မြန်မာသတင်းများ  ဇူလိုင် ၆၊ ၂၀၁၂
ဒေါ်အောင်ဆန်းစုကြည် ကော့မှူးကို သွားရောက်ဆွေးနွေး
အမျိုးသားဒီမိုကရေစီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က သူ့ရဲ့ မဲဆန္ဒနယ်မြေဖြစ်တဲ့ ကော့မှူးမြို့နယ်ကို သွားရောက်ပြီး ဒေသခံပြည်သူတွေရဲ့ လိုအပ်ချက်တွေကို တွေ့ဆုံမေးမြန်းခဲ့ကြောင်း သိရပါတယ်။
ကောမှူးမြို့က အောင်ဇမ္ဗူ ပရဟိတကျောင်းတိုက်မှာ ဒေသခံတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပြီး ဒေသခံတွေ တင်ပြလာတဲ့ အခက်အခဲတွေကို ဆွေးနွေးမေးမြန်းခဲ့တယ်လို့ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဦးသိန်းဦးက ပြောပါတယ်။
"၁၁ နာရီမှာ ကော့မှူး အောင်ဇမ္ဗူ ဘုန်းကြီးကျောင်းကို ရောက်လာတယ်။ ဘုန်းကြီးကျောင်းကို ငွေလှူပြီးတော့ အဲဒီက နယ်ခံတွေနဲ့ တွေ့တယ်။ တွေ့ပြီးတော့ သူတို့လိုအပ်တာတွေ အဲတာအကုန် တင်ပြကြတယ်ပေါ့။ အစ်မလည်း လုပ်နိုင်သလောက် လုပ်ပေးမယ်။ အထူးသဖြင့်တော့ ဒီလမ်းပန်း ဆက်သွယ်ရေး ကိစ္စတွေပေါ့။ နောက်ပညာရေး၊ ကျန်းမာရေး နောက်ကျောင်းထဲမှာ ရှိတဲ့ စာသင်ခန်းတွေ လိုက်ပြီးတော့ လေ့လာတယ်"
ဒေါ်အောင်ဆန်းစုကြည်ဟာ အောင်ဇမ္ဗူ ပရိယတ္တိ စာသင်တိုက် ဆရာတော်ကို ပရဟိတကျောင်းအတွက် ပညာရေး အလှူငွေအဖြစ် ၁၈ သိန်း လှုဒါန်းခဲ့ပါတယ်။ ကော့မှူးမြို့နယ် NLD အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ညနေပိုင်းမှာ ရန်ကုန်မြို့ကို ပြန်လည် ထွက်ခွာလာကြောင်း သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့နယ် ဒေသခံနှင့် သွားရောက် တွေ့ဆုံ
ဒီမိုကရေစီ အဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ဒေါ်အောင်ဆန်းစုကြည်သည် သူ၏ မဲဆန္ဒနယ် ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ဒေသခံ ပြည်သူများ တင်ပြသည့် အခက်အခဲများကို ဆွေးနွေးခဲ့သည်ဟု သတင်း လိုက်ပါယူခဲ့သူ ပေါ်ပြူလာနယူးစ်က သတင်းထောက် ကိုဥာဏ်လင်းအောင်က ပြောသည်။
ကော့မှူးမြို့နယ် ဆင်ခြံကျေးရွာ အောင်ဇမ္ဗူပရဟိတ စာသင်တိုက်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ဒေါ်အောင်ဆန်းစုကြည်ကို ဒေသခံ ပြည်သူများက ပညာရေး၊ ကျန်းမာရေး၊ ရေ၊ လျှပ်စစ်မီး၊ ချေးငွေ၊ အလုပ်အကိုင် ရရှိရေးနှင့် လမ်းပန်း ဆက်သွယ်ရေးများနှင့် ပတ်သက်၍ တင်ပြချက်များကို ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
“ကလေးတွေ ကျောင်းမတက်နိုင်တဲ့ ကိစ္စတွေ၊ သူတို့ဒေသမှာ ဆေးပေးခန်း မရှိတဲ့ ကိစ္စတွေ၊ သန့်စင်တဲ့ရေ မရှိတဲ့ ကိစ္စတွေ ပါတယ်။ အလုပ်လက်မဲ့ ကိစ္စတွေ များသောအားဖြင့် တင်ပြတယ်။ ဒေါ်အောင်ဆန်းစုကြည်က သူလုပ်ပေးနိုင်တဲ့ ကိစ္စတွေ လုပ်ပေးမယ်၊ တချို့ဟာတွေက အစိုးရနဲ့ ဆိုင်တဲ့ကိစ္စတွေကိုတော့ ညှိနှိုင်းပြီးတော့ သူလုပ်ပေးမယ်လို့ ပြောတယ်” ဟု ကိုဥာဏ်လင်းအောင်က ပြောသည်။
ထို့ပြင် ဒေသခံတဦးက ချေးငွေ ကိစ္စနှင့် ပတ်သက်၍ တင်ပြချက်ကို ဒေါ်အောင်ဆန်းစုကြည်က အသေးစားချေးငွေ ထုတ်ပေးနေသည့် အဖွဲ့တခုနှင့် ချိတ်ဆက်ထားပြီး လာမည့် သုံး၊ လေးလအတွင်း ကော့မှူးမြို့နယ်အတွင်း အကောင်အထည် ဖော်လာမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
“ရေကိစ္စကတော့ ကျမတို့ တတ်နိုင်သလောက် လုပ်သွားမှာပါ။ ငွေကိစ္စ ချေးငွေကိစ္စနဲ့ ပတ်သက်လို့၊ အသေးစားချေးငွေ အပြင်မှာ လုပ်နေတဲ့ အဖွဲ့တခုနဲ့ ချိတ်ဆက်ပြီးပြောတယ်။ ဒါဒီဟာကိုတော့ နောက် သုံးလေးလမှာ ဒီကော့မှူးဘက်ကို လာဖို့အတွက် ချိတ်ဆက်ပြီးတော့ လုပ်ကိုင်ဖို့ ကျမတို့ ချိတ်ဆက်ထားပါတယ်။ သုံးလေးလ လောက်မှာ ဖြစ်လာမယ်လို့ ကျမ မျော်လင့်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်ကို တယ်လီဖုန်းမှတဆင့် ဖမ်းယူခဲ့ခြင်း ဖြစ်သည်။
ကော့မှူးမြို့နယ် ကျေးရွာပေါင်း ၆၁ ရွာမှ ကျေးရွာဒေသခံ ၃ဝဝ ကျော် တက်ရောက်ခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်က သန့်စင်သည့်ရေနှင့် ဆည်ရေများ ရရှိရေးအတွက် မိုးရာသီကုန်ပါက ရေတွင်းများ တူးပေးမည်ဟုဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်ဟု သူက ပြောသည်။
ပထမအကြိမ် လွှတ်တော် စတုတ္ထု ပုံမှန်အစည်းအဝေးကို သုံးရက်ကြာ ခွင့်ယူထားစဉ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က သူ၏ မဲဆန္ဒရှင် ပြည်သူများနှင့် သွားရောက် တွေ့ဆုံခဲ့သလို၊ ပါတီတွင်း လုပ်ငန်းများကိုလည်း လွှတ်တော်လုပ်ငန်းဆိုင်ရာကော်မတီနှင့် လွှတ်တော်ဆိုင်ရာ ဆော်သြော်ရေး တာဝန်များကိုပေးအပ်ခဲ့သည်။NLD လွှတ်တော်လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်ရာတွင် ဦးဆောင်မှုပေးနိုင်ရေးအတွက် “လွှတ်တော် လုပ်ငန်းဆိုင်ရာကော်မတီ”ကို ဖွဲ့စည်းခဲ့သည်။ ယင်းကော်မတီတွင် ဥက္ကဌအဖြစ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ခုနှစ်ဦးဖြင့် ဖွဲ့စည်းခဲ့သည်။
ထို့ပြင် လွှတ်တော်ဆိုင်ရာ ကိစ္စရပ်များ ပံ့ပိုးကူညီနိုင်ရန် “လွှတ်တော်ဆိုင်ရာ ဆော်သြော်ရေး”မှူး အဖြစ် တောင်တွင်း ကြီး မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်နှင့် လက်ထောက် ဆော်သြော်ရေးမှူးအဖြစ် ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ငံလင်းအား ခန့်အပ်ခဲ့သည်။ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်နေ့က ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇေယျာသော် (ခ) ဦးဖြိုးဇေယျာသော်ကို ဒေါ်အောင်ဆန်းစု ကြည်၏ လွှတ်တော်ဆိုင်ရာ အရာရှိအဖြစ် ခန့်အပ်လိုက်ကြောင်း ထုတ်ပြန်ထားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် သူ၏ မဲဆန္ဒနယ်မြေသို့ ရွေးကောက်ပွဲပြီးနောက် ဧပြီလ ၁၇ ရက်နေ့ကလည်း
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ကံစမ်းမဲ ဖောက်၍ ဆုငွေ ပေးအပ်ခဲ့သည်။ ကြားဖြတ် ရွေးကောက်ပွဲ မကျင်းပမည် တကြိမ် ယခုတကြိမ်ဆိုလျှင် သုံးကြိမ်မြောက် ဒေသခံ ပြည်သူများနှင့် သွားရောက် တွေ့ဆုံခြင်း ဖြစ်သည်။
ရခိုင် ဒုက္ခသည်စခန်း နိုင်ငံတကာ အန်ဂျီအိုအလှူ လက်မခံ
ရခိုင်ပြည်နယ် မောင်တောမြို့ရှိ ဒုက္ခသည်စခန်း ကြီးကြပ်သူများက နိုင်ငံခြား အန်ဂျီအိုများ လာရောက်လှူဒါန်းခြင်းကို လက်မခံ ပဲ ငြင်းပယ်လိုက်ခြင်းမှာ မှားယွင်းသည့် လုပ်ရပ်တခု ဖြစ်ကြောင်း ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီက ပြောသည်။
မောင်တောမြို့ရှိ ဒုက္ခသည်စခန်း ၇ ခုက အင်္ဂါနေ့နှင့် ဗုဒ္ဓဟူးနေ့များတွင် Martayzar အပါအဝင် နိုင်ငံတကာ အန်ဂျီအို အချို့အား ငြင်းပယ်ခြင်းနှင့် ပတ်သက်ပြီး တုံ့ပြန် ပြောဆိုခြင်း ဖြစ်သည်။
“လက်မခံဘူးလို့ ကိုယ့်သဘောနဲ့ကိုယ် ပြောလို့ ဘယ်ရပါ့မလဲ။ လူတွေက အကူအညီ လိုအပ်နေပါတယ်။ အကူအညီ လိုအပ်နေတာကို လက်မခံဘူးဆိုတော့ မှားနေပြီလေ” ဟု ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဗဟိုကော်မတီ ဝင် ဦးစံကျော်လှ က ပြောသည်။
ရခိုင်ပြည်နယ် အခြေအနေမှာ တည်ငြိမ်မှုသို့ ပြန်လည် ရောက်ရှိနေပြီ ဖြစ်သော်လည်း ဒုက္ခသည်များမှာ ထိန့်လန့်နေ ကြဆဲ ဖြစ်ကြောင်းနှင့် ဒုက္ခသည်များအတွက် အစားအသောက်၊ အနေအထိုင်နှင့် ကလေးငယ်များ ကျောင်းတက်နိုင်ရေးအတွက် အကူအညီများစွာ လိုအပ်ဆဲ ဖြစ်ကြောင်း သူက ပြောသည်။
နိုင်ငံတကာ အန်ဂျီအိုများသည်  ဘင်္ဂါလီနှင့် ရခိုင်တိုင်းရင်းသားများကို ခွဲခြားဆက်ဆံခြင်း၊ ရိုးသားမှု မရှိခြင်းဟု ယူဆရ သည့်အတွက် ၎င်းတို့၏ အထောက်အပံ့ကို လက်မခံရခြင်း ဖြစ်ကြောင်း ဒုက္ခသည်များ ခိုလှုံရာ စခန်းတခု ဖြစ်သည့်မောင်တောမြို့ရှိ အလိုတော်ပြည့်ကျောင်း ဆရာတော် အရှင်မဏိသာရ က မိန့်သည်။
“အန်ဂျီအို အဖွဲ့အစည်းတွေဟာ လူသား ချင်း စာနာထောက်ထားခြင်း၊ လူမျိုးဘာသာမရွေး ကူညီပံ့ပိုးတယ်လို့ ပြောပါသော်လည်းပဲ အရင်က ရခိုင်တိုင်းရင်းသားတွေ ဘာတခုမှ မရခဲ့ပါဘူး၊ ဘင်္ဂလီတွေကိုပဲ ဆေးဝါး အခမဲ့၊ ပညာရေး အခမဲ့၊ ဆန်အခမဲ့ ပေးဝေနေတယ်၊ အခုအချိန်ကြမှ ပံ့ပိုးချင်တယ် ဆိုတာကတော့ စေတနာကော မှန်ရဲ့လား၊ ရိုးကော ရိုးသားရဲ့လား အဲဒီလို မေးခွန်းထုတ်စရာ လိုတယ်။ ဦးဇင်းတို့တော့ မလိုအပ်ဘူးလို့ ထင်တယ်” ဟု ဆရာတော်က မိန့်သည်။
ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ စစ်တွေမြို့ ဌာနချုပ်မှ ဦးစံလှကျော် ကမူ “ဟိုတုန်းကတော့ ရှိတယ်ခင်ဗျ၊ အဲဒီအန်ဂျီအိုတွေက မွတ်ဆလင်တွေနဲ့ ရခိုင်တွေ ဆိုရင် မွတ်ဆလင်ဘက်ကို အလေးသာမှာပဲ၊ ဒါလည်း သူတို့ရဲ့ သဘောသဘာဝပါ၊ မွတ်ဆလင်တွေဘက်ကို အလေးသာနေတဲ့အတွက် အခု ရခိုင်တွေကို ပေးနေတဲ့ အလှူကို လက်မခံဘူး ဆိုရင် ဒါက မဖြစ်သင့်တဲ့ကိစ္စပါ” ဟု ပြောသည်။
မောင်တောမြို့နယ် အကြမ်းဖက်မူ ဖြစ်ရပ်တွင် နိုင်ငံတကာ အန်ဂျီအိုမှ ဒေသခံ ဝန်ထမ်းအချို့ နောက်ကွယ်မှ ပါဝင်ပတ်သက်နေသည့် သတင်းများ ထွက်ပေါ်နေခြင်းကြောင့် ဒေသခံ ရခိုင်တိုင်းရင်းသားများက နိုင်ငံတကာ အန်ဂျီအိုများအပေါ် မကျေနပ်မှုများ ဖြစ်ပေါ်လျက် ရှိကြောင်း ရခိုင်ပြည်နယ်အတွင်း မေလ ၂၈ ရက်နေ့မှ ဇွန်လ ၂၄ ရက်နေ့ထိ ဖြစ်ပျက်ခဲ့သည့် ဆူပူအကြမ်းဖက်မှုကြောင့် လူပေါင်း ၇၈ ဦး သေဆုံးပြီး၊ ၈၅ ဦး ဒဏ်ရာ ရရှိကာ၊ မီးလောင်ကျွမ်း ပျက်စီးခဲ့ရသည့် အဆောက်အဦး ၃,၁၅၈ လုံး ရှိကြောင်း အစိုးရ တရားဝင် ထုတ်ပြန်ချက်အရ သိရသည်။နိုင်ငံတကာ အန်ဂျီအိုအဖွဲ့ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် (WFP) မှ ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ် တခုလုံးတွင် ဒုက္ခကြုံနေရသူပေါင်း ၉ဝ,ဝဝဝ ခန့် ရှိကြောင်း သိရသည်။
မြန်မာ အကျဉ်းသား လွှတ်ပေးမှု ကုလသမဂ္ဂ ကြိုဆို
မြန်မာအစိုးရက မကြာသေးခင်က အကျဉ်းသားများ လွှတ်ပေးသည့် အပေါ် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ် စားလှယ် မစ္စတာ သောမတ်စ် ဟိုဟေး ကင်တာနာက ယမန်နေ့က ကြိုဆိုလိုက်သည်။ ပြီးခဲ့သည့် အင်္ဂါနေ့က နိုင်ငံခြားသား ၃၄ ဦး အပါအ၀င် အကျဉ်းသား ၈၀ လွတ်ငြိမ်းခွင့် ပေးခဲ့သည်။ လွတ်မြောက်လာသူများထဲမှ မြန်မာနိုင်ငံသား ၄၆ ဦးတွင် နိုင်ငံရေးအကျဉ်း သား ၂၀ ကျော် ပါဝင်ခဲ့သည်။
ဦးဉာဏ်ဝင်းကို မမှန်သတင်းပေးမှုဖြင့် တရားစွဲကြောင်း ထုတ်ပြန်
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားချက် မလိုက်နာ၍ NLD ဗဟိုအောင်နိုင်ရေး အတွင်းရေးမှူး ဦးဉာဏ်ဝင်းကို တရားစွဲဆိုကြောင်း ထုတ်ပြန်ကြေညာသည်။ ဧပြီလက ကျင်းပသော ကြားဖြတ်ရွေးကောက်ပွဲ၌ မဲဆန္ဒလက်မှတ်များတွင် ဖယောင်း သုတ်သည်ဟူသော စွပ်စွဲချက်အား ပြန်လည်ရုပ်သိမ်းပေးရန် ညွှန်ကြားချက်ကို မလိုက်နာသောကြောင့် မမှန်သတင်း ပေးမှုဖြင့် တရား စွဲဆိုရခြင်း ဖြစ်ကြောင်း အများပြည်သူ သိရှိရန် သတင်းထုတ်ပြန်ချက်ကို ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြ ထားသည်။
ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှတ်ပုံတင်ခွင့် ရပြီ
မြန်မာနိုင်ငံ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ ဇိုမီး ဒီမိုကရေစီအဖွဲ့ချုပ် (Zomi Congress For Democracy) ကို နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်ခွင့် မနေ့က ခွင့်ပြုလိုက်ပါ တယ်။ ဂျူလိုင်လ ၅ ရက် ကြာသပတေးနေ့၊ နေ့စွဲနဲ့ ဇိုမီး ဒီမို ကရေစီအဖွဲ့ချုပ် တာဝန်ရှိသူတဦးဖြစ်တဲ့ ဦးဝင့်ကမ်းလျန် ဆီ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်က ပေးပို့ခဲ့တဲ့စာထဲမှာ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ကို ပါတီတည်ထောင်ဖို့ ခွင့်ပြု လိုက်ကြောင်းနဲ့ ရက်ပေါင်း ၃၀ အတွင်း ပါတီဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌတို့ကို အပြီးရွေးချယ်ပြီးတော့ မှတ်ပုံတင် ဖို့ ပြောဆိုထားတာပါ။ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဒီအကြောင်းစာနဲ့ပတ်သက်ပြီး လက်ရှိ အမေရိကန်ပြည်ထောင်စုမှာ ခဏရောက်ရှိနေတဲ့ ဇိုမီး တိုင်းရင်းသားခေါင်းဆောင် ပူကျင်ရှင်းထန်က အခုလို ပြော ပါတယ်။
“ကျနော်တို့ ဒါတွေက အဆင်သင့်ပါပဲ။ ရက်ပေါင်း ၃၀ အတွင်း မှာ လုပ်နိုင်မှာပါ။ ပါတီက အတွင်းရေးမှူး ရှိတယ်၊ ဘဏ္ဍာရေးမှူးတွေ ရှိတယ်။ ပါတီအသစ်လုပ်တဲ့အခါမှာ နည်းနည်းပါးပါး မိတ်ဆွေတွေခေါ်ပြီးတော့ - ဒါမှမဟုတ်ရင် လျှောက်ထားတဲ့သူ ၁၇ ယောက် ခေါ်ပြီးတော့ ဒီဥစ္စာ ဘယ်သူတွေ လုပ်မလဲဆိုတာ ဆုံးဖြတ်မယ်လေ။”
အခု ရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့်ပြုလိုက်တဲ့ ဇိုမီး ဒီမိုကရေစီအဖွဲ့ချုပ်ဆိုတာ အရင် ၁၉၈၈ ခုနှစ်က ဇိုမီး အမျိုးသား ကွန်ဂရက် ပါတီအမည်နဲ့ မှတ်ပုံတင်ပြီး ၉၀ ရွေးကောက်ပွဲမှာ ပါဝင်ခဲ့တဲ့ နိုင်ငံရေး ပါတီလည်းဖြစ် ပါတယ်။ ဒါပေမဲ့ သမ္မတဦးသိန်းစိန် အစိုးရလက်ထက်မှာ ရွေးကောက်ပွဲကော်မရှင်ကနေ မြန် မာနိုင်ငံက တိုင်းရင်းသား ၁၃၅ မျိုးထဲမှာ ဇိုမီးဆိုတာ မရှိတဲ့အတွက် တခြားအမည်နဲ့ မှတ်ပုံတင်ဖို့ ပြောဆို ခဲ့တဲ့အပေါ် ပူကျင်ရှင်းထန်တို့ဘက်ကနေ သမိုင်း အထောက်အထားတွေနဲ့ ရွေးကောက်ပွဲကော်မရှင်ကို ပြန် လည်တင်ပြခဲ့ကြပါတယ်။ ဒီတင်ပြချက်ကို ရွေးကောက်ပွဲကော်မရှင်ဘက်က လက်ခံခဲ့ပြီး ဇိုမီး ဒီမိုကရေစီ အဖွဲ့ချုပ်ဆိုတဲ့ အမည်သစ်နဲ့ မှတ်ပုံတင်ဖို့ကို အခုလို လက်ခံခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲတွေမှာ ၀င်ရောက်ယှဉ်ပြိုင်သွား မှာဖြစ်ပြီး ပါတီရဲ့ အနာဂတ် ရည်မှန်းချက်နဲ့ပတ်သက်လို့လည်း ပူကျင်ရှင်းထန်က အခုလို ဆက်ပြောခဲ့ ပါတယ်။
“ကျနော်တို့ရည်မှန်းချက်ကတော့ နဂိုရ်ကတည်းကလုပ်ထားတာတွေကို ဆက်လက်ထိန်းသိမ်းမှာပါ။ ကျနော်တို့ မူက ပြည်ထောင်စု မြန်မာနိုင်ငံတော်မှာ ဒီမိုကရေစီအစိုးရ ဖြစ်ပေါ်နိုင်ရေးအတွက် ဒီမိုကရေစီ တည်တံ့ခိုင်မြဲဖို့၊ ဒါကတော့ ပထမ မူပါ။ ဒုတိယအနေနဲ့ ပင်လုံစာချုပ်မှာ ၁၉၄၈ ခုတုန်းက လုပ်ထားတဲ့ ပင်လုံ စာချုပ်၊ နောက်ပြီးတော့ --- ဆိုတဲ့ စာချုပ်ထဲမှာ ပါတဲ့အတိုင်း ပြည်ထောင်စု မြန်မာနိုင်ငံကို တည်ထောင်တဲ့ အခါမှာ ဒီမိုကရေစီရေးထဲမှာလည်းပဲ --- ဖြစ်ပြီးသားဆိုတော့ လူမျိုးပေါင်းစုံ နေထိုင်တဲ့နေရာ - အဲဒါကို ပင်လုံစာချုပ်မှာ ပါတဲ့အတိုင်း ဒီ ဖက်ဒရယ်ပုံစံနဲ့မှ ပြည်ထောင်စုခိုင်မြဲမယ်ဆိုတာ- ဖက်ဒရယ်ပုံစံနဲ့ ဖွဲ့စည်းပုံ တည်တံ့ခိုင်မြဲစွာ ရေးသားနိုင်ဖို့ - အဲဒီဥစ္စာလည်း ဒုတိယ မူ အဖြစ် ဖြစ်မှာပါ။”
လက်ရှိ အမေရိကန်ပြည်ထောင်စုမှာ ခဏရောက်ရှိနေတဲ့ ဇိုမီးတိုင်းရင်းသားခေါင်းဆောင် ပူကျင်ရှင်း ထန် ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဇိုမီး တိုင်းရင်းသားဦးရေ ၃ သိန်းဝန်းကျင်ရှိတယ်လို့လည်း ပူကျင်ရှင်းထန် က ပြောပြခဲ့ပါတယ်ရှင်။
မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်ဝင် ၅ သန်းကျော်ပြီ
ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့်၏ ဇနီး ဒေါက်တာ ဒေါ်ခင်ဝင်းရွှေ ဦးဆောင်ဖွဲ့စည်းခဲ့သည့်
မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ် အဖွဲ့ဝင် အင်အား ၅ ဒသမ ၄ သန်းရှိနေပြီ ဖြစ်ကြောင်း ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြထားသည်။
ယခုဆိုလျှင် မြန်မာအမျိုးသမီးများ၏ ဘဝသာယာလှပမှုအတွက် မွန်မြတ်သည့် လုပ်ငန်းစဉ်များ ဆောင်ရွက်
ပေးနိုင်မှုများကြောင့် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဖွဲ့စည်းခဲ့သည့် ရှစ်နှစ်ကျော်ကလအတွင်း အဖွဲ့ဝင် အင်အား ၅ ဒသမ ၄ သန်းကျော် ရှိနေပြီ ဖြစ်ကြောင်း အဖွဲ့ချုပ် ဥက္ကဌ ဒေါက်တာသက်သက်ဇင်က မိန့်ခွန်း ပြောခဲ့သည်။ယမန်နေ ဇူလိုင်လ ၃ ရက်နေ့ ကျရောက်သော ယခင်နအဖနှင့် ယခုအစိုးရခေတ်တို့ သတ်မှတ်ခဲ့သော မြန်မာ အမျိုးသမီးများနေ့ အထိန်းအမှတ်ကို နေပြည်တော်ရှိ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်ရုံး သီရိရတနာခန်းမတွင် ကျင်းပခဲ့သည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်နှင့် ရပ်ကွက်၊ ကျေးရွာအဆင့်ဆင့်ထိ အမျိုးသမီးရေးရာအဖွဲ့များက အခြားအဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်ကြမည် ဖြစ်ကြောင်း ဖော်ပြထားသည်။၂ဝဝ၃ ခုနှစ် ဒီဇင်ဘာလ ၂ဝ ရက်နေ့က မြန်မာအမျိုးသမီးများ၏ ဘဝလုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသမီးများ တနိုင်ငံလုံး အတိုင်းအတာဖြင့် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ကို အစိုးရမဟုတ်သောအဖွဲ့ အစည်းအဖြစ် ထပ်မံဖွဲ့စည်းခဲ့သည်။
၁၉၉၆ ခုနှစ် ဇူလိုင် ၃ ရက်နေ့က ယခင်အစိုးရက အမျိုးသမီးများ၏ စွမ်းဆောင်ရည် မြင့်မားရေး၊ မြန်မာအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဦးဆောင်လမ်းညွန်ဆောင်ရွက်ရန် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီကို ဖွဲ့စည်းခဲ့ပြီးနောက်  မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်ကို ထပ်မံ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။သမ္မတ ဦးသိန်းစိန်၏ ဇနီး မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင် နာယက ဒေါ်ခင်ခင်ဝင်းက ၂ဝ၁၁ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မှတ် အများဆုံးရ ကျောင်းသူ မဖြတ်ရွှေရည်ထွန်းနှင့် ထူးချွန်အမျိုးသမီး ဒုတိယရဲမှူး တပ်ဖွဲ့ဝင် လ ၁၁၄၉၈၃ သင်းသင်းအေးတို့အား ဂုဏ်ပြုဆုများ ချီးမြင့်သည်။ ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၏ဇနီး၏  အဖွဲ့ချုပ်ဂုဏ်ထူးဆောင်နာယက ဒေါ်နန်းရွှေမှုံ တက်ရောက်ခဲ့သည်။
၂ဝ၁၂ ခုနှစ်အတွက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များမှ ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ရေး၊ ကျေးလက်ဒေသနေ အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေး၊ အောက်ခြေ အမျိုးသမီးထု၏ ဆင်းရဲနွမ်းပါးမှု လျော့ချရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသေးစားချေးငွေ လုပ်ငန်းအား ထိရောက်စွာ အကောင်အထည် ဖော်ဆောင်ရွက်ရေး၊ ပညာရေးအထောက်အကူပြုလုပ်ငန်းများ၊ ကျန်းမာရေး၊ ပြည်သူလူထု ကူးစက် ရောဂါကာကွယ်ရေးနှင့် တိုက်ဖျက်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် ဖော်ပြထားသည်။ထို့ပြင် အဖွဲ့ချုပ်အနေဖြင့် အမျိုးသမီးများအား နည်းမျိုးစုံ အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေးနှင့် လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်ရေး။ ပြုစုပျိုးထောင်ရေး၊ ပြန်လည် နေရာချထားရေး လုပ်ငန်းများနှင့် ပတ်သက်၍ အစိုးရ၏ သက်ဆိုင်ရာ ဝန်ကြီးများနှင့်အတူ ပူးပေါင်းဆောင်ရွက်နေသည်ဟု ဆိုထားသည်။
ထိုင်းနိုင်ငံရောက် သာသနာပြု လန်ပန်း ဆရာတော်ကြီး ဦးဓမ္မာနန္ဒ ပျံလွန်တော်မူ
လွန်ခဲ့နှစ်ပေါင်း (၅၀) ကျော်က မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို ကြွချီပြီး ပရိယတ္တိ၊ ပဋိပတ္တိစာပေတွေ သာသနာပြု သင်ကြားပေးနေတဲ့ သက်တော် (၉၃) နှစ်၊ ဝါတော် (၇၃) ဝါ ရှိပြီဖြစ်တဲ့ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့ရ ဝပ်ထာ့မအို ကျောင်းတိုက် လန်ပန်း ဆရာတော်ကြီး ဦးဓမ္မာနန္ဒဟာ မနေ့ မနက်က လန်ပန်းခရိုင် ပြည်သူ့ဆေးရုံကြီးမှာ ပျံလွန်တော်မူသွားပါတယ်။ဆရာတော်ကြီး ပျံလွန်တော်မူတာနဲ့ပတ်သက်လို့ (၁၀) နှစ်ကြာ အနီးကပ် ပြုစုခဲ့တဲ့ အရှင်ဇနကက အခုလို မိန့်ပါတယ်။
“ဆရာတော်ကြီးက ပြီးခဲ့တဲ့နှစ် (၂၇) ရက် ဇူလိုင်လကနေ ဆေးရုံတက်ရတာ၊ အခုဆို တနှစ်နီးပါးပဲပေါ့။ ရင်ကြပ်တာလေးနဲ့ စပြီးတော့ ဆေးရုံတင်လိုက်တာ၊ ဆေးရုံမှာပဲ သက်တောင့်သက်သာ special nurse တွေ ထားပြီးတော့ ဆေးကုသ ထားတာပေါ့နော်၊ ဒီနေ့ မနက်ခင်းပဲ မနက်ခင်း (၅း၅၀) လောက်က ပျံလွန်တော်မှုသွားတာ”
လွန်ခဲ့တဲ့ နှစ်ပေါင်း(၅၀) ကတည်းက ဆရာတော် ဦးဓမ္မာနန္ဒနဲ့ အမေရိကန်မှာ သီတင်းသုံးနေတဲ့ ဆရာတော် ဦးသောဇနရယ်တို့ဟာ မြန်မာအစိုးရနဲ့ ထိုင်းအစိုးရတို့ အစီအစဉ်အရ ဗုဒ္ဓသာသနာ ပြန့်ပွားရေးအတွက် ထိုင်းနိုင်ငံ နခွန်ဆဝမ်မြို့မှာ စာဝါပို့ချပြီး သီတင်းသုံးနေခဲ့တာ ဖြစ်ပါတယ်။အဲဒီနောက် ဝပ်ထာ့မအိုကျောင်းမှာ ကျောင်းထိုင်ဆရာတော် ဖြစ်လာပြီး ပရိယတ္တိ စာသင်တိုက် တည်ထောင်ခဲ့ပါတယ်။ ဆရာတော်ဟာ ဗုဒ္ဓသာသနာနဲ့ ပတ်သက်လို့ ပါဠိစာပေတွေကို ထိုင်းလူမျိုး အများစုအပါအဝင် နိုင်ငံခြားသားတွေကို သင်ကြားပို့ချပေးခဲ့တာ ဖြစ်ပါတယ်။
အဲဒီလို စာပေသင်ကြားပေးတဲ့အတွက် နာမည်ကျော်ကြားလာပြီး ထိုင်းဘုရင့်သမီးတော် သီရိဒုံ ဆက်ကပ်တဲ့ ကျမ်းပြုအကျော်အမော်ဘွဲ့နဲ့ မြန်မာစာသင်သား ရဟန်းတော်များ တက်ရောက် သင်ကြားနေတဲ့ မဟာချုလာလောင်ကွန်း ဗုဒ္ဓတက္ကသိုလ်က ပါရဂူဘွဲ့ ဆက်ကပ်ခံခဲ့ရပါတယ်။
ထိုင်းနိုင်ငံကို မြန်မာနိုင်ငံကနေ လာပြီးတော့ ပရိယတ္တိ၊ ပဋိပတ္တိစာပေ ပြန့်ပွားရေးအတွက် သာသနာပြုခဲ့တဲ့ အကျော်အမော် ဆရာတော်တွေ ရှိတဲ့အထဲမှာ ပရိယတ္တိစာပေနဲ့ ပတ်သက်လို့ ဆရာတော်ကြီးဟာ နောက်ဆုံးလို့ ပြောရမှာ ဖြစ်ကြောင်းလည်း ဆရာတော် ဦးဇနကက မိန့်ပါတယ်။ဆရာတော်ရဲ့ အန္တိမ ဈာပနကို (၆) လ (၁) နှစ်ကြာမှ ပြုလုပ်မှာ ဖြစ်တဲ့အတွက် အပတ်တိုင်းမှာတော့ အလှူရှင်အပေါ် မူတည်ပြီး ဝပ်ထာ့မအိုကျောင်းမှာ ကုသိုလ်ကောင်းမှုတွေကို ပြုလုပ်မယ်လို့လည်း သိရပါတယ်။
အလုပ်သမားအရေး ၈၈ ခေါင်းဆောင်တွေ ပါဝင်ဆွေးနွေး
စက်မှုဇုန် အလုပ်သမားတွေရဲ့ အခြေခံအခွင့်အရေး တောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီး အလုပ်သမားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီးနဲ့ တာဝန်ရှိသူတွေ ၊ အလုပ်သမားကိုယ်စားလှယ်တွေ၊ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က အလုပ်သမားရေး ဆောင်ရွက်သူတွေ လှိုင်သာယာမြို့က ကနောင်မင်းသားကြီး ခန်းမမှာ မနေ့က တွေ့ဆုံ ဆွေးနွေးကြကြောင်း သိရပါတယ်။
တွေ့ဆုံပွဲမှာ လက်တလော ဖြစ်ပွားနေတဲ့ မင်္ဂလာဒုံမြို့နယ်က ဖာမိုဆို အထည်ချုပ်စက်ရုံ အလုပ်သမားတွေရဲ့ အရေးကို အဓိက ဆွေးနွေးကြကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက ပြောပါတယ်။
"အထူးသဖြင့် လုပ်ခလစာပါ။ လုပ်ခလစာမှာ သဘာဝချင်း ကွာတာက တခြားအထည်ချုပ် စက်ရုံတွေမှာက အကူလုပ်သား အဆင့် ဆိုတာရှိတယ်။ တခြားစက်ရုံတွေမှာ အနိမ့်ဆုံးလစာ ညှိနှိုင်းတာက အကူလုပ်သားအဆင့်နဲ့ ညှိတာ၊ ဆိုတော့ အခု ဖာမိုဆို မှာကျတော့ အကူအလုပ်သားအဆင့် မရှိဘူး။ အနိမ့်ဆုံး အဆင့်က ကျွမ်းကျင်လုပ်သားတွေချည်းပဲ ဖြစ်နေတော့ သူတို့လုပ်ခလစာနဲ့ ပတ်သက်လို့က သီးခြားညှိနှိုင်းပေးရတော့မယ် ပေါ့နော်"
အနောက်တိုင်းဝတ်စုံတွေ ချုပ်တဲ့ ဖာမိုဆို စက်ရုံကို ဂျပန်နိုင်ငံသားတစ်ဦး ပိုင်ဖြစ်ပြီး မြန်မာနိုင်ငံမှာ စက်ရုံ ၃ ရုံ တည်ထားပါတယ်။ မင်္ဂလာဒုံ စက်မှုဇုန်က စက်ရုံမှာတော့ အလုပ်သမား (၆၅၄) ဦး ရှိပါတယ်။သူတို့ကို အခြေခံလုပ်ခလစာ ၁ သောင်း ၄ ထောင်ကျော်ပဲ ပေးတဲ့အတွက် လစာတိုးပေးဖို့ ဇွန်လ ၈ ရက်နေ့ကစပြီး ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။အလုပ်သမားတွေရဲ့ ယာယီ အခြေခံလစာ သတ်မှတ်ဖို့အတွက် အလုပ်သမား ၀န်ကြီးဌာန တာဝန်ရှိသူတွေနဲ့ အလုပ်ရှင်တွေ၊ အလုပ်သမားကိုယ်စားလှယ်တွေ၊ ဆန္ဒပြ အလုပ်သမား ခေါင်းဆောင်တွေ ဇွန်လ ၅ ရက်နေ့က စတင်ပြီး ညှိနှိုင်းခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်နေ့မှာ စက်မှုဇုန် စက်ရုံအလုပ်သမားတွေရဲ့ အနိမ့်ဆုံး ယာယီလစာကို ကျပ် ငါးသောင်း ခြောက်ထောင် ခုနှစ်ရာ (၅၆၇၀၀) သတ်မှတ်ခဲ့ပါတယ်။
အစ္စလာမ်အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်ကို တိုက်တွန်း
OIC ခေါ် အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့က အမျိုးသား ဒီမိုကရေစီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာပြည်က ရိုဟင်ဂျာတွေ အကြမ်းဖက်ခံရမှု အဆုံးသတ်ရေးအတွက် ကူညီပါရန် တိုက်တွန်းလိုက်ပါတယ်။ OIC အဖွဲ့အကြီးအကဲ မစ္စတာ အစ်ကမက်လဒင်း  အီစားနို (Ekmeleddin Ihsanoglu) က ဒေါ်အောင်ဆန်းစုကြည်ကို စာနဲ့ရေးသား မေတ္တာရပ်ခံရာမှာ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်တဦးအနေနဲ့ ကမ္ဘာ့ ငြိမ်းချမ်းရေးအတွက် လုပ်ငန်းတွေကို မြန်မာပြည်ထဲရေး ပြဿနာတွေ ဖြေရှင်းရာကနေ စတင်ဆောင်ရွက်လိမ့်မယ်လို့ မိမိတို့ ယုံကြည်ပါကြောင်း ဖော်ပြပါရှိပါတယ်။
အဖွဲ့ဝင် ၅၇ နိုင်ငံ ပါရှိတဲ့ OIC အဖွဲ့ရဲ့ ညွန်ကြားရေးမှူးချုပ် မစ္စတာ အစ်ကမက်လဒင်း အီစားနိုက ဒုက္ခသည်တွေ မိမိတို့ နေရာကို မြန်မြန်ဆန်ဆန် ပြန်နိုင်ရေးအတွက်လည်း တိုက်တွန်း ပြောကြားလိုက်ပြီး ရိုဟင်ဂျာများရဲ့ အခွင့်အရေးတွေ ဖောက်ဖျက်ခံရမှု အပေါ်လည်း စိုးရိမ်ပူပန်ကြောင်း ဖော်ပြထားပါတယ်။
ဒါ့အပြင် သူ့ရဲ့စာထဲမှာ ဆော်ဒီအာရေးဗီးယားနိုင်ငံ ဂျက်ဒါမြို့က OIC ဌာနာချုပ်ကို လာရောက် လည်ပတ်ဖို့လည်း ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ခေါ်ထားပါတယ်။
သမဂ္ဂအဆောက်အဦး ပြန်လည်တည်ဆောက်ရေး ကျောင်းသားတွေဆွေးနွေး
ရန်ကုန်တက္ကသိုလ် ရှင်သန်ဖွံ့ဖြိုးရေးနဲ့ တကသ အဆောက်အဦး ပြန်လည် တည်ဆောက်ရေးအတွက် မျိုးဆက် ၃ ဆက် ကျောင်းသားတွေ့  မနေ့က ရန်ကုန်မြို့က M3 စားသောက်ဆိုင်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ဒီကိစ္စနဲ့ ပတ်သက်လို့ အစည်းအဝေး တက်ရောက်ခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုဆန်နီက ပြောပါတယ်။
"အစည်းအဝေး ဆုံးဖြတ်ချက်ကတော့ ရန်ကုန်တက္ကသိုလ် ရှင်သန်ဖွံ့ဖြိုးရေးနှင့် တကသ အဆောက်အအုံ ပြန်လည် တည်ဆောက်ရေးအဖွဲ့ ဆိုပြီးတော့ အမည်ပြောင်းတယ်။ အဲဒီလုပ်ငန်း အကောင်အထည် ဖော်မှုမှာ သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်း၊ လွှတ်တော်တွေနဲ့ ပါမောက္ခချုပ်တွေနဲ့လည်း လိုအပ်ရင် ညှိနှိုင်းဆက်သွယ်မှုတွေ လုပ်သွားမယ်။ နောက်တစ်ခုက ရန်ကုန်တက္ကသိုလ်နဲ့ သက်ဆိုင်သူများအားလုံး၊ ကျောင်းသားသမိုင်းနဲ့ သက်ဆိုင်သူများအားလုံး ပူးပေါင်းဆောင်ရွက်နိုင်ရေးကို ဖိတ်ခေါ်မယ်"
ဒီနေ့ အစည်းအဝေးကို ၈၈ မျိုးဆက်က ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဂျင်မီ၊ ကိုညိုထွန်း၊ ကိုဆန်နီ၊ ၇၄ မျိုးဆက်အဖြစ် ဒေါ်နေရည်ဗဆွေ၊ ဦးရာကျော်၊ ဦးအောင်ထိုက်နဲ့ ၂၀၀၇ မျိုးဆက်က ကိုစည်သူမောင်နဲ့ ကိုဒီငြိမ်းလင်းတို့ တက်ရောက်ကြပါတယ်။ ဒီလုပ်ငန်းစဉ်အတွက် နာယကတွေထဲမှာ ကဗျာဆရာကြီး ဒဂုန်တာရာလည်း ပါဝင်တယ်လို့ သိရပါတယ်။ဒီအတောအတွင်းမှာပဲ လာမယ့် စနေနေ့မှာ ကျရောက်မယ့် ဇူလိုင် ၇ ရက် နှစ် ၅၀ ပြည့် အထိမ်းအမှတ် အခမ်းအနားကို တော်ဝင်နှင်းဆီ ခန်းမမှာ မကျင်းပနိုင်တော့တဲ့အတွက် ရန်ကုန်မြို့က ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ ရုံးခန်းမှာ ကျင်းပဖို့ စီစဉ်ထားတယ်လို့ ဗကသများအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်ကိုကိုက ပြောပါတယ်။
အထက်ဗမာပြည် ကျောက်ဆည်ခရိုင် ကျောင်းသား သမဂ္ဂအဖွဲ့ဝင်တွေက ဒီနေ့ မနက်မှာ ဇူလိုင် ၇ ရက် အထိမ်းအမှတ်အဖြစ် ဘုန်းကြီးကျောင်း တစ်ကျောင်းမှာ ဆွမ်းကြွေးပြီး အခမ်းအနား ပြုလုပ်ကြသလို၊ မုံရွာခရိုင် ကျောင်းသားသမဂ္ဂကတော့ ပြီးခဲ့တဲ့ ဇူလိုင် (၃) ရက်နေ့ မနက်က ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းမှာ အရုဏ်ဆွမ်းကပ်ပြီး ဇူလိုင် ၇ ရက် အရေးအခင်းမှာ သေဆုံးသွားသူတွေအတွက် ကုသိုလ်ဒါန ပြုခဲ့ကြတယ်လို့ သိရပါတယ်။
လယ်မြေသိမ်းဆည်းခံရသည့် တောင်သူလယ်သမားများထံမှ အကူအညီတောင်းခံစာပေါင်း ၂၅၀ ကျော် လွှတ်တော်သို့ ရောက်ရှိလာကြောင်း ဇလွန်မဲဆန္ဒနယ်မှ ဦးတင်ထွတ်က ဇူလိုင်လ ၄ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန် အစည်းဝေးတွင် ပြောကြားခဲ့သည်။
ထို့ကြောင့် ပြည်ထောင်စုလွှတ်တော်သို့ လယ်ယာမြေများ သိမ်းဆည်းခံရခြင်းများအား စုံစမ်းလေ့လာ ဖော်ထုတ်ပြီး တောင်သူလယ်သမား နစ်နာမှုမရှိစေရေး၊ တရားမျှတစွာ ဖြေရှင်းဆောင်ရွက်ပေးရန် အဆိုတင်သွင်းခဲ့ရာ လွှတ်တော်မှ လက်ခံဆွေးနွေးရန် ဆုံးဖြတ်ခဲ့သည်။
ဇလွန်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်ထွတ်က "ကျွန်တော်တို့ တောင်သူလယ်သမား၊ အလုပ်သမားနှင့် လူငယ်ရေးရာ ကော်မတီထံသို့ မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်မှ လယ်ယာမြေ သိမ်းဆည်းခံခဲ့ရတဲ့ တောင်သူလယ်သမားများက တင်ပြအကူအညီ တောင်းခံစာပေါင်း ၂၅၀ကျော် လက်ခံ ရရှိခဲ့ပါတယ်။ မြို့ပြတိုးချဲ့ရေးနှင့် စက်မှုဇုန်တည်ဆောက်ရေး စီမံကိန်းများအတွက် တောင်ဒဂုံမြို့နယ်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ဒဂုံအရှေ့မြို့နယ်၊ မင်္ဂလာဒုံမြို့နယ်တို့တွင် လယ်မြေများ ဧက ၁၀၀၀၀ကျော် သိမ်းဆည်းခံခဲ့ရပါတယ်။ ဒါ့အပြင် ထိုမြို့နယ်များတွင် လယ်မြေသိမ်းဆည်းထားပြီး မြို့ပြ တိုးချဲ့တည်ဆောက်ရေး မလုပ်ဖြစ်တော့သည့် လယ်ဧက ၈၀၀၀ ကျော်တွင် မူလပိုင်ရှင် လယ်သမားများနှင့် ကုမ္ပဏီများပူးပေါင်း၍ အကျိုးတူ ဆောင်ရွက်စေခဲ့ပါတယ်။ အဆိုပါ လယ်မြေများအတွင်း စိုက်ပျိုးရာတွင် ကုမ္ပဏီများကသာ စိုက်ပျိုးသည့် မြေရှင်ကြီးစနစ်သို့ ကူးပြောင်း ရောက်ရှိသွားပြီး လက်တွေ့တွင်မူ ဘိုးသွားစဉ်ဆက် စိုက်ပျိုးလုပ်ကိုင်လာသည့် ပိုင်ရှင်လယ်သမားများ လယ်လုပ်ခွင့်မရရှိဘဲ လယ်မဲ့၊ မြေမဲ့ဘ၀ ရောက်ရှိသွားခဲ့ပါတယ်။အလားတူ ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်၊ သောင်းဇားကျေးရွာအုပ်စုတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ရန်အတွက် တောင်သူလယ်သမား ၁၆၀ဦး၏ လယ်မြေဧက ၂၄၄၀ ကျော်၊ မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် ခေါင်းကွဲအုပ်စု သင်္ဘောတင် ကျေးရွာတွင် ကြက်သွန်စိုက်ပျိုးရန်အတွက် မြေနုကျွန်းဧက ၆၀၀ ကျော်၊ တောင်သာမြို့နယ် ကျွဲဆင်းကျေးရွာအုပ်စုတွင် ဧက ၄၅၀တို့ကို ကုမ္ပဏီများသို့ လုပ်ကိုင်ခွင့် ချထားပေးခဲ့ပါတယ်။ ယခုအခါကုမ္ပဏီများ အနေဖြင့် စိုက်ပျိုးခြင်းမရှိဘဲ မူလ လယ်သမားများကို ပြန်၍ အငှားချထားခြင်း၊ နီးစပ်သူများကို လုပ်ကိုင်ခွင့် ပြုထားခြင်း၊ ပြန်လည်ရောင်းချခြင်း၊ ကုမ္ပဏီ၏ ခွင့်ပြုချက်မရှိဘဲ ၀င်ရောက်စိုက်ပျိုးသူများကို နှင်ထုတ်ခြင်း၊ စိုက်ပျိုးထားသည့် သီးနှံများကို ဖျက်ဆီးခြင်း စသည့် မတရားပြုကျင့်မှုများ၊ အနိုင်ကျင့်မှုများ ခံစားနေရကြောင်း ကာယကံရှင် တောင်သူများက အကူအညီတောင်းခံလျက် ရှိကြပါတယ်။ လမ်းပန်းဆက်သွယ်ရေး စီမံကိန်းများဖြစ်သည့် ရထားလမ်းများ၊ ကားလမ်းများ၊ လေယာဉ်ကွင်းများ တိုးချဲ့တည်ဆောက်ရေးအတွက် မြေများ သိမ်းဆည်းခဲ့ကြရာတွင်လည်း သင့်တင့်မျှတသည့် လျော်ကြေးမရရှိမှုများ၊ ရသင့်ရထိုက်သည့် အခွင့်အရေး မရရှိမှု ဖြစ်စဉ်များလည်း ရှိပါတယ်"ဟု ပြောကြားခဲ့သည်။
လွှတ်တော်သို့ ရောက်ရှိလာသည့် တင်ပြတိုင်ကြားစာများနှင့် ပတ်သက်၍ ကွင်းဆင်းလေ့လာ စုံစမ်းရာတွင် လယ်ယာမြေတွေကို မြို့ပြများတိုးချဲ့ တည်ဆောက်ရေးအတွက် သိမ်းဆည်ခြင်း၊ စက်မှုဇုန်များ တည်ဆောက်ရေးအတွက် သိမ်းဆည်းခြင်း၊ တပ်မတော် တပ်ရင်းတပ်ဖွဲ့များ တိုးချဲ့ဖွဲ့စည်းရာတွင် တပ်မြေအဖြစ် သိမ်းဆည်းခြင်း၊ နိုင်ငံတော် စီမံကိန်းဖြစ်သည့် ရထားလမ်းများ၊ ကားလမ်းများ၊ လေယာဉ်ကွင်းများ တိုးချဲ့တည်ဆောက်ရေးအတွက် သိမ်းဆည်းခြင်း၊ နိုင်ငံတော်ပိုင် စက်ရုံအလုပ်ရုံများ တည်ဆောက်ရေးအတွက် သိမ်းဆည်းခြင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး စီမံကိန်းများဆောင်ရွက်ရန် ပုဂ္ဂလိက ကုမ္ပဏီများသို့ မြေနေရာ ချထားပေးရာတွင် တောင်သူလယ်သမားများ လက်ရှိလုပ်ကိုင်နေသည့် လယ်ယာမြေများ ပါရှိသွားခြင်းစသည့် အကြောင်းအရင်းများ ဖြစ်ကြောင်း သိရှိရသည်။
တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌများအား တိုင်းဒေသကြီး (သို့) ပြည်နယ်အစိုးရအဖွဲ့ အဖွဲ့ဝင်အဖြစ် ထည့်သွင်းဖွဲ့စည်းပေးရန် အဆိုအား လက်ခံဆွေးနွေးရန် အမျိုးသားလွှတ်တော် သဘောတူ
တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးများနှင့် ရာထူးအလျောက် တိုင်းဒေသကြီး (သို့) ပြည်နယ်ဝန်ကြီး ဖြစ်ပြီးသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း (သို့) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌများအား တိုင်းဒေသကြီး (သို့) ပြည်နယ်အစိုးရအဖွဲ့ အဖွဲ့ဝင်အဖြစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ ထည့်သွင်းဖွဲ့စည်း ပေးပါရန် အဆိုအား အမျိုးသား လွှတ်တော်တွင် ဆွေးနွေးရန် သဘောတူခဲ့ကြောင်း သိရှိရသည်။
အဆိုပါအဆိုအား ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ဒေါက်တာအေးမောင်က တင်သွင်းခဲ့ရာတွင် "တိုင်းရင်းသား လူမျိုးရေးရာ ၀န်ကြီးများနှင့် ရာထူးအလျောက် တိုင်းဒေသကြီး (သို့) ပြည်နယ်ဝန်ကြီး ဖြစ်ပြီးသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း (သို့) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌများအား တိုင်းဒေသကြီး (သို့) ပြည်နယ်အစိုးရအဖွဲ့ အဖွဲ့ဥပဒေပုဒ်မ ၃၊ ပုဒ်မခွဲငယ် (၂) အရ တိုင်းဒေသကြီး (သို့) ပြည်နယ်အစိုးရ ဖွဲ့စည်းရာတွင် ပါဝင်ရမည့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ဖြစ်ကြပါတယ်။ အဆိုပါ ဥပဒေပုဒ်မ၄၊ ပုဒ်မခွဲ (က)ပါ တိုင်းဒေသကြီး (သို့) ပြည်နယ်ဝန်ကြီး ဦးရေကို ကန့်သတ်ထားခြင်းတို့သည် ဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ(ဂ)ပါ ပြဌာန်းချက် ဖြစ်သည့် တိုင်းရင်းသား လူမျိုးရေးရာ ၀န်ကြီးများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဥက္ကဌများ မပါဝင်စေရဆိုတဲ့ ပြဌာန်းစာပိုဒ်ဟာ ပုဒ်မ ၃၊ ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ်(၂)ပါ ပြဌာန်းချက်နဲ့ ဆန့်ကျင်နေပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေပါ တိုင်းဒေသကြီး (သို့) ပြည်နယ်ဝန်ကြီး သတ်မှတ်ပြဌာန်းချက်များနဲ့လည်း ဆန့်ကျင်နေ၍ ဤအဆိုကို တင်သွင်းရခြင်း ဖြစ်ပါတယ်" ဟု အဆိုတင်သွင်းခဲ့သည်။
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက်တွင်လည်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင်လည်း တိုင်းရင်းသားရေးရာ ဝန်ကြီးများကို သက်ဆိုင်ရာ တိုင်းဒေသကြီး (သို့) ပြည်နယ်ဝန်ကြီးများအဖြစ် အတိအလင်း ပြဌာန်း သတ်မှတ်ထားသည့်အပြင် အမျိုးသား ညီလာခံ စုံညီအစည်းအဝေးက ချမှတ်ထားသည့် အသေးစိတ် အခြေခံမူများ ရှိနေသော်လည်း တိုင်းဒေသကြီး (သို့) ပြည်နယ်အဆင့်ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များဆိုင်ရာ ဥပဒေပုဒ်မ ၅ နှင့် ပုဒ်မ ၁၇ တို့တွင် တိုင်းဒေသကြီး (သို့) ပြည်နယ်ဝန်ကြီးများနှင့်မတူ ခွဲခြားကာ တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးများ၏ ခံစားခွင့်ကို သီးခြားပြဌာန်း သတ်မှတ်ထားခြင်းမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွတ်ခြင်းရှိမည် မဟုတ်ပေဟု ဆုံးဖြတ်ထားကြောင်း သိရသည်။
အငြိမ်းစား သံအမတ်ကြီး ဦးသက်ထွန်း ကွယ်လွန်
အငြိမ်းစား သံအမတ်ကြီး ဦးသက်ထွန်း (အသက် ၈၆ နှစ်) သည် ယမန်နေ့ ညပိုင်းက ရန်ကုန်မြို့ အာရှတော်ဝင် အထူးကု ဆေး ခန်းတွင် ကွယ်လွန်သွားသည်။
“ဗုဒ္ဓဟူးနေ့က ည ၇ နာရီ ၅၀ လောက်က အာရှတော်ဝင် ကြပ်မတ်ဆောင်မှာ ဆုံးသွားပါတယ်၊ ဆရာကြီးက ပရက်ရှာ(သွေးပေါင်) လည်း ကျတယ်၊ ဆီချိုလည်း တက်တယ်၊ အကောင်းကြီးကနေ ထဖြစ်သွားတာပါ၊ သင်္ဂြိုဟ်မယ့် အစီအစဉ်ကတော့ မသတ်မှတ် ရသေးပါဘူး”ဟု ဦးသက်ထွန်း ၏ သားတပည့် တဦးဖြစ်သူ ကိုခန့်ချောမောင် က ပြောပြသည်။
ဦးသက်ထွန်း ၏ ရုပ်ကလာပ်ကို ထိန်ပင် သုသာန်သို့ ပို့ဆောင် ထားကြောင်း၊ ဈာပန အခမ်းအနား အစီအစဉ်ကိုမူ ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင်နေထိုင်သည့် သားအကြီးဖြစ်သူ ရောက်ရှိလာမှ စီစဉ်မည် ဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။
ပြည်သူ့ခေတ် ဂျာနယ်၏ အတိုင်ပင်ခံ အယ်ဒီတာ ဆရာ မောင်ဝံသက“ဆရာဟာ အသက်ကြီးခါမှ စာပေများ ဖိရေးပြီး လူချွန်လူမွန် မျိုးဆက် လက်ဆင့်ကမ်းသွားတယ်လို့ ကျနော် နှမျောတသစွာ ပြောချင် ပါတယ်”ဟု ပြောသည်။
ဆရာ မောင်ဝံသ ထုတ်ဝေနေသော အတွေးအမြင် စာဆောင်တွင် ဦးသက်ထွန်း ၏ အတ္ထုပ္ပတ္တိကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာ ဖြင့် လက်ရှိ ဖော်ပြနေဆဲဖြစ်ရာ မပြီးဆုံးခင် ကွယ်လွန်သွားခြင်း ဖြစ်ကြောင်း၊ ထို အတ္ထုပ္ပတ္တိကို စာအုပ်အဖြစ် ပုံနှိပ် ထုတ်ဝေမည်ဖြစ်ကြောင်းလည်း ဆရာ မောင်ဝံသ က ဆက်လက် ပြောပြသည်။
ဦးသက်ထွန်းသည် သံအမတ်ကြီးအဖြစ်မှ အငြိမ်းစားယူပြီးနောက် စာပေရေးသားခြင်းကို ဇောက်ချလုပ်ကိုင်ခဲ့ရာ အတွေးအမြင် စာစဉ်၊ ပြည်သူ့ခေတ် ဂျာနယ် စသည့် မြန်မာ စာနယ်ဇင်းများတွင် မကွယ်လွန်ခင်အထိ အဆက်မပြတ်ရေးသားခဲ့ သည်။
ထို့အပြင် သံတမန် အတွေ့အကြုံနှင့် ပတ်သက်သော “သံတို့အမြင်(အင်္ဂလိပ်+မြန်မာ)” ၊ “မြန်မာ တဦး၏ ကမ္ဘာ့အမြင်” စသည့် စာအုပ်များ၊ နိုင်ငံရပ်ခြား အတွေ့အကြုံများ၊ သူတို့ အကြောင်း တစေ့တစောင်း၊ ဟာသ ဟင်းလေးအိုး စသည့် စာအုပ်များစွာကို လည်း ရေးသား ထုတ်ဝေခဲ့သည်။
သံအမတ်ကြီး ဦးသက်ထွန်းသည် ၁၉၇၅ မှ ၁၉၇၈ အထိ ပြင်သစ်၊ ဆွစ်ဇာလန် နှင့် စပိန်နိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး၊ ယူနက်စ်ကို ဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ်နှင့် ကုလသမဂ္ဂ လက်နက်ဖျက်သိမ်းရေး ကော်မတီ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် အဖြစ် ပူးတွဲ တာဝန် ထမ်းဆောင်ခဲ့သည်။
၁၉၇၉ မှ ၁၉၈၆ အထိ ပါရီမြို့ ယူနက်စ်ကို ဌာနချုပ်၌ အာရှနှင့် ပစိဖိတ်ဌာနခွဲ ညွှန်ကြားရေးမှူး အဖြစ်လည်း ထမ်းရွက် ခဲ့သည်။ ၁၉၅၁ မှ ၁၉၇၅ အထိ အမျိုးသား စီမံကိန်း ၀န်ကြီးဌာန ဗဟို စာရင်းအင်းနှင့် စီးပွားရေး ဌာနခွဲ၌ ညွှန်ကြားရေးမှူးချုပ် အဆင့်အထိ တာဝန် ထမ်းဆောင်စဉ်ကာလ အတွင်း နိုင်ငံတော်က ချီးမြှင့်သော ၀ဏ္ဏကျော်ထင် ဘွဲ့ကိုလည်း ရရှိခဲ့သည်။
ထွန်းဖောင်ဒေးရှင်း ဘဏ်၌ ဒါရိုက်တာ၊ မြန်မာနိုင်ငံ သမိုင်းအဖွဲ့၌ အချိန်ပိုင်းအဖွဲ့ဝင်၊ မြန်မာနိုင်ငံ ဂျပန်ပြန် ပညာသင် ဟောင်းများ အသင်း ၏ ဥက္ကဌ အဖြစ် ကွယ်လွန်ချိန်အထိ ဆောင်ရွက်ခဲ့သည်။
ဦးသက်ထွန်း ကွယ်လွန်ချိန်တွင် လန်ဒန်မြို့၌နေထိုင်သော သားကြီး ကိုစိုးမင်းထွန်း နှင့် ရန်ကုန်မြို့ရှိ သားအငယ် ကိုလင်းဝင်းထွန်း တို့ နှစ်ဦး ကျန်ရှိခဲ့သည်။ ဇနီး ဖြစ်သူ ဒေါ်ခင်ခင်အုန်းမှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ အတွင်းက ကွယ်လွန်ခဲ့သည်။
၁၉၂၆ ခုနှစ်တွင် ရန်ကုန်မြို့၌ ဖွားမြင်၍ မြန်မာ၊ ဂျပန်နှင့် အင်္ဂလန် နိုင်ငံတို့၌ ပညာသင်ကြားခဲ့သည်။ ရန်ကုန် တက္ကသိုလ်မှ B.A.(Rgn) နှင့် B.sc.(Econ)(Hons) ဘွဲ့တို့ကို ရရှိသည်။
၁၉၅၁ မှ ၁၉၇၅ အထိ အမျိုးသား စီမံကိန်း ၀န်ကြီးဌာန ဗဟို စာရင်းအင်းနှင့် စီးပွားရေး ဌာနခွဲ၌ ညွှန်ကြားရေးမှူးချုပ် အဆင့်အထိ ထမ်းရွက် ခဲ့သည်။ ယင်းကာလအတွင်း ကမ္ဘာ့ ငွေကြေး ရန်ပုံငွေအဖွဲ့(IMF)၊ အာရှ နှင့် အရှေ့ဖျားဒေသဆိုင်ရာ စီးပွားရေး ကော် မရှင် (ECAFE)၊ ကမ္ဘာ့ဘဏ်(IBRD) တို့၌ တနှစ်ခန့်စီ ထမ်းရွက်ခဲ့သည်။
၁၉၇၅ မှ ၁၉၇၈ အထိ ပြင်သစ် နိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး အဖြစ် ထမ်းဆောင်ခဲ့သည်။ ဆွစ်ဇာလန် နိုင်ငံ နှင့် စပိန်နိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး အဖြစ်လည်းကောင်း၊ ယူနက်စ်ကို ဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်နှင့် ကုလသမဂ္ဂ လက်နက်ဖျက် သိမ်းရေး ကော်မတီ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် အဖြစ်လည်းကောင်း ပူးတွဲ တာဝန်ထမ်းဆောင်ခဲ့သည်။
၎င်းနောက် ၁၉၇၉ မှ ၁၉၈၆ အထိ ပါရီမြို့ ယူနက်စ်ကို ဌာနချုပ်၌ အာရှနှင့် ပစိဖိတ်ဌာနခွဲ ညွှန်ကြားရေးမှူး အဖြစ် ထမ်းရွက် ခဲ့ သည်။
ယခုအခါ ထွန်းဖောင်ဒေးရှင်း ဘဏ်၌ ဒါရိုက်တာ အဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံ သမိုင်းအဖွဲ့၌ အချိန်ပိုင်းအဖွဲ့ဝင် အဖြစ် လည်းကောင်း၊ မြန်မာနိုင်ငံ ဂျပန်ပြန် ပညာသင်ဟောင်းများ အသင်း၏ ဥက္ကဌ အဖြစ်လည်းကောင်း၊ ဆောင်ရွက်လျက်ရှိသည်။
၁၉၉၈ ခုနှစ်တွင် အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် အမျိုးသားစာပေ(စာပဒေသာ) ဆုရ “ကင်းဝန်ခြေရာ လိုက်၍သာ(In the Footsteps of Kinwin)” ကို ရေးသားခဲ့သည်။
၁၉၉၇ ခုနှစ်တွင် မြန်မာဘာသာဖြင့် “ကမ္ဘာထဲက မြန်မာ”ကို ရေးသားသည်။
၁၉၉၉ ခုနှစ်တွင် အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် “သံတို့ အမြင်”ကို လည်းကောင်း၊ ၂၀၀၂ ခုနှစ်တွင်“မျက်မှောက်ခေတ် မြန်မာ” ကို လည်းကောင်း ရေးသား ထုတ်ဝေသည်။
ဟာသ စာပေများအဖြစ် မြန်မာ ဘာသာဖြင့် “အနောက်တိုင်း ဟာသ” ကိုလည်းကောင်း၊ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့်“သူတို့ အဆို၊ သူတို့ ဟာသ”၊ “အနောက်တိုင်း နှုတ်သီးကောင်း လျှာပါးတို့၏ အဆိုများ”၊ “ဥရောပ လူမျိုးအချင်းချင်း မျက်နှာ အိုးမည်း သုတ်ခြင်း” တို့ကို ထုတ်ဝေခဲ့သည်။
ဘာသာပြန် စာပေအဖြစ် ဦးမြဟန် ၏ “ဗိုလ်ချုပ်အောင်ဆန်း ၏ စာပေ လက်ရာများ”ကို “The Writings of General Aung San” ဟူ၍ အင်္ဂလိပ်ဘာသာ ပြန်ဆို ခဲ့သည်။
သမိုင်းစာပေအဖြစ် Selected Writings of Retired Ambassador U Thet Tun ကို ထုတ်ဝေ ခဲ့သည်။
ဦးသက်ထွန်း ၏ “မြန်မာတဦး၏ ကမ္ဘာ့အမြင်” စာအုပ်မှ မူရင်းအတိုင်း ကူးယူဖော်ပြပါသည်။
LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung
0 comments:
Post a Comment