ကုလ ဝန်ထမ်းများ ဖမ်းဆီးထားမှု မြန်မာ ဖြေရှင်းရမည်ဟုဆို

ကုလသမဂ္ဂ ဝန်ထမ်းနှင့် အကူအညီပေးရေး လုပ်သား ၁ဝ ဦးအား ဇွန်လအတွင်းက ရခိုင်ပြည်နယ်တွင် အဘယ်ကြောင့် ဖမ်းဆီးခဲ့သည် ဆိုသည်ကို ရှင်းလင်းချက်ပေးရန် မြန်မာနိုင်ငံအား တောင်းဆို ထားသည်။ ထိုဝန်ထမ်းအချို့မှာ ပြစ်မှု ဆိုင်ရာ စွဲချက်များဖြင့်လည်း ရင်ဆိုင်နေရခြင်းဖြစ်သည်။

ကုလသမ္မဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ ပြောရေးဆိုခွင့် ရှိသူ အမျိုးသမီး Melissa Fleming က ဂျီနီဗာတွင် ကျင်းပခဲ့သည့် ကုလ အစည်းအဝေးတခု၌ ပြောကြားခဲ့ရာတွင် အဖမ်းဆီးခံ ဝန်ထမ်းများထဲတွင် UNHCR တွင် အလုပ်လုပ်နေသည့် မြန်မာနိုင်ငံသား သုံးဦးလည်း ပါဝင်သည်ဟု ဆိုသည်။ အသေးစိတ်ပြောကြားရန်ကိုမူ သူကငြင်းဆိုခဲ့သည်။

အခြား ကုလသမ္မဂ္ဂ ဝန်ထမ်းတဦးက ပြောဆိုရာတွင် အဖမ်းဆီးခံ ဝန်ထမ်း ၁ဝ ဦးအနက် ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် (WFP) မှ ဝန်ထမ်း သုံးဦး ပါဝင်ပြီး အချို့မှာ နယ်စည်းမခြား ဆရာဝန်များအဖွဲ့(MSF)မှဟု သိရသည်။

UNHCR မှ Antonio Guterres သည် လွန်ခဲ့သည့် အပတ်က မြန်မာ အရာရှိများနှင့် တွေ့ဆုံခဲ့ပြီး ရခိုင်ပြည်နယ်ရှိ ဗုဒ္ဓဘာသာဝင်များနှင့် မူဆလင်များ၏ ဆက်ဆံရေး ပြန်လည်ကောင်းမွန်စေရေးနှင့် ပတ်သတ်၍ မြန်မာ အစိုးရကို ကူညီရန် ကမ်းလှမ်းခဲ့သည်။ ဇွန်လအတွင်းက ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှုများ ဖြစ်ပွါးခဲ့ကာ ၇၉ ဦးအထိ သေဆုံး ခဲ့သည်ဟု သိရသည်။

Guterres အနေဖြင့် မြန်မာ သမ္မတ ဦးသိန်းစိန်နှင့် အခြား အရာရှိများအား အသိုင်းအဝိုင်း နှစ်ခု ပြန်လည်ပြေလည်ရေး အတွက် ကွဲပြားခြားနားသည့် အဆိုပြုချက် အမျိုးမျိုးကို တင်ပြခဲ့သည်ဟု ကုလ အရာရှိများက ဆိုကြသည်။ မြန်မာနိုင်ငံ ရှိ ရိုဟင်ဂျာ မူဆလင်များသည် နိုင်ငံသားဖြစ်ခွင့်နှင့် အခြား အခြေခံ အခွင့်အရေးများ ငြင်းပယ်ခြင်း ခံနေရပြီး ကုလသမ္မဂ္ဂက ထိုရိုဟင်ဂျာများသည် ကမ္ဘာပေါ်တွင် အဆိုးဝါးဆုံး ခွဲခြားဆက်ဆံခံနေရသူများတွင် ပါဝင်သည်ဟု ဆိုထားသည်။

UNHCR ၏ ပြောရေးဆိုခွင့် ရှိသူ Fleming က UNHCR အနေဖြင့် ရခိုင်ပြည်နယ်ရှိ မငြိမ်သက်သော အခြေအနေအား စိုးရိမ်မှုဖြင့် ဆက်လက် စောင့်ကြည့်နေသည်ဟု ဆိုသည်။

“ကျမတို့ အနေနဲ့ ရခိုင်ပြည်နယ်မှာ ရခိုင်တွေကိုရော မူဆလင်တွေကိုပါ ခွဲခြားမှု လုံးဝ မရှိဘဲ လူသားချင်း စာနာမှု ဆိုင်ရာ အကူအညီတွေကို ဆက်လက် ပေးအပ်နေကြောင်း ဖော်ပြချင်ပါတယ်” ဟု Fleming က ဆိုသည်။

ရိုဟင်ဂျာတို့၏ နယ်စပ်ဒေသကို ဖြတ်၍ ဘင်္ဂလားဒေ့ရှ် ဘက်သို့ ထွက်ပြေးမှု အခြေအနေများလည်း အရှိန်လျော့လာ ပြီဟု Fleming က ဆိုသည်။

“ကျမတို့ အနေနဲ့ ဒီအခြေအနေတွေကို သေသေချာချာ စောင့်ကြည့်နေပါတယ်။ အခြေအနေတွေ ပုံမှန် ပြန်ဖြစ်သွား လိမ့်မယ်။ ပြီးတော့ အသိုင်းအဝိုင်း နှစ်ခုရဲ့ ဆက်ဆံရေးတွေကို ပြန်လည် ထူထောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု သူက ဆိုသည်။

“ဒါပေမယ့် ရင့်မှည့်နေတဲ့ ပြဿနာတွေထဲက တခုကတော့ နိုင်ငံမဲ့မှု အခြေအနေပါပဲ။ “နိုင်ငံသား ဥပဒေဟာ လူမျိုးစု၊ မျိုးနွယ် (ethnicity) အနေအထား အပေါ် အခြေခံထားပြီး အဲဒီ့မှာ မူဆလင် ရိုဟင်ဂျာတွေ အပါအဝင် တချို့ အုပ်စုတွေကို ဖယ်ထုတ်ထားပါတယ်” ဟု Fleming က ဆိုသည်။

လက်ရှိ ဥပဒေအရ ရိုဟင်ဂျာမူဆလင်တွေဟာ နိုင်ငံသားဖြစ်ခွင့် ရရှိသင့်တာမို့ သူတို့ကို နိုင်ငံသားဖြစ်ခွင့် ပေးသင့် တယ်လို့ UNHCR အနေနဲ့ ယုံကြည်ကြောင်း Fleming က ပြောသည်။ နိုင်ငံအတွင်းမှာ ပုံမှန်ဘဝ တခု တည်ဆောက်နိုင်ဖို့လိုအပ်တဲ့ အခွင့်အရေးတွေကို သူတို့ ရရှိစေမယ့် တရားဝင် အခြေအနေလည်း ရှိသင့်တယ်လို့ Fleming က ဆိုသည်။

ကြာသပတေးနေ့က မောင်တောခရိုင် တရားရုံး၌ ကုလသမ္မဂ္ဂ ဝန်ထမ်း သုံးဦးသည် ၎င်းတို့၏ အမှုအတွက် တရားခွင်သို့ တက်ရောက်ခဲ့ကြောင်း သတင်းဖော်ပြခဲ့ပြီး ၎င်း ဝန်ထမ်း သုံးဦးအား ဇွန်လ အတွင်း၌ ဘာသာရေးဆိုင်ရာ အကြမ်းဖက်မှုများ ဖြစ်ပွါးခဲ့ချိန်တွင် နစက (နယ်စပ်ဒေသ စစ်ဆေးရေးနှင့် ကွပ်ကဲမှု ဌာနချုပ်)မှ ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။MSF မှ ဝန်ထမ်းတဦးသည်လည်း အဖမ်းခံခဲ့ရပြီး တရားခွင်သို့ တက်ရောက်ခဲ့ကြောင်း ထိုသတင်းနှင့် ပတ်သက်၍ သီးခြား အတည်ပြုချက်များ ရယူနိုင်ခြင်း မရှိကြောင်း

ကုလသမဂ္ဂနှင့် MSF တွင် တာဝန် ထမ်းဆောင် နေကြသည့် အကူအညီပေးရေး ဝန်ထမ်း စုစုပေါင်း ၁၂ ဦး ရခိုင်ပြည်နယ်တွင် အခင်းဖြစ်ပွါးနေစဉ် ကာလက ဖမ်းဆီးထိန်းသိမ်းခြင်းခံရကြောင်း ဖော်ပြခဲ့သည်။ ကုလသမဂ္ဂ အရာရှိများသည် မြန်မာနိုင်ငံခြားရေး ဝန်ကြီးနှင့် လွန်ခဲ့သည့် နှစ်ပတ်ခန့်က ကုလသမဂ္ဂ ဝန်ထမ်းများ အဖမ်းခံရသည့် ကိစ္စနှင့် ပတ်သတ်၍ နေပြည်တော် တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ သို့သော် ဆွေးနွေးပွဲ၏ ရလဒ်ကိုမူ မသိရှိရသေးပေ။ရိုက်တာ သတင်းဌာန၏ ဇွန်လ ၁၆ ရက် သတင်းတရပ်တွင်လည်း ဘူးသီးတောင် မြို့နယ်မှ ရဲတပ်ဖွဲ့ဝင်များသည် ကုလသမ္မဂ္ဂ ဒုက္ခသည် အေဂျင်စီမှ ဝန်ထမ်း နှစ်ဦးနှင့် WFP မှ ဝန်ထမ်း တဦး ၊ စုစုပေါင်း ကုလ ဝန်ထမ်း သုံးဦးအား ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ဖော်ပြခဲ့သည်။ ဖမ်းဆီးခံရသူ ဝန်ထမ်း သုံးဦးလုံးမှာ မြန်မာနိုင်ငံသားများ ဖြစ်ကြပြီး ဖမ်းဆီးထိန်းသိမ်းရခြင်း အကြောင်းကို မသိရှိရဟု ဖော်ပြထားသည်။  ဇွန်လ ၁၂ ရက်နေ့တွင် MSF အဖွဲ့က ရခိုင်ပြည်နယ်ရှိ ဒေသအချို့တွင် ၎င်း၏ လုပ်ငန်းများ ရပ်ဆိုင်းထားကြောင်းကြေညာခဲ့ပြီး ထိုသို့ရပ်ဆိုင်းရခြင်းမှာ ထိုဒေသများတွင် ၎င်း၏ ဝန်ထမ်းများ လုံခြုံမှု မရှိခြင်းကြောင့်ဟု ဆိုခဲ့သည်။

မြန်မာအစိုးရက ထုတ်ပြန်သည့် တရားဝင် စာရင်းဇယားများအရ ဇွန်လတွင် ဖြစ်ပွါးခဲ့သည့် အကြမ်းဖက်မှုများကြောင့် လူ ၇၉ ဦး သေဆုံးခဲ့ရပြီး သောင်းနှင့်ချီသော ဒုက္ခသည်များမှာ လုံခြုံသော ခိုလှုံရာများ ရှာဖွေခဲ့ရသည်ဟု ဆိုထားသည်။ အကြမ်းဖက်မှုများ ဆက်လက် ဖြစ်ပွါးနေစဉ်က နိုင်ငံတကာနှင့် ဒေသတွင်း အကူအညီပေးရေး အေဂျင်စီများသည် အစားအသောက်နှင့် ဆေးဝါးများ ပေးအပ်ရန်နှင့် နေရာထိုင်းခင်းများ စီစဉ်ပေးရန်အတွက် ဒေသတွင်းသို့ ဝင်ရောက် ခဲ့ကြသည်ဟု သိရသည်။

သောကြာနေ့က ကမ္ဘောဒီးယားနိုင်ငံ Siem Reap တွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီ ဟီလာရီ ကလင်တန်ကမြန်မာနိုင်ငံ အနောက်ပိုင်းရှိ ရိုဟင်ဂျာ မူဆလင်များ အရေးနှင့် ပတ်သတ်၍ ပြောကြားခဲ့သေးသည်။ ကလင်တန်ကပြောကြားရာတွင် အမေရိကန် အနေဖြင့် ရိုဟင်ဂျာများအား ပြည်တွင်းတွင် အိမ်ပစ်ရာပစ် ပြေးနေရသော ဒုက္ခသည်များ (IDPs) အဖြစ် စဉ်းစားသည်ဟု သတင်းများအရ သိရသည်။လွန်ခဲ့သည့် အပတ်အတွင်းတွင် မြန်မာ သမ္မတ ဦးသိန်းစိန်က UNHCR အနေဖြင့် ရိုဟင်ဂျာများအား တတိယနိုင်ငံ တနိုင်ငံသို့ ပြောင်းရွှေ့ အခြေချရေး သို့မဟုတ် ရိုဟင်ဂျာများအား UNHCR မှ တာဝန်ယူပေးရန် အကြံပေးပြောဆို ခဲ့သော်လည်း ကုလသမဂ္ဂက မသင့်လျော်ဟုဆိုကာ  ပယ်ချခဲ့သည်။

ကလင်တန်၏ ထိုကိစ္စ ပြောဆိုချက်နှင့် ပတ်သတ်၍ ဦးသိန်းစိန်၏ တုံ့ပြန်ချက်မှာ ထိုအခြေအနေအား “အလွန် အန္တရာယ်ကြီးသော [အခြေအနေ]” ဟု ဖော်ပြခဲ့ကြောင်း အမေရိကန် အရာရှိတဦးက ပြောခဲ့သည်။ အဖမ်းဆီးခံ ကုလသမဂ္ဂ ဝန်ထမ်းများ အတွက်လည်း စိုးရိမ်မိကြောင်း ကလင်တန်က ဖော်ပြခဲ့သည်။

ဖမ်းဆီးခံ ၀န်ထမ်းများအရေး ကုလနဲ့ မြန်မာအစိုးရ ညိနှိုင်း
 
ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့လအတွင်းက ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ဆက်နွယ်ပြီး၊ ကုလသမဂ္ဂနဲ့ အန်ဂျီအိုဝန်ထမ်းအချို့ ဖမ်းဆီးထိမ်းသိမ်းခံနေရတဲ့အပေါ် ကုလသမဂ္ဂအနေနဲ့ အာဏာပိုင်တွေနဲ့ ညိနှိုင်းဆောင်ရွက်နေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရုံးက ပြောပါတယ်။ တချိန်တည်းမှာပဲ ရခိုင်ဒေသအတွက် အကူအညီတွေကို လူမျိုး ဘာသာ ခွဲခြားမှုမထားပဲ အကူအညီတွေ  ဆက်ပေးသွားမယ်လို့ လည်း ပြောပါတယ်။
ကုလသမဂ္ဂနဲ့ ဆက်နွယ်တဲ့ အကူအညီပေးရေးလုပ်သား ၁၀ ဦး လောက်ဟာ ပြီးခဲ့တဲ့လက ရခိုင်ပြည်နယ် အဓိကရုဏ်းတွေနဲ့ ဆက်နွယ်ပြီး အာဏာပိုင်တွေရဲ့ ထိမ်းသိမ်းခြင်းကို ခံခဲ့ရတာပါ။ အကြမ်းဖက်မှုတွေနဲ့ ဆက်နွယ်နေတယ်ဆိုပြီး၊ အချို့ကိုတော့ တရားရုံးထုတ် စစ်ဆေးနေပြီလို့ သိရပါတယ်။ ကုလသမဂ္ဂ ၀န်ထမ်းအချို့ကို ဖမ်းဆီးထားတယ်ဆိုတာကိုတော့ မြန်မာအစိုးရဖက်က တရားဝင်ထုတ်ဖော်မပြောသေးပါဘူး။
ဒါပေမယ့် ကုလသမဂ္ဂဖက်ကတော့ လူသားချင်းစာနာကူညီရေးလုပ်ငန်းမှာ လုပ်နေတဲ့ ၀န်ထမ်းတွေ ဖမ်းခံထားရတယ်လို့ အတည်ပြုထားပါတယ်။ ဒီလူတွေရဲ့ အခြေအနေ ပိုသိရအောင်လို့ မြန်မာအာဏာပိုင်တွေနဲ့ ညိနှိုင်းဆောင်ရွက်နေတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရသူ MARTIN NESIRKY က မနေ့က ကုလသမဂ္ဂပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။
“လူသားချင်းစာနာကူညီရေးလုပ်ငန်းတွေမှာ လုပ်ကိုင်နေကြတဲ့ ၀န်ထမ်းအတော်များများကို မြန်မာအာဏာပိုင်တွေက ခေါ်ယူ ထိမ်းသိမ်းထားတာရှိပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ လူသားချင်းစာနာကူညီမှုဆိုင်ရာ ညှိုနှိုင်းရေးမှုးအနေနဲ့ မြန်မာအာဏာပိုင်တွေနဲ့ ဆက်သွယ်ပြီးတော့၊ အဲဒီ ထိမ်းသိမ်းခံထားရတဲ့ ကူညီရေးဝန်ထမ်းတွေနဲ့ပတ်သက်လို့ အခြေအနေတွေ ပိုသိရဖို့ ကြိုးပမ်းနေပါတယ်။ တုန့်ပြန်ချက်ရဖို့ စောင့်နေတုန်းပါ။”
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကလင်တန်ကလည်း ပြီးခဲ့တဲ့ရက်ကပဲ မြန်မာသမတဦးသိန်းစိန်နဲ့ ကမ္ဘောဒီးယားမှာလုပ်တဲ့ စီးပွားရေးညီလာခံအတွင်းတွေ့ဆုံစဉ်မှာ၊ ဖမ်းဆီးခံရတဲ့ အကူအညီပေးရေးလုပ်သားတွေနဲ့ပတ်သက်လို့ စိုးရိမ်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။
ထွက်ပြေးနေကြရတဲ့ ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာမွတ်ဆလင်တွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ကလည်း ဒုက္ခသည်အဖြစ် လက်မခံတာကြောင့် ရိုဟင်ဂျာတွေအပေါ် ဆက်ဆံမှုနဲ့ပတ်သက်လို့ နိုင်ငံတကာက မြန်မာရော ဘင်္ဂလားဒေ့ရှ်ကိုပါ ဝေဖန်နေတာပါ။ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Antonio Guterres ကိုယ်တိုင်လည်း မြန်မာနိုင်ငံမှာ သမတဦးသိန်းစိန်နဲ့ တွေ့ဆုံတော့၊ မွတ်ဆလင်တွေကို လက်ရှိ တည်ဆဲဥပဒေအတိုင်းပဲ နိုင်ငံသားဖြစ်ခွင့်ပေးဖို့ တိုက်တွန်းပြောခဲ့ပါတယ်။ ကျန်သူတွေကိုလည်း တိုင်းပြည်အတွင်း ပုံမှန်ဘ၀လို နေထိုင်ခွင့်ရဖို့ ဥပဒေအရ လိုအပ်သလို ဆောင်ရွက်ပေးသင့်တယ်လို့ တိုက်တွန်းသွားပါတယ်။
ရခိုင်ဒေသကိုလည်း ခွဲခြားမရှိပဲ အကူအညီတွေပေးသွားမှာ ဖြစ်တယ်လို့ UNHCR ဂျီနီဖာရုံး ပြောခွင့်ရသူ Melissa Fleming က ပြောခဲ့ပါတယ်။
“ကုလသမဂ္ဂအနေနဲ့ကတော့ ရခိုင်လူမျိုးတွေကိုရော မွတ်ဆလင်တွေကိုပါ ခွဲခြားမှုမရှိပဲ နှစ်ဖက်စလုံးကို လူသားချင်းစာနာမှုအကူအညီတွေ ဆက်ပေးသွားမှာပါ။ ဒါဟာ နှစ်ဖက်အသိုင်းအ၀ိုင်းအကြား ပြန်လည်သင့်မြတ်ရေးအတွက် အထောက်အကူဖြစ်မယ်လို့ ယူဆပါတယ်။ တရားဥပဒေစိုးမိုးမှုရှိပြီး လူ့အခွင့်အရေးအရ ချည်းကပ်ကိုင်တွယ်မယ့် အခြေအနေတွေကို မျှော်လင့်ထားပါတယ်။ ”
ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးအနေနဲ့ မြန်မာသမ္မတနဲ့ တွေ့စဉ်မှာ ဖမ်းဆီးခံထားရတဲ့ ကုလသမဂ္ဂ၀န်ထမ်းတွေ ကိစ္စကိုလည်း မေးမြန်းဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ဖမ်းဆီးခံရသူ ၀န်ထမ်း ၁၀ဦးထဲမှာတော့ UNHCR ၀န်ထမ်းက သုံးဦးဖြစ်ပြီးတော့၊ ကျန်သူတွေကတော့ အခြားကုလသမဂ္ဂအေဂျင်စီနဲ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတခုက ကူညီရေးလုပ်သားတွေဖြစ်ကြပါတယ်။ သူတို့ကို တွေ့ဆုံခွင့်လည်း တောင်းထားပြီး၊ ဒီအပေါ်မှာ မြန်မာအာဏာပိုင်တွေဖက်က တုန့်ပြန်မှုကို ကုလသမဂ္ဂဖက်က စောင့်ဆိုင်းနေတုန်းပဲလို့ သိရပါတယ်။


LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment