နိုင်ငံတကာသတင်း


ပတ်ဝန်းကျင် မထိခိုက်မယ့် သွင်းကုန်အခွန်လျှော့ရေး APEC သဘောတူ


ရုရှားနိုင်ငံ Vladivostok ဆိပ်ကမ်းမြို့မျာ ကျင်းပနေတဲ့ APEC ထိပ်သီး ညီလာခံရဲ့ နှစ်ရက်ကြာ ဆွေးနွေးပွဲဟာ တနင်္ဂနွေနေ့မှာ အဆုံးသတ်သွားပါပြီ။ အာရှ ပစိဖိတ် စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေး APEC အဖွဲ့ဝင် ၂၁ နိုင်ငံက သဘာဝပတ်ဝန်းကျင် ဆိုင်ရာ အကျိုးပြုတဲ့ ကုန်ပစ္စည်းတွေနဲ့ ပတ်သက်တဲ့ အခွန်အခ လျှော့ချရေး အပြင် ဥရောပ ကြွေးမြီ ပြဿနာကို ထိန်းနိုင်ဖို့အတွက် ကုန်သွယ်ရေးဆိုင်ရာမှာ လွတ်လွတ်လပ်လပ် ကြီးထွားလာစေဖို့ အရေးယူ ဆောင်ရွက်မှုတွေ လုပ်ဖို့ပါ သဘောတူခဲ့ကြပါတယ်။

APEC အစည်းအဝေးကို တက်ရောက်လာတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် ဟာ အန္တတိတ်ဒေသမှာ အမေရိကန်၊ ရုရုား သိပ္ပံဆိုင်ရာ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေးတွေ တိုးလုပ်ဖို့အတွက် သဘောတူ စာချုပ်တရပ်ကို ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေ လက်ဗရော့ နဲ့အတူ ချုပ်ဆိုနိုင်ခဲ့ပါတယ်။

တနင်္ဂနွေနေ့ကတော့ အမေရိကန်ရဲ့ မဟာမိတ် နှစ်နိုင်ငံ ဖြစ်ကြတဲ့ ဂျပန်နဲ့ တောင်ကိုရီးယား နိုင်ငံတို့ကို နှစ်နိုင်ငံ ပိုင်ဆိုင်မှုအတွက် အငြင်းပွားနေတဲ့ ကျွန်းစုနဲ့ ပတ်သက်ပြီး တဘက်နဲ့တဘက် သဘောထား သိပ်ပြီး မတင်းမာဖို့ ၀န်ကြီးကလင်တန်က တိုက်တွန်းခဲ့ပါတယ်။

ရုရှားသမ္မတ ဗလာဒီမီယာ ပူတင် ကတော့ ဥရောပဒေသမှာ ကုန်တင်ပို့မှု လျော့ပါး လာနေတာမို့ အရှေ့အာရှ ဒေသအတွက် ကုန်စည်တင်ပို့မှု တိုးမြင့်နိုင်ဖို့ အာရှ၊ ဥရောပ တိုက်နှစ်တိုက်ကို ဖြတ်သန်းတဲ့ လမ်းပန်းဆက်သွယ်ရေး တိုးမြင့်ချင်တဲ့ သူ့ ရည်ရွယ်ချက်အတွက် ဒီ APEC ညီလာခံမှာ အကောင်အထည် ဖော်ဖို့ ကြိုးစားခဲ့ပါတယ်။

လွတ်လပ်ခွင့်အတွက် အဆုံးအဖြတ်ပေးမယ့် ဟောင်ကောင် ရွေးကောက်ပွဲ


တရုတ်အစိုးရကို လိုလားသူတွေနဲ့ ဒီမိုကရေစီ လိုလားသူတွေကြား ထောက်ခံမှုတွေ ဘယ်ဘက်က ပိုများသလဲ ဆိုတာ အထင်အရှား တွေ့လာရမယ့် အုပ်ချုပ်ရေးကောင်စီ ရွေးကောက်ပွဲ ရလဒ်တွေကို ဟောင်ကောင်မှာ စောင့်စားနေကြပါတယ်။ ဗြိတိသျှ ကိုလိုနီ လက်အောက်ကနေ ၁၉၉၇ ခုနှစ်မှာ တရုတ်နိုင်ငံ လွှဲပြောင်းရယူခဲ့ ချိန်ကစလို့ ပထမဆုံးအကြိမ် ဥပဒေပြု ကောင်စီရဲ့ ကိုယ်စားလှယ် နေရာ ထက်ဝက်ကျော် အတွက် ဟောင်ကောင်မှာ တနင်္ဂနွေနေ့က တိုက်ရိုက် မဲပေးခဲ့ကြတာပါ။

အုပ်ချုပ်ရေးကောင်စီ အသစ်အတွက် ကိုယ်စားလှယ်နေရာ ၇၀ အနက်က နေရာ ၄၀ အတွက် ဆန္ဒမဲပေး ရွေးချယ်ကြရမှာ ဖြစ်ပြီး ကျန်နေရာတွေကိုတော့ သီးသန့် ရွေးချယ်သွားမှာ ဖြစ်ပြီး ရွေးကောက်ပွဲ ရလဒ်တွေ ဒီကနေ့ ထွက်ပေါ်လာမယ်လို့လည်း မျှော်လင့်ရပါတယ်။ တရုတ် အစိုးရကတော့ ဟောင်ကောင် ဒေသခံတွေ အနေနဲ့ ၂၀၁၇ ခုနှစ် နောက်ဆုံးထားပြီး ကိုယ့်ဒေသအတွက် ခေါင်းဆောင်ကို ကိုယ်ပိုင် ရွေးချယ်ခွင့်နဲ့ ၂၀၂၀ ပြည့်နှစ်မှာ ဥပဒေပြုအာဏာ အပြည့်အ၀ အပ်နှင်းပြီး၊ ဒီမိုကရေစီ လွတ်လပ်ခွင့်တွေ ပေးအပ်ဖို့ ကတိပြု ထားတာပါ။ ဒါပေမဲ့လည်း တိကျတဲ့ အစီအစဉ်တွေ မရှိတဲ့အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့် တစိတ်တပိုင်း ရထားတဲ့ ဟောင်ကောင်မှာ တရုတ်နိုင်ငံက တစတစ သြဇာလွှမ်းမိုးလာမှာကို ဟောင်ကောင် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ ဆိုရင်လည်း တရုတ်အစိုးရရဲ့ မျိုးချစ်စိတ်ဓာတ် တက်ကြွစေမယ့် သင်ခန်းစာတွေကို ကျောင်းသားတွေ သင်ယူကြဖို့ တရုတ်အစိုးရက ကျောထောက်နောက်ခံပေးထားတဲ့ ခေါင်းဆောင်က စီစဉ်နေတဲ့ အပေါ်မှာလည်း ဟောင်ကောင်ဒေသခံ ထောင်ပေါင်းများစွာ ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။




ဒေသတွင်းတည်ငြိမ်ရေးအပေါ် စိုးရိမ်မှုနှင့်အတူ ကုန်သွယ်ရေးကိစ္စများ လွှမ်းမိုးခဲ့သော ၂၄ ကြိမ်မြောက် အာရှပစိဖိတ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးဆွေးနွေးပွဲ (အေပက်) ကို ရုရှားနိုင်ငံ၊ ဗလာဒီဗော့စတော့ ဆိပ်ကမ်းမြို့တွင် စက်တင်ဘာလ ၉ ရက်က ပြုလုပ်ခဲ့သည်။
တရုတ်၊ တောင်ကိုရီးယား၊ ဂျပန်တို့အကြား ကျွန်းစုများပိုင်ဆိုင်မှု အငြင်းပွားနေပြီး ဆက်ဆံရေး အနည်းငယ်မပြေလည်ဖြစ်နေချိန်တွင် အေပက်ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ တောင်တရုတ်ပင်လယ်ရှိ Scarborough သောင်ကျွန်းစု ပိုင်ဆိုင်မှုနှင့်ပတ်သက်ပြီး တရုတ်နှင့်ဖိလစ်ပိုင်မှာ ဆက်ဆံရေးတင်းမာနေသည်။
ဒေသတွင်းတည်ငြိမ်မှုအပေါ် စိုးရိမ်နေသော်လည်း အေပက်အဖွဲ့ဝင် နိုင်ငံတို့၏ ခေါင်းဆောင်များသည် ကုန်သွယ်ရေးကိစ္စကို အဓိကထား၍ ဆွေးနွေးပွဲကို ဖွင့်လှစ်ခဲ့သည်။
သမ္မတရွေးကောက်ပွဲ မဲဆွယ်ရန် ရှိနေသဖြင့် အမေရိကန်သမ္မတ ဘာရက်အိုဘားမားသည် ယခုနှစ် ဆွေးနွေးပွဲသို့ မတက်နိုင်ခဲ့ဘဲ အာရှပစိဖိတ်နိုင်ငံများသို့ တစ်ပတ်ခွဲခန့် ခရီးထွက်နေခဲ့သော အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က တက်ရောက်ခဲ့သည်။ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းသည် ဟီလာရီနှင့် တစ်နာရီနီးပါး တွေ့ဆုံခဲ့ပြီး တောင်တရုတ်ပင်လယ်ကိစ္စကို ဆွေးနွေးခဲ့သည်။ စင်ကာပူသည် ယင်းအငြင်းပွားမှုတွင် မပါဝင်ခဲ့သော်လည်း ရေပိုင်နက်များတွင် လွတ်လပ်စွာ သွား လာခွင့်ရရှိရေး၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးတို့မှာ စင်ကာပူ၏ အကျိုးစီးပွားဖြစ်ကြောင်း လီက ပြောကြားခဲ့သည်။
ယင်းအငြင်းပွားမှုတွင် အာဆီယံအဖွဲ့ကြီးသည် မည်သည့်ဘက်ကမှ မပါဝင်ဘဲ ထိထိရောက်ရောက် ၀င်ရောက်ဖြေရှင်းနိုင်ကြောင်း လီက ပြောကြားခဲ့သည်။
ရုရှားသမ္မတ ဗလာဒီမာပူတင်က ယခုနှစ်ဆွေးနွေးပွဲအဖွင့်တွင် ခိုင်မာ စိတ်ချရသော ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာထောက်ပံ့မှုစနစ် ထူထောင်ရန်လိုအပ်ကြောင်း ပြောကြားခဲ့ပြီး မကြာသေးမီက ဖြစ်ပွားခဲ့သော ထိုင်းရေကြီးမှု၊ ဂျပန်ငလျှင်တို့ အပါအ၀င် ကမ္ဘာတစ်ဝန်းရှိ သဘာဝဘေးအန္တရာယ်များကို ထောက်ပြခဲ့သည်။
ဟီလာရီနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗ်ရော့နှင့် တွေ့ဆုံစဉ် သဘောကွဲလွဲနေဆဲဖြစ်သော ဆီးရီးယားအရေး၊ လိပ်ခဲတည်းလည်း ဖြစ်နေသော အီရန်နျူစီမံကိန်းကိစ္စ၊ ဥရောပအလယ်ပိုင်းတွင် အမေရိကန်က ဖြန့်ချထားရန်စီစဉ်နေသော ဒုံးခွင်းစနစ်ကိစ္စများကို ဆွေးနွေးခဲ့သည်။ စစ်အေးခေတ်ဖြစ်သော ၁၉၇၄ ခုနှစ်တွင် ယခင်ဆိုဗီယက်ပြည်ထောင်စုကို ဖိအားပေးရန် ရည်ရွယ်ပြဋ္ဌာန်းခဲ့သော Jackson-Vanik  ပြင်ဆင်ဖြည့်စွက်ချက်ကို ယခုလအတွင်း အမေရိကန်က ဖယ်ရှားပေးရန် ကိစ္စကိုလည်း သူတို့နှစ်ဦးက ဆွေးနွေးခဲ့သည်။
ဟီလာရီသည် ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီကိုနိုဒါနှင့်လည်း တွေ့ဆုံခဲ့ပြီး ကျွန်းစုပိုင်ဆိုင်မှုပြဿနာကို ဆွေးနွေးခဲ့သည်။ ကျွန်းစုပိုင်ဆိုင်မှုပြဿနာကြောင့် ဆက်ဆံရေးတင်းမာနေသော မဟာမိတ် တောင်ကိုရီယားနှင့် ဂျပန်တို့အနေဖြင့် တင်းမာမှုလျော့ချရန် ဟီလာရီက တိုက်တွန်းခဲ့သည်။ ဂျပန်ဝန်ကြီးချုပ်နှင့် တောင်ကိုရီးယားသမ္မတလီ မြောင်ဘတ်တို့သည် ယခုဆွေးနွေးပွဲတွင် တွေ့ဆုံဆွေးနွေးမှု မလုပ်ခဲ့ပေ။
ထို့အတူပင် ကျွန်းစုပိုင်ဆိုင်မှု အငြင်းပွားပြီး ဆက်ဆံရေးတင်းမာနေသော တရုတ်နှင့်ဖိလစ်ပိုင်ခေါင်းဆောင်တို့သည်လည်း အေပက်ဆွေးနွေးပွဲတွင် တွေ့ဆုံဆွေးနွေးမည်မဟုတ်ကြောင်း ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။
သြစတြေးလျဝန်ကြီးချုပ် ဂျူလီယာဂီးလက်ဒ်သည် အသက် ၉၃ နှစ်ရှိ သူ၏ အဖေဂျွန်ဂီးလက်ဒ် စက်တင်ဘာလ ၈ရက်က ကွယ်လွန်ခဲ့မှုကြောင့် ဆွေးနွေးပွဲမှ စောလျင်စွာ ထွက်ခွာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ကျန်ရှိသော ဆွေးနွေးပွဲများကို ကုန် သွယ်ရေးဝန်ကြီး ခရေ့ခ်ျအီမာဆင်က တက်ရောက်သွားမည်ဖြစ်သည်။
အေပက်စီအီးအို ထိပ်သီးဆွေးနွေး ပွဲတက်ရောက်ခဲ့သော စီးပွားရေးခေါင်းဆောင်များသည် Trans Pacific Partnership (TPP) ဖော်ဆောင်နိုင်ရေးအတွက် အလျင်အမြန် လုပ်ဆောင်ကြရန် တိုက်တွန်းခဲ့သည်။




ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ကြိုးကြာတစ်ကောင်နှင့် တူသော ၀တ်စုံဝတ်ပြီး hang-glider စီးကာ မျိုးသုဉ်းအန္တရာယ်ရှိနေသော ငှက်များကို ဆိုက်ဘေးရီးယား ဝေဟင်တွင် လမ်းပြပေးခဲ့ကြောင်း ကရင်မလင်က စက်တင်ဘာလ ၅ ရက်တွင် ထုတ်ပြန်ပေးခဲ့သည်။
အက်ရှင်သရုပ်ဆောင်တစ်ဦးကဲ့သို့ စတိုင်ထုတ်နေထိုင်လေ့ရှိသော ပူတင်သည် ဆောင်းခိုကြမည့် ဆိုက်ဘေးရီးယားကြိုးကြာငှက်တစ်အုပ်ကို ဆိုက်ဘေးရီးယားမြောက်ပိုင်းရှိ ယာမယ်လ်ကျွန်းဆွယ်ပေါ်တွင် လမ်းကြောင်းပြသခဲ့ပုံအား နိုင်ငံပိုင် ရုပ်သံကလည်း ထိပ်တန်းသတင်း တစ်ပုဒ်အဖြစ် ထုတ်လွှင့်ပြသခဲ့သည်ဟု သိရသည်။
ယင်းကြိုးကြာငှက်များကို ယာမယ်ရှိ ကူရှီဗတ်စခန်းတွင် မွေးမြူ ထားခြင်းဖြစ်ပြီး ပူတင်က ကြိုးကြာငှက်ကြီးတစ်ကောင်အဖြစ် အသွင်ယူပြီး ယင်းငှက်အုပ်အား လမ်းကြောင်းမှန်အောင် ရှေ့မှပျံပြပြီး ခေါ်သွားရခြင်းဖြစ်သည်။
ပထမအကြိမ်လမ်းပြရာတွင် မအောင်မြင်ဖြစ်ခဲ့သော်လည်း ဒုတိယအကြိမ်လမ်းပြရာတွင်မူ ပူတင်သည် ကြိုးကြာငါးကောင်ကို လမ်းမှန်ပြသနိုင်ခဲ့သည်။ ပူတင်ဝတ်ထားသောဝတ်စုံမှာ ကြိုးကြာတစ်ကောင်နှင့်တူအောင် ဖန်တီးထားခြင်းဖြစ်ပြီး hang-glider ၏ တောင်ပံများမှာလည်း အဖြူအနက်ဖြစ်ရာ ဆိုက်ဘေးရီးယား ကြိုးကြာကြီးတစ်ကောင်နှင့် တူနေကြောင်း သိရသည်။ ယင်းကဲ့သို့ လုပ်ဆောင်နိုင်ရန်အတွက် ပူတင်သည် တစ်နှစ်ခွဲခန့် လေ့ကျင့်ခဲ့ကြောင်း သိရသည်။
ပူတင်သည် ယခင်ကလည်း ကျား၊ ကျားသစ်၊ ပိုလာဝက်ဝံစသော တောရိုင်းတိရစ္ဆာန်များနှင့် အနီးကပ်နေထိုင်ပြပြီး စတန့်ထွင်မှုများလည်း ရှိခဲ့သည်။ အတိုက်အခံများကမူ ပတ်ဝန်းကျင်အရေးထက် လူစိတ်ဝင်စားအောင် တမင်လုပ်နေခြင်းဖြစ်သည်ဟု ဝေဖန်ခဲ့သည်။




တိမ်းရှောင်နေသော အီရတ်ဒုတိယသမ္မတ တာရစ်အယ်ဟာရှီမီကို အီရတ်တရားရုံးတစ်ခုက စက်တင်ဘာလ ၉ ရက်နေ့တွင် မျက်ကွယ်ကြိုးမိန့်ပေးခဲ့ကြောင်း သိရပြီး ယင်းဆုံးဖြတ်ချက်ကြောင့် နိုင်ငံရေးတင်းမာမှု ပြန်လည်ဖြစ်ပွားစေမည်ဖြစ်သည်။
ဟာရှီမီကို မေလမှစတင်၍ မျက်ကွယ်၌ ရုံးတင်စစ်ဆေးနေခြင်းဖြစ်ပြီး ရှေ့နေတစ်ဦးနှင့် ဗိုလ်မှူးချုပ်တစ်ဦးတို့ကို သတ်မှုဖြင့် ဟာရှီမီအား ယင်းပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဟာရှီမီ၏အတွင်းရေးမှူးနှင့် သားမက်ဖြစ်သူ အာမက်ကာတန်ကိုလည်း ဘဂ္ဂဒက်တရားရုံးက မျက်ကွယ်စစ်ဆေးနေခဲ့ပြီး သူ့ကိုလည်း သေဒဏ်ချမှတ်ခဲ့သည်။ အီရတ်ဝန်ကြီးချုပ် နူရီအယ်မာလီကီကို ဝေဖန်ရာတွင် နာမည်ကြီးသောဟာရှီမီက သူ့အပေါ် စွဲချက်အားလုံးကို ငြင်းဆန်ခဲ့သည်။
ဆွန်နီလူမျိုးများထဲမှ အစိုးရ အကြီးတန်းတာဝန်ရှိသူတစ်ဦးဖြစ်သော ဟာရှီမီကို ယင်းစီရင်ချက်ချမှတ်ခဲ့မှုအတွက် သူ၏ရှေ့နေများက ရုံးတင်စစ်ဆေးမှုမှာ တရားမျှတမှုမရှိဘဲ တရားရုံးမှာလည်း နိုင်ငံရေးဆိုင်ရာ ဖိအားရှိနေကြောင်း ပြောကြားခဲ့ကြသည်။
၁၉၄၂ ခုနှစ်တွင် မွေးဖွားခဲ့သော ဟာရှီမီသည် ၂၀၀၆ ခုနှစ်၊ ဧပြီလတွင် ဒုတိယသမ္မတတစ်ဦး ဖြစ်လာခဲ့သည်။
ဒုတိယသမ္မတတာဝန် စတင်ထမ်းဆောင်ချိန်က ဟာရှီမီသည် အီရတ်အစ္စလာမ်မစ်ပါတီ ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့ပြီး ယင်းပါတီမှာ အီရတ်ဆွန်နီအကြမ်းဖက်သမားတို့၏ အဖွဲ့အချို့နှင့် ပတ်သက်မှုများရှိကြောင်း စွပ်စွဲခံရသည်။ ယင်းပါတီသည် ဆွန် နီများဦးဆောင်သော National Concord Front ပါတီကို နိုင်ငံရေးလောကထဲ ပြန်ဝင်နိုင်ရန် တွန်းအားပေးနိုင်ခဲ့သည်။
ဟာရှီမီသည် နောက်ပိုင်းတွင် Tajdid (Renewal)ပါတီကို ထူထောင်ခဲ့ပြီး ယင်းပါတီမှာ ၂၀၁၀ ပြည့်နှစ်၊ လွှတ်တော်ရွေးကောက်ပွဲတွင် အမတ်နေရာအများဆုံး အနိုင်ရခဲ့သော ဆွန်နီများ ကျောထောက်နောက်ခံပြုသည့် လောကီသီးသန့်ဝါဒီ Iraqiya ပါတီ၏ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့သည်။ သို့သော် ဒုတိယအမတ်အများဆုံးရခဲ့သော မာလီကီ၏ State of Law ညွန့်ပေါင်းက အစိုးရအဖွဲ့ကို ဆက်လက် ဦးဆောင်နိုင်ခဲ့သည်။
ဟာရှီမီသည် ၂၀၁၀ ပြည့်နှစ်တွင် ဒုတိယသမ္မတအဖြစ် ပြန်လည်ရွေးချယ်ခံရသော်လည်း လက်မရွံ့ တပ်ဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းခဲ့သည်ဟု ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလလယ်တွင် စွပ်စွဲခံရပြီးနောက် အီရတ်ရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကာ့ဒ်လူမျိုးဒေသသို့ ထွက်ပြေး ခဲ့သည်။ ယင်းနောက် ဧပြီလနောက်ပိုင်းမှစ၍ တူရကီတွင် ခိုလှုံနေခဲ့သည်။




အီရန်လက်ရှိ သမ္မတမာမွတ်အမာဒီနီဂျက်နေရာ ဆက်ခံမည့်သူကို ရွေးချယ်မည့် သမ္မတရွေးကောက်ပွဲအား ၂၀၁၃ ခုနှစ်၊ ဇွန်လ ၁၄ ရက်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက စက်တင်ဘာလ ၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အမာဒီနီဂျက်သည် ယခုအခါ ဒုတိယနှင့် နောက်ဆုံးသက်တမ်း ထမ်းဆောင်နေခြင်း ဖြစ်သည်။ သမ္မတရွေး ကောက်ပွဲနှင့်အတူ မြူနီစီပယ်ရွေးကောက်ပွဲများကိုပါ ကျင်းပသွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ကြေညာချက်ကို နိုင်ငံပိုင် IRNA သတင်းအေဂျင်စီက ထုတ်ပြန်ခဲ့သည်။
၂၀၀၉ ခုနှစ်တွင် ပြုလုပ်ခဲ့သော သမ္မတရွေးကောက်ပွဲ၌ အမာဒီနီဂျက် အနိုင်ရခဲ့သော်လည်း မဲလိမ်မှုများစွာရှိခဲ့သည်ဟု အတိုက်အခံများ၏ စွပ်စွဲမှုများ ခံခဲ့ရသည်။ ဆန္ဒပြမှုများလည်း ပျံ့နှံ့ခဲ့ပြီး အစိုးရက ရက်ရက်စက်စက် နှိမ်နင်းခဲ့ကြောင်း သိရသည်။
အဓိကအတိုက်အခံ Green Movement ခေါင်းဆောင်များဖြစ်သော ၀န်ကြီးချုပ်ဟောင်း ဟူစိန်မူဆာဗီနှင့် လွှတ်တော်ဥက္ကဋ္ဌဟောင်း မက်ဒီခါရိုဗီတို့မှာ ယင်းအချိန်နောက်ပိုင်းမှစပြီး နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
တီဟီရန်သို့ သြဂုတ်လကုန်ပိုင်းတွင် သွားရောက်ခဲ့သော ကုလအတွင်း ရေးမှူးချုပ်ဘန်ကီမွန်က အီရန်အစိုးရအနေဖြင့် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးပြီး အရေးပါသူများ၏ အသံများကို နားထောင်ရန် တိုက်တွန်းခဲ့သည်။




နိုင်ငံတွင်းသို့ တရားမ၀င် ၀င်ရောက်မှုဖြင့် ဖမ်းဆီးခံခဲ့ရသည့် ကဒါဖီ၏ ထောက်လှမ်းရေး အကြီးအကဲဟောင်းဖြစ်သူ အဗ္ဗဒူလာအယ်ဆန်နူစီကို လစ်ဗျားသို့ လွှဲပြောင်းပေးခဲ့ကြောင်း မော်ရီတေးနီးယားနိုင်ငံပိုင်ရုပ်သံတွင် စက်တင်ဘာ ၅ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
လစ်ဗျားကာကွယ်ရေးဝန်ကြီးနှင့် စစ်ဦးစီးချုပ်ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့သည် Nouakchott  သို့ စက်တင်ဘာ ၄ ရက်နေ့က သွားရောက်ခဲ့မှုသည် ထောက်လှမ်းရေး အကြီးအကဲဟောင်း ဆန်နူစီကို လွှဲပြောင်းပေးမှုနှင့် ဆက်စပ်မှုရှိကြောင်း စစ် ဘက်သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
လစ်ဗျားအာဏာရှင်ဟောင်း ကဒါဖီ၏ ညာလက်ရုံးဟောင်းနှင့် ယောက်ဖဖြစ်သူ ဆန်နူစီသည် မော်ရီတေးနီးယားသို့ တရားမ၀င် ၀င်ရောက်မှု၊ စာချုပ်စာတမ်းအတုများ အသုံးပြုမှုဖြင့် မတ်လတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ဆန်နူစီကို လစ်ဗျားသို့ လွှဲပြောင်းပေးရန်အတွက် လစ်ဗျားအာဏာပိုင်များက အကြိမ် ကြိမ် တောင်းဆိုခဲ့သည်။ ဆန်နူစီကို ပြင်သစ်နှင့်သည် ဟိတ်ရှိ အပြည်ပြည် ဆိုင်ရာရာဇ၀တ်မှုခုံရုံး(အိုင်စီစီ)တို့ကလည်း အလိုရှိနေသည်။
ဆန်နူစီကို လွှဲပြောင်းပေးမှုနှင့် ပတ်သက်ပြီး မည်သည့်သတင်းအချက်အလက်ကိုမှ လက်ခံရရှိထားခြင်းမရှိကြောင်း အိုင်စီစီက ထုတ်ပြန်ခဲ့သည်။
ဆန်နူစီကို လစ်ဗျားသို့ လွှဲပြောင်းပေးရေး တွန်းအားပေးရန် လစ်ဗျားအစိုးရသစ်က ၀န်ကြီးချုပ် အဘ်ဒယ်ရာဟင်ကို ဇူလိုင်လတွင် Nouakchott သို့ စေလွှတ်ခဲ့သည်။ ဆန်နူစီသည် နိုင်ငံတွင်းသို့ တရားမ၀င် ၀င်ရောက်ခဲ့မှုအတွက် တရားဥပဒေနှင့် ရင်ဆိုင်ရမည်ဟု မော်ရီတေးနီးယားသမ္မတ Mohamed Ould Abdel Azia က ပြောကြားခဲ့သည်။
ဆန်နူစီသည် ကဒါဖီကို ရာထူးမှဖြုတ်ချခဲ့သည့် တော်လှန်ရေးအတွင်း ဆန္ဒပြသူများကို နှိမ်နင်းရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သူဖြစ်ကြောင်း အိုင်စီစီက ထုတ်ပြန်ခဲ့သည်။


LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment