မြန်မာသတင်းများ  ဇူလိုင် ၂၈၊ ၂၀၁၂

 

ရွေးကောက်ပွဲ စံနစ်ပြောင်းဖို့ ၁ဝ ပါတီတင်ပြ


ရွေးကောက်ပွဲစနစ် ပြောင်းလဲ ပြုပြင်ရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးနဲ့ ဒီမိုကရေစီ မိတ်ဆွေပါတီ ၁ဝ ပါတီတို့  မနေ့က တွေ့ဆုံ ဆွေးနွေးကြပါတယ်။
လွှတ်တော်တွင်းမှာ ပြည်သူလူထုရဲ့ ဆန္ဒကို အပြည့်အဝ ကိုယ်စား မပြုနိုင်ခြင်း၊ အချိုးညီသည့် ကိုယ်စားပြုမှု မဖြစ်ခြင်း၊ ပါတီစုံစနစ် ပပျောက်သွားနိုင်ခြင်းနဲ့ ရွေးကောက်ခံ အာဏာရှင်စနစ် အဖြစ်ကို ရောက်ရှိ သွားနိုင်ခြင်း စတဲ့အချက်တွေကို ထောက်ပြပြီး လက်ရှိ ကျင်းပနေတဲ့ ရွေးကောက်ပွဲ ကျင်းပပုံ စနစ်ကို ပြောင်းလဲဖို့အတွက် ဇူလိုင်လ ၁၃ ရက်နေ့မှာ ဒီမိုကရေစီ မိတ်ဆွေ ၁၀ ပါတီက ရွေးကောက်ပွဲ ကော်မရှင်ထံ စာတမ်းတစ်စောင် တင်သွင်းခဲ့ပြီးနောက်မှာ အခုလို တွေ့ဆုံဆွေးနွေးမှု ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။
တနေ့တည်းမှာပဲ ဒီမိုကရေစီ မိတ်ဆွေ (၁၀) ပါတီ ကိုယ်စားလှယ်တွေဟာ ဒီကနေ့ နေ့လည်ပိုင်းမှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းကို သွားရောက်တွေ့ဆုံပြီး မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေတွေကို တင်ပြ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ ဇူလိုင်လ ၁၈ ရက်နေ့ကလည်း ၁ဝ ပါတီ ကိုယ်စားလှယ်တွေနဲ့ သမ္မတ ဦးသိန်းစိန်တို့ နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။
ဒီမိုကရေစီ မိတ်ဆွေ ၁ဝ ပါတီ အဖွဲ့မှာ ဒီမိုကရက်တစ် ပါတီ (မြန်မာ)၊ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ၊ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ချင်းအမျိုးသား ပါတီ၊ မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီ၊ ဖလုံစဝေါ် ဒီမိုကရက်တစ် ပါတီ ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ ပြည်ထောင်စု ဒီမိုကရေစီ ပါတီနဲ့  ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ပါတီတို့ ပါဝင်ပါတယ်။


တိုင်းရင်းသား အခွင့်အရေး ဥပဒေ ပြဋ္ဌာန်းရေး အဆို အတည်ပြု

တိုင်းရင်းသား လူမျိုးတွေရဲ့ အခွင့်အရေး ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေ ပြဋ္ဌာန်းရေး အဆိုကို မနေ့က ပြည်သူ့လွှတ်တော် အစည်းအဝေးက အတည်ပြုလိုက်ကြောင်း သိရပါတယ်။
ကွတ်ခိုင်မြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတီခွန်မြတ် တင်သွင်းတဲ့ ဒီအဆိုကို အတည်ပြုသင့်ပါကြောင်း လူဝင်မှု ကြီးကြပ်ရေး (လ.၀.က) ဒုတိယ ၀န်ကြီး၊ ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီးနဲ့   ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှ ဒုတိယ ရှေ့နေချုပ်တို့က မနေ့က ထောက်ခံ ဆွေးနွေးပြီးနောက်မှာ လွှတ်တော်က အတည်ပြုခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။
ဒီအဆိုနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က၊ တိုင်းရင်းသားတွေရဲ့ အခွင့်အရေး၊ တိုင်းရင်းသား ဒေသတွေ တိုးတက် ဖွံ့ဖြိုးရေးတွေအတွက် ပိုမိုလုပ်ဆောင်ဖို့ လိုအပ်နေကြောင်း ထောက်ပြ ဆွေးနွေးကာ တန်းတူ ညီမျှရေး၊ အပြန်အလှန် လေးစား ယုံကြည်ရေးတို့ကို အခြေခံပြီး စစ်မှန်တဲ့ ဒီမိုကရေစီ ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေးကို ရည်သန်ကာ လွှတ်တော် ကိုယ်စားလှယ်တွေ အားလုံး ဆွေးနွေး ညှိနှိုင်းပြီး တိုင်းရင်းသား လူမျိုးများရဲ့ အခွင့်အရေးတွေ ကာကွယ်ရေးအတွက် ဥပဒေတွေကို လိုအပ်သလို ပြုပြင် ပြဋ္ဌာန်းဖို့ တိုက်တွန်းခဲ့ပါတယ်။



လယ်မြေ အသိမ်းခံရမှု စုံစမ်းရေး ကော်မရှင် ဖွဲ့မည်

 

လယ်မြေသိမ်းဆည်း ခံရ၍ နစ်နာမှုများနှင့် ပတ်သက်ပြီး စုံစမ်းရေးကော်မရှင် ဖွဲ့စည်းမည်ဖြစ်ကြောင်း သိရသည်။ ယန်နေ့က ကျင်း ပ သော ပြည်ထောင်စု လွှတ်တော်က ယင်းစုံစမ်းရေး ကော်မရှင် ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ဧရာဝတီတိုင်း ဇလွန် မဲဆန္ဒနယ်မှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဦးတင်ထွတ် တင်သွင်းသည့် လယ်ယာမြေများ သိမ်းဆည်းခံရခြင်း များအား စုံးစမ်းလေ့လာ ဖော်ထုတ်ပြီး တောင်သူလယ်သမားများ နစ်နာမှုမရှိစေရေး တရားမျှတစွာ ဖြေရှင်းဆောင်ရွက် ပေး ရန် အဆိုကို မဲခွဲ ဆုံးဖြတ်၍ အတည်ပြုခဲ့ခြင်း ဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြထားသည်။



တောင်ငူတွင် ရေကြီးရေလျှံဖြစ်နေ

 

ပဲခူးတိုင်း တောင်ငူမြို့နယ်တွင် ဇူလိုင်လ ၂၂ ရက်နေ့က စတင်၍ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ၂၆ ရက်နေ့ အထိ မိုးကောင်း ရွာ အပါအ၀င် မြို့ပေါ်ရပ်ကွက် ၃ ရပ်ကွက်ခန့် ရေလွှမ်းနေကြောင်း သိရသည်။ မိုးကောင်းရွာသည် အိမ်ခြေ ၅၀၀ ခန့်ရှိပြီး အထူးသဖြင့် သွားရေး လာရေးအတွက် လမ်းပန်းဆက်သွယ်ရေး အခက်အခဲ ဖြစ်နေကြကြောင်း၊ ကူညီကယ်ဆယ်ရေး အစီအစဉ်များလည်း မရှိသေး ကြောင်း ဒေသခံများက ပြောဆိုသည်။


လွတ်မြောက်မှုနှင့် ဒီမိုကရေစီ ဥပဒေ သက်တမ်းတိုးရေး ကွန်ဂရက် ပျက်ကွက်

မြန်မာပြည် လွတ်မြောက်မှုနှင့် ဒီမိုကရေစီ အက်ဥပဒေ နှစ်လည် သက်တမ်းတိုးရေး အတွက် အမေရိကန် ကွန်ဂရက် ၏ ပျက်ကွက် မှု အပေါ် စိတ်ပျက်မိကြောင်း ဆီးနိတ်အမတ် မစ်ခ်ျ မက်ကော်နယ်လ်က ပြောသည်။ ကွန်ဂရက်၏ ယမန်နေ့က အစည်းအဝေးတွင် ယင်းသို့ ပျက်ကွက်ခြင်းအပေါ် ဆီးနိတ်က စွမ်းဆောင်နိုင်ခြင်း မရှိဟုလည်း ဆိုသည်။ ထို ဥပဒေ သက်တမ်းတိုးရေး အတွက် မက်ကော်နယ်လ် က ကမကထ ပြု ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ မြန်မာပြည် လွတ်မြောက်မှုနှင့် ဒီမိုကရေစီ အက် ဥပဒေကို သမ္မတ ဂျော့ ဘုရှ် လက်ထက် ၂၀၀၃ ခုနှစ် ဇူလိုင် ၂၈ ရက်တွင် စတင် ပြဌာန်းခဲ့ခြင်းဖြစ်ပြီး ယင်းဥပဒေအရ မြန်မာထွက် ကုန်များ အမေရိကန် တင်ပို့မှု ပိတ်ပင်ခြင်း၊ အစိုးရ ထိပ်ပိုင်းခေါင်းဆောင်များ ၏ ငွေကြေး လွှဲပြောင်းမှုဆိုင်ရာ ပိတ်ပင်ခြင်း စသည့် အရေးယူမှုများ ပါဝင်သည်။ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ် မစ္စတာ ဒဲရစ် မစ်ချဲလ် က မြန်မာပို့ကုန် ပိတ်ပင်မှု ရုပ်သိမ်း ရေး အမေရိကန် အစိုးရက စဉ်းစားနေကြောင်း မကြာသေးခင်က ပြောဆို ထားသည်။

တောင်ငူတွင် ရေကြီးရေလျှံဖြစ်နေ

ပဲခူးတိုင်း တောင်ငူမြို့နယ်တွင် ဇူလိုင်လ ၂၂ ရက်နေ့က စတင်၍ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ၂၆ ရက်နေ့ အထိ မိုးကောင်း ရွာ အပါအ၀င် မြို့ပေါ်ရပ်ကွက် ၃ ရပ်ကွက်ခန့် ရေလွှမ်းနေကြောင်း သိရသည်။ မိုးကောင်းရွာသည် အိမ်ခြေ ၅၀၀ ခန့်ရှိပြီး အထူးသဖြင့် သွားရေး လာရေးအတွက် လမ်းပန်းဆက်သွယ်ရေး အခက်အခဲ ဖြစ်နေကြကြောင်း၊ ကူညီကယ်ဆယ်ရေး အစီအစဉ်များလည်း မရှိသေး ကြောင်း ဒေသခံများက ပြောဆိုသည်။

၂၀၁၄ ၌ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်မည်

ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရေးကို ၂၀၁၄ ခုနှစ်တွင် စတင်မည် ဖြစ်ကြောင်း သိရသည်။ တနိုင်ငံလုံး၌ သန်းခေါင် စာရင်း ကောက်ယူရမည့် မြို့နယ်ပေါင်း ၃၀၀ ကျော် နှင့် အိမ်ထောင်စုပေါင်း ၁၁ သန်းခန့်ရှိကြောင်း၊ ထို့အတွက် အခြေခံပညာ ဆရာ၊ ဆရာမ ပေါင်း တသိန်း နှစ်ထောင် ခန့် နှင့် စာရင်းစစ် လုပ်ငန်း လုပ်ကိုင်သွားရန် စီစဉ်ထားကြောင်း လူဝင်မှု ကြီးကြပ်ရေး ၀န်ကြီး ဦးခင်ရီက ပြောဆိုသည်ဟု AFP သတင်း၌ ဖော်ပြထားသည်။ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသော နယ်မြေများရှိ တနိုင်ငံလုံး၏ ၂ ရာခိုင်နှုန်းခန့်ရှိ လူဦးရေမှာ စာရင်းတွင် ကျန်ရှိနေနိုင်ကြောင်း ဦးခင်ရီက ပြောသည်ဟုလည်း ဆိုသည်။ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယြူုခင်းကို ၁၉၈၃ ခုနှစ်က နောက်ဆုံး ပြုလုပ်ခဲ့သည်။


ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း ကာတွန်းပြပွဲ ကျင်းပ

 

ဒေါ်အောင်ဆန်းစုကြည်၏ မိခင် ကွယ်လွန်သူ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း ဒုတိယ အကြိမ် ရန်ပုံငွေ ကာတွန်း ပြပွဲကို ယမန်နေ့က ရန်ကုန်မြို့ရှိ လောကနတ် ပန်းချီ ပြခန်း၌ ဖွင့်လှစ် ပြသသည်။ ၃ ရက်ကြာ ပြသမည့် ယင်းကာတွန်း ပြတွင် ကာတွန်း ပညာရှင် များစွာ၏ လက်ရာ ၁၀၀ ကျော် ပါဝင် ပြသပြီး ကာတွန်း အာယုနှင့် ကာတွန်း ရွှေဘိုတို့၏ လက်ရာ ကာတွန်း (၂) ခုကို စာပေစိစစ်ရေး က ခွင့်မပြုကြောင်း သိရသည်။ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းကို ပြီးခဲ့သည့် ဧပြီလက ဒေါ်ခင်ကြည် အသက် ၁၀၀ ပြည့် မွေးနေ့ အဖြစ် ထူထောင်ခဲ့ခြင်း ဖြစ်သည်။


ကချင်ပြည်နယ် ဝန်ကြီးချုပ် ညီမ ခြိမ်းခြောက်ခံရ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ပြည်နယ်ငြိမ်းချမ်းမှုရရှိရေး ဆန္ဒပြတောင်းဆိုရန် ဦးဆောင်ပါဝင်မည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် ဖုန်းမှတဆင့် အသက်အန္တရာယ်ခြိမ်းခြောက်မှုများ ခံနေရကြောင်း ပြည်နယ်ဝန်ကြီးချုပ်၏ ဆွေမျိုးများနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ကြံ့ခိုင်ရေးပါတီ)ခေါင်းဆောင်များ၏ ဇနီးများက ဦးဆောင်၍ ယခုလ ၂၈ ရက်နေ့ မြစ်ကြီးနားတွင် ဆန္ဒပြမည်ဟု သတင်းမီဒီယာများတွင် ၎င်း၏ အမည်ပါဝင်လာပြီးနောက် ယင်းသို့ ခြိမ်းခြောက်ခံခဲ့ရခြင်း ဖြစ်သည်ဟု ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငံဆိုင်း ၏ ညီမဖြစ်သူ ဒေါ်လဂျွန်ဆိုင်းတောင် က ရှင်းပြသည်။

မြစ်ဆုံဆည် ဆက်ဆောက်နိုင်ရန် ကချင်အစိုးရအဖွဲ့ကို CPI ချဉ်းကပ်

ဧရာဝတီ မြစ်ဆုံဆည် ဆက်လက် တည်ဆောက်ခွင့် ရနိုင်ရန်အတွက် တရုတ်ကုမ္မဏီ CPI (China Power Investment) က ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင်များကို စည်းရုံး ပြောဆိုမူများရှိကြောင်း အင်ဂျန်းယန်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ပြောသည်။မြစ်ဆုံဆည် စီမံကိန်းသည် ပြည်သူများကို အကျိုးရှိစေမည်ဖြစ်ကြောင်း လူထုအား ပြောပေးရန် တရုတ်ကုမ္ပဏီက ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင်များကို စည်းရုံးကြောင်း ၎င်းက ဆိုသည်။




ထိုင်းတွင် သေနတ်ပစ် ခံရ၍ မြန်မာ နှစ်ဦး သေဆုံး

ထိုင်းနိုင်ငံတောင်ပိုင်း စွန်ခလာ ခရိုင်ရှိ ပုစွန် အအေးခန်း စက်ရုံ တခုတွင် အလုပ်လုပ်နေသည့် မြန်မာနိုင်ငံသားများကို ဗုဒ္ဓဟူးနေ့က အမည်မသိ သေနတ်သမားများ ပစ်ခတ်မှုကြောင့် သေဆုံးသူနှင့် ဒဏ်ရာရရှိသူများကို မြန်မာသံရုံးမှက လိုအပ်သည့် အကူ အညီများ ဆောင်ရွက်ပေးနေကြောင်း သိရသည်။
မြန်မာနိုင်ငံသား ၃ ဦးသည် ပုစွန် အအေးခန်း စက်ရုံမှ အပြန်လမ်းခုလပ် တနေရာတွင် မျက်နှာဖုံးများ စွပ်ထားသည့် သေနတ် သမားများက ပစ်ခတ်ခဲ့၍ အသက် ၂၆ နှစ် အရွယ် အမျိုးသမီးတဦးနှင့် အသက် ၃၀ နီးပါးခန့်ရှိ အမျိုးသားတဦး သေဆုံးသွားပြီး ဒဏ်ရာရရှိသူ တဦးကို စွန်ခလာမြို့နယ် ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ထိုင်းနိုင်ငံတောင်ပိုင်း အခြေစိုက် ပညာရေးနှင့် ဖွံ့ ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း ဒါရိုက်တာ ဦးထူးချစ်က ပြောပြသည်။


သဘာဝ တိုင်းရင်း ငါးမျိုးများ ပြည်ပဈေးကွက် ရရန် စမ်းသပ်မွေးမြူမည်

ပြည်ပ ၀ယ်လိုအားထက် ထုတ်လုပ်မှု ပိုလျှံနေသည့် ငါးမြစ်ချင်းအား ယခုနှစ်မှ စတင်
လျှော့မွေးကာ သဘာဝ တိုင်းရင်း ငါးမျိုးများ ပြည်ပဈေးကွက် ရရှိရန် စမ်းသပ် မွေးမြူသွားမည် ဖြစ်ကြောင်း
ငါးမြစ်ချင်းများ ပြည်ပသို့တင်ပို့ရာတွင် ကူဝိတ်နှင့် တရုတ်နိုင်ငံများသို့ တင်ပို့နေရပြီး ကုန်ထုတ်လုပ်မှု စရိတ် ကြီးမြင့်မှုကြောင့် ငါးမွေးမြူသူများ အရှုံးပေါ်ခဲ့သည်မှာ သုံးနှစ်နီးပါး ရှိနေပြီ ဖြစ်ကြောင်း ငါးမွေးမြူရေး
လုပ်ငန်းအဖွဲ့ချုပ်မှအတွင်းရေးမှူး ဦးဝင်းကြိုင် က ပြောသည်။

ထို့ကြောင့် ဇွန်လ နှောင်းပိုင်း အတွင်းက ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းတို့မှ ငါးမွေးမြူရေး
လုပ်ငန်းရှင်များနှင့် မြန်မာနိုင်ငံ ငါးမွေးမြူရေး လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူများ တွေ့ဆုံကာ ငါးမြစ်ချင်းမွေးမြူရေး လုပ်ငန်းများ၏ ထုတ်လုပ်မှု၊ ထွက်ရှိမှု၊ ပြည်တွင်းဈေးကွက်နှင့် ပြည်ပ ၀ယ်လိုအား အခြေအနေအရပ်ရပ်တို့ကို သုံးသပ်ကြရာ ၀ယ်လိုအားထက် ထုတ်လုပ်မှုက ပိုလျှံနေကြောင်း လုပ်ငန်းရှင်များက တွေ့ရှိခဲ့ကြသည့်အတွက် ငါးမြစ်ချင်းအား လျှော့မွေးရန် ဆုံးဖြတ်ချက်ချခဲ့ကြခြင်း ဖြစ်သည်။



အစိုးရဝန်ထမ်းများ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းနိုင်ခြင်း မရှိသေး

အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းခွင့် ရခြင်းမှာ ငါးလခန့် ကြာမြင့်ပြီ ဖြစ်သော်လည်း အစိုးရ ဝန်ထမ်းများက ယနေ့အထိ သမဂ္ဂများဖွဲ့စည်းခြင်း မရှိသေးဟု အလုပ်သမား အစည်းအရုံး မှတ်ပုံတင် အရာရှိချုပ်ရုံးမှ တာဝန်ရှိသူ တဦးက ပြောသည်။၂၀၁၁ ခုနှစ်၊ အလုပ်သမားအဖွဲ့အစည်း ဥပဒေတွင် တပ်မတော်သားများ၊ ရဲဝန်ထမ်းများနှင့် တပ်မတော် လက်အောက်ခံ လက်နက်ကိုင် အဖွဲ့အစည်းများ၏ ဝန်ထမ်းများမှအပ ကျန်အလုပ်သမားများသည် အလုပ်သမား အဖွဲ့အစည်းများ ဖွဲ့စည်းခွင့်ရှိကြောင်း ဖော်ပြပါရှိသည်။
လက်ရှိတွင် အစိုးရဝန်ထမ်း မဟုတ်သော အလုပ်သမားများ၏ သမဂ္ဂပေါင်း ၁၃၀ နီးပါး မှတ်ပုံတင် ဖွဲ့စည်းပြီး
ဖြစ်သော်လည်း အစိုးရဝန်ထမ်းများက ယခုအချိန်အထိ ဖွဲ့စည်းနိုင်ခြင်း မရှိသေးပေ။


ကဏ္ဍ ငါးခုတွင် အပစ်ရပ်များအား နော်ဝေ တိုက်ရိုက်ကူညီမည်ဆို

မြန်မာနိုင်ငံ၏ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၌ ကဏ္ဍငါးခုတွင် အပစ်ရပ်အဖွဲ့များ အား တိုက်ရိုက် အကူအညီများ ပေးသွားမည် ဖြစ်ကြောင်း နော်ဝေနှင့်မြန်မာအစိုးရတို့ သဘောတူညီ ဖွဲ့စည်းထားသည့် Myanmar Peace Support Initiative (MPSI) မှ အကြံပေး ကိုယ်စားလှယ် တဦးဖြစ်သူ Ashley South က ပြော သည်။ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် အထောက်အပံ့များကိုလည်း နော်ဝေး အစိုးရမှ ဘဏ္ဍာရေးအရ အကူအညီပေးသွားမည်ဟု ဆိုသည်။ MPSI မှ အကူအညီ ပေးမည့် ကဏ္ဍ ငါးခုမှာ (၁) အပစ်ရပ် အဖွဲ့အစည်းများ ဆက်ဆံရေးရုံး ဖွင့်လှစ်နိုင်ရေး၊ (၂) အပစ်ရပ် အဖွဲ့အစည်းများနှင့် ဒေသခံလူထု တွေ့ဆုံ ရှင်းလင်းပွဲများ ပြုလုပ်နိုင်ရေး၊ (၃) အပစ်ရပ် အခြေအနေများ အပေါ် လွတ်လပ်သည့် စောင့်ကြည့်ရေး အဖွဲ့များ ဖွဲ့စည်းသွားရန်၊ (၄) ရှမ်းပြည်နယ်ရှိ ဘိန်းစစ်ဆင်ရေး၊ ပညာရေး ကဏ္ဍကဲ့သို့ ပရောဂျက်ကြီး အချို့နှင့် (၅) အပစ်ရပ် ဒေသများ၏ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များ၌ အချက်အလက် စုဆောင်းရေးနှင့် စစ်တမ်း ကောက်ယူရေးကဏ္ဍတို့အား အဓိကထား အထောက်အပံ့ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ကော့သောင်း ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံ လည်ပတ်တော့မည်

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့ပေါ်ရှိ ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ် ဓါတ်အားပေး စက်ရုံမှ ဖြစ်ပေါ်လာမည့် ဆိုးကျိုးများကို စိုးရိမ်ပြီး လူနေရပ်ကွက်နှင့် ၁၀ မိုင် အကွာသို့ ပြောင်းရွှေ့ပေးရန် ဒေသခံများ က တောင်းဆိုနေစဉ်အတွင်း စက်ရုံ စတင် လည်ပတ်တော့မည်ဟု စက်ရုံ တာဝန်ရှိသူများက ပြောသည်။
ရွှေပြည်သာနှင့် အေးရိပ်ငြိမ် ရပ်ကွက်ကြားရှိ သန်းဖြိုးသူ ကုမ္ပဏီ လိမိတက်ပိုင် ၈ မဂ္ဂါဝပ်ထုတ် ထိုစက်ရုံကို တရုတ် ပညာရှင်များက အချောသတ် စစ်ဆေးလျက် ရှိပြီး စက်ရုံမှ ဆိုးကျိုးများ ဖြစ်မပေါ်စေရန် စီစဉ်ထားသည့်အတွက် ဇူလိုင်လကုန်တွင် စတင်လည်ပတ်မည်ဟု ဆိုသည်။ဒေသခံများကမူ ထိုစက်ရုံသည် လူနေအိမ်နှင့် ပေအနည်းငယ်သာ ကွာဝေးပြီး မီးခိုးခေါင်းတိုင်မှာလည်း ပေ ၄၀ ခန့်သာမြင့်ကာ ကော့သောင်းမြို့နေ ပြည်သူများ သောက်သုံးရေအဖြစ် အားထားနေရသည့် ယင်းဝါ ရေလှောင်တမံနှင့် မိုင်ဝက်ခန့်သာ ကွာဝေးသည့်အတွက် ၎င်းတို့အတွက် အန္တရာယ် ရှိနိုင်ကြောင်း ပြောသည်။
စက်ရုံအနီးတွင် နေထိုင်သည့် ရပ်ကွက် နှစ်ခုမှ ဒေသခံ အများစုကမူ စက်ရုံကို လူနေ ရပ်ကွက်နှင့် ဝေးရာသို့
ပြောင်းရွှေ့ လည်ပတ်စေလိုပြီး အချို့ကမူ စက်ရုံ ဆောက်လုပ်ခြင်းကို လုံးဝ ကန့်ကွက်ကြသည်။

ဧပြီလ ၂၃ ရက်နေ့ ဒေသခံ ၆၀ ကျော်နှင့် နှင့် ဇွန်လ ၅ ရက်နေ့တွင် ဒေသခံ ၁၂၀ ခန့်တို့က အသီးသီး လက်မှတ်ရေးထိုးကာ စက်ရုံကို လူနေအိမ်နှင့် ၁ဝ မိုင်အကွာသို့ ပြောင်းရွှေ့ပေးရန် နိုင်ငံတော် သမ္မတထံသို့ အသနားခံစာပေးပို့ခဲ့ပြီး စက်ရုံကို လုံးဝ ရပ်တန့်ပေးရန် အတွက် မေလ ၃ ရက်နေ့ကလည်း ဒေသခံ ၆၃ ဦးက လက်မှတ်ထိုးကာ သမ္မတထံ လက်မှတ် ရေးထိုးပေးပို့ခဲ့သည်။ သို့သော်လည်း တစုံတရာ ထူးခြားမှု မရှိခဲ့ကြောင်း ဒေသခံများကပြောသည်။


သန်းခေါင်စာရင်း ကောက်ယူရာတွင် ကျောင်းဆရာ/မ ၁၂၀,၀၀၀ သုံးမည်

မြန်မာနိုင်ငံ သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းစဉ်များတွင် မူလတန်းနှင့် အလယ်တန်း
ကျောင်းဆရာ/ဆရာမ တသိန်း နှစ်သောင်း အသုံးပြုသွားမည်ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီကကြာသပတေးနေ့ ပြည်သူ့လွှတ်တော်တွင် ပြောကြားသွားသည်။

အဆိုပါ ကျောင်းဆရာ/မများမှာ တနိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၃ဝဝ ကျော်မှ အိမ်ခြေ ၁၁ သန်းခန့်သို့ ကိုယ်တိုင်သွားရောက်ကာ စစ်တမ်းများ လိုက်လံကောက်ခံရမည်ဖြစ်သည်။ ၎င်းတို့အား ညွှန်ကြားပေးမည့် သင်တန်းဆရာများကို ကုလသမဂ္ဂမှ သင်တန်းများပေးမည် ဖြစ်သည်။
ထို့ပြင် အထူးသဖြင့် ကချင်ပြည်နယ်အတွင်း တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် ၂ ရာခိုင်နှုန်းသော လူဦးရေမှာ
ကောက်ခံရာတွင် ကျန်ရစ်ခဲ့ဖွယ်ရှိကြောင်းလည်း ဝန်ကြီးက ပြောဆိုသွားသည်။

သို့သော် ရခိုင်ပြည်နယ်အတွင်းရှိ ရိုဟင်ဂျာ ခေါ် မူဆလင်များကိစ္စကိုမူ ထည့်သွင်း ပြောဆိုသွားခြင်း မရှိပေ။ ကုလသမဂ္ဂကမူ မြန်မာနိုင်ငံရှိ ခန့်မှန်းခြေ ရိုဟင်ဂျာ ၈ သိန်းခန့်မှာ ကမ္ဘာပေါ်တွင် နှိပ်စက် အညှဉ်းပမ်းခံရဆုံး လူမျိုး တမျိုးဖြစ်သည်ဟု ဖော်ပြထားသော်လည်း မြန်မာအစိုးရကမူ ၎င်းတို့အား နိုင်ငံသားအဖြစ် အသိအမှတ်ပြုမထားပေ။၃၁ နှစ်အကြာတွင် ပြန်လည်ကောက်ခံသည့် မြန်မာနိုင်ငံ လူဦးရေ သန်းခေါင်စာရင်းကို ၃ နှစ်နှင့် ၁ဝ လကြာဆောင်ရွက်ရမည်ဖြစ်ပြီး ၂ဝ၁၅ ခုနှစ်တွင် အပြီးထုတ်ပြန်မည် ဖြစ်ကြောင်း ဝန်ကြီးက လွှတ်တော်တွင် ပြောဆိုသွား သည်။မကွေးတိုင်း၊ ရေနံချောင်းမြို့နယ် မဲဆန္ဒနယ်မှ ဒေါ်ဝင်းမော်ထွန်း၏ ၂ဝ၁၄ ခုနှစ်တွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရေး မေးခွန်းနှင့် ပတ်သက်၍ ဦးခင်ရီ က ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

၂ဝ၁၄ ခုနှစ်၊ စတင်ကောက်ယူမည့် လူဦးရေ သန်းခေါင်စာရင်းကို လုပ်ငန်းအဆင့် လေးဆင့်ခွဲ၍ ဆောင်ရွက်နေပြီး ကြိုတင် ပြင်ဆင်ခြင်း၊ စာရင်းကောက်ခြင်း၊ စာရင်းပြုစုခြင်း၊ ဆန်းစစ်ခြင်းနှင့် အစီရင်ခံစာ ပြုစုထုတ်ပြန်ခြင်း လုပ်ငန်းများ ကို ဆောင်ရွက်သွားမည်ဟု ဖော်ပြထားသည်။၁၉၈၃ ခုနှစ်နောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် သန်းခေါင်စာရင်း မကောက်ယူနိုင်ခဲ့သည့်အတွက် ယခု ပြည်လုံးကျွတ်အဆင့် သန်းခေါင် စာရင်းတွင် နှစ် ၃ဝ ကြာမှ ကောက်ယူရသည့် အတွေ့အကြုံပြတ်လပ်မှုကြောင့် လစ်ဟာမှု မရှိစေရန် အချိန်ယူ ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။

၂ဝ၁၂ ခုနှစ်၊ ဧပြီလကုန်ပိုင်းက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း မြန်မာပြည်ခရီးစဉ်အတွင်း
မြန်မာနိုင်ငံ သန်းခေါင်းစာရင်း ကောက်ယူရေးလုပ်ငန်းများတွင် ကုလမှ နည်းပညာ၊ အုပ်ချုပ်မှုနှင့် ငွေကြေးအရ ပံ့ပိုင်းကူညီမှုများ ဆောင်ရွက်ပေးသွားမည်ဟု ဆိုသည်။လူဦးရေစာရင်းများ တိကျမှု မရှိသဖြင့် ပြီးခဲ့သည့် ၂ဝ၁ဝ နှင့် ၂ဝ၁၂ ရွေးကောက်ပွဲများတွင် စာရင်း တိကျမှု မရသဖြင့် မဲပေးပိုင်ခွင့်များ ဆုံးရှုံးမှု အများအပြား ရှိခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံလူဦးရေ ခန့်မှန်းချက်များမှာ နိုင်ငံတကာအဖွဲ့အစည်းများအကြား တခုနှင့်တခု တူညီမှု မရှိခဲ့ကြပေ။ ကမ္ဘာ့ဘဏ် ကိန်းဂဏန်းအရ ၄၈ သန်းဟု ခန့်မှန်းပြီး အာရှဖွံ့ဖြိုးရေးဘဏ်က သန်း ၆ဝ ဟု ခန့်မှန်းကာ နိုင်ငံတကာငွေကြေး ရန်ပုံငွေ အဖွဲ့ကြီးကမူ ၆၄ သန်းဟု ခန့်မှန်းထားကြသည်။

ကုလသမဂ္ဂ လူဦးရေဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (UNFPA) ကိုယ်စားလှယ် Mohamed Abdel-Ahad ကလည်း သန်းခေါင်စာရင်း၏ အရေးပါပုံကို “သန်းခေါင်စားရင်း ကောက်ယူမှုတွေဟာ လူဦးရေတိုးပွားမှုရဲ့ တိကျမှန်ကန်တဲ့ အချက်အလက်တွေ ပေးပါတယ်။ ဒါ့အပြင် လတ်တလောနဲ့ အနာဂတ်မှာ ကျောင်းတွေ၊ ဆရာတွေ၊ ဆေးရုံတွေ၊ ဆရာဝန်တွေနဲ့ အလုပ်အကိုင် အခွင့်အလမ်း၊ လူမှုလုံခြုံရေးတွေ လိုအပ်မှုကိုလည်း ခန့်မှန်း တွက်ချက်နိုင်ဖို့ အထောက်အကူပြုပါတယ်” ဟု မေလအတွင်းက နေပြည်တော်အစည်းအဝေးတွင် ပြောကြားသွားသည်။


LWIN PWIN

NLAB

Web-site:                   www.nlabr.com

Blog:                         http://wanna23-23.blogspot.com/

Facebook:                   Sa Maung


0 comments:

Post a Comment