မြန်မာသတင်းများ  ဇူလိုင် ၂၇၊ ၂၀၁၂


ဆန္ဒပြ/ ဆန္ဒပြမည့် မြန်မာသတင်းများ


အလုပ်သမား ဆန္ဒပြမှုများနှင့် အလုပ်ထုတ်ခံရမှုများ ဆက်လက်ဖြစ်ပေါ်

အလုပ်သမားသမဂ္ဂများ တည်ထောင်၍ အလုပ်သမားများ၏ အခွင့်အရေးများကို တောင်းဆို လာခြင်းနှင့်အတူ ဦးဆောင် တောင်းဆိုသည့် အလုပ်သမားများ အလုပ်ထုတ်ခံကြရကြောင်း လတ်တလော ဖြစ်စဉ်တခုတွင် ရန်ကုန်တိုင်း၊ လှိုင်သာယာ စက်မှုဇုန်တခုရှိ ‘အရုဏ်ဦး’ ပီနံအိတ် စက်ရုံမှ အလုပ်သမား သမဂ္ဂ ခေါင်းဆောင်များ ဆက်တိုက်နီးပါး အလုပ်မှ ထုတ်ပယ်ခြင်း ခံရကြောင်း ဇွန်လအတွင်းက စက်ရုံ သမဂ္ဂ ဥက္ကဋ္ဌကို ထုတ်လိုက်ပြီး အစားထိုး ခန့်အပ်ခဲ့သူကိုလည်း ဇူလိုင်လ နှောင်းပိုင်းတွင် အလုပ်မှ ထုတ်ပယ်လိုက်သည်ဟု စက်ရုံအလုပ်သမားများက ဆိုသည်။

“လစ်လပ်သွားတဲ့ အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌ နေရာမှာ အစားထိုးထားတဲ့ ကိုကျော်သူနဲ့ အလုပ်သမား နှစ်ယောက်ကို တရုတ်လူမျိုး အလုပ်ရှင်နဲ့ စကားပြန်က အခု ဇူလိုင် ၂၁ ရက်နေ့မှာ ထပ်ထုတ်လိုက်ပါတယ်” ဟု ယင်းစက်ရုံမှ သမဂ္ဂဥက္ကဋ္ဌ ဟောင်းတဦးဖြစ်ခဲ့ပြီး အခြားအလုပ်သမား ၁ဝ ဦးနှင့်အတူ အလုပ်ထုတ်ခံလိုက်ရသူ ဦးဇော်ညွန့် က ပြောသည်။၎င်းက ဆက်လက်၍ “ဒီလို အလုပ်သမားသမဂ္ဂ ခေါင်းဆောင်တွေကို တယောက်ပြီး တယောက် အလုပ်ကနေ ထုတ်တာ အလုပ်သမား သမဂ္ဂ ဖွဲ့စည်းတာကို မကျေနပ်လို့ ထုတ်ပယ်တာ ဖြစ်ပါလိမ့်မယ်” ဟု ပြောသည်။

ထိုစက်ရုံတွင် အလုပ်သမား ၁၅ဝ ခန့် ရှိရာ အများစုမှာ မိန်းကလေးများဖြစ်ပြီး နယ်မှ လာရောက် လုပ်ကိုင်ကြကြောင်းနှင့် ဝန်ထမ်း စည်းမျဉ်းစည်းကမ်းများအရ ဝန်ထမ်း တရာကျော်လျှင် ထမင်းစားခန်း၊ အိပ်ခန်းဆောင်များ ထားရှိပေး ရမည် ဖြစ်သော်လည်း ယင်းစက်ရုံတွင် ထားရှိပေးခြင်း မရှိကြောင်း ဇွန်လ ၂၂ ရက်နေ့က အလုပ်မှ ထွက်ခဲ့သူ ယင်းစက်ရုံမှ မန်နေဂျာဟောင်း  ဦးထွန်းငွေ ကလည်း ပြောသည်။

အလုပ်သမားများ ယင်းစက်ရုံ၌ အလုပ်ဆင်းရာတွင် မနက်ဆိုင်း (မနက် ရှစ်နာရီမှ ညနေလေးနာရီ)၊ ညလေးဆိုင်း (ညနေ လေးနာရီမှ ည ၁၂ နာရီ)၊ ညကြီးဆိုင်း (ည ၁၂ နာရီမှ မနက် ၈နာရီ) သုံးဆိုင်း ရှိပြီး ညလေးဆိုင်း အလုပ်ပြီး ချိန်နှင့် ညကြီးဆိုင်း အလုပ်ဆင်းရာမှာ အိမ်ပြန်ရန် အခက်အခဲရှိသဖြင့် အဆောင် စီစဉ်ပေးရန် တောင်းဆိုရာမှ ဇွန်လ ၂၆ ရက်နေ့ ညပိုင်းတွင် အလုပ်ရှင်နှင့် အလုပ်သမားများ အငြင်းပွားပြီး အလုပ်ထုတ်ခံရခြင်း ဖြစ်သည်။

အလုပ်ထုတ်ခံရသူတဦးကို နှစ်လစာ နစ်နာကြေး ပေးခဲ့သော်လည်း “အလုပ်ထုတ်ခံရတဲ့အထဲမှာ ဒီစက်ရုံက အလုပ်သမား သမဂ္ဂအဖွဲ့က ဥက္ကဋ္ဌတွေ၊ အတွင်းရေးမှူးတွေနဲ့ အလုပ်အမှုဆောင် လေးယောက် ပါသွားတယ်။ အလုပ်အမှုဆောင်ထဲက မိန်းကလေး သုံးယောက်ပဲ ကျန်တယ်။ သူတို့ကတော့ အလုပ်မထွက်ဘဲ တင်းခံနေတယ်။ ကျနော်တို့လည်း အလုပ်ပြန်လိုချင်တယ်။ အခု အလုပ်မရှိဘဲ နေရတာ တလလောက် ရှိပြီ။ စားဝတ်နေရေးလည်း အဆင်မပြေဘူး” ဟု ဦးဇော်ညွန့် က ပြောသည်။

အခြေခံ အလုပ်သမား အဖွဲ့များ တရားဝင် ဖွဲ့စည်းခွင့် နည်းဥပဒေနှင့် အလုပ်ရှင် အလုပ်သမား အငြင်းပွားမှု ဖြေရှင်းရေး နည်းဥပဒေ စသည့် အလုပ်သမားဥပဒေများ ယခုနှစ်တွင် ပြဋ္ဌာန်းထားပြီး ဖြစ်သော်လည်း အလုပ်သမားများအတွက် ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ခြင်း မရှိသေးကြောင်း အဆိုပါစက်ရုံမှ သမဂ္ဂ ဥက္ကဋ္ဌဟောင်းတဦး ဖြစ်သူ ဦးသန့်ဇော်ဦး က ပြောသည်။

အလားတူပင် လှိုင်သာယာစက်မှုဇုန်ရှိ အမျိုးသမီးလုပ်သား ၂,ဝဝဝ ခန့်ဖြင့် လည်ပတ်နေသည့် Hi Mo ဆံပင်တုစက်ရုံ တွင်လည်း  အလုပ်ရှင်သည် အလုပ်သမားများ၏ လိုအပ်ချက်နှင့် ပတ်သက်၍ ကတိပြုသည့်အတိုင်း ဆောင်ရွက်ရန် ပျက်ကွက်နေသဖြင့် ဇူလိုင်လ နှောင်းပိုင်းတွင် ဆန္ဒပြမှုများ ပြန်လည် ဖြစ်ပေါ်နေသည်။

“ကျမတို့ တောင်းဆိုတာတွေကို မရမချင်း ဆက်လက် တောင်းဆိုနေမှာပါ” ဟု အလုပ်သမား ခေါင်းဆောင် တဦးဖြစ်သူ မသီတာထွန်း က ပြောဆိုသွားသည်။


ကချင် ငြိမ်းချမ်းရေး ဆန္ဒပြမည့် အစီအစဉ် ရပ်ဆိုင်းလိုက်ရ

ကချင်ပြည်နယ်၊ ကြံ့ခိုင်ရေးပါတီဝင် အမျိုးသမီးများ ဦးဆောင်၍ မြစ်ကြီးနားမြို့တွင်
ငြိမ်းချမ်းရေးလိုလားကြောင်း ဆန္ဒပြမည့် အစီအစဉ်ကို ရပ်ဆိုင်းလိုက်သည်ဟု ဆန္ဒပြမှု ဦးဆောင်သူ ဒေါ်ဂျာခေါန် က ပြောသည်။

အစိုးရနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့အကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေစဉ် ငြိမ်းချမ်းရေး လိုလားကြောင်း ဇူလိုင်လ ၂၈ ရက်နေ့မှာ အဆိုပါ ကချင် အမျိုးသမီးများက လူမျိုးဘာသာမရွေး ပါဝင်သော စီတန်းလှည့်လည်မှု စီစဉ်ထားခြင်းကို ရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်။

“တကယ့် မိခင်ရင်း စိတ်ဓါတ်နဲ့ ဘာပဲဖြစ်ဖြစ် ကျမတို့ ထွက်မလို့ပဲ။ သိတဲ့အတိုင်း ကျမတို့ကို သတင်းအမျိုးမျိုး ပြောနေကြလို့။ ကျမတို့က မျိုးချစ်စိတ်ဓါတ် မရှိလို့ ပြောင်းပြန် လုပ်သလိုလို ပြောနေကြတယ်။ ကျမတို့က ပင်လုံကတိ တည်ပါစေဆိုတာမျိုးတွေ ထပ်တောင်းဆိုဖို့ စီစဉ်ထားတာကို ခုတော့ သတင်းဗြောင်းပြန်ဖြစ်လို့ ရပ်ထားလိုက်တာ” ဟု ဒေါ်ဂျာခေါန်က ပြောသည်။

သူက ဆက်ပြီး “အမျိုးသားရေးအတွက် ကျမတို့ လုပ်ရတော့မယ်ဆိုပြီး လုပ်တာ။ ကျမတို့က KIO ကို မကြိုက်လို့ ဆန္ဒပြမယ် ဆိုပြီး ပြောလာလို့ အံ့သြနေတာ။ ကျမတို့က KIO ကို ဆန့်ကျင်တာ မဟုတ်ဘူး။ ငြိမ်းချမ်းရေးရချင်လို့ လုပ်တာကို သတင်းက အမျိုးမျိုးထွက်လာလို့ အံ့သြနေတာ။ ကျမတို့ ရည်ရွယ်ထားတာ မဖြစ်လာတော့ သဲထဲ ရေသွန်ဖြစ်သွားတယ်။ ကျမတို့ လုပ်တာကို နားမလည်လို့၊ လုပ်ရင် မှားသွားမှာဆိုးလို့ ရပ်လိုက်တယ်” ဟု သူက ပြောသည်။

မြစ်ကြီးနားမြို့ခံများအကြား အဆိုပါ ဆန္ဒပြမှု ဦးဆောင်သူများသည် ကြံ့ခိုင်ရေးပါတီမှ အဖွဲ့ဝင်များဖြစ်သည်ဟု ဆိုကာ ဆန့်ကျင်ကန့်ကွက်နေသူများလည်း ရှိနေသည်။ ထိုဆန္ဒ ဖော်ထုတ်ရန် စီစဉ်သူ ဒေါ်ဂျာခေါန်သည် ကြံ့ခိုင်ရေးပါတီမှ ဆွမ်ပရဘွမ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခမိုင်တန် ၏ ဇနီး ဖြစ်နေသဖြင့် ပြည်သူလူထုအကြား ထိုသို့ ဝေဖန်ပြောဆိုနေခြင်းလည်း ဖြစ်သည်။

ထို့ပြင် ယင်းဆန္ဒ ဖော်ထုတ်မှုတွင် ဒေါ်ဂျာခေါန် အပါအဝင် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း၏ နှမ
ဒေါ်လဂျွန် ဆိုင်းတောင်၊ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်)မှ အမျိုးသားလွှတ်တော်အမတ် ဦးခက်ထိန်နန်၏ ဇနီးတို့ ဦးဆောင်မည် ဆိုသည့် သတင်းများလည်း အင်တာနက် စာမျက်နှာများတွင် ထွက်ပေါ်ခဲ့သည်။သို့သော် ယင်းဆန္ဒပြမည့် အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိကြောင်း ဒေါ်လဂျွန်ငန်ဆိုင်း၏ နှမဒေါ်လဂျွန်ဆိုင်းတောင်က ငြင်းဆိုသည်။

“ဒီကိစ္စကျမ ဘာမှ မသိရပါဘူး။ ငြိမ်းချမ်းရေးဆိုတာ ဘယ်သူ့ရဲ့ ရင်ထဲမှာမဆို၊ ဘယ်သူမဆို စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို လိုချင်ကြပါတယ်။ ဒါပေမယ့် ဒီကိစ္စနဲ့ပတ်သက်လို့ ကျမကို တိုင်ပင်ခြင်း မရှိဘူး။ ဆွေးနွေးခြင်းလည်း မရှိဘူး။ ဒီကိစ္စ ကျမ လုံးဝ မသိရပါဘူး။ ဒါပေမယ့် ခုအင်တာနက်ပေါ်မှာ ကျမနာမည် ပါလာတယ် ဆိုတော့ ကျမ အရမ်း အံ့သြနေတယ်” ဟု ပြောသည်။

အစိုးရနှင့် KIO တို့ နှစ်ဖက် ယခုတကြိမ် တွေ့ဆုံပါက အစိုးရဘက်မှ တပ်များ ရုတ်သိမ်းရေးကိစ္စ ဆွေးနွေးမည်
ဖြစ်သော်လည်း ဆွေးနွေးမည့်နေရာ ညှိနှိုင်း၍ မရသေးပေ။


ဦးအောင်သိန်းလင်းကို ပခုက္ကူလူထု ဆန္ဒပြရန်ပြင်

တရုတ်နိုင်ငံထုတ် Southern Weekend China သတင်းစာနှင့် မေးမြန်းခန်းတွင် ပါရှိသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုးပါတီ) ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်း၏ ပြောဆိုချက်များကို ရှုတ်ချသည့် အနေဖြင့် ဆန္ဒဖော်ထုတ်ရန် မကွေးတိုင်း ပခုက္ကူမြို့မှ ပြည်သူများက ပြင်ဆင်နေသည်။ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ နည်းဥပဒေ အခန်း ၂ အပိုဒ်ခွဲ ၄ အရ ဆန္ဒ ဖော်ထုတ်ရန် ပခုက္ကူမြို့နယ် ရဲတပ်ဖွဲ့မှူးထံသို့ လျှောက်ထားကြောင်း၊ ပခုက္ကူ ပြည်သူလူထု ရာနှင့်ချီ ပါဝင်မည်ဟု မျှော်မှန်းထားကြောင်း၊ သို့သော်လည်း ပခုက္ကူမြို့သည် ၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာလှုပ်ရှားမှု ဂယက် စတင်စေခဲ့သည့် ဒေသဖြစ်သောကြောင့် အာဏာပိုင်များက ခွင့်မပြုမည်ကို စိုးရိမ်ကြောင်း သိရသည်။

စမာရေလွှဲဆည် ဖျက်သိမ်းပေးရန် မြစ်သားဒေသခံများ ဆန္ဒပြ

ဒေသခံပြည်သူများ အတွက် အကျိုးမရှိသည့် အပြင် နှစ်စဉ် ရေနစ်မြုပ်မှု ခံစားနေရသောကြောင့် မန္တလေးတိုင်း ကျောက်ဆည်ခရိုင် မြစ်သားမြို့ရှိ စမာရေလွှဲဆည်ကို ဖျက်သိမ်းပေးရန် ဒေသခံများ ယမန်နေ့က လမ်းလျှောက် ချီတက်ဆန္ဒပြ ခဲ့သည်။၁၉၉၇-၁၉၉၈ ခုနှစ်က စတင် တည်ဆောက်ခဲ့သောသော စမာ ရေလွှဲဆည်သည် ပန်းလောင်မြစ်ပေါ်တွင် ဆောက်ထားသည့် ကျီးမည်း ရေလွှဲဆည်မှ ရေကို အောက်မှ တဆင့် ထိန်းသိမ်းရန်အတွက် ဆောက်ခဲ့ခြင်း ဖြစ်သည်။စမာ ရေလွှဲဆည်သည် မြစ်သားနှင့် ကျောက်ဆည်ဒေသရှိ လယ်မြေ ဧက ၂၅၀၀၀ နီးပါးအတွက် စိုက်ပျိုးရေ ပေးဝေလျှက် ရှိကြောင်း သိရသည်။

မြေသိမ်းခံလယ်သမားများ ထွန်စက်ရှေ့ လှဲပြီး တားဆီးဆန္ဒပြ

မန္တလေးတိုင်း မိတ္ထီလာခရိုင်၊ ၀မ်းတွင်းမြို့နယ် အိုးပြွန်ရွာမှ ထွန်တုံးတိုက်ပွဲဝင်နေသော လယ်သိမ်းခံ လယ်သမားများ၏ မြေများတွင် ကောင်းကင် ကုမ္ပဏီက ယမန်နေ့တွင် ခြံစည်းရိုးခတ်ခြင်း၊ ထွန်စက်များဖြင့် လယ်ထွန်ခြင်းများကို ဆန့်ကျင်သည့်အနေဖြင့် ထွန်စက်များရှေ့တွင် တားဆီးဆန္ဒပြမှု လယ်ပိုင်ရှင်များက ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
သိမ်းဆည်းခံ လယ်မြေများအရေး လယ်သမားများနှင့် ကောင်းကင်ကုမ္ပဏီအကြား သက်ဆိုင်ရာခရိုင်ရုံး တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်နေစဉ် အတောအတွင်း ကုမ္ပဏီဘက်မှ ယခုကဲ့သို့ လုပ်ဆောင်သည့်အပေါ် မကျေနပ်ကြောင်း၊ မိမိပိုင်လယ်မြေများကို ပြန်ရရေးအတွက် ယခုကဲ့သို့ လုပ်ရခြင်းဖြစ်ကြောင်း လယ်မြေများ ပြန်လည်ရရှိရေးအတွက် ထွန်တုံးတိုက်ပွဲများ ပြုလုပ်နေစဉ်က ကောင်းကင်ကုမ္ပဏီမှ အဆိုပါ လယ်မြေအားလုံးနီးပါးကို စွန့်လွှတ်ကြောင်း ပြောဆိုခဲ့သော်လည်း နောက်ပိုင်းတွင် အဆိုပါ ပြောဆိုချက်အတိုင်း ကတိမတည်ဘဲ သက်ဆိုင်ရာမှ ညှိနှိုင်းဖြေရှင်းပေးမှုကိုလည်း စောင့်ဆိုင်းခြင်းမပြုကြောင်း လယ်ပိုင်ရှင်များက ပြောသည်။ သိမ်းဆည်းခံ လယ်မြေများ ပြန်ရရေး ထွန်တုံးတိုက်ပွဲဖြင့် ကြိုးပမ်းနေသော လယ်သမားများအနက်မှ မိတ္ထီလာခရိုင်မှ လယ်သမား ၁၉ ဦး၊ ပဲခူးတိုင်း ပြည်ခရိုင်မှ လယ်သမား ၆ ဦးတို့ကို သက်ဆိုင်ရာမှ ပိုင်နက်ကျူးကျော်မှုဖြင့် တရားစွဲဆိုထားသေးသည်။လယ်မြေများကို နိုင်ငံပိုင်မြေအဖြစ် ဥပဒေပြဌာန်းခဲ့သည့် ၁၉၆၂ ခုနှစ် နောက်ပိုင်းမှစ၍ စီမံကိန်းများအတွက် လယ်မြေများ သိမ်းယူခြင်း၊ လက်ဝါးကြီးအုပ် မြေရှင်စနစ် ကြီးစိုးလာခြင်း၊ မြို့ပြချဲ့ထွင်မှု၊ စက်မှုဇုန်များ ထူထောင်မှု၊ တပ်မြေတိုးချဲ့မှု၊ နိုင်ငံပိုင် စက်ရုံအလုပ်ရုံများနှင့် စိုက်ပျိုးမွေးမြူရေး ပုဂ္ဂလိက ချထားပေးခြင်း ဆောင်ရွက်မှုများတွင် မြေသိမ်းဆည်းမှုများ ဖြစ်ပွားပြီး လယ်ယာမြေ ပိုင်ရှင်များမှာ ထိခိုက်နစ်နာမှုများ ကြုံတွေ့ခဲ့ကြရသည်။

မိတ္ထီလာ ထွန်တုံးတိုက်ပွဲ ဆက်လက်ဖြစ်ပွားနေ

မိတ္ထီလာခရိုင်အတွင်း အတင်းအဓမ္မ လယ်ယာမြေ အသိမ်းခံထားရတဲ့ တောင်သူတွေက လယ်ယာမြေတွေမှာ ပြန်လည် စိုက်ပျိုးခွင့် ရရေးအတွက် ထွန်တုံးတိုက်ပွဲ ဆက်လက် ဆင်နွှဲနေကြပါတယ်။ မိတ္ထီလာ၊ ၀မ်းတွင်းနဲ့ မလှိုင်မြို့နယ်က ထွန်တုံးတိုက်ပွဲ ဆင်နွဲနေတဲ့ လယ်သမားတွေကို အာဏာပိုင်တွေက စစ်ဆေးမေးမြန်း ခြိမ်းခြောက်မှုတွေ ရှိကြောင်းလည်း သိရပါတယ်။
မိတ္ထီလာမြိုနယ် ကံကောင်းရွာက လယ်မြေ ထွန်ယက်နေတဲ့ တောင်သူတွေထံကို အမှတ် ၁ စခန်းက ရဲတပ်ဖွဲ့ဝင်တွေ ရောက်လာပြီး စစ်ဆေး မေးမြန်းခဲ့ကြောင်း လယ်ယာမြေ ဆုံးရှုံးမှုတွေနဲ့ ပတ်သက်ပြီး လယ်သမားတွေက သူတို့ရဲ့ ဘိုးဘွားပိုင်မြေ၊ ဓားမဦးချမြေ၊ မူလလက်ငုတ် လက်ရင်းပိုင်မြေတွေကို ပြန်လည် ရပိုင်ခွင့်အတွက် အခုလဆန်းပိုင်းက သက်ဆိုင်ရာကို တိုင်ကြားခဲ့ပေမဲ့ အရေးယူ ဖြေရှင်းပေးမှု မရှိတဲ့အတွက် မိတ္ထီလာ၊ သာစည်၊ ၀မ်းတွင်း၊ မလှိုင် လေးမြို့နယ်က လယ်သမားတွေဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၁ ရက်နေ့က စပြီးတော့ ထွန်တုံးတိုက်ပွဲ စတင်ခဲ့ပါတယ်။

LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment