သမိုင်းတကွေ့မှ ပန်းတနော်ဦးခန့်


ဦးခန့်သည် ၁၉၁၁ ခုနှစ်၊ ဧပြီလ (၉) ရက်၊ တနင်္ဂနွေနေ့တွင် ပန်းတနော်မြို့၌ အဖဦးဘိုးနှစ်၊ အမိ ဒေါ်နန်းသောင်တို့မှ ဖွားမြင်ခဲ့သည်။ ဒုတိ ယမြောက်သားဖြစ်သည်။ မွေးချင်းညီအကိုလေးယောက်အနက် အကိုအကြီးဆုံးမှာ အငြိမ်းစား ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်ဖြစ်သည်။ ဦးခန့်အောက်ညီငယ်များမှာ ဦးသောင်းနှင့် ဦးတင်မောင်တို့ဖြစ်သည်။ ဖခင်ဖြစ်သူမှာ အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့ ဟန်း တားကောလိပ်၌ ထိုခေတ် ဥပစာတန်းနှင့်ညီမျှ အက်ဖ်အေ (F.A) စာမေးပွဲအောင်မြင်သည်အထိ သင်ကြားခဲ့သူဖြစ်သည်။ ယင်းနောက် မိတ္ထီ လာအရေးပိုင်ရုံး၌ စာရေးကြီးအဖြစ် ဝင်ရောက်လုပ်ကိုင်နေစဉ်အတွင်း ဒေါ်နန်းသောင်နှင့်အကြောင်းပါခဲ့ခြင်း ဖြစ်သည်။
ဦးခန့်သည် ငယ်စဉ်ကပန်းတနော်မြို့ရှိ ဆရာဦးဘဟန်ကျောင်း၌ စတင်ပညာသင်ကြားခဲ့သည်။ ယင်းနောက် ဝိုင်အမ်ဘီအေအလယ်တန်း ကျောင်း၌ နှစ်တန်းမှ ငါးတန်းအထိ ပညာသင်ကြားခဲ့သည်။ ငါးတန်းအရောက်တွင် နေရှင်နယ်အမျိုးသားအထက်တန်းကျောင်းသို့ ပြောင်း ရွှေ့ပညာသင်ယူပြီး (၁၀) တန်းအောင်မြင်ခဲ့သည်။ ၁၉၂၈ တွင် ရန်ကုန်တက္ကသိုလ်တွင် ဆက်လက်ပညာသင်ကြားခဲ့သည်။
၁၉၃၀ ပြည့်နှစ်တွင် ဥပစာတန်းကို အောင်မြင်ပြီးနောက် ကြေးတိုင်မင်းကြီးဟောင်း မစ္စတာဖာနီဗယ် တည်ထောင်ထားသော ဗမာပြည်စာအုပ် အသင်းလီမိတက် (Burma Book Club) စာအုပ်တိုက်တွင် လေးနှစ်ခန့် ၁၉၃၁ ခုနှစ်၊ ဒီဇင်ဘာလမှ ၁၉၃၅ ခုနှစ်၊ စက်တင်ဘာလအထိ အင်္ဂ လိပ်-မြန်မာနှစ်ဘာသာဖြင့်ထုတ်ဝေသော ဂန္ဓလောကမဂ္ဂဇင်း (The World Of The Books) အယ်ဒီတာအဖြစ်လုပ်ကိုင်ခဲ့သည်။ ဂန္ဓ လော ကမဂ္ဂဇင်းသည် ကျဉ်းမြောင်းသော တက္ကသိုလ်ပညာတတ်အဝန်းအဝိုင်းတွင်းမှာ လှည့်လည်ကျက်စားနေသောမဂ္ဂဇင်းဖြစ်သည်။ တို့ဗမာ အစည်းအရုံးကိုစတင်တည်ထောင်သော သခင်ဘသောင်းသည် ပထမဆုံးဂန္ဓလောက၏ မြန်မာပိုင်းအယ်ဒီတာဖြစ်ခဲ့လေသည်။ သခင်ဘ သောင်းထွက်သွားပြီးနောက် ဆက်ခံဆောင်ရွက်သောအယ်ဒီတာမှာ ဦးခန့်ဖြစ်သည်။
ထို့နောက် စာဆိုတော်မဂ္ဂဇင်း (The Literary World) ကို ၁၉၃၅၊ နိုဝင်ဘာလတွင် ဦးစီးထုတ်ဝေခဲ့ရာ ပထမနှစ်လတွင် စာရေးဆရာဦးသိန်း ဖေမြင့်က အယ်ဒီတာချုပ်အဖြစ်လုပ်ကိုင်ခဲ့၍ ကျန်လများတွင် ဦးခန့်ကိုယ်တိုင် အယ်ဒီတာချုပ်လုပ်ခဲ့သည်။ စာဆိုတော်မဂ္ဂဇင်းကို တနှစ်ခန့် ထုတ်ဝေပြီး ငွေကြေးမလည်ပတ်သောကြောင့် ရပ်ဆိုင်းလိုက်ရသည်။ ထို့နောက် မြန်မာပြည်စာအုပ်တိုက်ကို တည်ထောင်ခဲ့သည်။ ဦးခန့် သည် ၁၉၃၂၊ ဒီဇင်ဘာလတွင် ဒေါ်စောရင်နှင့် အိပ်ထောင်ပြုခဲ့သည်။
၁၉၃၂ တွင် ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်များအစည်းအရုံး (ဗ.လ.စ) ၏ အမှုဆောင်အဖွဲ့တွင် အကျိုးဆောင်အဖြစ် ရွေးချယ်ခံခဲ့ရသည်။ အဖွဲ့၏ အကျိုးဆောင်အဖြစ် (၄) နှစ်လုပ်ကိုင်ခဲ့ပြီးနောက် ဥက္ကဌအဖြစ်တာဝန်ယူခဲ့သည်။ မြန်မာနိုငံလုံးဆိုင်ရာ လူငယ်များအသင်းသည် ဇာတိမာန်တက်ကြွစေရေး၊ တိုင်းရင်းဖြစ်အဝတ်အထည်များကိုသာ ဝတ်ဆင်ရေးတို့ကို ဟောပြောစည်းရုံးခဲ့သော အသင်းကြီးဖြစ်သည်။
ဦးခန့်သည် မြန်မာနိုင်ငံ၏ ပထမဆုံးသော အခမဲ့စာကြည့်ပိဋကတ်တိုက်ဖြစ်သော ဘားနဒ်အခမဲ့ ပိဋကတ်တိုက် (နောင်အမျိုးသားစာကြည့် တိုက်) တွင် တိုက်အုပ်အဖြစ် ငါးနှစ်ခွဲခန့်လုပ်ကိုင်ခဲ့သည်။ ဦးခန့်၏စာကြည့်တိုက်ရုံးခန်းတွင် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုကာလအတွင်း သခင်ခေါင်းဆောင်များ၏ဆွေးနွေးပွဲများ ကို မကြာခဏ တာဝန်ခံလုပ်ကိုင်ပေးခဲ့သည်။ ထို့နောက် ဦးခန့်အား သခင်ဗစိန်၊ သခင်ထွန်းအုပ်ဂိုဏ်း တို့ဗမာအစည်းအရုံး၏ သူပုန်အဖွဲ့တွင် ခေါင်းဆောင်အဖြစ် တာဝန်ပေးအပ်ခြင်းခံခဲ့ရသည်။
၁၉၄၂ ခုနှစ် ဘီအိုင်အေ (B.I.A)ခေါ် ဗမာ့လွတ်လပ်ရေးတပ်မတော်သို့ ဝင်ရောက်၍ ဗိုလ်ကြီးအဆင့်ဖြင့် မြစ်ဝကျွန်းပေါ်ဒေသတွင် တာဝန် ပေးအပ်ခြင်းခံခဲ့ရသည်။
ထို့ပြင် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်ထွန်းအုပ်တို့၏ တာဝန်ပေးအပ်ချက်အရ မအူပင်ခရိုင်နှင့် မြောင်းမြခရိုင်၌ အုပ်ချုပ်ရေးအထူးအရာရှိအဖြစ် နှစ်လခန့် သွားရောက်ဆောင်ရွက်ပေးခဲ့ရသည်။
ဦးခန့်သည် ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၆ ဧပြီလတွင် သခင်ဗစိန်၊ ၎င်း၏မိသားစုနှင့် သခင်လှထွန်းတို့အား ဗြိတိသျှစစ်တပ်ကအရေးမယူဘဲ စင်္ကာပူမှ မြန်မာနိုင်ငံသို့ ကောင်းမွန်စွာ ပြန်လည်ပို့ဆောင်ပေးရန် ကူညီဆောင်ရွက်ပေးခဲ့သည်။ သခင်ထွန်းအုပ်ကိုလည်း ထိုင်းနိုင်ငံမှ မြန် မာနိုင်ငံသို့ ဘေးမသီရန်မခဘဲ ပြန်လည်ရောက်ရှိအောင် ဆောင်ရွက်ပေးခဲ့သည်။
ဦးခန့်သည် ၁၉၄၆ ခုနှစ် စစ်အုပ်ချုပ်ရေးကာလအတွင်း လန်ဒန်မြို့ရှိမြန်မာနိုင်ငံဆိုင်ရာ အတွင်းဝန်မှတ ဆင့် “၁၉၄၆ ခုနှစ် မြန်မာနိုင်ငံအခြေအ နေ” ဟူသော စာမျက်နှာ (၈၀) ခန့်ရှိသည့်စာတမ်းကို တင်သွင်းခဲ့သည်။ အဆိုပါစာတမ်းသည် အုပ်စိုးသူနယ်ချဲ့ဗြိတိသျှအစိုးရအား အရပ် သားတဦးက ရဲရဲဝံ့ဝံ့တင်ပြခဲ့သော စာတမ်းဖြစ်သည်။
၁၉၅၁ ဇွန်လ ၁၂ ရက်နေ့တွင်ကျင်းပခဲ့သော ပထမဆုံးပါလီမန်ရွေးကောက်ပွဲနှင့် ၁၉၅၆ ဧပြီ ၂၇ ရက်တွင်ကျင်းပခဲ့သော ဒုတိယအကြိမ် ပါလီမန်ရွေးကောက်ပွဲတွင် ပန်းတနော်မဲဌာနမှ ဖဆပလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရရှိခဲ့သည်။
တော်လှန်ရေးကောင်စီခေတ် (၁၉၆၂ – ၁၉၇၃) ဦးခန့်သည် စာပေဗိမာန်၌ အထူးအရာရှိအဖြစ်လည်းကောင်း၊ အင်းဝစာအုပ်တိုက်၌ အထူး အရာရှိအဖြစ်လည်းကောင်း ထမ်းရွက်ခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံကမ္ဘာ့ရေးရာအသင်းတွင် အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ တဂိုးအသင်းတွင် ဥက္ကဌအဖြစ်လည်းကောင်း၊ ရွှေဂုံတိုင် ခြောက်ထပ်ကြီးဘုရား တည်ဆောက်ရေးဂေါပကအဖွဲ့ ငွေထိန်းလူကြီးအ ဖြစ်လည်းကောင်း၊ ဗဟန်းမြို့နယ်ရှိ တိုင်တစ်ရာကျောင်းတိုက်တွင် ကျင်းပခဲ့သောအမျိုးသားနေ့ကျင်းပရေးကော်မတီ၌ ဒုတိယဥက္ကဌအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။
ဦးခန့်သည် ရွှေတိဂုံစေတီတော် အနောက်တောင်ထောင့် (စနေထောင့်) ရှိ ဗောဓိပင်၏အရှေ့ဘက်တွင် စိုက်ထူထားသော ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၃ ရက်နေ့ (၁၂၈၂ ခု၊ တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်) သောကြာနေ့တွင် ကောလိပ်ကျောင်းသားကြီး (၁၁) ဦး သစ္စာအဓိ ဌာန်ပြုသည့်နေရာတွင် အထိမ်းအမှတ်မော်ကွန်းကျောက်တိုင်ကြီးကို ၁၉၇၂ ခု နိုဝင်ဘာလ ၂၈ ရက်၊ အင်္ဂါနေ့၌စိုက်ထူရာတွင် ဦးစီးဦးဆောင် အဖြစ် ပါဝင်ခဲ့သည်။ အဆိုပါကျောက်တိုင်ကြီး၌ မြန်မာ၊ အင်္ဂလိပ်၊ တရုတ်၊ ရုရှားဘာသာဖြင့် မော်ကွန်းစာတမ်းကို ရေးထိုးထားသည်။ ထို့ပြင် ပန်းတနော်မြို့နယ်အသင်း (ရန်ကုန်) ၏ နာယကကြီးနှင့် ရာသက်ပန်အသင်းဝင်အဖြစ် ကွယ်လွန်ချိန်အထိဆောင်ရွက်ခဲ့သည်။
ဦးခန့်သည် လစဉ်ထုတ်စာနယ်ဇင်းများ၌ အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် ဆောင်းပါးပေါင်း ၁၀၀ ခန့် ရေးသားခဲ့သည်။ ဝန်ကြီးချုပ်ဦးနု ရေးသားခဲ့သော “ငါးနှစ်ရာသီဗမာပြည်” စာအုပ်ကို မစ္စတာဖာနီဗယ်နှင့် ပူးတွဲ ၍ (Burma Under The Japan) အမည်ဖြင့် အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုပေးခဲ့သည်။ အဆိုပါစာအုပ်ကို ဗြိတိန်နိုင်ငံ မက်မီလန်စာအုပ်တိုက်မှ ၁၉၅၄ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။
၁၉၈၀ ပြည့်နှစ်တွင် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်ကောင်စီက ဦးသန့်အား နိုင်ငံတော်အကျိုးကို ဦးစီးဆောင် ရွက်ခဲ့သည့်အတွက် နိုင်ငံ့ဂုဏ်ရည်ဘွဲ့ (ပထမဆင့်) ချီးမြှင့်အပ်နှင်းခဲ့သည်။
ထို့နောက် ဦးခန့်သည် ၁၉၈၇ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက် စနေနေ့တွင် ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်း အမှတ် ၂၀၀ ၌ ကွယ်လွန်ခဲ့လေသည်။ ဇနီးဖြစ်သူ ဒေါ်စောရင်သည် ၁၉၈၅ ခုနှစ်ကပင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန် ချိန်၌ သားလေးယောက်နှင့် သမီးတစ်ယောက် ကျန်ရစ်ခဲ့သည်။

LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment