မြန်မာသတင်းများ  ဇူလိုင် ၂၄၊ ၂၀၁၂

ရေနက်ဆိပ်ကမ်း ဆောက်လုပ်ရေး မြန်မာနဲ့ ထိုင်းခေါင်းဆောင်တွေ ကတိပြု

သမ္မတ ဦးသိန်းစိန်ရဲ့ ထိုင်းနိုင်ငံခရီးစဉ်မှာ ထိုင်းနိုင်ငံနဲ့ တည်ဆောက်နေတဲ့ မြန်မာနိုင်ငံက ထားဝယ် ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန် စီမံကိန်း အောင်မြင်ရေးအတွက် ဆက်လက်အကောင်အထည်ဖော်ဖို့နဲ့ နယ်စပ်ဂိတ်အသစ်တွေ ဖွင့်လှစ်ဖို့ နှစ်နိုင်ငံ ခေါင်းဆောင်တွေ မနေ့က သဘောတူညီခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။

နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်လျှင် စီးပွားဖွံ့ဖြိုးမှု ပိုမိုရရှိမှာ ဖြစ်ကြောင်း ထိုင်းစက်မှုဝန်ကြီး ပြောဆို


ထိုင်းအစိုးရရဲ့ ဖိတ်ကြားချက်အရ ဘန်ကောက်မြို့ကို ချစ်ကြည်ရေးခရီး ရောက်ရှိလာတဲ့ သမ္မတ ဦးသိန်းစိန်နဲ့ ဝန်ကြီးများ အဖွဲ့ဟာ မနေ့ မွန်းလွဲပိုင်းက ထိုင်းနိုင်ငံ အရှေ့ပိုင်း၊ ချွန်ဘူရီခရိုင်မှာရှိတဲ့ လမ်ချဘန် စက်မှုဇုန်ကို သွားရောက် လေ့လာခဲ့ရာမှာ ထိုင်းစက်မှုဝန်ကြီး အပါအဝင် တာဝန်ရှိသူတွေက ကြိုဆိုနှုတ်ဆက်ပြီး စက်မှုဇုန် တည်ဆောက်ရေး ဆိုင်ရာ အခြေခံ အချက်အလက်များနဲ့ ပတ်သက်ပြီး ရှင်းလင်း တင်ပြကြပါတယ်။

မြန်မာနှင့်ထိုင်း စီးပွားရေး သဘောတူ စာချုပ်များ ချုပ်ဆို


မြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ထိုင်ဝန်ကြီးချုပ် ယင့်လတ် ရှင်နာဝပ်တို့ ယနေ့နံနက်ပိုင်းက တွေ့ဆုံပြီး အထူးစီးပွားရေး ဇုန် ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် ပတ်သက်၍ စီးပွားရေးဆိုင်ရာ နားလည်မှု ရယူနိုင်ခဲ့ကြောင်း သိရသည်။ထားဝယ်အထူး စီးပွားရေးဇုန်နှင့် စီမံကိန်း ဆက်စပ် နယ်မြေများ၌ ပြီးပြည့်စုံသော ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာ (MOU)၊ မြန်မာနိုင်ငံအနှံ့ ဖွံ့ဖြိုး တိုးတက်ရေး ပူးပေါင်း ဆောင်ရွက်မှု နားလည်မှု စာချွန်လွှာတို့ကို နှစ်နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီး များက ရေးထိုးကြခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံပြီးလျှင် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး ကုန်သွယ်ဘက်ဖြစ်ပြီး ၂၀၁၁ ခုနှစ် နှစ်နိုင်ငံကုန်သွယ်ရေး တန်ဘိုးမှာ အမေရိ ကန်ဒေါ်လာ ၉.၅ဘီလီယံ (ထိုင်းဘတ် ၂၉၀ ဘီလီယံ) ရှိသည်။စင်ကာပူအခြေစိုက် အရှေ့တောင်အာရှ လေ့လာရေးဌာနမှ မိုက်ကယ် မွန်တီဆနိုက သမ္မတ ဦးသိန်းစိန်၏ ထိုင်းနိုင်ငံ ခရီးစဉ်သည် အာဆီယံနိုင်ငံ အချင်းချင်း အပြန်အလှန် ရင်းနှီးစွာ ဆက်ဆံသည့် သဘောဖြစ်သည့်အပြင် ဦးသိန်းစိန်သည် မြန်မာနိုင်ငံ၏ အကြီးအကဲတဦး ဖြစ်ကြောင်း ထိုင်းနိုင်ငံကို ပြသရာ ရောက်သည်ဟု သုံးသပ်သည်။
ထို့အပြင် ထိုင်းနိုင်ငံမှ တောင်းဆိုထားသည့် ပရာကျွတ်၊ ကန်ချနဘူရီ၊ မယ်ဟောင်ဆောင်၊ ချင်းမိုင် စသည့် နှစ်နိုင်ငံ နယ်စပ်ဒေသ များ၌ ကုန်သွယ်ရေးစခန်းများ ဖွင့်လှစ်ရေးနှင့် ရွှေ့ပြောင်း အလုပ်သမားများ နိုင်ငံကူး လက်မှတ်ပြုလုပ်ရာတွင် ကြန့်ကြာနေသည့် အရေးကိစ္စများအပြင် မကြာသေးမီက တနင်္သာရီတိုင်း ကော့သောင်းခရိုင်အတွင်း ရာဘာဝင်ရောက် စိုက်ပျိုးမှုနှင့် အဖမ်းခံခဲ့ရသည့် ထိုင်းနိုင်ငံသားများ အရေးကိုပါ ဆွေးနွေးနိုင်ကြောင်း ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကို ပြီးခဲ့သည့်နှစ်က စတင်ဆွေးနွေး ခဲ့သော်လည်း ၎င်းစီမံကိန်းတွင် ပါဝင်သည့် ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံစီမံကိန်းကို မြန်မာအစိုးရက ပယ်ချပြီးသည့် အပြင် ဒေသတွင်း အကျိုးတူ ပူးပေါင်းဆောင်ရွက်မည့် မက်စ် မြန်မာ ကုမ္ပဏီကလည်း အဆိုပါ စီမံကိန်းမှ နှုတ်ထွက်ခဲ့သည်။
ယမန်နေ့ နံနက် ၁၁ နာရီ ၁၁ မိနစ်ခန့်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိလာသည့် သမ္မတ ဦးသိန်းစိန်ကို ထိုင်းဘုရင့် ကောင်စီ အကြံပေးအဖွဲ့ဝင် ထေ့ပ်ကမွန် ထေဝကွန် အပါအ၀င် ဒုတိယ ၀န်ကြီးချုပ် ယူထစပ်က် စစီပရာပါ တို့က ကြိုဆိုခဲ့ကြောင်း နေ့လယ်ပိုင်းတွင် ထိုင်းနိုင်ငံ၏ အကြီးဆုံး ရေနက်ဆိပ်ကမ်းဖြစ်သည့် ချွန်ဘူရီခရိုင်ရှိ လမ်ချဘန် ရေနက်ဆိပ်ကမ်းသို့ သွားရောက် လေ့လာခဲ့သည်။သမ္မတ ဦးသိန်းစိန်သည် ထိုင်းနိုင်ငံတွင် ၃ ရက်ကြာ နေထိုင်မည်ဖြစ်ပြီး မြဘုရားသို့လည်း သွားရောက်ဖူးမျှော်မည်ဟု သတင်းများက ဆိုသည်။
သမ္မတ ဦးသိန်းစိန်နှင့်အတူ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဌာန ၀န်ကြီး ဦးမြင့်လှိုင်၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီး ဦးတင်နိုင်သိန်း၊ အလုပ်သမား ၀န်ကြီးဌာနနှင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် နေရာ ချထားရေးဝန်ကြီး ဦးအောင်ကြည်၊ စွမ်းအင် ၀န်ကြီးဌာန၀န်ကြီး ဦးသန်းဌေး၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန ၀န်ကြီး ဦးဝင်းမြင့်တို့အပြင် ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်း၊ တနင်္သာရီတိုင်း ၀န်ကြီးချုပ် ဦးမြတ်ကို၊ စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး၊ စက်မှုဝန်ကြီးဌာန ဒုဝန်ကြီး ဦးမျိုးအောင်၊ ရထားပို့ဆောင်ရေးဝန်ကြီး သူရဦးသောင်းလွင်၊ ကျန်းမာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာဝင်းမြင့်တို့လည်း လိုက်ပါသွားသည်။
ယနေ့တွင် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်မှာ ဘန်ကောက်မြို့တွင် ဖွင့်လှစ်ထားသည့် မြန်မာ အလုပ်သမားရုံးများသို့ သွားရောက် ကြည့်ရှုမည်ဖြစ်ပြီး စီးပွားရေး ၀န်ကြီး ဦးဝင်းမြင့်မှာလည်း ထိုင်းနိုင်ငံ ဆန်စပါး ထုတ်လုပ်သူများနှင့် တွေ့ဆုံဆွေး နွေးမည်ဟု သိရသည်။သမ္မတ ဦးသိန်းစိန်သည် လွန်ခဲ့သည့် ၂၀၀၈ ခုနှစ် နအဖ ဝန်ကြီးချုပ်အနေဖြင့် ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့ပြီး ၎င်း သမ္မတ တာဝန်ယူပြီးမှ ယခုအကြိမ်သည် ပထမဆုံးအကြိမ် အဖြစ် အိမ်နီးချင်း ထိုင်းနိုင်ငံသို့ သွားရောက်ခြင်း ဖြစ်သည်။


ဦးသိန်းစိန် ထိုင်း ရေနက် ဆိပ်ကမ်း လေ့လာ



သမ္မတ ဦးသိန်းစိန်သည် ယမန်နေ့က ထိုင်း နိုင်ငံ ချွန်ဘူရီ ခရိုင်ရှိ လမ် ချာဘန် ရေနက်ဆိပ်ကမ်းသို့ သွားရောက် လေ့လာကြောင်း သိရသည်။ ၎င်းသည် ထိုင်း ၀န်ကြီးချုပ် မစ္စ ယင့်လပ် ရှင်နာဝပ်ထရာ နှင့် တွေ့ဆုံ၍ ကုန်သွယ် စီးပွားရေး ပူးပေါင်းလုပ်ကိုင်မှု ဆိုင် ရာ များ၊ စက်မှုလုပ်ငန်းများ၊ တနင်္သာရီတိုင်း ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်း နှင့် ပတ်သက်သည့် သဘောတူ စာချုပ်များ ချုပ် ဆိုဖွယ်ရှိကြောင်း ဘန်ကောက်ပို့စ် သတင်းတွင် ယနေ့ ဖော်ပြထားသည်။ ဦးသိန်စိန် ၏ ၂၂ ရက်နေ့က စတင်သည့် ၃ ရက်ကြာ ထိုင်း ခရီးစဉ်သည် မစ္စ ယင့်လပ် ရှင်နာဝပ်ထရာ ၏ ဖိတ်ကြားချက်ဖြင့် လာရောက်ခြင်း ဖြစ်ကြောင်း သိရသည်။


ထားဝယ်စီမံကိန်း မြန်မာ-ထိုင်း ပူးပေါင်းဆောင်ရွက်ရေး ထပ်မံအတည်ပြု

ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲများ ကြုံတွေ့ခဲ့ရသော်လည်း မြန်မာနိုင်ငံ တောင်ပိုင်းဒေသရှိ ထားဝယ် ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးနှင့် စီးပွါးရေးဇုန် တည်ထောင်ရေး၊ အရှေ့အလယ်ပိုင်းဒေသနှင့် အိန္ဒိယမှ အရှေ့တောင်အာရှ ဒေသသို့ ပိုမိုကောင်းမွန်သည့် ပို့ဆောင်ဆက်သွယ်ရေး လမ်းကြောင်းတခု ဖန်တီးရေးတို့နှင့် ပတ်သတ်သည့် ကတိကဝတ်များကို ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံအနေဖြင့် တနလာင်္နေ့က ထပ်မံ အတည်ပြုခဲ့ကြသည်။

ထားဝယ်စီမံကိန်းအား ထိုင်းနိုင်ငံ၏ အကြီးဆုံး ကန်ထရိုက်တာ Italian-Thai ကုမ္ပဏီက ဦးဆောင်ခဲ့ခြင်း ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၆ဝ ဘီလီယံ နီးပါး ကုန်ကျနိုင်သည်။ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ယင်လပ်က သတင်းစာ ရှင်းလင်းပွဲ တခု၌ သတင်းထောက်များကို ပြောကြားခဲ့ရာတွင် စီမံကိန်း ဖွံ့ဖြိုးရေးနှင့် ပတ်သတ်သည့် ကိစ္စရပ်များအပါအဝင် စီမံကိန်း ဆက်လက်ဆောင်ရွက်ရေးနှင့် ပတ်သက်၍ ဝန်ကြီးအဆင့် အဆက်အသွယ် ထားရှိမည်ဟုလည်း ဆိုသည်။
ထားဝယ်စီမံကိန်းတွင် သံမဏိ စက်ရုံ၊ ရေနံဓါတုစက်ရုံ၊ ရေနံ သန့်စင်စက်ရုံ တို့ ပါဝင်သည့် ၂၅ဝ စတုရန်း ကီလိုမီတာ ရှိသော စက်မှုဇုန်တခု အပြင် မီးရထားလမ်းတခုနှင့် ထိုင်းနိုင်ငံ၏ ပင်လယ်ဆိပ်ကမ်းများနှင့် စက်မှုဇုန်များ၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ် နိုင်ငံများသို့ ဆက်သွယ်နိုင်မည့် အဝေးပြေးလမ်းမ ကွန်ယက်သစ်လည်း ပါဝင်မည်ဖြစ်သည်။

လွန်ခဲ့သော လများက စီမံကိန်း အကောင်အထည်ဖော်ရေးတွင် နှောင့်နှေးခဲ့ရသော်လည်း ထိုင်းနိုင်ငံအနေဖြင့် စီမံကိန်း ဆက်လက် အကောင်အထည်ဖော်ဖို့ ကနဦး ဘဏ္ဍာရေး လိုအပ်ချက်များ ဖြည့်တင်းပေးရန် လွန်ခဲ့သည့် အပတ်က ထပ်မံကတိပြုခဲ့ပြီး ထိုင်းနိုင်ငံပိုင် စွမ်းအင် ကုမ္ပဏီဖြစ်သည့် PTT Pcl မှ ဒေါ်လာ ၃ ဘီလီယံ ထည့်ဝင်ရန် ကတိပြုခဲ့ သည်။

မြန်မာ သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းဝန်ကြီးချုပ် ရင်လပ်တို့ကလည်း ရှိပြီးသား တရားဝင် နယ်စပ်ဖြတ်ကျော် စစ်ဆေးရေး ဂိတ် ၃ ခုအပြင် ချင်းမိုင်၊ မယ်ဟောင်ဆောင်နှင့် ကန်ချနပူရီတို့ အနီးတွင် နယ်စပ်ဖြတ်ကျော် စစ်ဆေးရေးဂိတ် ၃ ခု အသစ်ဖွင့်ရန် သဘောတူခဲ့ကြသည်။

လွန်ခဲ့သည့် နှစ်ကမူ ထားဝယ်စီမံကိန်းသည် အခက်အခဲများနှင့် ဆက်တိုက် ရင်ဆိုင်ခဲ့ရသည်။
ထားဝယ်စီမံကိန်းတွင် ပါရှိသည့် ကျောက်မီးသွေးလျှပ်စစ် စက်ရုံစီမံကိန်းမှာလည်း ဒေသခံများက ဆန့်ကျင် ဆန္ဒပြခဲ့ ပြီးနောက် ရပ်ဆိုင်းခဲ့ရသည်။စီမံကိန်းအတွက် ငွေကြေးထည့်ဝင်မှုမှာလည်း နှေးကွေးခဲ့ရသည်။ သို့သော် ထပ်မံ ကြိုးစား ဆောင်ရွက်မှုများကြောင့် ဂျပန်နှင့် အခြားနေရာများမှ ရင်းနှီးမြှုပ်နှံလိုသူများအား ဆွဲဆောင်နိုင်လိမ့်မည်ဟု သက်ဆိုင်ရာ အရာရှိများက ဆိုကြသည်။

နှစ်နိုင်ငံ အနေဖြင့် နားလည်မှု စာချွန်လွှာ တရပ်ကို လက်မှတ် ရေးထိုးခဲ့ကြပြီး ထိုင်းနိုင်ငံအနေဖြင့် လုံခြုံရေး၊ အခြေခံ အဆောက်အအုံ တည်ဆောက်ရေးနှင့် ထောက်ပံ့ ပို့ဆောင်ရေးတို့နှင့် ပတ်သတ်၍ အကူအညီများ ပေးအပ်ရန် သဘောတူခဲ့သည်ဟု ဆိုသည်။ တနင်္ဂနွေနေ့က သမ္မတ ဦးသိန်းစိန်သည် ထိုင်း ပင်လယ်ကွေ့ရှိ လမ်ချာဗန် ရေနက်ဆိပ်ကမ်းသို့ သွားရောက် လည်ပတ် ခဲ့ပြီး ထိုရေနက်ဆိပ်ကမ်းမှ ထားဝယ်သို့ အဝေးပြေးလမ်းဖြင့် ဆက်သွယ်မည် ဖြစ်ကာ မလေးရှားကျွန်းဆွယ် အနီးမှ ပိုမိုရှည်လျားသည့် ပင်လယ် လမ်းကြောင်းအား အစားထိုးနိုင်မည် ဖြစ်သည်။


ထိုင်းစက်ရုံပေါက်ကွဲမှု မြန်မာ အများအပြား ဒဏ်ရာရ


ထိုင်းနိုင်ငံ၊ ရနောင်းမြို့မှာရှိတဲ့ Andaman Sea Food အလုပ်ရုံက ငါးသိုလှောင်ရာ အအေးခန်းက ဓာတ်ငွေ့ ပေါက်ကွဲရာ ကနေ မြန်မာ အမျိုးသမီး အလုပ်သမား တော်တော်များများ ထိခိုက် ဒဏ်ရာ ရရှိခဲ့သလို တချို့ဆို အသက်အန္တရာယ် ထိခိုက်မယ့် အနေအထားမှာ ရှိနေတယ်လို့ အလုပ် သမားတွေက ပြောပါတယ်။ လုပ်ငန်းခွင် ထိခိုက်မှု လျော်ကြေး တောင်းဆိုဖို့ကလည်း ရနောင်း မြို့ဒေသမှာ အလုပ်သမားအရေး အကူအညီပေးတဲ့ လူမှု အဖွဲ့အစည်းတွေ မရှိတဲ့ အနေ အထားကြောင့် အလုပ်သမားတွေရဲ့ထိခိုက်နစ်နာမှုတွေကို တောင်းဆိုတဲ့ အခွင့်အရေးတွေ မရရှိဘူးလို့လည်း ပြောဆိုမှု တွေ ရှိနေပါတယ်။ ထိုင်းနိုင်ငံတောင်ပိုင်း၊ ရနောင်းမြို့ထဲက Andaman Sea Food ပန်းရောင်အသင်းအလုပ်ရုံထဲက အအေးခန်း ဓာတ်ငွေ့ ပိုက်လိုင်း ပေါက်ကွဲခဲ့လို့ ဓာတ်ငွေ့ရှူမိတဲ့ မြန်မာအလုပ်သမား (၂၇) ဦးနဲ့ ထိုင်းလူမျိုးနှစ်ဦး ထိခိုက်ဒဏ်ရာရပြီး အရေးပေါ် ဆေးဝါး ကုသခံနေရတယ်လို့ စက်ရုံ အလုပ်သမားတွေက ပြောပါတယ်။ မနေ့ နေ့လည်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုက ထိခိုက် ဒဏ်ရာ ရတဲ့သူတွေ တချို့ကို ဆေးရုံတင်ထားရသလို အများအားဖြင့် အမျိုးသမီးတွေဖြစ်တယ်လို့ Andaman Sea Food ငါးအလုပ်အလုပ်ရုံက အလုပ်သမတဦးက အခုလိုပြောပါတယ်။ Andaman Sea Food ငါးအလုပ်အလုပ်ရုံမှာ ငါးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား (၃၀၀၀) လောက် ရှိနေပါတယ်။ ရနောင်းမြို့ထဲမှာ မြန်မာရွှေ့ပြောင်း အလုပ်သမားအရေးကို အကာကွယ်ပေးတဲ့အဖွဲ့ မရှိသေးသလို လုပ်ငန်းခွင် ထိခိုက် နစ်နာကြေး တောင်းဆိုဖို့ကလည်း မဖြစ်နိုင်တဲ့အခြေအနေမှာ ရှိနေတယ်လို့လည်း ပြောပါတယ်။ Andaman Sea Food ငါးအလုပ်အလုပ်ရုံကအလုပ်သမားတွေအနေနဲ့ တဦးချင်း လုပ်အားခငွေ ဘတ် (၂၀၀) ရရှိပြီး အချိန်ပို ဆင်းရင် တနာရီ ဘတ်သုံးဆယ်နှုန်း ရရှိကြပါတယ်။ အဲဒီစက်ရုံဟာ ပင်လယ်ပြင်က ဖမ်းဆီးလာတဲ့ငါးတွေကို ခွဲခြမ်း စိတ်ဖြာ ထုတ်ပိုးသိုလှောင်ပြီး ထိုင်းနိုင်ငံအတွင်း နဲ့ ပြည်ပကို ပို့ဆောင်နေပါတယ်။

နိုင်ငံခြား စီးပွားရေး လုပ်ငန်းရှင်တွေကို မြန်မာအစိုးရ ဖိတ်ခေါ်

စီးပွားရေးဖွံ့ဖြိုးမှု ဖော်ဆောင်တဲ့ ခြေလှမ်းသစ်တစ်ခုအဖြစ် မြန်မာနိုင်ငံက သတ္တုတူးဖော်ရေး လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံဖို့ နိုင်ငံခြား စီးပွားရေး လုပ်ငန်းရှင်တွေကို မြန်မာအစိုးရက ဖိတ်ခေါ်လိုက်ပါတယ်။

မြန်မာနိုင်ငံသားတွေ ဝင်ငွေပိုရမယ့် အလားအလာရှိကြောင်း စက်မှုဝန်ကြီးပြောကြား

လာမယ့် ၃ နှစ်အတွင်း မြန်မာနိုင်ငံသား တစ်ဦးချင်းရဲ့ ဝင်ငွေဟာ ကမ္ဘောဒီးယား၊ လာအိုစတဲ့ နိုင်ငံတွေထက် ပိုမိုမြင့်မားလာမယ်လို့ မျှော်မှန်းကြောင်း စက်မှုဝန်ကြီး ဦးစိုးသိန်းက ပြောဆိုလိုက်ပါတယ်။


ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများအရေး အလုပ်ရုံဆွေးနွေးပွဲ

ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာ အလုပ်သမားများ အရေးနှင့် ပါတ်သက်၍ အလုပ်ရုံဆွေးနွးပွဲတခုကို ဇွန်လ ၂၁ ရက်နေ့က ရန်ကုန်တိုင်း၊ ရန်ကင်း မြို့နယ်ရှိ အလုပ်သမားဝန်ကြီးဋ္ဌာန၊ ကျွမ်းကျင်မူ လေ့ကျင့်ရေး သင်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။အဆိုပါ ဆွေးနွေးပွဲကို ပြည်ပတွင် အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီ၊ စီမံခန်ခွဲရေး လုပ်ငန်းကော်မတီနှင့် အလုပ်သမားအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ကော်မတီတို့မှ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ထိုအလုပ်ရုံဆွေးနွေးပွဲသို့ အလုပ်သမားဝန်ကြီးဋ္ဌာန၊ ဒု-ဝန်ကြီး ဦးမြင့်သိန်း အပါအဝင်  အလုပ်သမားညွန်ကြားရေးမှူးချုပ် ဦးမျိုးအောင်၊ ရဲမှူးကြီးဝင်းနိုင်ထွန်း(သတင်းတပ်ဖွဲ့)၊ အလုပ်သမားဝန်ကြီးဋ္ဌာနမှ ညွန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင် ဦးစီးဋ္ဌာန၊ လူမူဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဋ္ဌာနတို့မှ တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ အခြေစိုက် ရွှေ့ပြောင်းလုပ်သားများ အခွင့်အရေးဆိုင်ရာ ကွန်ယက်မှ ဦးစိန်ဋ္ဌေး၊ ထိုင်းနိုင်ငံ Mahidol တက္ကသိုလ် မှ နိုင်ငံခြားရေးရာ ကျွမ်းကျင်သူ Mr. Andy Hall, IOM မှ Program Manager, Mr. Maciej Peizkowski, UNIAP Myanmar, World Vision Myanmar မှ တာဝန်ရှိသူများနှင့် ပြည်ပ အလုပ်အကိုင်ရှာဖွေရေး  အေဂျင်စီများမှ ကိုယ်စားလှယ်များနှင့် သတင်းမီဒီယာများ စုစုပေါင်း ၁၅ဝ ခန့် တက်ရောက်ခဲ့ကြသည်။

ကချင်စစ်ပြေး ဒုက္ခသည် ဖြစ်ရပ်မှန် ဗွီဒီယို မှတ်တမ်း ရုပ်ရှင် ဖြန့်ချိ

အပြစ်မဲ့ ကချင်စစ်ပြေး ဒုက္ခသည်တွေရဲ့ အခြေအနေတွေကို ရိုက်ကူးထားတဲ့ ကချင်ပြည်သူတွေအပေါ် မြန်မာစစ်တပ်က ရက်ရက်စက်စက် ဆက်လက် ကျူးလွန်ခြင်းဆိုတဲ့ ဖြစ်ရပ်မှန် ဗွီဒီယို မှတ်တမ်း ရုပ်ရှင်တို တစ်ကားကို ထိုင်း အခြေစိုက် ကချင် အမျိုးသမီးအသင်း KWAT က မနေ့က ဖြန့်ချိလိုက်ပါတယ်။

သူရ ဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် ထပ်မံတွေ့ဆုံ

ပျဉ်းမနား နေပြည်တော်မှာ ကျင်းပနေတဲ့ စတုတ္ထပတ် လွှတ်တော် အစည်းအဝေးကို တက်ရောက်နေတဲ့ ကော့မှူးမြို့နယ် လွှတ်တော် ကိုယ်စားလှယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က နေ့လည်ပိုင်းမှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနဲ့ နောက်တကြိမ် ထပ်မံတွေ့ဆုံခဲ့ပါတယ်။

မုံရွာ ကျောင်းပြိုကျ ကျောင်းသား ၃၀ ကျော် ဆေးရုံတင်ကုသ

စစ်ကိုင်းတိုင်း မုံရွာမြို့ အမှတ် ၂ အစိုးရ အထက်တန်းကျောင်းက အဆောင် ၀ရန်တာတစ်ခ မနေ့က့  ညနေ ၃ နာရီခန့်က ပြိုကျခဲ့တဲ့ အတွက် ကျောင်းသူ ကျောင်းသား ၃၁ ဦး ထိခိုက်ဒဏ်ရာရပြီး မုံရွာပြည်သူ့ ဆေးရုံကြီးကို ပို့လိုက်ရတယ်လို့  သိရပါတယ်။

မင်္ဂလာပါ ဒီမိုကရေစီ ရုပ်ရှင်ပွဲတော် ရှေ့လစမယ်

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး မင်္ဂလာပါ ဒီမိုကရေစီအမည်နဲ့ ရုပ်ရှင်ပွဲတော်ကို လာမဲ့လမှာ စတင် ကျင်းပမယ်လို့ သိရပါတယ်။

သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ၄၈ နှစ်မြောက် ကျင်းပ

သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ၄၈ နှစ်မြောက်နေ့ အမှတ်တရ အခမ်းအနားကို ရန်ကုန်မြို့ ရွှေဂုံတိုင် တော်ဝင်နှင်းဆီခန်းမမှာ မနေ့က မနက်က ကျင်းပခဲ့ရာမှာ ဦးတင်ဦး၊ ဦးဝင်းတင် စတဲ့ NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေ၊ ကိုမင်းကိုနိုင်၊ ကိုမြအေး၊ ကိုပြုံးချို စတဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ အပါအ၀င် လူပုဂ္ဂိုလ် ၆ဝဝ ကျော် တက်ရောက်ခဲ့ပါတယ်။

အခြေအနေမဲ့ ကလေးတွေကို ပြည်မြို့မှာ ပညာသင်ပေး

ပြည်မြို့က အခြေအနေမဲ့ ကလေးငယ်တွေအတွက် ပညာသင်ပေးတဲ့ အစီအစဉ်ကို လူ့အခွင့်အရေး လှုပ်ရှားသူ ရှေ့နေတွေနဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေက မြကွမ်းတောင် ဘုန်းတော်ကြီးကျောင်းမှာ မနေ့က စပြီး ဖွင့်လှစ်လိုက်ပါတယ်။

အမေရိကန်ရင်းနှီးမြှုပ်နှံမှု ပွင့်လင်းမြင်သာအောင် လုပ်မည်


မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံပြီး စီးပွားရေးလုပ်ကြမယ့် အမေရိကန် ကုမ္ပဏီတွေ အနေနဲ့ သူတို့ဘာတွေ လုပ်တယ်ဆိုတာကို ပွင့်လင်းမြင်သာမှု ရှိရှိနဲ့ အမေရိကန်အစိုးရကို ပြန်ပြီးအစီရင်ခံရေး သေချာအောင် လုပ်သွားမယ် လို့ အမေရိကန် လက်ထောက် ၀န်ကြီးတဦးက ပြောလိုက်ပါတယ်။ အမေရိကန်နိုင်ငံခြားရေး ဌာန၊ စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ စွမ်းအင်နဲ့ သဘာဝ ပတ်ဝန်းကျင် ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ရောဘတ် ဟောမက်တ်စ် (Robert Hormats) က အဲဒီလို ပြောခဲ့ တာပါ။
အမေရိကန်က မြန်မာနိုင်ငံနဲ့ ပိုပြီးတော့ နီးနီးကပ်ကပ် ဆက်ဆံလာတာဟာ တရုတ်နိုင်ငံနဲ့ယှဉ်ပြိုင်ဖို့၊ အင်အားချိန်ခွင်လျှာ မျှဖို့ ဆိုတာတွေမဟုတ်ဘဲ အမေရိကန်၊ တရုတ် နှစ်နိုင်ငံစလုံးက မြန်မာနိုင် ငံ ကြွယ်ဝချမ်းသာပြီး တည်ငြိမ်အေးချမ်းတာကို မြင်ချင် ကြတာကြောင့် မြန်မာနိုင်ငံနဲ့ပတ်သက်ရင် အမေရိကန်၊ တရုတ် နှစ်နိုင်ငံစလုံးမှာ ဘုံတူညီတဲ့ ရည်ရွယ်ချက်ရှိတယ်လို့လည်း လက်ထောက် ၀န်ကြီး ရောဘတ် ဟောမက်တ်စ်က ပြောသွားပါတယ်ခင်ဗျား။

မြန်မာပြည်တွင် ဒိုင်ဝါ ဒေါ်လာသန်း ၃၈၀ မြှုပ်နှံမည်


ဂျပန်နိုင်ငံတွင် ဒုတိယအကြီးဆုံး ဘဏ္ဍာရေးဆိုင်ရာဝန်ဆောင်မှု ကော်ပိုရေးရှင်းဖြစ်သည့် Daiwa Securities Group (DSG) က တခြား ဂျပန်နည်းပညာကုမ္ပဏီများနှင့် တွဲဖက်၍ မြန်မာအစိုးရအတွက် သတင်း အချက်အလက်ဆိုင်ရာ နည်းပညာ ကျောရိုးစနစ်တခု တည်ဆောက်ရန် အမေရိကန်ဒေါ်လာ သန်း ၃၈၀ ရင်းနှီးမြှပ်နှံသွားမည်ဟု ရိုက်တာသတင်းတရပ်၌ ဖော်ပြထားသည်။
ယင်းအစီအစဉ်သည် နည်းပညာ အခြေခံအဆောက်အအုံပိုင်းတွင် ချွတ်ခြုံကျလှသည့် မြန်မာနိုင်ငံအား အပြိုင်အဆိုင် အနေအထားသို့ ရောက်စေလိမ့်မည်ဟု အဆိုပါသတင်းက ဆိုသည်။
မြန်မာနိုင်ငံတွင် ကွန်ပျူတာကွန်ရက် တည်ဆောက်ရန်အတွက် အစီအစဉ်များ ရေးဆွဲရန် DSG အား မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ရေးဆွဲရာတွင် ကုန်ကျမှုများအတွက်လည်း ဂျပန်အစိုးရထံမှ အကူအညီ ရယူလျှက်ရှိကြောင်း DSG ၏ အမှုဆောင်အရာရှိတဦးက ပြောသည်။
DSG သည် မြန်မာအစိုးရနှင့် ရေရှည် အချိတ်အဆက်များရှိခဲ့ပြီး မြန်မာပြည်တွင် စတော့အိတ်ချိန်းတခု ကူညီထူထောင်ပေးရန် ရွေးချယ်ထားသော ကော်ပိုရေးရှင်းလည်း ဖြစ်သည်။
ရိုက်တာနှင့် တွေ့ဆုံမေးမြန်းတခုတွင် ဒိုင်ဝါ သုတေသန အင်စတီကျု (Daiwa Institute of Research) ဥက္ကဋ္ဌ တာကာရှီ ဖူကိုင် (Takashi Fukai) က ပါနာဆိုးနစ် (Panasonic)၊ တိုရှီဘာ (Toshiba)၊ ဟိတချိ (Hitachi)၊ NEC နှင့် KDDI ကော်ပိုရေးရှင်းများကလည်း ဤစီမံကိန်းတွင် ပူးပေါင်းပါဝင်၍ နည်းပညာနှင့် ဝန်ဆောင်မှုများပေးရန် စိတ်ဝင်စားမှုပြခဲ့သည်ဟု ဆိုသည်။
DSG ၏ အစီအစဉ်အရ မြန်မာနိုင်ငံရှိ အစိုးရဝန်ကြီးဌာနများ အပါအဝင် ကျောင်းများ၊ ဆေးရုံများအားလုံးသည် Cloud Computing System အောက်တွင် အပြန်အလှန် အချိတ်အဆက် ရှိသွားကြမည်ဖြစ်သည်။ လျှပ်စစ်စွမ်းအားနှင့် ကွန်ရက်အင်ဂျင်နီယာများ လုံလောက်မှုမရှိသော မြန်မာနိုင်ငံတွင် ဤစနစ်သည် ပုံမှန်လုပ်ရိုးလုပ်စဉ် ဆာဗာအခြေပြုစနစ်ထက် ပို၍ အကုန်အကျ သက်သာပြီး ဆက်သွယ်ရာတွင် ပိုမိုလျင်မြန်သော ရွေးချယ်စရာ အခြားနည်းလမ်းတခုဖြစ်သည်။
ယန်း ၃၀ ဘီလီယံ (ဒေါ်လာ ၃၈၄ မီလီယံ) ကုန်ကျမည်ဟု ခန့်မှန်းထားသော ကွန်ပျူတာစနစ်အား နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့များရှိ ဗဟိုဘဏ်ဌာနခွဲများတွင် စတင်တည်ဆောက်သွားမည်ဟု တာကာရှီ ဖူကိုင်က ပြောသည်။
မြန်မာနိုင်ငံတွင် စတော့အိတ်ချိန်းတခု ထူထောင်ရန်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် တိုကျို စတော့အိတ်ချိန်း (Tokyo Stock Exchange – TSE) တို့ ပြီးခဲ့သည့် မေလကုန်၌ သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သဖြင့် ဤ ဒေါ်လာ သန်း ၃၈၀ ရင်းနှီး မြှုပ်နှံမှုကြောင့် DSG အနေနှင့် မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံအကြား အဓိက ဆက်သွယ်ရာလမ်းကြောင်း ဖြစ်လာရေးတွင် ပို၍  အထောက်အကူဖြစ်စေလိမ့်မည်။ ယင်း စတော့အိတ်ချိန်းစီမံချက်တွင် DSG နှင့် TSE တို့သည် အကျိုးတူစီးပွားဖက်များ ဖြစ်ကြသည်။
ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (Japan International Cooperation Agency) က ငွေကြေးထောက်ပံ့သည့် ဘဏ်တွင်းလုပ်ငန်းအခြေချစနစ် (Intrabank Settlement System) ဆိုင်ရာ လေ့လာမှုတခုကိုလည်း ဖုဂျစ်စု (Fujitsu) နှင့် NTT Data ကုမ္ပဏီများက စတင်ဆောင်ရွက်လျှက်ရှိသည်။
DSG က အကျိုးတူအဖြစ် ဖက်စပ်ဆောင်ရွက်လျှက်ရှိသော သေးငယ်သည့် စတော့ဈေးကွက်အား လုပ်ငန်းအပြည့်အဝ ပီပီပြင်ပြင်ဆောင်ရွက်နိုင်သည့် အချက်အချာတခုအဖြစ် အသစ်ပြန်လည်ပြု ပြင်ရန် ယန်း ၂ ဘီလီယံခန့် ကုန်ကျလိမ့်မည်ဟု တာကာရှီ ဖူကိုင်က ပြောသည်။
စတော့ဈေးကွက်သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအား မြန်မာနိုင်ငံသို့ ဆွဲခေါ်ရာတွင် အထောက်အကူ ဖြစ်စေမည့်အပြင် ယင်း စတော့ဈေးကွက်အား ၂၀၁၅ ခုနှစ်တွင် အပြီးသတ်ထူထောင် လည်ပတ်နိုင်လိမ့်မည်ဟုလည်း ၄င်းက ဆိုသည်။
ထို့ပြင် ယင်းစတော့ဈေးကွက်တွင် ပါဝင်ရန် သဘာဝဓာတ်ငွေ့ကုမ္ပဏီတခု၊ သတ္တုတူးဖော်ရေး ကုမ္ပဏီတခုနှင့် စိုက်ပျိုးရေးလုပ်ငန်း တခုအပါအဝင် မြန်မာ ကုမ္ပဏီ ၂၀ ကျော်အား DSG က ချဉ်းကပ်ခဲ့ပြီးဖြစ်ကြောင်းလည်း တာကာရှီ ဖူကိုင်က ပြောသည်။
ဗီယက်နိုင်ငံကဲ့သို့ မြန်မာနိုင်ငံတွင်လည်း သက္ကရာဇ် ၂၀၂၀ တွင် ယင်းစတော့ဈေးကွက်၌ ကုမ္ပဏီ ၁၈၀ မှ ၃၀၀ အထိ ရောင်းဝယ်ကြလိမ့်မည်ဟု မျှော်လင့်ထားကြောင်း ၄င်းက ဆက်ပြောသည်။ အကယ်၍ ယင်းစတော့ဈေးကွက်တွင် စာရင်းသွင်းထားသော ကုမ္ပဏီ အရေအတွက် ၃၀၀ ရှိပါက အမြတ်ငွေ ယန်း ၁ ဘီလီယံခန့် ရလိမ့်မည်ဟု ၄င်းက ဆိုသည်။
DSG အနေနှင့်  မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများကို စီမံခန့်ခွဲနိုင်ရန်အတွက် ဆော့ဖ်ဝ်ကုမ္ပဏီဖြစ်ပြီး မြန်မာ  ကွန်ပျူတာ အသင်းချုပ် (Myanmar Computer Federation) ဥက္ကဋ္ဌ ဦးသိန်းဦး ပိုင် ACE Data Systems ကုမ္ပဏီနှင့် လာမည့်အောက်တိုဘာလမှစ၍ ဖက်စပ်ကုမ္ပဏီတခု ထူထောင်သွားရန် အစီအစဉ်ရှိသည်ဟုလည်း သိရသည်။

ကလေး အလုပ်သမားများ ဆန္ဒပြမှု အောင်မြင်


မန္တလေးစက်မှုဇုန်ရှိVe Ve အချိုရည် စက်ရုံတွင်အလုပ်လုပ်နေသောကလေးအလုပ်သမားများ အပါအဝင် အလုပ်သမား ၁၀၀ ကျော်သည် လုပ်ခ လစာနှင့် အခွင့်အရေးများ အပြည့်အ၀ မရရှိသည့်အတွက်ယမန်နေ့က ထိုင် သပိတ်မှောက်ပြီး ဆန္ဒပြ တောင်းဆိုမှုများပြုလုပ်ခဲ့ရာ အောင်မြင်ခဲ့ကြောင်းယင်းစက်ရုံတွင် အခြေခံ လုပ်ခလစာကိုကျပ် ၁ သောင်းခွဲခန့်သာပေးပြီး ဒဏ်ကြေးနှင့် လစဉ် ဖြတ်တောက်ကြေးများပြင်းထန် သည့်အတွက် အချက် ၁၃ ချက်ကို ဆန္ဒပြ တောင်းဆိုကြခြင်းဖြစ်ကြောင်းVeVe အချိုရည် စက်ရုံတွင်အသက်၁၂ နှစ်မှအသက်၁၈နှစ်အတွင်းအသက်မပြည့်သေးသည့်ကလေးအလုပ်သမား ၃၀ ကျော် ရှိကြောင်း ယင်း ကလေး အလုပ်သမား များသည်စားဝတ်နေရေးအဆင်မပြေသည့်အတွက်ကျောင်းမှထွက်ကာ အလုပ်ဝင်နေရခြင်း ဖြစ်သည်။ကျန် ဆန္ဒပြအလုပ်သမားများမှာ အသက် ၂၀ ဝန်းကျင်ခန့်သာ ရှိကြောင်း နိုင်ငံတကာ အလုပ်သမားအဖွဲ့ (ILO) ၏ အဓိပ္ပာယ် သတ်မှတ်ချက်တွင် အသက် ၁၈ နှစ်အောက် အရွယ် အလုပ်လုပ်လျှင် ကလေး အလုပ်သမား အဖြစ် သတ်မှတ်ပြီး ယင်း ကလေး အလုပ်သမားများသည် မိဘ၏ ခွင့်ပြုချက်ရရှိပြီး ၎င်းတို့၏ ကျောင်းချိန်ပြင်ပတွင် ပညာရေးကို မထိခိုက်စေဘဲ မိသားစုအတွက် အထောက်အပံ့ ရ၍သော်လည်းကောင်း၊ ကလေးအတွက် မုန့်ဖိုး ရှာသည့် အနေဖြင့် သော်လည်းကောင်း အလုပ်လုပ်နိုင်ကြောင်း၊ သို့ရာတွင် ၎င်းတို့ အလုပ်လုပ်သည့် ပတ်ဝန်းကျင်သည် ကလေးများအတွက် ကျန်းမာရေး ထိခိုက်သည့်နေရာ၊ ကလေးအရွယ်နှင့် မတန်တရာ ခိုင်းစေသည့် နေရာ မဖြစ်သင့်ကြောင်း၊ ထို့အပြင် ကြီးပြင်းလာသည့် အချိန်တွင် ပတ်ဝန်းကျင် အတွက် အကျိုးကျေးဇူး ဖြစ်ထွန်းစေမည့် စိတ်ဓာတ် ပျက်ပြားသော အလုပ်မျိုး ကလေးအလုပ်သမား များအား မခိုင်းစေသင့်ကြောင်း ဖော်ပြပါရှိသည်။
ယမန်နေ့ထုတ် ကြေးမုံသတင်းစာတွင်မူ မြန်မာနိုင်ငံ အလုပ်သမား ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်၏ ပြောကြားချက်ကို ကိုးကားကာ အသက် ၁၅ နှစ်အောက် ကလေး အလုပ်သမားများကို တနေ့ ၄ နာရီထက် ပို၍ အလုပ်မခိုင်းသင့်ကြောင်း ရေးသားထားသည်။အလုပ်သမားဝန်ကြီးဌာနက စက်ရုံဝန်ထမ်းများကို အခြေခံ လစာကျပ်၅၆၇၀၀ဟုသတ်မှတ်ပေးထားသော်လည်းVeVeအချိုရည်စက်ရုံတွင်တာဝန်ထမ်းဆောင်နေသည့်အလုပ်သမားများမှာလစာကျပ်အပြင် အချိန်ပိုကြေးနှင့် ပေါင်းမှ တလ ကျပ် ၅၀၀၀၀ ခန့်သာ ရရှိကြသည်။ရက်မှန်ကြေး ၁၃၀၀၀ သတ်မှတ်ပေးထား သော်လည်းတလအတွင်းတနင်္ဂနွေ တရက်ပျက်လျှင်ကျပ် ၈၀၀၀ ဖြတ်တောက်ကြောင်း၊ကြားရက် တရက်ပျက်လျှင် တပြားမှ မရရှိတော့ကြောင်း ဆန္ဒပြ အလုပ်သမားများကပြောသည်။အဆိုပါစက်ရုံရှိအလုပ်သမား များသည်တရက်လျှင်၁၂ နာရီအလုပ်လုပ်ရပြီးတနင်္ဂနွေနေ့တိုင်း၂၄ နာရီအလုပ်လုပ် ကြရကြောင်း၊အချိန်ပို ဆင်းရသည့်တွက်တခြားခံစားခွင့်မရှိဘဲတလလျှင်အချိန်ပိုကြေးကျပ်ငါးထောင်ခန့်ပင်မရကြောင်း ဆန္ဒပြသည့်အလုပ်သမားများထံမှသိရသည်။စက်ရုံတွင်အချိုရည်ဗူးများကိုထုပ်ပိုးရင်း မတော်တဆ အချိုရည်တဗူး ပေါက်သွားပါကကျပ် ၅ ထောင်ဒဏ်ရိုက် ကြောင်းလည်းဝန်ထမ်းများက ဆိုသည်။Ve Ve အချိုရည်စက်ရုံမှအလုပ်သမားတာဝန်ခံကအလုပ်သမားကလေးများကိုရိုင်းပြစွာဆဲဆို၍အုပ်ချုပ်ကြောင်း၊ထမင်းကိုလည်းအချိန်မှန်မစားရဘဲအလုပ်လုပ်ကြရကြောင်းသိရသည်။ယမန်နေ့က အလုပ်သမားများ ဆန္ဒပြမှုနှင့် ပတ်သက်၍မြို့နယ်အလုပ်သမားဦးစီးဌာန၊အလုပ်ရှင်နှင့်အလုပ်သမား ခေါင်းဆောင်၁၀ ဦးတို့ ညှိနှိုင်း ဆွေးနွေးခဲ့ရာတောင်းဆိုမှု အားလုံးရရှိခဲ့သည်။တောင်းဆိုသည့် အချက် ၁၃ ချက်တွင်ပါရှိသော နိုင်ငံတကာ စံချိန်စံနှုန်းအတိုင်း တရက် ၈ နာရီသာ အလုပ်ဆင်းရေး၊ အခြေခံ လုပ်ခလစာ အပြည့်အဝရရှိရေး၊ အလုပ်သမားများအား ကျန်းမာရေး စောင့်ရှောက်မှုပေးရေး စသည့်အချက်များ အပါအဝင် အချက်အားလုံး ရရှိပြီဖြစ်ကြောင်း၊ အချိန်ပိုကြေး အပါအဝင် တလ ကျပ် ၁ သိန်းခန့် လစာ ရရှိမည်ဖြစ်ကြောင်း မန္တလေးမြို့ပြည်ကြီးတံခွန်မြို့နယ်စက်မှုဇုန်တွင်စက်ရုံ ၁၀၀၀ ကျော် ရှိသည့်အနက်အလုပ်သမား ဆန္ဒပြသည့်စက်ရုံ ၄ ရုံရှိပြီဖြစ်သည်။ယင်းစက်ရုံများမှာအောင်စိန် ချည်မျှင်နှင့် အထည်စက်ရုံ၊နေတံဆိပ်ဓာတ်ခဲစက်ရုံ၊ရသာကောင်း ချိုချဉ်စက်ရုံနှင့်VeVe အချိုရည် စက်ရုံတို့ဖြစ်ကြောင်း သိရသည်။

မုံရွာ ကြေးနီစီမံကိန်း ဒေသတွင်း ညမထွက်ရအမိန့် ရုပ်သိမ်းရေး ဆန္ဒပြမည်


မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းဒေသတွင် ဇူလိုင်လ ၁၅ ရက်နေ့မှ စတင်၍ ညမထွက်ရ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် နယ်မြေတွင် ယမန်နေ့ညက သေနတ် ပစ်ဖောက်မှု သို့သော် ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ကြောင်း၊ ရွာအနီး ဖြတ်သန်းသွားလာသူများကို ခြိမ်းခြောက်၍ ပစ်ခတ်ခြင်းဖြစ်နိုင်ကြောင်း၊ သို့သော် ရွာသူ ရွာသားများမှာ ထိပ်လန့်နေကြကြောင်း အဆိုပါ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် ဒေသတွင် ကြေးနီ စီမံကိန်းအတွက် ဒေသအနီးတ၀ိုက်ရှိ ကျေးရွာ ပေါင်း ၂၆ ရွာကို စီမံကိန်းနယ်မြေအဖြစ် ၂၀၁၀ ပြည့်နှစ်က မတရား သတ်မှတ် သိမ်းပိုက်ခဲ့ကြောင်း၊ စီမံကိန်းနှင့် အနီးဆုံး ကျေးရွာ ၄ ခုကိုလည်း မြေအစား လျှော်ကြေးမပေးခဲ့ဘဲ စိုက်ပျိုးသီးနှံ လျှော်ကြေးသာ ပေးခဲ့ပြီး သိမ်းပိုက်ခဲ့ကြောင်း၊ တချို့ရွာသားများက ပြောင်းရွှေ့မပေးဘဲ နေခဲ့ကြပြီး မြေယာအငြင်းပွားလျက် ရှိနေကြောင်း မုံရွာကြေးနီ စီမံကိန်းသည် မြန်မာနိုင်ငံတွင် အကြီးဆုံး ကြေးနီ စီမံကိန်းတခုဖြစ်ပြီး ယခင် မြန်မာအစိုးရ အမှတ် (၁) သတ္ထုတွင်း ၀န်ကြီးဌာနနှင့် ကနေဒါအခြေစိုက် အိုင်ဗင်ဟိုး ကုမ္ပဏီ (Ivanhoe Mines) တို့ ပူးပေါင်းဖွဲ့ စည်းထားသော မြန်မာ အိုင်ဗင်ဟိုး ကြေးနီ ကုမ္ပဏီလီမိတက် (Myanmar Ivanhoe Copper Company Limited – MICCL) က ၂၀၀၉ ခုနှစ် မတိုင်မီက လုပ်ကိုင်ခဲ့သည်။MICCL ကို အမေရိကန် ပြည်ထောင်စု ဘဏ္ဍာရေး ၀န်ကြီးဌာနက တားမြစ် ကုမ္ပဏီများ စာရင်းတွင် ၂၀၀၉ ခုနှစ်က သတ်မှတ်ခံရသည့်အတွက် အိုင်ဗင်ဟိုး ကုမ္ပဏီမှာ မြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့သည်။
ထိုသို့ ထွက်ခွာသွားပြီးနောက် တရုတ်-မြန်မာ ဖက်စပ် ကုမ္ပဏီတခုဖြစ်သော Myanmar Wan-Bao Mining Copper Ltd နှင့် ဦးပိုင်လိမိတက်တို့က ယခုအခါ ပူးပေါင်း လုပ်ကိုင်နေသည်။မုံရွာ ကြေးနီ စီမံကိန်းအတွက် ၂၀၁၂ ခုနှစ် မေလ က လယ်ယာမြေ ဧကပေါင်း ၇၈၆၈ ခန့်ကို နိုင်ငံပိုင် မြေဖြစ်သဖြင့် လျော်ကြေးပေး၍ သမ္မတအမိန့်ဖြင့် သိမ်းပိုက်ခြင်းဖြစ်သည်ဟု ကုမ္ပဏီ တာဝန်ခံများနှင့် ဒေသဆိုင်ရာ အာဏာပိုင်များက ရွာသူ ရွာသားများကို ပြောဆိုခဲ့ကြောင်း ဒေသခံ တောင်သူများက မကျေနပ်၍ ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့က ၃ ရက်နေ့ထိ ဆန္ဒပြမှု ဖြစ်ပွားခဲ့ပြီးနောက် စီမံကိန်း လုပ်ကိုင်နေသူ တာဝန်ခံများနှင့် ကြားဝင် ညှိနှိုင်းကြရာတွင် နားလည်မှုတခု ရခဲ့ကြောင်း ထို့သို့ လက်မှတ်ရေးထိုးပြီး နောက်ပိုင်း တရုတ်ကုမ္ပဏီက လုပ်ငန်းများ လုံးဝ နီးပါးရပ်သွားကြောင်း၊ အတည်မပြုနိုင်သော်လည်း ထွက်ပေါ်နေသော သတင်းများအရ ၆ လ နားမည်ဖြစ်ပြီး အဆိုပါ ကာလအတွင်း ညှိနှိုင်းဆောင်ရွက်မည်ဟု ကြားနေရကြောင်း၊ တရုတ် ကုမ္ပဏီက အလံများပါ ဖြုတ်ပစ်လိုက်ပြီး လုပ်ငန်း ရပ်ဆိုင်းထားကြောင်း၊ သို့သော် ဦးပိုင်လီမိတက်က ဆက်လုပ်လျက် ရှိပြီး ယခု နောက်ဆုံး ဦးပိုင်၏ ဖိအားဖြင့် ဇူလိုင်လ ၁၅ ရက်နေ့က စတင်ပြီး အဆိုပါ ဒေသတ၀ိုက်ကို ဒေသအာဏာပိုင်တို့က ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ကြောင်း ထို့အပြင် မတရား မြေသိမ်းရုံမျှမက အဆိုပါဒေသတွင် ပုဒ်မ ၁၄၄ ပါ ထုတ်ပြန်ခဲ့သည့်အတွက် မကျေမနပ်ဖြစ်နေသူ ဒေသခံ တောင်သူ ၅၀၀ ကျော်တို့ကလည်း ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်ကို သက်ဆိုင်ရာသို့ ယနေ့ တင်ပြလိုက်ကြောင်း သိရသည်။ဆန္ဒပြရန်အတွက် ၅ ရက် ကြိုတင်၍ ယနေ့ နေ့လယ်ပိုင်းက ဒေသခံ ရွာသားများက သက်ဆိုင်ရာသို့ တရားဝင် ဆန္ဒပြခွင့်ကို ဆန္ဒပြမည့် လမ်းကြောင်း၊ ဆန္ဒပြမည့် လူဦးရေ၊ ဆိုင်းဘုတ်များစသဖြင့် အသေးစိတ်ဖြင့် တင်ပြခဲ့ကြောင်း ကြွေးကြော်သံများမှာ ပုဒ်မ ၁၄၄ ရုပ်သိမ်းရေး၊ မြေယာအငြင်းပွားမှု ဖြေရှင်းမပြီးသရွေ့ စီမံကိန်း ရပ်ထားရေး၊ (၃) ဝက်မင်းဘုန်းကြီးကျောင်း ပြန်ဖွင့်ရေး၊ (၄) တောင်သူလယ်သမား အခွင့်အရေး အပြည့်ရရှိရေး၊ (၅) ကျေးရွာ ၄ ရွာ မပြောင်းရွှေ့ရေး၊ (၆) ယာမြေများ လွတ်လပ်စွာ လုပ်ခွင့်ရရေးတို့ ဖြစ်ကြောင်း သိရသည်။

မြန်မာ့ဆန် တင်ပို့မှု တရုတ် ရပ်ဆိုင်း


ဆန်အရည်အသွေး မပြည့်မီသောကြောင့် တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက မြန်မာ့ဆန် တင်ပို့မှုကို ရပ်ဆိုင်းလိုက်ကြောင်းနိုင်ငံတော်အနေဖြင့် ဆန်စပါးကို ရသင့်ရထိုက်သော ဈေးနှုန်းရရှိရေး၊ အရည်အသွေး ကောင်းစေရန် တိုးချဲ့စိုက်ပျိုးရေးများ ပြုလုပ်နိုင်မှသာ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာနိုင်မည် ဖြစ်ကြောင်း သူက ဆက်ပြောသည်။ထို့အပြင် မြန်မာ့ဆန် အရည်အသွေး မကောင်းခြင်းကြောင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်က တိုင်တန်းခြင်းများ ရှိလာပြီး မြန်မာပြည်မှ ဆန် တင်ပို့ခွင့် ပိတ်သည့်အထိ ဖြစ်လာကြောင်း မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောသည်။
ဆန်စပါး အရည်အသွေး ကောင်းမွန်စေရေးနှင့် ပက်သက်ပြီး ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေကလည်း စိုက်ပျိုးထုတ်လုပ်မှု အပိုင်း တိုးတက် ဖွံဖြိုးရေးအတွက် စိုက်ဧက တိုးချဲ့ စိုက်ပျိုးသည့် နည်းလမ်းအပြင် အထွက်နှုန်း ပိုမိုထွက်ရှိရန် နည်းစနစ် မှန်ကန်စွာ စိုက်ပျိုးသည့် နည်းလမ်း လိုအပ်ကြောင်း၊ အဓိက သွင်းအားစု ဖြစ်သည့် မျိုးကောင်းမျိုးသန့်များ ထုတ်လုပ် ရွေးချယ်စိုက်ပျိုးခြင်း၊ ခေတ်မီ စက်ကိရိယာများ အသုံးပြုခြင်း၊ လိုအပ်သည့် ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးများကို စနစ်တကျ အသုံးပြုခြင်း စသည်တို့ လိုအပ်ကြောင်း ခေတ်မီ ဆန်စက်များနှင့် ကြိတ်ခွဲမှသာ ဆန်အထွက်နှုန်း ကောင်းမွန်မည် ဖြစ်ပြီး ဆန် အရည်အသွေး ကောင်းမွန် ကာ ဈေးကွက်လည်း ၀င်မည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ၁၅ တန် အထက် ကြိတ်ခွဲနိုင်သည့် ဆန်စက်ကြီး ၁၂၀၀ ကျော်ခန့်ရှိပြီး ၂၅ မတ်တန် အထက် ကြိတ်ခွဲနိုင်သည့်ဆန်စက်၂၉၆ ခုရှိကြောင်း၊ စူပါ ၅ နှင့် စူပါ ၁၀၀ ကြိတ်ခွဲနိုင်သည့် စက် ၅၈ လုံးရှိပြီး ခေတ်မီ ဆန်စက်များ တိုးချဲ့ ဆောင်ရွက်သွားရန် လိုအပ်ကြောင်းမြန်မာနိုင်ငံ၏ ဆန် အရည်အသွေး အလွန် အားနည်းနေသောကြောင့် ပြည်ပရောင်းဈေးသည် တခြားနိုင်ငံများထက်ရာခိုင်နှုန်း ၃၀ မှ ၁၀၀ အတွင်း လျော့နည်း သည်ကိုတွေ့ရကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံမှ ဆန်စပါးကို ဦးစားပေး ဝယ်ယူခြင်း မရှိကြောင်း ၂၀၀၇-၂၀၀၈ ခုနှစ်တွင် ဆန်တန်ချိန် ၃ ဒဿမ ၃၈၅ သိန်း၊ ၂၀၀၈ -၂၀၀၉ ခုနှစ်တွင် ဆန်တန်ချိန် ၇ သိန်းခန့်၊ ၂၀၀၉ -၂၀၁၀ တွင် ဆန်တန်ချိန် ၈ ဒဿမ ၉ သိန်းခန့်၊ ၂၀၁၀ – ၂၀၁၁ တွင် ဆန်တန်ချိန် ၅ ဒဿမ ၃ သိန်းခန့်၊၂၀၁၁ – ၂၀၁၂ ခုနှစ်တွင် ဆန်တန်ချိန် ၇ ဒဿမ ၉ သိန်းကျော် ပြည်ပသို့ တင်ပိုခဲ့ရာ အရည်အသွေး အသားပေးသည့် ဆန်စပါး ဈေးကွက်ကို အခြေခံပြီး တင်ပို့နေသည့် နိုင်ငံများကဲ့သို့ လုပ်ဆောင်ရန် လိုအပ်ကြောင်း သိရသည်။
ယခုနှစ် ဧပြီလကုန်မှ ဇွန်လအထိ တရုတ် – မြန်မာ နယ်စပ်မှတဆင့် ဆန်တန်ချိန် ၉၇၇၉၄ နှင့် ဆန်ကွဲတန်ချိန် ၁၅၆၆ ပို့ခဲ့ကြောင်း စီးပွားကူးသန်း စာရင်းများအရ သိရသည်။ယခုလက်ရှိ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် အတူ ထိုင်းနိုင်ငံ ခရီးစဉ်တွင် လိုက်ပါသွားသည့် ပြည်ထောင်စု ၀န်ကြီး ဦးဝင်းမြင့်သည် ထိုင်းနိုင်ငံ ဆန်စပါး ထုတ်လုပ်သူများနှင့် တွေ့ဆုံဆွေးနွေးမည် ဖြစ်သည်။တရုတ်နိုင်ငံသည် မြန်မာ့ဆန်ကိုသာမက မြန်မာပြည်မှ အသားတင်ပို့မှုကိုလည်း အကန့်အသတ်မရှိ ပိတ်ပင်ထားသည်။


ကမ္ဘာ့ဘဏ် ဒု ဥက္ကဌ မြန်မာပြည်လာ ရုံးသစ် ဖွင့်မည်

 

ကမ္ဘာ့ဘဏ် ၏ အရှေ့အာရှနှင့် ပစိဖိတ် ဒေသဆိုင်ရာ ဒု ဥက္ကဌ မစ္စ ပါမီလာကော့စ် မြန်မာပြည်သို့ ဇူလိုင် ၃၀ ရက် မှ ဩဂုတ် ၁ ရက်အထိ လာရောက်ရန် ရှိသည်။ ခရီးစဉ်၏ အဓိကရည်ရွယ်ချက်မှာ ကမ္ဘာ့ဘဏ် ရုံးဖွင့်ပွဲသို့ တက်ရောက်ရန်ဖြစ်ပြီး မြန်မာ အစိုးရ အရာရှိများ၊ ဖွံ့ဖြိုးရေးဆိုင်ရာ အရာရှိများနှင့် တွေ့ဆုံ၍ လတ်တလော မြန်မာ့ပြုပြင်ပြောင်းလဲရေး ဆွေးနွေးမည်ဟု သိရသည်။ ဩဂုတ် ၁ ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲကို ရန်ကုန်တွင် ကျင်းပမည်ဟုလည်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်ထားသည်။


ချင်းဝိသေသတိုင်း ဥပဒေ ပြင်ဆင်ရန် ဆွေးနွေး

 

၁၉၄၇ ခုနှစ် ချင်းဝိသေသတိုင်း အက်ဥပဒေ ပြင်ဆင် ဖြည့်စွက်ရေး ဆိုင်ရာ ဆွေးနွေးပွဲကို ဇူလိုင် ၁၈ ရက်နေ့က ပြုလုပ်ကြောင်း သိရသည်။ ချင်းပြည်နယ် ဟားခါးမြို့ ပြည်ထောင်စုရိပ်သာ ၌ ကျင်းပသော ယင်းဆွေးနွေးပွဲတွင် အခြားသော ဥပဒေ ဆိုင်ရာများ ကိုလည်း ဆွေးနွေးကြောင်း၊ ဥပဒေများ ကို ခေတ်ကာလနှင့်အညီ ကျင့်သုံးနိုင်ရေးအတွက် ဖြစ်ကြောင်း သိရသည်။ ချင်းပြည်နယ် လွှတ် တော် ဥက္ကဌ ဦးဟောက်ခင်ခမ်း နှင့် မြို့နယ်အလိုက် ကိုယ်စားလှယ်များ တက်ရောက် ဆွေးနွေးကြကြောင်း အစိုးရ မြန်မာ့ အလင်း သတင်းစာ က ဖော်ပြသည်။


ရိုဟင်ဂျာအရေး EU ဆောင်ရွက်ဖွယ်ရှိ

 

မြန်မာနိုင်ငံတွင်းရှိ ရိုဟင်ဂျာ လူနည်းစုများအပေါ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ကျူးလွန်နေခြင်းများနှင့်ပတ်သက်ပြီး ရပ်တန့်ရေး အတွက် ဥရောပ သမဂ္ဂ(EU)က သံတမန်ရေး နည်းလမ်းအရ အရေးယူ ဆောင်ရွက်သွားဖွယ် ရှိကြောင်း သိရသည်။ ထို့အပြင် ရိုဟင် ဂျာများအပေါ် အကြမ်းဖက်မှု လုပ်ရပ်များကိုလည်း အနီးကပ် စောင့်ကြည့်နေကြောင်း EU နိုင်ငံခြားရေးနှင့် လုံခြုံရေး မူဝါဒ ဆိုင်ရာ အကြီးအကဲ ကက်သလင်း အက်ရှ်တန် ၏ ပြောခွင့်ရသူ Michael Mann က ပြောသည်ဟု Todays Zaman အင်တာနက် စာမျက်နှာ သတင်း၌ ဖော်ပြထားသည်။

ဦးအောင်မင်းနှင့် နိုင်ငံရေး ပါတီများ တွေ့ဆုံ


၁၉၉၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသား ပါတီများ အပါအ၀င် နိုင်ငံရေးပါတီ ၁၄ ပါတီ နှင့် အစိုးရ မီးရထား ၀န်ကြီး ဦးအောင်မင်းနှင့် စက်မှု ၀န်ကြီး ဦးစိုးသိန်းတိုသည် ယမန်နေ့က ရန်ကုန်မြို့တွင် တွေ့ဆုံကြောင်း သတင်းရသည်။ ဦးခွန်ထွန်းဦး ခေါင်းဆောင်သည့် SNLD ၊ ဇိုမီး အမျိုးသား ကွန်ဂရက်၊ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်၊ တစည ၊ အမျိုးသား ဒီမိုကရေစီ ပါတီသစ်၊ ကရင်ပြည်သူ့ပါတီ စသည့်ပါတီများ ပါဝင်ကြောင်း၊ လာမည့်အပတ် နေပြည်တော်၌ သမ္မတ ဦးသိန်းစိန်နှင့်တွေ့ဆုံရန်အတွက် အကြိုဆွေးနွေးခြင်း ဖြစ် ကြောင်း ၀န်ကြီး ဦးအောင်မင်း၏ ပြောဆိုချက်ကို ယမန်နေ့က လွတ်လပ်သော အာရှအသံ ရေဒီယိုသတင်းတွင် ထုတ်လွှင့် ထား သည်။ ဦးအောင်မင်း သည် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု ဥက္ကဌ လည်း ဖြစ်သည်။ ဇူလိုင် ၁၈ ရက်ကလည်း ဦးသိန်းစိန်နှင့် နိုင်ငံရေးပါတီ ၁၀ ပါတီမှ ခေါင်းဆောင်များ တွေ့ဆုံခဲ့သေးသည်။


ဆီးဂိမ်းတွင် မြန်မာ ရွှေတံဆိပ် ၁၀၀ ကျော် ရရန် အားကစားဝန်ကြီး မျှော်မှန်း

ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (SEA Games)ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် မြန်မာနိုင်ငံသည် ဘောလုံး အားကစားပြိုင်ပွဲ အပါအဝင် ရွှေဆုတံဆိပ်ပေါင်း ၁၀၀ ကျော် ရရှိနိုင်ရန်
မျှော်မှန်းထားသည်ဟု အားကစားဝန်ကြီး ဦးတင့်ဆန်းက တနင်္လာနေ့က နေပြည်တော် Mount Pleasant ဟိုတယ်တွင်ပြုလုပ်သည့် ‘၂၇ ကြိမ်မြောက် ဆီးဂိမ်းအောင်နိုင်ရေး စည်းဝေးပွဲ’ အပြီးမေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။


ဦးနေမျိုးဝေကို ဇေကမ္ဘာက အသရေဖျက်မှုဖြင့် ရုံးတော် ဦးတိုက်လျှောက်ထား

ဇေကမ္ဘာ ကုမ္ပဏီအား အသရေ ဖျက်မှုဖြင့် ကုမ္ပဏီ မန်နေဂျာက မင်္ဂလာဒုံမြို့နယ် တရားရုံး တွင် ဦးတိုက်လျှောက်ထားမှုနှင့် ပတ်သက်ပြီး ၎င်းအား ထောက်ကြံ့ရဲစခန်းမှ တနင်္လာနေ့ နံနက်တွင် ခေါ်ယူ စစ်ဆေးမေးမြန်းခဲ့ကြောင်း ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာ စံပြကျေးရွာမှ လယ်သိမ်းခံ လယ်သမားများအရေး ကူညီဆောင်ရွက်ပေးနေ သည့် ဦးနေမျိုးဝေ က ပြည်တွင်းထုတ် ဂျာနယ်များတွင် ဇေကမ္ဘာ ကုမ္ပဏီနှင့် ပတ်သက်သည့် ပြောဆိုမှုများကြောင့် ဂုဏ်သိက္ခာ ညှိုးနွမ်းအောင် လုပ်ဆောင်သည် ဆိုပြီး ကုမ္ပဏီဘက်မှ လျှောက်ထားခြင်း ဖြစ်သည်။ကျင့်ထုံးဥပဒေ ၂ဝ၂ (၁) အရ အသရေဖျက်မှု မြောက်/မမြောက် စစ်ဆေးရန် မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တနင်္ဂနွေနေ့က ရဲစခန်းသို့ လာရောက်ရန် အကြောင်းကြားလာ၍ သွားရောက် စစ်ဆေးမေးမြန်းခံခြင်း ဖြစ်သည်ဟု ဦးနေမျိုးဝေ က ပြောသည်။

ဇေကမ္ဘာ ကုမ္ပဏီက ၂ဝ၁ဝ ပြည့်နှစ်က လယ်ယာမြေကို အခြား အသုံးပြုခွင့် (လန ၃၉) ဖြင့် စက်မှုဇုန် လုပ်ကိုင်ရန် အတွက် ရွှေနံ့သာ စံပြကျေးရွာမှ လယ်ယာမြေများကို သိမ်းယူခဲ့ပြီး ဦးနေမျိုးဝေကမူ ထိုလယ်ယာမြေများသည် အိုးအိမ်ဦးစီးဌာနမှ (လန ၃၉) မကျသေးကြောင်း ပြည်တွင်းဂျာနယ်များသို့ ပြောကြားခဲ့သည်။ဇေကမ္ဘာ ကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေသည် မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ရွှေနံ့သာ၊ အပေါင်၊ ပေါင်းကူ စသည့်ကျေးရွာများမှ လယ်သမား ၈ဝ ကျော်၏ လယ်မြေဧက ၈၅ဝ ကျော်ကို ၂ဝ၁ဝ ပြည့်နှစ်အတွင်းက သိမ်းယူခဲ့ပြီး ၂ဝ၁၂ ခုနှစ် ဧပြီလတွင် လယ်ယာမြေ သီးစား လုပ်ကိုင်ခွင့် ရရန် လယ်သမားများနှင့် အပြိုင်လျှောက်ထားခဲ့ရာ ဇေကမ္ဘာဘက်က အနိုင်ရရှိခဲ့ သည်။လယ်သမားများဘက်ကလည်း ပုဒ်မ ၄၁၇ လိမ်လည်မှု၊ နိုင်ငံတော်အာဏာ အလွဲသုံးစားမှုတို့ဖြင့် ဇေကမ္ဘာ ကုမ္ပဏီ ပိုင်ရှင် ဦးခင်ရွှေကို တရားစွဲထားပြီးနောက် ယခုကဲ့သို့ လယ်သမားအရေး ကူညီဆောင်ရွက်ပေးသူ ဦးနေမျိုးဝေကိုဇေကမ္ဘာဘက်က ပြန်လည် တရားစွဲဆိုရန် စီစဉ်ခြင်း ဖြစ်သည်။
တရားရုံး၏ ညွှန်ကြားချက်ကို ရဲစခန်းက စစ်ဆေးပြီးနောက် ရရှိသည့် အချက်အလက်အပေါ် အခြေခံကာ တရားစွဲဆိုရင် သင့်/မသင့် တရားရုံးဘက်က ဆုံးဖြစ်မည် ဖြစ်သည်။

အစားထိုး ခရီးသည်တင် ယာဉ်သစ်များ ပြေးဆွဲရန် မရေရာသေး

သစ်တင်သွင်းလာသော ခရီးသည်တင် ယာဉ်များအား အထူးယာဉ်လိုင်းအဖြစ် ရန်ကုန်မြို့ တွင်း ပြေးဆွဲခွင့် ပြုရန် မသေချာသေးကြောင်း မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ဗဟိုကော်မတီ (မထသ)က ဆိုသည်။  တင်သွင်းထားသည့် ကားများသည် စစ်ကျန်ဘတ်စ် အစားထိုးယာဉ်များ ဖြစ်သည့်အပြင် အခြေခံ လူတန်းစားများ အတွက် ရည်ရွယ်ထားပြီး အထူးယာဉ်လိုင်းအဖြစ် ပြေးဆွဲခွင့် မပြုကြောင်း ရန်ကုန်တိုင်း အစိုးရအဖွဲ့က မထသ(ဗဟို)ကို အကြောင်းကြားစာ ပို့ထားကြောင်း
အစားထိုး တင်သွင်းလာသည့် ခရီးသည်တင် ယာဉ်များအနက် CNG ဝယ်ယူခွင့် ပြန်လည်ရရှိထားသည့် ယာဉ်အစီးရေ ၃ဝ အနက် ၁၆ စီးကို (၃၁) သီးသန့်လိုင်းအဖြစ် ဇူလိုင်လ ၃ ရက်နေ့မှ စတင်၍လည်းကောင်း၊ ၁၄ စီးကို (၅၇) သီးသန့် လိုင်းအဖြစ် ဇူလိုင်လ ၅ ရက်နေ့မှ စတင်၍လည်းကောင်း စတင်ပြေးဆွဲစေခဲ့သည်။
ကျန်ရှိနေသေးသည့် ယာဉ်အသစ် ၂၃ စီးကိုလည်း စစ်ကျန် ဘတ်စ်လိုင်း ဖြစ်သည့် အမှတ် (၄ဝ) နှင့်(၃၆) လိုင်းတို့နေရာတွင် အစားထိုးပြေးဆွဲရန် စီစဉ်လျက်ရှိကြောင်းအစားထိုး ခရီးသည်တင် ယာဉ်အသစ်များကို ယခုနှစ် ဖေဖော်ဝါရီလ ဆန်းပိုင်းမှ စတင်၍ တင်သွင်းခဲ့ရာ ယနေ့အထိ ၅၃ စီး တင်သွင်းပြီးဖြစ်သော်လည်း အသုံးပြု မောင်းနှင့်ရမည့် CNG ကို မေလဆန်းပိုင်းမှသာ ဝယ်ယူခွင့် ရရှိခဲ့သည်။ခရီးသည် တင်ယာဉ် ၂၇၂ စီးမှာ ယာဉ်ဟောင်း အပ်နှံချိန်တွင် CNG အိုးများ အပ်နှံခြင်း ပြုလုပ်ထားခဲ့သော်လည်း CNG ပြန်လည် ဝယ်ယူခွင့် ရရှိမှုမှာမူ ယခုအချိန်အထိ ယာဉ်စီးရေ ၃ဝ သာ ရှိသေးသည်။သို့သော် ညွှန်ကြားချက် ထွက်ရှိလာချိန်တွင် အစားထိုး ခရီးသည်တင် ယာဉ်များကို အထူးယာဉ်လိုင်းအဖြစ် မပြေးဆွဲရန်နှင့် ခရီးစဉ်အပိုင်းလိုက် သတ်မှတ်၍ ယာဉ်စီးခ ကောက်ခံရန် ညွှန်ကြားလာသည့်အတွက် အကုန်အကျခံ ပြင်ဆင်ထားမှု များ အကျိုးမဖြစ်ခဲ့ကြောင်း
သိရသည်။


ဒီမိုကရေစီစနစ် မှန်မှန်ကန်ကန်နှင့် အနှစ်သာရရှိရှိ ကျင့်သုံးနိုင်ရန်အတွက် စတုတ္ထမဏ္ဍိုင် ဖြစ်သည့် စာပေစာနယ်ဇင်းများ အနေဖြင့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင်(၃) ရပ်ကို ထိန်းကျောင်း တည့်မတ်ပေးဖို့ လိုအပ်ကြောင်း စတုတ္ထမဏ္ဍိုင်၏ စောင့်ကြည့်၊ ထောက်ပြထိန်းကျောင်းမှုများ အပေါ် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင်အသီးသီးက သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် မည်သူရဲ့ တိုက်တွန်းမှုမျှမပါဘဲ အလေးထား၊ အရေးယူ၊ လိုက်နာ၊ ပြုပြင်၊ ညှိနှိုင်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ ယင်းသို့ဆောင်ရွက်နိုင်ရန် အတွက် ဆိုင်ရာကဏ္ဍအလိုက် လေ့လာ စောင့်ကြည့်စိစစ်ရေးအဖွဲ့များ ဖွဲ့စည်းပြီး စနစ်တကျ အရေးယူဆောင်ရွက် ပေးနိုင်မည်ဆိုပါက ထိရောက်အောင်မြင်မည်ဖြစ်ကြောင်း
လက်ရှိ သတင်းစာများသည်လည်း စာနယ်ဇင်းမီဒီယာများ၏ တင်ပြချက်၊ အကြံပြုချက်၊ ဝေဖန်ချက်များအပေါ် သက်ဆိုင်ရာ ကဏ္ဍအသီးသီးက ပြန်လည်သုံးသပ်စိစစ်ပြီး အရေးယူဆောင်ရွက်မှုများ ဆောင်ရွက်လျက်ရှိပြီး ယနေ့ထုတ်ဝေနေသည့် နိုင်ငံပိုင် သတင်းစာများတွင် အယ်ဒီတာ့ထံ ပေးစာများနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသည့်ဌာနဆိုင်ရာ အသီးသီးက အရေးယူ ဆောင်ရွက်ကာ ပြီးစီးသည်နှင့် အယ်ဒီတာ့ထံ ပေးစာမှတဆင့်ပြန်လည် ဖြေရှင်းပေးလျက်ရှိပြီး၊ ပြည်သူတွေရဲ့ အကြံပြုတင်ပြချက်များကိုလည်း သတင်းစာများတွင် ပြည်သူ့အတွက် ပြန်ကြားချက်သဘောမျိုး ကဏ္ဍများဖွင့်လှစ်၍ အရေးယူ ဆောင်ရွက်ထားမှုများကို ပြန်ကြားပေးလျက်ရှိကြောင်း ဇူလိုင်လ ၂၃ ရက်နေ့က ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးစိုးဝင်း က ပြောကြားခဲ့သည်။


ရိုဟင်ဂျာများနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတကြီး၏ ပြောဆိုချက်ကို ထောက်ခံသည့်အနေဖြင့် ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့တွင် နိုင်ငံတော်အလံများ လွှင့်ထူ


ရိုဟင်ဂျာများနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတကြီး၏ ပြောဆိုချက်ကို ထောက်ခံသည့်အနေဖြင့် ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့ရှိ နေအိမ်များ၊ ဈေးဆိုင်များ၊ ဆိုင်ကယ်များ၊ ဆိုက္ကားများနှင့် ကားများတွင် နိုင်ငံတော်အလံကို ဇူလိုင်လ ၂၂ ရက်နေ့မှ ကိုးရက်တိုင်တိုင် လွှင့်ထူမည်ဖြစ်ကြောင်း ထိုသို့ လွှင့်ထူရခြင်းမှာ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က ကုသလမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဦးဆောင်သောအဖွဲ့နှင့် ဆွေးနွေးခဲ့ရာတွင် ပြောဆိုခဲ့သော စကားများကို ဂုဏ်ပြုသည့်အနေဖြင့် ထိုသို့ နိုင်ငံတော်အလံကို လွှင့်ထူကြခြင်းဖြစ်ကြောင်း သိရှိရပါသည်။
ရိုဟင်ဂျာများနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ''တိုင်းရင်းသားမဟုတ်ဘဲ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို လက်ခံရန် မည်သို့မျှ မဖြစ်နိုင်ကြောင်း၊ နောက်ဆုံးဖြေရှင်းသည့် နည်းလမ်းမှာ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို UNHCR သို့ အပ်နှံပြီး ဒုက္ခသည်စခန်းအဖြစ် ထားရှိရန်ဖြစ်ကြောင်း၊ UNHCR က ကျွေးမွေးစောင့်ရှောက်ပေးရန် ဖြစ်ကြောင်း၊ တတိယနိုင်ငံက လက်ခံမည်ဆိုလျှင် ပို့ပေးမည်ဖြစ်ကြောင်းနှင့် ဤသည်မှာ ပြဿနာဖြေရှင်းနည်းကို စဉ်းစားနေခြင်းဖြစ်ကြောင်း''ဟု  မြန်မာနိုင်ငံကို လာရောက်ခဲ့သည့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr.Antonio Guterres ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ပြောကြားခဲ့ခြင်းဖြစ်သည်။ယင်းအတွက် ဇူလိုင်လ ၂၂ ရက်နေ့ကစပြီး အိမ်များ၊ ဈေးဆိုင်များ၊ ဆိုင်ကယ်များ၊ ဆိုက္ကားများနှင့် ကားများတွင်  မြန်မာနိုင်ငံတော်အလံကို လွှင့်ထူထားကြပြီး ကိုးရက်ကြာ ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း စစ်တွေမြို့ခံများက ပြောကြားခဲ့သည်။ 

LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment