ရှမ်း ကရင် ရှမ်း ရခိုင် ချင်း နဲ့  ကချင် သတင်းများ  စက်တင်ဘာ ၁၇၂၀၁၂




ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးသည် နိုင်ငံတော်သမ္မတဦးဆောင်သော အစိုးရအဖွဲ့နှင့်အတူ အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကျင်းပမည့် (၆၇) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါအစည်းအဝေးသို့ တက်ရောက်မည့် ကိုယ်စားလှယ်များစာရင်းတွင် ဦးခွန်ထွန်းဦးအား အမည်စာရင်းထည့်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
''လောလောဆယ်မှာတော့ ၀ါရှင်တန်အခြေစိုက် National Endowment for Democracy (NED) က ပေးတဲ့ဆုလက်ခံဖို့ အမေရိကန်နိုင်ငံကို ရောက်နေပါတယ်။ စက်တင်ဘာလ ၂၅ ရက်နေ့မှာ နိုင်ငံတော်သမ္မတရဲ့ အစိုးရကိုယ်စားလှယ် အဖွဲ့နဲ့ ဆက်သွယ်ပြီး ညီလာခံကို တက်ရောက်ပါမယ်။ ဒီကိုယ်စားလှယ်အဖွဲ့မှာ ပါဝင်ဖို့ကို နိုင်ငံတော်သမ္မတရဲ့ လူမှုစီးပွားအကြံပေးအဖွဲ့က ကမ်းလှမ်းခဲ့တာပါ။ ကမ်းလှမ်းချက်ကို လက်ခံလိုက်တော့ သံတမန် နိုင်ငံကူးလက်မှတ် ရရှိရေးအတွက် နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက ကူညီပေးခဲ့ပါတယ်'' ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ  ဦးစိုင်းလိတ်က ပြောကြားခဲ့သည်။
''နိုင်ငံတော်သမ္မတရဲ့ လက်ရှိလုပ်ဆောင်နေတဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေမှာ တစ်ထောင့်၊ တစ်နေရာကနေ ပါဝင်ချင်လို့ ဒီကမ်းလှမ်းမှုကို လက်ခံခဲ့ခြင်း ဖြစ်ပါတယ်။ နောက်ထပ်တစ်ခုက ဒီကိစ္စဟာလည်း အရမ်းအရေးကြီး တယ်ထင်လို့ သူ့အနေနဲ့ ပါဝင်ခဲ့တာပါ'' ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။
နိုင်ငံတော်သမ္မတသည် အဆိုပါညီလာခံသို့ တက်ရောက်ရန်အတွက် အမေရိကန်နိုင်ငံခရီးစဉ်ကို စက်တင်ဘာလ ၂၃ ရက်နေ့တွင် စတင်ဖွယ်ရှိကြောင်းသိရပြီး အဆိုပါ ခရီးစဉ်မှာ သုံးရက်ခန့် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။


ကာချုပ်ရုံးရှေ့တွင်ပါ စစ်ရပ်စဲရေး ဆန္ဒပြမည်

တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် ပြည်တွင်းရှိ လူမှုအဖွဲ့စည်း ၁၉ ဖွဲ့က နေပြည်တော်ရှိ သမ္မတရုံး၊ လွှတ်တော် များရှေ့နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံးရှေ့တို့တွင် ဆန္ဒပြုပွဲများ ပြုလုပ်သွားမည်ဟု ကချင်ငြိမ်းချမ်းရေးကွန်ယက်မှ ကိုဂျော်ဂွန်းကို ပြောသည်။

ကိုယ်ဝန်ဆောင်ကချင်တိုင်းရင်းသူ KIA က စစ်သားအဖြစ် အဓမ္မစုဆောင်း


ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်၊ နမ္မတီးကျေးရွာ ဖော်ဒေါင်ရပ်ကွက်မှာ နေထိုင်တဲ့ အိမ်ထောင်ရှိ ကိုယ်ဝန်ဆောင် ကချင်တိုင်းရင်းသူ မဂျာဒွဲနူးကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က အခုလ (၁) ရက်နေ့က စစ်သားအဖြစ် အဓမ္မစုဆောင်းသွားခဲ့ချိန်ကစလို့ ဘာသတင်းမှ မရရှိတော့တာကြောင့် မိသားစုဝင်တွေ အထူးစိုးရိမ် ပူပန်နေကြတယ်လို့ သိရပါတယ်။
ကေအိုင်အေတပ်မဟာ ၂ လက်အောက်ခံ မိုးကောင်းမြို့နယ် ကဆုန်းကျေးရွာအခြေစိုက် တပ်ရင်း (၁၁) က ကိုယ်ဝန် (၃) လ လွယ်ထားရတဲ့ မဂျာဒွဲနူးကို စုဆောင်းရေး ဆွဲသွားတာနဲ့ ပတ်သက်ပြီး သူမရဲ့ခင်ပွန်းဖြစ်သူ ဦးဘရန်ဆိုင်းက MEDIA ကို အခုလိုပြောပြပါတယ်။
"၉ လပိုင်း ၁ ရက်နေ့  စနေနေ့ ည ၁၀ နာရီ ၄၅ မှာ ကျွန်တော်အပြင်ကို မီးသီးသွားဝယ်တုန်း အချိန်လေးမှာပဲ ကျွန်တော့်မိန်းမကို ကျွန်တော်အသွားအပြန် ၁၅ မိနစ်လောက်ပဲ ကြာတယ်။ အဲဒီအချိန်မှာ ၈၁ က တပ်သားအဆင့်ရှိ ချစ်အောင်ဆိုတဲ့ တစ်ယောက်ရယ်၊ အဖော်တစ်ယောက်ရယ် ကျွန်တော့်မိန်းမကို စုဆောင်းရေးဆွဲတယ် ဆိုပြီးတော့ ဆွဲသွားပါတယ်။ ကျွန်တော့်မိန်းမမှာ ကိုယ်ဝန်ကလည်း ၃ လ ပါသွားတယ်။ အဲဒီတော့ ကျွန်တော့်ကို (KIA) ဋ္ဌာနချုပ်က လူကြီးမင်းများအနေနဲ့ အမြန်ဆုံး လွှတ်ပေးဖို့နဲ့ ကျွန်တော်တို့ မိသားစုများအားလုံးကလည်း မိန်းမ ပြန်လာဖို့အတွက် ဆုတောင်ရင်းနဲ့ ကိုယ်ချင်းစာပြီး အမြန်ဆုံးလွှတ်ပေးဖို့ ကျွန်တော့်အနေနဲ့ အသနားခံပြီးတော့ တောင်းဆိုအပ်ပါတယ်"
ဒီလ ပထမပတ်အတွင်းက မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်အတွင်းမှာရှိတဲ့ နမ့်ချီမှော်ဒေသမှာ KIA တပ်ရင်း ၅ ကအမျိုးသား၊ အမျိုးသမီး (၅၀) ကျော်ကို စစ်သားအဖြစ် အဓမ္မ စုဆောင်းသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် အခုရက်ပိုင်းအတွင်းမှာ မိုးညှင်းမြို့ပေါ်က လုပ်ငန်းရှင်အချို့လည်း KIA ရဲ့ ဆက်ကြေးကောက်ခံမှုနဲ့ ရင်ဆိုင်နေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။


ဖားကန့်မြို့ပေါ်တွင် ဗုံးပေါက်ကွဲပြီး မှားယွင်းပစ်ခတ်မှုကြောင့် ကျောင်းဆင်းပြန်လာသော နဝမတန်းကျောင်းသူ တစ်ဦး သေဆုံး၊ မဂျာဆိုင်းအိန် (၁၄ နှစ်)သည် ပြည်တွင်းစစ်အတွင်း နောက်ဆုံးသေဆုံးခဲ့သော မြေစာပင်ဖြစ်မှာလား

ကချင်ပြည်နယ် ဖားကန့်မြို့ပေါ်တွင် ၂၀၁၂ ခုနှစ် စက်တင်ဘာ လ ၁၃ ရက်နေ့က ဗုံးပေါက်ကွဲပြီး မှားယွင်းပစ်ခတ်မှုကြောင့် ကျောင်းဆင်းပြန်လာသော န၀မတန်း ကျောင်းသူတစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါဖြစ်စဉ်သည် စက်တင်ဘာလ ၁၃ ရက်နေ့ ညနေ ၄ နာရီ ၀န်းကျင် ကျောင်းဆင်းချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မဂျာဆိုင်းအိန် သည် ၎င်းတက်ရောက်နေသည့် ဖားကန့်အထက်တန်းကျောင်းမှ နေထိုင်ရာ ဆွတ်ငိုင်ယန်သို့ ပြန်လာစဉ်လမ်း၌ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါ ပစ်ခတ်မှုများသည် တပ်မတော်မှ တပ်ဖွဲ့ဝင်အချင်းချင်း အကြား ဖြစ်ပွားသည့် မှားယွင်းပစ်ခတ်မှုသာ ဖြစ်ကြောင်းလည်း ဒေသခံများက ပြောကြားခဲ့သည်။
ကချင်ပြည်နယ်တွင်း တစ်ကျော့ပြန်စစ်ပွဲများသည် ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် စတင်ဖြစ်ပွား ခဲ့ပြီး တစ်နှစ်ကျော်ကြာမြင့်ခဲ့သည့် ပြည်တွင်းစစ်ကာလအတွင်း သေဆုံးခဲ့ရသော မြေစာပင်များတွင် အသက် ၁၄ နှစ်အရွယ်မျှသာ ရှိသေးသည့် မဂျာဆိုင်းအိန်လည်း ပါဝင်လာခဲ့ပါသည်။

ခိုးဝင်လာသူ ဘင်္ဂါလီလူမျိုး (၁၀) ဦးနှင့် လမ်းပြမြန်မာတစ်ဦး ဖမ်းမိ


စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ ခိုးဝင်လာတဲ့ ဘင်္ဂါလီလူမျိုး (၁၀)ယောက်ကို လမ်းပြအဖြစ် လိုက်ပါလာသူ မြန်မာတစ်ဦးနဲ့အတူ စက်တင်ဘာလ (၁၄) ရက်နေ့ ညက ဖမ်းမိတယ်လို့ သိရပါတယ်၊ မြို့နယ်ရဲစခန်းကို ဒေသခံတွေ သတင်းပေးလာတာကြောင့် ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်လို့ ကလေးမြို့နယ်မှူးက အခုလို ပြောပါတယ်။
မြို့နယ်ရဲစခန်းကို ဒေသခံတွေ သတင်းပေးလာတာကြောင့် ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်လို့ ကလေးမြို့နယ်မှူးက အခုလို ပြောပါတယ်။
“ဖြစ်တာကတော့ ကျွန်တော်တို့ ဒီ ကလေးမြို့ အပိုင်ပေါ့ဗျာ။ လေသာတောင်၊ ရေနံမှော်ဘက်မှာ မသင်္ကာစရာ လူတွေတွေ့တယ် ဆိုတဲ့အတွက်ကြောင့် ကျွန်တော်တို့ လဝကနဲ့ သွားပြီးတော့မှ ပူးပေါင်းပြီးတော့မှ စစ်ဆေးတာပေါ့ဗျာ။ ၁၀ ယောက်ပါဗျာ။ အခု အဲဒီမှာသူတို့ လမ်းပြတစ်ယောက် ကျွန်တော်တို့ အဲဒါကိုတော့ စစ်ဆေးတုန်းပါပဲ။ မြန်မာလူမျိုးတော့ ဟုတ်တယ်ဗျ”
ဒေသတွင်း အခြေစိုက် သတင်းဌာနတွေရဲ့ အဆိုအရ အဆိုပါ ဆယ်ကျော်သက်အရွယ် လူ (၁၀) ဦးကို လမ်းပြအဖြစ် ခေါ်ဆောင်လာသူဟာ မင်းကင်းမြို့နယ်၊ တောင်တွင်းကျေးရွာက ကိုစိန်ဝင်းဆိုသူ ဖြစ်တယ်လို့လည်း ဖော်ပြပါရှိပါတယ်။ MEDIA က ကလေးမြို့နယ် လဝကကို စုံစမ်းမေးမြန်းရာမှာတော့ တာဝန်ကျ အရာရှိတစ်ဦးက အခုလိုပြောပါတယ်။
“သူတို့ကို တရားရုံးတင်ဖို့ အခုစစ်ဆေးနေတုန်းပါခင်ဗျ။ ဘင်္ဂါလီလူမျိုးများ ဟုတ်ပါတယ်”
ကလေးရဲစခန်းက တာဝန်ကျ ရဲအရာရှိတစ်ဦးကလည်း အဖမ်းခံရသူတွေဟာ ဘင်္ဂါလီလူမျိုးများ ဖြစ်ကြောင်း၊ သူတို့အနေနဲ့က အဲဒီလူတွေကို ယာယီထိန်းသိမ်းထားပြီး တရားရုံးတင်တာကိုတော့ လဝကကပဲ တရားစွဲဆို ဆောင်ရွက်မှာပါလို့လည်း ပြောပါတယ်။

RNDP ပါတီနှင့် ပူးပေါင်းရေး ALD ပါတီကမ်းလှမ်း


ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) အနေနဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) နဲ့ ပူးပေါင်းနိုင်ရေးအတွက် စက်တင်ဘာလ ၁၅ ရက်နေ့ မနေ့က တရားဝင် စာရေးသား ကမ်းလှမ်းလိုက်ကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးကျော်အေးက MEDIA ကို ဒီကနေ့ အတည်ပြု ပြောကြားလိုက်ပါတယ်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) အနေနဲ့ အဲသည်လို ပါတီ ၂ ခု ပူးပေါင်းနိုင်ရေး ကမ်းလှမ်းတာနဲ့ ပတ်သက်ပြီး ဦးအေးကျော်က အခုလို ပြောပါတယ်။
"ပြည်သူတွေက ရခိုင်ပြည်မှာ နှစ်ပါတီ ဖြစ်တာကို မလိုလားဘူး ဆိုပြီးတော့ ပြောနေကြတဲ့အတွက် ကျွန်တော်တို့က တစ်ပါတီ ဖြစ်စေချင်တဲ့အတွက် ပေါင်းစည်းလိုတဲ့သဘောနဲ့ ကျွန်တော်တို့ ဒီလိုလုပ်ရခြင်း ဖြစ်ပါတယ်ခင်ဗျ"
ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီနဲ့ ပူးပေါင်းနိုင်ရေးအတွက် ကမ်းလှမ်းလိုက်တဲ့ အချက်တွေထဲမှာ အမျိုးသား ညီညွတ်ရေးအတွက် ရခိုင်ပါတီအသီးသီး၊ အင်အားစု အသီးသီးကို ပေါင်းစည်းလိုတဲ့ ဆန္ဒရှိတဲ့အတွက် နှစ်ဦးနှစ်ဖက် ဆွေးနွေးညှိနှိုင်း အတည်ပြုနိုင်ရေးကို အမြန်ဆောင်ရွက်ကြဖို့ တိုက်တွန်းထားတဲ့အချက်လည်း ပါဝင်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ရခိုင်ပြည်နယ်အတွင်းမှာ ရှိနေတဲ့ တခြား နိုင်ငံရေး ပါတီတွေနဲ့လည်း ပူးပေါင်းနိုင်ရေးကိစ္စတွေ ဆက်လက်ဆွေးနွေး ညှိနှိုင်းသွားမှာဖြစ်တယ်လို့လည်း ဦးအေးကျော်က ပြောပါတယ်။

LWIN PWIN
NLABR      
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment