ဒုက္ခသည်အရေး UNHCR နှင့်  ကချင် သတင်းများ  ဇူလိုင် ၁၈၊ ၂၀၁၂


ဒုက္ခသည်အရေး UNHCR နှင့် တိုင်းရင်းသားအဖွဲ့များ ဆွေးနွေး

ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည်များ ပြန်ပို့ရေးနှင့် ကချင်စစ်ပြေး ဒုက္ခသည်များအား ထိရောက်စွာ အကူအညီ ပေးနိုင်ရေးအတွက် တိုင်းရင်းသား အဖွဲ့အစည်း ၅ ဖွဲ့အား ဇူလိုင်လ ၆ ရက်နေ့က UNHCR မှ ထိုင်းနိုင်ငံ၌ ခေါ်ယူတွေ့ဆုံခဲ့ကြကြောင်း အစည်းအဝေး တက်ရောက်ခဲ့သူ တိုင်းရင်းသား ခေါင်းဆောင် တဦးက ပြော သည်။

“UNHCR က ထိုင်း-မြန်မာ နယ်စပ်မှာ ရှိတဲ့ ဒုက္ခသည်တွေ မြန်မာပြည်ထဲ ပြန်ရေး ကိစ္စကို တကယ်တန်း စိတ်ချတဲ့ အခြေအနေမှ အကောင်အထည် ဖော်ဖို့ ရှိတယ်။ အဲဒီလို အကောင်အထည်ဖော်တဲ့ နေရာမှာလည်း ထိုင်း၊ မြန်မာ အစိုးတို့နဲ့ ပူးပေါင်း လုပ်ဆောင်သွားဖို့ ရှိတယ်လို့ သူတို့ ပြောသွားတယ်။ လုပ်ငန်းစဉ် အပိုင်းကို ယေဘူယျလောက်ပဲဆွေးနွေးကြတာပါ။ တိတိကျကျ လုပ်ဆောင်ချက် အပိုင်းတွေတော့ ဆွေးနွေးကြခြင်း မရှိသေးပါဘူး” ဟု အစည်း အဝေး တက်ရောက်ခဲ့သည့် ကရင်နီတိုးတက်ရေးပါတီ KNPP အတွင်းရေးမှူး (၂) ဦးအောင်ဆန်းမြင့် က ပြောသည်။

UNHCR ကိုယ်စားလှယ် အဖွဲ့အား အာရှနှင့်ပစိဖိတ်ဗျူရို ဒါရိုက်တာ Mr. Kasidis Rochanakorn က ဦးဆောင်ပြီးဒေသ ကိုယ်စားလှယ်၊ မြန်မာနိုင်ငံ ဌာနေ ကိုယ်စားလှယ်တို့ ပါဝင်သည့် ကိုယ်စားလှယ် ၅ ဦးဖြင့် လာရောက် ဆွေးနွေး ခဲ့ကြခြင်း ဖြစ်သည်။

တိုင်းရင်းသား အဖွဲ့အစည်းများဘက်မှ KNU, KNPP, NMSP, KIO, RCSS မှ ကိုယ်စားလှယ် ၈ ဦးနှင့် ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည် ကူညီရေးအဖွဲ့တခုဖြစ်သည့် TBBC မှ အမှုဆောင်ဒါရိုက်တာ Mr. Jack Dunford ဦးဆောင်သည့် ကိုယ်စားလှယ် ၄ ဦးပါ အဖွဲ့တို့နှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

TBBC မှ ၂ဝ၁၁ မတ်လ စာရင်းအရ ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည် စခန်း ၉ ခု၌
ဒုက္ခသည် ဦးရေပေါင်း ၁၄၃,ဝ၉၇ကျော် ရှိသည်။ သို့သော် အခြား အကူအညီပေးရေး အဖွဲ့များကမူ ဒုက္ခသည် တသိန်းခွဲမှ နှစ်သိန်းခန့်အထိ ရှိနိုင်သည် ဟု ခန့်မှန်းထားကြသည်။

၂ဝ၁၂ ခုနှစ် မေလလယ်ကလည်း ထိုင်းကာကွယ်ရေးဝန်ကြီး Sukumpol Suwanatat က ထိုင်း စစ်ဦးစီးချုပ် ဗိုလ်ချုပ် Prayuth Chan-ocha နှင့် တွေ့ဆုံခဲ့ပြီး မြန်မာ ဒုက္ခသည်များအား နေရပ်ပြန်ပို့ရေး အစီအစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း ထိုင်းကာကွယ်ရေး ဝန်ကြီးဌာန သတင်းရပ်ကွက်က ဆိုသည်။

ထို့အပြင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့၌ ကျင်းပခဲ့သည့် ၆ ကြိမ်မြောက် အာရှကာကွယ်ရေး ဝန်ကြီးများ ထိပ်သီးဆွေးနွေးပွဲ၌ ထိုင်းကာကွယ်ရေး ဝန်ကြီး Sukumpol Suwanatat နှင့် မြန်မာ ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ် လှမင်း တို့ တွေ့ဆုံခဲ့စဉ်ကလည်း အဆိုပါ မြန်မာဒုက္ခသည်များ နေရပ်ပြန်ပို့ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ နှစ်ဦးအမြင်များဆွေးနွေးခဲ့ကြသည်။

ဇူလိုင် ၆ ရက် ထိုင်းနိုင်ငံ ဆွေးနွေးပွဲတွင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO အထွေထွေ အတွင်းရေးမှူး ဒေါက်တာလဂျာနှင့် Colonel - Sin Wa တို့အား UNHCR မှ တနာရီခန့်ကြာ သီးသန့်တွေ့ဆုံခဲ့ပြီး ကချင်စစ်ပြေးဒုက္ခသည်များအတွက် UNHCR ၏ လူသားချင်းစာနာမှု အကူအညီများ လမ်းကြောင်း အသစ်ဖြင့် ပေးပို့ကူညီနိုင်ရေး ဆွေးနွေးခဲ့ကြကြောင်းဒေါက်တာလဂျာ က ပြောသည်။

“အကူအညီ ပေးရေးအတွက် အမြန်ဆုံးနဲ့ အထိရောက်ဆုံး လမ်းကြောင်းကို ရွေးချယ်နိုင်ဖို့ ဆွေးနွေးခဲ့ကြတာပါ။ အဆင်ပြေဆုံးကတော့ တရုတ်ဘက်ကို ဖြတ်ပြီးတော့ ကချင်ကို လာတဲ့ လမ်းကြောင်းဟာ အမြန်ဆုံးနဲ့ အလွယ်ဆုံးဖြစ်မယ်လို့ ကျနော်တို့ ဆွေးနွေးကြတယ်။ သူတို့အနေနဲ့ ဒီအစီအစဉ်ကို ပီကင်း (တရုတ်)အစိုးရနဲ့ ဆွေးနွေးဖို့ ရှိတယ်လို့ ပြောသွားတယ်” ဟုပြောသည်။

၂ဝ၁၁ ဇွန်လမှ စတင်ခဲ့သည့် KIO နှင့် အစိုးရတို့၏ တိုက်ပွဲများကြောင့် တရုတ်-မြန်မာ နယ်စပ်တွင် ဒုက္ခသည်ပေါင်း ခုနှစ်သောင်းခန့်အထိ တိုးပွားခဲ့သည်။ထို့ပြင် ကချင်ပြည်နယ်နှင့် တရုတ်နိုင်ငံ နယ်စပ်ရှိ ရမ်လူးနှင့် လောင်ဖိုင်း ကချင်စစ်ပြေး ဒုက္ခသည်စခန်း ၂ အား ဇူလိုင် ၇ ရက်နေ့တွင် အပြီး ဖယ်ရှားပေးရန် တရုတ် အစိုးရမှ ဖိအားပေးခဲ့သော်လည်း ဒုက္ခသည်များမှ စုပေါင်း အသနားခံခဲ့ သဖြင့် ပြန်လည် နေထိုင်ခွင့် ပြုခဲ့သည်။ ရန်လူး စခန်းတွင် လူဦးရေ ၁,၄ဝဝ ကျော် နေထိုင်ပြီး လောင်ဖိုင်း စခန်းတွင် လူဦးရေ ၇ဝဝ ကျော်ခန့် နေထိုင်ကြောင်း သိရသည်။ကချင်နှင့် အစိုးရတို့ စစ်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီးနောက် KIO ဌာနချုပ် လိုင်ဇာထိ UNHCR ၏ အကူအညီများ တကြိမ် သာ ရောက်ရှိခဲ့ပြီး နောက်ပိုင်း၌မူ မြန်မာ အစိုးရ၏ အကန့်အသတ်များကြောင့် အကူအညီပေးရေး အစီအစဉ်များ စတင်နိုင်ခဲ့ကြောင်း ဒေါက်တာလဂျာ က ပြောသည်။UNHCR အဖွဲ့မှ ကိုယ်စားလှယ်များက ယခုဆွေးနွေးပွဲမှ ရရှိထားသည့် အချက်အလက်များအား ကုလသမဂ္ဂ လူသား ချင်း စာနာမှုဆိုင်ရာ အကူအညီပေးရေးရုံး UNOCHA ၊ ကုလ ပညာရေးနှင့် ကလေးသူငယ်များဆိုင်ရာ ရန်ပုံငွေအဖွဲ့ UNICEF ၊ ကုလ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR သို့ တိုက်ရိုက် အစီရင်ခံမည် ဖြစ်ပြီး အကူအညီပေးရေး ကိစ္စများကို လိုအပ်သလို လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့ကြောင်း ဒေါက်တာလဂျာ က ပြောသည်။

အကျဉ်းသား နှိပ်စက်သူများအား တရားစွဲရန်လိုသည်ဟု AAPP ဆို

အဖမ်းဆီး အထိန်းသိမ်းခံများနှင့် သက်ဆိုင်သော နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် အညီ အနှိပ်စက်ခံ အကျဉ်းသား ဦးလထော်ဘရန်ရှောင်အား ဆေးကုသခွင့် ချက်ချင်းပေးရန် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) AAPP က တိုက်တွန်းတောင်းဆို လိုက်သည်။

ထို့ပြင် နှိပ်စက်ညှဉ်းပန်းမှု အပါအဝင် ဆက်စပ်နေသည့် အလေ့အထများ ပြုလုပ်ကျင့်သုံးမှုကို မြန်မာနိုင်ငံတွင် ဆက်လက်သည်းမခံတော့ကြောင်း ပြင်းပြင်းထန်ထန် သတိပေးသည့်အနေဖြင့် ကချင်လူမျိုး ဦးလထော်ဘရန်ရှောင် အား နှိပ်စက်ခဲ့သော တာဝန်ရှိ လုံခြုံရေးတပ်ဖွဲ့အား တရားစွဲဆိုရမည် ဖြစ်ကြောင်း သောကြာနေ့က ထုတ်ပြန်ခဲ့သည့် AAPP ၏ ကြေညာချက်ထဲတွင် ရေးသားထားသည်။

“နှိပ်စက်ညှဉ်းပန်းမှု ဆိုတာ အတိတ်က အရာတခု မဟုတ်ပါဘူး။ မြန်မာနိုင်ငံဟာ လူသားခြင်းစာနာမှု အခြေခံ စည်းမျဉ်းတွေ စံနှုန်းတွေကို ဆက်လက် ချိုးဖောက်နေဆဲပဲ ရှိသေးတယ် ဆိုတဲ့ အချက်ကို နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ သဘောပေါက်ဖို့ လိုပါတယ်။ ပြုပြင်ပြောင်းလဲရေး အကြောင်းကို၊ လုံခြုံရေး တပ်ဖွဲ့တွေက နှိပ်စက်မှုတွေ ဆက်ပြီး ပြုလုပ်နေချိန်မှာ ပြောဆိုနေတာ ဖြစ်တဲ့အတွက် တိုးတက်မှု မဟုတ်ပါဘူး” ဟု AAPP တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်က ဆိုသည်။

စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ (MAS) သည် အဖမ်းဆီး အထိန်းသိမ်းခံများအား သမိုင်းတလျှောက်လုံးတွင် နှိပ်စက်မှု များ ပြုလုပ်ခဲ့ပြီး ဦးလထော်ဘရန်ရှောင်အား နှိပ်စက်ခြင်းဖြင့် ထိုအစဉ်အလာအတိုင်း ဆက်လက်ပြုမူနေကြောင်း ထင်ရှားနေသည်ဟု AAPP က ဆိုသည်။

ဦးလထော်ဘရန်ရှောင်သည် ဗုံးခွဲမှု တခုတွင် ပါဝင် ပတ်သတ်ခဲ့သည် ဟူသည့် မှားယွင်းသော စွပ်စွဲချက် တခုဖြင့် စွပ်စွဲခြင်း ခံရကာ ဇွန်လအတွင်းတွင် ကချင်ပြည်နယ် မြစ်ကြီးနား မြို့နယ်ရှိ ရဲတပ်ဖွဲ့ ဝင်များ၏ ဖမ်းဆီးခြင်း ခံခဲ့ရသည်။

ထို့နောက် ၎င်းအား စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး မြစ်ကြီးနား အကျဉ်းထောင်တွင် ထိန်းသိမ်း အကျဉ်းချထားခဲ့ကာ ထိုအကျဉ်းထောင်တွင် သုံးရက်ခန့် နှိပ်စက်ညှဉ်းပန်းမှုများပြုလုပ်ခဲ့ကြသည်ဟု AAPP က ဆိုထားသည်။

ဦးလထော်ဘရန်ရှောင်သည် ပေါက်ကွဲစေတတ်သော ပစ္စည်းများ အက်ဥပဒေ ပုဒ်မ (၃) နှင့် မတရားအသင်း ဆက်သွယ်မှု အက်ဥပဒေ ပုဒ်မ (၁၇) တို့ဖြင့် စွဲချက်တင်ခြင်း ခံနေရခြင်း ဖြစ်သည်။

၎င်း၏ ရှေ့နေ ဦးမာခါး ၏ အဆိုအရ စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့သည် ဦးလထော်ဘရန်ရှောင်အား လက်ထိပ်ခတ် ကာ ကြိုးဖြင့်ချည်၍ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

အတင်းအဓမ္မ ဝန်ခံမှု ပြုလုပ်လာစေရန် ၎င်းအား နှိပ်စက်ညှဉ်းပန်းမှုများ ပြုလုပ်ကြခြင်း ဖြစ်ကာ သူ၏ ပါးနှစ်ဘက်အား မီးဖုတ်ထားသည့် ဓါးများဖြင့် လောင်ကျွမ်းစေကာ သူ၏ ပေါင်များကိုလည်း ဓားများဖြင့် ထိုးဖောက်ခဲ့ပြီး သူ၏ခြေသလုံး အရေပြား ဧရိယာ တော်တော်များများ လန်နေ ကွာနေခြင်းကလည်း အနှိပ်စက်ခံရကြောင်းကို သက်သေပြနေသည်ဟု AAPP က ဆိုထားသည်။

ဦးလထော်ဘရန်ရှောင် ကဲ့သို့သော အလားတူ နှိပ်စက်ခံရမှု ကိစ္စရပ်များ ရှိနေကြောင်းနှင့် နှိပ်စက်ခြင်းသည် အစိုးရ၏ မူဝါဒတခု ဖြစ်နေဆဲ ဖြစ်ကြောင်းကို ထိုကဲ့သို့ အဖြစ်အပျက်များက ပြသနေသည်ဟု AAPP ၏ တွဲဘက် အတွင်းရေးမှူး ကိုဘိုကြည် က ဆိုသည်။

“တကယ်လို့ [သမ္မတ] ဦးသိန်းစိန်ဟာ ပြုပြင်ပြောင်းလဲမှုတွေကို အမှန်တကယ် ပြုလုပ်ချင်တယ် ဆိုရင် သူ့အနေနဲ့နှိပ်စက် ညှဉ်းပန်းမှုတွေ ပြုလုပ်ခြင်းကကို လုံးဝ သည်းမခံတဲ့ (zero tolerance) မူဝါဒမျိုး ကျင့်သုံးဖို့ လိုပါတယ်” ဟု ကိုဘိုကြည်က ပြောသည်။

“အပြစ်မဲ့တဲ့ အဖမ်းဆီးခံ အကျဉ်းသားတွေကို အကြမ်းဖက် နှိပ်စက်မှုတွေ ပြုလုပ်ခဲ့တဲ့ တာဝန်ရှိသူတွေကို တရား ဥပဒေနဲ့ အညီ အရေးယူဖို့ လိုပါတယ်” ဟု သူကဆိုသည်။

ဦးလထော်ဘရန်ရှောင်၏ ဇနီးအနေဖြင့် ခင်ပွန်းသည်၏ ပုံမှန်မဟုတ်သော အပြုအမူများအတွက်လည်း စိုးရိမ်နေကြောင်း၊ တရားခွင်တွင် ဦးလထော်ဘရန်ရှောင်မှာ သူ့ဘာသာ ရယ်ရယ်နေသည်ဟု သူ၏ ဇနီးက ပြောသည်။တရားခံ ရှေ့နေက ဦးလထော်ဘရန်ရှောင်အတွက် သင့်လျော်သည့် ဆေးကုသခွင့် ရရှိရန် တောင်းဆိုခဲ့သော်လည်း တရားသူကြီး ဦးမြင့်ထူးက ငြင်းဆန်ခဲ့သည်ဟု သိရသည်။ သို့သော် စစ်ဘက်က စုံစမ်းစစ်ဆေးသူများက နှိပ်စက်၍ ဦးလထော်ဘရန်ရှောင် ဒဏ်ရာ ရရှိခဲ့သည် ဆိုသည့် ဒဏ်ရာစာရင်းကို ပြုလုပ်မှတ်တမ်းတင်ခွင့်ကို တရားသူကြီးက တရားခံရှေ့နေအား ခွင့်ပြုခဲ့သည်ဟု သိရသည်။

“ပြင်းပြင်းထန်ထန် နှိပ်စက်ခံရပြီး ရက်ရက်စက်စက် ပြုမူခံရတဲ့ တရားခံ တယောက်ကို နိုင်ငံရဲ့ တရားရုံးတခုက
ဆေးကုသခွင့် တားမြစ်ခြင်းဟာ တကယ့်ကို လွန်လွန်းပါတယ်။ အရေးပေါ် ဆေးကုသခွင့်ကို ပယ်ချခြင်းဟာ လူတယောက်ကို နောက်ထပ်တကြိမ် ထပ်ပြီး နှိပ်စက်လိုက်သလိုပါပဲ” ဟု ကိုဘိုကြည်က ဆိုသည်။

နှိပ်စက်ညှဉ်းပန်းခြင်းသည် မြန်မာနိုင်ငံတွင် ကာလကြာရှည်စွာ ဖြစ်ပေါ်နေသည့် ပြဿနာ တခုဟုလည်း သူက ဆိုသည်။မြန်မာနိုင်ငံအနေနှင့် နှိပ်စက်ညှဉ်းပန်းမှု ဆန့်ကျင်ရေး သဘောတူညီချက် (CAT) နှင့် ပြည်သူ့ အခွင့်အရေးနှင့်နိုင်ငံရေး အခွင့်အရေး နိုင်ငံတကာ ပဋိညာဉ်စာချုပ် (ICCPR) ကို လက်မှတ်ရေးထိုးခြင်း မရှိသေးပေ။

“နှိပ်စက်ညှဉ်းပန်းမှုတွေ ကြီးထွားလာနေတဲ့ အချိန်မှာ၊ အထိန်းသိမ်းခံတွေဟာ အခြေခံ ဆေးကုသခွင့်ကိုတောင်
ငြင်းပယ်ခံနေရတဲ့ အချိန်မှာ မြန်မာနိုင်ငံမှာ တိုးတက်မှုတွေ အကြောင်း ပြောရတာ ဂွကျလှပါတယ်” ဟု ကိုဘိုကြည်က ဆိုသည်။

“ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အားလုံးကို အဆုံးသတ်ဖို့ အစိုးရဟာ ဘယ်အချိန်မှာနိုးထလာမှာပါလဲ?” ဟုလည်း ကိုဘိုကြည်က မေးခွန်းထုတ်ခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံအတွင်း ညှဉ်းပန်းနှိပ်စက်မှု စွပ်စွဲချက်များနှင့် ပတ်သတ်၍ လွတ်လပ်၍ ဘက်မလိုက်သော စုံစမ်း စစ်ဆေးမှု ပြုလုပ်ရန် AAPP က တောင်းဆိုလိုက်သည်။ တာဝန်ရှိသူများအား အရေးယူလေ့ မရှိသော အလေ့အထ အတိုင်း ဆက်လက်ပြုလုပ်နေလျှင် မြန်မာနိုင်ငံတွင် နှိပ်စက်ညှဉ်းပန်းမှုများ ပပျောက်သွားမည့် မျှော်လင့်ချက်မှာ နည်းပါးနေလိမ့်ဦးမည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း က ပြောဆိုသွားသည်။

ဒုက္ခသည်များကို ဖမ်းဆီးခြင်းကြောင့် ဆွေးနွေးမှု ထိခိုက်နိုင်ဟု KIO ပြော

ကချင်စစ်ပြေးဒုက္ခသည်များကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် ပတ်သက်သည်ဟု စွပ်စွဲကာ ဖမ်းဆီးနှိပ်စက်မှုများ ပြုလုပ်နေခြင်းသည် အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှု လုပ်ငန်းစဉ်များအား ထိခိုက်စေနိုင်သည် ဟု KIO က ပြောဆိုလိုက်သည်။

“မြို့ပေါ်ဆွေးနွေးဖို့ ခေါ်တဲ့အခါ မသွားတဲ့ကိစ္စက ဒီအချက်တွေလည်း ပါတယ်။ အခု လူထု တော်တော်များများဟာ အစိုးရကနေ ဖမ်းဆီးနှိပ်စက်တဲ့ ဒုက္ခခံရတာမျိုး၊ လူစဉ်မမီအောင် နှိပ်စက်တာမျိုး လုပ်နေကြတယ်။ ဒီလို အချိန်မှာ ကျနော်တို့က သက်တောင့်သက်သာနဲ့ ဗန်းမော်မှာ၊ မူဆယ်ဘက်မှာ သွားပြီးတော့ ဆွေးနွေးမယ်ဆိုတာက လူထု အမြင်မှာ မရှင်းလင်းဘူး။ ဒီလို ဆက်လုပ်နေတယ်ဆိုရင်တော့ သူတို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆိုတာ အများကြီး ထိခိုက်မှု ဖြစ်ပွားမှာပဲ” ဟု KIO တွဲဘက်အတွင်းရေးမှူး ဦးလနန် က ပြောသည်။

မြစ်ကြီးနားမြို့ ရွှေစက်ကျေးရွာ နှစ်ခြင်းအသင်းတော်ဘုရားကျောင်း ဒုက္ခသည်စခန်းမှ ကချင်အမျိုးသား ဦးဘရန်ယုံ၊ ဦးလဖိုင်ဂမ်၊ တာလောကြီးကျေးရွာမှ ဦးဇော်ဘောမ်နှင့် ဦးဇခုန်လရိန်တို့ လေးဦးကို KIO နှင့်ပတ်သက်သူများဖြစ်သည်ဟု ဆိုကာ ဖမ်းဆီး နှိပ်စက်မှုများ ပြုလုပ်နေသည်ဟု သူတို့အမှုကိုလိုက်ပါ ကူညီပေးနေသည့် ရှေ့နေ ဦးမာခါးက ပြောသည်။

ဇွန်လ ၁၅ ရက်နေ့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခလရ ၃၇ တပ်ဖွဲ့များက ယင်းတို့ လေးဦးကို ဖမ်းဆီးခဲ့ပြီး စရဖသို့ လွှဲပြောင်းပေးလိုက်ပြီးနောက် လက်ရှိ မြစ်ကြီးနားထောင်ကြီးတွင် ရမန်ယူနေသည်ဟု ဆိုသည်။ ထို့ပြင် မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင်းရပ်ကွက် ဒုက္ခသည်စခန်းမှ စစ်ပြေးဒုက္ခသည် ဦးဘရန်ရှောင် ကိုလည်း KIO တပ်ကြပ်ကြီးအဆင့်ဟု စွပ်စွဲဖမ်းဆီးကာ နှိပ်စက်ညှဉ်းပမ်းမှုများ ပြုလုပ်နေသည်။ သို့သော် ဦးဘရန်ရှောင်မှာ KIO နှင့် လုံးဝ ပတ်သက်မှု မရှိကြောင်းနှင့် စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့-စရဖ လုပ်ဆောင်နေခြင်းမှာ အစိုးရ၏ အကွက်ဆင် လုပ်ရပ်ဖြစ်ကြောင်း ဦးလနန်က စွတ်စွဲ ပြောဆိုလိုက်သည်။
အသက် ၂၉ နှစ်အရွယ်ရှိ ဦးဘရန်ရှောင်မှာ KIA ဝန်ထမ်းဖြစ်ပြီး ကိုယ်ပိုင်နံပါတ် ၁၈,၅၅၅ ဖြစ်သည်ဟု တရားလို ဘက်မှ ထွက်ဆိုထားချက်သည် လုပ်ကြံပြောဆိုခြင်း ဖြစ်ပြီး လက်ရှိ KIO ၏ အဆိုပါ ကိုယ်ပိုင်နံပါတ်ရှိသူများသည် အသက်အားဖြင့် ၆ဝ နှစ်ကျော် ရှိသည့် ပုဂ္ဂိုလ်များသာ ဖြစ်သည်ဟု ဦးလနန် က ဆိုသည်။

“ဦးဘရန်ရှောင်ဟာ KIO နဲ့ ဘယ်လိုမှ ပတ်သက်မှု မရှိဘူး။ ကိုယ်ပိုင်နံပါတ် တသောင်းကျော်ရှိတဲ့ ပုဂ္ဂိုလ်တွေဟာ အသက်ရှင်မယ်ဆိုရင် အခုချိန်မှာ အသက် ၆ဝ ကျော် ၇ဝ ကျော်ရှိတဲ့ ပုဂ္ဂိုလ်တွေပဲ။ အခုအချိန်မှာ ကျနော်တို့ ကိုယ်ပိုင်နံပါတ်တွေက တသောင်းကျော် မကတော့ပါဘူးခင်ဗျာ” ဟု ပြောသည်။

ထို့ပြင် ယခုကဲ့သို့ ဖမ်းဆီးခံထားရသော စစ်ပြေးဒုက္ခသည်များအား တရားရုံးတွင် လိမ်လည်၍ ထွက်ဆိုခိုင်းခြင်းမှာ အစိုးရအနေဖြင့် ဒုက္ခသည်များအား စေတနာရှင် လူမှုအသင်းအဖွဲ့များ၊ နိုင်ငံတကာက ကူညီထောက်ပံ့မှု မပေးစေရန် ရည်ရွယ်ချက်ရှိရှိနှင့် လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု ဦးလနန်က ပြောဆိုလိုက်သည်။

“အစိုးရ ရည်မှန်းချက်က ကချင်ဒုက္ခသည်တွေကို လူမှုအသင်းအဖွဲ့၊ စေတနာရှင်တွေ မရှိအောင်လုပ်တဲ့ ကိစ္စပဲ။ အမှန်တကယ် ကျနော်တို့ KIO ဝန်ထမ်းတွေ အဲဒီစခန်းတွေမှာ သွားနေဝံ့မှာ မဟုတ်ဘူး။ မရှိတဲ့ဟာကို အဲဒီလို လုပ်တယ်ဆိုတော့ ဒုက္ခသည်တွေကို အကူအညီ မပေးအောင် ရည်ရွယ်ချက် ရှိရှိနဲ့ လုပ်တာပဲ” ဟု မဇ္စျိမကို ပြော သည်။

တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍လည်း ဇူလိုင်လ ၁ ရက်မှ ၁၆ ရက်နေ့ထိ တိုက်ပွဲအကြိမ် ၆၅ ကြိမ်ဖြစ်ပွားခဲ့ပြီးဖြစ်သည်ဟု ဦးလနန်က ပြောသည်။ဇွန်လ ၂ဝ ရက်နေ့က တရုတ်နယ်စပ် မိုင်ဂျာယန်မြို့တွင် မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် နောက်ဆုံး တွေ့ဆုံခဲ့၍ အစိုးရဘက်မှ တပ်ရုပ်သိမ်းပေးရေးအတွက် နှစ်ဖက် စစ်ဖက်ဆိုင်ရာ အရာရှိများ ထပ်မံ ဆွေးနွေးရန် သဘောတူခဲ့သော်လည်း ယနေ့ထိ တွေ့ဆုံမည့် နေရာ ညှိနိုင်းနေဆဲဖြစ်သည်။


LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment