တက္ကသိုလ်များအတွက် ပညာရေးမူဝါဒများကို အဘယ်သို့ ပြုပြင်ပြောင်လဲကြမည်နည်း

by ဒေါက်တာဓမ္မပိယ 

ယနေ့ မြန်မာနိုင်ငံရဲ့အခြေအနေ…။ လူပြောသူပြော များနေတဲ့သတင်းက ပညာရေး၊ စီးပွားရေးနှင့် လူ့အခွင့်ရေး သတင်းများပါ။ “ပေါက်ပင် ဘာကြောင့်ကိုင်းခဲ့ရတယ်˝ ဆိုတဲ့ အမေးကို အဖြေဖော်ထုတ်နိုင်ရေးအတွက် နိုင်ငံခေါင်းတော်ဆောင်များနှင့် ပြည်သူများ ပူးပေါင်းပြီး အဖြေကို ရှာဖွေညှိနှိုင်းနေကြခြင်းပါ။ အထူးသဖြင့် ပညာရေးမူဝါဒများ ပြုပြင်ပြောင်းလဲနိုင်ဖို့ပါ။ လွန်ခဲ့တဲ့သုံးရက်ခန့်က ရန်ကုန်မြို့နှင့် မန္တလေးမြို့ရှိ နည်းပညာတက္ကသိုလ်ကြီးနှစ်ခုကို အဆင့်မြင့် တက္ကသိုလ်ကြီးများ ဖြစ်လာနိုင်စေရန် ဆွေးနွေးပွဲများ ပြုလုပ်ခြင်းဆိုတဲ့ သတင်းကို ရေဒီယိုမှတဆင့် ကြားသိရ၍ ဝမ်းသာကြည်းနူး ဖြစ်မိခြင်းပါ။ ပညာရေးသတင်းမို့ အထူးစိတ်ဝင်စားမိခြင်းပါ။ တက္ကသိုလ်ပညာရေးမူဝါဒများကို ပြုပြင်ပြောင်းလဲတော့မည်ဆိုလျှင် အဘယ်သို့ ပြုပြင်ပြောင်းလဲကြမည်နည်း။ အဖြေရှာနိုင်ဖို့ပါ။ စဉ်းစားရမယ့်အချက်တွေ များစွာရှိနေသော်လည်း အရေးကြီးတဲ့အချက်ကို အဓိကထားပြီး စဉ်းစားနိုင်ကြဖို့ပါ။ ဘာကြောင့် ပညာရေးမူဝါဒများကို ပြုပြင်ပြောင်းလဲချင်ကြတာလဲ။ ဘယ်လိုပြုပြင် ပြောင်းလဲမှာလဲ။ ဘယ်နေရာတွေမှာ အဓိကထားပြီး ပြုပြင်ပြောင်းလဲမှာလဲ။ ဘယ်အချိန်မှာ ပြုပြင်ပြောင်းလဲကြမှာလဲ။

အနှောင်အဖွဲ့ကင်းတဲ့ မူဝါဒ

ပညာရေးမူဝါဒများကို ရေးဆွဲတဲ့အခါမှာ အနှောင်အဖွဲ့များကင်းရှင်းပြီး လွတ်လွတ်လပ်လပ် ရေးဆွဲနိုင်ဖို့ပါ။ ထိုသို့ရေးဆွဲရာ၌ လွတ်တော်လွတ်ရပ်မှာ ပါဝင်နေတဲ့ပညာရှင်များသာမက ပြည်သူထဲမှာ ခေတ်အမြင်လည်းရှိ၊ နိုင်ငံတကာ ပညာရေးအတွေ့အကြုံများလည်းရှိတဲ့ ရဟန်းပညာရှိ၊ လူပညာရှိပုဂ္ဂိုလ်များပါ ပါဝင်နိုင်ဖို့ပါ။ သို့မဟုတ် ထိုပုဂ္ဂိုလ်များ၏ အကြံဉာဏ်ကောင်းများကိုပါ ရယူနိုင်ဖို့ပါ။ ဒါမှသာ ပညာရေးပြုပြင်ပြောင်းလဲရေးကဏ္ဍ၌ ပိုမိုအသက်ဝင်လာနိုင်မှာပါ။ ပညာရေးမူဝါဒများကို ရေးဆွဲပြဋ္ဌာန်းပေးရာမှာ လူကောင်းသော်လည်း မူမကောင်းခဲ့လျှင် (သို့မဟုတ်) မူကောင်းသော်လည်း လူမကောင်းခဲ့လျှင် မြန်မာနိုင်ငံရဲ့ ပညာရေးဟာ ကမ္ဘာ့အဆင့်မီ ပညာရေးမျိုးဖြစ်လာနိုင်ဖို့ဆိုတာ ဟိုအဝေးကြီးမှာ ရှိနေဦးမှာပါ။ ခေတ်နှင့်လည်းလျော်ညီပြီး၊ စနစ်နှင့်လည်းလျှော်ညီနိုင်တဲ့ ပညာရေးမူဝါဒများကို ပညာရှင်များ ပါဝင်ညှိနှိုင်း၍ ပြဋ္ဌာန်းပေးနိုင်ဖို့ပါ။ ပညာရေးကောင်းမွန်လျှင် လူကောင်း၊ လူတော်များလည်း ပေါ်ထွန်းလာမှာပါ။
ပညာရေးမူဝါဒများကို ပြုပြင်ပြောင်းလဲရာမှာ ခေတ်အမြင်နည်းပါးတဲ့၊ နိုင်ငံတကာ ပညာရေးအတွေ့ အကြုံများနည်းပါးတဲ့ ရှေးရိုးဝါဒီ ပညာရှင်ကြီများအား ပြုပြင်ပြောင်းလဲရေးတာဝန်ကို လုံးဝဥဿုံကြီး ပုံမအပ်မိကြဖို့ပါ။ နိုင်ငံနှင့်လူမျိုးအတွက် မလိုအပ်ဘဲ ရှေးရိုးသင်ကြားနည်းစနစ်များကို ဖက်တွယ်ထာဦးမည်ဆိုလျှင် သမိုင်းကောင်းတို့ သမိုင်းပြောင်းသွားနိုင်လို့ပါ။ သမိုင်းထဲက အဖြစ်အပျက်လေးတစ်ခုပါ။
သာကီဝင်မင်းတို့နှင့် ဆွေမျိုးတော်စပ်ချင်လို့ အမျိုးကောင်းသမီးဖြစ်တဲ့ သာကီဝင်မင်းသမီးလေးတစ်ယောက်ကို ထိမ်းမြားလက်ထပ်ရန် တောင်းခံလာတဲ့ ကောသလဘုရင်ကို ဇာတိဂုဏ်မောက်လှတဲ့ သာကီဝင်မင်းမျိုးတွေက သူတို့ သမီးများနဲ့ မတူမတန်ရာလို့ အထင်ရောက်ကာ ကျွန်မတစ်ယောက်ကို မင်းသမီးအသွင်စံတင်၍ ပေးအပ်လိုက်တဲ့ကိစ္စ။ ထိုစံတင်ထားတဲ့မင်းသမီးမှ မွေးဖွားလာတဲ့မင်းသားလေက ဝိဋဋူပ။ ဆွေမျိုးတွေကို တွေ့ချင်လွန်းလို့ ဆွေမျိုးတွေရှိရာ သာကီဝင်မင်းတို့ရဲ့နိုင်ငံကိုအလာ ကျွန်မတစ်ယောက်ရဲ့သားအသွင်နဲ့ ဆက်ဆံခံရတာကို သိရှိသွားတဲ့ ၀ိဋဋူပ မင်းသားလေးဟာ စိတ်ထဲမှာ နာကျည်းလွန်းလို့ သာကီဝင်မင်းမျိုးတွေကို မျိုးတုံးသုတ်သင် သတ်ပစ်လိုက်ခြင်းပါ။
ဇာတိမာန်၊ ဇာတိသွေးတို့ဆိုတာ မလိုအပ်တဲ့နေရာမျိုးမှာ အသုံးချခဲ့ရင် သမိုင်းဖျောက်လို့မရနိုင်တဲ့ အဖြစ်အပျက်တွေ ရာဇဝင်တွေထဲမှာ၊ သမိုင်းတွေထဲမှာ သင်ခန်းစာအဖြစ် ယူနိုင်ကြဖို့ပါ။ ပညာတုံးရင် လူမျိုးတုံးတာနဲ့ ဘာမှထူးခြားတော့မည် မဟုတ်ပါ။

အပျက် ပညာရေးမှ အပြုပညာရေးဆီသို့

“ပညာရေးမှာလည်း အပျက်ရှိရင် အဖြစ်ရှိနိုင်တာပဲ မဟုတ်လား” လို့ တစ်စုံတစ်ယောက်က မေးကောင်း မေးလာနိုင်ခြင်းပါ။ ထိုစကားဟာ အခါအားလျော်စွာ မှန်နိုင်ပေမယ့် အခါခပ်သိမ်း မမှန်နိုင်ပါ။ ပြောချင်တာက အပျက်တွေချည်း ဆက်ဖြစ်နေတာမျိုးတွေလည်း ရှိနေတတ်တာမို့ သတိတရားနဲ့ဆင်ခြင်ဖို့ပါ။ သို့သော် လောကသဘာဝက အရာရာတိုင်းမှာ အကြောင်းရှိရင် အကျိုးသက်ရောက်မှုမျိုး ရှိနေတယ်ဆိုတာ လက်ခံထားပြီးသားပါ။ အဖြစ်မှာလည်း အကျိုးသက်ရောက်မှုရှိသလို၊ အပျက်မှာလည်း အကျိုးသက်ရောက်မှုမျိုး ရှိနိုင်ခြင်းပါ။ အကျိုးသက်ရောက်မှုမျိုးဆိုတာ သူနေရာသူရှိနေမှ ပိုမိုထင်ပေါ်စေနိုင်တာပါ။ ဥပမာ၊ စစ်သည်တို့ရဲ့စွမ်းရည်ဟာ စစ်မြေပြင်ရောက်မှ ထွန်းပြောင်နိုင်သလို၊ ပညာရှင်တို့ရဲ့စွမ်းရည်ဟာ အနှောင်အဖွဲ့ကင်းတဲ့နေရာမျိုးမှာ ပိုမို ထွန်းလင်းတောက်ပနိုင်တာပါ။ မြန်မာနိုင်ငံမှာ ကမ္ဘာ့အဆင့်မီတဲ့ တက္ကသိုလ်ကြီးများ တစ်ချိန် တစ်ခါက ရှိခဲ့ဖူးပြီးသားပါ။ ဆိုလိုတာက ပညာရှင်များရဲ့ ပြဋ္ဌာန်းပေးခဲ့တဲ့ ပညာရေးမူဝါဒများဟာ ပညာရေးသမိုင်းဟာ တစ်ချိန်တစ်ခါက အောင်အောင်မြင်မြင် ရှိခဲ့ဖူးပြီးသားပါ။ ဥပမာ၊ နာမည်ကြီးလှတဲ့ (RIT) သို့မဟုတ် ရန်ကုန် စက်မှုတက္ကသိုလ်ကြီးပါ။
ထိုရန်ကုန်စက်မှုတက္ကသိုလ်ကြီးကို ၁၉၂၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းပါ။ ထိုတက္ကသိုလ်ကြီးရဲ့ မူလနာမည်က RIT (Rangoon Institute of Technology) ဆိုတဲ့အမည်နဲ့ တည်ရှိခဲ့တာပါ။ ၁၉၉၀ ခုနှစ်မှာ RIT ကနေ YIT (Yangon Institute of Technology) လို့ အမည်နာမသစ်ကို မွေးဖွားပေးလိုက်ကြခြင်းပါ။ ၁၉၉၁-ခုနှစ်တွင် မန္တလေးမြို့မှာ စက်မှုတက္ကသိုလ်ကျောင်းတော်ကြီးတစ်ခု၊ MIT (Mandalay Institute of Technology) ဆိုတဲ့အမည်။ ၁၉၉၈ ခုနှစ်တွင် ပြည်မြို့မှာလည်း နောက်ထပ် စက်မှုတက္ကသိုလ်ကြီးတစ်ခု၊ PIT (Pyay Institute of Technology) ဆိုတဲ့အမည်ကို ပိုင်ဆိုင်ထားခဲ့ကြတာပါ။
သို့သော် မမှန်မကန်ဖြစ်လာတဲ့ ပညာရေးမဝ၀ါဒများကြောင့် ထိုတက္ကသိုလ်ကြီးများရဲ့ ပညာရေးအဆင့်အတန်းများဟာ တဖြည်းဖြည်းနှင့် နိမ့်ကျသွားခဲ့ခြင်းပါ။
၁၉၉၈ ခုနှစ်မှာတော့ စင်္ကာပူနိုင်ငံမှာရှိတဲ့ နန်ယန်း ယူနီဗာစီတီ (Nanyang Technological University) (NTU) နှင့် တန်းတူအဆင့်ပြုသောအားဖြင့် YIT ကနေ YTU (Yangon Technological University) ဆိုတဲ့ အမည်နာမသစ် ဖြစ်ပေါ်လာခြင်းပါ။ သို့သော် ၁၉၉၉-ခုနှစ်နှင့် ၂၀၀၀ ခုနှစ် စာသင်နှစ်လွန်နှစ်များ နောက်ပိုင်းမှာတော့ YTU ဆိုတဲ့ အမည်နာမဟာ တဖြည်းဖြည်းချင်း မှေးမှိန်ပျောက်ကွယ်သွားခြင်းပါ။ ကမ္ဘာ့အဆင့်မှီတဲ့ RIT စက်မှုတက္ကသိုလ်ကြီးဟာ သင်္ခါရသဘောတရားကို မလွန်ဆန်နိုင်လို့လား၊ သို့မဟုတ် ညံ့ဖျင်းတဲ့ ပညာရေးပေါ်လစီများကြောင့်လားဆိုတာ ဘယ်သူမှ သဲသဲကွဲကွဲ ဖော်ပြနိုင်စွမ်း ရှိမည်မဟုတ်ပါ။ ဒီလိုဖြစ်သွားရတာ ဘာကြောင့်လဲ။ စဉ်းစားဝေဖန်နိုင်ဖို့ပါ။
ထို့ကြောင့် ဖြစ်နိုင်မယ်ဆိုလျှင်တော့ နိုင်ငံတော်ခေါင်းဆောင်များဟာ ကျောင်းပရဝုန်များမှအစ ကြက်သရေရှိလှတဲ့ စက်မှုတက္ကသိုလ်ကျောင်းတော်ကြီးကို တိုင်းပြည်နှင့်လူမျိုးအတွက် ပြန်လည်အသက်သွင်းပေးဖို့ အကြံပြုလိုခြင်းပါ။

အပြောတွေလျော့ပြီး အလုပ်တွေနဲ့ သက်သေပြပါ

ခေတ်နှင့်လျှော်ညီတဲ့ ပညာရေးမူဝါဒများကို ဘာကြောင့် ပြန်လည်ပြုပြင်လိုကြသနည်း။ အကြောင်းရင်းကို ရှာကြည့်တဲ့အခါ မြန်မာနိုင်ငံ၌ ယခုလက်ရှိကျင့်သုံးနေတဲ့ ပညာရေးစနစ်များဟာ ကမ္ဘာ့အဆင့်မီ တက္ကသိုလ်ကြီးများကို မမှီတော့တဲ့ နိမ့်ကျနေတဲ့ ပညာရေးစနစ်များနှင့် လည်ပတ်နေလို့ပါ။ ဒီလိုဆိုလျှင် ပညာရေးစနစ်များ ကောင်းမွန်လာနိုင်ဖို့ ရဟန်းရှင်လူ ပညာရှင်များပါ ပူးပေါင်းပါဝင်လာနိုင်ဖို့၊ အကြံပြုဆွေးနွေးလာနိုင်ဖို့် ပြုလုပ်ပေးနိုင်ကြဖို့ပါ။ ဒီလိုလုပ်ပေးနိုင်မယ်ဆိုရင်တော့ ပညာရေးပြုပြင်ပြောင်းလဲရေးမှာ ပိုမို အဓိပ္ပာယ် ရှိလာနိုင်မှာပါ။ ပညာရေးနှင့်ပတ်သက်ပြီး ဂရိ ဖီလိုဆိုဖာကြီး ဆိုကရီးတီးစ် အကြံပြုထားတာကတော့ -
“ကျွန်ုပ်တို့ကို သဘာဝတရားကြီးက နားနှစ်ဖက်၊ မျက်စိနှစ်လုံးကို ပေးအပ်ခဲ့တယ်။ ဒါပေမယ့် လျှာကိုတော့ တစ်ခုတည်းပဲ ပေးအပ်ခဲ့တယ်။ ဒါကြောင့် ကျွန်ုပ်တို့တတွေဟာ ဘဝရဲ့နောက်ဆုံး ထွက်သက်ဖြစ်တဲ့အချိန်မျိုးအထိ ကျွန်ုပ်တို့ပါးစပ်ကချည်း ပြောနေတာမျိုးထက် မျက်လုံးနဲ့ကြည့်တာတို့၊ နားတွေနဲ့နားထောင်ပေးတာမျိုးကို ပိုပြီး ပြုလုပ်သင့်တယ်” လို့ အဆိုပြုထားခဲ့ခြင်းပါ။ အထင်နဲ့ ထင်ရာတွေကို ပါးစပ်က ပြောဆိုနေခြင်းမျိုးထက် အမြင်၊ အကြားတို့မှ ရရှိလာတဲ့ ဗဟုသုတများဖြင့် အမှန်တရားကို ရှာဖွေနိုင်ဖို့ပါ။
ပညာရေးနဲ့ပတ်သက်ပြီး အပြောကိုလျှော့ပြီး စေတနာ၊ ကရုဏာများနှင့် အလုပ်ကို ပီပီပြင်ပြင် လုပ်နိုင်ကြဖို့ပါ။ တစ်ခါက အမေရိကန်နိုင်ငံ၊ အာရီဇိုးနာပြည်နယ် တက္ကသိုလ်တစ်ခုမှ ပညာသင်ပြီး မြန်မာပြည်ကို ပြန်လာတဲ့ သိပ္ပံဘာသာရပ်နှင့် ဒေါက်တာဘွဲ့ရ ကျောင်းသူတစ်ဦးက ပြောဖူးတယ်။
သူကတော့ မြန်မာပြည်က တက္ကသိုလ်တွေမှာ အလုပ်ဝင်မလုပ်နိုင်ဘူးတဲ့။ ဘာကြောင့်လဲဆိုရင် မြန်မာပြည်က တက္ကသိုလ်တွေက သင်ကြားရေးပိုင်းမှာသာ အထူးပြုပြီး၊ သုတေသနပြုတဲ့အပိုင်းမှာ အတော်ကိုအားနည်းနေတယ်တဲ့။ တက္ကသိုလ်အများစုမှာ သုတေသနဋ္ဌာနဆိုတာ အမည်သာရှိတာ၊ သုတေသနလုပ်ငန်းကို ဘာမှမလုပ်နိုင်ကြဘူးတဲ့။ အဲဒီတက္ကသိုလ်တွေမှာ အလုပ်ဝင်လုပ်ခဲ့မိရင် သူသင်ထားတဲ့ ပညာရပ်တွေ မတိုးတက်တဲ့အပြင် ဆုတ်ယုတ်သွားမှာကို စိုးလို့ပါတဲ့။ မြန်မာနိုင်ငံရှိ တက္ကသိုလ်များမှာ အလုပ်လုပ်နေကြတဲ့ ပညာရှင်များ စဉ်းစားနိုင်ဖို့ မျှဝေပေးခြင်းပါ။

သုတေသနဖြင့် သင်ကြားခြင်း

ကမ္ဘာ့နိုင်ငံအသီးသီးမှာကျင့်သုံးနေတဲ့ ပညာရေးမူဝါဒများကို ဉာဏ်မှီသမျှ ဆွေးနွေးတင်ပြပါရစေ။ ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ကျောင်းများသို့ ရောက်လာကြပြီဆိုရင် တက်ရောက်သင်ကြားနေသော တက္ကသိုလ်များ၌် သင်ယူရသောဘာသာရပ်များကို ကျက်မှတ်စေခြင်းထက် သဘောဉာဏ်သက်ရောက်အောင် ဆွေးနွေးခြင်းများကိုပြု၍ သင်ကြားပေးခြင်း၊ ပရောဂျက်များကို စုပေါင်းပြုလုပ်စေ၍ သင်ကြားပေးခြင်း၊ စုပေါင်း ဆွေးနွေးခြင်းများကို ပြုလုပ်စေ၍ သင်ကြားပေးခြင်း။ သုတေသနပြုလုပ်စေ၍ သင်ကြားပေးခြင်း စတဲ့ ဤသင်ကြားနည်းများကို အသုံးပြု၍ သင်ကြားပေးခြင်းပါ။
သုံးနှစ်၊ လေးနှစ်ကြာလို့ BA, BSc စတဲ့ အခြေခံဘွဲ့များ ရရှိပြီးလို့ ဘွဲ့လွန်ဖြစ်တဲ့ MA, MSc အဆင့်ရောက်လာတဲ့ ကျောင်းသား၊ ကျောင်းသူများကိုတော့ မိမိကြိုက်နှစ်သက်ရာ ဘာသာရပ် (Major) တစ်ခုကို ရွေးချယ်စေ၍ ထိုဘာသာရပ်ကို နက်နက်နဲနဲ ထိုးထိုးထွင်းထွင်း ရှုမြင်သုံးသပ်တတ်အောင် သင်ကြားပို့ချပေးခြင်းမျိုးပါ။
ဥပမာ၊ အတန်းသားအချင်းချင်း ပြဋ္ဌာန်းစာအုပ်များကိုဖြစ်စေ၊ ဆရာသင်ပေးသော သင်ခန်းစာများကိုဖြစ်စေ ဆွေးနွေးစေ၍ အမြင်ခြင်း ဖလှယ်ခြင်းများ၊ စာရေးသူများရဲ့အာဘော်ကို ကျောင်းသား၊ ကျောင်းသူများမှ သဘောတူညီမှုများရှိ၊ မရှိ၊ မရှိခဲ့လျှင် ဘယ်အကြောင်းကြောင့် ဘယ်အချက်မှာ သဘောတူညီမှုမရှိကြောင်း အနှောင်အဖွဲ့လွတ် ဆွေးနွေး၍ အမြင်ခြင်းဖလှယ်ခြင်းများ၊ စာကြည့်တိုက်များသို့ မကြာမကြာ သွားရောက်၍ ဘာသာအတွက် Research ခေါ် သုတေသနများကို ပြုလုပ်ခြင်းများ၊ ဘာသာရပ်ဆိုင်ရာများ၌ Field Trip ခေါ် ကွင်းဆင်းလေ့လာခြင်းများ၊ Intership ခေါ် Job training များအဖြစ် ရုံးများ၊ စက်ရုံများ၊ လုပ်ငန်းခွင်ဋ္ဌာနများသို့ သွားရောက်၍ ဘာသာရပ်ဆိုင်ရာများကို ကိုယ်တိုင်ကိုယ်ကျ လေ့လာ၊ သင်ကြားရခြင်းများ၊ ဤကဲ့သို့ ခေတ်နှင့်လျှော်ညီတဲ့ ပညာရေးစံနစ်များ ပါဝင်နေခြင်းပါ။ ထို့ကြောင့် ထိုတက္ကသိုလ်ကြီးများမှ ဘွဲ့ရလာကြသော ကျောင်းသား၊ ကျောင်းသူများသည် ကျောင်းတက်နေစဉ်ကပင် လုပ်ငန်းခွင်ဆိုင်ရာ အရည်အချင်းများကို ရရှိထားပြီးဖြစ်၍ ဘွဲ့ရပြီးတဲ့အခါ လုပ်ငန်းခွင်မှာ အခက်အခဲမရှိ တာဝန်များကို လုပ်ဆောင်နိုင်ခြင်းမျိုးပါ။

အဆင်ြ့မင့်ပညာရေး ထိုက်ထိုက်တန်တန်မြင့်မှ

အချို့ MA (မဟာဝိဇ္ဇာ) ဘွဲ့ရ ကျောင်းသား၊ ကျောင်းသူများသည် Ph D ခေါ် ဒေါက်တာဘွဲ့ကို ရယူနိုင်ရန် ပညာကို ဆက်လက်သင်ယူကြခြင်းပါ။ Ph D လယ်ဗယ်၌ ဘာသာရပ်ဆိုင်ရာများကို ပိုမိုနက်ရှိုင်းစွာ သင်ယူကြရခြင်း၊ စာတမ်းတင်ရန် ရွေးချယ်ထားသော ဘာသာရပ်အတွက် သုတေသနလုပ်ငန်းကို ပီပီပြင်ပြင် လုပ်ဆောင်ရခြင်း၊ နက်နဲသော သီအိုရီများကို နည်းအမျိုးမျိုးဖြင့် အဓိပ္ပာယ်များ ဖွင့်ဆိုပြရခြင်း၊ စာကြည့်တိုက်များ၊ လုပ်ငန်းခွင်များမှ သို့မဟုတ် ကွင်းဆင်လေ့လာခြင်းများမှ ရှာဖွေသိမြင်လာတဲ့ သီအိုရီများ၊ သို့မဟုတ် သုတေသနလုပ်ငန်း အတွေ့အကြုံများကို အခြေခံ၍ ကိုယ်ပိုင်သီအိုရီများကို တင်ပြရခြင်း၊ ဆွေးနွေးခြင်း စသည်များကို ပါရဂူဘွဲ့နှင့်ထိုက်တန်အောင် သုတေသနများကို ပြုလုပ်ရခြင်းမျိုးပါ။ ထို့ကြောင့် ထိုတက္ကသိုလ်ကြီးများမှ ထွက်ရှိလာသော စာအုပ်စာတမ်းများ၊ သုတေသနဆိုင်ရာလုပ်ငန်းများ၊ သီအိုရီများသည် နောင်လာနောက်သား ကျောင်းသား၊ ကျောင်းသူများအတွက် (သို့မဟုတ်) အများပြည်သူများအတွက် တစ်ကြောင်းမဟုတ် တစ်ကြောင်းကြောင်းဖြင့် ကျေးဇူးပြုပေးနေခြင်းပါ။ ထို့ကြောင့် ပညာရေးစနစ်များ ကောင်းမွန်တဲ့နိုင်ငံများ၌ ပညာ၏အကျိုးကျေးဇူးများကို ကောင်းစွာသိရှိထားကြ၍ ပညာများကို တစ်ဘွဲ့ပြီး တစ်ဘွဲ့ မပြင်းမရိ ဆက်လက်သင်ယူနေကြခြင်းမှာ အံ့ဖွယ်ရာပင် မရှိတော့ပါ။
ပညာရေးမူဝါဒများနှင့်ပတ်သက်၍ အနှစ်ချုပ်၍ တင်ပြရလျှင် – နိုင်ငံတကာတက္ကသိုလ်များ၏ ပညာရေးအဆင့်အတန်းများ မြန်မာနိုင်ငံတက္ကသိုလ်များ၏ ပညာရေးမူဝါဒများ၌ ပြဋ္ဌာန်းပေးထားခြင်းမျိုး ရှိ၊ မရှိ စိစစ်နိုင်ကြဖို့ပါ။ အကျဉ်းချုပ်တင်ပြရသော် -
(၁) အကယ်၍သာ မြန်မာနိုင်ငံရှိ တက္ကသိုလ်များ၏ ပညာရေးမူဝါဒများသည် တက္ကသိုလ်အဆင့်သို့ ရောက်ရှိလာကြသော ကျောင်းသား၊ ကျောင်းသူများအား ဘာသာရပ်အားလုံးအတွက် (ယခင်အတိုင်း) အလွတ်ကျက်မှတ် သင်ယူနေရဆဲ ဖြစ်နေဦးမည်ဆိုလျှင်၊
(၂) ဘာသာရပ်အားလုံးအတွက် ကျူရှင်များကို (ယခင်အတိုင်း) ဆက်လက် ယူနေကြရဦးမည်ဆိုလျှင်၊
(၃) ကျောင်းသား၊ ကျောင်းသူတိုင်းသည် ဘာသာရပ်ဆိုင်ရာ အဆိုင်းမင့် (Assignment) (အိမ်စာ)များအတွက် စာကြည့်တိုက်သို့ သွားရောက်၍ စာအုပ်စာပေများ ရှာဖွေအသုံးပြုခြင်းကို ကိုယ်တိုင်မလုပ်နိုင်ကြသေးဘူးဆိုလျှင်၊
(၄) ဘာသာရပ်ဆိုင်ရာ အဆိုင်းမင့်များအတွက် လိုအပ်သောဒေတာများ (အချက်အလက်များ)ကို အွန်လိုင်းမှ လည်းကောင်း၊ စာကြည့်တိုက်များရှိ ကက်တလောက်များ၊ ကွန်ပျူတာများမှလည်းကောင်း သုတေသနစာတမ်း ပြုစုခြင်းမျိုးကို ပြုလုပ်ခြင်းငှာ ကိုယ်တိုင်မစွမ်းနိုင်ကြသေးဘူးဆိုလျှင်၊
(၅) ဖီးလ်ထရစ်ပ် (Field Trip) ခေါ် ကွင်းဆင်းလေ့လာရသော အဆိုင်းမင့်များအတွက် အကြောင်းအချက်အလက်များ စုဆောင်းနိုင်ခြင်း၊ လေ့လာနိုင်ခြင်း၊ သုတေသနပြုနိုင်ခြင်းတို့ကို ကိုယ်တိုင် မပြုလုပ်နိုင်ကြသေးဘူးဆိုလျှင်၊
(၆) အုပ်စုနှင့်ပြုလုပ်ရသော ပရောဂျက်များအတွက် အတန်းသားများနှင့်လည်းကောင်း၊ ခန်းမတွင်းသို့ရောက်ရှိနေကြသော ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများနှင့်လည်းကောင်း မိမိဘာသာစကားဖြင့်ဖြစ်စေ၊ (အထူးသဖြင့်) အင်္ဂလိပ်ဘာသာစကားဖြင့်ဖြစ်စေ တင်ပြဆွေးနွေးခြင်းများကို ရဲရဲဝံ့ဝံ့ မပြုလုပ်နိုင်ကြသေးဘူးဆိုလျှင်၊
(၇) ပညာရေးမူဝါဒများကို တက္ကသိုလ်အဆင့်အတွက်သာ ပြင်ဆင်ထားခြင်းမျိုးမဟုတ်ဘဲ အခြေခံပညာရေးဖြစ်တဲ့ အလယ်တန်း၊ အထက်တန်းအဆင့်များကတည်းက ပြင်ဆင်ထားခြင်းမျိုးကို ကြိုတင်ပြုလုပ်ပေးထားခြင်းမျိုးကို မပြုလုပ်နိုင်ကြသေးဘူးဆိုလျှင် မြန်မာနိုင်ငံတက္ကသိုလ်များ၌ ကျင့်သုံးနေသော ပညာရေး မူဝါဒများသည် ကမ္ဘာ့နိုင်ငံအသီးသီးရှိ ပညာရေးအဆင့်ရှိသော တက္ကသိုလ်များနှင့် အဆင့်တူထား၍ သတ်မှတ်ပေးနိုင်မည် မဟုတ်ဟုထင်မြင်မိပါကြောင်း ပညာရေးမူဝါဒများကို ရေးဆွဲအကောင်အထည်ဖော်နေကြတဲ့ ပညာရှင်များအား သိစေခြင်းပါ။
ပညာမြင့်မှ လူမျိုးတင့်နိုင်မှာမို့ လူမျိုးရဲ့ပညာရေးအဆင့်အတန်းများ မြှင့်တင်ပေးနိုင်ရန် ပညာရေးမူဝါဒများကို ကမ္ဘာ့အဆင့်မီ ပညာရေးမျိုးဖြစ်နိုင်အောင် ပီပီပြင်ပြင် ရေးဆွဲနိုင်ကြဖို့ပါ။ တစ်ချိန်တည်းမှာပင် ကျောင်းသား၊ ကျောင်းသူများကို အခွင့်သင့်တိုင်း ပညာရေးလှုံ့ဆော်မှုများကို ပြုလုပ်ပေးနိုင်ကြဖို့ပါ။ လောကနီတိမှာ ဖော်ပြထားတဲ့စကားစုလေးက စာရေးသူအတွက်တော့ အဓိပ္ပာယ်တွေ လေးနက်လွန်းနေခြင်းပါ။
“အို အမျိုးကောင်းသားတို့၊ အတတ်ပညာကို မပျင်းမရိ သင်ယူကြစမ်းပါ။ ဘာကြောင့်များ (ပညာသင်ယူရန်) ပျင်းရိနေကြပါလိမ့်။ အတတ်ပညာကို မသင်ယူတဲ့သူဟာ သူတစ်ပါးရဲ့ ဝန်ထုပ်ဝန်ပိုးကို ထမ်းကြရမှာ။ လောကမှာ အတတ်ပညာရှိသူကိုသာ လူတွေက မြတ်နိုးနိုင်ကြတာ။ ချီမွမ်းနိုင်ကြတာ။ အို အမျိုးကောင်းသားတို့၊ နေ့စဉ်တိုင်း နေ့တိုင်း ပညာကို (သင့်ဘဝရှေ့ရေးအတွက်၊ အမျိုး ဘာသာ သာသနာတော်အတွက်) မဆုတ်မနစ်၊ မပျင်းမရိတဲ့စိတ်ထားနဲ့ သင်ယူလိုက်ကြစမ်းပါ” တဲ့။

(လောကနီတိ – ၁၇)

အားမာန်ပါတဲ့ ပညာရှိစကားပါ။ သူများအထုတ်ကို တပင်တပန်း မထမ်းချင်ရင်တော့ ငယ်စဉ်အခါတည်းက ပညာကို ကြိုးကြိုးစားစား သင်ယူထားနိုင်ကြဖို့ပါ။
ချမ်းသာစွာ အိပ်စက်နိုင်ကြပါစေ။ ။

ဒေါက်တာဓမ္မပိယ 

LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment