ဆီးလိုက်တာလို့ ဒေသခံ ဘုန်းတော်ကြီးတစ်ပါးက မိန့်ပါတယ်။ကျောင်းတွေ ဖျက်ပေးရမယ့်ကိစ္စကို မနက်ဖြန် နောက်ဆုံးထား အကြောင်းပြန်ရမယ်လို့ ညွှန်ကြားထားတဲ့ အကြောင်းကို ဥတ္တရသီရိမြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက ပြောပါတယ်။
ဖျက်ရမယ့် ညွှန်ကြားခံရတဲ့ ကျောင်းတွေထဲမှာ ၅ ကျောင်းက လုံးဝမရွှေ့ပေးနိုင်ဘူး ဆိုတဲ့အကြောင်း သိရသလို ကျောင်း ၉ ကျောင်းက အကြောင်းမပြန်ဘူးလို့ သိရပါတယ်။ ကျန်တဲ့ကျောင်းတွေကတော့ လုံလောက်တဲ့လျော်ကြေး ဒါမှမဟုတ် သင့်တော်တဲ့နေရာမှာ အစားထိုး ပြန်ပေးမယ်ဆိုရင် ပြောင်းရွှေ့ပေးမယ့် သဘောထားရှိတယ်လို့ သိရပါတယ်။ဘုန်းကြီးကျောင်းတွေ ဖျက်ဖို့ ညွှန်ကြားထားတဲ့ နေပြည်တော် စည်ပင်သာယာဋ္ဌာနကတော့ ဘယ်လိုအစားထိုး ဆောင်ရွက်ပေးမယ်ဆိုတဲ့ အစီအစဉ်သစ်နဲ့ ပတ်သက်လို့ ဘုန်းတော်ကြီးတွေကို တိတိကျကျ လျှောက်ထား ပန်ကြားတာ မရှိသေးဘူးလို့ သိရပါတယ်။



ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်းတို့ အရွယ်မရောက်သေးသည့် ကလေးသူငယ်များ တပ်မတော်တွင် စစ်မှုထမ်းခြင်းမှ ကာကွယ်ရန်နှင့် အသက်မပြည့်သေးသော တပ်သားသစ်များကို လွတ်မြောက်ခွင့်ပြုရန် လက်မှတ်ရေးထိုးခဲ့သည့် လုပ်ငန်းအစီအစဉ် အား သဘောတူစာချုပ် အသက်ဝင် ချိန်မှ ၁၈ လအတွင်း အပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု ဇွန်လ ၂၉ ရက်နေ့က ရန်ကုန်မြို့ရှိ ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (ယူနီဆက်)တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ကုလသမဂ္ဂအတွင်း ရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စကုမာရဆွာမိ က ပြောကြားခဲ့သည်။
အဆိုပါ သဘောတူစာချုပ်ကို ၂၀၁၂ ခုနှစ် ဇွန်လ ၂၇ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ပြီး ပြင်ဆင်ချိန် ၄၅ ရက် သတ်မှတ်ခဲ့ပြီး ပြင်ဆင်ချိန် ပြီးဆုံးသည့်ရက်မှစ၍ ၁၈ လအတွင်းအပြီး တစ်နိုင်ငံလုံးတွင် အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
တပ်မတော်အပါအ၀င် မြန်မာနိုင်ငံ၌ ကလေးစစ်သားများ စုဆောင်းအသုံးပြုသော အဖွဲ့ရှစ်ဖွဲ့ခန့်ရှိပြီး ဒီမိုကရက်တစ် ကရင်ဗုဒ္ဓဘာသာစစ်တပ်၊ ကချင်လွတ်မြောက်ရေးတပ် (KIA)၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်- ငြိမ်းချမ်းရေးကောင်စီ၊ ကရင်နီတပ်၊ ရှမ်းပြည်နယ်တပ်(SSA) တောင်ပိုင်းနှင့် ‘၀’အမျိုးသားတပ်မတော်တို့ ဖြစ်ကြောင်းနှင့် အဆိုပါအဖွဲ့များ တွင် ကလေးစစ်သားဦးရေ မည်မျှရှိသည်ကိုမူ အတိအကျ မသိရှိသော်လည်း အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက အရေအတွက် မြင့်မားနိုင်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စကုမာရဆွာမိက ဆိုသည်။
ကုလသမဂ္ဂကလေးများ ရန်ပုံငွေ အဖွဲ့(ယူနီဆက်)အနေဖြင့်  ၂၀၀၇ ခုနှစ်မှ ယခုလက်ရှိအချိန်ထိ တပ်မတော် ထဲမှ ပြန်လည်ထုတ်ပေးခဲ့သော ကလေး စစ်သားဦးရေမှာ ၅၀၀ ကျော်ရှိပြီဖြစ်ကြောင်း ယင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦး ကပြောကြားခဲ့သည်။
စစ်သားစုဆောင်းရာတွင် တပ်မတော်ဥပဒေ စည်းမျဉ်းစည်းကမ်းများ နှင့်အညီ စုဆောင်းခြင်းမပြုသည့် အရာရှိ နှင့်အခြားအဆင့် ၂၀၁ ဦးကို အရေးယူမှုများ ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း ကာကွယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး လှမင်းက ဇွန်လ ၂၇ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် အရွယ်မရောက် ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်ရေးဆိုင်ရာ လုပ်ငန်း အစီအစဉ် လက်မှတ်ရေးထိုးပွဲတွင် ပြောဆိုကြောင်း သိရသည်။

LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment