မြန်မာသတင်းများ  ဇူလိုင် ၇၊ ၂၀၁၂


ကချင်စစ်ပြေးဒုက္ခသည် သတင်းများ



ဦးလထော်ဘရန်ရှောင်ကို လွှတ်ပေးရန် ကချင်စစ်ပြေး ဒုက္ခသည် တို့ ဆန္ဒဖော်ထုတ် 

ဖမ်းဆီးခံ ထားရသော ဦးလထော် ဘရန်ရှောင်အား လွှတ်ပေးရန် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင်ရပ်ကွက်မှ စစ်ပြေးဒုက္ခသည်များက သောကြာနေ့ နံနက် ၉ နာရီမှ ၁၂ နာရီခွဲထိ ငြိမ်းချမ်းစွာ ဆန္ဒ
ဖော်ထုတ်ခဲ့ကြသည်ဟု ဂျန်မိုင်ကောင် ရပ်ကွက် နှစ်ခြင်းခရစ်ယာန်အသင်းတော် ဓမ္မဆရာ ဦးအောင်မြတ်ကပြောသည်။

ဦးလထော်ဘရန်ရှောင်အား ခြွင်းချက်မရှိ လွှတ်ပေးရန်၊ မည်သူကိုမှ မတရားစွပ်စွဲ၍ ဖမ်းဆီးနှိပ်စက်ခြင်း မပြုလုပ်ရန်၊ လူ့အခွင့်အရေး ချိုးဖောက်မှုကို အမြန်ဆုံး ရပ်ဆိုင်းရေးနှင့် စစ်ပြေးဒုက္ခသည်များကို လုံခြုံမှု ရရှိအောင် ကာကွယ်ပေးရေး စသည့်အချက် ငါးချက်ပါစာတမ်းများကို ကိုင်ဆောင်၍ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်ဂျန်မိုင်ကောင်ရပ်ကွက် ဆွမ်ဘရာဘွမ်လမ်းမှ ဘုရင်နောင်လမ်းတလျောက် ဆန္ဒထုတ်ဖေါ်ခဲ့ပြီး၊ ထိုမှတဆင့်မြစ်ကြီးနားမြို့ ပြည်ထောင်စုလမ်းမှတဆင့် ဂျန်မိုင်ကောင်း ရပ်ကွက်သို့ ပြန်လည်ဝင်ရောက်၍ ဆန္ဒထုတ်ဖေါ်ခဲ့ကြခြင်းဖြစ်သည်။
ဂျန်မိုင်ကောင်းရပ်ကွက်မှ စစ်ပြေးဒုက္ခသည် စုစုပေါင်း ၁ဝ,ဝဝ ခန့် ပါဝင်သည့် ဆန္ဒဖော်ထုတ်ဖေါ်မှုတွင် မြစ်ကြီးနားမြို့ ကချင်ခရစ်ယာန်အသင်းတော်မှ လူငယ်ပေါင်း ၂ဝဝ ကျော်ကလည်း လုံခြုံရေးအတွက် ပူးပေါင်းပါဝင် ကူညီခဲ့ကြသည် ဟုလည်း သိရသည်။

ဘီနှိုင်းစ အနံ ၃ ပေ၊ အလျား ၁ဝ ပေတွင် အင်္ဂလိပ်၊ ကချင်၊ မြန်မာဘာသာများဖြင့် ဂျန်မိုင်ကောင်း နှစ်ခြင်းခရစ်ယာန် အသင်းတော် KBC ငြိမ်းချမ်းစွာ ဆန္ဒပြမှတ်တမ်းဆိုသည့် စာတန်းကို ကိုင်ဆောင်၍ ဓမ္မသီးချင်းများ သီဆို၍လည်း ဆန္ဒဖော် ထုတ်ခဲ့ကြသည်။

အစောပိုင်း စီတန်းလှည့်လည်မည့် လမ်းကြောင်းမှာ ဂျန်မိုင်ကောင်း စစ်ရှောင်စခန်း- ဒူကထောင်လမ်း- ရုံးကြီးလမ်း- သခင်နက်ဖေလမ်း-ဘရင့်နောင်လမ်း-အောင်ဆန်းလမ်း - ဒူကထောင်လမ်းမှ ဂျန်မိုင်ကောင် စစ်ရှောင်စခန်းသို့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ရန် ကချင်ပြည်နယ် ဝန်ကြီးချုပ်ထံ စာတင်ခဲ့သော်လည်း အစိုးရရုံးများ စိုက်ထားသော ရုံးကြီးလမ်းကို ဖြတ်သန်းခွင့် မပြုခဲ့ကြောင်း သိရသည်။ သို့သော် ဆန္ဒဖော်ထုတ်မှု ပြီးဆုံးသည်အထိ မည်သည့် အနှောက်အယှက်မှ မရှိခဲ့ကြောင်း သိရသည်။

ဦးလထော်ဘရန်ရှောင်သည် ကချင်လွှတ်လပ်ရေး တပ်မတော် KIA အဖွဲ့ဝင်ဖြစ်သည်ဟု စွပ်စွဲကာ မတရားအသင်းနှင့် ဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇ (၁) ဖြင့် စရဖနှင့် အမှတ် (၁) ရဲစခန်းမှ ရဲတပ်ဖွဲ့များက ဖောက်ခွဲရေးဆိုင်ရာ ပုဒ်မ ၃ ဖြင့် ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်နေ့က ဖမ်းဆီးခဲ့ပြီးနောက် တရားစွဲဆိုထားသည်။

ဇွန်လ ၂၈ ရက်နေ့တွင် ပြည်နယ်တရား လွှတ်တော်ရုံးတွင် ဖြောင့်ချက်ယူစဉ် ဦးလထော် ဘရန်ရှောင်၏ မျက်နှာတွင် ဒဏ်ရာများ ရနေခြင်းနှင့် ဗိုက်တွင် အသံဖမ်းစက် ကပ်ပေးခဲ့မှုကို တရားသူကြီးများ စစ်ဆေးတွေ့ရှိခဲ့သည်ဟု သိရသည်။

ဇွန်လ ၂၉ ရက်နေ့မှာ ပြည်နယ် ဝန်ကြီးချုပ် ဦးလချွန်ငံဆိုင်းထံ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခွင့်ပြုရန် ဂျန်မိုင် ကောင်း ရပ်ကွက်မှာ သာဘာရေးခေါင်းဆောင်များ စာတင်ခဲ့ရာ တရားဝင် ခွင့်ပြုချက်မရသော်လည်း ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နိုင်ခဲ့ကြသည်။

ဦးလထော်ဘရန်ရှောင်တို့ မိသားစုသည် ၂ဝ၁၁ ခုနှစ်  ဇူလိုင်လ အစိုးရနှင့် KIA တို့ တိုက်ပွဲ ဖြစ်ပွားနေသူ ဝိုင်းမော် မြို့နယ် အင်ပွန်ကျေးရွာမှ ထွက်ပြေးလာပြီး ဂျန်မိုင်ကောင်းရပ်ကွက်ရှိ စစ်ပြေးဒုက္ခသည်စခန်းတွင် လာရောက်နေထိုင်နေသူ ဖြစ်ကြောင်းလည်း သိရသည်။

ဦးလထော်ဘရန်ရှောင်သည် ရိုးသားသူတဦးဖြစ်ကာ အမှုစစ်ဆေးရာတွင် ဖိအားပေး စစ်ဆေးမှုမရှိပါက အမှုမှ လွတ်မြောက်မည်ဟု ယုံကြည်ကြောင်းလည်း ဦးအောင်မြတ်က ပြောသည်။

“သူက ရိုးသားတဲ့ လူတယောက်ပါ။ သူက ဘယ်ဘက်နား နည်းနည်းထိုင်းတယ်။ လေးတန်းပဲ တက်ဖူးတာ။ အဲဒါကြောင့် တရားရေးရာအရ လွတ်မယ် ဆိုတာကို ယုံကြည်ထားပါတယ်။ စစ်မှန်သောနည်းအားဖြင့် စစ်ဆေးခဲ့ရင် လွတ်မှာပါ။”ဟု မဇ္စျိမကို ပြောသည်။

သောကြာနေ့တွင် ဦးလထော်ဘရန်ရှောင်ကို ကချင်ပြည်နယ် တရားလွတ်တော်ရုံးတွင် အမှုစစ်ဆေးရန် ရုံးချိန်း ရှိသော်လည်း လာမည့် ၁၁ ရက်နေ့သို့ ပြောင်းရွှေ့လိုက်သည်ဟု သိရသည်။ သူ၏ အမှုကို အမျိုးသားဒီမိုရေစီ အင်အားစု NDF ပါတီဝင် ရှေ့နေ ဦးဂျီမာခါးက လိုက်ပါ ဆောင်ရွက်ပေးနေသည်။



KIO နှင့် အစိုးရ စစ်ဘက်ဆိုင်ရာများ ဆွေးနွေးမည့် နေရာပင် ညှိမရသေး

ကချင်လွတ်လပ်ရေးအဖွဲ့ KIO အဖွဲ့နှင့် အစိုးရ စစ်ဘက်ဆိုင်ရာ ကိုယ်စားလှယ်များ စစ်တပ်ရေးကိစ္စ တွေ့ဆုံဆွေးနွေးမည့် နေရာနှင့်ရက် ယနေန့ထိ သဘောတူညီမှု မရသေးသဖြင့် ညှိနှိုင်းနေရဆဲ
ဖြစ်သည်ဟု ငြိမ်းချမ်းရေးအကျိုးဆောင် ဦးဆန့်အောင်က ပြောသည်။

ဇူလိုင်လ ပထမအပတ်အတွင်း KIO ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ၏ ဒုဥက္ကဋ္ဌ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းတို့ နှစ်ဘက် တင်းမာနေဆဲ ဖြစ်သော စစ်ရေးကိစ္စများ တွေ့ဆုံညှိနှိုင်းရန် စီစဉ်ထားသော်လည်း သဘောတူညီမှု မရသေးဘဲ ဖြစ်နေခြင်းဖြစ်သည်။

“အစိုးရက ဒီလ ၈ ရက်နေ့ထိ မအားဘူးလို့ ပြောတယ်။ အဲဒါကြောင့် ၉ ရက်နေ့ နောက်ပိုင်း ဖြစ်မယ်။ နေရာလည်း မသတ်မှတ်ရသေးဘူး။ ကေအိုင်အိုဘက်က ဒုချုပ် ဖြစ်မယ်ဆိုတော့ မြို့ကိုမဖြစ်နိုင်ဘူးလို့ ပြောတယ်။ အစိုးရက ဗန်းမော်မှာလုပ်ချင်တယ်။ ကေအိုင်အိုဘက်က သဘောမတူသေးဘူး။ အစိုးရက ဗန်းမော်မှာဘဲ လုပ်ရအောင်လို့ပြန်ပြောလာတာကို ကေအိုင်အိုက ပြန်ပြီး မတုံ့ပြန်သေးဘူး။”ဟု ဦးဆန့်အောင်က ပြောသည်။

အစိုးရဘက်မှ ကချင်ပြည်နယ် ဗန်မော်မြို့ သို့မဟုတ် ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့တွင် စစ်ရေးကိစ္စ နှစ်ဘက်တွေ့ဆုံရန် အဆိုပြုချက်ကို KIO ဘက်မှ လက်မခံဘဲ တရုတ်နယ်စပ် မိုးမောက်မြို့နယ် လွယ်ဂျယ်နှင့် မိုင်ဂျာယန်အကြားရှိ ပရန်ငွန်ကျေးရွာတွင် တွေ့ဆုံလိုကြောင်း တင်ပြထားသဖြင့် ယခုထိ တွေ့ဆုံမည့် နေရာနှင့် ရက် သတ်မှတ်နိုင်ခြင်း မရှိသေးဘဲ ဖြစ်နေသည်။

KIO က စစ်ရေးတင်းမာနေချိန်အတွင်း ဗန်းမော်မြို့တွင် တွေ့ဆုံဆွေးနွေးရန် အဆင်မပြေနိုင်ကြောင်း ပြန်လည် တုံ့ပြန်ထားသော်လည်း အစိုးရဘက်မှ ဗန်းမော်မြို့တွင်သာ တွေ့ဆုံရန် ထပ်မံ အဆိုပြုနေခြင်း ဖြစ်သည်။

ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ်များနှင့် တရုတ်နယ်စပ် မိုင်ဂျာယန်မြို့တွင် နှစ်ကြိမ် တွေ့ဆုံညှိနှိုင်းခဲ့ပြီးနောက် စစ်ဘက်ဆိုင်ရာ အရာရှိများနှင့် ပထမဆုံး အကြိမ် တွေ့ဆုံရန် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

KIO က အစိုးရ၏ တပ်စခန်းပေါင်း ၆၁ နေရာအား ရုပ်သိမ်းပေးရန် တင်ပြခဲ့ချက်ထဲမှ အချို့ကို ကာကွယ်ရေးဦးစီးချုပ်မှ သဘောတူသော်လည်း အချို့ကို မြေပုံနှင့်တကွ ထပ်မံ ညှိနှိုင်းရန် လိုအပ်သည်ဟု ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့ကတွေ့ဆုံစဉ် ဆွေးနွေးခဲ့သည်။

ပြီးခဲ့သည့် ဇွန်လ ၂ဝ ရက်နေ့က တွေ့ဆုံစဉ် လက်ရှိ စစ်ရေးကိစ္စများ ဆွေးနွေးရန် စစ်ဘက်ဆိုင်ရာများနှင့် ညှိနှိုင်းရန် သဘောတူခဲ့ခြင်း ဖြစ်သည်။KIO က ၁၉၉၄ ခုနှစ်က အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးထားပြီး ဖြစ်၍ နောက်တကြိမ် အပစ်အခတ်ရပ်ရေး လက်မှတ်ထိုးမည် မဟုတ်ဘဲ နိုင်ငံရေးအရ ဆက်လက် ဆွေးနွေးရန်သာ တောင်းဆိုနေသည်။

ပြီးခဲ့သည့်နှစ် ဇွန်လမှ စတင်၍ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် ထိုနှစ် နိုဝင်ဘာလမှစတင်ကာ ငြိမ်းချမ်းရေး
ဆွေးနွေးမှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့သော်လည်း ယနေ့ထိ ပြေလည်မှု မရသေးပေ။
တဆက်တည်းတွင် ၈၈ ကျောင်းသားခေါင်းဆောင် ကိုမြအေး ဦးဆောင်သော အဖွဲ့သည် KIO အဖွဲ့၏ ငြိမ်းချမ်းရေးဖြစ်စဉ်များနှင့် ပတ်သက်၍ လေ့လာရန်နှင့် ကချင်ပြည်နယ်အတွင်းရှိ စစ်ပြေးဒုက္ခသည်များ၏ အခြေအနေများလေ့လာရန် ကချင်ပြည်နယ်သို့ ထွက်ခွာသွားပြီ ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
KIO က ၈၈ ကျောင်းသားများနှင့် တွေ့ဆုံရန် ရှိသော်လည်း မည်သည့်နေ့ ရောက်ရှိမည်ကို မသိရသေးကြောင်း KIO ငြိမ်းချမ်းရေး ကိုယ်စားလှယ် ဒု-ဗိုလ်မှူးကြီး ဂျီးနောင်က ပြောသည်။


LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment