၈၈  နှင့် ABSDF သတင်းများ  စက်တင်ဘာ ၂၀ ၂၀၁၂


ကြေးနီစီမံကိန်း ရပ်တန့်ရန် ဆန္ဒပြရုံနှင့် မလုံလောက်ဟု လေ့လာရေးအစု ဆို

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီး မြို့နယ်၊ လက်ပန်တောင်းတောင်၊ ကြေးနီစီမံကိန်းမှာ ဧရာဝတီ မြစ်ဆုံစီမံကိန်းကဲ့သို့ အန္တရာယ်ကြီးပြီး ဦးပိုင် လက်ဝါးကြီးအုပ် လုပ်ကိုင်နေသည့်အတွက် ထိုစီမံကိန်း ရပ်တန့်ရန် ပြည်သူများနှင့်အတူ ကန့်ကွက်မည်ဟု ဦးမိုးသီးဇွန်တို့နှင့်အတူ လယ်မြေသိမ်းခံ ကျေးရွာများသို့ ကွင်းဆင်း လေ့လာနေသူ ကိုရဲလင်း က ပြောသည်။

စီမံကိန်းမှမှ ထွက်ရှိသည့် ဓါတုဗေဒစွန့်ပစ်ပစ္စည်းများအား ချင်းတွင်းမြစ်အတွင်း စွန့်ပစ်မှုကြောင့် တမျိုးသားလုံး ထိခိုက်လာမှာဖြစ်သည်ဟု ၎င်းက ဆိုသည်။

“ဧရာဝတီ မြစ်ဆုံစီမံကိန်းလို တနိုင်ငံလုံး အတိုင်းအတာနဲ့ ပါတ်သက်တယ်။ လူထုလူတန်းစား အလွှာအသီးသီးနဲ့ ပါတ်သက်တယ်။ ဒီဖြစ်စဉ်က အရမ်း အရေးကြီးပါတယ်။ စီမံကိန်း အနီးအနားက ရွာတွေသာမကဘဲ ချင်းတွင်းမြစ်ထဲ ကို စွန့်ပစ်ပစ္စည်းတွေ၊ ဓါတုဗေဒပစ္စည်းတွေ အဆိပ်တွေ ပါတာပေါ့ဗျာ။ အဲဒါတွေက ချင်းတွင်းမြစ်ထဲကို စီးမယ်။ ချင်းတွင်းမြစ်ထဲကနေ ဧရာဝတီမြစ် ထဲကိုစီးမယ်။ ရေသံယံဇာတတွေ ထပ်ပြီးပျက်စီးဦးမယ်၊ အခုတောင် မြေသံယံ ဇာတ တွေ တော်တော် ပျက်စီးနေတာ ကျနော်တို့တွေ့နေရတယ်ဗျာ” ဟု ပြောသည်။

စီမံကိန်းအတွက် လယ်အသိမ်းခံ ကျေးရွာများသို့ သွားရောက်လေ့လာနေသည့်အဖွဲ့တွင် လူ ၄ဝ ခန့် ပါဝင်ပြီး ဦးမိုးသီးဇွန်နှင့်အတူ ၈၈ မျိုးဆက် ကျောင်းသားများ၊ ဗကသ ဖြစ်မြောက်ရေးကော်မတီနှင့် လူ့ဘောင်သစ်ပါတီမှလည်း ပါဝင်ကြသည်။

အဆိုပါ စီမံကိန်းကြီးမှာ စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် တရုတ်ကုမ္ပဏီ ဝမ်ပေါင်းတို့ ပေါင်းစပ် လုပ်ဆောင်သည့် စီမံကိန်းတခုဖြစ်နေ၍ ရပ်တန့်သွားစေရန်မှာ ကျယ်ပြန့်သော လှုပ်ရှားမှုများဖြင့် တုန့်ပြန်ဖို့လို
ကြောင်းလည်း “ကုမ္ပဏီ ဘက်က ကျောထောက်နောက်ခံ ကလည်း ကောင်းတယ်ဗျ။ ဒီဘက်ကလည်း ဦးပိုင် လီမိတက် ဖြစ်တယ်။ ဆန္ဒဖော်ပြ ကန့်ကွက်ရုံလောက်နဲ့ မလုံလောက်ဘူး။ ကြီးမားတဲ့ ကန်ပိန်းကြီးတွေ လုပ်ရမယ်ဗျ” ဟု ကိုရဲလင်း က ဆိုသည်။

အသိမ်းခံ လယ်မြေများအရေးနှင့် စီမံကိန်း ရပ်တန့်ရေးအတွက် လယ်သူမများက ဆန္ဒပြခဲ့ကြသော်လည်း အကြမ်းဖက် ဖမ်းဆီးနှိပ်စက်ခံရခြင်းနောက်ဝယ် ငြိမ်သက်သွားခဲ့ရသည်။

လေ့လာရေးအဖွဲ့က လယ်သိမ်းခံ ဝက်မှေး၊ ဆည်တဲနှင့် ရွှေလှေရွာများသို့ ရောက်ရှိပြီးကြ ဒေသခံ တောင်သူများနှင့်တွေ့ဆုံကာ လယ်သမားများ၏ အခက်အခဲနှင့် စီမံကိန်း၏ အန္တရာယ်ကြီးမားပုံကို ကမ္ဘာသိအောင် လုပ်ဆောင်မည်ဟု ဆိုသော်လည်း “တရားစွဲဖို့အထိ လုပ်ဖို့မရည်ရွယ်သေးပါဘူး ခင်ဗျ” ဟု လေ့လာရေးအဖွဲ့ဝင် ကိုရဲလင်းက ပြောဆိုသွား သည်။ အဆိုပါစီမံကိန်းကြောင့် လက်ပန်တောင်းတောင် ပတ်ဝန်းကျင်ရှိ စံပယ်တောင်နှင့် ကြေးစင်တောင် နှစ်ခုသည် ယခုအခါ တွင်းကျယ်ကြီးများအဖြစ် ကျန်ရှိပြီး လက်ရှိစီမံကိန်း လုပ်ကိုင်လျက်ရှိသည့် ကြေးနီတောင်ကိုလည်း ယင်းတောင်များကဲ့သို့ ကွယ်ပျောက်သွားမည်ကို ပတ်ဝန်းကျင်ရှိ ကျေးရွာသူ/သားများက စိုးရိမ်လျက် ရှိကြသည်။ ထိုစီမံကိန်းရပ်တန့်ရန် တောင်းဆိုမှုသည် တိုင်းဒေသကြီး အစိုးရ အနေဖြင့် လုပ်ဆောင်၍ မရနိုင်ဘဲ ရေရှည်စဉ်းစားဆောင်ရွက်ရမည့် ကိစ္စဖြစ်သည်ဟု စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဦးသာအေး က ပြောဆိုထားသည်။

၈၈ မျိုးဆက်ကျောင်းသား ၁၉ ဦး နိုင်ငံကူး လက်မှတ်ရရှိ


၂၀၁၂ မတ်လအတွင်းက လျှောက်ထားတဲ့ ၈၈ မျိုးဆက်ကျောင်းသား ၁၉ ဦးရဲ့ နိုင်ငံကူးလက်မှတ်တွေ မနေ့က ရရှိပြီလို့ သိရပါတယ်။ မနေ့က နေ့လည်မှာ နိုင်ငံကူး လက်မှတ်ရုံးက ကိုမြအေးဆီ ဖုန်းဆက်ပြီး နိုင်ငံကူး လက်မှတ်တွေ ရရှိပြီဖြစ်ကြောင်း အကြောင်းကြားလာတာ ဖြစ်တယ်လို့ ၈၈ မျိုးဆက် ကျောင်းသား တစ်ဦးဖြစ်တဲ့ ကိုစိုးထွန်းက ပြောပါတယ်။

၈၈ ခေါင်းဆောင် ၁၉ ဦး နိုင်ငံကူးလက်မှတ် ရ


ကိုမင်းကိုနိုင်အပါအ၀င် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ လျှောက်ထားတဲ့ နိုင်ငံကူးလက်မှတ် Passport တွေကို အာဏာပိုင်တွေက မနေ့က ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီးက ပြန်လွတ်လာပြီးကတည်းက နိုင်ငံကူးလက်မှတ်တွေကို လျှောက်ထားခဲ့ကြတာ ဖြစ်ပေမယ့် အာဏာပိုင်တွေက ပြဌာန်းထားတဲ့ ဥပဒေနဲ့အညီ အချိန်မီ ထုတ်ပေးခဲ့ခြင်း မရှိဘူးလို့ ၈၈ မျိုးဆက် ကျောင်းသားတွေက ပြောပါတယ်။
၈၈ မျိုးဆက် ကျောင်းသားတွေထဲက ပထမအသုတ်အဖြစ် နိုင်ငံကူးလက်မှတ်လျှောက်ထားတဲ့ ၁၉ ယောက့်  မနေ့က ရတဲ့အကြောင်း ဒီကိစ္စကို ဦးဆောင် လုပ်ကိုင်ပေးနေတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်သူ ကိုစိုးထွန်းက ပြောပြပါတယ်။

“ကိုမင်းကိုနိုင်အပါအ၀င် ၁၉ ယောက်ပေါ့။ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုမင်းဇေယျ၊ ကိုပြုံးချို၊ နောက်ပြီးတော့ ကိုမြအေး၊ ကိုအံ့ဘွယ်ကျော်၊ ကိုထွန်းမြင့်အောင် နောက် ကျနော်ပေါ့ …”

မြန်မာနိုင်ငံဒီမိုကရေစီလှုပ်ရှားမှုကိုယ်စား အမေရိကန်နိုင်ငံ ၀ါရှင်တန်မြို့အခြေစိုက် National Endowment for Democracy (NED) လို့ခေါ်တဲ့ ကမ္ဘာတ၀န်း ဒီမိုကရေစီအရေး လုပ်ရှားမှုတွေကို မြှင့်တင်ပေးတဲ့အဖွဲ့က ချီးမြှင့်တဲ့ ၂၀၁၂ ခုနှစ် ဒီမိုကရေစီလှုပ်ရှားမှုဆုကို SNLD ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ နာရေးကူညီမှုအသင်းက ဦးကျော်သူ၊ မယ်တော်ဆေးခန်း တာဝန်ခံ ဒေါက်တာ စင်သီယာမောင်၊ အမေရိကန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့က အကြီးအကဲ ဦးအောင်ဒင်တို့နဲ့အတူ ကိုမင်းကိုနိုင်လည်း ဒီဆုကို တက်ယူကြဖို့ စီစဉ်ထားတာဖြစ်ပေမယ့် အခုတော့ အချိန်နှောင်းပြီးမှ နိုင်ငံကူးလက်မှတ်ရတဲ့အတွက် သူကိုယ်တိုင် သွားယူနိုင်တော့မှာ မဟုတ်ဘူးလို့ ကိုစိုးထွန်းက ဆက်ပြောပါတယ်။

“ခရီးစဉ်ကတော့ မီတော့ မမီလောက်ဘူးလို့ ထင်တယ်ဗျ။ မနက်ဖြန် ဆုပေးမယ်လို့ ပြောတာကိုး။ Passport က ခွင့်ပြုချက်ရတယ်ဆိုပေမဲ့ ကျနော်တို့က Education Clearance တွေ လုပ်ပြီးပြီလား၊ slip တွေထုတ်ပြီး တော့ ၂၁ ရက်နေ့ရမှ ၁၇၊ ၁၉ လုပ်ပြီးတော့ EC လုပ်ကြမယ် … တချို့ကျတော့လည်း EC တို့၊ ၁၇ တို့ လုပ် ထားတဲ့လူတွေရှိတာပေါ့၊ တဖြည်းဖြည်းနဲ့ ၂၁ ရက်ကနေ စတွက်တာပေါ့၊ တလကနေ နှစ်လကျော်တယ်၊ နှစ်လကနေ သုံးလ၊ အခု လေးလ ငါးလပြီး နောက်ဆုံး ခြောက်လပေါ့ … ကိုမင်းကိုနိုင်တို့ဆီ စလျှောက်တာ ကျနော်တို့နဲ့ တသုတ်ထဲ စလျှောက်တဲ့ ခြောက်ယောက်ဆိုရင် မတ်လ ၁၄ ရက်နေ့က စလျှောက်တာ အခု စက်တင်ဘာလ ၁၄ ရက်ဆိုရင် ခြောက်လပြည့်သွားပြီ၊ ကျော်သွားပြီပေါ့။”

အာဏာပိုင်တွေအနေနဲ့ နိုင်ငံကူးလက်မှတ်လျှောက်တဲ့အခါ သတ်မှတ်ထားတဲ့ စည်းကမ်း ဥပဒေတွေနဲ့ ကိုက်ညီရင် ခွဲခြမ်း ဆက်ဆံမှုမလုပ်ဘဲ တပြေးညီ ထုတ်ပေးသင့်တယ်လို့ ကိုစိုးထွန်းက ထောက်ပြပါတယ်။

“တယောက်နဲ့တယောက်ကို ခွဲခြားဆက်ဆံတာမျိုး မဖြစ်စေချင်ဘူး၊ ကိုမင်းကိုနိုင်နဲ့ ကိုမြအေး စရတယ်၊ ကိုမြအေးကို အရင်ဆုံး စပေးတာပေါ့လေ၊ ကိုမြအေးပြီးတော့ ကိုမင်းကိုနိုင်ကို ဆက်ပေးတယ်၊ အဲဒီမှာ ကျနော်တို့ ၈၈ အစည်းအဝေး ထိုင်လိုက်ပြီးတော့ ၈၈ မူအရ ကျနော်တို့က ပထမဆုံးအသုတ်အနေနဲ့ ၁၉ ယောက် လျှောက်ထားတာမှာ အားလုံးမပေးဘူး၊ အဲလိုမျိုး ခွဲခြားပေးနေရင်တော့ ယူမှာမဟုတ်ဘူး … ခွဲခြား ဆက်ဆံခံရမှုတွေ၊ မတရားမှုတွေကို ကျနော်တို့တွေက မကြိုက်လို့၊ မညီမျှမှုတွေကို မကြိုက်လို့ ကျနော်တို့ တွေက နိုင်ငံရေးမှာ ထောင်ကျခံပြီး တိုင်းပြည်အတွက်၊ လူမျိုးအတွက် အလုပ်လုပ်နေကြတာ။ ဒီလို ခွဲခြား ဆက်ဆံမှုတွေရှိနေတယ်၊ မတရားမှုတွေရှိနေတယ်ဆိုရင် ကျနော်တို့ မယူဘူးဆိုပြီး ကိုမင်းကိုနိုင်နဲ့လည်း ကျနော်တို့ ပြောပြီးပါပြီ။

“ခုဟာက အဲလို ပြောပြီးဆိုပြီးကာမှ စပေးတယ်။ ပေးတာပေါ်မှာတော့ ကြိုဆိုပါတယ်၊ ဒါပေမဲ့ ကျန်တဲ့လူ တွေကိုလည်း ဆက်ပြီးတော့ မြန်မြန်ဆန်ဆန်ထုတ်ပေးဖို့လိုတယ်။ နိုင်ငံသားတိုင်းကို Passport စလျှောက် ပြီးတော့ Slip ရပြီးတော့ ၂၁ ရက်ကျော်တာနဲ့ ထုတ်ပေးမယ်ဆိုတဲ့ မူရှိထားတယ်။ ဒါ ပြည်ထဲရေးဝန်ကြီးဌာန ရဲ့ မူပေါ့ဗျာ။ အဲဒီတော့ ၂၁ ရက်ပြည့်တာနဲ့ ကျနော်တို့ နိုင်ငံသားတိုင်းဟာ ရာဇ၀တ်မှု အကြောင်းပြချက် မရှိ ဘူး၊ ကင်းရှင်းတယ်၊ ကျနော်တို့ဆိုရင် လျှောက်လွှာတွေနဲ့ သူများတွေထက် ပိုတင်ရတယ်၊ ပြစ်ဒဏ်ကျခံရမှု နဲ့ပတ်သက်၍ တင်ပြခြင်းဆိုပြီးတော့ တင်ရတယ်၊ ၀န်ကြီးဆီလည်း ကူညီဆောင်ရွက်ပေးဖို့ ဆိုပြီးတော့ သပ်သပ်တစောင် တင်ရသေးတယ်၊ အဲလို တင်ထားတဲ့လူတွေချည်းပဲ၊ သာမန်နိုင်ငံသားထက်ကို ကျနော်တို့ က ပိုတင်ရတာတွေရှိတယ်။

“အဲလို ခွဲခြားဆက်ဆံမှုတွေ မရှိစေချင်ဘူး။ ၁၉ ယောက်ပေးပြီးတော့လည်း ကျန်တဲ့ အယောက် ၃၀ ကျော် ကျနော် တာဝန်ယူပြီးတော့ လိုက်လုပ်ပေးထားတာဖြစ်တဲ့အတွက် ကျန်တဲ့လူတွေကိုလည်း ပေးစေချင်တယ်။”

တကယ်တော့ ၈၈ မျိုးဆက် ကျောင်းသားတွေဟာ လူငယ်တွေ ဖြစ်တာနဲ့အညီ ပြည်ပနိုင်ငံတွေမှာ ပညာသင်တာအပါအ၀င် နိုင်ငံတကာ ညီလာခံတွေတက်တာ၊ ပြည်ပနိုင်ငံတွေမှာ တိုင်းပြည်အတွက် လေ့လာဆည်းပူးသင့်တာတွေ ဆည်းပူးနိုင်အောင် နိုင်ငံကူးလက်မှတ်ကို လျှောက်ကြတာဖြစ်တယ်လို့ ဆိုပါတယ်။

“ကျနော် Passport စပြီးတော့၊ တာဝန်ယူပြီးတော့ လုပ်ပေးတဲ့ရည်ရွယ်ချက်ကိုက ကျနော်တို့ ထောင်ကျတဲ့ နိုင်ငံရေးအကျဉ်းသားတွေအများစု ကျောင်းသားတွေပါတယ်။ အဲဒီထဲမှာမှ တချို့ အင်္ဂလိပ်စာ လေ့လာရေး အားကောင်းတဲ့ လူတွေရှိတယ်၊ ကျောင်းသားတွေ၊ ဗကသဆိုလည်း ဗကသကျောင်းသားတွေရှိတယ်။ သူတို့ တွေကိုလည်း ကျနော်ပြောထားတယ်။ အင်္ဂလိပ်စာ လေ့လာထားဖို့။ ကျနော်တို့ဟာ ကိုယ့်တိုင်းပြည်တာဝန် ထမ်းဆောင်ဖို့ဆိုတာ ကျနော်တို့ ကိုယ့်ဝမ်းစာတွေလည်း ကိုယ်ဖြည့်ကြရမယ်။ အရည်အချင်းတွေလည်း ဖြည့်ဖို့လိုတယ်။

“နိုင်ငံတကာမှာရှိတဲ့ ပရိုဂရမ်တွေ၊ လေ့လာရေးတွေ၊ သင်တန်းတွေ တကယ်လို့ အဆင်ပြေခဲ့လို့ ပေါ်ခဲ့ရင် လည်း ကျနော်တို့က Passport ရှိနေအောင် လုပ်ထားဖို့ လိုတယ်ဆိုပြီး ကျနော် တာဝန်ယူပြီးတော့ လုပ်ပေး နေတာ အယောက် ၃၀ ကျော်ပြီ။
“ဒါပေမဲ့ အခုဟာ သူတို့က မပေးဘူး။ တနေ့ ပေးနိုးပေးနိုးနဲ့ သုံးလေးငါးလ ကျော်လာတော့ ကျနော်လည်း ယာယီ ရပ်ထားလိုက်တယ်။ နောက်ဆက်လုပ်မယ့် လူတွေလည်းရှိတယ်။ ဗကသကျောင်းသားတွေထဲမှာ လည်း … အဲဒီတော့ ကျနော်တို့အနေနဲ့ကတော့ နိုင်ငံတကာသင်တန်းတွေက Passport ရမှသာ သွားလို့ ရမှာကိုး … Passport မရဘူးဆိုရင်တော့ ကျနော်တို့က သွားလို့မရတဲ့အတွက် အခုလောလောဆယ် Passport စာအုပ်မရှိတဲ့အတွက်ကို ကျနော်တို့က ဘာမှ စဉ်းစားလို့မရနိုင်သေးဘူး။ အဲဒီတော့ ပရိုဂရမ်တွေ ရှိရင်တော့ ကျနော်တို့က အရည်အချင်းရှိတဲ့လူတွေ၊ ပြည့်မီတဲ့လူတွေ၊ သင့်တော်တဲ့လူဆို ကျနော်တို့က လွှတ်မှာပါ၊ ရွေးချယ်ပြီးတော့ …”

၈၈ မျိုးဆက် ကျောင်းသားတွေဟာ တူညီတဲ့ နိုင်ငံရေးပုဒ်မတွေနဲ့ မြန်မာနိုင်ငံအနှံ့က အကျဉ်းထောင် အသီးသီးမှာ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံခဲ့ရပြီးနောက် အားလုံး ရှေ့ဆင့် နောက်ဆင့်ဆိုသလို ပြန်လည် လွတ်မြောက်လာခဲ့ကြတာ ဖြစ်ပါတယ်။



၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ လျှောက်ထားမှု ၆ လကျော်အကြာတွင် ပတ်စ်ပို့ရရှိ

၂၀၁၂ ခုနှစ် မတ်လကတည်းက ပတ်စ်ပို့လျှောက်ထားခဲ့သော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များအား ၆ လကျော်အကြာ စက်တင်ဘာလ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့မှ ပတ်စ်ပို့ထုတ်ပေးခဲ့ကြောင်း ၈၈ မျိုးဆက်ကျောင်းသား များအဖွဲ့မှ သတင်းရရှိပါသည်။
၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုစိုးထွန်းက ဦးဆောင်လျှောက်ထား ပေးခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း ၁၉ ဦး လျှောက်ထားခဲ့ကာ အဆိုပါ ၁၉ ဦးတွင် မြန်မာစာနယ်ဇင်းသမဂ္ဂ ပေါ်ပေါက်ရေး ဦးဆောင်လှုပ်ရှားသူ ကိုဇော်သက်ထွေးလည်း ပါဝင်ကြောင်း သိရသည်။
"ကျွန်တော်ဒီနေ့(စက်တင်ဘာလ ၁၉ ရက်) ပတ်စ်ပို့ရုံးကို ရောက်တော့ တာဝန်ရှိသူတစ်ဦးက ကျွန်တော်တို့ ၁၉ ဦးကို ပတ်စ်ပို့ထုတ်ပေးလိုက်ပြီ ဆိုတာကို ပြောတယ်။ လက်ထဲကိုရောက်လာတာတော့ မဟုတ်သေးဘူးပေါ့။ စလစ်ရယ်၊ ပုံစံ (၁၉) ရယ်ပါလာရင် ထုတ်လို့ရပြီလို့ ပြောတယ်။ ၁၉ ယောက်လုံးက တစ်ပြိုင်တည်း လျှောက်ခဲ့တာတော့ မဟုတ်ဘူး။ ၄ လကျော်၊ ၅ လကျော်၊ ၆ လကျော်တဲ့သူတွေရှိတယ်။ အနည်းဆုံးတော့ လေးလကျော်ပြီးတဲ့ သူတွေချည်းပဲ'' ဟု ဦးဆောင်လျှောက်ထားခဲ့သူ ကိုစိုးထွန်းက ပြောပါသည်။
၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်ကိုမူ လွန်ခဲ့သည့် နှစ်ပတ်ခန့် ကတည်းက ပတ်စ်ပို့ထုတ်ပေးခဲ့သော်လည်း အတူလျောက်ထားသူအားလုံး ပတ်စ်ပို့ မထုတ်ပေးခဲ့သောကြောင့် အဆိုပါ ပတ်စ်ပို့ကို လက်ခံခြင်း မရှိခဲ့ဘဲ အမေရိကန်ဝါရှင်တန် အခြေစိုက် National Endowment for Democracy (NED) မှ ပေးသောဆုကို သွားယူခဲ့ခြင်းမရှိကြောင်း သိရသည်။
မြန်မာစာနယ်ဇင်းသမဂ္ဂ ပေါ်ပေါက်ရေး ဦးဆောင်လှုပ်ရှားသူ ကိုဇော်သက်ထွေးကလည်း ယခု ပတ်စ်ပို့ရမည်ဖြစ်သောကြောင့် အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် အခြေစိုက်သည့် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့ (HRW)က နှစ်စဉ်ပေးအပ်လေ့ရှိသော Hellman-Hammett ဆုကို အခြေအနေပေးပါက သွားယူသွားမည်ဟု ပြောကြားခဲ့သည်။
ယခုပတ်စ်ပို့ထုတ်ပေးလိုက်သူ ၁၉ ဦးမှာ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး၊ ကိုပြုံးချို၊ ကိုဌေးကြွယ်၊ ကိုမင်းဇေယျာ၊ ကိုစိုးထွန်း၊ ကိုထွန်းမြင့်အောင်၊ ကိုအံ့ဘွယ်ကျော်၊ ကိုသက်ဇော်၊ ကိုပဏ္ဍိတ်ထွန်း၊ ကိုလှမျိုးနောင်၊ ကိုမျိုးဇော်ထွေး၊ ကိုရဲဝင်း၊ ကိုမျိုးမင်းထိုက်၊ မမီးမီး၊ မယဉ်ယဉ်ဝိုင်း၊ မသရဖီသိမ့်သိမ့်ထွန်းနှင့် ကိုဇော်သက်ထွေးတို့ဖြစ်ကြောင်း သိရသည်။

ကျဆုံးအာဇာနည်ကျောင်းသူ၊ ကျောင်းသားများအတွက် ဆွမ်းကပ်လှူဒါန်း


၈၈ ဒီမိုကရေစီ အရေးတော်ပုံမှာ မ၀င်းမော်ဦးနဲ့တကွ ကျဆုံးသွားခဲ့တဲ့ မောင်တင်ထွန်း၊ မောင်သန်းဌေး စတဲ့ အာဇာနည်ကျောင်းသူ၊ ကျောင်းသားတွေအတွက် (၂၄) နှစ်ပြည့် အထိမ်းအမှတ် ဂုဏ်ပြုအောက်မေ့ဖွယ် ဆွမ်းဆက်ကပ်လှူဒါန်းပွဲကို မနေ့က နံနက် ၇ နာရီက ရန်ကုန် ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းမှာရှိတဲ့ ဘုရားငါးဆူ တန်ဆောင်းမှာ ကျင်းပခဲ့ပါတယ်။

ဖားကန့်စစ်ဗျူဟာမှူးနှင့် KIA တပ်ရင်းမှူးတို့ကို ၈၈ မျိုးဆက်တွေ့ဆုံ


ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းတွင်း ဒေသကို ငြိမ်းချမ်းရေး ခရီးစဉ်အဖြစ် ဒီလ ၁၆ ရက်နေ့က ၁၈ ရက်နေ့အထိ ရောက်ရှိခဲ့တဲ့ ကိုမင်းကိုနိုင် ခေါင်းဆောင်တဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေဟာ ဖားကန့်ဒေသ စစ်ဗျူဟာမှူးနဲ့ KIA တပ်ရင်းမှူးတို့ကို သီးခြားစီ နှုတ်ဆက်တွေ့ဆုံခဲ့ပြီး လတ်တလော ဖြစ်ပေါ်နေတဲ့ ဖားကန့်ဒေသ အခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။


ရွေးကောက်ပွဲဝင်လိုသော ဦးမိုးသီးဇွန် အခြေခံဥပဒေ ပြင်ရန် တောင်းဆို

ပြည်တော်ပြန် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမိုးသီးဇွန် က ပါတီသစ် တည်ထောင်၍ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လိုသောကြောင့် ၎င်းအတွက် အခက်အခဲဖြစ်နေသည့် အခြေခံဥပဒေအား ပြင်ဆင်ပေးရန် တောင်းဆိုလိုက်သည်။

“ကျနော် နိုင်ငံရေးပဲ လုပ်မှာပါ။ လူမှုရေးအလုပ်တွေ မလုပ်ပါဘူး။ ပါတီထောင်မယ်၊ ရွေးကောက်ပွဲဝင်မယ်။ ဒါပေမယ့် အခြေခံဥပဒေက မြန်မာနိုင်ငံမှာ ၁ဝ နှစ် အနည်းဆုံး ဆက်တိုက်နေမှ ရွေးကောက်ပွဲ ဝင်ခွင့်ရမယ်ဆိုတဲ့ ကန့်သတ်ချက်ကြောင့် အခက်ကြုံနေရပါတယ်။ ဒါကို ပြင်ပေးဖို့ လိုတယ်။ ပြင်ပေးဖို့လည်း တောင်းဆိုပါတယ်” ဟု ဦးမိုးသီးဇွန် က ပြောသည်။

၂ဝဝ၈ ခုနှစ်က အတည်ပြုခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၂ဝ (ဂ)တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦး၏ အရည်အချင်းအဖြစ် “ရွေးကောက် တင်မြှောက်ခံရသည့် အချိန်နှင့် တဆက်တည်း ပြည်ထောင်စု မြန်မာနိုင်ငံတော်တွင် အနည်းဆုံး ၁ဝ နှစ် အခြေချနေထိုင်ခဲ့သူ” ဖြစ်ရမည်ဟု ဖေါ်ပြပါရှိသည်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အုပ်ချုပ်မှုအောက် ၁၉၈၈ ခုနှစ်အတွင်း ပါတီစုံဒီမိုကရေစီ တောင်းဆိုဆန္ဒပြမှု
နိုင်ငံအဝှမ်းဖြစ်ပွားခဲ့သော လူထုအုံကြွမှုအတွင်း ထင်ရှားလာခဲ့သည့် ကျောင်းသားခေါင်းဆောင် ဦးမိုးသီးဇွန်သည် စစ်တပ်မှ အာဏာသိမ်းအပြီးနောက် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီကို တည်ထောင်ဦးဆောင်ခဲ့ဖူးသည်။

ထို့နောက် စစ်အစိုးရအား လက်နက်ကိုင် တော်လှန်ရေးအတွက် မြန်မာ-ထိုင်းနယ်စပ်သို့ ထွက်ခွါခဲ့ကာ ABSDF ခေါ်ကျောင်းသားတပ်မတော်တွင် ဥက္ကဋ္ဌ တာဝန် ယူခဲ့ဖူးသည့် ဦးမိုးသီးဇွန်သည် နောက်ပိုင်းကာလများတွင် ပြည်ပတွင် သာ အခြေချနေထိုင်လာခဲ့ပြီး ၂ဝဝ၈ ခုနှစ်တွင် အမေရိကန်နိုင်ငံသားအဖြစ် ခံယူခဲ့သည်။

သမ္မတဦးသိန်းစိန်၏ အထူးကိုယ်စားလှယ် ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သော ညှိနှိုင်းဆွေးနွေးရေးအဖွဲ့နှင့် ပမာဏ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက်ပိုင်း ဦးမိုးသီးဇွန်နှင့် ၎င်း၏ လုပ်ဖော်ကိုင်ဖက်အချို့ မြန်မာနိုင်ငံသို့ စက်တင်ဘာ ၁ ရက်နေ့တွင် လေကြောင်းခရီးဖြင့် ပြန်လည် ဝင်ရောက်လာခဲ့သည်။ အစိုးရကလည်း သူအပါအဝင်ပြည်ဝင်ခွင့် ပိတ်ပင်ထားသူပေါင်း ၂ဝဝဝ ကျော်ကို Black List စာရင်းမည်းမှ ဖယ်ရှားပေးခဲ့ကြောင်း ကြေညာထား ခဲ့သည်။

ဦးမိုးသီးဇွန် ပါတီထောင်၍ နိုင်ငံရေးလုပ်ငန်းစဉ်များတွင် ပါဝင်နိုင်ရေး ဥပဒေများ ပြင်ဆင်နိုင်ရန် လွှတ်တော်အတွင်း တင်ပြဆွေးနွေးသွားမည်ဟုလည်း လွှတ်တော်အမတ် ဦးသိန်းညွန့်က ပြောသည်။

“လွှတ်တော်အတွင်းကနေ ပြင်ဖို့ လိုအပ်တဲ့ ဥပဒေတွေကိုပြင်ရမယ်။ ကျနော့်အနေနဲ့လည်း ဆောင်ရွက်နိုင်သမျှ
ဆောင်ရွက်ပေးမယ်။ ဖြစ်လာတဲ့ ပြဿနာပေါ် မူတည်ပြီး အခြေခံ ဥပဒေကို ပြင်ဖို့ ပြောမှာပဲ။ အခုလည်း ဒီကိစ္စကိုပြောမှာပဲ” ဟု ဆိုသည်။
ပြည်ပရောက် အတိုက်အခံများမြန်မာနိုင်ငံသို့ ပြန်လာ
လိုကြသော်လည်း ပြည်ဝင်ခွင့် ဗီဇာဖြည့်ရာကအစ ကန့်သတ်ချက်များ များလွန်းနေပြီး ယင်းသို့သော
ရှုပ်ထွေးသည့် လုပ်ထုံးများကြောင့် အခက်အခဲဖြစ်နေသည်ဟုလည်း ဦးမိုးသီးဇွန်က ဆိုသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လာရောက် ကြိုဆိုနေသူများကို “ကျနော်တို့ အခက်အခဲတွေ
အများကြီးကြားထဲက ပြန်လာနိုင်ခဲ့ပါပြီ။ ကျနော်တို့ အရမ်းပျော်ပါတယ်။ ကျနော်တို့ရဲ့ပျော်ရွှင်မှုဟာ ဘယ်သူ့ကိုမှ ဒုက္ခ မပေးပါဘူး။ ကျနော်တို့ရဲ့ပျော်ရွှင်မှုမှာ အားလုံးပါဝင်ပါတယ်” ဟု ဦးမိုးသီးဇွန် က စက်တင်ဘာလ ၁၂ ရက်နေ့ တွင် နှုတ်ခွန်းဆက်စကား ဆိုခဲ့သည်။ ၁၉၈၈ ခုနှစ်မှစတင်၍ ၂၃ နှစ်ကြာ စစ်အုပ်ချုပ်ရေး ကာလတွင်းမှ အဆမတန် တိုးပွားလာခဲ့သော Black list စာရင်းမည်းတွင် ပြည်ပနှင့်နယ်စပ်ရှိ အတိုက်အခံများ၊ နိုင်ငံခြားသားများ၊ သတင်းစာဆရာများ၊ မြန်မာအတိုက်အခံ များကို ထောက်ခံအားပေးသူ နိုင်ငံခြားသားများလည်း ပါဝင်သည်။

နိုင်ငံခြားရေး၊ လူဝင်မှု ကြီးကြပ်ရေး၊ ပြန်ကြားရေးနှင့် ပြည်ထဲရေးဝန်ကြီးဌာန စသည်ဖြင့် ဌာနပေါင်းစုံမှ စုဆောင်း တင်ပြချက်အရ တားမြစ်သော စာရင်းတွင် လူတဦးထဲကိုပင် စာရင်းသွင်းမှု တကြိမ်ထက်ပို ပါဝင်နေတတ်ပြီး
နိုင်ငံ့ဝန်ထမ်းများနှင့် နိုင်ငံတော် ကုန်ကျငွေဖြင့် ပညာတော်သင် သွားရောက်ပြီး ပြန်မလာတော့သည့်သူများနှင့် “နိုင်ငံရေးနှင့် ငြိစွန်းသည်” ဟု ခေါ်ဝေါ်လေ့ရှိသော အတိုက်အခံလှုပ်ရှားမှုနှင့် ပတ်သက်သူများကိုလည်း ပိတ်ပင်လေ့ရှိသည်။

မူလစာရင်းတွင် အရေအတွက် မည်မျှပါဝင်သည်ကို ထုတ်ပြန်ကြေညာခြင်း မရှိသော်လည်း အငြိမ်းစား နိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိဟောင်းတဦး အဆိုအရ နှစ်သောင်းခန့်ပင် ရှိခဲ့ဖူးသည်ဟု သိရသည်။

ပိတ်ပင်ထားသော စာရင်းမှ ဖယ်ရှားပြီးနောက် ထိုင်းနိုင်ငံတွင် နေထိုင်လျက်ရှိကြသော လူ့ဘောင်သစ်ဒီမိုကရစ်တစ် ပါတီ ခေါင်းဆောင် ဦးအောင်မိုးဇော်၊ မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်မှ ဦးမောင်မောင်တို့လည်းမြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်လာကြပြီ ဖြစ်သည်။


LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment