မြန်မာသတင်းများ  ဇူလိုင် ၁၁၊ ၂၀၁၂

ဒု ဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေကို ဒု သမ္မတအဖြစ် အဆိုပြု


လစ်လပ်သွားတဲ့ ဒုတိယသမ္မတ နေရာအတွက် ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဟောင်း ဦးမြင့်ဆွေကို တပ်မတော်သား ကိုယ်စားလှယ်တွေက အဆိုပြုလိုက်တယ်လို့ မနေ့က သတင်းရရှိပါတယ်။


ဒုသမ္မတသစ်အဖြစ် ဦးမြင့်ဆွေကို အမည်တင်သွင်းမှုအပေါ် တုံ့ပြန်မှု

မြန်မာ့တပ်မတော်မှာ အရေးပါတဲ့ စစ်ရာထူးကြီးတွေကို ထမ်းဆောင်ခဲ့တဲ့၊ လက်ရှိမှာလည်း ရန်ကုန် တိုင်း ဒေသကြီးရဲ့ ဝန်ကြီးချုပ်ဖြစ်တဲ့ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ဦးမြင့်ဆွေကို လစ်လပ်နေတဲ့ ဒုတိယ သမ္မတ နေရာအတွက်၊ ပြည်ထောင်စုလွှတ်တော်က တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အစုအဖွဲ့က အမည်စာရင်းတင်သွင်းလိုက်ပြီလို့၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖြစ်တဲ့ ဗိုလ်မှူးချုပ်ဝေလင်းက သတင်းဌာနတွေကို ပြော ပြခဲ့တာကို တွေ့ရှိရပါတယ်။ လာမယ့် ဇူလိုင်လ (၁၂) ရက်နေ့ လွှတ်တော်နှစ်ရပ်ပေါင်း ပြည်ထောင်စုလွှတ်တော်ရဲ့ အစည်းအဝေး ပြန်လည်ကျင်းပတဲ့အခါမှာ ဦးမြင့်ဆွေကို ဒုတိယသမ္မတနေရာအတွက် အမည်စာရင်းတင်သွင်းထားကြောင်း တရားဝင်ကြေညာဖွယ် ရှိနေပါတယ်။ ဒါကြောင့် ဒုတိယ သမ္မတ ဖြစ်လာဖို့ ရှိနေတဲ့ ဦးမြင့်ဆွေရဲ့ တပ်မတော်အရာရှိ ဘ၀ဖြတ်သန်း မှု ဖြစ်စဉ်အကျဉ်းကို ဒီမိုကရေစီနဲ့ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်Network of Democracy and Development (NDD) အဖွဲ့က သုတေသနမှူး ဦးဋ္ဌေးအောင်ကို ဦးရော်နီညိမ်းက ဆက်သွယ်မေးမြန်းတဲ့ အခါမှာ ဦးဋ္ဌေးအောင်က အခုလို စပြီး ဖြေပါတယ်။
ဦးဌေးအောင်။      ။ ဦးမြင့်ဆွေအနေနဲ့က  မူလတုန်းကပေါ့ဗျာ သူက DSA အပတ်စဉ် ၁၅ က ဆင်းတဲ့ အရာရှိ ဆိုတဲ့အခါကျတော့ အခုလက်ရှိ စီနီယာကျတဲ့ ခေါင်းဆောင်တယောက်လို့လည်း ပြောလို့ရ တာပေါ့။ နောက် တချက်အနေနဲ့ ပြောမယ်ဆိုရင်လည်းပဲ သူ့အနေနဲ့က န၀တ၊ နအဖ ဥက္ကဋ္ဌလုပ်သွားတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့လည်းပဲ သူက အင်မတန်ရင်းနှီးခဲ့တဲ့ အနေအထားတွေ ကျနော်တို့တွေ့ရတာ ရှိတယ်လေ။
ဦးနေ၀င်းနဲ့ သူ့ရဲ့မိသားစုကို ဖမ်းဆီး ထိန်းသိမ်းအရေးယူတဲ့အခါမျိုးမှာဖြစ်စေ၊ နောက်တခုက ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို ဖမ်းဆီးအရေးယူတဲ့အခါမှာဖြစ်စေ ဦးမြင့်ဆွေကပဲ တာဝန်ယူပြီးတော့ပဲ ဖမ်းဆီးထိန်းသိမ်း အရေး ယူခဲ့ရတာတွေလည်းတွေ့ရတယ်။ နောက်ပိုင်းကျတော့ သူ့ကို ကကလှမ်းကနေ စရဖ ကို ပြောင်းတဲ့ အခါ မှာလည်း သူက တိုင်းမှူးအဖြစ်နဲ့ စရဖ အရာရှိချုပ်တာဝန်ကိုလည်း သူ ပူးတွဲထမ်းဆောင်ခဲ့ တယ်။ အဲတော့ သူ့ကို ကြည့်မယ်ဆိုလို့ရှိရင် သူ့ကို တပ်မ ၁၁ တပ်မမှူးတို့ ၊ ရန်ကုန်တိုင်းမှူး တို့၊ နောက်ပြီး စရဖ အရာရှိချုပ် တို့ စတဲ့ အရေးကြီးတဲ့ လံခြုံရေးဆိုင်ရာ တာဝန်တွေကို ပေးခဲ့တာကို ကြည့်ခြင်းအားဖြင့်လည်း သူ့အပေါ် မှာပေါ့နော် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေနဲ့ အများကြီး အားကိုးယုံကြည်ခဲ့တယ်ဆိုတဲ့ အနေအ ထားတွေ ကျနော်တို့တွေ့ရတာ ရှိတယ်။
ဦးရော်နီညိမ်း။      ။ ဟုတ်ကဲ့၊ အရည်အချင်းပိုင်းအနေနဲ့ ကြည့်မယ်ဆိုရင် စရဖ စစ်ဘက်ရေးရာ လုံခြုံရေး အဖွဲ့ ဆိုပြီးတော့ တပ်မတော် ထောက်လှမ်းရေးအဖွဲ့ကို ပြောင်းလဲဖွဲ့စည်းပြီးတော့ ပထမဆုံး စရဖ အရာရှိ ချုပ်ဖြစ်တဲ့အချိန်မှာ ၂၀၀၅ ခုနှစ် မေလမှာ ကုန်တိုက်တွေမှာ ဗုံးတွေပေါက်ကွဲပြီးတော့ လူအတော် များ များ သေဆုံးမှုဖြစ်တဲ့အချိန်မှာ သူ ဒီကိစ္စကို ဘယ်လိုမှ မကိုင်တွယ် မဖြေရှင်းနိုင်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သတင်းမရှိတဲ့အတွက်ကြောင့် သတင်းရရှိမှု မရှိတဲ့အတွက်ကြောင့် အဲဒါမျိုးတွေလည်း စရဖ အသိုင်းအ၀ိုင်း ကနေ ကျနော်တို့ ပြန်ကြားရတာ ရှိပါတယ်။ အဲဒီ အချိန်တုန်းက ဒီ ဗုံးပေါက်ကွဲမှုတွေနဲ့ ပတ်သက်ပြီးတော့ စရဖရဲ့ အရာရှိချုပ် အနေနဲ့ ဗိုလ်ချုပ်မြင့်ဆွေ ကိုင်တွယ်ခဲ့ပုံကို ဦးဌေးအောင် သိရှိထားသလောက် ပြန် ပြီး ဝေဖန် သုံးသပ်ပေးပါ။
ဦးဌေးအောင်။       ။ သူ တိုင်းမှူးအဖြစ်နဲ့လည်း တာဝန်ယူထားတယ်။ နောက်တခုက ဒီ စရဖ ပေါ့လေ၊ လုံခြုံရေး ဆိုင်ရာတာဝန်ကိုလည်း သူယူထားတဲ့ အနေအထားမှာ ခုနက လူအသေအပျောက် အများဆုံးဖြစ် တဲ့ ဒီရန်ကုန် ကုန်တိုက်ကြီးတွေမှာ ဗုံးကွဲမှုတွေ ဆက်တိုက်ပေါ်ပေါက်ခဲ့တဲ့ အနေအထားတွေကို ကြည့်မယ် ဆိုလို့ရှိရင် သူ့မှာ တာဝန်ရှိတယ်ဆိုတာကတော့ ကျနော်တို့ ပြောလို့ရတာပေါ့။ ဒါပေမယ့် အဲလို တာဝန် ရှိပေမယ့် သူ့ကိုပေါ့လေ နအဖ ဥက္ကဋ္ဌ ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အနေနဲ့ အရေးယူတာ လုံးဝမရှိခဲ့တဲ့ အပြင် သူက နောက်ပိုင်း ဒုတိယဗိုလ်ချုပ်ကြီး အဖြစ်နဲ့ ကထစမှူး အဖြစ်နဲ့ပါ သူ တာဝန် တိုးမြှင့်ပေး တာတွေ ကျနော်တို့ တွေ့ရတာ ရှိတယ်လေ။
ရော်နီညိမ်း။        ။ ဟုတ်ကဲ့။ နောက်တခုက သူ ရန်ကုန်တိုင်း စစ်ဌာနချုပ် အပေါ်ကနေ ကွပ်ကဲရတဲ့ ကာကွယ်ရေး ၀န်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့ ၅ ရဲ့ စစ်ဆင်ရေးမှူး ဖြစ်နေတဲ့ အချိန်မှာ ဖြစ်ရပ်ကြီးနှစ် ခုကို သူ ကျော်ဖြတ်ခဲ့ရတယ်။ ပထမ တခုကတော့ ၂၀၀၇ ခုနှစ် စက်တင်ဘာ သံဃာ အရေးတော် ပုံကြီး၊ နောက်တခုကတော့ ၂၀၀၈ ခုနှစ် မေလမှာ ဖြစ်ပွားခဲ့တဲ့ နာဂစ်မုန်တိုင်းကြီး အဲဒီ နှစ်ခုကိုလည်း သူ ကထစမှူး အနေနဲ့ ကိုင်တွယ်ပုံဟာ တော်တော်လေး ဝေဖန်ခံရတယ်။ နောက်တခါ အခု မကြာသေးခင် ကပေါ့နော်၊ စာနယ်ဇင်းသမားတွေကို ခေါ်ယူပြီး ကြိမ်းမောင်းတဲ့ ကိစ္စလည်း ဖြစ်ပေါ်ခဲ့သေးတယ်။ ဆိုတော့ ဒီ ဒု သမ္မတ တာဝန်ကို ထမ်းဆောင်တဲ့ အခါမှာ အများပြောနေကြသလို သီဟသူရ ဦးတင်အောင်မြင့်ဦး အတိုင်းပဲ သဘောထားတင်းမာတဲ့သူတယောက်ရဲ့ လမ်းကြောင်းပေါ်မှာလျှောက်မယ့် သူမျိုးလား။ တဘက် က ဒေါ်အောင်ဆန်းစုကြည်ကပြောတာတော့ ဒုသမ္မတ ဖြစ်မယ့်လူဟာ တိုင်းပြည် ကောင်းကျိုးကို အတူတ ကွ အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်တဲ့သူ ဖြစ်သင့်တယ်လို့ သူ့ရဲ့ မျှော်လင့်ချက်ကိုလည်း ပြောထားတယ်။  ဆိုတော့ အဲဒီ နှစ်ခုနဲ့ နှိုင်းယှဉ်ပြီးတော့ပေါ့နော်၊ ဒီ သဘောထားတင်းမာသူ လိုင်းပေါ်မှာ ရှိနေတဲ့ ပုဂ္ဂိုလ်များ လား၊ ဒေါ်အောင်ဆန်းစုကြည် မျှော်လင့်တဲ့ ပုဂ္ဂိုလ်မျိုးများ ဖြစ်နေမလား ဦးဌေးအောင် ဘယ်လို မြင်ပါလဲ။
ဦးဌေးအောင်။         ။ ဒုတိယသမ္မတနေရာကို သူ့ကို အစားထိုးလိုက်တယ်ဆိုတာကလည်းပဲ စစ်ဘက် က ရွေးချယ်တယ်ဆိုပေမယ့် ဒီ ဦးသိန်းစိန်တို့ ဦးရွှေမန်းတို့ လုပ်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အရှိန် လွန် မသွားရလေအောင် ထိန်းချုပ်ဖို့အတွက် အဲလို တင်းမာတဲ့ သဘောထားရှိတဲ့ သီဟသူရ ဦးတင်အောင်မြင့်ဦး လို သဘောထားမျိုး ရှိတဲ့လူမျိုးကိုပဲ ရွေးချယ်တာမျိုး ဖြစ်နိုင်တယ်။ နောက်တစ်ခုကလည်း တချိန်တုန်းက လည်းပေါ့ဗျာ သူ့အနေနဲ့ ဒီ ယူနီဖောင်းဝတ်ထားတဲ့ စစ်သားတယောက်ဆိုတော့ အထက်ကပေးတဲ့အမိန့်ကို သူ့အနေနဲ့ ဦးလည်မသုန် ထမ်းဆောင်ခဲ့ရတာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာ သူ့ အနေနဲ့ ဦးမြင့်ဆွေလည်းဖြစ်သွားပြီ၊ နောက်ပြီးတော့ ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ်အဖြစ်နဲ့လည်း သူ့အနေနဲ့ အရပ်ဘက်တာဝန်ကိုလည်း ထမ်းဆောင်ခဲ့ဖူးပြီးပြီ။ ခေတ်တွေ၊ စနစ်တွေ ပြောင်းပြီဆိုတာ သူတို့ ကိုယ်တိုင်လည်း သူတို့ ကိုယ်တိုင် ပြောင်းခဲ့တာဖြစ်တဲ့အတွက်ကြောင့် သူတို့ကိုယ်တိုင်လည်း သဘောပေါက်မယ် လို့ ကျနော်ထင်ပါတယ်။  အဲတော့ အခုအခြေအနေမျိုးမှာတော့ ဘာပဲဖြစ်ဖြစ် သူ့အနေနဲ့ ဦးသိန်းစိန်နဲ့ ပြုပြင်ပြောင်းလဲနေတဲ့လုပ်ငန်းတွေနဲ့ အံဝင်ခွင်ကျဖြစ်သ လို ဒေါ်အောင်ဆန်းစုကြည်တို့လို ဒီမိုကရေစီ အင်အားစုတွေနဲ့လည်းပဲ အံဝင်ခွင်ကျ ဖြစ်ကောင်းဖြစ်နိုင်တဲ့ အနေအထားမျိုးတော့ ကျနော့် အနေနဲ့ မျှော်လင့်မိပါတယ်။
ဒီမိုကရေစီနဲ့ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက် Network of Democracy and Development (NDD) အဖွဲ့က သုတေသနမှူး ဦးဋ္ဌေးအောင်ကို ဦးရော်နီညိမ်းက ဆက်သွယ်မေးမြန်းခဲ့တာပါ။


မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး အဖြစ် ရွေးချယ် ခံထားရသူ မစ္စတာ ဒဲရစ်မစ်ချယ် ဇူလိုင် ၁၁ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိ

မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး အဖြစ် ရွေးချယ် ခံထားရသူ မစ္စတာ ဒဲရစ်မစ်ချယ်သည် ဇူလိုင်လ ၁၁ ရက် (ယနေ့) တွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည် ဖြစ်ပြီး နေပြည်တော်သို့ သွားရောက်ကာ သံအမတ် ခန့်အပ်လွှာကို နိုင်ငံသမ္မတ ဦးသိန်းစိန်ထံသို့ ပေးအပ်မည် ဖြစ်ကြောင်း သိရပါသည်။

နှစ်ပေါင်း ၂၂ နှစ်အတွင်း ပထမဆုံး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စု သံအမတ်ကြီးအဖြစ် ဒဲရစ်မစ်ချယ်ကို
အမေရိကန် အထက်လွှတ်တော်က ဇွန်လ ၂၉ ရက်နေ့က အတည်ပြုခဲ့ပါသည်။

အမေရိကန် ပြည်ထောင်စု၏ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ်နှင့် မူဝါဒရေးရာ ညှိနှိုင်းရေးမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးသူ ဒဲရစ်မစ်ချယ်ကို အမေရိကန် ပြည်ထောင်စု သမ္မတ ဘာရက်အိုဘားမားက မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စု သံအမတ်ကြီး အဖြစ် မေလ ၁၇ ရက်နေ့တွင် အမည်စာရင်း သွင်းခဲ့ပြီးနောက် အမေရိကန် အထက်လွှတ်တော်က အတည်ပြုခဲ့ခြင်းဖြစ်သည်။

အမေရိကန်-မြန်မာ သံတမန် ဆက်ဆံရေးသည် ၁၉၄၇ ခုနှစ်ကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး ၁၉၉၀ ပြည့်နှစ်မှစ၍ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ထားရှိခြင်း မရှိဘဲ သံရုံး ယာယီတာဝန်ခံသာ ထားရှိခဲ့သည်။
အမေရိကန် သမ္မတ ဘာရက်အိုဘားမား လက်ထက်တွင် အမေရိကန်သည် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ၄င်းတို့၏ မူဝါဒကို ပြောင်းလဲခဲ့ကာ မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံ ဆွေးနွေးသွားမည့် လမ်းစဉ်ကို ကျင့်သုံးခဲ့သည်။



ကျန်ရှိ နိုင်ငံရေးသမားများ ဆက်လက်လွှတ်ပေးရန် မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် တောင်းဆို


မြန်မာနိုင်ငံတွင် ကျန်ရှိနိုင်ငံ ရေးသမားများ ဆက်လက်လွှတ်ပေး ရန်  မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် Tomás Ojea Quintana က ဇူလိုင်လ ပထမပတ်က တောင်းဆိုခဲ့သည်။
အကျဉ်းကျနေသော နိုင်ငံရေးသမားအချို့အား ဇူလိုင်လ ၃ ရက်နေ့တွင် မြန်မာနိုင်ငံအစိုးရက လွှတ်ပေးလိုက်ပြီးနောက် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Tomás Ojea Quintana က ကြိုဆိုခဲ့ပြီး ကျန်ရှိနိုင်ငံရေးသမား များအား လွှတ်ပေးရန် ယင်းကဲ့သို့ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးကို ဦးတည်သည့် မြန်မာနိုင်ငံ အစိုးရ၏ တစ်ဆင့်ပြီးတစ်ဆင့် လျှောက်လှမ်းနေသည့် ခြေလှမ်းနှင့် ပြုပြင်ပြောင်းလဲရေးအရှိန်တို့ကြောင့် အားတက်မိကြောင်း Tomás Ojea Quintana က ပြောကြားခဲ့သည်။
''ဒါပေမယ်လို့ ချွင်းချက်မရှိဘဲ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူအားလုံးကို စနစ်တကျနဲ့ ချက်ချင်းလွှတ်ပေးဖို့ ထပ်လောင်းတောင်းဆိုပါတယ်''ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်က ပြောကြားခဲ့သည်။
ကျန်ရှိ နိုင်ငံရေးအကျဉ်းသားများ၏ မှတ်တမ်းများနှင့် စပ်လျဉ်း၍ ရှင်းရှင်းလင်းလင်း သိရှိနိုင်ရန် ပြည့်စုံလုံလောက်သည့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် လိုအပ်ကြောင်းနှင့် သက်ဆိုင်သည့် အထောက်အထား အချက်အလက်များ စုစည်းရရှိနိုင်ရန် အစိုးရအနေဖြင့် သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံဆွေးနွေးမှုများ စတင်ပြုလုပ်သင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ပုဂ္ဂိုလ်စွဲ ပါတီစွဲ မရှိလို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ လွှတ်တော်ရေးရာတွေမှာ ပုဂ္ဂိုလ်စွဲ ပါတီစွဲမထားဘဲ တိုင်းပြည်ကောင်းကျိုးအတွက် ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
လွှတ်တော်တွင်း ဥပဒေရေးရာတွေနဲ့ ပတ်သက်ပြီး ပူးပေါင်းပါဝင် ဆွေးနွေးဖို့ တရားစီရင်ရေးနဲ့ ဥပဒေရေးရာ ကော်မတီ ဥက္ကဋ္ဌ သူရ ဦးအောင်ကိုက ဖိတ်ခေါ်ပြောကြားရာမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောဆိုတာဖြစ်ကြောင်း NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်က ပြောပါတယ်။
တရားစီရင်ရေးနဲ့ ဥပဒေရေးရာ ကော်မတီ ဥက္ကဋ္ဌ သူရ ဦးအောင်ကို၊ ဦးသန်းထွန်းနဲ့ အဖွဲ့ဝင်တွေက လွှတ်တော်အစည်းအဝေး ခေတ္တရပ်နားချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ကြောင်း သိရပါတယ်။

ငြိမ်းချမ်းရေး အနုပညာပွဲတော် ဖွင့်ပွဲ ကျင်းပ


မြန်မာနိုင်ငံ ကဗျာဆရာသမဂ္ဂ၊ စာရေးဆရာသမဂ္ဂနဲ့ လွတ်လပ်သော ပန်းချီ ပန်းပု အနုပညာရှင်များသမဂ္ဂတို့ ပူးပေါင်းကျင်းပတဲ့ ငြိမ်းချမ်းရေး အနုပညာပွဲတော် ဖွင့်ပွဲ အခမ်းအနားကို ရန်ကုန်မြို့ ပန်းဆိုးတန်း ဂယ်လာရီမှာ မနေ့က ကျင်းပခဲ့ပါတယ်။
မြန်မာလူထု အကြားမှာ ငြိမ်းချမ်းရေးကို ကိုယ်တတ်နိုင်တဲ့နည်းနဲ့ ၀ိုင်းဝန်း ဖော်ဆောင်သွားစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဒီပွဲကို ကျင်းပရခြင်း ဖြစ်ကြောင်း ပွဲစီစဉ်သူ တစ်ဦးဖြစ်တဲ့ ပန်းဆိုတန်း ပန်းချီပြခန်း ပိုင်ရှင် ကိုအောင်စိုးမင်းက ပြောပါတယ်။
ပွဲတော် ပထမနေ့မှာ ကဗျာရွတ်ပွဲ၊ စာတန်းဖတ်ပွဲ၊ ပါဖောင်းမန့် အနုပညာတင်ဆက်ပွဲ အပါအ၀င် နံရံကပ်စာစောင်တွေပါ ခင်းကျင်း ပြသခဲ့တယ်လို့ သိရပါတယ်။ ငြိမ်းချမ်းရေး ဖော်ဆောင်ရာမှာလည်း ဓမ္မနည်းနဲ့သာ လုပ်ဆောင်သွားဖို့ လိုတယ်လို့လည်း ကိုအောင်စိုးမင်းက ပြောပါတယ်။
ပွဲတော်ကို ပန်းဆိုးတန်း၊ တကောင်း၊ န၀ဒေး၊ Myanmar Ink နဲ့ Culture Bridge ဆိုတဲ့ ပန်းချီပြခန်းတွေမှာ ၅ ရက်ကြာ လှည့်လည်ကျင်းပမှာ ဖြစ်ပါတယ်။ မနေ့က ပွဲတော် ပထမနေ့မှာ အနုပညာနဲ့ ငြိမ်းချမ်းရေးကို စိတ်ဝင်စားသူ ပရိသတ် ၁၅၀ လောက် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ဗိုလ်ချုပ်ကြေးရုပ် အလေးပြုခွင့်မပြု


အာဇာနည်နေ့မှာ ပဲခူးမြို့ ဗိုလ်ချုပ်ကြးရုပ်ရှေ့မှာ အလေးပြု ပန်းခွေချဖို့ ပဲခူးမြို့ အန်အယ်လ်ဒီ အဖွဲ့ဝင်တွေက ခွင့်ပြုချက် တောင်းခဲ့တာကို အာဏာပိုင်တွေက မနေ့က ငြင်းဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် (၆) ရက်နေ့က မိမိတို့ တင်ပြခဲ့တာကို မနေ့က မနက်(၁၀) နာရီမှာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေဝင်းနဲ့ အတူ မြို့နယ်ရဲမှူး၊ စည်ပင်ဦးစီးမှူးနဲ့ မြို့နယ်ဥပဒေ အရာရှိတို့က NLD အဖွဲ့ဝင်တွေဖြစ်ကြတဲ့ ဦးထွန်းမင်း၊ ဦးဗလ၊ ဦးမင်းသိမ်းနဲ့ မိမိ အပါအဝင် (၄) ဦးကို ခေါ်ယူပြောဆိုခဲ့ကြောင်း ပဲခူး NLD လုံခြုံရေးတာဝန်ခံ ကိုအေးမင်းဦး(ခေါ်) ကိုဂျမားက ပြောပါတယ်။
သက်ဆိုင်ရာက ခွင့်မပြုတဲ့အတွက် ပဲခူး အန်အယ်လ်ဒီအနေနဲ့ အာဇာနည်နေ့ အခမ်းအနားကို မြို့နယ်ပါတီ ရုံးမှာပဲ သံဃာတော်တွေကို ဆွမ်းကပ်လှူကာ ဟောပြောပွဲ ကျင်းပဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ကတ်ပြားနဲ့ ငွေသွင်း ငွေထုတ်နိုင်တော့မယ်


မြန်မာနိုင်ငံမှာ ငွေသွင်းငွေထုတ်နဲ့ ဈေးဝယ်လို့ရတဲ့ MPU ကတ်တွေကို လာမယ့် သြဂုတ်လအတွင်း စတင်အသုံးပြုတော့မှာ ဖြစ်တယ်လို့ စီစဉ်သူ ဘဏ်အရာရှိတွေက ပြောပါတယ်။
ပြည်တွင်းက MPU ခေါ် မြန်မာနိုင်ငံဘဏ်များ အသင်းဝင် ပုဂ္ဂလိကဘဏ် (၁၆) ဘဏ်ရဲ့ ATM ငွေသွင်း ငွေထုတ်စက်တွေမှာ အပြင် ကုန်တိုက်တွေမှာပါ အဲဒီကတ်ကို အသုံးပြုလို့ ရမှာဖြစ်ပြီး နောက်ပိုင်းမှာ နိုင်ငံတကာအထိ သုံးစွဲလို့ရအောင် စီစဉ်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဧရာဝတီဘဏ်ရဲ့ ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန်းဇော်က "ဘယ် ATM မှာမဆို၊ ဘယ်ဘဏ်ကထုတ်တဲ့ ကတ်ပြားနဲ့ ဘယ်ဘဏ်ရဲ့ ATM မှာမဆို ငွေအထုတ်အသွင်း လုပ်လို့ရမယ်။ ဒီကတ်ပြားကို အပြင်မှာ သုံးစွဲခွင့်နဲ့ ကျွန်တော်တို့ရဲ့ ကတ်ပြားကိုပဲ တခြားနိုင်ငံမှာ ရောက်တဲ့ အချိန် သုံးလို့ရအောင် အဲတာတခုပေါ့"
ဒီ MPU ကတ်စနစ်ကို ပထမအဆင့်အနေနဲ့ ဘဏ် (၈) ခုမှာ စတင်စမ်းသပ် အသုံးပြုနေပြီလို့ သိရပါတယ်။ MPU ကတ် အသုံးပြုလိုသူတွေအနေနဲ့ သက်ဆိုင်ရာဘဏ်မှာ ငွေစာရင်း သွားရောက်ဖွင့်လှစ်ပြီး ကတ်ပြုလုပ်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။MPU ကတ်ဟာ Visa, Master တို့လို အကြွေးဝယ် Credit ကတ် မဟုတ်သလို နိုင်ငံတကာမှာ အသုံးပြုနေတဲ့ Check Card သဘောသာ ဖြစ်ပြီး မိမိငွေစာရင်းထဲမှာ ရှိသလောက် ထုတ်ယူ သုံးစွဲနိုင်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။မြန်မာနိုင်ငံမှာ MPU ကတ်လို ငွေသွင်း ငွေထုတ်နဲ့ ဈေးဝယ်လို့ ရနိုင်တဲ့ Credit ကတ်တွေကို ၂၀၀၂ ခုနှစ်လောက်က ပုဂ္ဂလိကဘဏ်တွေ စတင် ထုတ်ပေးခဲ့ဖူးပေမယ့် အောင်မြင်မှု မရဘဲ နှစ်အနည်းငယ် အကြာမှာ ပျောက်ကွယ်သွားခဲ့ပါတယ်။

ကော့သောင်းတွင် ဖမ်းမိသည့် ထိုင်း ၆၁ ဦးကို အရေးယူမည်


မြန်မာအစိုးရတပ်က တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်အတွင်း ဖမ်းမိထားသော ထိုင်းနိုင်ငံသား ၆၁ ဦးကို တည်ဆဲ ဥပဒေများနှင့် အညီ ဆက်လက် အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာတွင် ဖော်ပြထားသည်။ဇူလိုင်လ ၄ ရက်မှ စတင်၍ ၇ ရက်နေ့ အထိ ထိုင်းအမျိုးသား ၅၂ ဦးနှင့် အမျိုးသမီး ၉ တို့ကို ဖမ်းဆီးထားကြောင်း၊ ယင်းဒေသတွင် အသုံးပြုနေသည့် မြေသယ် မြေတူးစက် Backhoe ကား ၅ စီး၊ ရော်ဘာပင် ဧက ၁၅၀၀၊ မော်တော် ဆိုင်ကယ်များနှင့် လက်နတ် ခဲယမ်း များကို သိမ်းဆည်းထားသည်ဟု အစိုးရသတင်းများက ဆိုသည်။
ယင်း ထိုင်းနိုင်ငံသား များကို လုံခြုံရေးအရ ကောင်းမွန်စွာ စောင့်ရှောက်ထားပြီး သက်ဆိုင်ရာ နိုင်ငံသို့ သံတမန် နည်းအရ အသိပေးထားကြောင်းလည်း ရေးသားထားသည်။အစိုးရက ထိုင်းနိုင်ငံသားများကို တည်ဆဲဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဟု ပြောကြားထား သော်လည်း ပြစ်မှုဆိုင်ရာ အကြောင်း အရာများကို သတင်းစာတွင် ဖော်ပြထားခြင်း မရှိပေ။ထိုင်းနိုင်ငံ ဒု ၀န်ကြီးချုပ် ယုထဆက် ဆာစီပရာပ ကမူ ဖမ်းဆီးခံထားရသည့် ထိုင်းနိုင်ငံသားများ ပြန်လည် လွတ်မြောက်ရန် အတွက် မြန်မာနိုင်ငံသို့ ယခုလ ၁၃ ရက်နေ့တွင် သွားရောက် ဆွေးနွေးမည်ဟု သတင်းထောက်များကို ယနေ့ ပြောကြားသည်။
မြန်မာနိုင်ငံတွင် လာမည့် ၂၀၀၃ ခုနှစ်၌ ကျင်းပမည့် အရှေ့တောင် အာရှ အားကစားပွဲတော် (ဆီးဂိမ်း) နှင့် ပတ်သက်၍ အစည်းအဝေး တက်ရောက်ရန် ထိုင်းနိုင်ငံမှ တာဝန်ရှိသူများ သွားရောက်ကြမည်ဖြစ်ပြီး တချိန်တည်းတွင် ၎င်းနိုင်ငံသား များအား ဖမ်းဆီးထားသည့် ကိစ္စရပ်ကိုပါ အစိုးရ အာဏာပိုင်များနှင့် ညှိနှိုင်း ဆွေးနွေးမည်ဟု ၎င်းက ဆိုသည်။ထို့အပြင် မြန်မာနိုင်ငံအတွင်း ထိုင်းနိုင်ငံသားများ တရားဝင် မြေငှားရမ်း၍ ရော်ဘာပင်နှင့် ဆီအုန်းပင်များ သွားရောက် စိုက်ပျိုးနိုင်ရန်လည်း မြန်မာအစိုးရ တာဝန်ရှိသူများနှင့် ဆွေးနွေးမည် ဖြစ်ကြောင်းဇူလိုင်လ ၄ ရက်နေ့က ထိုင်းနိုင်ငံ တောင်ပိုင်း ရနောင်း ခရိုင် ကလပ်ဘူရီ မြို့နယ်နှင့် မျက်နှာချင်းဆိုင် မြန်မာနိုင်ငံ နယ်နိမိတ် အတွင်း ကျူးကျော်၍ စီးပွားဖြစ် ရော်ဘာပင်စိုက်ပျိုးရန် လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံသားများကို အစိုးရစစ်တပ်က ဖမ်းဆီး ခဲ့ခြင်း ဖြစ်သည်။ထိုင်းသတင်းများ၏ အဆိုအရ ယင်းဒေသတွင် ထိုင်းနိုင်ငံ တောင်ပိုင်း ရနောင်းမြို့ အပါအ၀င် စူရတ်ဌာနီ၊ နခွန်စီ ထာမရတ်၊ ချုံ ဖော် မြို့နယ်များမှ မိသားစုဝင်များ သွားရောက်နေထိုင်ကြပြီး ခန့်မှန်ခြေ လူဦးရေ ၂၀၀ ခန့် ရှိကြောင်း သိရသည်။


မြေ၊ အခွန်တို့နှင့် ပတ်သက်သည့် ဥပဒေ ၁၇ ခုအား လေ့လာသုံးသပ်ပြီး ခေတ်နှင့်အညီ အသုံးချ ဆောင်ရွက်နိုင်မည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ ရေးဆွဲသွားရန်ရှိကြောင်း သိရ


မြေ၊ အခွန်ဆိုင်ရာ ကိစ္စများနှင့် ပတ်သက်သည့် ဥပဒေ၊ နည်းဥပဒေ ၁၇ ခုအား ပြန်လည်လေ့လာသုံးသပ်ပြီး ခေတ်နှင့်အညီ အသုံးချ ဆောင်ရွက်နိုင်မည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို သက်ဆိုင်ရာနယ်ပယ်မှ တာဝန်ရှိသူများ ညှိနှိုင်းရေးဆွဲသွားရန်ရှိကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်ကာ ပြည်ထဲရေး၊ နယ်စပ်ရေးရာ၊ လယ်/ဆည်၊  အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန၊ သတ္တုတွင်း၊ စွမ်းအင်၊ ဘဏ္ဍာ/အခွန်၊ ဆောက်လုပ်ရေး စသည့်ဝန်ကြီးဌာနများ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးစည်ပင်သာယာရေး ကော်မတီများမှ တာဝန်ရှိသူများ ပါဝင်သည့် မြေယာခွဲဝေအသုံးချမှု စိစစ်ဆောင်ရွက်ရေး ကော်မတီကို ဖွဲ့စည်းပြီး မြေ၊ အခွန်ဆိုင်ရာ ကိစ္စများနှင့် ပတ်သက်သည့် ဥပဒေ၊ နည်းဥပဒေ ၁၇ ခုအား ပြန်လည်လေ့လာသုံးသပ်ပြီး ခေတ်နှင့်အညီ အသုံးချဆောင်ရွက်နိုင်မည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို ညှိနှိုင်းရေးဆွဲသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ပြန်လည်လေ့လာသုံးသပ်သွားမည့်မြေ၊ အခွန်ကိစ္စများနှင့် ပတ်သက်သည့် ဥပဒေများမှာမြေနှင့် အခွန်ဥပဒေနှင့် နည်းဥပဒေများ(၁၈၇၆ ခုနှစ်)၊ အထက်မြန်မာနိုင်ငံမြေနှင့် အခွန်စည်းမျဉ်းဥပဒေနှင့် နည်းဥပဒေများ(၁၈၈၉ ခုနှစ်)၊ မြန်မာနိုင်ငံ မြေသိမ်းအက်ဥပဒေနှင့် နည်းဥပဒေများ(၁၈၉၄ခုနှစ်)၊ အောက်မြန်မာနိုင်ငံ မြို့နှင့် ကျေးရွာမြေများ ဥပဒေ (၁၈၉၈ ခုနှစ်)နှင့် အောက်မြန်မာနိုင်ငံ မြို့နှင့်ကျေးရွာမြေများ နည်းဥပဒေ(၁၉၀၇ ခုနှစ်)၊ အခွန်တော် ကောက်ခံမှုဥပဒေ(၁၈၉၀ခုနှစ်)၊ ခရိုင်ခိုင်ကြေး ဥပဒေ(၁၈၈၀ ခုနှစ်)၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး  ဘုတ်အဖွဲ့ မြေယာနည်းဥပဒေများ(၁၉၂၂ ခုနှစ်)၊ နိုင်ငံတော် ပြည်သူ့အိုးအိမ် ထူထောင်ရေးနှင့် မြို့ရွာစည်ပင်ရေးအဖွဲ့ ဥပဒေ(၁၉၅၁ ခုနှစ်)၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြေယာဌာနမှ ကျင့်သုံးဆောင်ရွက်နေသော ဥပဒေ၊ နည်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများ၊ နေပြည်တော် စည်ပင်သာယာရေးဥပဒေ၊ ရန်ကုန်မြို့ကို စည်ပင်သာယာ တိုးတက်ဖြစ်ထွန်းအောင် စီမံရန် ယုံမှတ်အပ်နှံခြင်း အက်ဥပဒေ(၁၉၂၀ ပြည့်နှစ်)၊ ရှမ်းပြည်နယ်မြေ ကာကွယ်ပြုစုရေး အက်ဥပဒေ(၁၉၅၁ ခုနှစ်)၊  မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲ ပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေ (၁၉၈၇ခုနှစ်)၊ သစ်တောဥပဒေ (၁၉၉၂ ခုနှစ်)၊ သစ်တောနည်းဥပဒေ (၁၉၉၅ ခုနှစ်)၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်များ (၁၉၉၅ ခုနှစ်) နှင့် မြေစာရင်းလက်စွဲ ဥပဒေတို့ဖြစ်ကြောင်း သိရသည်။




လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ဥပဒေကြမ်းကို ဇူလိုင်လ ၉ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြခဲ့ပါသည်။

အဆိုပါ ဥပဒေမူကြမ်းအရ ဥပဒေမူကြမ်းကို အတည်ပြုပြဋ္ဌာန်း လိုက်မည်ဆိုပါက စုံစမ်းစစ်ဆေးခြင်းခံရသူသည် မိမိပိုင်ဆိုင်သည့် ငွေကြေးနှင့် ပစ္စည်းများကို တရားဝင် မည်သို့ရရှိကြောင်း သို့မဟုတ် မည်သည့်ဝင်ငွေဖြင့် ရရှိကြောင်းကို ခိုင်လုံသော အထောက်အထားများဖြင့် သက်သေထင်ရှား ပြသရန် တာဝန်ရှိကြောင်း သိရသည်။

မည်သူမဆို လာဘ်ပေးလာဘ်ယူမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် နိုင်ငံရေးရာထူး လက်ရှိဖြစ်သူဖြစ်ပါက ထိုသူကို ၁၅ နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း၊ နိုင်ငံရေးရာထူး လက်ရှိဖြစ်သူမှအပ အခြားလုပ်ပိုင်ခွင့်အာ ဏာရှိသူဖြစ်ပါက ထိုသူကို ၁၀ နှစ် ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း၊ နိုင်ငံရေးရာထူး လက်ရှိဖြစ်သူနှင့် လုပ်ပိုင်ခွင့်အာဏာရှိသူမှအပ အခြားမည်သူမဆို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ခုနစ်နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း အခန်း (၁၀)ပြစ်မှုနှင့် ပြစ်ဒဏ်များ အခန်းတွင် ဖော်ပြချက်အရ သိရသည်။
ထို့အပြင် မည်သူမဆို ဤဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်နှင့် သက်ဆိုင်သည့် သို့မဟုတ် လာဘ်ပေးလာဘ်ယူခြင်းဖြင့် ကြွယ်ဝချမ်းသာလာမှုနှင့် သက်ဆိုင်သည့် ငွေကြေးနှင့် ပစ္စည်းတစ်ခုခုကို အရေးယူခြင်း မပြုနိုင်ရန် ပြောင်းလဲခြင်း၊ လွှဲပြောင်းခြင်း၊ ဖုံးကွယ်ခြင်း၊ ဖျောက်ဖျက်ခြင်း သို့မဟုတ် အသွင်ပြောင်းလဲခြင်းပြုကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ငါးနှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပါရှိသည်။
အဆိုပါ လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ဥပဒေကြမ်းတွင် အမည်၊ စတင်အာဏာတည်ခြင်းနှင့် အဓိပ္ပါယ်ဖော်ပြချက်များ၊ ရည်ရွယ်ချက်များ၊ လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကော်မရှင် ဖွဲ့စည်းခြင်းနှင့် ယင်း၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ကော်မရှင် ဖွဲ့စည်းခြင်း၊ လာဘ်ပေးလာဘ်ယူခြင်းဖြင့် ကြွယ်ဝချမ်းသာလာမှုကြောင့် ပိုင်ဆိုင်သည့် ငွေကြေး၊ ပစ္စည်းများနှင့်စပ်လျဉ်း၍ ပဏာမ စိစစ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် ယင်း၏ လုပ်ငန်းတာဝန်များ၊ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် ယင်း၏ လုပ်ငန်းတာဝန်များ၊ လာဘ်ပေး လာဘ်ယူမှု ပပျောက်ရေးကော်မရှင်ရုံး ဖွဲ့စည်းခြင်း၊ လာဘ်ပေးလာဘ်ယူမှုနှင့် စပ်လျဉ်း၍ သတင်းပေးဆောင်ရွက်ခြင်း နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော် ကိုယ်စားလှယ်များက ဆောင်ရွက်ခြင်း၊ လုပ်ပိုင်ခွင့် အာဏာရှိသူက ပိုင် ဆိုင်သည့် ငွေကြေး၊ ပစ္စည်း၊ပေးရန် တာဝန်နှင့် ရရန်ပိုင်ခွင့်များနှင့် စပ်လျဉ်း၍ ကြေညာခြင်း၊ လာဘ်ပေးလာဘ်ယူခြင်းဖြင့် ကြွယ်ဝချမ်းသာလာမှုကြောင့် ရရှိသည့်ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များ၊ အထွေထွေ စသည့် အခန်း ၁၁ ခန်း၊ ပုဒ်မ ၇၂ ခု ပါဝင်ကြောင်း သိရသည်။
အခန်း (၁၁) အထွေထွေ၊ ပုဒ် မ ၇၂ တွင် ၁၉၄၈ ခုနှစ်၊ အဂတိလိုက်စားမှု တားမြစ်ရေး အက်ဥပဒေ(ဥပဒေ အမှတ် ၆၇/၄၈)ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်ကြောင်းလည်း ပါဝင်သည်။


LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment