မြန်မာသတင်းများ  ဇူလိုင် ၁၃၊ ၂၀၁၂


ရုပ်သိမ်းရေးဆွေးနွေးမည်

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် မြန်မာ သမ္မတ ဦးသိန်းစိန်တို့ ကမ္ဘောဒီးယားနိုင်ငံ Siam Reap မြို့၌ သောကြာနေ့တွင် တွေ့ဆုံရန်ရှိပြီး အမေရိကန်၏ စီးပွါးရေးပိတ်ဆို့ အရေးယူမှု များ ဖြေလျှော့ပေးရေး အပါအဝင် အခြားကိစ္စရပ်များ ဆွေးနွေးမည်ဖြစ်ကြောင်း အမေရိကန် အရာရှိတဦးက ကြာသပတေးနေ့တွင် ပြောသည်။

ကမ္ဘောဒီးယားနိုင်ငံ Siem Reap တွင်ကျင်းပသည့် အာရှ အမေရိကန် စီးပွါးရေးလုပ်ငန်းများ အကြီးမားဆုံး စုဝေးမှုဖြစ်သည့် ညီလာခံသို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တက်ရောက်ရန်လာသည့် ခရီးစဉ်အတွင်း မြန်မာသမ္မတနှင့်တွေ့ဆုံခြင်း ဖြစ်သည်။ တဆက်တည်းတွင် အမေရိကန် ကုမ္ပဏီများ အနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ တရားဝင် လုပ်ကိုင်နိုင်ပြီဖြစ်ကြောင်းလည်း အမေရိကန်က ဗုဒ္ဓဟူးနေ့တွင် ကြေညာခဲ့သည်။

မြန်မာအစိုးရဘက်မှလည်း မြန်မာနိုင်ငံအနေဖြင့် နိုင်ငံ၏ စီးပွါးရေး ပြုပြင်ပြောင်းလဲမှု "ဒုတိယလှိုင်း" သို့ တက်လှမ်းနေချိန်တွင် အနောက်နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှု အားလုံး ရုပ်သိမ်းပေးပါရန် မြန်မာ သမ္မတ ဦးသိန်းစိန်က ကြာသပတေးနေ့တွင် တိုက်တွန်းခဲ့သေးသည်။

ဦးသိန်းစိန်က ဗြိတိန် အခြေစိုက် Financial Times သတင်းစာသို့ ပြောကြားခဲ့ရာတွင် “အခုအချိန်မှာ နိုင်ငံအနေနဲ့ အရေးတကြီး လိုအပ်နေတဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ဖော်ဆောင် နိုင်ရေးအတွက် ဘဏ္ဍာရေး ပိတ်ဆို့မှု အပါအဝင် အခြား စီးပွါးရေး ပိတ်ဆို့အရေးယူမှုတွေကို ရုပ်သိမ်းပေးဖို့ အလွန်အရေးကြီးပါတယ်။” ဟု ဆိုခဲ့သည်။

ဟီလာရီကလင်တန်သည် နှစ်ပေါင်း ၅၀ အတွင်း မြန်မာနိုင်ငံသို့ ပထမဆုံးလာရောက်သည့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတဦး၏ ခရီးစဉ်အဖြစ် ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ ပထမပတ်အတွင်းက လာရောက်ခဲ့သေးပြီး မြန်မာသမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့သည်။

တွေ့ဆုံဆွေးနွေးမှုအတွင်း နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ရန် ဘဏ်လုပ်ငန်းစနစ်များတွင် အမေရိကန်နိုင်ငံမှ ကူညီရန်၊ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ အသေးစားချေးငွေလုပ်ငန်းများ ဖွံ့ဖြိုးရန်အတွက် အမေရိကန်မှ ကူညီမည်ဟု ဟီလာရီ ကလင်တန်က ကတိပေးခဲ့သည်။

ယင်းအပြင် တိုင်းရင်းသား လက်နက်ကိုင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း လုပ်ငန်းစဉ်များ၊ အပစ်အခတ် ရပ်စဲခြင်း လုပ်ငန်းစဉ်များတွင် အမေရိကန်ဘက်မှ ကူညီပေးသွားမည်ဖြစ်ပြီး စီးပွားရေး ပိတ်ဆို့မှု၊ ခရီးသွား လုပ်ငန်းများတွင် အမေရိကန်ဘက်မှ ကန့်သတ်ထားမှုများ၊ သွင်းကုန်ထုတ်ကုန် လုပ်ငန်းများတွင် ကန့်သတ်ထားမှုများကိုလည်း လျော့ချ ရုပ်သိမ်းသွားနိုင်အောင် ကူညီသွားမည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက သမ္မတနှင့် ဆွေးနွေးမှုတွင် ထည့်သွင်းပြောသွားခဲ့သည်။

သမ္မတ ဦးသိန်းစိန် အမေရိကန် ထိပ်တန်း စီးပွားရေး ခေါင်းဆောင်များနှင့်တွေ့ဆုံ


ပြုပြင်ပြောင်းလဲရေးတွေ ဖော်ဆောင်နေတဲ့ မြန်မာနိုင်ငံဟာ အခုဆိုရင် အရေးကြီးတဲ့ သမိုင်းကြောင်း အလှည့်အပြောင်း အချိန်အခါကို ရောက်ရှိနေပြီလို့ သမ္မတ ဦးသိန်းစိန်က ပြောလိုက်ပါတယ်။
သောကြာနေ့က ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံ စီးပွားရေး ညီလာခံကို တက်ရောက်နေစဉ် အတွင်း အမေရိကန် ထိပ်တန်း စီးပွားရေး ခေါင်းဆောင် (၂၀၀) လောက်နဲ့ တွေ့ဆုံခဲ့ရာမှာ သမ္မတ ဦးသိန်းစိန်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
အဲဒီတွေ့ဆုံပွဲကို အမေရိကန် နိုင်ငံရေးခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ကမကထပြု စီစဉ်ခဲ့တာပါ။ ဒီပွဲမှာ ဦးသိန်းစိန်က - မြန်မာနိုင်ငံဟာ ဒီမိုကရေစီခေတ်ဆီ လျှောက်လှမ်းနေသလို ရေရှည် တည်တံ့တဲ့ ငြိမ်းချမ်းရေးကိုလည်း ရှာကြံနေပါတယ်။ မြန်မာနိုင်ငံတွင်းကို ရင်နှီးမြှုပ်နှံမှု အများအပြား ၀င်ရောက်လာလိမ့်မယ်လို့လည်း မျှော်လင့်ထားပါတယ်။ မိမိတို့ အနေနဲ့ အပြန်အလှန် လေးစားမှုအပေါ် အခြေတည်ပြီး နှစ်ဦးနှစ်ဘက် အကျိုးစီးပွားအတွက် ပူးပေါင်း ဆောင်ရွက်နိုင်ကြမှာ ဖြစ်ပါတယ်လို့ ပြောဆိုခဲ့ပါတယ်။
တွေ့ဆုံပွဲမှာ Coca Cola/ Caterpillar/ Goldman Sachs နဲ့ Ford General Motors စတဲ့ အမေရိကန် ကုမ္ပဏီကြီးတွေ ပါဝင် တက်ရောက်ခဲ့ပါတယ်။ ဒီကနေ့မှာတော့ အမေရိကန်လုပ်ငန်းရှင် (၇၀) လောက် ပါဝင်တဲ့အဖွဲ့ဟာ မြန်မာနိုင်ငံကို သွားရောက် လေ့လာကြမှာဖြစ်ပါတယ်။


ဒုသမ္မတ စိစစ်ရေးအဖွဲ့ ဖွဲ့စည်း

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့မှ တင်သွင်းလာမည့် ဒုသမ္မတသည် ဖွဲ့စည်းပုံမှ သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ကိုက်ညီမှုရှိ မရှိ စိစစ်နိုင်ရန် လွှတ်တော်တရပ်စီမှ လွှတ်တော် ကိုယ်စားပြု ကိုယ်စားလှယ်တဦးစီကို ကြာသပတေးနေ့တွင် ရွေးချယ်ခဲ့သည်ဟု လွှတ်တော်တက် အမတ်များက
ပြောသည်။

ပြည်သူ့လွှတ်တော်ဘက်မှ ဦးဋ္ဌေးဦးကို ရွေးချယ်ခဲ့ပြီး အမျိုးသားလွှတ်တော်ဘက်တွင်မူ ဦးဇော်မြင့်ဖေတို့ကို ရွေးချယ် ခဲ့သည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းသန်းက ပြောသည်။ "လွှတ်တော်က ကန့်ကွက်မယ့်သူမရှိလို့ ဒုသမ္မတ စိစစ်ရွေးချယ်ရေးအဖွဲ့မှာ ပြည်သူ့လွှတ်တော်ကိုယ်စား ဦးဋ္ဌေးဦးဖြစ်သွားတယ်။ အမျိုးသားလွှတ်တော်က ဦးဇော်မြင့်ဖေကို ရွေးထားတယ်။"ဟု ဦးဝင်းသန်းက ပြောသည်။

သမ္မတ အရည်အချင်းများ စိစစ်ရေးအဖွဲ့တွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နှစ်ရပ်တို့မှ ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌ နှစ်ဦးစီနှင့် လွှတ်တော်နှစ်ရပ်မှ ကိုယ်စားလှယ်တဦးစီ၊ တပ်မတော်သား လွှတ်တော်အမတ်တဦး စုစုပေါင်း ၇ ဦးဖြင့် ဖွဲ့စည်းထားရှိသည်။ "ဒီအဖွဲ့က ဒုသမ္မတကို ဖွဲ့စည်းပုံပါ အရည်အချင်းတွေနဲ့ ကိုက်ညီမှုရှိ မရှိစိစစ်ပြီးရင်ဘောင်ဝင်တယ်ဆိုရင် လွှတ်တော်ကို တင်တဲ့အခါ လွှတ်တော်ကအတည်ပြုပေးရမှာပါ။" ဟု လွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်က ပြောသည်။

လစ်လပ် ဒုသမ္မတ နေရာအတွက် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေကို တင်သွင်းရန်ရှိသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း လွှတ်တော်အတွင်း တရားဝင် အဆိုပြုခြင်း မရှိသေးပါ။
ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ၏ အရည်အချင်းများအဖြစ် အနည်းဆုံးအသက် ၄၅နှစ်ပြည့်ပြီးသူ ဖြစ်ရမည်၊ စစ်ရေးအမြင်ရှိသူ ဖြစ်ရမည်၊ ရွေးချယ်တင်မြှောက်ခံရသည့် အချိန်မှ အနည်းဆုံး အနှစ် ၂ဝ နိုင်ငံတော်တွင် နေထိုင်ခဲ့သူ ဖြစ်ရမည် စသည့် သတ်မှတ်ချက် ၇ချက်ဖြင့် ပြဋ္ဌာန်းထားသည်။

ဒု သမ္မတ အရည်အချင်း စစ်မည့်အဖွဲ့ ဖွဲ့စည်း


ပြည်ထောင်စု လွှတ်တော် နာယက အပါအ၀င် အဖွဲ့ဝင် ၇ ဦးပါဝင်သော ဒု သမ္မတ ရွေးချယ်ရေး ကနဦးအဖွဲ့ကို ကြာသပတေးနေ့ က ဖွဲ့စည်း လိုက်သည်။ အမျိုးသား လွှတ်တော် နှင့် ပြည်သူ့လွှတ်တော် လွှတ်တော် ဥက္ကဌ များ၊ ဒု ဥက္ကဌ ၂ ဦး၊ ပြည်ထောင်စု ကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ အမျိုးသား လွှတ်တော်မှ  မန္တလေးတိုင်းဒေသကြီး အမတ် ဦးဇော်မြင့်ဖေ၊ ပြည်သူ့လွှတ်တော် အမတ် ဦးဌေးဦးနှင့် တပ်မတော်သား ကိုယ်စားလှယ် ကိုယ်စားပြု ၁ ဦး တို့ ပါဝင်သည်။ ယင်းအဖွဲ့က ဒု သမ္မတ အရည်အချင်းနှင့် ညီညွတ် မှု ရှိမရှိကို ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အချက်များနှင့် ကနဦး စစ်ဆေးမှုပြုလုပ်မည် ဖြစ်သည်။ အရည်အချင်းနှင့် ညီညွတ်ပါက ယနေ့ ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြုနိုင်ဖွယ်ရှိကြောင်း လွှတ်တော် ကိုယ်စားလှယ် တဦးက ပြောသည်။

ကုလ၀န်ထမ်း (၃) ဦး မြန်မာအာဏာပိုင်က တရားစွဲဆို


ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအတွင်း အထိန်းသိမ်းခံခဲ့ရတဲ့ ကုလသမဂ္ဂ၀န်ထမ်း (၁၀) ယောက်ထဲက အနည်းဆုံး (၃) ယောက်ကို မြန်မာ အာဏာပိုင်တွေက တရားစွဲဆိုလိုက်ကြောင်း ကုလသမဂ္ဂက မနေ့က ပြောလိုက်ပါတယ်။
တရားစွဲဆိုခံရသူ (၃) ယောက်လုံးဟာ မြန်မာနိုင်ငံသားတွေ ဖြစ်ကြပြီး ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ ၀န်ထမ်းတွေ ဖြစ်ပါတယ်။သူတို့ကို ဘာပြစ်မှုနဲ့ တရားစွဲတာလည်း ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ (UNHCR) ရဲ့ ပြောခွင့်ရ အမျိုးသမီး Melissa Fleming က ပြောပါတယ်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Antonio Guterres ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာနိုင်ငံကို ရောက်ရှိခဲ့ပါတယ်။ UNHCR ၀န်ထမ်းတွေကို ဘာပြစ်မှုနဲ့ ထိန်းသိမ်းခဲ့သလဲဆိုတာ သိရဖို့ ထိန်းသိမ်းခံရသူတွေနဲ့ တွေ့ဆုံခွင့်ရဖို့ ပန်ကြားခဲ့ပေမဲ့ အခုထိ အကြောင်း မထူးသေးဘူးလို့ သိရပါတယ်။
ကျန်တဲ့ ထိန်းသိမ်းခံ ကုလသမဂ္ဂ ၀န်ထမ်းတွေထဲမှာ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ FAO ၀န်ထမ်း (၃) ယောက်နဲ့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ MDF က ၀န်ထမ်း (၄) ယောက် ပါဝင်ပါတယ်။ သူတို့ကိုလည်း တရားစွဲဆို ထားသလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဂျကာတာမြို့ မြန်မာသံရုံးရှေ့မှာ မွတ်စလင် အဖွဲ့ဝင်တွေ ဆန္ဒပြ


မနေ့က အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့က မြန်မာသံရုံးရှေ့မှာ သဘောထား တင်းမာသူ မွတ်စလင် အဖွဲ့ဝင်တွေက ဘင်္ဂါလီ ရိုဟင်ဂျာ ကိစ္စနဲ့ပတ်သက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။
အစ္စလာမ် ကာကွယ်ရေးတပ်ဦး (FPT) နဲ့ (JAT) စတဲ့ အဖွဲ့တွေက လူ (၃၀၀) လောက်က မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် လူမျိုးတုံး သတ်ဖြတ်နေတဲ့ကိစ္စ ရပ်ဆိုင်းရေးဆိုပြီး ဆန္ဒပြကြတာ ဖြစ်ပါတယ်။
ဆန္ဒပြ ခေါင်းဆောင်တစ်ယောက်က မြန်မာ သံရုံးအရာရှိတွေနဲ့ တွေ့ဆုံလိုကြောင်း အသံချဲ့စက်ကတဆင့် ခြိမ်းခြောက် တောင်းဆိုခဲ့ကြောင်း အေအက်ပီ သတင်းက ဖော်ပြပါတယ်။
ဒါပေမဲ့ ဆန္ဒပြသူတွေဟာ လုံခြုံရေးတပ်ဖွဲ့ (၅၀) လောက် စောင့်ကြပ်ပေးနေတဲ့ မြန်မာသံရုံးထဲကို ၀င်ရောက်ဖို့ မကြိုးစားဘဲ ကုလသမဂ္ဂ ရုံးတစ်ရုံးဆီကို ဆန္ဒပြဖို့ ထွက်ခွာသွားခဲ့ကြတယ်လို့ သိရပါတယ်။
ဒီအတွင်း အာရပ်စော်ဘွားများနိုင်ငံ (UAE) နိုင်ငံခြားရေး ၀န်ကြီးက မြန်မာနိုင်ငံမှာ အစ္စလာမ် ဘာသာဝင်တွေ ဖိနှိပ်ခံနေတဲ့ကိစ္စ ရပ်ဆိုင်းရေးအတွက် အရေးပေါ် အစည်းအဝေး ခေါ်ယူပေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကို မနေ့က တိုက်တွန်းလိုက်ကြောင်း KUNA ကူဝိတ် သတင်းဌာနက ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ မြုပ်နှံမှုအတွက် အမေရိကန် အမတ်တွေက သတိပေး


အမေရိကန် ပြည်ထောင်စုက ရီပတ်ပလစ်ကန်ပါတီ အထက်လွှတ်တော်အမတ် မစ္စတာ ဂျွန်မက်ကိန်း (John McCain) နဲ့ တသီးပုဂ္ဂလ အထက်လွှတ်တော်အမတ် ဂျိုး လီဘာမန်း (Joe Lieberman) တို့က အမေရိကန် အစိုးရက မြန်မာနိုင်ငံအပေါ် အရေးယူမှုတချို့ လျှော့ပေးတာကို ကြိုဆိုလိုက်ပေမယ့် အစိုးရပိုင် မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းနဲ့ အကျိုးတူ လုပ်ငန်းလုပ်မယ့် ကိစ္စဟာ မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို အဟန့်အတား ဖြစ်နိုင်တယ်လို့ သတိပေးလိုက်ပါတယ်။
သူတို့ နှစ်ယောက်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလက မြန်မာနိုင်ငံကို သွားပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ရော အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ပါ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
အမေရိကန် ကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံခွင့် ရတော့မှာကို ကျွန်တော်တို့အနေနဲ့ ကျေနပ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ နောက်ထပ် ခြေလှမ်းတလှမ်း ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာ့ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ MOGE နဲ့ အမေရိကန် ပူးပေါင်းလုပ်ဆောင်မယ်လို့ ဆုံးဖြတ်တာကိုတော့ ကျွန်တော်တို့ စိုးရိမ်တယ်လို့ မစ္စတာ မက်ကိန်းက ဆိုပါတယ်။
မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းဟာ အစိုးရပိုင်ဖြစ်ပြီး သူတို့ဌာနဟာ အမေရိကန်ဒေါ်လာ သန်းပေါင်း ထောင်ချီတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုငွေတွေ ရနေသလို ဘယ်လောက်ရနေတယ်၊ အဲဒီငွေတွေကို ဘယ်လို သုံးစွဲနေတယ်ဆိုတဲ့ ပွင့်လင်းမြင်သာမှု မရှိသေးဘူးလို့ မက်ကိန်းနဲ့ လီဘာမန်းတို့က ထောက်ပြကြပါတယ်။
အမေရိကန် လုပ်ငန်းရှင်တွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံလို့ ရပြီ ဆိုတဲ့အကြောင်း အိုဘားမားအစိုးရက ဗုဒ္ဓဟူးနေ့က ကြေညာလိုက်ပါတယ်။ ဒီဥပဒေသစ်အရ မြန်မာ အစိုးရပိုင် မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းနဲ့ အမေရိကန် ကုမ္ပဏီတွေ ဖက်စပ် လုပ်ကိုင်ခွင့် ရမှာဖြစ်ပြီး ဒီလိုလုပ်ကိုင်မယ်ဆိုရင် အမေရိကန် နိုင်ငံခြားရေးဌာနကို ရက်ပေါင်း ၆၀ အတွင်း အကြောင်းကြား ရမှာ ဖြစ်ပါတယ်။


ရန်ကုန်ရှိ တန်ဖိုးကြီး အိမ်ခြံမြေတို့ အရောင်းအဝယ် တုန့်ဆိုင်း

ရန်ကုန်မြို့ ဗဟန်း၊ ရန်ကင်း၊ သင်္ကန်းကျွန်း၊ တောင်ဥက္ကလာ မြို့နယ်များရှိ ကျပ်သိန်း ၅၀၀၀
နှင့်အထက် တန်ဖိုးကြီး အိမ်ခြံမြေများ အရောင်းအဝယ် တုန့်ဆိုင်းလျက်ရှိသည်ဟု ဝါရင့် အိမ်ခြံမြေ အကျိုးဆောင် တဦးက ပြောသည်။

ယခုနှစ်ဆန်းပိုင်းမှ မတ်လ ဒုတိယပတ်အထိ ထိုတန်ဖိုးကြီး အိမ်ယာများ အရောင်းအဝယ်ဖြစ်ခဲ့သော်လည်း ယခုအချိန် တွင် ရပ်တန့်လျက်ရှိသည်ဟု အထက်ပါ အိမ်ခြံမြေ အကျိုးဆောင်က ပြောသည်။

"အခု အိမ်ခြံမြေ အခွန်နှုန်းကို ၁၅ ရာခိုင်နှုန်းကနေ ၃ဝ ရာခိုင်နှုန်းအထိ တိုးမယ်လို့လည်း အသံကြားနေရပြန်တယ်။ အိမ်ခြံမြေ ကို ထိန်းမယ်ဆိုရင် ဒီလိုနည်းနဲ့ လုပ်ရင်လုပ်မှာ။ အခွန်များတိုးမလားဆိုပြီး စောင့်ကြည့်နေကြလို့ အရောင်းအဝယ်တွေလည်း တန့်နေတယ်။" ဟု ပြောသည်။

၂ဝဝ၇ ခုနှစ်မှစ၍ သက်တမ်းတိုးမြှင့်ကြရသည့် အိမ်ခြံမြေအခွန်နှုန်းထားများမှာ တန်ဖိုး၏ ၁၅ ရာခိုင်နှုန်းကို ဝယ်သူကပေးဆောင်ရပြီး သြဂုတ်လ ၁၂က်နေ့တွင် ပြည်တွင်းအခွန်များဦးစီးဌာနက သက်တမ်းထပ်မံ တိုးပေးရမည်ဖြစ်သည်။

အိမ်ခြံမြေ အရောင်းအဝယ် ရပ်နေရခြင်းနှင့် ပတ်သက်၍ အခြား အကျိုးဆောင်တဦးကလည်း “ရပ်တန့်တယ်ဆိုတာ ကားအရောင်းအဝယ်နဲ့လည်း ဆိုင်မယ်။ ကားပါမစ်ကို လွတ်လွတ်လပ်လပ် လုပ်လိုက်တော့ အဲဒီဘက်မှာ သုံးတဲ့သူတွေ များပြီး ဒီဘက်ကို ဝင်လာတဲ့သူနည်းသွားတယ်။ နောက်တခုက ကားလိုပဲ အိမ်ခြံမြေဈေးကွက် ကိုလည်း ဒီလိုလုပ်ရင် မလွယ်ဘူးဆိုပြီး ဈေးကွက်ထဲမှာ ရင်းနှီးဖို့လုပ်တဲ့သူတွေ စောင့်ကုန်တာ လည်းပါတယ်။”ဟု မင်္ဂလာတောင်ညွန့်မြို့နယ် မှ အိမ်ခြံမြေ အကျိုးဆောင်တဦးက ဆိုသည်။

ပြည်လမ်း၊ ကမ္ဘာအေးဘုရားလမ်း အစရှိသည့် လမ်းမတန်းနေရာများတွင် ရှိသည့် မြေဈေးနှုန်းသည် တစ်စတုရန်းပေ လျှင် ကျပ် ၁ဝ သိန်းကျော်ခန့်အထိ ပေါက်လျက်ရှိသည်။ လမ်းသွယ်များရောက်လျှင်မူ ဈေးနှုန်းမှာ ၇၅ ရာခိုင်နှုန်းမှ ၅ဝ ရာခိုင်နှုန်းကျော်အထိ လျော့ကျသွားလေ့ရှိသည်။

သို့ရာတွင် ထိုဈေးနှုန်းများသည် စီးပွားရေး ဧရိယာဖြစ်သော ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်ရှိ ကျောက်တံတားမြို့နယ် အတွင်းမှ ဈေးနှုန်းကိုမူ မမီသေးပေ။ ကျောက်တံတားမြို့နယ်အတွင်းရှိ လမ်းမတန်း နေရာများဖြစ်သည့် အနော်ရထာ လမ်း၊ မဟာဗန္ဗုလလမ်း အစရှိသည့် လမ်းမကျယ်များ၏ မြေဈေးနှုန်းသည် တစ်စတုရန်းပေးလျှင် ကျပ် ၁၂သိန်းမှ ၁၅သိန်းခန့်အထိ ဈေးပေါက်ခဲ့သည်။

၂ဝ၁၁ခုနှစ်သည် ရန်ကုန်မြို့၏ အိမ်ခြံမြေဈေးကွက် အကောင်းဆုံးဖြစ်ခဲ့သော နှစ်တနှစ်ဖြစ်ခဲ့ပြီး အရောင်းအဝယ် ပမာဏ သာမက ဈေးနှုန်းများလည်း ထိပ်ဆုံး ရောက်ခဲ့သော ကာလလည်းဖြစ်သည်။ ယခုကာလတွင်မူ “ရောင်းမယ့် သူတွေကလည်း စောင့်ကြည့်နေသလို ဝယ်မယ့်သူတွေကလည်း အခြေအနေကို စောင့်တဲ့ကာလဖြစ်နေတယ်” ဟု အိမ်ခြံမြေ အကျိုးဆောင်က ပြောသည်။

နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုများ ဝင်ရောက်လာမည့် မျှော်လင့်ချက်များဖြင့် စက်မှုဇုန်မြေကွက်များကို စိတ်ဝင်စားသူများမှာ လည်း ယခုတိုင် ထင်ရှားသည့် ပြည်ပ ရင်းနှီးမြှပ်နှံမှုများကို မတွေ့ရသေးသဖြင့် ထိုဈေးကွက်လည်း လတ်တလော အရောင်းအဝယ် အေးစက်နေသည်။

အစိုးရ၏ မူဝါဒများ အကြိမ်ကြိမ် ပြောင်းလဲမှုများကြောင့်လည်း အိမ်ခြံမြေဈေးကွက်ကို မည်သို့ ထိန်းချုပ်ဆောင်ရွက် မည်ကို စောင့်ကြည့်ရဦးမည်ဟုလည်း စီးပွားရေးလုပ်ငန်း အသိုင်းအဝိုင်းက သုံးသပ်သည်။


မြန်မာကို ကူညီရန် IMF ရုံးသစ်ဖွင့်မည်

 

 

နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) က မြန်မာနိုင်ငံ၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အစီအစဉ်အတွက် ကူညီထောက်ပံ့ပေးရေး ရည်ရွယ်ချက်ဖြင့် ရုံးခွဲသစ်ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ဖွင့်လှစ်ရန် ရှိကြောင်း သိရသည်။ ရုံးခွဲသစ်သည် Bank of Thailand (BOT) ကို အခြေခံမည်ဖြစ်ပြီး စွမ်းဆောင်ရည် မြှင့်တင်မှုဆိုင်ရာနှင့် သင်တန်းများကိုလည်း အဓိက ဆောင်ရွက်သွားရန် ရှိကြောင်း၊ ထိုင်း နှင့် မြန်မာ နှစ်နိုင်ငံလုံးကို ကူညီသွားရန် ရှိကြောင်း IMF အကြီးအကဲ Christine Lagarde ၏ ပြောကြားချက်ကို The Business Times သတင်းတွင် ဖော်ပြ ထားသည်။

မြောက်ဦး၌ ရုန်းရင်း ဆန်ခတ်မှုဖြစ်ပွား

 

 

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP)မှ ဒု ဥက္ကဌ နှင့် အဖွဲ့ဝင် တဦးကို စစ်တပ်နှင့် ရဲ က ယမန်နေ့ ညပိုင်းတွင် ဖမ်းဆီးခေါ်ဆောင်သွားသောကြောင့် ဒေသခံလူထု ၃၀၀ ၀န်းကျင်က ပြန်လည်လွှတ်ပေးရန် တောင်းဆိုကြသည့်အတွက် ရုန်း ရင်းဆန်ခတ်မှု ဖြစ်ပွားကြောင်း သတင်းရရှိသည်။ မြောက်ဦး RNDP ဒု ဥက္ကဌ ဦးအေးမောင်သန်း နှင့် ပါတီဝင် ဦးဘတင်တို့က ပဋိပက္ခ ဖြစ်နေဆဲ ကာလဖြစ်သောကြောင့် ဘင်္ဂါလီများကို စပါးကြိတ်မပေးရန် ဆန်စက်တစက်ကိုပြောရာ ယင်းဆန်စက်မှတိုင်ကြား သည့်အတွက် ဖမ်းဆီးခြင်းဖြစ်ကြောင်း သိရသည်။မြို့မိ မြို့ဘများနှင့် ဆွေးနွေးညှိနှိုင်းပြီးနောက် ၎င်းတို့နှစ်ဦးအား ပြန်လည် လွှတ် ပေးလိုက်သည်ဟု ဆိုသည်။


အမေရိကန် ဒဏ်ခတ်မှု ရုပ်သိမ်းခြင်းကို ဒေါ်အောင်ဆန်းစုကြည် ကြိုဆို

 

 

အမေရိကန်နိုင်ငံက မြန်မာအပေါ် စီးပွားရေးပိတ်ဆို့အရေးယူမှု လျှော့ချလိုက်ခြင်းကို ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီက ကြို ဆိုလိုက် သည်။ သို့သော် စွမ်းအင်ကဏ္ဍ ရင်းနှီးမြှုပ်နှံမှုများနှင့်ပတ်သက်ပြီး ပွင်းလင်းမြင်သာရှိရန် ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။ ၁၅ နှစ်ကြာ ဒဏ်ခတ်ထားသည့် ကုန်ပစ္စည်းတင်သွင်းခွင့်၊ ဘဏ္ဍာရေးနှင့် ရင်နှီးမြှုပ်နှံမှုများ ရုပ်သိမ်းကြောင်း အမေရိကန် အစိုးရနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာနက ဇူလိုင် ၁၁ ရက်က ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။

LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment