မြန်မာသတင်းများ  ဇူလိုင် ၂၆၊ ၂၀၁၂

လူ့အခွင့်အရေးကိုယ်စားလှယ် မြန်မာနိုင်ငံသွားမည်


မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူး မစ္စတာ တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ဟာ ဇူလိုင်လ ၂၇ ရက်နေ့မှာ စတင်မယ့် သူ့ရဲ့ မြန်မာပြည် ခရီးစဉ်အတွင်း လူ့အခွင့်အရေးအခြေအနေနဲ့ ပတ်သက်လို့ ရခိုင်ပြည်ကို သွားရောက် လေ့လာမှာဖြစ်တယ်လို့ ပြောပါတယ်။ အထူးသဖြင့် ရခိုင်ပြည်နယ်မှာ မကြာသေးခင်က အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေးမှာဖြစ်သလို ဖမ်းဆီး ထိန်းသိမ်းခံနေရတဲ့ ဒေသခံ ကုလသမဂ္ဂ၀န်ထမ်းတွေ လွတ်မြောက်ရေးကိုလည်း ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူး မစ္စတာကင်တားနားဟာ သူ့ရဲ့ ၆ ကြိမ်မြောက် မြန်မာနိုင်ငံခရီးစဉ်ကို ခုသီတင်းပတ် စတင်မှာဖြစ်တယ်လို့ အတည်ပြု ပြောကြားပါတယ်။


AIDS ရောဂါအပေါ် အမြင်မှန်ဖို့ ဒေါ်စုတိုက်တွန်း

AIDS ရောဂါကို ပြဿနာတရပ်လိုမျိုး လူ့အသိုင်းအ၀ိုင်းတခုလုံးက မှန်မှန်ကန်ကန် တုန့်ပြန် ကိုင်တွယ်သွားဖို့လိုမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က သတိပေး တိုက်တွန်းသွားပါ တယ်။ နိုင်ငံတကာ AIDS ညီလာခံမှာ သတင်းသွားယူခဲ့တဲ့ ကိုသားညွန့်ဦးက ဖဲကြိုးနီ ဆုပေးပွဲ အကြောင်း သတင်းပေးပို့ထားပါတယ်။
နှစ်နှစ်တခါ ကျင်းပတဲ့ နိုင်ငံတကာ AIDS ညီလာခံမှာ ပေးအပ်တဲ့ ဖဲကြိုးနီဆုဟာ လူထုအကြား AIDS ရောဂါ ကာကွယ်ရေးနဲ့ အသိပညာပေးရေး ဆောင်ရွက်နေကြတဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေကို ဂုဏ်ပြုအပ်နှင်းတဲ့ဆုဖြစ်ပါတယ်။ မြန်မာနိုင်ငံက ဆုရရှိတဲ့ The Help Myanmar အဖွဲ့ဟာ MSM လို့ခေါ်တဲ့ လိင်တူချင်းဆက်ဆံသူတွေအကြား AIDS ရောဂါ ကူးစက် မှု ကာကွယ်ရေးနဲ့ ပညာပေးရေးလုပ်ငန်း လုပ်ကိုင်နေတဲ့ မန္တလေးအခြေစိုက် လူမှုအဖွဲ့အစည်း တခုဖြစ်ပါတယ်။
အခု ၂၀၁၂ နိုင်ငံတကာ AIDS ညီလာခံရဲ့ ဖဲကြိုးနီဆုပေးပွဲ ကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဗွီဒီယိုမိန့်ခွန်းပေးပို့ပါတယ်။ လူမှုအသိုင်းအ၀ိုင်းတွေ အားကောင်းလာမှ ဒီမိုကရေစီနဲ့ ဒီမိုကရေစီကိုအခြေခံတဲ့ လူမှုအဆောက်အအုံတွေ အားကောင်းလာမှာဖြစ်တယ်လို့ဆိုပြီး လူမှုအသိုင်းအ၀ိုင်းတွေရဲ့ အရေးပါမှုကို ထောက်ပြပါ တယ်။ AIDS ရောဂါလို ပြဿနာကို လူမှုအသိုင်းအ၀ိုင်းကနေ မှန်မှန်ကန် တုန့်ပြန်နိုင်ဖို့ လိုမယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။
အခု ၂၀၁၂ ဖဲကြိုးနီဆုရှင်တွေထဲက The Help Myanmar အဖွဲ့ဟာ လိင်ကတဆင့် ကူးစက်တဲ့ HIV ရောဂါပိုးကူးစက်မှု ကာကွယ်ရေးလုပ်ငန်းတွေအတွက် အဓိက ဆုရရှိတာဖြစ်ပါတယ်။ ဒီဆုကိုတော့ The Help Myanmar အဖွဲ့ကိုယ်စား အဖွဲ့ထူထောင်သူ သက်မွန်ဖြိုး ခေါ် မဖြိုးနဲ့ ကိုအောင်မျိုးတို့က လက်ခံယူခဲ့တာပါ။ ဒီဆုရတာကြောင့် သူတို့လုပ်နေတဲ့ လုပ်ငန်းတွေအပေါ် အားတတ်မှု ရစေတယ်လို့ မဖြိုးက ပြောပါတယ်။




တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေပြဋ္ဌာန်းရေးအဆိုတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ဆွေးနွေးခဲ့သည်။ဇူလိုင်လ ၂၅ ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် ပါဝင်ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံးလွှတ်တော်အတွင်း ဆွေးနွေးမှုဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က ''ကျွန်မက ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါတယ်။ ကျွန်မအနေနဲ့ ဦးတီခွန်မြတ်ရဲ့ တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးနဲ့ ပတ်သက်လို့ အနည်းငယ် ဆွေးနွေးချင်ပါတယ်။ အခုဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာဆိုလို့ရှိရင် တိုင်းရင်းသားလူမျိုးများဆိုတဲ့ ဝေါဟာရကို သတ်သတ်မှတ်မှတ် အဓိပ္ပာယ် ဖော်ထားတာ မရှိပါဘူး။ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေမှာဆိုရင်တော့ တိုင်းရင်းသားဆိုတာ ၁၈၂၃ ခုနှစ်ကစပြီး ဒီမိခင်နိုင်ငံမှာ မှီ တင်းနေထိုင်ခဲ့တဲ့ လူမျိုးများကိုဆိုလိုတာလို့ အဓိပ္ပာယ်ဖော်ထားပါတယ်။ အဲဒီအထဲမှာ ဗမာတွေလည်း ပါပါတယ်။ အခုဆွေးနွေးချက်တွေအရဆိုရင် ပြည်နယ်တွေကိုအခြေခံတဲ့ တိုင်းရင်းသားလူမျိုးတွေရဲ့ အခွင့်အရေးတွေကို ရည်ညွန်းပြီးတော့ ပြောသွားတယ်လို့ ကျွန်မတို့ မှတ်ယူရပါတယ်။ ပြည်နယ်တွေ အကြောင်း ပြောမယ်ဆိုလို့ရှိရင် ကျွန်မတို့နိုင်ငံမှာ ဆင်းရဲမွဲတေမှုနဲ့ ပတ်သက်လို့ အဆိုးရွားဆုံး ဒေသတွေဟာ ပြည်နယ်ဒေသတွေ ဖြစ်ပါတယ်။ ချင်းပြည်နယ်ဆိုလို့ရှိရင် ခုနောက်ဆုံး အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ ကိန်းဂဏန်းများ အရ ၇၃ ဒသမ ၃ ရာခိုင်နှုန်း၊ ရှမ်းအရှေ့ဆိုလို့ရှိရင် ၄၆ ဒသမ ၄ ရာခိုင်နှုန်း၊ ရှမ်းမြောက်ဆိုရင် ၃၇ ဒသမ ၄ ရာခိုင်နှုန်း၊ ရှမ်းတောင်ဆိုရင် ၂၅ ဒသမ ၂ ရာခိုင်နှုန်း၊ ပျမ်းမျခြင်းအားဖြင့် ရှမ်းပြည်နယ်ရဲ့ ဆင်းရဲမွဲတေမှုနှုန်းဟာ ၃၃ ဒသမ ၁ ရာခိုင်နှုန်း ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ရဲ့ ဆင်းရဲမွဲတေမှုနှုန်းတော့ ၄၃ ဒသမ ၅ ရာခိုင်နှုန်း ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးရဲ့ ပျမ်းမျှ ဆင်းရဲမွဲတေမှုနှုန်းဟာ ၂၅ ဒသမ ၆ ရာခိုင်နှုန်းဖြစ်တာကြောင့်မို့လို့ ဒီပြည်နယ်တွေမှာ ပျမ်းမျှခြင်းနိုင်ငံရဲ့ ဆင်းရဲမွဲတေမှုနှုန်းထက် မြင့်နေတယ်ဆိုတာကို မြင်ရပါတယ်။ ထို့အတူပဲ ကချင်ပြည်နယ်မှာလည်း ၂၈ ဒသမ ၆ ရာ ခိုင်နှုန်းနဲ့ ပျမ်းမျှခြင်း ရာခိုင်နှုန်းထက် မြင့်နေပါတယ်။ မွန်၊ ကယားနဲ့ ကရင်တို့ကတော့ ပိုပြီးတော့ နိမ့်ကျပါတယ်။ ဒီကိန်းဂဏန်းတွေကိုကြည့်ခြင်းအားဖြင့် ကျွန်မတို့ ပြည်နယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုအခြေနေဟာ ကျေနပ်ဖွယ်ရာ မရှိဘူးဆိုတာ ထင်ရှားပါတယ်။ ထို့အပြင်လည်း ကျွန်မတို့ရဲ့နိုင်ငံမှာ ပြည်တွင်းစစ်မီး လုံးဝငြိမ်းသွားတယ်ဆိုတာ မရှိခဲ့သေးပါဘူး။ ဒါကြောင့် တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ခြင်းဆိုတာဟာ ဘာသာစကား၊ ယဉ်ကျေးမှု ထိန်းသိမ်းခြင်းထက် များစွာပိုပြီး ကျယ်ပြန့် နက်နဲတယ်ဆိုတာကို ကျွန်မတို့ ဆိုနိုင်ပါတယ်။ ဒါကို ထောက်ထားပြီးတော့ ပင်လုံစိတ်ဓာတ်နဲ့ ကွာခြားလို့မရတဲ့၊ ခွာလို့မရတဲ့ တန်းတူညီမျှရေး၊ အပြန်အလှန် လေးစားယုံကြည်ရေးတို့ကို အခြေခံပြီးတော့ စစ်မှန်တဲ့ ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ထွန်းလာရေးအတွက် ကျွန်မတို့ လွှတ်တော် ကိုယ်စားလှယ်များအားလုံး ဆွေးနွေး ညှိုနှိုင်းပြီး တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်အရေးများကို ကာကွယ်နိုင်ဖို့အတွက် ဥပဒေများကို လိုအပ်သလို ပြုပြင်ခြင်း၊ လိုအပ်သလို ပြဋ္ဌာန်းခြင်းတို့ ဆောင်ရွက်ဖို့ရန်ကို တိုက်တွန်းရင်း ဦးတီခွန်မြတ်ရဲ့အဆိုကို ကျွန်မအနေနဲ့ ထောက်ခံပါတယ်။ ကျေးဇူးတင်ပါတယ်''ဟု ဆွေးနွေးခဲ့သည်။
ယင်းအဆိုကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ကွတ်ခိုင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတီခွန်မြတ် တင်သွင်းခဲ့ခြင်းဖြစ်သည်။ ယင်းအဆိုဆွေးနွေးမှုတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေ

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် သရုပ်ဆောင် အမည်စာရင်း ထုတ်ပြန်

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဇာတ်ကားအတွက် ဆန်ခါတင် ရွေးချယ်ထားသူတွေထဲ ဗိုလ်ချုပ်အဖြစ် သရုပ်ဆောင်မယ့် အမျိုးသား (၂) ဦးနဲ့ ဒေါ်ခင်ကြည်အဖြစ် သရုပ်ဆောင်မယ့် အမျိုးသမီး (၂) ဦးကို ဇူလိုင် (၂၀) ရက်နေ့က ရွေးချယ်ထားခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့က မနေ့က အမည်စာရင်း ထုတ်ပြန် ကြေညာလိုက်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းအဖြစ် သရုပ်ဆောင်ဖို့ ရန်ကုန် ကမာရွတ်မြို့နယ်က ကိုကျောက်ခဲနဲ့ သင်္ကန်းကျွန်းမြို့နယ်က ကိုကျော်ကျော်မျိုးတို့ကို ရွေးချယ်လိုက်သလို ဒေါ်ခင်ကြည်အဖြစ် သရုပ်ဆောင်ဖို့ ပုသိမ်မြို့က မဇာခြည်လင်းနဲ့ ရန်ကုန် တောင်ဥက္ကလာပ မြို့နယ်က မသင်းမြတ်သန္တာလှိုင်တို့ကို နောက်ဆုံးအဆင့် ရွေးချယ်လိုက်ပါတယ်။
အခု ရွေးချယ်လိုက်သူတွေကို မကြာခင်မှာ သရုပ်ဆောင် လေ့ကျင့်ပေးဖို့ စတင်တော့မှာ ဖြစ်ကြောင်း ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ ပြန်ကြားရေး တာဝန်ခံ ဦးဇော်သက်ထွေးက ပြောပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းနေရာမှာ သရုပ်ဆောင်ဖို့ အဆင့်ဆင့် ရွေးချယ်ခဲ့ရမှာ ဆန်ခါတင် (၇) ဦးရရှိခဲ့ပြီး ဒေါ်ခင်ကြည်အဖြစ် သရုပ်ဆောင်ဖို့ လျှောက်ထားသူ (၄၆) ဦးထဲက ဆန်ခါတင် (၄) ဦးရွေးချယ်ခံခဲ့ရပါတယ်။ အဲဒီထဲကမှ အခုလို (၂) ဦးစီ နောက်ဆုံးအဆင့် ထပ်မံ ရွေးချယ်လိုက်တာ ဖြစ်ပါတယ်။

ကိုမြအေးရဲ့ "မိုးကောင်းကင်၌ အိပ်မက်များ" ဝတ္ထု ထုတ်ဝေဖြန့်ချိမယ်

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေး အကျဉ်းထောင်တွင်း ရေးသားခဲ့တဲ့ " မိုးကောင်းကင်၌ အိပ်မက်များ " အမည်ရှိ မိသားစုဘ၀တွေအကြောင်း ၀တ္ထုဇာတ်လမ်းကို လာမဲ့ သီတင်းပတ်အတွင်း ထုတ်ဝေဖြန့်ချိမယ်လို့ သိရပါတယ်။

အာဏာပိုင်များရဲ့ အဂတိဖော်ထုတ်သူ အသတ်ခံရ

မကွေးတိုင်း ဒေသကြီး ပွင့်ဖြူမြို့နယ်မှာ အာဏာပိုင်တွေရဲ့ အဂတိ လိုက်စားမှုတွေကို ဖော်ထုတ်ပေးနေတဲ့ NLD ထောက်ခံသူ အသက် (၅၀) ကျော်အရွယ် ဦးရဲဝင်းဆိုသူ အမျိုးသားတစ်ဦး ဒီကနေ့ မနက်ပိုင်းက သတ်ဖြတ်ခံခဲ့တယ်လို့ သိရပါတယ်။

လယ်သမား ၁၅ ဦးကို စစ်တပ်က ဝိုင်းထား

ရန်ကုန်တိုင်း သံလျင်မြို့နယ်အတွင်း စစ်တပ် အဓမ္မ သိမ်းယူခံထားရတဲ့ လယ်မြေတွေပေါ်မှာ ဒီကနေ့ သွားရောက် ထွန်ယက်ခဲ့ကြတဲ့ လယ်သမား (၁၅) ဦးခန့်ကို စစ်တပ်က အခု တပ်စိတ်တစ်စိတ်နဲ့ ၀ိုင်းထားတယ်လို့ စုံစမ်းသိရပါတယ်။

ရွှေည၀ါဆရာတော် ပြည်ပခရီးစတင်

ပြည်တွင်းမှာ တရားဟောခွင့် ပိတ်ပင်ခံထားရတဲ့ ရွှေည၀ါ ဆရာတော် ဦးပညာသီဟဟာ (၃) လကြာ ဓမ္မဒူတ ပြည်ပခရီးစဉ်ကို ဒီကနေ့ စတင်လိုက်ပါတယ်။ ဆရာတော်ဟာ ဒီကနေ့မနက် ၁၀ နာရီလောက်မှာ အမေရိကန် ပြည်ထောင်စုကို ရန်ကုန် မင်္ဂလာဒုံ လေဆိပ်ကနေ ထိုင်းလေကြောင်းနဲ့ ထွက်ခွာသွားတာပါ။


ပွဲစားအလိမ်ခံ မြန်မာအလုပ်သမား ၃၅ ဦးတို့ ရှေ့ဆက်ရန် မရေရာသေး

ထိုင်း-မြန်မာ နှစ်နိုင်ငံ အစိုးရတို့ကြား အလုပ်သမား တင်သွင်းခွင့် နားလည်မှု စာချွန်လွှာ MOU ဖြင့် ဝင်ရောက် လာကြသည့် အလုပ်သမားများ ပွဲစား အလိမ်ခံရ၍ ရှေ့ဆက်ရေး အလားအလာမှ မရေမရာ
ဖြစ်နေသေးကြောင်း အလုပ်သမားများက ပြောသည်။အလုပ်သမားများ ဘက်မှ ကိုယ်စားလှယ် လေးဦးခန့်ကို Grass Roots Human Rights Education & Development (GRHRED) ၏ အစီအစဉ်ဖြင့် စာချုပ် ချုပ်ထားသည့် KOSIT Business Group ကုမ္ပဏီသို့ သွားရောက် လေ့လာရန် ရှိပြီး လုပ်နိုင်/မလုပ်နိုင် ပြန်လည် သုံးသပ်ကာ အဆင်မပြေပါက မြဝတီသို့ ပြန်ရန် စီစဉ်ထားကြောင်း သိရသည်။

အဆိုပါ အလုပ်သမားများသည် ဇူလိုင်လ ၂ဝ ရက်နေ့မှ မြဝတီမြို့မှ ထွက်ခွာခဲ့ပြီး ဖူးကက်ရှိ ဆောက်လုပ်ရေး ကုမ္ပဏီသို့ အသွား၌ ပွဲစားနှင့် အချေအတင် ဖြစ်ကာ ယခုထက်ထိ ကယ်ဆယ်ရေး စခန်း၌ သောင်တင်နေဆဲ ဖြစ်သည်။လုပ်စဉ်အရ ထိုင်းနိုင်ငံရှိ လုပ်သား လိုအပ်လျက် ရှိသည့် ကုမ္ပဏီများမှ လိုအပ်သည့် လုပ်သား ပမာဏ၊ အလုပ်ကုမ္ပဏီ တည်ရှိရာနေရာ စသည့် အထောက်အထား စာရွက်စာတမ်းများဖြင့် မြန်မာအလုပ်သမားဝန်ကြီးဌာနသို့ အေးဂျင့်များမှ တဆင့် ပေးပို့ရပြီး အစစ်အဆေးခံရကာ ဝန်ကြီးဌာနမှ အတည်ပြုပါမှ လုပ်သားခေါ်ဆိုမှု Demand အား ခွင့်ပြုပေးခြင်းဖြစ်သည်။ထိုသို့ မူလက သဘောတူထားသည့် ဆောက်လုပ်ရေး ကုမ္ပဏီသို့ မဝင်ရောက် နိုင်ခဲ့လျှင် အလုပ်သမားများ ကိုင်ဆောင်ထားသည့် နိုင်ငံကူး လက်မှတ်များမှာ တရားမဝင် (black list) ဖြစ်သွားဖွယ် ရှိနေသည်။

အလုပ်သမားများ အလုပ်အဆင်မပြေ၍ မြဝတီသို့ ပြန်လာခဲ့လျှင်လည်း နေစရိတ် စားစရိတ်များ လျော်ပေးမည်ဖြစ်ကြောင်း ဦးအောင်နိုင်စိုး က သဘောထား ပြုထားသည်။ပွဲစား ဒေါ်မေကျော့ရှင်းကမူ “kosit ကုမ္ပဏီက အလုပ်သမားလေးတွေအတွက် ပိုက်ဆံ ကြိုမထုတ် ပေးနိုင်ဘူး။ သူတို့ မှာ အလုပ်သမားတွေ ပိုနေလို့ပေါ့။ အခြား လက်ခံတဲ့ ကုမ္ပဏီရှိရင် လွှဲပေးလိုက်ပါဆိုပြီး အင်္ဂလိပ်လို ရေးထားတဲ့ စာကို
ပေးလာတယ်။ အဲဒီတော့ တခြားလိုချင်တဲ့ ကုမ္ပဏ တခုကို ကျမ ချိတ်ပေးတယ်။ အလုပ်သမားတွေကိုလည်း ဒါက KOSIT နဲ့ Branch (လက်ခွဲ) တွေပဲနော်။ Head office (ရုံးချုပ်)က မအားဘူး ဘာညာ ကျမ ပြောတယ်။ KOSIT ကို သွားမှာ မဟုတ်ဘူး၊ တခြားကို သွားမယ်လို့ အဲလို ကျမ ပြောလိုက်မိတယ်။ အဲဒီမှာ ကလေးတွေက သူတို့ကို ရောင်းစား မှာ ဘာညာဆိုပြီး ထပေါက်ကွဲလာတာ” ဟု ပြန်လည် ရှင်းပြသည်။

အဆိုပါ စာအား kosit ကုမ္ပဏီမှ အတွင်းရေးမှူးနှင့် တာဝန်ခံ မစ္စတာ အာနန်၏ သမီးတို့ ကိုယ်တိုင် လက်မှတ်ထိုးပြီးပေးခြင်းဖြစ်သည်ဟု ဆိုသည်။ထိုသို့ ကုမ္ပဏီမှ အလုပ်သမားများအား လက်မခံလိုဟု ဆိုခဲ့ပြီးနောက် အလုပ်သမားအရေး ပြေလည်စေချင်သည့် သဘောထားဖြင့် အခြား မိမိအသိ ထိုင်းထောက်လှမ်းရေး ဗိုလ်မှူးဟောင်း တဦး၏ အဆက်ဖြင့် ၎င်းဆွေမျိုးများပိုင်ဆောက်လုပ်ရေး ကုမ္ပဏီ များသို့ လူများခွဲ၍ စေလွှတ်ရန် လုပ်ဆောင်ခဲ့သည်ဟု ဒေါ်မေကျော့ရှင်း က ပြောသည်။

အလုပ်ရှင် အလုပ်သမား နှစ်ဦး သဘောတူ ချုပ်ဆိုထားသည့် စာချုပ်အရ kosit business group ဆောက်လုပ်ရေး ကုမ္ပဏီ၌ အလုပ်သမား ၅ဝ ဦးစလုံး နှစ်နှစ် အလုပ်လုပ်ကိုင်ရန် စာချုပ် ချုပ်ဆိုထားကြသည်။၁၅ ဦး အဖွဲ့၌ လိုက်ပါသွားသည့် အလုပ်သမားများမှာ လုပ်ငန်းခွင်၌ အဆင်မပြေမှုများ ရှိ၍ မြဝတီမြို့သို့ ပြန်လိုကြောင်းအေးဂျင့် ဦးအောင်နိုင်စိုးအား ဖုန်းဆက်၍ တိုင်တန်း ခဲ့ကြသည်ဟု ဦးအောင်နိုင်စိုး က ပြောသည်။ဒေါ်မေကျော့ရှင်းမှာ ထိုင်းနိုင်ငံရှိ မြန်မာသံရုံး အလုပ်သမားများ ကူညီကယ်ဆယ်ရေး ကိုယ်စားလှယ် အဖွဲ့ဝင်ဖြစ်ပြီး ထိုင်းတက္ကသိုလ်တခု၌ အင်္ဂလိပ်စာပြ ဆရာမ တဦးလည်း ဖြစ်သည်။
အလုပ်သမားများအား လာရောက် ခေါ်ဆိုစဉ် ထိုင်းဘက်ခြမ်းမှ KOSIT ကုမ္ပဏီ၏ တရားဝင် ခန့်အပ်ထားသည့် ကိုယ်စားလှယ် ဒေါ်မေကျော့ရှင်း ကိုယ်တိုင် လာရောက် ခေါ်ဆိုခြင်း ဖြစ်သည်ဟုလည်း သိရှိရသည်။


ရေနက်ဆိပ်ကမ်း သဘောတူညီချက် အသေးစိတ် ထားဝယ်ဒေသခံများ သိရှိလို

ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွါးရေးဇုန် အနီးရှိ ဒေသခံများက ယခုအပတ် အတွင်း မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ လက်မှတ်ရေးထိုးခဲ့ကြသည့် သဘောတူညီချက်များ၏ အသေးစိတ်ကို သိရှိလိုကြောင်းနှင့် ၎င်းတို့၏ လိုအပ်ချက်များကိုလည်း ထည့်သွင်းစဉ်းစားကြစေလိုကြောင်း ပြောသည်။

မြေယာသိမ်းမှုနှင့် ပတ်သတ်သည့် အငြင်းပွါးမှုများတွင် ဒေသခံများဘက်မှ ရပ်တည် ပြောဆိုပေးခဲ့ပြီး ထားဝယ်စီမံကိန်း ကို ထောက်ခံ ပံ့ပိုးနေသည့် အရာရှိများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည့် ထားဝယ်ဖွံ့ဖြိုးရေးအဖွဲ့မှ ကိုဘိုဘိုအောင် ကနှစ်နိုင်ငံ အစိုးရများ အနေဖြင့် စွမ်းအင်နှင့် စက်မှုစီမံကိန်များနှင့် ပတ်သတ်၍ စီးပွါးရေး ပူးပေါင်း ဆောင်ရွက်ရေးကို ထပ်မံ အတည်ပြုကာ တနလာင်္နေ့က လက်မှတ် ရေးထိုးခဲ့ကြသည့် နားလည်မှု စာချွန်လွှာ သုံးခု၏ အသေးစိတ်များကို ထုတ်ပြန်ပေးရန် တောင်းဆိုလိုက်
ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် ဘန်ကောက်ပို့စ် သတင်းစာ၏ ဗုဒ္ဓဟူးနေ့ ထုတ် သတင်းဆောင်းပါး တပုဒ်တွင် ရေးသားထားသည်။

အတိတ်ကာလက အစိုးရနှင့် ကုမ္ပဏီ အရာရှိများ အနေဖြင့် ဒေသခံများနှင့် လုံလောက်စွာ ဆွေးနွေးမှု မရှိခဲ့သလို သက်ဆိုင်သည့် သတင်းအချက်အလက်များလည်း မျှဝေခြင်း မရှိခဲ့သဖြင့် စိုက်ပျိုးရေးဖြင့် အသက်မွေးကြသည့်ဒေသခံများ အနေဖြင့် စိုးရိမ်ပူပန်ခဲ့ရကြောင်း အမေရိကန် ဒေါ်လာ ၆ဝ ဘီလီယံခန့် ရှိသည့် စီမံကိန်းတွင် ပါဝင်ကြသော ကုမ္ပဏီများနှင့် နှစ်နိုင်ငံ အစိုးရများ အနေဖြင့် ဧရိယာ စတုရန်းမိုင်ပေါင်း ၂ဝဝ ကျော်ရှိသည့် စီမံကိန်း ဒေသအနီးတွင် နေထိုင်ကြသော ဒေသခံများ လက်တွေ့အခြေအနေကို ထည့်သွင်း စဉ်းစားရန် လိုကြောင်းလည်း နှစ်နိုင်ငံ အစိုးရများ ထပ်မံ အတည်ပြုလိုက်သည့် ပူးပေါင်းဆောင်ရွက်ရေးသည် နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်း များကို ဆွဲဆောင်နိုင်ဖွယ်ရှိကာ မကြာခင်တွင် စီမံကိန်းအတွက် ငွေကြေးအထောက်အပံ့များ ရရှိဖွယ်ရှိသည် စီမံကိန်း၏ ကန်ထရိုက်တာမှာ ထိုင်းနိုင်ငံ၏ အကြီးဆုံး ဆောက်လုပ်ရေး ကုမ္ပဏီဖြစ်သည့် အီတာလျံ-ထိုင်း ကုမ္ပဏီ ITD ဖြစ်သည်။



ကျပ် သိန်း ၉၀၀၀ တန်ဖိုးရှိ စိတ်ကြွဆေးများ ဖမ်းမိ

 

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်တွင် ကျပ် သိန်း ၉၀၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိကြောင်း သိရသည်။ ဇူလိုင် ၂၁ ရက် ည ၇ နာရီ ခွဲ ခန့်က မန္တလေး-မြစ်ကြီးနား ပြည်ထောင်စု လမ်းမကြီးပေါ်တွင် သောင်းမြင့် ခေါ် မေလီဟို မောင်းနှင်လာ သော ကားပေါ်မှ အလေးချိန် ၃၀ ကီလို ဂရမ်ခန့်ရှိ စိတ်ကြွဆေးပြား ၃ သိန်းကို မြစ်ကြီးနား မူးယစ် အထူးအဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင်များက ကြိုတင်သတင်းအရ ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်ကြောင်း ယနေ့ထုတ် ကြေးမုံ သတင်းစာ ၌ ဖော်ပြထားသည်။


ရေနံချက်စက်ရုံများ ပုဂ္ဂလိကပိုင် ပြောင်းမည်

 

ရေနံချက်စက်ရုံများကို နိုင်ငံခြားနှင့် ပြည်တွင်း ပုဂ္ဂလိက လုပ်ငန်းများသို့ လွှဲပြောင်းလုပ်ကိုင်ခွင့်ပြုမည်ဟု Eleven Media Group က စွမ်းအင်ဝန်ကြီးဌာန လက်အောက်ရှိ စွမ်းအင်စီမံကိန်း ဦးစီးဌာနကို ကိုးကား ဖော်ပြထားသည်။ သန်လျင်၊ မန်းသံပရာကန်နှင့် ချောက် ရေနံချက်စက်ရုံ ၃ ရုံအနက် သန်လျင်ရေနံချက်စက်ရုံကို ပထမဆုံး လွှဲပြောင်းပေးရန် စီစဉ်နေကြောင်း ယင်းသတင်းက ဖော်ပြသည်။


တိုင်းရင်းသား အခွင့်အရေး ဥပဒေ ပြဌာန်းရေး ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး

 

NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားများ၏ အခွင့်အရေးကို အကာအကွယ်ပေးသည့် ဥပဒေ ပြဌာန်း ဆောင်ရွက် ရန် ယနေ့တောင်းဆိုလိုက်ကြောင်း သတင်းရသည်။

၂၀၁၂ ဖဲကြိုးနီ ဆု The Help Myanmar အဖွဲ့ ရရှိ

အမေရိကန်နိုင်ငံ ၀ါရှင်တန် ဒီစီ မြို့တွင် ကျင်းပနေသော နိုင်ငံတကာ AIDS ညီလာခံက မြန်မာ နိုင်ငံမှ The Help Myanmar အဖွဲ့ ကို ၂၀၁၂ ခုနှစ် အတွက် Red Ribbon Award (ဖဲကြိုးနီဆု) ဆု ပေးလိုက်သည်။ လိင်မှ တဆင့် HIV ကူးစက်မှု ကာကွယ်ရေး လုပ်ငန်း လုပ်ဆောင်သည့် ခေါင်းစဉ်ဖြင့် ဆုပေးခြင်း ဖြစ်ကြောင်း၊ ဇူလိုင် ၂၅ ရက်တွင် လက်ခံယူရမည်ဖြစ်ကြောင်း၊ မန္တလေးမြို့ အခြေစိုက် The Help Myanmar အဖွဲ့သည် ၂၀၀၇ ခုနှစ် အစောပိုင်းက ထူထောင်ခဲ့သည့်အဖွဲ့ဖြစ်ပြီး လိင်တူချင်း ဆက်ဆံသူများကို အဓိကပစ်မှတ်ထား ပညာပေး ဆောင်ရွက်နေသည့် အဖွဲ့ဖြစ်ကြောင်း VOA သတင်းတွင် ပါရှိသည်။ နိုင်ငံတကာ AIDS ညီလာ ခံ ကို ၂ နှစ်တကြိမ် ကျင်းပခြင်းဖြစ်ပြီး ဖဲကြိုးနီ ဆုကိုလည်း အမျိုးအစားအလိုက် ခွဲ၍ ပေးအပ်လေ့ ရှိကြောင်း သိရသည်။

အစိုးရအဖွဲ့တွင်း အပြောင်းအလဲ စတင်

ဒုတိယ သမ္မတအဖြစ် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေကို သမ္မတ အရည်အချင်းစစ် ကော်မတီက အတည်ပြုပေး တော့မယ်လို့  နေပြည်တော်နဲ့ နီးစပ်တဲ့ သတင်းရပ်ကွက်တွေ အဆိုအရ သိရပါတယ်။

တချိန်တည်းမှာပဲ အစိုးရ ပြည်ထောင်စုဝန်ကြီး ၈ ဦးခန့်လည်း ရာထူး အပြောင်း အလဲ ဖြစ်ဖို့ရှိပြီး ပြောင်းလဲမယ့် ၀န်ကြီးတွေ ထဲမှာ ခေါင်းမာ ဂိုဏ်းသားတွေလို့ ပြောကြတဲ့ လက်ရှိ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးလှထွန်း တို့လည်း ပါဝင်မယ်လို့ ဆိုပါတယ်။ပြည်တွင်းထုတ် The Voice Weekly ဂျာနယ်မှာလည်း ၀န်ကြီး ဦးလှထွန်းကို ဗဟိုဘဏ်ဥက္ကဋ္ဌ၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးမှုဝန်ကြီး ဦးတင်နိုင်သိန်းကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး၊ အားကစား ၀န်ကြီးဌာန ဒု ၀န်ကြီး ဦးအေးမြင့်ကြူကို ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးများ အဖြစ် ပြောင်းလဲခန့်အပ် မယ်လို့ ဖော်ပြထားပါတယ်။ပြန်ကြားရေးဝန်ကြီးဌာန နဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာန နှစ်ဌာန၀န်ကြီး ဦးကျော်ဆန်းကတော့ ယဉ်ကျေးမှုဝန်ကြီးဌာနကိုပဲ တာဝန် ယူရမှာဖြစ်ပါတယ်။
ဒီလို ၀န်ကြီးရာထူး အပြောင်းအလဲတွေဟာ ပြီးခဲ့တဲ့ မေလအတွင်းက သမ္မတ ဦးသိန်းစိန် ပြောကြားခဲ့တဲ့ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရာမှာ ရှေးရိုးစွဲ၊ ခေတ်နောက်ပြန်ဆွဲတဲ့ အမြင်ရှိသူများကို ချန်ထားခဲ့မယ်ဆိုတဲ့ အစီအစဉ်ကို နောက်ဆုံးပိတ် အကောင်အထည်ဖော်ခြင်း ဖြစ်တယ်လို့ အစိုးရနဲ့ နီးစပ်သူတွေက သုံးသပ်ကြတယ်။ပထမအဆင့်အနေနဲ့ ခေါင်းမာဂိုဏ်သားလို့ သတ်မှတ်ကြသူ တောင်သာမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးအောင်သောင်းကို ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုအဖွဲ့ကနေ ဖယ်ရှားပြီး သမ္မတ ဦးသိန်းစိန် ယုံကြည်ရတဲ့ မီးရထားဝန်ကြီး ဦးအောင်မင်းကို ခန့်အပ်ခဲ့ပါတယ်။
ယခုအခါ ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းကို သမ္မတရုံး ၀န်ကြီး (၁) အဖြစ် တာဝန်ပေးထားပြီး ဦးသိန်းစိန် အားကိုးရတဲ့ စက်မှုဝန်ကြီး ဦးစိုးသိမ်းကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို ကိုင်တွယ်ရတဲ့ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးအဖြစ် ပြောင်းလဲခဲ့ပါတယ်။ပြီးခဲ့တဲ့ ဇူလိုင်လ ၉ ရက်နေ့က သမ္မတရုံး ၀န်ကြီးဌာန (၁)၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး၊ ပို့ဆောင်ရေး ၀န်ကြီး၊ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန ၆ ခု ရှိ ဒုတိယ ၀န်ကြီးတွေကို အပြောင်းအလဲ ပြုလုပ်ခဲ့ပါသေးတယ်။မကြာသေးမီက ပြည်တွင်း၊ ပြည်ပ ဆက်ဆံရေးနဲ့ ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန်ရဲ့ လုပ်ဆောင်မှုတွေကို ထောက်ခံချီးကျူးမှုတွေ ရရှိခဲ့ပါတယ်။ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရဲရဲဝံ့ဝံ့ ခေါ်ယူတွေ့ဆုံခဲ့ခြင်း၊ တိုင်းရင်းသား ခေါင်းဆောင်များနဲ့ တွေ့ဆုံခြင်းတို့အပြင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေနဲ့လည်း မကြာမီ တွေ့ဆုံဖို့ ရှိတယ်လို့ သိရပါတယ်။ပြည်ပနိုင်ငံများနဲ့ ဆက်ဆံရာမှာလည်း မျက်နှာကောင်းရရှိခဲ့ပြီး အမေရိကန်အပါအ၀င် အနောက်နိုင်ငံများက ပိတ်ဆို့ အရေးယူ မှုတွေကို လျှော့ပေါ့ပေးတဲ့အပြင် အမေရိကန်နိုင်ငံက သံအမတ်ကြီးအဆင့် ပြန်လည်ထားရှိဖို့ သဘောတူခဲ့ပါတယ်။ ဂျပန်နိုင်ငံကလည်း အကူညီပေးမှုတွေအပြင် ကြွေးမြီတွေကိုလည်း လျော့ပေါ့ပေးခဲ့ပါတယ်။တပ်မတော်အနေနဲ့လည်း သမ္မတ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းကို အားဖြည့်ဖို့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီး ဦးမြင့်ဆွေကို ဒုသမ္မတအဖြစ် တင်မြှောက်ရေး ကျားကန်ပေးတယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။
ကာကွယ်ရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး လှမင်းကလည်း  စင်ကာပူနိုင်ငံမှာ ကျင်းပတဲ့ အာရှဒေသ လုံခြုံရေးဆိုင်ရာ ညီလာခံ (Shangri-la Dialogue) မှာ သင့်လျော်တဲ့ ကာလတခုရောက်လျှင် တပ်မတော်အနေဖြင့် နိုင်ငံရေးတွင် ပါဝင်မှု အခန်းကဏ္ဍကို လျှော့ချသွားမှာဖြစ်ပြီး သမ္မတ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ချက်များကို တပ်မတော်အနေနဲ့ ရာနှုန်းပြည့် ထောက်ခံ၍ အရပ်သားအစိုးရ၏ ညွှန်ကြားမှုများကို လိုက်နာသွားမည်ဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါသေးတယ်။သမ္မတ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို မလိုလားတဲ့ ခေါင်းမာဂိုဏ်သားတွေကတော့ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့ နာမည်ကိုသုံးပြီး ဟန့်တားဖို့ ကြိုးစားနေတယ်လို့ နေပြည်တော်သတင်းရပ်ကွက်က ဆိုပါတယ်။ဒါပေမယ်လည်း ဦးသန်းရွှေကတော့ နိုင်ငံရေးလောကထဲကို ပြန်လာတော့မှာ မဟုတ်ဘဲ လက်ရှိ အခြေအနေ အတိုင်း အေးချမ်းလုံခြုံစွာ နေထိုင်တော့မယ်လို့ ပြောဆိုကြပါတယ်။

တိုင်းရင်းသားဒေသ ဆင်းရဲနိမ့်ကျမှု ဒေါ်အောင်ဆန်းစုကြည် ပြောပြီ

မြန်မာနိုင်ငံ၌ တိုင်းရင်းသားပြည်နယ် ဒေသများ သည် ဆင်းရဲမွဲတေမှု အဆိုးရွားဆုံး ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ပြောသည်။၁၈၂၃ ခုနှစ်နောက်ပိုင်း၊ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအရ တိုင်းရင်းသား လူမျိုးများတွင် ဗမာတိုင်းရင်းသားလည်း ပါဝင်ကြောင်း၊ ထိုတိုင်းရင်းသား အားလုံးအနက် ပြည်နယ်များကို ကိုယ်စားပြုထားသည့် တိုင်းရင်းသား လူမျိုးများသည် အဆိုးဆုံး ဖြစ်ကြောင်း ၎င်းက လွှတ်တော်၌ ဆွေးနွေးခဲ့သည်။အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) ပါတီ ဥက္ကဋ္ဌလည်း ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော် စတင် တက်ရောက်သည်မှ စ၍ နှစ်ပတ်ခန့် အကြာတွင် ပထမဆုံး အကြိမ် တိုင်းရင်းသားအရေးကို ဝင်ရောက်ပြောဆို ဆွေးနွေးခြင်း ဖြစ်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ကွတ်ခိုင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတီခွန်မြတ် တင်သွင်းသည့် “တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ တရပ်ပြဌာန်းရေး” အဆိုကို ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
ပြည်နယ်များ အနက် ချင်းပြည်နယ်သည် ဆင်းရဲမှု အနိမ့်ဆုံး ဖြစ်ပြီး ဖွံ့ဖြိုးမှု အဆင့်မှာ အာရှ ဖွံ့ဖြိုးရေး ဘဏ်၏ ကိန်းဂဏန်း အရ ၇၃ ဒဿမ ၃ ရာခိုင်နှုန်းသာ ရှိကြောင်း၊ ရှမ်းပြည် အရှေ့ပိုင်းတွင် ၄၆ ဒဿမ ၄ ရာခိုင်နှုန်း၊ ရှမ်းပြည် မြောက်ပိုင်းတွင် ၃၇ ဒဿမ ၄ ရာခိုင်နှုန်း၊ ရှမ်းပြည် တောင်ပိုင်းတွင် ၂၅ ဒဿမ ၂ ရာခိုင်နှုန်း အသီးသီး ရှိ၍ ရှမ်းပြည် တခုလုံး၏ ဆင်းရဲမွဲတေမှု သည် ၃၃ ဒဿမ ၁ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်သည် ဒုတိယ အဆင်းရဲဆုံး ပြည်နယ်ဖြစ်ပြီး ၄၃ ဒဿမ ၅ ရာခိုင်နှုန်း ရှိကြောင်း၊ တနိုင်ငံလုံး၏ ဆင်းရဲ မွဲတေမှုသည် ပျမ်းမျှအားဖြင့် ၂၅ ဒဿမ ၆ ရာခိုင်နှုန်း ရှိသည့်အတွက် ပြည်နယ်များ၏ ဆင်းရဲမွဲမှုသည် တနိုင်ငံလုံးနှင့် ယှဉ်ပါက ဆင်းရဲမှု မြင့်မားနေသည် ကို တွေ့ရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြခဲ့သည်။ကချင်ပြည်နယ်၏ ဖွံ့ဖြိုးမှုသည် ၂၈ ဒဿမ ၆ ရာခိုင်နှုန်းရှိ၍ တနိုင်ငံလုံး၏ ပျမ်းမျှ နှုန်းထက် မြင့်နေသည်ကို တွေ့ရပြီး မွန်၊ ကရင်၊ ကယား စသည့် တိုင်းရင်းသား ဒေသများသည်လည်း နိမ့်ကျကြောင်း၊ ထို့ကြောင့် ပြည်နယ်များ၏ ဖွံ့ဖြိုးမှု အနေအထား သည် အားရကျေနပ်စရာ မရှိကြောင်း ၎င်းက ထည့်သွင်း ဆွေးနွေးခဲ့သည်။ဦးတီခွန်မြတ်၏ အဆို၌ တိုင်းရင်းသား လူမျိုးများ၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုတို့ကို အဓိက အခြေခံ တင်သွင်း ထားခြင်း ဖြစ်သောကြောင့် တန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ တိုင်းရင်းသားတို့၏ ရပိုင်ခွင့် စသည်တို့နှင့် ပတ်သက်သည့် အချက်အလက်များ ပါဝင်ခြင်း မရှိဟု တိုင်းရင်းသား ကိုယ်စားလှယ် များက ပြောသည်။
ဦးတီခွန်မြတ်၏ အဆိုသည် တိုင်းရင်းသားများ အတွက် တင်သွင်းခြင်း ဖြစ်၍ ကန့်ကွက်စရာ မရှိကြောင်း၊ သို့သော် ထိုထက်အရေးပါသည့် တိုင်းရင်းသား တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် တို့အတွက် ပြင်ဆင် ဖြည့်စွက်ရမည့် ဥပဒေ အကြောင်းအရာ များလည်း ပါဝင်သင့်ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (RNDP) မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် ဥပဒေကြမ်း ကော်မတီဝင် ဦးဘရှိန်က ရှင်းပြသည်။
၎င်းက “တိုင်းရင်းသားတွေ လိုချင်တာက စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ကိစ္စ၊ ဒီလို ဖြစ်ဖို့ အတွက် တိုင်းရင်းသား တန်းတူရေး အတွက် ဥပဒေမှာ ပြင်ဆင် ဖြည့်စွက် စရာတွေ အများကြီး ရှိနေတယ်” ဟု ဆိုသည်။တိုင်းရင်းသား လူမျိုးများအတွက် ကာကွယ် စောင့်ရှောက်ခြင်းဆိုသည့် စကားသည် ဘာသာစကား၊ ယဉ်ကျေးမှု ထိန်းခြင်းထက် များစွာကျယ်ပြန့် လေးနက်ကြောင်း၊ ပင်လုံ စိတ်ဓာတ်နှင့်လည်း ခွဲခြားမရကြောင်း၊ ထို့ကြောင့် တန်းတူ ညီမျှရေးနှင့် အပြန်အလှန် လေးစားယုံကြည်မှု တို့ကို အခြေခံပြီး စစ်မှန်သည့် ဒီမိုကရေစီ ပြည်ထောင်စုကြီး ပေါ်ထွက်ရေး အတွက် ကိုယ်စားလှယ် အားလုံးတွင် တာဝန်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
“တိုင်းရင်းသား လူမျိုးများရဲ့ အခွင့် အရေးများကို ကာကွယ်နိုင်ဖို့ အတွက်ဆိုရင် ဥပဒေများကို လိုအပ်သလို ပြုပြင်ခြင်း၊ ပြဌာန်းခြင်းတို့ ဆောင်ရွက်ဖို့ အားလုံးကို တိုက်တွန်းရင်း ဦးတီခွန်မြတ်အဆိုကို ထောက်ခံပါတယ်” ဟု သူက ဆိုသည်။ရှမ်းပြည်နယ်၊ လဲရှား မဲဆန္ဒနယ်မှ ဦးစိုင်းမောင်တင် ဆွေးနွေးရာ၌ ၂၀၀၈ ဖွဲ့စည်းပုံတွင် နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့် အရေးနှင့် တန်းတူရေးတို့အတွက် ပြဌာန်းထားကြောင်း၊ သို့သော် ၁၉၄၇၊ ၁၉၇၄  ဖွဲ့စည်းပုံ အခြေခံ ဥပဒေတို့တွင် နိုင်ငံသားများ၏ အခွင့်အရေး တန်းတူရေးတို့ကို ရေးဆွဲ ပြဌာန်းထားကြောင်းလည်း လွှတ်တော်တွင် ဆွေးနွေးသည်။ထိုဥပဒေများ ပြဌာန်းထားသည့်တိုင် အကြောင်း အမျိုးမျိုးကြောင့် ဗမာ တိုင်းရင်းသား အပါအ၀င် တိုင်းရင်းသား တို့၏ အခွင့် အရေး ဆုံးရှုံးခဲ့ရကြောင်း၊ တိုင်းရင်းသားတို့၏ အခွင့်အရေး အတွက် လိုအပ်သည့် ဥပဒေများ ပြဌာန်းပေးရန် လိုကြောင်း၊ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုတို့သည်လည်း အရေးပါသည့်အတွက် ဦးတီခွန်မြတ်၏ အဆိုကို ထောက်ခံကြောင်း လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းမောင်တင်က ပါဝင်ပြောဆိုသည်။
ဦးတီခွန်မြတ်၏ အဆိုနှင့် ပတ်သက်၍ ရှမ်း၊ ရခိုင်၊ ချင်း၊ မွန် စသည့် တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် NLD ပါတီ၏ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ကြသည့် ဦးအုန်းကြိုင်၊ ဦးမင်းသူ တို့လည်း ပါဝင် ဆွေးနွေးခဲ့သည်။တိုင်းရင်းသားများသည် ၎င်းတို့ ပြောဆိုဆွေးနွေးလိုသည့် ကိစ္စများအား တင်ပြရန် မ၀ံ့မရဲ ဖြစ်နေသည်ကို တွေ့ ရကြောင်း NLD ကိုယ်စားလှယ် ဦးမင်းသူက ပြောကြားခဲ့သည်။ဦးမင်းသူ၏ အဆိုသည် တိုင်းရင်းသား ကိုယ်စားလှယ်တို့အား ခွဲခြားသည့် သဘော သက်ရောက်သည့် အတွက် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ကန့်ကွက်ကြောင်း သိရသည်။အလားတူ ဦးအုန်းကြိုင်ကလည်း သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပြီး နောက်ပိုင်းတွင် နိုင်ငံရေး အခြေအနေ ပိုမိုကောင်းမွန် လာကြောင်း ဆွေးနွေးရာ လွှတ်တော် ဆိုင်ရာ နည်း ဥပဒေ ပုဒ်မ ၁၃၀ (င) နှင့် (စ) အရ ပုဂ္ဂိုလ်ရေး ကိစ္စ ငြိစွန်းနေကြောင်း ဦးရွှေမန်းက အသိပေး ပြောဆိုသည်။ဆက်လက်၍ ဥက္ကဋ္ဌ ဦးရွှေမန်းက အသစ်ရောက်လာသည့် ကိုယ်စားလှယ်များသည် ယခင်က ရောက်ရှိပြီး ဖြစ်သည့် ကိုယ်စားလှယ်များနှင့် ပါဝင် ပူးပေါင်း ဆောင်ရွက်သွားကြရန်လည်း တိုက်တွန်းခဲ့သည်။




ATM စက်များတွင် ငွေထုတ်ယူနိုင်သည့် စနစ်အပြင် ငွေစုနိုင်ခြင်းနှင့် ငွေစုပြေစာရယူနိုင်သည့် စက်များကို အသုံးပြုနိုင်ရန် စမ်းသပ်နေ

ATM စက်များတွင် ငွေထုတ်ယူနိုင်သည့်စနစ်အပြင် ငွေစုနိုင်ခြင်းနှင့် ငွေစုပြေစာရယူနိုင်သည့် စက်များကို အသုံးပြုနိုင်ရန် စမ်းသပ်နေပြီး မကြာခင် တပ်ဆင်သွားမည်ဖြစ်ကြောင်း ATM စက်များကို ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလအတွင်းက စတင်တပ်ဆင် အသုံးပြုခဲ့ကြပြီး ယခုလက်ရှိကာလအထိ လူစည်ကားသည့် ရှော့ပင်းစင်တာများ၊ ပုဂ္ဂလိကဆေးရုံများနှင့် ဘဏ်ခွဲများတွင် တပ်ဆင်အသုံးပြုနေပြီဖြစ်ကြောင်း သိရှိရသည်။

အပြစ်ပေးလျှင် ခံမည်ဟု ဦးအောင်သိန်းလင်း ပြော

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) ဗဟိုလုပ်မှုဆောင် ဦးအောင်သိန်းလင်းက တရုတ်နိုင်ငံထုတ် Southern Weekend China သတင်းစာ အနေဖြင့် ၎င်း၏ ဖြေဆိုမှုကို ဘာသာပြန် လွဲမှားဖော်ပြခဲ့ကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်၍ မိခင်ပါတီအနေဖြင့် အပြစ်ပေးပါက ခံယူသွားမည်ဟု ပြောဆိုလိုက်ကြောင်း ဦးအောင်သိန်းလင်း တရုတ် သတင်းစာကို ဖြေကြားမှု အပေါ် ပြည်တွင်း ဂျာနယ်တချို့နှင့် လူမှုကွန်ရက် Facebook စာမျက်နှာ များတွင် ဖော်ပြဆွေးနွေး ခဲ့ကြပြီး လူအများ၏ ဝေဖန်မှု ခံခဲ့ရသည်။ ယင်းသို့ ပြောဆိုခြင်းနှင့် ပတ်သက်ပြီး ကြံ့ခိုင်ရေး ပါတီ ခေါင်းဆောင်တို့က ဦးအောင်သိန်းလင်းကို မေးမြန်းခဲ့ကြောင်း
“အဲဒီတုန်းက UN (ကုလသမဂ္ဂ) ကနေပြီးတော့ မျက်စိခွဲတဲ့ အဖွဲ့တဖွဲ့ လာတော့ သတင်းထောက်တွေ ပါလာတော့ အလွတ် သဘော ပြောလိုက်တယ်လို့ ပြောတယ်။ သူက မြန်မာလို ပြန်ဖြေတာကို ဘာသာပြန် လွဲတယ်လို့လည်း ပြောတယ်။ တချို့ဥစ္စာတွေ ရူးတယ်တို့၊ ဘာတို့ ပါတာပေါ့။ သူလည်း ဘာတွေပြောလိုက်မှန်း သေချာ မမှတ်မိဘူးတဲ့။ သူကတော့ပြောပါတယ်၊ ဒီကိစ္စနဲ့ပတ်သက်လို့ သူ့မှာတာဝန် ရှိတယ်ဆိုလို့ရှိရင် အရေးယူပါလို့ ပြောပါတယ်” ဟု ကြံ့ခိုင်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးက ပြောသည်။
ကုလသမဂ္ဂနှင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်း၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် တို့ကို မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်နှောက်ယှက်သူများ ဖြစ်သဖြင့် အယုံအကြည် မရှိကြောင်း ဦးအောင်သိန်းလင်းက Southern Weekend China သတင်းစာသို့ သူ၏အမြင်ကို ပြောဆိုခဲ့သည်။
ထို့အတူ ပြည်သူ့လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည်သည် ဖခင်အရှိန်အဝါဖြင့် ကျော်ကြားနေသူဖြစ်ကြောင်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ထောက်ခံသူများသည်လည်း အရူးများသာဖြစ်ကြောင်း ပုတ်ခတ်ပြောဆိုခဲ့ပြီး အများတောင်းဆိုမှုကြောင့် သမ္မတ ဦးသိန်းစိန်၏ အမိန့်ဖြင့် ရပ်ဆိုင်းထားသော မြစ်ဆုံဆည် စီမံကိန်းကြီးကို မဖြစ်မနေ ပြန်စရန်လိုကြောင်းလည်း ဖော်ပြထားသည်ဟု သိရသည်။
Southern Weekend China သတင်းစာအား ပြောဆို ဖြေကြားထားမှုများကို ပါတီအနေဖြင့် ရှာဖွေဖတ်ရှုခဲ့ကြောင်း၊ အင်္ဂလိပ်ဘာသာဖြင့် တွေ့ရှိရသကဲ့သို့ မြန်မာစာ ဘာသာပြန်များကိုလည်း ဖတ်ရှုခဲ့ကြောင်း၊ ယင်းသို့ ဦးအောင်သိန်းလင်း၏ ဖြေကြားထားမှုများသည် ကြံ့ခိုင်ရေးပါတီ၏ သဘောထားများ မဟုတ်ကြောင်း ယင်းပါတီက ပြောဆိုသည်။
“ကျိန်းသေတာကတော့ ကျနော်တို့ ပါတီကနေပြီးတော့၊ ဆုံးဖြတ်ပြီးတော့မှ ဒီတိုင်းပြောမယ်၊ ဒီတိုင်းလုပ်ဆိုတဲ့ ဥစ္စာမျိုးတော့ မဟုတ်ပါဘူး။ ကျနော်တို့လည်း မသိလိုက်ဘူး။ သူကိုယ်တိုင်လည်း ဘာပြောတယ်ဆိုတာတောင် သေချာမသိလိုက်ဘူး” ဟု ဦးဌေးဦးက ပြောသည်။
သို့ရာတွင် ဦးအောင်သိန်းလင်း၏ ပြောဆိုချက်သည် ပုဂ္ဂလိက လွတ်လပ်စွာ ပြောဆိုခြင်းဖြစ်သောကြောင့် ပါတီအနေဖြင့်လည်း အပြစ်ပေး အရေးယူသွားစရာ မလိုအပ်ကြောင်း ဦးဌေးဦးက “သူ့ပြောဆိုမှုကြောင့် ပါတီ ဂုဏ်သိက္ခာ မထိခိုက်နိုင်ပါဘူး၊ ဒီတိုင်းပဲ လွတ်လွတ်လပ်လပ် ပြောလို့ရပါတယ်” ဟု ဆိုသည်။
ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်များထဲတွင် ဦးအောင်သိန်းလင်း၊ ဦးအောင်သောင်းနှင့် ဦးကျော်ဆန်းတို့မှာ နိုင်ငံတော် ပြုပြင် ပြောင်းလဲရေး လမ်းကြောင်းတွင် သဘောထားတင်းမာသူများဟု သတင်းများ ထွက်နေသော်လည်း ပါတီခေါင်းဆောင်များ အကြား စည်းလုံး ညီညွှတ်မှုရှိနေကြောင်း ဦးဌေးဦးက ထပ်လောင်းပြောဆိုခဲ့သည်။သတင်းစာများနှင့် အမေးအဖြေ ပြုလုပ်ပြီးနောက် ဦးအောင်သိန်းလင်းကဲ့သို့ ၎င်းတို့ မပြောကြောင်း ငြင်းဆိုခဲ့သူများလည်း ရှိခဲ့သည်။
၂၀၀၃ ခုနှစ် ဒီပဲယင်း အကြမ်းဖက် တိုက်ခိုက်မှုတွင် ဒေါ်အောင်ဆန်းစုကြည်ကို ဗိုလ်ချုပ်ကြီး ခင်ညွှန့် ဦးဆောင်သော ထောက်လှမ်းရေးအဖွဲ့က ကယ်ဆယ်လိုက်သည်ဆိုသော သတင်းကို ယခုနှစ် ဧပြီလက ဘန်ကောက်ပိုစ့် သတင်းစာတွင် ဖော်ပြခဲ့သည်။သို့သော်လည်း ရက်ပိုင်းအတွင်းတွင် ဘန်ကောက်ပို့စ် သတင်းစာပါ ဖော်ပြချက်မှာ မမှန်ကန်ကြောင်း ရဲသတင်းတပ်ဖွဲ့နှင့် ဦးခင်ညွန့်၏ တပည့်တို့က ငြင်းဆိုလိုက်သည့် ဖြစ်ရပ် ဖြစ်ပွားခဲ့သေးသည်။ထို့အတူ ယခုနှစ် မတ်လတွင် လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်လှိုင်က ၎င်း၏ ဝန်ကြီးဌာန ဘတ်ဂျက်ငွေများကို ဖြတ်တောက်မှုနှင့် ပတ်သက်၍ “လွှတ်တော် ကိုယ်စားလှယ်ဆိုပြီး ၁၀ တန်း မအောင်ဘဲ လာထိုင်နေတယ်။ သူများက ထိုင်ဆိုထိုင်၊ ထဆိုထ၊ ခလုတ်နှိပ်ဆို နှိပ်၊ ဘာမှ မသိ၊ ဘာမှ နားမလည်၊ ရမ်းပြီး လုပ်တာ” ဟု Hot News ဂျာနယ်သို့ ပြောကြားခဲ့ရာ လွှတ်တော် ကိုယ်စားလှယ်များက ပြင်းထန်စွာ ဝေဖန်ခဲ့ကြသည်။
ထို့ကဲ့သို့ ဝေဖန်ပြောဆိုခြင်းကို လွှတ်တော်ကိုယ်စားလှယ်များက တရားဝင် တောင်းပန်ရန် ပြောဆိုခဲ့ကြပြီးနောက် လွှတ်တော် ကိုယ်စားလှယ်များနှင့် ပတ်သက်၍ ဖြေဆိုခဲ့ခြင်းသည် ကိုယ်စားလှယ်တော်များကို နစ်နာစေလို၍ မဟုတ်ကြောင်း၊ ကောင်းစေလိုသည့်အတွက် စေတနာဖြင့် ပြောဆိုခြင်းသာ ဖြစ်ကြောင်း၊ အင်တာဗျူးလုပ်သူနှင့် မိမိတို့သည်လည်း မိဘနှင့်သားသမီးကဲ့သို့ ရင်းနှီးသည့်သဘောဖြင့် ပြောဆိုခြင်းဟု ဦးမြင့်လှိုင်က ပြန်လည်ရှင်းလင်းခဲ့သည်။

ရပ်/ကျေး အုပ်ချုပ်ရေးမှူး လစာ ၇ သောင်းရမည်

အစိုးရ အုပ်ချုပ်ရေး ယန္တရားတွင် အခြေခံ ကျဆုံးသော ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများကို ပြည်သူများကစိတ်တိုင်းကျ မဲပေးရွေးချယ်၍ ခန့်အပ်ခံရသော အုပ်ချုပ်ရေးမှူးများသည် လစာ ကျပ် ၇ သောင်း ရရှိမည်ဖြစ်ကြောင်း သတင်းရရှိသည်။လွှတ်တော် အစည်းအဝေးများတွင် ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူး ဥပဒေကို တရားဝင် ပြဋ္ဌာန်းပြီး ဖြစ်သော်လည်း ပြင်ဆင်မှုများ ဆောင်ရွက်နေခြင်းကြောင့် အချိန်ယူနေရသော်လည်း လာမည့်လ အနည်းငယ်အတွင်း ပြည်သူများ၏ ဆန္ဒမဲများအပေါ် အခြေခံသော ရွေးကောက်ပွဲများ ပြုလုပ်ခန့်အပ်ကာ လစာ ၇ သောင်း ပေးမည်ဖြစ်ကြောင်း နေပြည်တော်၊ ပြည်ထဲရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူး တဦးက ပြောသည်။
“လွှတ်တော်မှာလည်း ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ ဘယ်တော့ ပြောင်းမလဲဆိုတာကို ကိုယ်စားလှယ်တွေက ခဏခဏ မေးနေကြတယ်။ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို ပြည်သူ့ဆန္ဒနဲ့အညီ ပြောင်းလဲဖို့ ပြည်ထဲရေး ၀န်ကြီးဌာနကနေ စီမံချက်ချပြီး လုပ်နေပြီ။ ပြင်ဆင်စရာရှိတာ တွေပြင်ဆင်နေပါတယ်။ နှစ်မကုန်ခင်တော့ ပြည်သူ့ဆန္ဒကို အခြေခံ ရွေးကောက်ထားတဲ့ သူတွေ ပေါ်လာမှာပါ” ဟု ၎င်းက ဆိုသည်။
ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများကိုသာမက ရုံးအဖွဲ့ဝင်များ၊ စာရေးများကိုလည်း နိုင်ငံတော်က ထိုက်သင့်သော စရိတ်များ ထောက်ပံ့သွားမည် ဖြစ်ကြောင်း၊ ထိုသို့ စရိတ်များ ထောက်ပံ့ပြီးပါက အဆိုပါ အုပ်ချုပ်ရေး ရုံးများသည် ပြည်သူများထံမှ အခကြေးငွေ ကောက်ခံမှု လုံးဝ ရပ်ဆိုင်းရမည်ဖြစ်ကြောင်း ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပြုပြင်ပြောင်းလဲ ခန့်အပ်မှုနှင့်အတူ မြို့နယ်၊ ခရိုင် အုပ်ချုပ်ရေးမှူးများ ကိုလည်း အပြောင်းအလဲ ပြုလုပ်မည်ဖြစ်ကြောင်း၊ သို့ရာတွင် မြို့နယ်၊ ခရိုင် အုပ်ချုပ်ရေးမှူးများကိုမူ သက်ဆိုင်ရာ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန (ထွေအုပ်) က တိုက်ရိုက် ခန့်အပ်မည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူက ပြောသည်။
“မြို့နယ်၊ ခရိုင် အုပ်ချုပ်ရေးမှူး တွေကတော့ သက်ဆိုင်ရာ ထွေအုပ် ဌာနက စီမံခန့်ခွဲမှာပါ။ ဖွဲ့စည်းပုံ ပြုပြင် ပြောင်းလဲမှုတွေလည်း လုပ်ထားတယ်” ဟု သူက ဆိုသည်။
ပြည်ထဲရေး ၀န်ကြီးဌာန၏ ပြောင်းလဲလိုက်သော ဖွဲ့စည်းပုံ ဥပဒေသစ်အရ မြို့နယ် အုပ်ချုပ်ရေးမှူးများသည် လက်ထောက် ညွှန်ကြားရေးမှူး အဆင့် ရာထူးရရှိမည်ဖြစ်ပြီး ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူးများသည် ဦးစီးအရာရှိ အဆင့် ရာထူးအဖြစ် သတ်မှတ် တာဝန်ပေးမည် ဖြစ်ကြောင်း သိရှိရသည်။
“အရင်က မြို့နယ်အုပ်ချုပ်ရေးမှူး ဆိုတာ ဌာနမှာ ရာထူးအဆင့် သတ်မှတ် ထားတာမျိုး မရှိဘူး။ အခု ဖွဲ့စည်းပုံကတရားဝင် ရာထူးအဆင့် သတ်မှတ်ပေး လိုက်တာ။ ဥပမာ-လသာမြို့နယ် အုပ်ချုပ်ရေးမှူး၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးဘယ်သူပေါ့။ အဲဒီလိုမျိုး ပြောင်းလဲ လိုက်တာပါ” ဟု ပြည်ထဲရေးဝန်ကြီးဌာနတာဝန်ရှိသူက ဆိုသည်။လက်ထောက် ညွှန်ကြားရေးမှူး အဆင့် သတ်မှတ် လိုက်သည့်အတွက် လက်ထောက် ညွှန်ကြားရေးမှူး လစာ၊ အဆောင် အယောင်များ ခံစားခွင့်ရမည် ဖြစ်ကြောင်း၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ရုံးအဖွဲ့ များက အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏ လက်အောက်တွင် တရားဝင် တည်ရှိမည့် အုပ်ချုပ်ရေး အဖွဲ့အစည်းများအဖြစ် ဖွဲ့စည်းမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ယခင် နအဖ အစိုးရ လက်ထက်က မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူး များကို ဥပဒေနှင့်အညီ မဟုတ်ဘဲ စစ် ထောက်လှမ်းရေးနှင့် နီးစပ်သူများကို လက်သင့်ရာ ခန့်အပ်ခဲ့ကြပြီး နိုင်ငံရေးနှင့် ဒီမိုကရေစီအရေး လှုပ်ရှားသူများကို ရှာဖွေဖမ်းဆီး အရေးယူနိုင်ရေး တာဝန်များ အဓိက ဦးစားပေး ထမ်းဆောင်ခဲ့ ကြရသည်။

LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment