နိုင်ငံတကာသတင်း


တမန်တော်မိုဟာမက် ကာတွန်းကြောင့် ပြင်သစ် လုံခြုံရေးတင်းကျပ်


ပြင်သစ်နိုင်ငံက မဂ္ဂဇင်းတစောင်မှာ အစ္စလာမ် ဘာသာဝင်တွေ အထွတ်အမြတ်ထားတဲ့ တမန်တော် မိုဟာမက်ရုပ်ပုံကို ကာတွန်းအဖြစ် ရေးဆွဲဖော်ပြလိုက်တဲ့နောက် ကြိုတင် သတိထားတဲ့ အနေနဲ့ နိုင်ငံပေါင်း ၂၀ မှာရှိတဲ့ သံရုံးတွေ၊ ကောင်စစ်ဝန်ရုံးတွေ၊ ယဉ်ကျေးမှု ဖလှယ်ရေးဌာနတွေနဲ့ ကျောင်းတွေကို ပိတ်ဖို့ စီစဉ်နေပါတယ်။

ပြင်သစ်အစိုးရနဲ့ ဘာသာရေးခေါင်းဆောင်တွေက ဆင်ဆင်ခြင်ခြင် ပြုမူကြ ဖို့ ပြောဆိုနေချိန်မှာ ပဲ ပြင်သစ်သံတမန်ဆိုင်ရာ လုပ်ငန်းတွေမှာ လုံခြုံရေးတွေ တိုးမြှင့်ထားတဲ့ အကြောင်း နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့တာပါ။

ဝစ်လစ်စလစ်ပုံတွေ အပါအ၀င် တမန်တော်မိုဟာမက်ရဲ့ ကာတွန်းရုပ်ပုံတွေပါဝင်တဲ့ အပတ်စဉ် ထုတ် ပြင်သစ်မဂ္ဂဇင်းတစောင်ဖြစ်တဲ့ Charlie Hebdo ကို ဗုဒ္ဓဟူးနေ့က ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။ အလားတူလှောင်ပြောင်တဲ့ ကာတွန်းရုပ်ပုံတွေ ဖော်ပြခဲ့လို့ ပြီးခဲ့တဲ့ နှစ်ထဲမှာတုန်းကလည်း မဂ္ဂဇင်းရဲ့ရုံးခန်းတွေကို မီးလောင်ဗုံးတွေနဲ့ တိုက်ခိုက် ခံခဲ့ရတာပါ။

အမေရိကန် သမ္မတအိမ်ဖြူတော် ပြောခွင့်ရသူကတော့ ဒီလို ပုံနှိပ် ထုတ်ဝေဖို့ မဂ္ဂဇင်းရဲ့ ဆုံးဖြတ်ချက် အပေါ် ပြစ်တင် ပြောဆိုလိုက်ပေမဲ့၊ ဒီလုပ်ရပ်ကြောင့် အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်ဆောင်တာမျိုးဟာလည်း မဖြစ်သင့်တဲ့အကြောင်း ပြောဆိုသွားပါတယ်။


ပစ်မှတ်ထားခံနေရသော အနောက်နိုင်ငံသံရုံးများတွင် လုံခြုံရေး ပိုမို ဂရုစိုက်


မကြာသေးမီက ရုတ်တရက် ပေါက်ကွဲခဲ့သော နိုင်ငံတကာမူဆလင်အသိုင်းအ၀ိုင်း၏ ဒေါသ နှင့် ကန့်ကွက်ဆန့်ကျင်မှုများကြောင့် ကမ္ဘာတ၀န်းရှိ အနောက်နိုင်ငံသံရုံးများတွင် လုံခြုံရေး ပိုမို ဂရုစိုက်နေကြသည်။
အွန်လိုင်းတွင် ပေါ်ထွက်လာသော အမေရိကန်ရုပ်ရှင်ကား The Innocence of Muslims နမူနာပြကွက်ကြောင့် နိုင်ငံ ၂၀ ကျော်ရှိ အနောက်နိုင်ငံသံရုံးများ အထူးသဖြင့် အမေရိကန်သံရုံးများရှေ့တွင် အကြီးအကျယ် ဆန္ဒဖော်ထုတ်မှုတို့ ပေါ်ပေါက်ခဲ့သည်။
ရက်အနည်းငယ်အတွင်း သံရုံးရှေ့ ဆူပူအကြမ်းဖက်မှုများ၊ တိုက်ခိုက်မှုများ၊ အဓိကရုဏ်းနှိမ်နင်းမှုများ ဖြစ်ပေါ်လာရာ အနည်းဆုံး သေဆုံးသူ ၂၈ ဦး ရှိကြောင်း သတင်းများတွင် ရေးထားသည်။ ထိုသေဆုံးမှုထဲတွင် လစ်ဗျားရှိ အမေရိကန် သံအမတ်လည်း ပါဝင်သည်။
ဤသို့သော အခြေအနေတို့ကြောင့် ကမ္ဘာတလွှား အနောက်နိုင်ငံသံရုံးများကို လုံခြုံရေး ပိုမိုတင်းကျပ်ထားခြင်း ဖြစ်သည်။ဤအခြေအနေတွင် ပြင်သစ်နိုင်ငံရှိ Charlie Hebdo အမည်ရှိ သရော်စာအသားပေး မဂ္ဂဇင်းက တမန်တော်မိုဟာမက်ကို လှောင်ပြောင်သည့် ကာတွန်းများ ပုံနှိပ်ဖော်ပြလိုက်သည်။
ပြင်သစ်အာဏာပိုင်တို့က Charlie Hebdo မဂ္ဂဇင်း၏ လွတ်လပ်စွာ ဖော်ပြခွင့်ကို အကာအကွယ်ပေးထားပြီး မဂ္ဂဇင်းတိုက်အပြင်ဘက်တွင် လုံထိန်းတပ်ဖွဲ့ဝင်အများအပြား ချထားလိုက်သည်။ပြင်သစ်တွင် လွတ်လပ်စွာသရော်ခွင့်ရသဖြင့် မည်သည့်အရာကိုမဆို သရော်နိုင်သည်ဟု ခံယူထားသော Charlie Hebdo မဂ္ဂဇင်းက ယခင်ကလည်း တမန်တော်မိုဟာမက်၏ရုပ်ပြောင်ပုံကို ဖော်ပြခဲ့ရာ ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင် ၎င်းတို့မဂ္ဂဇင်းတိုက် ဓာတ်ဆီဗုံးဖြင့် တိုက်ခိုက်ခံရသည်။
၂၀၀၇ ခုနှစ်က ဒိန်းမတ်သတင်းစာပါ တမန်တော်မိုဟာမက်ရုပ်ပြောင်ပုံများကို Charlie Hebdo မဂ္ဂဇင်းက ထပ်မံပုံနှိပ်ဖော်ပြခဲ့သေးသည်။ အစ္စလမ်ဘာသာရေးအဖွဲ့၂ခုက ထိုမဂ္ဂဇင်းကို တရားစွဲခဲ့သော်လည်း တရားရုံးက အမှုကို ပလပ်ခဲ့သည်။Charlie Hebdo မဂ္ဂဇင်းက ကိုးကွယ်ယုံကြည်မှုအားလုံးကို သရော်ဖူးသည့် အစဉ်အလာ ရှိသည်။ယခုအခါ ပြင်သစ်အစိုးရက ထိုမဂ္ဂဇင်းကို မူဆလင်ကမ္ဘာကို ဒေါသထွက်စေမည့် ပုံများ ထည့်သွင်းခြင်း မပြုရန် တိုက်တွန်းသည့်ကြားမှ မဂ္ဂဇင်းက ပုံနှိပ်ဖော်ပြလိုက်ခြင်း ဖြစ်သည်။
ပြင်သစ် နိုင်ငံခြားရေး ၀န်ကြီး Laurent Fabius က ထိုမဂ္ဂဇင်း၏ လုပ်ရပ်ကို လှုံ့ဆော်သည့်လုပ်ရပ်ဟု ဝေဖန်လိုက်သည်။ တာဝန်ယူမှုရှိရှိဖြင့် ပြုမူကြရန်လည်းမီဒီယာများကိုတိုက်တွန်းလိုက်သည်။သောကြာနေ့သည် ကျန်နေ့များထက် ဗလီတွင် သွားရောက်ဝတ်ပြုသူများပြားသည့်ထုံးစံ ရှိသဖြင့် ပြင်သစ်က လာမည့်သောကြာနေ့တွင် နိုင်ငံ ၂၀ ကျော်ရှိ ၎င်းတို့၏ သံရုံး၊ သင်တန်းကျောင်းတို့ကို ပိတ်ထားမည်ဖြစ်သည်။
ယနေ့ ရရှိသော သတင်းအရ အင်ဒိုနီးရှားနိုင်ငံ တတိယအကြီးဆုံးမြို့ဖြစ်သော Medan ရှိ အမေရိကန်ကောင်စစ်ဝန်ရုံးကို ပိတ်ထားလိုက်သည်ဟု သိရသည်။ ကောင်စစ်ဝန်ရုံးရှေ့တွင် ငြိမ်းချမ်းစွာ ဆန္ဒပြမှု ၂ ခု ဖြစ်ပွားခဲ့ပြီး အမေရိကန်ရှိ အငြင်းပွားဖွယ်ရုပ်ရှင်ကို ရိုက်ကူးခဲ့သူတို့အား အပြစ်ပေးရန် တောင်းဆိုကြသည်။မြို့တော်ဂျကာတာရှိ သံရုံးကိုလည်း ယာယီပိတ်ခဲ့သေးသည်ဟု ဆိုသည်။
ပါကစ္စတန်တွင်မူ ရာနှင့်ချီသော ရှေ့နေများက သံရုံးစုပေါင်းဝင်းခြံစည်းရိုးကို ချိုးဖျက်ကျော်ဖြတ်ကာ ထိုရုပ်ရှင်ကားကို ကန့်ကွက်ကြောင်း ယနေ့ ဆန္ဒပြကြသည်။




အိန္ဒိယအာဏာရ ညွန့်ပေါင်းအစိုးရ၏ အငြင်းပွားဖွယ် စီးပွားရေး မူဝါဒအပြောင်းအလဲအပေါ် မဟာမိတ်ပါတီတစ်ခုဖြစ်သော Trinamool ပါတီက ကန့်ကွက်ခဲ့ပြီး အစိုးရအဖွဲ့မှ နုတ်ထွက်မည်ဖြစ်ကြောင်း စက်တင်ဘာလ ၁၉ ရက်တွင် ကြေညာခဲ့သည်။
ကွန်ဂရက်ပါတီဦးဆောင်သော ညွန့်ပေါင်းအစိုးရတွင် ပါဝင်ခဲ့သည့် ယင်းပါတီမှ ၀န်ကြီးခြောက်ဦးသည် စက်တင်ဘာလ ၂၁ ရက်၌ နုတ်ထွက်လွှာတင်မည်ဖြစ်သလို ယင်းပါတီမှ အမတ် ၁၉ ဦးကလည်း လွှတ်တော်တွင် အစိုးရကို ထောက်ခံမှုရပ် ဆိုင်းမည်ဖြစ်ကြောင်း ပါတီခေါင်းဆောင် မာမာတာဘနာဂျီက ပါတီအင်အားကောင်းရာ ကိုလ်ကတ္တားမြို့တွင် ပြောကြားခဲ့သည်။
ဝန်ကြီးချုပ် မန်မိုဟန်ဆင်း၏ ကွန်ဂရက်ပါတီဦးဆောင်သော အာဏာရညွန့်ပေါင်း United Progressive Alliance II (UPA II) သည် လွှတ်တော်တွင် UPA II အတွက် ဒုတိယအားအကြီးဆုံး မိတ်ဖက် Trinamool ပါတီအပေါ် မှီခိုနေရသည်။
ပြီးခဲ့သောသီတင်းပတ်က အစိုးရထုတ်ပြန်ခဲ့သော မူဝါဒအပြောင်းအလဲများတွင် Walmart နှင့် Tesco ကဲ့သို့သော လက်လီဆိုင်ကြီးများ အပါအ၀င် ပြည်ပလေကြောင်းလိုင်းများမှ ပြည်ပတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုကို ခွင့်ပြုခြင်း၊ အရှုံးခံ စိုက်ထုတ်ပေးနေသော လောင်စာဈေးနှုန်းကို ၁၂ ရာခိုင်နှုန်း တိုးမြှင့်ခဲ့သလို ထောက်ပံ့ပေးသော အရေအတွက်ကိုလည်း ထက်ဝက်လျော့ချခြင်း စသည်တို့ ပါဝင်ခဲ့သည်။
ကွန်ဂရက်ပါတီတွင် ပါဝင်သူများကမူ နိုဝင်ဘာလတွင် ပါတီဆွေးနွေးပွဲပြုလုပ်စဉ် နိုင်ငံမြောက်ပိုင်း အူတာပရာဒေ့ရှ်ပြည်နယ်မှ Bahujan Samaj ပါတီကို ညွန့်ပေါင်းအစိုးရနှင့် ပူးပေါင်းရန် ကြိုးပမ်းခြင်းဖြင့် လွှတ်တော်တွင် အမတ်အများစု ပြန်လည် ရရှိနိုင်မည်ဟု မျှော်လင့်ထားသည်။




အာရှခရီးစဉ် ထွက်ခွာနေသော အမေရိကန် ကာကွယ်ရေးဝန်ကြီး လီယွန်ပန်နက်တာသည် နှစ်ပတ်နီးပါး ပျောက်ကွယ်နေခဲ့ပြီး လူမြင်ကွင်း ပြန်ထွက်လာခဲ့သော တရုတ်ဒုတိယသမ္မတရှီကျင်းပင်နှင့် စက်တင်ဘာလ ၁၉ ရက်တွင် တရုတ်နိုင်ငံမြို့တော် ပေကျင်း၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
ရှီကျင်းပင်မှာ အလွန်ကျန်းမာနေပြီး စိတ်ထက်သန်နေပုံပေါက်ကြောင်း ပန်နက်တာက ရှီကျင်းပင် အခြေအနေကို ပြောကြားခဲ့ပြီး ဆွေးနွေးချိန် ၄၅ မိနစ်ထက် ကျော်လွန်ကာ တစ်နာရီကျော်အထိ ဆွေးနွေးခဲ့ကြောင်း ပြောကြားခဲ့သည်။ ကျန်း မာရေး အခြေအနေမကောင်းဟု ကောလာဟလများ ထွက်ခဲ့သော ရှီကျင်းပင်သည် ပေကျင်းရှိ ပြည်သူ့ခန်းမတွင် ပန်နက်တာကို လက်ခံတွေ့ဆုံစဉ် ပေါ့ပေါ့ပါးပါးရှိကြောင်းလည်း သိရသည်။
ပစိဖိတ်ဒေသတွင် အမေရိကန် ရေတပ်အင်အားတိုးမြှင့်ချထားမည့် မဟာဗျူဟာမှာ တရုတ်သြဇာကို ထိန်းချုပ်ရန် ကြိုးပမ်းခြင်းမဟုတ်ကြောင်း ပန်နက်တာက ပေကျင်းကို ထပ်မံအာမခံခဲ့သည်။ တရုတ်၏စစ်ရေးနှင့် စီးပွားရေး ကြီးထွားလာမှုကို စိုးရိမ်သော အမေရိကန်သမ္မတ ဘာရက်အိုဘားမားအစိုးရက အာရှ-ပစိဖိတ်ဒေသတွင် ပြန်လည်အာရုံစိုက်မည်ဟု ၂၀၁၁ ခုနှစ်တွင် ကြေညာခဲ့ပြီးဖြစ်သည်။
အာရှ-ပစိဖိတ်ဒေသတွင် အင်အားချိန်ခွင်လျှာညီမျှရန် ကြိုးပမ်းမှုမှာ တရုတ်ကို ထိန်းချုပ်ရန်မဟုတ်ဘဲ တရုတ်နှင့် ထိတွေ့ဆက်ဆံရန် ကြိုးပမ်းမှုသာဖြစ်ပြီး ပစိဖိတ်ဒေသတွင် အမေရိကန်အခန်းကဏ္ဍ တိုးမြှင့်ရန်ဖြစ်ကြောင်း ပန်နက်တာက ပြောကြားခဲ့သည်။ ပစိဖိတ်အင်အားကြီးနှစ်နိုင်ငံအကြား ဆက်ဆံရေးကို ပုံစံသစ်ဖန်တီးခြင်းဖြစ်ကြောင်း ပေကျင်းရှိ သံချပ်ကာတပ် အင်ဂျင်နီယာအကယ်ဒမီ၌ ပန်နက်တာက ပြောကြားခဲ့သည်။
ပန်နက်တာသည် အမေရိကန် ကာကွယ်ရေးဝန်ကြီးတစ်ဦးအနေဖြင့် ပေကျင်းသို့ သုံးရက်ကြာ သွားရောက်ခဲ့ခြင်းဖြစ်ပြီး ယင်းခရီးစဉ်မှာ ပေကျင်းနှင့် တရုတ်အကြား အငြင်းပွားကျွန်းစုအတွက် တင်းမာမှု မြင့်တက်နေချိန်နှင့် တိုက်ဆိုင်နေချိန်ဖြစ်သည်။ ပန်နက်တာသည် ဂျပန်၊ တရုတ်နှင့် နယူးဇီလန်သို့ သွားရောက်မည်ဖြစ်သည်။
နှစ်နိုင်ငံ အငြင်းပွားမှုပြဿနာများကို အင်အားသုံးဖြေရှင်းခြင်း၊ ခြိမ်းခြောက်ခြင်းတို့ မပြုလုပ်ဘဲ ငြိမ်းချမ်းစွာ ထိန်းသိမ်းဖြေရှင်းကြရန် ပန်နက်တာက တိုက်တွန်းခဲ့သည်။ အမေရိကန်မူဝါဒမှာ လွတ်လပ်စွာ သွားလာခွင့်၊ ကူးသန်းသွားလာခွင့်၊ ဥပဒေစိုး မိုးမှု၊ အပြည်ပြည်ဆိုင်ရာ ရေပိုင်နက်၊ မြေပြင်၊ ဝေဟင်၊ အာကာသတို့တွင် လွတ်လပ်စွာ သွားလာခွင့်စသည့် အခြေခံစည်းမျဉ်းများအပေါ် အခြေခံထားကြောင်း ပင်တဂွန်စစ်ဌာနချုပ် အကြီးအကဲက ပြောကြားခဲ့သည်။
ပစိဖိတ် အနောက်ဘက်ရေပိုင်နက်တွင် လွတ်လပ်စွာ သွားလာခွင့်အတွက် အမေရိကန်နှင့်တရုတ်အကြား သဘောကွဲလွဲနေသည်။ ပေကျင်းက တောင်တရုတ်ပင်လယ်နှင့် အရှေ့တရုတ်ပင်လယ်တို့ကို ပိုင်ဆိုင်သည်ဟု အခိုင်အမာ ပြောဆိုလျက်ရှိသည်။


LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment