တောင်အာဖရိက လူဖြူလူမည်း ခွဲခြားမှု တိုက်ဖျက်ရေးပြယုဂ် နယ်လ်ဆင်မင်ဒဲလား အသက်(၉၄)နှစ်ပြည့်

တောင်အာဖရိက လူဖြူလူမည်း ခွဲခြားမှုတိုက်ဖျက်ရေး ပြယုဂ်တစ်ခုဖြစ်သော တောင်အာဖရိက၏ ပထမဆုံး လူမည်းသမ္မတဖြစ်သည့် နယ်လ်ဆင်မင်ဒဲလားသည် ဇူလိုင်လ ၁၈ ရက်တွင် အသက် ၉၄ နှစ်ပြည့်မြောက်ခဲ့ကြောင်း သိရသည်။ မင်ဒဲ လားသည် လူထုမြင်ကွင်းရှေ့မှ ပျောက်ကွယ်နေသည်မှာ ကြာပြီဖြစ်ပြီး သက်ကြီးပိုင်းသဘာဝ အားနည်းမှု ခံစားနေရကြောင်း သိရသည်။ 
မင်ဒဲလားသည် ယခင်က မွေးနေ့များတွင် အမေရိကန်ရုပ်သံ အစီအစဉ်တင်ဆက်သူ အော်ပရာဝင်းဖရေးနှင့် နိုင်ငံတကာမှ ကျော်ကြားသူအချို့တို့ဖြင့် အခမ်းအနား ပြုလုပ်ခဲ့သော်လည်း ပြီးခဲ့သော လေးနှစ်က မွေးနေ့များတွင်မူ အိမ်၌သာ မိသားစု နှင့်အတူ မွေးနေ့ပွဲ ပြုလုပ်ခဲ့သည်။
၉၄ နှစ်ပြည့်မြောက်သည့် ၂၀၁၂ ခုနှစ်တွင်မူ မင်ဒဲလားသည် ဆေးရုံနှစ်ကြိမ် တက်ကုသမှုခံယူခဲ့ရပြီး Eastern Cape ပြည်နယ်၊ ကူနူမြို့ရှိ ကလေးဘ၀နေထိုင်ခဲ့သော အိမ်တွင် ယခုနှစ်မွေးနေ့ပွဲကို ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ ယင်းရက် ပိုင်းများအတွင်း မင်ဒဲလား၏ဘ၀ကို နမူနာယူလုပ်ဆောင်ကြရန် မင်ဒဲလားဖောင်ဒေးရှင်းနှင့် အခြားအဖွဲ့အစည်းများက တိုက်တွန်းခဲ့ကြသည်။
ကုလသမဂ္ဂကလည်း ဇူလိုင်လ ၁၈ ရက်ကို နိုင်ငံတကာ မင်ဒဲလားနေ့အဖြစ် ၂၀၀၉ ခုနှစ်တွင် သတ်မှတ်ပေးခဲ့ပြီး ယင်းနေ့ရောက်တိုင်း ကမ္ဘာတစ်ဝန်းမှ ပြည်သူများကို စေတနာ့ဝန်ထမ်းများအဖြစ် အချိန်ပိုင်းလုပ်ဆောင်ကြစေရန် ရည်ရွယ်သတ်မှတ်ပေးခဲ့ခြင်းဖြစ်သည်။
သမ္မတအဖြစ်မှ မင်ဒဲလားနုတ်ထွက်ပြီးနောက် ထူထောင်ခဲ့သော  အကူအညီပေးရေးအဖွဲ့တစ်ခုဖြစ်သည့် မင်ဒဲလား အမှတ်တရစင်တာကလည်း ဇူလိုင်လ ၁၈ ရက်နေ့ရောက်တိုင်း အများကောင်းကျိုးအတွက် ၆၇ မိနစ်ခန့် အာရုံနှစ်လုပ်ကိုင်ကြရန် တိုက်တွန်းခဲ့သည်။ နံပါတ် ၆၇ မှာ မင် ဒဲလားက နိုင်ငံရေးတွင် ပါဝင်လှုပ်ရှားခဲ့သည့် နှစ်အရေအတွက်ကို ကိုယ်စားပြုကြောင်း သိရသည်။

LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment