မြန်မာ သတင်းများ  စက်တင်ဘာ   ၁၆၊ ၂၀၁၂

ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ခရီးစဉ် စတင်


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ အမြင့်ဆုံးဆုတံဆိပ်ဖြစ်တဲ့ ကွန်ဂရက်ရဲ့ ရွှေတံဆိပ်ဆုကို လက်ခံရယူဖို့အတွက် ဒီကနေ့ ည (၇) နာရီ မိနစ် (၄၀) မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ထွက်ခွာသွားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၁၆) ရက်ကြာ အမေရိကန် ပြည်ထောင်စုခရီးစဉ်အတွင်း နာမည်ကျော်တက္ကသိုလ်တွေကို သွားရောက် လေ့လာဖို့ရှိတဲ့အပြင် မြန်မာမိသားစု အသိုင်းအဝိုင်းတွေနဲ့လည်း တွေ့ဆုံဖို့ရှိကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက RFA ကိုပြောပါတယ်။
"မနက်ဖြန် ဝါရှင်တန် ဒီစီရောက်မယ်။ ကွန်ဂရက် လွှတ်တော်ရဲ့ ရွှေတံဆိပ်ဆုယူမယ်။ နောက်တခြားဆုတွေလည်း ယူမယ်။ Yale တက္ကသိုလ်သွားမယ်။ Harvard တက္ကသိုလ်သွားမယ်။ ဒေါ်အောင်ဆန်းစုကြည်က Miss Clinton တို့၊ President Obama တို့နဲ့တွေ့မယ်လို့တော့ ကျွန်တော်တို့ ယူဆတယ်"
ဒီခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ သူမရဲ့ ကိုယ်ရေးအရာရှိ ဒေါက်တာတင်မာအောင်၊ ရုံးအဖွဲ့မှူး ကိုဇော်မင်းဦးနဲ့ နေပြည်တော် ပုဗ္ဗ္ဗသီရိမြို့ နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇေယျာသော်တို့ လိုက်ပါသွားကြပါတယ်။
ဒီကနေ့မှာပဲ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းအပါအဝင် လွှတ်တော်ရေးရာ ကော်မတီဥက္ကဋ္ဌတွေဟာ သြစတေးလျနိုင်ငံနဲ့ စင်ကာပူနိုင်ငံတို့ကို လေ့လာဖို့အတွက် ၉ ရက်ကြာ ခရီးကို စတင်ထွက်ခွာသွားပါတယ်။


ဒေါ်အောင်ဆန်းစုကြည် အမေရိကန် သွားရောက်

 

NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်နိုင်ငံသို့ ယမန်နေ့ ညနေပိုင်းက စတင် ထွက်ခွာသွားသည်။ ၎င်းသည် အမေရိကန် ကွန်ဂရက်က ပေးအပ်မည့် အမြင့်ဆုံး နိုင်ငံသား ရွှေတံဆိပ်ဆုကို လက်ခံရယူရန်အတွက် သွားရောက်ခြင်း ဖြစ်ကြောင်း၊ ယင်းဆုကို ၂၀၀၈ ခုနှစ် က ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျနေစဉ် ပေးအပ်ခဲ့ခြင်း ဖြစ်ပြီး စက်တင်ဘာ ၁၉ ရက်တွင် ဆုချီးမြှင့်ရန် စီစဉ်ထားကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ လွှတ်တော်မှာကျင်းပ

၂၀၁၂ ခုနှစ်ရဲ့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ကို နေပြည်တော် ပြည်ထောင်စု လွှတ်တော် ခမ်းမမှာ ဒီကနေ့ ပြုလုပ်ပါတယ်။


ဦးခွန်ထွန်းဦး ကုလသမဂ္ဂ ညီလာခံတက်မည်

 

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ခေါင်းဆောင် ဦးခွန်ထွန်းဦးကို အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် လာမည့် သီတင်းပတ်အတွင်း ကျင်းပမည်ဖြစ်သော ၆၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံတက်ရောက်မည့် သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ရွေးချယ်လိုက် ကြောင်း သတင်းရသည်။ ယင်း အစီအစဉ်ကို သမ္မတ အကြံပေးအဖွဲ့က ကမ်းလှမ်းခဲ့ခြင်း ဖြစ်ပြီး ဦးခွန်ထွန်းဦးက လက်ခံခဲ့ကြောင်း၊ ဦးခွန်ထွန်းဦး စက်တင်ဘာ ၁၄ ရက် အမေရိကန်သို့ ထွက်ခွာ သွားပြီ ဖြစ်ကြောင်း RFA ရေဒီယို သတင်း၌ ပါရှိသည်။

နှစ် ၄၀ ကျော်အတွင်း ပထမဆုံ အမျိုးသမီး သံအမတ် ခန့်အပ်


နိုင်ငံခြားရေး ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် တာဝန်ရှိ ဒေါ်ယဉ်ယဉ်မြင့် ဆိုသူ အမျိုးသမီးကို ဘရူနိုင်း ဒါရုဆလမ် နိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် သမ္မတ ဦးသိန်းစိန်က ခန့်အပ်လိုက်ကြောင်း ယမန်နေ့က အစိုးရ သတင်းစာများတွင် ဖော်ပြသည်။ ဒေါ်ယဉ် ယဉ်မြင့် သည် နိုင်ငံခြားရေး ဝန်ကြီးဌာန လေ့ကျင့်ရေး၊ သုတေသနနှင့် နိုင်ငံခြားဘာသာ ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဖြစ်ပြီး အိန္ဒိယ နိုင်ငံဆိုင်ရာ မြန်မာသံအမတ် အဖြစ် ခန့်အပ်ခံရသော ဒေါ်အောင်ဆန်းစုကြည်၏ မိခင် ဒေါ်ခင်ကြည်ပြီးလျှင် နှစ်ပေါင်း ၄၀ ကျော်အတွင်း ပထမဆုံး အမျိုးသမီး သံအမတ် အဖြစ် ခန့်အပ်ခံရခြင်း ဖြစ်သည်။ ဒေါ်ခင်ကြည် ၁၉၆၀ မှ ၁၉၆၇ ခုနှစ်အထိ တာဝန် ထမ်းဆောင်ခဲ့ကြောင်း သိရသည်။

တိုင်းရင်းသား ညီလာခံ ငြိမ်းချမ်းရေး လမ်းပြမြေပုံ ၆ ချက် သဘောတူ


တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ(UNFC) အပါအ၀င် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ၃ ရက်ကြာ ကျင်းပသော တိုင်းရင်းသား ညီလာခံမှ ငြိမ်းချမ်း ရေး စီမံချက်နှင့် လမ်းပြမြေပုံ ၆ ချက်ကို သဘောတူ ဆုံးဖြတ်ကြောင်း သတင်းရသည်။ အစိုးရ ထိုးစစ်ဆင်မှု ရပ်တန့်ရေး၊ နှစ် ဘက် တပ်များ လိုက်နာရမည့် ကျင့်ဝတ် စည်းကမ်းများ၊ အပစ်အခတ်ရပ်စဲရေး ကာလ၌ လူထု လုံခြုံရေး အာမခံချက်များ၊ ငြိမ်းချမ်း ရေး လုပ်ငန်းစဉ်တွင် နိုင်ငံ တကာ လေ့လာရေး အဖွဲ့များ ပါဝင်ခွင့်ပြုရန် စသည့်အချက်များ ပါဝင်ကြောင်း သိရသည်။ စက်တင် ဘာ ၁၄ ရက်မှ ၁၆ ရက်အထိ ကျင်းပသော ယင်းညီလာခံကို ကရင်၊ ကချင်၊ ရှမ်း၊ မွန်၊ ကရင်နီ၊ ရခိုင် စသော တိုင်းရင်းသား ကိုယ်စားလှယ် ၁၅၀ ခန့် တက်ရောက် ဆွေးနွေးကြသည်ဟု ဆိုသည်။

မြန်မာလေ့လာရေးအဖွဲ့ ချင်းမိုင်ရောက်ရှိ

မြန်မာနိုင်ငံက ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ၅ ဦး အပါအ၀င် နိုင်ငံရေးပါတီ ခေါင်းဆောင်တွေနဲ့ လူထုအခြေပြု အဖွဲ့အစည်းက အဖွဲ့ဝင် ၁၇ ဦးဟာ ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်မှာ Local Government Development Training တက်ရောက်ဖို့ စက်တင်ဘာလ ၁၆ ရက်နေ့ ညနေမှာ ရန်ကုန်ကနေ ချင်းမိုင်မြို့ကို ရောက်ရှိသွားပါတယ်။

မြန်မာနိုင်ငံ တောင်သူလယ်သမားများအသင်း (ယာယီ) ဖွဲ့စည်း

မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များ အသင်းရဲ့ ဦးဆောင်မှုနဲ့ မြန်မာနိုင်ငံ တောင်သူလယ်သမားများအသင်း (ယာယီ)ကို ဖွဲ့စည်းတဲ့ အခမ်းအနား တစ်ရပ်ကို ရန်ကုန်မြို့ လမ်းမတော်မြို့နယ်ရှိ ပန်ဒါဟိုတယ်မှာ မနေ့က ကျင်းပခဲ့ပါတယ်။

၂၁ ရာစု မြန်မာနိုင်ငံရဲ့ အမျိုးသားရေး လက္ခဏာနဲ့ နိုင်ငံသားရေးဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

Myanmar Peace Center က ကြီးမှူးကျင်းပတဲ့ ၂၁ ရာစု မြန်မာနိုင်ငံရဲ့ အမျိုးသားရေး လက္ခဏာနဲ့ နိုင်ငံသားရေးဆိုင်ရာ နှစ်ရက်ကြာ ဆွေးနွေးပွဲတစ်ရပ်ကို ရန်ကုန်မြို့ တာမွေမြို့နယ်မှာရှိတဲ့ ချက်ထရီယံဟိုတယ်မှာ မနေ့က စတင်ကျင်းပခဲ့ပါတယ်။

သာပေါင်းမြို့နယ် ရေဘေးထပ်မံကြုံတွေ့

မကြာသေးခင်က ရေနစ်မြုပ်မှု ဆိုးဆိုးရွားရွား ဖြစ်ပွားခဲ့တဲ့ ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်မှာ အခုရက်အတွင်း ဒုတိယမြောက် ရေဘေးနဲ့ ထပ်မံကြုံတွေ့နေရတာကြောင့် စားနပ်ရိက္ခာပြတ်လပ်မှု အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။




ထိုင်းနိုင်ငံအခြေစိုက် ဆွီဒင်နိုင်ငံသား နာမည်ကျော် သတင်းစာ ဆရာဘာတေးလစ်တနာသည် မြန်မာ နိုင်ငံပြည်ဝင်ခွင့်အတွက် ခက်ခဲမှုများ ရှိနေကြောင်း Eleven Media Group သို့ ပြောကြားခဲ့ပါသည်။ ဘာတေးလစ်တနာမှာ ၁၉၈၅ခုနှစ် အချိန်ကပင် မြန်မာနိုင်ငံသို့ လာရောက်ခွင့် ပိတ်ပင်ခံခဲ့ရသူ တစ်ဦးဖြစ်ပြီး မကြာသေးမီအချိန်က အစိုးရမှ ပယ်ဖျက်ပေးလိုက်သော အမည်ပျက်စာရင်းဝင် သတင်းစာဆရာ တစ်ဦးလည်း ဖြစ်ပါသည်။
“မြန်မာနိုင်ငံကို လာရောက်နိုင်ဖို့ ကျွန်တော် အကြိမ်ကြိမ် ကြိုးစားခဲ့ဖူးပါတယ်။ အကြိမ်ကြိမ် ပယ်ချခံရတာချည်းပါပဲ။ ဒါပေမဲ့ အစိုးရအဖွဲ့ က ကျွန်တော့်နာမည်ကို သူတို့သတ်မှတ်ထားတဲ့ အမည်ပျက်စာရင်းကနေ ပယ်ဖျက်ပေးပြီးတဲ့နောက် ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးကတစ်ဆင့် ပြည်ဝင်ခွင့်အတွက် ထပ်ပြီး လျှောက်လွှာတင်ခဲ့ပါတယ်။ မြန်မာသံရုံးမှာ ကျွန်တော့်လျှောက်လွှာကို လက်မှတ်ထိုးပေးမယ့်သူ အခုချိန် အထိ ပေါ်မလာသေးပါဘူး။ မြန်မာနိုင်ငံကို ပြည်ဝင်ခွင့်ရဖို့ ဆက်ပြီး ကြိုးစားနေရတုန်းပါပဲ”ဟု ဘာတေးလစ်တနာက  ပြောပါသည်။
မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး ဘာတေးလစ်တနာ ရေးသားခဲ့သော စာအုပ်အချို့မွှာThe Rise and Fall of the Communist Party of Burma (CPB) စာအုပ်၊ Outrage: Burma's Struggle for Democracy စာအုပ်၊ The Kachin: Lords of Burma's Northern Frontier စာအုပ်၊ Land of Jade: A Journey from India through Northern Burma to China   စာအုပ်၊ Merchants of Madness: The Methamphetamine Explosion in the Golden Triangle စာအုပ်တို့ ဖြစ်ကြပါသည်။
လက်ရှိအချိန်တွင် Wall Street Journal နှင့် Asia Times အစရှိသည်တို့တွင် ဆောင်းပါးများ ရေးသားလျက်ရှိနေပါသည်။ နောက်ဆုံး ထွက်ရှိထားသော စာအုပ်မှာ Great Game East - India, China and the struggle for Asia's most volatile frontier စာအုပ်ဖြစ်ပါသည်။


LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung


0 comments:

Post a Comment