မြန်မာသတင်းများ  ဇူလိုင် ၂၃၊ ၂၀၁၂

ဒုသမ္မတသစ်အရေး လွှတ်တော်မှာ ဆွေးနွေးနိုင်ဖွယ်ရှိ


ဒုသမ္မတ (၁) ရာထူးကို ၁၀ ရက်အတွင်း လွှတ်တော်က တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့က ပြန်လည် ရွေးချယ်ပေးဖို့ ပြောခဲ့ပေမဲ့ အခုဆိုရင် ရက်ပေါင်း ၂၀ ကျော် လာတဲ့အထိ ရွေးချယ် တင်မြောက်နိုင်ခြင်း မရှိသေးပါဘူး။ အစောပိုင်း ကာလက ဒုသမ္မတ လောင်းအဖြစ် တပ်မတော်သား ကိုယ်စားလှယ်များ အစုအဖွဲ့က အမည် စာရင်း တင်သွင်းခံ ထားရတဲ့ ဦးမြင့်ဆွေ ဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ဒုသမ္မတ ဖြစ်ခွင့် အချက်တွေနဲ့ မကိုက်ညီဘူး ဆိုတဲ့ သတင်းတွေလည်း ထွက်ပါတယ်။ ကာလအားဖြင့် အနည်းငယ် ကြာလာတဲ့ ဒု သမ္မတ ကိစ္စဟာ မနက်ဖြန် နေ့လယ် ၁ နာရီ မှာ ခေါ်မယ့် ပြည် ထောင်စု လွှတ်တော်မှာ တင် ပြ ဆွေးနွေးလာနိုင်တယ်လို့ လွှတ်တော်တွင်းက ဆိုပါတယ်။

နိုင်ငံတော် သမ္မတ က ၇ ရက် အတွင်း ဒု သမ္မတ (၁) ရာထူး အတွက် ပြန်လည် ရွေးချယ်ပေးဖို့ ပြောကြားထားပေမဲ့ ရက် အတော်ကြာတဲ့ အထိ မရွေးချယ်နိုင်သေးတဲ့ ကိစ္စကို မနက်ဖြန်မှာ ခေါ်ယူမယ့် ပြည်ထောင်စု လွှတ် တော် မှာ  တပ်မတော် သား ကိုယ် စား လှယ် များ အစုအဖွဲ့က တင်သွင်းလာတဲ့ အမည်စာရင်းပေါ်မှာ ပြည်ထောင်စု လွှတ်တော်က ဆွေးနွေး သွားနိုင်တယ်လို့ လသာမြို့နယ်က ပြည်သူ လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့်က ပြောပါတယ်။

အစောပိုင်း ကာလက ဒု သမ္မတ လောင်းအဖြစ် တပ်မတော်သား ကိုယ်စားလှယ်များ အစုအဖွဲ့က အမည်စာရင်း တင်သွင်း ခံထားရတယ်လို့ သတင်း ထွက်ပေါ်ခဲ့တဲ့ ဦးမြင့်ဆွေဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ဒုသမ္မတ ဖြစ်ခွင့် အချက်တွေနဲ့ မကိုက်ညီ တာကြောင့် ဒုမ္မတအဖြစ် မရွေးချယ် နိုင်သေးတာ လို့ လွှတ်တော် ကိုယ်စားလှယ် အများစုက သုံးသပ် ကြပါတယ်။

ဒု သမ္မတ လောင်း အဖြစ် တပ်မတော်သား ကိုယ်စားလှယ် များ အစုအဖွဲ့က အမည်စာရင်း တင်သွင်း ခံထားရတဲ့ ဦးမြင့်ဆွေ သာ ဒု သမ္မတ ဖြစ် မလာခဲ့ဘူး ဆိုရင် ယခင် စစ် အာဏာပိုင် တွေရဲ့ ယုံကြည်မှုတွေ များစွာ ရရှိခဲ့ဖူးတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး လှဌေးဝင်း ဖြစ်လာနိုင်တယ်လို့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်က ပြောပါတယ်

ဒုသမ္မတ ရာထူးနဲ့ပတ်သက်ပြီး အစောပိုင်း ရက်တွေက ယခင် စစ်အာဏာပိုင် ဗိုလ်ချုပ် ကြီးဟောင်းတွေ ဖြစ်တဲ့ ဦးဌေးဦး၊ ဦးတင်အေး၊ ဦးမြင့်ဆွေ တို့ ဖြစ်နိုင်တယ်လို့ လွှတ်တော် အသိုင်းအ၀ိုင်းက သုံးသပ်ခဲ့ ကြပေမဲ့ အခုနောက်ဆုံးမှာတော့ စစ် ဗိုလ်ချုပ်ကြီးဟောင်း ဦးမောင်အေးရဲ့ လက်ရင်း တပည့်ဖြစ်ခဲ့တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး လှဌေးဝင်း ဆိုပြီး သတင်းတွေ ထွက်ရှိလာခဲ့တာပါ။ ၂၀၁၀ ရွှေး ကောက် ပွဲအပြီး ပုံ ပေါ်လာတဲ့ ယခင် စစ် တပ် အာ ဏာ ပိုင် အများစု နေရာ ယူထားတဲ့ ဦးသိန်းစိန် အစိုးရ လက်ထက် ပထမ ဆုံးသော ဒု သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး ဟာ ကျန်းမာရေး အခြေအနေကြောင့် ဇူလိုင်လ ၁ ရက် နေ့ကပဲ နိုင်ငံတော် သမ္မတထံ တရားဝင် နှုတ်ထွက်စာ တင်ပြီး နှုတ် ထွက် သွားခဲ့တာ ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်နဲ့ အဖွဲ့ ချွန်ဘူရီခရိုင် စက်မှုဇုန် သွားရောက်လေ့လာ


နှစ်နိုင်ငံချစ်ကြည်ရေး ခရီးစဉ်အရ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ ၀န်ကြီးများအဖွဲ့ဟာ မနေ့က မနက် (၁၁) နာရီမှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဒွန်မောင်းလေဆိပ်ကို ရောက်ရှိသွားပါတယ်။ သမ္မတနဲ့အဖွဲ့ကို ထိုင်းဘုရင့်အတိုင်ပင်ခံ ကောင်စီအဖွဲ့ဝင် ခွန်မွန် လာချာဝေါင်စီနဲ့ ဒုတိယ ၀န်ကြီးချုပ် ခွန်ယူသာဆပ် တို့က ကြိုဆိုခဲ့ကြပါတယ်။သမ္မတဦးသိန်းစိန် နဲ့အတူ  ပြည်ထောင်စု ၀န်ကြီးများ ဖြစ်ကြတဲ့ ဦးဝဏ္ဏမောင်လွင်၊ ဦးမြင့်လှိုင်၊ ဦးတင်နိုင်သိန်း၊ ဦးဝင်းမြင့်၊ ဦးအောင်ကြည်၊ ဦးသန်းဌေးတို့နဲ့အတူ တနင်္သာရီတိုင်းနဲ့ ကရင်ပြည်နယ် ၀န်ကြီးချုပ် နှစ်ဦးတို့ အပါအ၀င် အဖွဲ့ဝင်ပေါင်း ၅၀ ကျော်လိုက်ပါလာကြပါတယ်။

အဲဒီနောက် မွန်းလွဲ ၃ နာရီ ၁၅ မိနစ်မှာ သမ္မတဦးသိန်းစိန်နဲ့ အဖွဲ့ဟာ ချွန်ဘူရီခရိုင် လမ်ချဘန် စက်မှုဇုန်ကို သွားရောက် လေ့လာကြရာ ထိုင်းနိုင်ငံဆိုင်ရာ စက်မှုဝန်ကြီး ခွန်ဖုန်စဝပ် နဲ့ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပါတယ်။လမ်ချဘန် စက်မှုဇုန်မှာရှိတဲ့ ဒေသဆိုင်ရာ ရင်းနှီးမြုပ်နှံမှုနဲ့ စီးပွားရေးစင်တာ အမှတ် (၄) မှာ သမ္မတ ဦးသိန်းစိန်နဲ့အဖွဲ့ကို ထိုင်းစက်မှုဝန်ကြီးနဲ့အတူ  အမျိုးသားစီးပွားရေးနဲ့ လူမှုဖွံ့ဖြိုးရေး ဘုတ်အဖွဲ့ အတွင်းရေးမှူးချုပ် ခွန်အာခွန် သမ်ပီတရာပိုင်စစ်တို့က နှုတ်ခွန်းဆက်စကားနဲ့ အတူ ထိုင်းနိုင်ငံရဲ့ စီးပွားရေး၊ စက်မှုဇုန်ဖွံ့ဖြိုးရေးနဲ့ အရှေ့တောင်အာရှနိုင်ငံများနဲ့ ဆက်နွယ်မှု ဆိုတဲ့ခေါင်းစဉ်နဲ့ ထိုင်းအရှေ့ပိုင်း ကမ်းရိုးတန်း ဒေသနဲ့ ထားဝယ် စီးပွားရေးဇုန် စီမံကိန်းတို့ ဆက်နွယ်မှုနဲ့ ပတ်သက်ပြီး လိုအပ်တဲ့ အချက်အလက်များကို ရှင်းလင်း တင်ပြခဲ့ကြပါတယ်။ ညနေ ၄ နာရီခန့်မှာ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ ၀န်ကြီးများအဖွဲ့ဟာ လမ်ချဘန်စက်မှုဇုန် ထိန်းချုပ်စင်တာကို သွားရောက် လေ့လာခဲ့ကြပြီး ဘန်ကောက်မြို့သို့ ပြန်လည် ထွက်ခွာသွားကြပါတယ်။


နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်လျှင် စီးပွားဖွံ့ဖြိုးမှု ပိုမိုရရှိမှာ ဖြစ်ကြောင်း ထိုင်းစက်မှုဝန်ကြီး ပြောဆို


ထိုင်းအစိုးရရဲ့ ဖိတ်ကြားချက်အရ ဘန်ကောက်မြို့ကို ချစ်ကြည်ရေးခရီး ရောက်ရှိလာတဲ့ သမ္မတ ဦးသိန်းစိန်နဲ့ ဝန်ကြီးများ အဖွဲ့ဟာ မနေ့ မွန်းလွဲပိုင်းက ထိုင်းနိုင်ငံ အရှေ့ပိုင်း၊ ချွန်ဘူရီခရိုင်မှာရှိတဲ့ လမ်ချဘန် စက်မှုဇုန်ကို သွားရောက် လေ့လာခဲ့ရာမှာ ထိုင်းစက်မှုဝန်ကြီး အပါအဝင် တာဝန်ရှိသူတွေက ကြိုဆိုနှုတ်ဆက်ပြီး စက်မှုဇုန် တည်ဆောက်ရေး ဆိုင်ရာ အခြေခံ အချက်အလက်များနဲ့ ပတ်သက်ပြီး ရှင်းလင်း တင်ပြကြပါတယ်
ထိုင်းစက်မှုဝန်ကြီး ဆဝါဒီဝပ်က - ထိုင်းအစိုးရ စီးပွားရေး အဖွဲ့အစည်းတွေဟာ ထိုင်း တစ်သီးပုဂ္ဂလ ကုမ္ပဏီတွေနဲ့ မြန်မာနိုင်ငံမှာ စီးပွားရေး လုပ်ဆောင်နိုင်မယ့် အခွင့်အလမ်းတွေအတွက် ပူးပေါင်း ဆောင်ရွက်နေကြောင်း၊ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက် မယ်ဆိုရင် စီးပွားဖွံ့ဖြိုးမှု ပိုမိုရရှိမှာ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
ထိုင်း အမျိုးသား စီးပွားရေးနဲ့ လူမှု ဖွံ့ဖြိုးရေး ဘုတ်အဖွဲ့ အတွင်းရေးမှူးချုပ် သမ်ပီတရာ ပိုင်ဆစ်ကလည်း ထိုင်းအရှေ့ပိုင်း ကမ်းရိုးတန်းဒေသ လမ်ချဘန် စက်မှုဇုန်နဲ့ မြန်မာပြည် ထားဝယ် စက်မှုဇုန် စီမံကိန်းတို့ ဆက်နွယ်မှုနဲ့ ပတ်သက်ပြီး တင်ပြခဲ့ရာမှာ- လမ်ချဘန် ပင်လယ်ဆိပ်ကမ်း စက်မှုဇုန်တွေရဲ့ ဖွံ့ဖြိုးမှုဟာ ကမ္ဘာ့ဈေးကွက်ကို ထိုးဖောက် ယှဉ်ပြိုင်နိုင်စွမ်း တိုးတက် မြင့်မားလာနေပြီး ထိုင်းနိုင်ငံရဲ့ ဆင်းရဲမွဲတေမှု အဆင့်ကို အနှစ်၂၀ အတွင်း ၄၃% ကနေ ၈% အထိ လျှော့ချနိုင်ခဲ့ကြောင်း၊ လန်ချဘန်ထက် ကြီးမားပြီး အမေရိကန် ဒေါ်လာ ၈.၆ ဘီလျံ ရင်းနှီးမြုပ်နှံမှု ရှိမှာဖြစ်တဲ့ ထားဝယ် စက်မှုဇုန် စီမံကိန်းဟာ အရှေ့တောင် အာရှဒေသအတွက် ကုန်စည် ကူးသန်း ရောင်းဝယ်ရေးဆိုင်ရာ အချက်အချာ နေရာတစ်ခု ဖြစ်လာမှာ ဖြစ်သလို ကမ္ဘာ့ဒေသ အချို့အတွက်လည်း တိုတောင်းတဲ့ ကုန်သွယ်မှု လမ်းကြောင်းအဖြစ် အထောက်အကူပြုမှာ ဖြစ်ကြောင်း၊ ထားဝယ် စီမံကိန်း ပြီးမြောက် အောင်မြင်ရေးအတွက် ထိုင်းနိုင်ငံအနေနဲ့ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ထောက်ပံ့မှုတွေ၊ ခေတ်မီ နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုတွေနဲ့ ဒေသတွင်း ဖွံ့ဖြိုး တိုးတက်မှုတွေ ပံ့ပိုး ဆောင်ရွက်မှာ ဖြစ်ကြောင်း တင်ပြသွားခဲ့ပါတယ်။
သမ္မတ ဦးသိန်းစိန်ဟာ ဒီကနေ့ ထိုင်းဝန်ကြီးချုပ် ယင်လပ် ရှင်နာဝပ်ထရာနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

Ve Ve အချိုရည်စက်ရုံ ၀န်ထမ်းများ ခံစားခွင့် တောင်းဆို ဆန္ဒပြ


မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၂လမ်းမှာရှိတဲ့ နာမည်ကျော် Ve Ve အချိုရည်စက်ရုံက ၀န်ထမ်း ၂၀၀ ကျော်ဟာ သူတို့ရဲ့ လစာနဲ့ ခံစားခွင့်တွေ အပြည့်အ၀ ရရှိရေးအတွက မနေ့က် မနက် (၇) နာရီခွဲ လောက်က စတင် ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
လစာနည်းပါးလွန်းတဲ့ အပြင် တခြား အခွင့်အရေးတွေပါ မရရှိတာကြောင့် အခုလို ဆန္ဒပြရတာလို့ ဆန္ဒပြ အလုပ်သမား ခေါင်းဆောင် ကိုဇေယျာဦးက ပြောပါတယ်။နံနက် ၉ နာရီလောက်မှာတော့ ပြည်ကြီးတံခွန်မြို့နယ် အလုပ်သမား ဦးစီးဌာနက တာဝန်ရှိသူတွေ ရောက်ရှိ လာပြီး အလုပ်သမား ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေး ညှိနှိုင်းခဲ့ပေမယ့် ပြေလည်မှု မရရှိခဲ့ဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။စက်ရုံ အကြီးအကဲဖြစ်သူ ဒေါ်ကြင်ကြင်ဝေက တောင်းဆို တင်ပြချက်တွေကို ပြေလည်အောင် ဖြေရှင်း ပေးမယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေကို ပြောကြားခဲ့ကြောင်း သိရပါတယ်။အလုပ်သမားတွေရဲ့ တောင်းဆိုချက် (၁၄) ချက်ထဲက အချက် တစ်ချို့ကို စက်ရုံ တာဝန်ရှိသူတွေက လိုက်လျောဖို့ သဘောတူညီခဲ့ပေမယ့် အဓိက တောင်းဆိုချက်တွေ ဖြစ်တဲ့ လစာ၊ ရက်မှန်ကြေး၊ရှားပါးစရိတ်၊ လူမှုဖူလုံကြေး စတဲ့ အချက်တွေနဲ့ ပတ်သက်လို့တော့ သဘောတူညီမှု မရရှိသေးဘူးလို့ သိရပါတယ်။

ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နဲ့ နိုင်ငံရေးပါတီ ၁၄ ခု တွေ့ဆုံဆွေးနွေး


ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဒုဥက္ကဋ္ဌ ရထားပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်းနဲ့ စက်မှုဝန်ကြီး ဦးစိုးသိန်းတို့ဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ တိုင်းရင်းသား ပါတီတွေ အပါအ၀င် နိုင်ငံရေးပါတီ ၁၄ ခုက ခေါင်းဆောင်တွေနဲ့ မနေ့က မနက်ပိုင်းက ရန်ကုန်မြို့မှာ (၄) နာရီကြာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ဒီ တွေ့ဆုံပွဲဟာ နိုင်ငံရေးပါတီ ၁၄ ခုနဲ့ သမ္မတ ဦးသိန်းစိန်တို့ နေပြည်တော်မှာ လာမယ့် သီတင်းနှစ်ပတ် အတွင်း တွေ့ဆုံနိုင်ဖို့ အတွက် အကြို ဆွေးနွေးတာ ဖြစ်ပြီး၊ နိုင်ငံရဲ့ အကျိုးကို လိုလားသူ အားလုံးနဲ့ အတူတကွ လက်တွဲ ဆောင်ရွက်သွားဖို့ ရည်ရွယ်ချက်နဲ့ အခုလို တွေ့ဆုံခဲ့တာလို့ ၀န်ကြီး ဦးအောင်မင်းက ပြောပါတယ်။ဒီ တွေ့ဆုံပွဲမှာ ဦးခွန်ထွန်းဦး ခေါင်းဆောင်တဲ့ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၊ ဇိုမီး အမျိုးသား ကွန်ဂရက်၊ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တစည)၊ အမျိုးသား ဒီမိုကရေစီပါတီသစ်၊ ကရင်ပြည်သူ့ပါတီ၊ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ စတဲ့ ပါတီတွေ ပါဝင်ပါတယ်။ဆွေးနွေးပွဲဟာ ပွင့်လင်းမှုရှိပြီး မတူတဲ့အမြင်တွေကိုပါ ဆွေးနွေးနိုင်ခဲ့တယ်လို့ တစည ပါတီခေါင်းဆောင် ဦးဟန်ရွှေက ပြောပါတယ်။

သမ္မတ ဦးသိန်းစိန်နဲ့ မကြာသေးခင်က နေပြည်တော်မှာ သွားရောက် တွေ့ဆုံခဲ့တဲ့ ဒီမိုကရေစီ မိတ်ဆွေပါတီများ ၁၀ ပါတီဟာလည်း ၀န်ကြီး ဦးအောင်မင်း၊ ၀န်ကြီး ဦးစိုးသိမ်းတို့နဲ့ အလားတူ အကြိုတွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန်ဟာ များမကြာခင်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ထပ်မံတွေ့ဆုံဖို့ ရှိသလို၊ ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေနဲ့လည်း ပထမဦးဆုံး အကြိမ် တွေ့ဆုံဖို့ ရှိပါတယ်။


ကနီမြို့ နယ်ယာဉ်တိုက်မှု စုံစမ်းရေး ကော်မရှင် စတင်စစ်ဆေး


စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့ နယ်မှာ လူနှစ်ဦး သေဆုံးခဲ့ရတဲ့ ယာဉ်တိုက်မှု နဲ့ပတ်သက်လို့ မြို့နယ်တရားသူကြီးရဲ့ ဆုံးဖြတ်ချက် အပေါ် ကျေးရွာ သုံးရွာက ရွာသား နှစ်ရာကျော် ဆန္ဒပြ စာတင်ခဲ့ကြပြီး မနေ့ကတော့ စုံစမ်းရေး ကော်မရှင်က အမှု စတင် စစ်ဆေးနေပြီလို့ သိရှိရပါတယ်။ကနီမြို့ နယ် ကနေ မုံရွာကို ပြစ်ဒဏ် ချမှတ်ခံရသူများ သယ်ဆောင်လာတဲ့ ခရီးသည်တင် ဘတ်စ်ကားကို ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်နေ့ က လမ်းကနေ တားဆီး ဆန္ဒပြခဲ့ပုံကို ယင်းမာပင်မြို့ နယ် သပြေအေး ကျေးရွာမှ ဆရာတော် ဦးသောပါက က အခုလို မိန့်ပါတယ်။နေ့လည် ၁၁ နာရီကျမှ ကန်ီမြို့ နယ်ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်နဲ့ ယင်းမာပင်မြို့ နယ် အုပ်ချုပ်ရေးမှုးတို့ ရောက်ရှိလာပြီး ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဦးသာအေး ထံ အကြောင်းကြားပေးပါမယ်။ စာရေးသား တင်ပြပါလို့  ညှိနှိုင်းတဲ့အတွက်  ပြေလည်မှု ရရှိသွားတယ်လို့ သိရပါတယ်။

အခုလ ၂၀ ရက်နေ့ မှာ တိုင်းဝန်ကြီးချုပ်ထံ စာတင်ခဲ့ရာမှာ မနေ့က စုံစမ်းရေး ကော်မရှင် ဖွဲ့ စည်းပြီး စတင် စစ်ဆေးတယ်လို့ သိရပါတယ်အမှုမှာ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကနီမြို့နယ် အပိုင် တရော်ကျင်းရွာ အနီး ဆောက်လုပ်ရေး ဝန်ကြီးဌာနက ယာဉ်မောင်း ဦးရန်အောင်လင်း ဟာ ယာဉ်အမှတ် ၄ခ/၂၂၅၂ ကို မောင်းနှင်လာစဉ်မှာ စစ်ကိုင်းတိုင်း ဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ သပြေအေးရွာမှ ထော်လာဂျီကို ဝင်တိုက်မိပါတယ်။ သပြေအေးရွာမှ မောင်တင်ဝင်းပိုနဲ့ ကနီမြို့နယ် မိုးကောင်းရွာမှ မကြည်မြ တို့မှာ နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြတဲ့ အပြင် ထော်လါဂျီ မောင်းနှင်သူ မောင်ဖိုးဇော် ပေါင်ကျိုးသွားခဲ့ပြီး သပြေကုန်းရွာသားတွေ အပြင်းအထန် ဒဏ်ရာရခဲ့တဲ့အမှု ဖြစ်ပါတယ်။ဒီအမှုမှာ တရားရုံးက ဆောက်လုပ်ရေး ယာဉ်မောင်းကို ထောင်ကိုးလသာ ချမှတ်ခဲ့ပြီး သပြေကုန်းရွာသား မောင်ဖိုးဇော်ကို ထောင်ဒဏ် တနှစ် ချမှတ်ခဲ့တဲ့ အတွက် မကျေမနပ်ဖြစ်ပြီး၊ သပြေကုန်းကျေးရွာ၊ မိုးကောင်းကျေးရွာနဲ့ တရော်ကျင်း ကျေးရွာတို့ က ရွာသူရွာသားတွေ ဆန္ဒပြကြတာ ဖြစ်ပါတယ်။



ခွာနာလျှာနာ မကင်း၍ တရုတ်သို့ အမဲသား တင်ပို့မှု ရပ်ဆိုင်းထား

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့ပေးနေသည့် အမဲသားတွင် ခွာနာလျှာနာ မကင်း
ကြောင်း စစ်ဆေးတွေ့ရှိသဖြင့် အမဲသား တင်ပို့ပေးနေမှုကို ဇူလိုင် လလယ်ပိုင်းမှ စတင်ရပ်ဆိုင်းထားကြောင်း
မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူ တဦးက ပြောသည်။

အမဲသားတင်ပို့မှုကို တရုတ်နိုင်ငံ၏ ‘တိရိစ္ဆာန်များ၊ သစ်ပင်ပန်းမန်များ အ၀င်အထွက် နှင့် ပိုးမွှား ကင်းစင်ရေး’ ဥပဒေပါ ပြဋ္ဌာန်းချက်များအရ ပိတ်ပင်ကြောင်း ဇူလိုင်လဆန်းပိုင်းက တရုတ်နိုင်ငံဘက်မှ မြန်မာကုန်သည်ကြီး
များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း (UMFCCI) အပါအ၀င် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသို့ အကြောင်းကြားခဲ့သဖြင့် ရပ်ဆိုင်းမှု ဖြစ်လာကြောင်း မြန်မာနိုင်ငံမွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်မှ ဒု-ဥက္ကဋ္ဌ ဦးဝင်းစိန် က ပြောသည်။

သို့သော် အမဲသား စက်ရုံ လုပ်ငန်းများ လည်ပတ်မှု ရပ်ဆိုင်းသွားနိုင်သည့် အနေအထားကြောင့် ဇူလိုင်လလယ်ပိုင်းမှသာ ကြေညာခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။သို့ဖြစ်၍ သားရေလုပ်ငန်းရှင်များကလည်း သားရေလုပ် ထုတ်ကုန်ပစ္စည်းများသည် ခွာနာလျှာနာရောဂါ ကင်းစင်ကြောင်း UMFCCI မှတဆင့် တရုတ်နိုင်ငံသို့ တင်ပြသွားမည် ဖြစ်သည်


သန်လျင်ရဲစခန်းမှ အချုပ်သား နှစ်ဦး အမိုးဖောက် ထွက်ပြေး

ရန်ကုန်တိုင်း၊ သန်လျင်ရဲစခန်းတွင် မသင်္ကာမှုဖြင့် ချုပ်နှောင်ထားသည့် အချုပ်သား နှစ်ဦး အချုပ်ခန်း အမိုးဖောက်ကာ ထွက်ပြေးမှု ဖြစ်ပေါ်ခဲ့ကြောင်း ရန်ကုန်တိုင်း အစိုးရအဖွဲ့ မှုခင်းစာရင်း ပြုစုရေး
ဌာနမှ ရဲအုပ် ဒေါ်သီသီမြင့်က ပြောသည်။

သန်လျင်ရဲစခန်း အချုပ်ခန်းအမှတ် (၂) တွင် ချုပ်နှောင်ထားသည့် အချုပ်သား ၄၇ ဦးအနက် (ပ) ၇၇၄/၁၂၊ ပုဒ်မ-၃၈၀/ မဆ/ ၅၄ (ခိုးမှု၊ မင်္သကာမှု)ဖြင့် ဖမ်းင်္ဆိးထားသော မင်္ဂလာဒုံ မြို့နယ် ဇောတိက ၁လမ်း၊ သင်္ဃန်းကျွန်းကြီးကျေးရွာနေ ညီညီအောင် (ခ) ဖိုးလပြည့် (၁၇) နှစ်နှင့် မြောက်ဥကလာပမြို့နယ် အိနြာ ၈ လမ်း၊ ၄ရပ်ကွက်နေ မင်းမောင်မောင် (၁၈) နှစ်တို့က ဇူလိုင် ၁၄ ရက်နေ့ နံနက် ၃ နာရီ ၁၇ မိနစ် အချိန်ခန့်
တွင် အချုပ်ခန်းထောင့် အပေါ်ရှိ ၃”x ၂” သစ်သားအား အနည်းငယ်ဟကာ အချုပ်ခန်း အမိုးအား ဖောက်ကာ ထွက်ပြေးသွားခြင်းဖြစ်သည်။

အလှည့်ကျ ကင်းသမားက အချိန် ၃ နာရီ ၁၈ မိနစ်အချိန်တွင် အချုပ်ခန်း အမိုးပေါ်မှ အသံကြားသဖြင့်
မော့ကြည့်ရာ (ပ)၈၂၉/၁၂၊ ပြစ်မှု ပုဒ်မ ၃၂၆/၃၂၅/၁၁၄ (နာကျင်စေမှု) ဖြင့် ချုပ်နှောင်ထားသော သန်လျင်မြို့နယ်နေ ဇင်ဖြိုးဝေ အား တွေ့ရှိရသဖြင့် ဖမ်းဆီးပြီး အချုပ်ခန်းရှိ တရားခံများအား စစ်ဆေးရာ ညီညီအောင်နှင့် မင်းမောင်မောင်တို့ ထွက်ပြေး လွတ်မြောက်သွားသည်ကို စစ်ဆေးတွေ့ ရှိခဲ့သည်။
အဆိုပါ ထွက်ပြေးလွတ်မြောက်သွားသည့် အချုပ်သား နှစ်ဦးအား သန်လျင်ရဲစခန်းက (ပ) ၈၈၆/၁၂၊ ပုဒ်မ ၂၂၄/၁၁၄ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။


၂၀၁၂ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများအတွက် တက္ကသိုလ်ဝင်ခွင့်ဆိုင်ရာ စာရွက်စာတမ်းများကို ဇူလိုင်လ ၂၄ရက်နေ့မှစ၍ ထုတ်ယူနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။ အမှတ်စာရင်း၊ ရမှတ် အဆင့်၊ တက္ကသိုလ် ၀င်ခွင့်လမ်းညွှန်စာအုပ်နှင့် တက္ကသိုလ်ဝင်ခွင့်ပုံစံများကို မိမိဖြေဆိုခဲ့သည့် သက်ဆိုင်ရာစာစစ်ဌာနရှိ ကြီးကြပ်ရေးမှူးများထံမှ ထုတ်ယူနိုင်ကြောင်း သိရသည်။
ထို့ပြင် တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာများကို ဇူလိုင်လ၂၄ ရက်မှ သြဂုတ်လ ၁၅ ရက်နေ့အထိ အဆင့်မြင့်ပညာဦးစီးဌာန (အောက်မြန်မာပြည်)တွင် ပိတ်ရက်မရှိ လျှောက်ထားနိုင်ပြီး အသေးစိတ်သိရှိလိုပါက အဆင့်မြင့်ပညာဦးစီးဌာန(အောက်မြန်မာပြည်)၊ ဖုန်း ၅၃၇၆၇၇၊ ၅၂၅၆၁၂ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရှိရသည်။ထိုသို့လျှောက်ထားရာတွင် မိမိအမှန်တကယ် တက်ရောက်လိုသော သက်ဆိုင်ရာတက္ကသိုလ်ကို တိကျစွာ ရေးသားဖော်ပြရန်လိုပြီး  ဦးစားပေးအလိုက် တခြားတက္ကသိုလ်များကိုပါ လျှောက်ထားရန်လည်းလိုအပ်သည်ဟု သိရသည်။


အမေရိကန် စီးပွားရေးလုပ်ငန်းရှင်များစွာပါဝင်သော စီးပွားရေးကိုယ်စားလှယ်အဖွဲ့ လာရောက်အပြီးတွင် မြန်မာနိုင်ငံအစိုးရသည် ကမ်းလွန်ရေနံနှင့် သဘာဝဓါတ်ငွေ့ လုပ်ကွက် ၂၃ ခု ကို လုပ်ကိုင်ရန် ပြည်ပရင်းနှီးမြှုပ်နှံ သူများကို ဖိတ်ခေါ်လိုက်သည်ဟု ပြည်ပသတင်းဌာနအချို့တွင် ဖော်ပြထားသည်။ 
ဤကဲ့သို့ ဖိတ်ခေါ်လိုက်ခြင်းသည် နိုင်ငံတကာမှ ရေနံကုမ္ပဏီကြီးများကို ဆွဲဆောင်ရန်ဖြစ်သည်ဟု သုံးသပ်ကြသည်။ မြန်မာအစိုးရသည် ယခင်က သတင်းအချက်အလက်များ ထုတ်ဖော်ခြင်းမရှိခဲ့ပဲ ယခုအခါ ရခိုင်၊ မုတ္တမနှင့် တနင်္သာရီကမ်းလွန်ဒေသ တို့တွင် လုပ်ကွက် ၂၃ ခုကို လုပ်ကိုင်ရန် ဖိတ်ခေါ်ခြင်းဖြစ်သည်။ ယင်းကမ်းလွန်လုပ်ကွက်များသည် ယခင်က နိုင်ငံတကာ ရေနံကုမ္ပဏီများ လာရောက်လုပ်ကိုင်ခြင်းမရှိသော လုပ်ကွက်များဖြစ်ပြီး ယခုလုပ်ကိုင်ခွင့်ရရန် မြန်မာအစိုးရနှင့် တိုက်ရိုက်ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ရမည်ဖြစ်သည်။ မြန်မာအစိုးရပိုင် MOGE  က စီမံကိန်းတစ်ခုချင်းစီတွင် ပိုင်ဆိုင်မှု ၁၅ ရာခိုင်နှုန်းမှ ၂၅ရာခိုင်နှုန်းအထိ ရှိမည်ဟု သိရသည်။
လုပ်ကိုင်ခွင့်ရရှိသော ကုမ္ပဏီများသည် ရေနံရှာဖွေတူးဖော်ခွင့် ခြောက်နှစ်နှင့်အထက် ရရှိမည်ဖြစ်ပြီး စတင်သည့်အချိန်မှ သုံးနှစ်အထိ အခွန်ကင်းလွတ်ခွင့်ရမည်ဖြစ်သည်။ မြန်မာအစိုးရပိုင် MOGE က မလေးရှားနိုင်ငံပိုင် Petronas ၊ ထိုင်းနိုင်ငံပိုင် PTT နှင့် အိန္ဒိယနိုင်ငံပိုင် Jubilant တို့အပါအ၀င် ကုမ္ပဏီ ၉ ခုကို ကုန်းတွင်းရေနံနှင့် သဘာဝဓါတ်ငွေ့ ရှာဖွေရန် သဘောတူညီချက် လတ်မှတ်ရေးထိုးထားသည်။ မြန်မာနိုင်ငံ အနေနှင့် လာမည့်လအတွင်းတွင် ကုန်းတွင်းရေနံနှင့် သဘာဝဓါတ်ငွေ့ လုပ်ကွက်များအတွက် တင်ဒါထပ်မံခေါ်ယူရန်ရှိနေသည်ဟုလည်း သိရှိရသည်။



Apple မှ မြန်မာပြည်အတွက် တရားဝင် အရောင်းကိုယ်စားလှယ်အဖြစ် ပေးအပ်ရာတွင် ပြည်တွင်းရှိ နည်းပညာကုမ္ပဏီများသာမက ထိုင်းနှင့် စင်ကာပူနိုင်ငံရှိ နည်းပညာကုမ္ပဏီများကိုလည်း ကိုယ်စားလှယ်အဖြစ် လျှောက်ထားရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။  Apple Asia Pacific မှ ပြည်တွင်းရှိ နည်းပညာပစ္စည်းရောင်းချသည့် ကုမ္ပဏီများအား ဇူလိုင်လ ၁၇ ရက်နေ့တွင် ဘန်ကောက်မြို့၌ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ၎င်းတွေ့ဆုံဆွေးနွေးပွဲတွင် ထိုင်းနိုင်ငံရှိ ကုမ္ပဏီအချို့နှင့် စင်ကာပူနိုင်ငံရှိ ကုမ္ပဏီအချို့လည်း ပါဝင်ကြောင်း သိရသည်။
''မြန်မာပြည်အတွက် ကိုယ်စားလှယ်ပေးဖို့ကို မြန်မာတွေကိုပဲ ခေါ်တာမဟုတ်ပါဘူး။ စင်ကာပူတို့၊ ထိုင်းတို့လည်း ပါတယ်။ သူတို့ဆီက ကုမ္ပဏီ ဘယ်နှခုလောက်ပါလဲဆိုတာတော့ သေချာမသိရဘူး။ သူတို့ပါ ပါလာမယ်ဆိုရင်တော့ သူတို့နဲ့ပြည်တွင်းက ကုမ္ပဏီတွေ ယှဉ်ပြိုင်ရမယ့်သဘောရှိပါတယ်''ဟု အဆိုပါဆွေးနွေးပွဲ တက်ရောက်ရာတွင် ပါဝင်ခဲ့သည့် KMD ကုမ္ပဏီမှ CEO ဖြစ်သူ ဦးသောင်းတင်က  ပြောကြားခဲ့ပါသည်။



မကြာသေးမီက နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မိမိ၏ သက်တမ်းကာလအတွင်း တည်ဆောက်မှုများ ရပ်ဆိုင်းထားမည်ဟုဆိုသော ဧရာဝတီ မြစ်ဆုံဆည်အား မဖြစ်မနေ ပြန်လည်စတင် တည်ဆောက် သွားရမည်ဖြစ်ကြောင်း အာဏာရ USDP ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းက တရုတ်နိုင်ငံထုတ် Southern Weekend အပတ်စဉ်ထုတ် သတင်းစာနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဖြေကြားပြောဆို သွားခဲ့ကြောင်း တရုတ်ဘာသာဖြင့် ဖော်ပြထားသည့် အဆိုပါ အင်တာဗျူးကို www.burmanet.org တွင် အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြထားချက်အရ သိရသည်။
မြန်မာနိုင်ငံတွင်းမှ နိုင်ငံရေး အဖွဲ့အစည်းများ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်များနှင့် လူထုလူတန်းစား အဖွဲ့အစည်းများ၊ မီဒီယာများနှင့် ပြည်သူအများအပြားက ဆန့်ကျင်ဝေဖန်မှုများ ပြုလုပ်အပြီး ပြည်သူ့အသံကို နားထောင်ကာ သမ္မတက ၎င်းစီမံကိန်း ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့သော သမ္မတ၏ ဆုံးဖြတ်ချက်အပေါ် ယခင်ရန်ကုန်မြို့တော်ဝန်ဟောင်း အငြိမ်းစား ဗိုလ်မှူးချုပ် အောင်သိန်းလင်းက တွေ့ဆုံမေးမြန်းရာတွင် ဝေဖန် သွားခဲ့ခြင်းဖြစ်သည်။
ဦးအောင်သိန်းလင်းက ''ဒါဟာ သူ့(သမ္မတ)ရဲ့ ကိုယ်ပိုင်အတွေးအခေါ်ပါ။ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက် မဟုတ်ပါဘူး။ ကျွန်တော်တို့ ဒါကို ဆန့်ကျင်ပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ အမျိုးသားရေး မူဝါဒ မဟုတ်ပါဘူး။ သမ္မတဟာ တရုတ်-မြန်မာ ဆက်ဆံရေးကို ပျက်ပြားအောင် လုပ် ခဲ့ပါတယ်''ဟု ဖြေကြားသွားပြီး ယခု မြစ်ဆုံဆည်အား ပြန်တည်ဆောက်သင့်သလားဟု မေးမြန်းရာတွင်  ''ဆောက်ကို ဆောက်ရမှာပေါ့။ ကျွန်တော်တို့ လျှပ်စစ်ဓာတ်အား လိုတယ်။ အနောက်နိုင်ငံတွေက ဒါကိုရပ်ဆိုင်းဖို့နဲ့ တရုတ်-မြန်မာ ဆက်ဆံရေး ပျက်ပြားအောင် လုပ်ခဲ့တာပါ''ဟု ဖြေကြားခဲ့သည်။USDP ပါတီ၏ အဓိက ဗဟိုအလုပ်အမှုဆောင် တစ်ဦးဖြစ်သော ဦးအောင်သိန်းလင်းသည် NLD  ပါတီနှင့် ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အား ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်အားလည်း ''ကျွန်တော် သူ့ကိုမယုံဘူး။ ကုလသမဂ္ဂကိုလည်း မယုံဘူး''ဟု ဖြေကြားသွားခဲ့သည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် လာရောက်ခြင်းမှာ ''ကျွန်တော်တို့ ပြည်သူတွေအတွက် ကျွန်တော်တို့နိုင်ငံအတွက် လာတာ မဟုတ်ဘူး။ ဒီအမျိုးသမီး (ဒေါ်အောင်ဆန်းစုကြည်အား ရည်ညွှန်းသည်) အတွက်လာတာ''ဟု ဖြေကြားခဲ့ပါသည်။ဦးအောင်သိန်းလင်းက EU နှင့် US အား ''သူတို့ကို မယုံဘူး။ သူတို့က သူတို့လိုချင်တဲ့ ရုပ်သေးအစိုးရတင်ဖို့ ဂိုဏ်းဖွဲ့နေကြတာ''ဟု ဆိုပါသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အပေါ် လူအများအပြားက လှိုက်လှဲစွာ ထောက်ခံနေကြခြင်းအပေါ် မေးမြန်းရာ သူက''လူတွေက ရူးနေကြတာပါ။ သူက လူကြိုက်များရတာ ကျွန်တော်တို့ရဲ့ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး ဖြစ်လို့ပါ''ဟု ပြောကြားခဲ့သည်။ကြားဖြတ်ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့ရခြင်းနှင့် ပတ်သက်၍ ဦးအောင်သိန်းလင်းက ''ကျွန်တော်တို့ သင်ခန်းစာတွေ ရတယ်။ လူထုနဲ့ အများကြီး ဆက်ဆံရမယ်။ လူထု လိုအပ်ချက် ဆန္ဒတွေကို သိရမယ်''ဟု ဆိုပါသည်။
သို့ရာတွင် မြန်မာနိုင်ငံရှိ လူဦးရေ ၉၀ ရာခိုင်နှုန်းကျော်က မြစ်ဆုံဆည် တည်ဆောက်ရေးကို လိုလားခြင်း မရှိကြောင်းကို ဦးအောင်သိန်းလင်းအနေဖြင့် မသိကြောင်း နိုင်ငံရေး လေ့လာသူတစ်ဦးက သုံးသပ်ပါသည်။ အဆိုပါသုံးသပ်သူက ''သူတို့ ထပ်နိုင်ရင် ဒီမြစ်ဆုံဆည်ကို မဖြစ်မနေ ဆောက်မယ်လို့ ဦးအောင်သိန်းလင်းက ဆိုရင် ၂၀၁၅ အတွက် အဖြေက ထွက်ပြီးသားပဲပေါ့။ ပြိုင်စရာတောင် မလိုတော့ပါဘူး''ဟု မှတ်ချက်ပြုပါသည်။USDP ပါတီ၏ ဗဟိုအလုပ်အမှုဆောင်နှင့် ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံဖြစ်သော ဦးအောင်သိန်းလင်းသည် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ်မှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်သည်။  
ထို့အပြင် ဦးအောင်သိန်းလင်းသည် ၂၀၀၃ ခုနှစ်မှ ၂၀၁၁ ခုနှစ် အထိ ရန်ကုန်မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ မတိုင်မီကာလအတွင်း မဲဆွယ်စည်းရုံးရေးအတွက် လမ်းခင်းခြင်းများ ပြုလုပ်ရာ၌ ၎င်းသည် ပါတီငွေကြေးနှင့် ရန်ကုန်မြို့တော်စည်ပင်ငွေကြေးများကို ရောထွေးသုံးစွဲခဲ့သည်ဟု စွပ်စွဲဝေဖန်ခြင်းများကိုလည်း ခံခဲ့ရသူ ဖြစ်သည်။

LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment