မြန်မာသတင်းများ  ဇူလိုင် ၁၂၊ ၂၀၁၂


အမေရိကန်သံအမတ်ကြီး ခန့်အပ်လွှာပေးအပ်

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell က ဒီကနေ့ နေပြည်တော်မှာ သံအမတ် ခန့်အပ်လွှာ ပေးအပ်တာနဲ့ ပတ်သက် ပြီး ဒါဟာ မြန်မာနိုင်ငံအတွက် အလားအလာကောင်းဖြစ်တယ် လို့ မြန်မာ့အရေး သုံးသပ်သူတွေက ကြိုဆိုခဲ့ကြပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ အပေါ်ထားတဲ့ အမေရိကန်ရဲ့ ဒဏ်ခတ်အရေးယူမှုတွေကိုလည်း မကြာခင်မှာ ရုပ်သိမ်းပေးနိုင်လိမ့်မယ်လို့ စီးပွားရေးသမားတွေက မျှော် လင့်နေကြတာပါ။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ဖို့အတွက် Mr. Derek Mitchell ဟာ ဇူလိုင်လ ၁၁ ရက် ဗုဒ္ဓဟူးနေ့ နေ့လည်ပိုင်းက နေပြည်တော်မှာရှိတဲ့ သမ္မတအိမ်တော်မှာ မြန်မာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံပြီး သံအမတ်ခန့်အပ်လွှာကို ပေးအပ်ခဲ့ပါတယ်။ သံအမတ်ကြီးမစ်ချဲကတော့ ၂ နိုင်ငံကြား ခိုင်မာတဲ့ဆက်ဆံရေးတရပ်ကို ထူထောင်သွားနိုင်မယ်လို့ မျှော်လင့်ထားတဲ့အကြောင်း သံအမတ်ကြီး အဖြစ် မြန်မာနိုင်ငံကို မသွားမီမှာပဲ Facebook အင်တာနက် စာမျက်နှာပေါ်က တဆင့် နှုတ်ခွန်းဆက်ရာမှာ ပြောဆိုထားတာပါ။  စိန်ခေါ်မှုတွေဟာ မြန်မာနိုင်ငံမှာသာမက အမေရိကန် အတွက်ပါ ရှိနေတာမို့ ရှေ့မှာလျှောက်ရမယ့်ခရီးလမ်းဟာ လွယ်လွယ်ကူကူတော့ မဟုတ်ဘူး လို့လည်း အသိအမှတ်ပြု ပြောဆိုသွားခဲ့ပေမဲ့ ဒါတွေကို လက်တွဲ ကျော်လွှားနိုင်မယ်လို့ ယုံကြည်တဲ့အကြောင်း လည်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
အခုလို သမ္မတဦးသိန်းစိန် အစိုးရတက်လာပြီးတဲ့နောက် နှစ်ပေါင်း ၂၀ ကျော် ကာလအတွင်း မြန်မာနိုင်ငံ မှာ သံအမတ်ခန့်အပ်တဲ့အထိ အမေရိကန်နဲ့ မန်မာ နှစ်နိုင်ငံအကြား ဆက်ဆံရေး တိုးတက်ကောင်းမွန် လာတဲ့အပေါ် သံတမန်လောက-ကရော  စီးပွားရေး လောက-ကပါ ကြိုဆိုခဲ့ကြတာပါ။ ရန်ကုန်အခြေစိုက် ၀ါရင့်သံတမန်တဦးဖြစ်တဲ့ သခင်ချန်ထွန်းကတော့ -
“အမေရိကန်ကလည်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီထွန်းကားရေးအတွက် လိုချင်နေတာကိုး။ မြန်မာဘက် ကလည်း ဒီလို နိုင်ငံတွေက အထူးသဖြင့်တော့ အမေရိကန်နဲ့ မြောက်ဥရောပနိုင်ငံတွေနဲ့ ဆက်ဆံရေးကောင်းချင်တာလေ။ သူတို့က ပေးနိုင်၊ ကမ်းနိုင်တဲ့၊ ထောက်ပံ့နိုင် တဲ့ နိုင်ငံတွေဖြစ်တော့ မြန်မာအနေနဲ့ကလည်း ဒါ ခင်မင်ရင်းနှီးဖို့ လိုပါတယ်။ ဆက်ဆံရေးကောင်းမွန်ဖို့ လိုတယ်လေ။ မြန်မာအစိုးရ ခေါင်းဆောင်တွေအနေနဲ့ကလည်း ဒီအမြင်နဲ့ ဆက်ဆံရေးကောင်းနေအောင် ကြိုးစားကြလိမ့်မယ်လို့ ထင်ပါတယ်။ မြန်မာအစိုးရနေကနဲ့ စစ်အရှိန်အဝါ သိပ်ပြီးတော့ မပျောက်သေးတဲ့ အစိုးရကိုး။ ရွေးကောက်ပွဲကျရင်တော့ - ရွေးကောက်ပွဲကနေ တင်မြှောက်လိုက်တဲ့ အစိုးရပေါ်ပေါက် လာမှာပဲ။ ပေါ်လာတဲ့အခါမြန်မာနိုင်ငံအနေနဲ့ကတော့လည်း ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့ ဆက်ဆံရေးကောင်းမွန်အောင် ကြိုးစားရမှာပဲ။ ထို့အတူ နိုင်ငံကြီးတွေနဲ့ကလည်း သူတို့အနေနဲ့ ပိုပြီးတော့ ရင်းနှီးအောင် သူတို့ ကြိုးစားကြရမှာပဲ။”
အလားတူ - မြန်မာနိုင်ငံ ကုန်သည်ကြီးများအသင်း ဒုဥက္ကဌ ဦးလှမောင်ရွှေကတော့ - အမေရိကန်နဲ့ မြန်မာ ၂ နိုင်ငံ ဆက်ဆံရေး ကောင်းမွန် လာတာနဲ့အမျှ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အမေရိကန်ရဲ့ အရေးယူဒဏ်ခတ်မှုတွေကို ရုပ်သိမ်းပေးသင့်ပြီလို့ အခုလို ပြောခဲ့ပါတယ်။
“အမေရိကန်နဲ့ ကျနော်တို့နိုင်ငံရဲ့ဆက်ဆံရေးကို ကျနော်တို့လည်း ကောင်းတာမြင်လိုပါတယ်။ သူတို့ ဒီနေ့ သံအမတ်ခန့်အပ်လွှာ ပေးပြီးပြီဆိုတော့ နှစ်ပေါင်း ၂၀ ကျော်အတွင်းမှာ နှစ်နိုင်ငံဆက်ဆံရေး ပြန်ပြီးတော့ ကောင်းလာမယ့်သဘောမျိုးရှိတာပေါ့။ နောက် ၃ ရက် နေ့မှာပဲ အမေရိကန် စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ ဒီမှာ လာတွေ့မယ်ဆိုတော့ ရှေ့ရဲ့အလား အလာတော့ ကောင်းလာမယ်လို့ မျှော်လင့်ရတယ်။ တပြိုင်နက်တည်းမှာပဲ မကြာမီရက်ပိုင်းမှာ ကျနော်တို့ နိုင်ငံအပေါ် Sanction ကို ပြန်ပြီးတော့ ရုပ်သိမ်းတော့မယ့်ဟာမျိုးကလည်း- ကျနော်တို့ဘက်က ဒီဟာမျိုးတွေက ဒီအချိန်မှာ lift လုပ်သင့်ပြီလို့ ထင်တာပေါ့နော်။ လက်တွေ့မှာတော့ သူတို့ရဲ့လွှတ်တော် ကိုယ်စားလှယ်တွေက ဘယ်လို လုပ်မလဲမသိဘူး။ ကျနော်တို့ကတော့ နိုင်ငံတကာနဲ့ ဆက်ဆံရေးကောင်း ချင်တယ်။ ကျနော်တို့နိုင်ငံသားတွေရဲ့ ကမ္ဘာရဲ့ ---  ကုမ္ပဏီတွေ၊ သူတို့နည်းပညာတွေနဲ့ ကျနော်တို့နိုင်ငံရဲ့ အထွေထွေတိုးတက်မှုမှာ လုပ်တာတော့ ကျနော်တို့က မြင်ချင်တာပေါ့ဗျာ။”
အမေရိကန်အစိုးရကတော့ မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်မှုတွေကို လျှော့ပေါ့တဲ့အနေနဲ့ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြုပ်နှံမှုတွေအပေါ် ကန့်သတ်ချက် တွေကို ဖယ်ရှားပြီး - အမေရိကန် စီးပွားရေး လုပ်ငန်းတွေ မြန်မာနိုင်ငံမှာ လုပ်ကိုင်ခွင့်ရမယ့် လိုင်စင်တွေကို ထုတ်ပေးသွားမယ်လို့ မေလတုန်း ကပဲ ကြေညာထားတာ ဖြစ်ပါတယ်။
အခုလို အမေရိကန် နဲ့ မြန်မာအကြား ဆက်ဆံရေး ပြန်လည်ကောင်းမွန်လာအောင် တည်ဆောက်တဲ့ အနေနဲ့ အရင်က မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စုရဲ့ မူဝါဒရေးရာညှိနှိုင်းရေးမှူးဖြစ်ခဲ့တဲ့ မစ္စတာ မစ်ချဲ ကို - သမ္မတ ဘဲရက်ခ် အိုဘားမား ကနေ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် တာဝန်ပေးအပ်ဖို့ အဆိုပြုခဲ့ပြီးတဲ့နောက် - ပြီးခဲ့တဲ့လကပဲ အထက်လွှတ်တော်ကနေ အတည်ပြုပေး ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို အထောက်အကူဖြစ်စေမယ့် ဆက်ဆံရေးတွေ တိုးမြှင့်ဆောင်ရွက်ဖို့အတွက် အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေး ဖွံ့ဖြိုးမှု၊ စွမ်းအင်နဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Robert Hormats ဦးဆောင်တဲ့ အဖွဲ့ဟာလည်း ဒီသီတင်းပတ်ကုန်မှာပဲ မြန်မာနိုင်ငံကို သွားရောက်ပြီး အစိုးရတာဝန်ရှိသူတွေ၊ နိုင်ငံရေး အသိုင်းအ၀ိုင်းက ပုဂ္ဂိုလ်တွေ၊ လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။ အမေရိကန် စီးပွားရေး ကိုယ်စားလှယ် အဖွဲ့နဲ့အတူ သွားရောက်မယ့် ခရီးစဉ်မှာတော့ အမေရိကန် နိုင်ငံတကာ ကုန်သွယ်ရေး ဆိုင်ရာ လက်ထောက် ၀န်ကြီး Francisco Sanchez နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက အကြီးတန်း အရာရှိတွေလည်း လိုက်ပါ သွားကြမှာဖြစ်တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန က ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ရန်ကုန်ရောက်ပြီ

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရက် မစ်ချဲလ် Derek Mitchell ဟာ မနေ့က မြန်မာနိုင်ငံကို ရောက်ရှိသွားပြီ ဖြစ်ပါတယ်။
သံအမတ်ကြီး မစ္စတာ Mitchell ဟာ သူ့ရဲ့ သံအမတ်ခန့်အပ်လွှာကို သမ္မတ ဦးသိန်းစိန်ထံ ပေးအပ်ဖို့အတွက် နေပြည်တော်ကို ခရီးရောက်မဆိုက် သွားရောက်မှာ ဖြစ်တယ်လို့ ရန်ကုန်မြို့ အမေရိကန်သံရုံးရဲ့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။နောက်ဆုံးရရှိတဲ့ သတင်းအရသူဟာ သမ္မတ ဦးသိန်းစိန်ကို မနေ့က နေ့လည်ပိုင်းမှာ သံအမတ် ခန့်အပ်လွှာ ပေးအပ်လိုက်ပြီ ဖြစ်ပါတယ်။
၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံနောက်ပိုင်း အမေရိကန်နဲ့ မြန်မာစစ်အစိုးရတို့ အကြား သံတမန် ဆက်ဆံရေး တဆင့်နှိမ့်ချခဲ့ပြီး မြန်မာနိုင်ငံမှာ အမေရိကန် သံအမတ်ကြီး ခန့်အပ်ထားတာ မရှိခဲ့ပဲ ယာယီ သံရုံးတာဝန်ခံ အဆင့်ပဲ ထားရှိခဲ့တာပါ။မြန်မာနိုင်ငံက ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေကို အသိအမှတ်ပြုတဲ့ အနေနဲ့ အမေရိကန်အစိုးရက ခုလို သံအမတ်ကြီးအဆင့် ပြန်လည်ထားရှိတာ ဖြစ်ပါတယ်။
ခုလို မစ္စတာ  ဒဲရက် မစ်ချယ်ကို ခန့်အပ်လိုက်တာနဲ့ ပတ်သက်ပြီး ကြိုဆိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ သူဟာ မြန်မာပြည်အကြောင်း တော်တော် သိထားတဲ့အတွက် လက်ခံနိုင်လောက်ပါတယ် လို့ ဒီကနေ့ မွန်းလွဲ ၃ နာရီခွဲက ပြည်သူ့လွှတ်တော်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ချခဲ့တာ ဖြစ်ပါတယ်။
မစ္စတာ Derek Mitchell ဟာ သံအမတ်အဖြစ် တာဝန်ပေးအပ်ခြင်း မခံရခင်က အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး သံကိုယ်စားလှယ်အဖြစ် သြဂုတ်လ ၂၀၁၁ ခုနှစ်ကနေ စတင်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။အဲဒီမတိုင်ခင်က အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနမှာ အာရှပစ္စဖိတ်ဒေသ လုံခြုံရေးဆိုင်ရာ ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး အဖြစ်လည်း တာဝန်ထမ်းဆောင်ပါတယ်။ သူဟာ ၀ါရှင်တန်ဒီစီ အခြေစိုက် နိုင်ငံတကာနဲ့ မဟာဗျူဟာ လေ့လာရေးဌာန CSIS ရဲ့ ညွှန်ကြားရေးမှူးအဖြစ်လည်း ၂ဝဝ၉ ခုနှစ်ကနေ ၂ဝ၁၁ ခုနှစ်အထိ တာဝန်ယူခဲ့ပါတယ်။

နိုင်ငံ အုပ်ချုပ်ရေးပိုင်းမှာ စစ်တပ် မပါဝင်တော့ကြောင်း သမ္မတ ဦးသိန်းစိန် ပြောကြား

မြန်မာနိုင်ငံမှာ အနှစ် ၅၀ တိုင်တိုင် စစ်တပ်က အာဏာရှင်မူဝါဒ ကျင့်သုံးအုပ်ချုပ်ခဲ့ပေမဲ့ ဒီမိုကရေစီစနစ် ခိုင်မာ အားကောင်းအောင် ရှေ့ဆက် တိုးသွားနေတာနဲ့ အမျှ အခုဆိုရင် နိုင်ငံ အုပ်ချုပ်ရေးပိုင်းမှာ စစ်တပ် မပါဝင်တော့တဲ့ အကြောင်း သမ္မတ ဦးသိန်းစိန်က မနေ့က ပြောကြားလိုက်ပါတယ်။
စင်ကာပူနိုင်ငံထုတ် The Straits Times သတင်းစာနဲ့ မေးမြန်းခန်းမှာ စစ်တပ်ဟာ နိုင်ငံအနာဂတ်အတွက် အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ပေမဲ့ အစိုးရ မူဝါဒပိုင်းမှာ မပါဝင်ဘူးလို့ ဦးသိန်းစိန်က ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ လုံခြုံရေးနဲ့ ပြည်ပက ထိပါးလာမယ့် အန္တရာယ်တွေကို ကာကွယ်ဖို့ ကာလကြာမြင့်စွာကပဲ တိုင်းပြည်က စစ်တပ်ကို အားကိုး နေခဲ့ရတယ်။ ဒါကြောင့် ခုလိုအချိန်မှာ တပ်မတော်ကို နောက်ချန်ရစ် မထားဖို့ အရေးကြီးတယ်လို့ ပြောပါတယ်။
တပ်မတော်ဟာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ဘောင်တွင်းမှာ အကန့်အသတ်နဲ့ ပါဝင်တဲ့ အခန်းကဏ္ဍရှိပေမဲ့ အစိုးရ ဒါမှမဟုတ် အစိုးရ မူဝါဒရေးရာတွေမှာ တိုက်ရိုက် ပါဝင်ပတ်သက်မှုမရှိဘူး။ သူ့ အစိုးရဟာ တိုင်းရင်းသား လူနည်းစုတွေနဲ့ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ ချုပ်ငြိမ်းရေး ပန်းတိုင်ကို တက်လှမ်းနိုင်ပြီး နိုင်ငံရေးပိုင်းကို ခေါ်ဆောင်လာနိုင်မယ်လို့လည်း ဦးသိန်းစိန်က အကောင်းဘက်က ရှုမြင် ပြောဆိုပါတယ်။
မြန်မာနိုင်ငံဟာ တည်ငြိမ်ပြီး ငြိမ်းချမ်းတဲ့ နိုင်ငံတနိုင်ငံလို့ မပြောနိုင်သေးပေမဲ့ အစိုးရရဲ့ အပစ်ရပ်ရေး ကမ်းလှမ်းချက်ကို လက်မခံဘဲ ကျန်နေသေးတဲ့ KIA ကချင်လွတ်မြောက်ရေး တပ်မတော်နဲ့ အောင်မြင်စွာ ဆွေးနွေးနိုင်မယ်လို့ ယုံကြည်တဲ့ အကြောင်း သမ္မတ ဦးသိန်းစိန်က ပြောသွားပါတယ်။




အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော်တွင်း သတင်းစာရှင်းလင်းပွဲတစ်ခုကို  ဇူလိုင်လ ၁၁ ရက်နေ့တွင် သတင်းထောက်များ၏ တောင်းဆိုချက်အရ ပြုလုပ်ပေးခဲ့သည်။
ဇူလိုင်လ ၁၁ ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ခေတ္တရပ်နားစဉ် သတင်းထောက်များမှ လွှတ်တော်ဆိုင်ရာ ကိစ္စများအတွက် သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ပေးရန် တောင်းဆိုခဲ့ရာမှ ယခုကဲ့သို့ သတင်းထောက်များ၏ မေးမြန်းချက်ကို ပြန်လည် ဖြေကြားပေးခဲ့ခြင်းဖြစ်သည်။
သတင်းထောက်တစ်ဦးမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည့် ကိစ္စများနှင့် ပတ်သက်၍ မေးမြန်းရာ ''ဒီမိုကရေစီမှာ အတိုက်အခံ အဖွဲ့အစည်းဆိုတာ ရှိရမှာပဲ။ အခု အခြေအနေအရ အန်တီတို့ကို အတိုက် အခံ အဖွဲ့အစည်းလို့ခေါ်ရင်လည်း အန်တီတို့အနေနဲ့ မကန့်ကွက်ပါဘူး။ အန်တီပြောခဲ့တာက ရန်လုပ်ဖို့လာတာ မဟုတ်ဘူး။ စည်းစည်းလုံးလုံးနဲ့ တတ်နိုင်သမျှ နိုင်ငံအကျိုးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ လာတာပါ။ အန်တီတို့ကတော့ နိုင်ငံအပေါ်မှာ သစ္စာစောင့်သိတဲ့ အတိုက်အခံ အဖွဲ့အစည်းဆိုတဲ့အမြင်နဲ့ လုပ်သွားမှာပါ။ ဘယ်သူ့ကိုမှ တိုက်ခိုက်ချင်လို့ မဟုတ်ဘူး။ နိုင်ငံတော် အကျိုးပြုချင်လို့ အကျိုးပြုတဲ့နေရာမှာ ပူးပေါင်းဆောင်ရွက်သင့်တဲ့သူနဲ့ ပူးပေါင်းဆောင်ရွက်သွားပါမယ်''ဟု ပြန်လည်ဖြေကြားခဲ့သည်။
''လွှတ်တော်ကို ၃ ရက်တက်ပြီး နောက်လွှတ်တော်ကို ဘယ်လိုမြင်ပါသလဲ'ဟု မေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်က 'ခြုံငုံပြီးပြောရမယ်ဆိုရင် အန်တီတို့အနေနဲ့ လွှတ်တော်ကို နည်းနည်းပိုပြီးတော့ လွတ်လွတ်လပ်လပ် ဖြစ်စေချင်တယ်။ အန်တီတို့ကိုယ်တိုင် က ကိုယ်စားလှယ်တွေဆိုတော့ ၀င်လိုက် ထွက်လိုက်လုပ်နိုင်တဲ့ အခွင့်အရေးတွေ ပိုပြီးတော့ များစေချင်တယ်။ ဥပမာဆိုရင် တချို့ကိစ္စရပ်တွေဟာ ကိုယ့်ရဲ့ကျွမ်းကျင်မှု၊ ကိုယ့်ရဲ့စိတ်ဝင်စားမှု မဟုတ်ဘူးဆိုရင် တခြားမှာသွားပြီးတော့ ကိုယ်စိတ်ဝင်စားတဲ့ အဆိုတွေနဲ့ ပတ်သက်လို့ ပြင်ဆင်ဖို့၊ ဆွေးနွေးဖို့ အဲလို အနေအထားမျိုး ရှိနိုင်မယ်ဆိုရင်တော့ ကိုယ်စားလှယ်တွေအတွက် ပိုလွတ်လပ်တာပေါ့။ ဒါပေမယ့် အခုကျတော့ အားလုံးထိုင်ပြီးတော့ တစ်ချိန်ထဲမှာထိုင်၊ တစ်ချိန်ထဲမှာထဆိုတော့ အဲဒါကတော့ နောက်လည်းဖြစ်လာမယ်လို့ ထင်ပါတယ်။ ရင့်ကျက်တဲ့ လွှတ်တော်တွေနဲ့တော့ နည်းနည်းကွာသေးတာပေါ့''ဟု ဖြေကြားခဲ့သည်။
''လွှတ်တော်မှာ အန်တီအဆိုတွေ၊ မေးခွန်းတွေ ဘယ်တော့လောက်တွေ့ မြင်ရနိုင်ပါသလဲ''ဟု မေးမြန်းရာ 'အဲဒါ မသိဘူး။ ဒါက အန်တီတို့ဆုံးဖြတ်တာ မဟုတ်ဘူး။ တင်တာတင်တာ။ ဘယ်တော့လောက် လက်ခံမလဲဆိုတာကတော့ လွှတ်တော်ရုံးအပေါ်မှာ မူတည်တာပေါ့။ အခုတစ်ခုပဲ စဉ်းစားထားတာ ရှိပါတယ်။ အခုမပြောသေးဘူး။ ပညာရေးနဲ့တော့ ဆက်စပ်မှာပေါ့။ အဆိုတင်သွင်းမှုတွေကို လုပ်ဖို့တော့ အန်တီတို့ ကိုယ်စားလှယ်တွေက တင်ထားတယ်။ ဥပဒေကြမ်းတင်ဖို့တော့ မရှိသေးပါဘူး''ဟု ပြောကြားခဲ့သည်။
လွှတ်တော်တွင်းမှ ပြည်သူ့အတွက် ဘာတွေဆောင်ရွက်ဖို့ ရှိပါသလဲဟု မေးမြန်းရာ 'အန်တီအမြဲပြောတယ်။ အန်တီပေးနိုင်တဲ့ ကတိတစ်ခုပဲ ရှိတယ်။ အန်တီ အကောင်းဆုံးကြိုးစားမယ်။ အကောင်းဆုံးလုပ်မယ်။ လွှတ်တော်ထဲမှာလည်း အကောင်းဆုံးကြိုးစားမယ်။ ဒါပေမယ့် လွှတ်တော်ထဲရောက်လို့ လွှတ်တော်ပြင်ပက နိုင်ငံရေးကို လုံးဝလက်လွှတ်မှာ မဟုတ်ဘူးဆိုတာ အန်တီ သေချာပြောချင်ပါတယ်''ဟု ဖြေကြားခဲ့သည်။
ကော့မှူးမြို့နယ်အတွက် သီးခြားအဆိုတင်သွင်းရန် မရှိသေးကြောင်း၊ ၀န်ကြီးအပြောင်းအလဲ သတင်းများနှင့်ပတ်သက်၍ အဓိက အပြောင်းအလဲဆိုသည်မှာ မည်သူမည်ဝါဆိုသည်ထက် ကောင်းသည့်ပြောင်းလဲခြင်းဘက်သို့ ဦးတည်ရန်သာ အရေးကြီးကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ 


ဗြိတိန်ကုန်သွယ်ရေးရုံး ရန်ကုန်မှာ ဖွင့်လှစ်

မြန်မာနိုင်ငံအပေါ် အရေးယူ ဒဏ်ခတ်မှုတွေ ဖယ်ရှားပေးလိုက်တဲ့ ဗြိတိန်နိုင်ငံက ဒီကနေ့မှာတော့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ရုံးတရုံး ရန်ကုန်မြို့မှာ ဖွင့်လှစ်လိုက်ပါတယ်။ သံတမန်ရေး၊ နိုင်ငံရေး၊ စီးပွားရေးအရ ဆက်ဆံမှုတွေနဲ့အတူ ဗြိတိန်၊ မြန်မာ ဆက်ဆံရေး တိုးတက်ဖို့ အတွက်ကိုလည်း ရည်ရွယ်ထားတဲ့ အကြောင်း ၂ နိုင်ငံ တာဝန်ရှိသူတွေကလည်း ပြောဆိုလိုက် ကြတာပါ။
မြန်မာနိုင်ငံက အပြောင်းအလဲတွေအပေါ် တုံ့ပြန်တဲ့အနေနဲ့ ဆက်ဆံရေးတွေ တိုးမြှင့်လာနေတဲ့ ဗြိတိန်နိုင် ငံက အခုနောက်ဆုံး စီးပွားရေး အချက်အခြာ ရန်ကုန်မြို့မှာ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ရုံးတရုံး ဖွင့်လှစ်လိုက်တဲ့ အထိ ဖြစ်ပါတယ်။ ကုန်သွယ်ရေးရုံးရဲ့အမှုဆောင် ညွှန်ကြားရေးမှူးချုပ် Nick Baird ကတော့ မြန်မာနိုင်ငံက ဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ အာရုံစိုက် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်သွား မှာ ဖြစ်တယ် လို့လည်း ရုံးဖွင့်ပွဲ အခမ်းအနားမှာ ပြောလိုက်တာပါ။ အထူးသဖြင့်ကတော့ မြန်မာနိုင်ငံမှာ စီးပွားရေး လုပ်ငန်းအတွက် အခြေခံ အဆောက်အအုံ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်မယ့် ရင်းနှီးမြှုပ်နှံမှု မျိုးတွေဖြစ်ဖို့ ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။
“စွမ်းအင်ကဏ္ဍမှာ ကျနော်တို့ဆီက အကူအညီတွေ ဘယ်လောက် မြန်မြန်ဆန်ဆန် ရနိုင်မလဲ ဆိုတာကို လျှပ်စစ်စွမ်းအင် ၀န်ကြီးဌာနက စိတ်ဝင်စားနေပါတယ်။ ကျေးလက်ဒေသတွေ အပါအ၀င်၊ မြို့ကြီးတွေ မှာလည်း လျှပ်စစ်မီး ပုံမှန်ရနိုင်မယ့် စွမ်းအင် ထုတ်လုပ်မှုတွေကို မြန်မြန်ဆန်ဆန် လုပ်နိုင်မယ့် ဒီလို ကျွမ်းကျင်မှုမျိုးတွေကို ကျနော်တို့ဘက်က ပံ့ပိုးပေးနိုင်တယ် ဆိုတာကတော့ ကျနော့်အနေနဲ့ လုံးဝ ရှင်းပါတယ်။”
မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်မှု မရှိဘူးဆိုပြီး ဗြိတိန်နိုင်ငံ အပါအ၀င် အရေးယူ ပိတ်ဆို့မှုတွေ ချမှတ်ထားတဲ့ အနောက်နိုင်ငံတွေက မကြာသေးခင်နှစ်တွေက ထွက်ပေါ်လာတဲ့ အပြောင်းအလဲတွေကြောင့် ဒဏ်ခတ်မှုတွေကို လျှော့ပေါ့ပြီး အပြန်အလှန် ဆက်ဆံရေးတွေကိုလည်း တိုးမြှင့်လာခဲ့တာပါ။ အထူးသဖြင့်ကတော့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ အများစု အနိုင်ရခဲ့တဲ့ ဧပြီလ လွှတ်တော် ကြားဖြတ်ရွေးကောက်ပွဲတွေ အပြီးမှာ ဗြိတိန်နဲ့ တခြား ဒဏ်ခတ်မှုတွေ ချမှတ်ထားတဲ့ နိုင်ငံတွေက အရေးယူ ထားတာတွေကို ဖယ်ရှားတာ၊ လျှော့ပေါ့တာတွေ လုပ်ခဲ့တာ ဖြစ်ပါ တယ်။ ဒီအတွက် မြန်မာနိုင်ငံမှာ ပြည်ပက ရင်းနှီးမြှုပ်နှံမှုတွေ ၀င်ရောက်လာမယ်လို့လည်း မျှော်လင့်နေကြတာပါ။ ဗြိတိန်နိုင်ငံကတော့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေအတွက် အခြေခံ လိုအပ်ချက် တခုဖြစ်တဲ့ ဘဏ္ဍာရေး လုပ်ငန်းတွေ အားကောင်းအောင် ကူညီဖို့ မျှော်လင့် ထားတယ်လို့လည်း ဗြိတိန် ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာရုံးရဲ့ အမှုဆောင် ညွှန်ကြားရေးမှူးချုပ် Nick Baird ကပြောပါတယ်။
“ဘဏ္ဍာရေး  ကဏ္ဍလည်း ပါပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီနေရာတွေမှာ ပုဂ္ဂလိက လုပ်ငန်းတွေ အပါအ၀င် ရင်းနှီးမြှုပ်နှံမှုတွေ သိသိသာသာ မရှိပဲနဲ့တော့ စီမံကိန်းတွေလည်း လုပ်နိုင်ကြမှာ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း စီးပွားရေး အတွက်သာမကပါဘူး။ လွတ်လပ် ပွင့်လင်းပြီး တာဝန်ခံမှုရှိတဲ့ ပုံစံတွေနဲ့ အတူတကွ ပူးပေါင်း လုပ်ဆောင်တာတွေက ဒီတိုင်းပြည် တည်ငြိမ်ရေး အတွက်လည်း အထောက်အကူ ဖြစ်လာမှာပါ။”
၂ နိုင်ငံ တာဝန်ရှိသူတွေကတော့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေ သာမက လူမှုရေးအရ ဆက်ဆံမှုတွေကိုလည်း တိုးမြှင့်သွားဖို့ ကတိပြု ပြောဆိုနေကြတာပါ။ လန်ဒန်အိုလံပစ် အားကစားပွဲတော် အကြိုအဖြစ် ရန်ကုန်မြို့မှာ ကျင်းပတဲ့ အခမ်းအနား အတွင်းမှာ ဆိုရင်လည်း ဆက်ဆံရေးတွေ တိုးမြှင့်နိုင်ဖို့ မျှော်လင့် ထားတဲ့အကြောင်း မြန်မာနိုင်ငံ အားကစားနဲ့ ကာယပညာ ဦးစီးဌာန ညွန်ကြားရေး မှူးချုပ် ဦးသောင်း ထိုက်က ပြောသွားပါတယ်။
“လက်ခံကျင်းပပေးနိုင်တဲ့ ဗြိတိန်နိုင်ငံရဲ့ နိုင်ငံသူ၊ နိုင်ငံသားများကိုလည်း အားကစားကိုအခြေခံပြီး ယခင်က တည်ဆောက်ထားပြီးဖြစ်တဲ့ ချစ်ကြည်ရင်းနှီးမှု၊ နားလည်လေးစားမှုတွေကို ပိုမိုတိုးတက်မြင့်မားအောင် တည်ဆောက်သွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။”
လူမှုရေးအရ ဆက်ဆံမှုတွေ ကျယ်ပြန့်လာနေတဲ့ အပေါ် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Andrew Heyn ကလည်း Road to London လို့ အမည်ပေးထားတဲ့ ရန်ကုန် သုဝဏ္ဏ အားကစားရုံမှာ ကျင်းပတဲ့ အခမ်းအနားမှာ ပြောသွားခဲ့တာပါ။ ဗြိတိသျှ ကုန်သွယ်ရေးရုံး ကိုယ်စားလှယ်အဖွဲ့ တာဝန်ရှိသူတွေ ဟာ မြန်မာစီးပွားရေး လုပ်ငန်းရှင်တွေ၊ အစိုးရ တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆု ဆွေးနွေးမှုတွေ လုပ်ဖို့ စီစဉ်ထားတာလည်း ဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံလို အရေးယူ ဒဏ်ခတ်မှုတွေ ချမှတ်ထားတဲ့ အမေရိ ကန် ပြည်ထောင်စုက ကုန်သွယ်ရေး ကိုယ်စားလှယ် အဖွဲ့တဖွဲ့ဟာလည်း ဒီသီတင်းပတ်ကုန် မြန်မာနိုင်ငံ ကို သွားရောက်ဖို့လည်း စီစဉ်ထားတာပါ။ မြန်မာနိုင်ငံက ဖွံ့ဖြိုးရေး လုပ်ငန်းတွေအတွက် အမေရိကန် ဘဏ္ဍာရေး လုပ်ငန်းတွေကို လုပ်ကိုင်ခွင့်ပေးတာ အပါအ၀င် မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်မှုတွေ ကို လျှော့ပေါ့ဖို့ အမေရိကန် ပြည်ထောင်စုက မေလထဲမှာပဲ ကြေညာထားတာ ဖြစ်ပါတယ်။ ဒီအစီအစဉ် တစိတ်တပိုင်း အဖြစ်နဲ့ လုပ်ငန်း လိုင်စင်တွေကို အမေရိကန် ဘဏ္ဍာရေး ၀န်ကြီးဌာနက ထုတ်ပေးဖို့ စီစဉ်နေတယ်လို့ သတင်းတွေလည်း ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

ဦးလထော်ဘရန်ရှောင် ဆေးကုသခွင့် ပယ်ချခံရ
 
ဖမ်းဆီးခံထားရသော ဦးလထော် ဘရန်ရှောင်သည် ဆေးကုသမှုခံယူရန် လိုအပ်နေကြောင်း သူ၏ ရှေ့နေ ဦးမာခါးက ပြောသည်။ တဆက်ထဲမှာပင် ထိန်းသိမ်းထားစဉ်တွင် စစ်ဘက်ဆိုင်ရာ လုံခြုံရေး တပ်ဖွဲ့ဝင် (စရဖ)များက နှိပ်စက်မှုပြုခဲ့သည်ဟုလည်း သူက စွပ်စွဲလိုက်သည်။

မတရားအသင်း ဆက်သွယ်မှုဖြင့် တရားစွဲဆိုခံနေရသော ကချင်အမျိုးသား ဦးလထော်ဘရန်ရှောင်၏ အမှုကို  ဗုဒ္ဓဟူးနေ့က မြစ်ကြီးနားတရားရုံးတွင် ပထမဆုံးကြားနာရာတွင် စိတ်ကျန်းမာရေးအတွက် ဆရာဝန်နှင့် ကုသခွင့်ပေး ရန်၊ နှိပ်စက်ခံထားရသည်ဆိုသော ဒဏ်ရာများကို တရားရုံးတွင် မှတ်တမ်းတင်ပေးရန်နှင့် တရားခံဘက်မှလည်း ဒဏ်ရာများကို မှတ်တမ်းတင်ခွင့် ပြုရန် တရားခံရှေ့နေဘက်က တောင်းခံခဲ့သည်။
တရားသူကြီး ဦးမြင့်ထူးက ဦးဘရန်ရှောင်၏ ဒဏ်ရာများကို တရားရုံးတွင် မှတ်တမ်းတင်ရန် ဆိုသည့်အချက်ကိုသာ လက်ခံခဲ့သည်။ “(လထော်) ဘရန်ရှောင်ကို ဆေးပါရဂူ ဆရာဝန်တဦးနဲ့ ဆေးကုသပေးဖို့ တောင်းတာ မပေးဘူး။ တရားရုံးကနေ မပေးနိုင်ဘူး။ ထောင်မှာဘဲ သွားပြောလိုက်ပါလို့ ပြောတယ်” ဟု ရှေ့နေ ဦးမာခါးက ပြောသည်။ တရားရုံးထုတ်ရာတွင် ဦးလထော်ဘရန်ရှောင်ကို လက်ထိတ်ခတ် ခေါ်လာသည်ကို တွေ့ရသည်။

ဇနီးသည်ဖြစ်သူ ဒေါ်ဇယ်ညွှန့်က “လူတိုင်းကို ကြောက်သလိုလို ဖြစ်သွားပြီ။ သူ့ကို ကြည့်ရတာ ဦးနှောက် နည်းနည်း လိုသွားပြီ ထင်တယ်။ … တရားရုံးမှာ ထိုင်နေတဲ့အချိန်မှာလည်း သူ့ဖာသာသူ ရီရီနေတယ်။ နောက်ပြီး အစာစားလို့ လည်းမရဘူး၊ အစာစားရင် လည်ချောင်းမှာ တအားနာတယ်လို့ ပြောပြတယ်”ဟု   ပြောသည်။သူက ဆက်လက်ပြီး “ပါးနှစ်ဖက်မှာ သံကို မီးဖုတ်ပြီး တို့ ပေးတယ်ထင်တယ်။ အဲဒီအမာရွတ်က နှစ်ဖက်စလုံး နီနေသေးတယ်။ ပေါင်နှစ်ဖက် စလုံးမှာလည်း ဓါးမြောင်နဲ့ ထိုးပြီးမှ မွှေထားတဲ့ ဒဏ်ရာလည်း တွေ့ရတယ်။” ဟု သူက ဆက်ပြောသည်။ ယနေ့ တရားခွင် တရားလိုပြသက်သေ ဒုစရိုက်နှိမ်နင်းရေးအဖွဲ့မှ ဒုရဲအုပ်အောင်မြသန်းအား စစ်ဆေးမေးမြန်းခဲ့သည်။

၎င်းတရားလို သက်သေက ဦးလထော်ဘရန်ရှောင်သည် ၂၀၀၄ ခုနှစ်မှ ၂၀၁၁ ခုနှစ်ထိ ကချင်လွှတ်လပ်ရေးအဖွဲ့ KIO ဘက်မှ တပ်ကြပ်ကြီးအဆင့် တာဝန်ထမ်းဆောင်ခဲ့ပြီး စစ်သင်တန်းများ တက်ရောက်ခဲ့ပြီးနောက် တရုတ်နိုင်ငံထိ စစ်လက်နက်ပစ္စည်းများ သွားရောက် သယ်ယူခဲ့သည်ဟု ထွက်ဆိုသွားခဲ့သည်။ဦးလထော်ဘရန်ရှောင်ကို မြစ်ကြီးနားမြို့ ထောင်ကြီးတွင် ချုပ်နှောင်ထားပြီး လာမည့် ဇူလိုင်လ ၁၆ ရက်နေ့မှာ ရုံးချိန်း ထပ်ပေးလိုက်သည်။

ဇွန်လ ၁၇ ရက်နေ့က ဦးလထော်ဘရန်ရှောင်ကို  အမှတ် (၁) ရဲစခန်းမှ ဒုရဲအုပ် ကျော်မျိုးနိုင် ဖမ်းဆီးခဲ့ပြီးနောက် စရဖ လက်ထဲ လွဲပြောင်းခဲ့သည်။ ထို့နောက် ကချင်လွှတ်လပ်ရေးအဖွဲ့ KIO ဝန်ထမ်းဖြစ်သည်ဟု ဆိုကာ မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁) နှင့် တရားစွဲဆိုခံထားရသည်။
ယခုလ ၆ ရက်နေ့က ဦးလထော်ဘရန်ရှောင်အား ခြွင်းချက်မရှိ လွှတ်ပေးရန့်  ဘာသာရေးခေါင်းဆောင်များ အပါအဝင် လူပေါင်း ၁၀၀၀ ကျော်က မြစ်ကြီးနားမြို့တွင်စုဝေး တောင်းဆို ဆန္ဒပြခဲ့ကြသည်။

မွန်ပါတီဟောင်း နာမည်သစ်ဖြင့် မှတ်ပုံတင်ကျ

ဖျက်သိမ်းခံရသော ၁၉၉၀ ရွေးကောက်ပွဲဝင် မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ (MNDF) အား မွန်ဒီမိုကရေစီပါတီ (MDP) ဟူ၍ အမည်ပြောင်း၍ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ရာ ရွေးကောက်ပွဲ ကော်မရှင်က ခွင့်ပြုလိုက်ပြီ ဖြစ်သည်။မှတ်ပုံတင်အမှတ် (၅၈) ဖြင့် ဇူလိုင်လ ၁၀ ရက်နေ့တွင် နေပြည်တော် ရွေးကောက်ပွဲ ကော်မရှင်က မှတ်ပုံတင်ခွင့်ပြုလိုက်ခြင်း ဖြစ်ကြောင်း ပါတီ ဗဟိုအလုပ်အမှုဆောင် နိုင်စိုးမြင့်က ပြောသည်။

“မနေ့က မှတ်ပုံတင် ကျတဲ့အကြောင်း အကြောင်းကြားလာတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က
ပေးတဲ့စာကို ပြည်နယ်ကော်မရှင်ရုံးမှာ သွားယူတယ်” ဟု နိုင်စိုးမြင့်က ပြောသည်။

မှတ်ပုံတင် ကျပြီးနောက် ရက်ပေါင်း ၉ဝ အတွင်း ပါတီဝင်အင်အား ၁,ဝဝဝ ကို ရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြနိုင်ရန်အတွက် စီစဉ်နေပြီ ဖြစ်ကြောင်းMNDF ကို ၁၉၈၈ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၉ဝ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ် ၁၉ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ငါးနေရာ အနိုင်ရခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် ပါတီ ခေါင်းဆောင်များ ဖမ်းဆီးခံရပြီး ၁၉၉၂ မတ်လ ၁၉ ရက်နေ့တွင် ပါတီ ဖျက်သိမ်းခံရကြောင်းလက်ရှိတွင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP) နှင့် မွန်ဒီမိုကရေစီပါတီ (MDP) ဟူသည့် မွန်အမျိုးသား ကိုယ်စားပြု နိုင်ငံရေးပါတီနှစ်ခု ရှိပြီး ပေါင်းစည်းနိုင်ရန်အတွက် ဆက်လက်ကြိုးပမ်းသွားမည် ဖြစ်ကြောင်းလည်းနိုင်စိုးမြင့်က ပြောသည်။

ဘုရားသုံးဆူတပ်မြေမှ လူနေအိမ်များ ရွှေ့ပြောင်းရမည်
 
တပ်အာဏာပိုင်တို့၏ ခွင့်ပြုချက်ဖြင့် ဆယ်စုနှစ် တခုခန့် နေထိုင်လာခဲ့သည့် အိမ်ထောင်စု ၁၅၀ ခန့်ကို တပ်မြေမှ ဖယ်ရှားပေးရန် ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူ အခြေစိုက် တပ်ရင်းက ညွှန်ကြားလိုက်ပြီး၊  သုံးလ အတွင်း ပြောင်းရွှေ့ပေးမည်ဟု ခံဝန်ကတိလက်မှတ်ရေးထိုးခဲ့ရကြောင်း
ဇူလိုင်လ ၇ ရက်နေ့တွင် ဘုရားသုံးဆူမြို့ ရပ်ကွက် ၂ နှင့် ရပ်ကွက် ၃ အတွင်းရှိ ခမရ ၂၈၃ တပ်မြေတွင်း နေထိုင် သူများကို တပ်ကုန်းရှိ နှင်းဆီရိပ်သာ၌ အစည်းအဝေး ခေါ်ယူကာ တလအတွင်း ပြောင်းရွှေ့ရန် တပ်အာဏာပိုင်တို့ကညွှန်ကြားခဲ့ပြီး၊ ဝိုင်းဝန်းတောင်းပန်မှုကြောင့် နိုဝင်ဘာလ ၁ ရက် နောက်ဆုံးထား ပြောင်းရွှေ့ရန် သဘောတူချက် ရရှိခဲ့သည်ဟု ဆိုသည်။

“မပြောင်းဘူးလို့ ကျမတို့ မပြောပါဘူး၊ အခုက ဗြုန်းစားကြီးဆိုတော့ ဘယ်လိုစီစဉ်ရမှန်းတောင် မသိတော့ဘူး” ဟု နေအိမ် ပြောင်းရွှေ့ခံရမည့် အမျိုးသမီးတဦးက ပြောသည်။

ပြောင်းရွှေ့ခံရမည့် မိသားစု ၁၅၀ ခန့်တွင် လူဦးရေ ၈၀၀ ခန့် ရှိပြီး၊ ၎င်းတို့မှာ တပ်မိသားစုများ၊ စစ်မှုထမ်းဟောင်း မိသားစုများ၊ အစိုးရဝန်ထမ်းများ၊ ကျဆုံးသွားသည့် တပ်သားများ၏ ဇနီးနှင့် သားသမီးများ ဖြစ်ကြသည်။ပြောင်းရွှေ့ခံရသူများအတွက် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က မြို့ပတ်လမ်း အနောက်ဘက်ရှိ ကျောက်တောင် ခြေရင်း တွင် နေရာချထားပေးမည်ဟု ဆိုသော်လည်း မြေကွက်တကွက်လျှင် ထိုင်းဘတ်ငွေ တသောင်းမှ သုံးသောင်းအထိ မဲစနစ်ဖြင့် ဝယ်ယူရမည် ဖြစ်သည့်အတွက် လက်လုပ်လက်စားများ ဖြစ်သည့် ၎င်းတို့အနေနှင့် ဝယ်ယူနိုင်ရန် အလားအလာ မရှိဟု ဆိုသည်။

“အဲဒီမှာ နေတဲ့လူတွေ အားလုံးက ဆင်းရဲသားတွေချည်းပဲ ဆိုတော့ တခြားနေရာမှာ မြေကွက်ဝယ်ပြီး ပြောင်းနေဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး” ဟု အစည်းအဝေး တက်ရောက်ခဲ့သည့် မြို့နယ်ဝန်ထမ်းတဦးက ပြောသည်။

တပ်မြေတွင်း နေထိုင်သူ တဦးက “ကျမငိုပြီး အသနားခံတယ်လေ၊ မပြောင်းပါရစေနဲ့လို့။ မရဘူး၊ ၁ ရက် ၁၁ လပိုင်းမှာ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ထွက်ရမယ်။ မြို့ပတ်လမ်း အနောက်က လူမနေတဲ့ နေရာမှာ နေရာချပေးမယ်၊ သုံးသောင်းနဲ့ ဝယ်ရမယ်၊ တသောင်းနဲ့ ဝယ်ရမယ်။ ကျမတို့မှာ တထောင်တောင် မရှိတော့ ဘယ်လိုဝယ်နိုင်မှာလဲ၊ ဒုက္ခသည် စခန်းကိုပဲ ရောက်မှာလား မသိဘူး” ဟု ပြောသည်။

မည်သည့်အကြောင်းကြောင့် ပြောင်းရွှေ့ခိုင်းသည်ကို တပ်အာဏာပိုင်များက မပြောပေ။

မြို့ခံများက ထင်ကြေးပေးကြသည်က ဘုရားသုံးဆူဒေသတွင် တည်ဆောက်မည့် စက်မှုဇုန် စီမံကိန်းနှင့် ဒုတိယ ကမ္ဘာစစ်အတွင်းက ဂျပန်များ ဖောက်လုပ်ခဲ့သည့် သေမင်းတမန် ရထားလမ်း ပြန်လည် ဖောက်လုပ်မည့် စီမံကိန်းနှင့် ဆက်စပ်နေသည်ဟု ဆိုသည်။စီမံကိန်းကြောင့် ဘုရားသုံးဆူမြို့ရှိ အိမ်ခြံမြေများ ဈေးထိုးတက်လာပြီး၊ အချက်အချာကျသည့် နေရာများကိုဒေသဖွံ့ဖြိုးရေးအဖွဲ့က ဒေသအာဏာပိုင်များနှင့် ပူးပေါင်းပြီး ဝယ်ယူလျက် ရှိသည်ဟု ဆိုသည်။ယခင်က မြို့ပြင်ရှိ ပေ ၄၀ x ၆၀ ရှိ အိမ်ခြံမြေတကွက်လျှင် ထိုင်းဘတ်ငွေ ခုနှစ် သောင်းမှ တသိန်းဝန်းကျင်သာ ရှိရာမှ မွန်ပြည်သစ်ပါတီ (NMSP) ၊ ကရင်အမျိုးသား အစည်းအရုံး (KNU) တို့ ပြည်ထောင်စု အစိုးရနှင့် ငြိမ်းချမ်းရေး သဘောတူချက် ရရှိပြီး နောက်ပိုင်းတွင် သုံးသိန်းမှ လေးသိန်းဝန်းကျင်ထိ ထိုးတက်ခဲ့သည်။

မိုးရာသီအကုန်တွင် သေမင်းတမန် ရထားလမ်း ပြန်လည် ဖောက်လုပ်ရန်အတွက် တိုင်းတာခြင်း လုပ်ငန်းများကို စတင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီး ဦးအောင်မင်းက ဇူလိုင်လ ၁ ရက်နေ့တွင် နေပြည်တော် ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

၎င်းပြင် မေလ ၁၅ ရက်နေ့က ဘုရားသုံးဆူမြို့တွင် ပြုလုပ်သည့် ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ တပ်မဟာ (၆) ဆက်ဆံရေးရုံး ဖွင့်ပွဲအခမ်းအနားတွင်လည်း ၎င်းရထားလမ်း ဖောက်လုပ်ခြင်းနှင့် ပတ်သက်ပြီး ဝန်ကြီးကပြောကြားခဲ့သေးသည်။

ပဲခူးတိုင်း NDF ပါတီဝင်များ NLD ပါတီဝင်ဖို့ စီစဉ်

NDF အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီရဲ့ ပဲခူးတိုင်း စည်းရုံးရေး ဥက္ကဋ္ဌလည်းဖြစ် ဗဟိုဦးစီး အဖွဲ့ ဝင်လည်း ဖြစ်တဲ့ ဦးအောင်မျိုးဝင်း အပါအ၀င် ပဲခူးမြို့ပေါ် က NDF ပါတီဝင် အင်အား ၁၀၀ ခန့် ဟာ NDF ပါတီကို ဒီလ စောစောပိုင်းမှာ နှုတ်ထွက်စာ တင်ခဲ့ပြီး NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ကို အဖွဲ့ ဝင်အဖြစ် လျှောက်လွှာပေးဖို့ စီစဉ်နေပြီလို့ သိရပါတယ်။
ပါတီက နုတ်ထွက်တဲ့ အကြောင်း ရွေးကောက်ပွဲ ကော်မရှင်ကို မနေ့က အကြောင်းကြားထားပြီ ဖြစ်ကြောင်းနဲ့  ပါတီဝင်အဖြစ်က နှုတ်ထွက်ဖို့  ဆုံးဖြတ်တာနဲ့ ပတ်သက်ပြီး ဦးအောင်မျိုးဝင်းက အခုလို ပြောပါတယ်။
"ကျွန်တော် ပဲခူးတိုင်း စည်းရုံးရေး ဥက္ကဋ္ဌ အဖြစ် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီအတွက် လုပ်ဆောင်ပေးခဲ့ပါတယ်ဗျာ။ အခု ကျွန်တော်အနေနဲ့ ဒီပါတီမှာ ဆက်ပြီးလုပ်ချင်စိတ် မရှိတော့တဲ့အတွက် ကျွန်တော်ဒီကနေ နုတ်ထွက်ပြီးတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ပြန်လည်ဝင်ရောက်ဖို့ ဆုံးဖြတ်လိုက်တဲ့ အတွက်ကြောင့်မို့လို့ ကျွန်တော် အခုလိုထွက်တာပါ။ ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်တော် ဝိုင်းရံချင်တယ်။ အဲဒီအတွက်ကြောင့် ကျွန်တော် အခုလို နုတ်ထွက်ဖြစ်တာပါ။ ဒီပါတီက လူကြီးတွေနဲ့လည်း ကျွန်တော် ပြဿနာ မရှိပါဘူး။ ဘယ်သူဘယ်ဝါကြောင့်မှလည်း ထွက်တာမဟုတ်ပါဘူး"
တချိန်တည်းမှာပဲ ပဲခူးမြို့ပေါ်က NDF ပါတီဝင် အဖြစ်ကနေ နှုတ်ထွက်သူ ၁၀၀ခန့်  ရှိပြီး ပဲခူးတိုင်း အရှေ့ခြမ်း တောင်ငူ၊ ဖြူး၊ ညောင်လေးပင်နဲ့  ပဲခူးခရိုင် ဒေသခံ အမြောက်အများ NLD ပါတီဝင် အဖြစ် လျှောက်ထားဖို့  ပြင်ဆင်နေကြတယ်လို့ ဦးအောင်မျိုးဝင်းက ပြောပါတယ် ။

ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေသစ် စက်တင်ဘာလဆန်းပိုင်းမှာ စတင် ကျင့်သုံးဖွယ်ရှိ

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေသစ်အပေါ် လွှတ်တော်နှစ်ရပ်က ဆုံးဖြတ်အတည်ပြုပြီးရင် အစိုးရ အနေနဲ့  လာမယ့် စက်တင်ဘာလဆန်းပိုင်းက စတင်ပြီး ဥပဒေသစ်အတိုင်း ကျင့်သုံးဆောင်ရွက်တော့မယ်လို့ အမျိုးသား စီမံကိန်းနဲ့ စီးပွားရေး ဖွံ့ ဖြိုးမှုဌာန ဒုတိယ ၀န်ကြီး ဦးကံဇော်က ပြောကြားလိုက်ပါတယ် ။
ဟောင်ကောင်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ ဒု-၀န်ကြီး ဦးကံဇော်က ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေသစ်ဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဖော်ဆောင်နေတဲ့ မြန်မာနိုင်ငံအတွက် ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုတိုးမြှင့်လာစေမှာ ဖြစ်တယ်လို့ ပြောပါတယ်။
ပုံမှန်အားဖြင့် ဥပဒေသစ်တရပ်ကို အတည်ပြုဖို့  ၂ လခန့် အချိန်ယူတာမျိုး ရှိခဲ့ပေမဲ့  ဒီဥပဒေမူကြမ်းကိုတော့ အမျိုးသားလွှတ်တော်က ဆွေးနွေးအတည်ပြုပြီး နောက်တနေ့ ကစပြီး ဥပဒေ အသက်ဝင်မှာ ဖြစ်တယ်လို့  ဆိုပါတယ်။ဒီရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေမူကြမ်းကို အခု ကျင်းပနေတဲ့ ပထမအကြိမ် အမျိုးသား လွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေးမှာ ဆွေးနွေးကြမှာ ဖြစ်ပါတယ် ။

တားမြစ် လယ်တွေမှာ ထွန်ယက်စိုက်ပျိုးလျှင် အရေးယူမည်
အာဏာပိုင်တွေက စိုက်ပျိုးခွင့် ပိတ်ပင်တားမြစ်ထားတဲ့ လယ်တွေမှာ ထွန်ယက်စိုက်ပျိုးတဲ့ ပဲခူးတိုင်း ပန်းတောင်းမြို့နယ်က လယ်သမားတွေကို ဒီနေ့ ဆက်စိုက်ပျိုးရင် ဖမ်းဆီးအရေးယူမယ်လို့ အာဏာပိုင်တွေက ခြိမ်းခြောက်တယ်လို့ စုံစမ်းသိရှိရပါတယ်။ ပြီးခဲ့တဲ့လက စထွန်ယက်တာ ဘာမှအရေးမယူဘဲ နေရာက ပြီးခဲ့တဲ့ အင်္ဂါနေ့နဲ့ မနေ့ကတော့ လယ်သမားတွေ ထွန်ယက်တဲ့နေရာမှာ တပ်၊ ရဲနဲ့ အာဏာပိုင်အဖွဲ့အစည်းတွေ လာဝိုင်းတယ်လို့ လယ်သမားအရေး ဆောင်ရွက်ပေးနေတဲ့ နိုင်ငံသားနှင့်နိုင်ငံရေး အခွင့်အရေးလှုပ်ရှား ဆောင်ရွက်ရေးအဖွဲ့က ဦးရဲထင်က ပြောပြပါတယ်။
ဘိုးဘွားပိုင် လယ်တွေကို စစ်တပ်နဲ့ ဌာနဆိုင်ရာတွေက ဦးနေ၀င်း အုပ်ချုပ်တဲ့ ၁၉၇၂ ခုနှစ်မှာ တစ်ကြိမ်၊ ရှစ်လေးလုံး အရေးတော်ပုံကြီး နောက်ပိုင်း တက်လာတဲ့ စစ်အစိုးရလက်ထက် ၁၉၈၉ ခုနှစ်မှာ ကိုယ့်တပ်ရိက္ခာ ကိုယ်ရှာရမယ့် ညွှန်ကြားချက် ထွက်လာချိန်မှာ တစ်ကြိမ် သိမ်းထားခဲ့တာပါ။လယ်သမားတွေဟာ စစ်တပ်နဲ့ ဌာနဆိုင်ရာတွေက သိမ်းထားတဲ့ ဒီဘိုးဘွားပိုင် လယ်တွေမှာ သီးစားခပေးပြီး နှစ်စဉ် စိုက်ပျိုးခဲ့ရပါတယ်။ ဒါပေမဲ့ သီးစားခကလည်း တစ်နှစ်ထက် တစ်နှစ်ပိုပေးလာရ၊ ၀မ်းစာကလည်း မလုံလောက်၊ စိုက်စရိတ်လည်းမရ၊ စပါးရောင်းပြန်တော့လည်း ဈေးကောင်းမရ၊ အထွက်နှုန်း ကလည်းကျတဲ့အတွက် လယ်သမားတွေ အခက်အခဲတွေနဲ့ ရင်ဆိုင်ရပါတယ်။ဒါကြောင့် ပြည်၊ ပန်းတောင်း၊ သဲကုန်း၊ ကံမ မြို့နယ်တွေက လယ်သမား ၇၀၀ ကျော်ဟာ ဒီလယ်တွေမှာ လွတ်လွတ်လပ်လပ် စိုက်ပျိုးခွင့်ပေးဖို့ နိုင်ငံတော် သမ္မတဆီ မတ်လတုန်းက အသနားခံစာ ပေးပို့ခဲ့ပါတယ်။ ဒီလို ပေးပို့တဲ့အတွက် အာဏာပိုင်တွေက လယ်သမားတွေကို လယ်စိုက်ခွင့် ပိတ်ပင်လိုက်ပါတယ်။နည်းဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ မညီဘဲ သိမ်းထားတဲ့ လယ်တွေမှာ ၀င်ရောက်ထွန်ယက် ပြန်တော့လည်း ခုလို အာဏာပိုင်တွေက ခြိမ်းခြောက်နေတာပဲ ဖြစ်ပါတယ်။
ဒါကြောင့် လယ်ပဲစိုက်တတ်တဲ့ လယ်သမားတွေ လွတ်လပ်လပ် စိုက်ပျိုးခွင့်ပေးဖို့ နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေး လှုပ်ရှား ဆောင်ရွက်ရေးအဖွဲ့က အရေးပေါ် မေတ္တာရပ်ခံချက် တစ်စောင် မနေ့က ထုတ်ပြန်ပြီး နိုင်ငံတော် သမ္မတနဲ့ သက်ဆိုင်တဲ့ အစိုးရ အဖွဲ့အစည်းတွေဆီ ဒီနေ့ ပေးပို့မယ်လို့ ဦးရဲထင်က ပြောပါတယ်။


ကိုကာကိုလာကုမ္ပဏီနှင့် Max အချိုရည် ထုတ်လုပ်သော ပင်းယကုန်ထုတ်လုပ်ရေး ကုမ္ပဏီတို့ မြန်မာပြည် စီးပွားဖက်အဖြစ် ချိတ်ဆက်လုပ်ဆောင်ရန် ဆွေးနွေးနေ


နာမည်ကျော် အမေရိကန် ကုမ္ပဏီတစ်ခုဖြစ်သည့် ကိုကာကိုလာကုမ္ပဏီ နှင့် Max ၊ Max plus အချိုရည်များ၊ Max2O ၊ မြနန္ဒာ သောက်ရေသန့်များ ထုတ်လုပ်ရောင်းချနေသော မြန်မာထိပ်တန်း လုပ်ငန်းတစ်ခုဖြစ်သည့် ပင်းယကုန်ထုတ်လုပ်ရေး ကုမ္ပဏီတို့သည် မြန်မာပြည်စီးပွားဖက်အဖြစ် ချိတ်ဆက်လုပ်ဆောင်ရန် ဆွေးနွေးနေကြောင်း အချိုရည်လုပ်ငန်းများနှင့် နီးစပ်သည့် လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

''ကိုကာကိုလာကုမ္ပဏီနဲ့ ပင်းယကုမ္ပဏီတို့ စီးပွားဖက်အဖြစ် ချိတ်ဆက်ဖို့ ဆွေးနွေးနေပါပြီ။ ကိုကာကိုလာ အချိုရည်တွေကို ပင်းယက တင်သွင်းဖြန့်ချိမယ်လို့ သိရပါတယ်''ဟု အဆိုပါလုပ်ငန်းနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြော ကြားပါသည်။ ပင်းယကုမ္ပဏီအနေဖြင့် ကိုကာကိုလာကုမ္ပဏီ အခြေစိုက်ထားသည့် အိမ်နီးချင်းနိုင်ငံများမှတစ်ဆင့် အချိုရည်များကို တင်သွင်းဖြန့်ချိသွားမည်ဖြစ်ပြီး လာမည့်နှစ်များတွင် မြန်မာနိုင်ငံအတွင်း အကျိုးတူဖက်စပ်စက် ရုံများ တည်ထောင်ကာ ထုတ်လုပ်ရောင်းချရန် စီစဉ်ထားကြောင်း သိရသည်။

ကိုကာကိုလာကုမ္ပဏီသည် လာမည့် သုံးနှစ်မှ ငါးနှစ်အတွင်း မြန်မာနိုင်ငံတွင် သိသာထင်ရှားသည့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သွားရန် မျှော်မှန်းထားကြောင်း ထုတ်ပြန်ပြောကြားထားသည်။ ကိုကာကိုလာနှင့် ချိတ်ဆက်လုပ်ကိုင်မည့် ပင်းယ ကုန်ထုတ်လုပ်ရေးကုမ္ပဏီသည် မြန်မာနိုင်ငံ၏ ထိပ်တန်း အချိုရည်လုပ်ငန်းတစ်ခုဖြစ်ပြီး နှစ်စဉ်အချိုရည်ပုလင်းနှင့် ဘူးထုတ်လုပ်ရောင်းချမှု ပမာဏသန်း ရာဂဏန်းရှိကြောင်း အချိုရည်ဈေးကွက်အတွင်းမှ သိရပါသည်။
ကိုကာကိုလာကုမ္ပဏီသည် မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၆၀ ကျော်အတွင်း တရားဝင် ပြန်လည်ရင်းနှီးမြှုပ်နှံရန် စီစဉ်နေပြီဖြစ်ကြောင်း ဇွန်လ ၁၄ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပြီး ဇူလိုင်လဆန်းပိုင်းတွင် ပင်းယ ကုန်ထုတ်လုပ်ရေးကုမ္ပဏီနှင့် ချိတ်ဆက်ခဲ့ခြင်းဖြစ်ပါသည်။ ထို့ပြင် အခြားအမေရိကန် ကုမ္ပဏီအချို့သည် အမေရိကန်ပြည်ထောင်စုအစိုးရက  မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်ရန် လိုင်စင် ထုတ်ပေးသည်နှင့်တစ်ပြိုင်နက် လုပ်ငန်းစတင်ရန် မြန်မာကုမ္ပဏီများနှင့် ချိတ်ဆက်မှုများ ပြုလုပ်နေပြီဖြစ်သည်။
ကိုကာကိုလာကုမ္ပဏီသည် မြန်မာနိုင်ငံသို့ ၁၉၂၇ ခုနှစ် စတင်ဝင်ရောက်ခဲ့ပြီး ဒုတိယကမ္ဘာစစ် မဖြစ်ခင်အချိန်ထိ ရင်းနှီးမြှုပ်နှံဖူးကြောင်း၊ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်မှုနှင့်အတူ မြန်မာအမျိုးသမီးများ အလုပ်အကိုင် အခွင့်အလမ်းအတွက် ပံ့ပိုးနိုင်ရန် အမေရိကန်ဒေါ်လာ သုံးသန်းကို ကိုကာကိုလာဖောင်ဒေးရှင်းအနေဖြင့် ကူညီထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရပါသည်။ ပက်စီကုမ္ပဏီကလည်း မြန်မာထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်သည့် ဒိုင်းမွန်းစတားကုမ္ပဏီနှင့် ချိတ်ဆက်ပြီး မြန်မာနိုင်ငံ အချိုရည်ဈေးကွက်အတွင်း မကြာမီဝင်ရောက်နိုင်ရန် ပြင်ဆင်နေပြီဖြစ်ပါသည်။


မြန်မာနိုင်ငံ ပိုင်နက်နယ်မြေအတွင်းသို့ တရားမ၀င် ၀င်ရောက်ပြီး စီးပွားဖြစ် ရော်ဘာခြံလုပ်ငန်း လာရောက်လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံသားများအား ဖမ်းဆီးကြောင်းသိရ


တနင်္သာရီ တိုင်းဒေသကြီး ကော့သောင်းမြို့နယ် ခမောက်ကြီး မြို့နယ်ခွဲ နန့်တွန်နှင့် နန်ဟေ့လူနယ်စပ် စစ်ဆင်ရေး ခြေကုပ်စခန်းအကြား နယ်မြေရှင်းလင်းစဉ် မြန်မာနိုင်ငံ ပိုင်နက်နယ်မြေအတွင်း တရားမ၀င် ၀င်ရောက်ပြီး စီးပွားဖြစ် ရော်ဘာခြံလုပ်ငန်း လာရောက်လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံသားများအား  လက်နက်ခဲယမ်းများ၊ ယာဉ်ယန္တရားများနှင့် အတူ ဖမ်းဆီးရမိခဲ့ကြောင်း ဇူလိုင်လ ၁၀ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာ များတွင် ဖော်ပြချက်အရသိရှိရသည်။
တပ်မတော် စစ်ကြောင်းများသည် အဆိုပါဒေသ၌ ဇူလိုင်လ ၄ ရက်နေ့ ညနေပိုင်းက နယ်မြေရှင်းလင်းရေးစဉ် ထိုင်းနိုင်ငံနှင့် ဆက်သွယ်သော မြေသားလမ်းကြောင်းနှင့် ရော်ဘာပင်ဧက ၁၀၀၀ ခန့်စိုက်ခင်းနှင့် အတူ  တဲပေါင်း ၂၀ ကျော်ကို တွေ့ရှိခဲ့ရပြီး  မြန်မာနိုင်ငံအတွင်း တရားမ၀င် ကျူးကျော်ဝင်ရောက် လုပ်ကိုင်နေသူ ထိုင်းနိုင်ငံသားများအား လက်နက်ခဲယမ်းများ၊ ယာဉ်ယန္တရားများ နှင့် အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရပြီး ဇူလိုင်လ ၅ ရက်နေ့တွင်လည်း ထပ်မံ ဖမ်းဆီးရမိခြင်း ရှိခဲ့ပြီး ဇူလိုင် ၇ ရက်နေ့အထိ ထိုင်းနိုင်ငံသား ကျား ၅၂ ဦး၊ မ ကိုးဦး စုစုပေါင်း  ၆၁ ဦးကို လက်နက်ငယ်မျိုးစုံ ၂၉ လက်၊ ခဲယမ်း မီးကျောက်မျိုးစုံ၊ မြေထိုးစက် သုံးစီး၊ ယာဉ်ငယ်မျိုးစုံ ၁၇ စီး၊ ဘက်ဟိုး ငါးစီး၊ မော်တော်ဆိုင်ကယ် အစီး ၂၀နှင့် ရော်ဘာပင် ဧက ၁၅၀၀ ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။
သတင်း ထုတ်ပြန်ချက်များအရ ထိုင်းနိုင်ငံသားများသည် မြန်မာနိုင်ငံ ပိုင်နက်နယ်မြေအတွင်းသို့ တရားမ၀င် ၀င်ရောက်ပြီး စီးပွားဖြစ် ရော်ဘာခြံလုပ်ငန်း လာရောက်နေကြခြင်းဖြစ်ပြီး လက်နက်ခဲယမ်းများ ကိုင်ဆောင် အသုံးပြုလျက်ရှိကြောင်း၊ တပ်မတော် စစ်ကြောင်းများမှ ရှင်းလင်း ဖမ်းဆီးထိန်းသိမ်းစဉ် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု တစ်စုံတစ်ရာ တိုက်ခိုက်မှုမရှိခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိမှုလည်း မရှိခဲ့ကြောင်း၊ ဖမ်းဆီးထားသည့် ထိုင်းနိုင်ငံသားများအား ကောင်းမွန်လုံခြုံစွာ စောင့်ရှောက်ထားပြီး သံတမန်နည်းအရ သက်ဆိုင်ရာ ထိုင်းအစိုးရထံသို့ အသိပေး အကြောင်းကြားထားကာ တည်ဆဲ ဥပဒေများဖြင့် ဆက်လက် အရေးယူရန် ဆောင်ရွက်သွားမည်ဟု သိရှိ ရပါသည်။
အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်ပြီး တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဒေသခံများအား ဆက်သွယ်မေးမြန်းခဲ့ရာတွင် ယင်းဒေသမှာ လူသူ အရောက်အပေါက် နည်းသည့်ဒေသတစ်ခုဖြစ်ပြီး တောတောင် ထူထပ်ကြောင်း၊ ထို့အပြင် ရော်ဘာစိုက်ပျိုးခြင်း၏ နောက်ကွယ်တွင် အခြားစီးပွားရေးလုပ်ငန်းများလည်း လုပ်ကိုင်မှုရှိနေကြောင်း မြိတ်မြို့ခံတစ်ဦးက ပြောကြားပါသည်။

LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment