မြန်မာ့ စီးပွားရေး သတင်းများ  စက်တင်ဘာ   ၂၀၊ ၂၀၁၂

 


ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့ပြတည်ဆောက်ရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် အမေရိကန်၊ ကိုရီးယား၊ ဂျပန်၊ တရုတ်စသော ပြည်ပနိုင်ငံများမှ လာရောက်ရင်းနှီးလုပ်ကိုင်ရန် လေ့လာမှုများရှိနေကြောင်း ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ သိရှိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စီးပွားရေးလုပ်ငန်းများတွင် ပြည်ပနိုင်ငံများမှ ၀င်ရောက်ရင်းနှီး လုပ်ကိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ လာရောက် လေ့လာဆွေးနွေးမှုမှာ တစ်ရက်လျှင် အဖွဲ့ပေါင်း ဆယ်ဂဏန်းနှင့်အထက် ရှိနေသည်။
''နိုင်ငံစုံ အဖွဲ့ပေါင်းစုံကတော့ ဒီမှာ စီးပွားရေးလုပ်ချင်လို့ လာပြီး လေ့လာကြတယ်။ အဲဒီထဲကမှ မြို့ပြတည်ဆောက်ရေးနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေကို အမေရိကန်၊ ကိုရီးယား၊ ဂျပန်၊ တရုတ် စတဲ့နိုင်ငံတွေက ၀င်လုပ်ချင်ကြတယ်။ ဒါပေမဲ့ လာပြီး ပြောကြဆွေးနွေးကြတာပဲ ရှိသေးတယ်။ ပြတ်ပြတ်သားသား ခွင့်ပြုပေးတာမျိုး မရှိသေးဘူး။ နောက်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၀င်လာရင် တိုင်းရင်းသားလုပ်ငန်းရှင်တွေ ဘယ်လိုတွေဖြစ်ကုန်မလဲ ဆိုတာပါ ထည့်စဉ်းစားရတယ်''ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။
ယင်းကဲသို့ ဆောက်လုပ်ရေး လုပ်ငန်းများ ပြည်ပနိုင်ငံရင်းနှီးမြှုပ် နှံမှုများ ၀င်ရောက်လာပါက ယခုထက် နည်းပညာပိုင်းအရ၊ အရည်အသွေးပိုင်းအရကောင်းမွန်သည့် အဆောက်အအုံများ ပေါ်ထွက်လာမည့်အပြင် ပြည်တွင်းရှိဆောက်လုပ် ရေးလုပ်သားများအတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းများစွာ ရရှိနိုင်မည်ဟု သုံးသပ်ကြသည်။
ယခုလတ်တလောတွင် ရန်ကုန်တိုင်းဒေသကြီး၏ ဆောက်လုပ်ရေး လုပ်ငန်းအတွင်း ကိုရီးယားနိုင်ငံရှိ ဟန်ရှင်းဆောက်လုပ်ရေးကုမ္ပဏီနှင့် ဂျပန်နိုင်ငံရှိ ISAMI Holidings Co.Ltd တို့က ပြည်တွင်းရှိ Father Land ဆောက်လုပ်ရေးကုမ္ပဏီနှင့် အထပ်မြင့် အဆောက်အအုံများ ပူးပေါင်းဆောက်လုပ်ရန် စီစဉ်နေမှု များရှိနေကြောင်း Father Land ကုမ္ပဏီမှ သိရှိရသည်။
''တကယ်လည်း ရန်ကုန်မြို့မှာ အိမ်ရာတွေ လိုအပ်နေပါတယ်။ ဒါပေမဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီး ကန့်သက်ချက်တချို့ ရှိနေတဲ့အတွက် စောင့်ကြည့်နေပါတယ်''ဟု SAMI Holidings Co.Ltd မှ CEO ဖြစ်သူ Mr.Johnny Kamijo Shiro က ပြောကြားခဲ့သည်။


ဥရောပသမဂ္ဂသို့ မြန်မာ့ကုန်ပစ္စည်းများ တင်ပို့ရောင်းချရာတွင် အခွန်နှင့်ကန့်သတ်မှု ကင်းလွတ်ခွင့် ပြန်လည်ရရှိ

ဥရောပသမဂ္ဂသို့ မြန်မာ့ကုန်ပစ္စည်းများ တင်ပို့ရောင်းချရာတွင် အခွန်ကင်းလွတ်ခွင့်နှင့် ကန့်သတ်မှုကင်းလွတ်ခွင့်များ ပြန်လည်ရရှိတော့မည်ဖြစ်ကြောင်း စက်တင်ဘာလ ၁၇ ရက်၊ ပြီးခဲ့သည့် တနင်္လာနေ့က ဥရောပသမဂ္ဂ၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။
၎င်းထုတ်ပြန်ကြေညာချက်အရ မြန်မာနိုင်ငံသည် ဥရောပသမဂ္ဂသို့ လက်နက်ခဲယမ်းမီးကျောက်မှလွဲ၍ ကျန်ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များအတွက် အခွန်ကင်းလွတ်ခွင့်နှင့် ကန့်သတ်မှု ကင်းလွတ်ခွင့်များ ရရှိမည်ဖြစ်သည်။
မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ လူမှုရေးနှင့် အလုပ်သမားဆိုင်ရာ နယ်ပယ်များအတွင်း လတ်တလောဆောင်ရွက်ခဲ့သည့် ပြုပြင်ပြောင်းလဲမှုများကို နိုင်ငံတကာမှ အသိအမှတ်ပြုလာခဲ့ခြင်းကြောင့် ဥရောပသမဂ္ဂ၏ အထွေထွေအခွန်ကင်းလွတ်ခွင့် အစီအစဉ် (Generalised System Preferences - GSP) အရ မြန်မာ့ကုန်ပစ္စည်းများအား အခွန်ကင်းလွတ်ခွင့် ပြန်လည်ပေးအပ်လိုက်ခြင်းဖြစ်ကြောင်း ၎င်းတို့၏ ကြေညာချက်တွင် ဖော်ပြခဲ့သည်။
GSP အစီအစဉ်ဆိုသည်မှာ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကုန်ပစ္စည်းများ ဥရောပသမဂ္ဂနိုင်ငံများ၏ ဈေးကွက်တွင် လာရောက်ရောင်းချလျှင် အခွန်ကင်းလွတ်ခွင့်ပေးခြင်းဖြင့် အဆိုပါနိုင်ငံများ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် ကူညီဆောင်ရွက်ပေးသည့် အစီအစဉ်ဖြစ်သည်။
မြန်မာနိုင်ငံကို ကုလသမဂ္ဂမှ ဖွံ့ဖြိုးမှုအနည်းဆုံးစာရင်းတွင် ထည့်သွင်းထားသဖြင့် မြန်မာနိုင်ငံအနေနှင့် GSP အစီအစဉ်၏ အကျိုးကျေးဇူးကို ခံစားခွင့်ရှိမည်ဖြစ်သည်။
ဥရောပ ကုန်သွယ်ရေးကော်မရှင်နာဖြစ်သူ Karel De Gucht က ''ဥရောပသမဂ္ဂက ပေးအပ်တဲ့ အခွန်ကင်းလွတ်ခွင့်က မြန်မာနိုင်ငံလို ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်နေတဲ့နိုင်ငံကို ကမ္ဘာ့အကြီးဆုံး ဈေးကွက်ထဲ ၀င်ရောက်နိုင်ဖို့ ဦးစားပေး ဆောင်ရွက်ပေးလိုက်တာ ဖြစ်ပါတယ်။ ဒါက ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံမှာ တိုးတက်ပြောင်းလဲမှုတွေ ဖြစ်ပေါ်စေဖို့ မြန်မာနိုင်ငံနဲ့ ချိတ်ဆက်ဆောင်ရွက်သွားမယ်လို့ ဆိုလိုတာပါပဲ''ဟု ပြောကြားသွားခဲ့သည်။
မြန်မာနိုင်ငံကို ၁၉၉၇ ခုနှစ်တွင် အဓမ္မဖိအားပေး ခိုင်းစေမှုများဆိုင်ရာ ကွန်ဗင်းရှင်းများ ဖောက်ဖျက်မှုကြောင့် GSP အစီအစဉ်မှ ခံစားခွင့်ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။
၂၀၁၁ ခုနှစ်တွင် မြန်မာနိုင်ငံမှ အီးယူသို့ ကုန်ပစ္စည်းတင်ပို့မှုမှာ ယူရို ၁၆၉ သန်း တန်ဖိုးရှိခဲ့သည်။ ၎င်းပမာဏသည် မြန်မာမှ ကမ္ဘာအရပ်ရပ်သို့ တင်ပို့မှု စုစုပေါင်း၏ သုံးရာခိုင်နှုန်းဖြစ်ပြီး အီးယူ၏ စုစုပေါင်းတင်သွင်းမှု၏ ၀ ဒသမ ၀၁ ရာ ခိုင်နှုန်းဖြစ်သည်။ မြန်မာနိုင်ငံမှ အကန့်အသတ်ဖြင့် တင်ပို့မှု၏ အများစုမှာ အ၀တ်အထည်များဖြစ်သည်ဟု သိရှိရသည်။
လက်ရှိ GSP အစီအစဉ်မှာ ၂၀၁၃ ခုနှစ်အကုန်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ဥရောပသမဂ္ဂနှင့် ကောင်စီက လက်ရှိ GSP အစီအစဉ်ကို ပြုပြင်ရန် ပြီးခဲ့သည့်ဇွန်လက သဘောတူညီမှု ရရှိခဲ့ပြီဖြစ်သည်။ GSP အစီအစဉ်သစ်မှာ ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလတွင် စတင် အသက်ဝင်မည်ဖြစ်ပြီး ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအတွက် ပို့ကုန်ဆိုင်ရာ အခွင့်အရေးများ ပိုမိုရရှိလာမည်ဟု ဆိုထားသည်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း ၎င်း၏ အမေရိကန်ခရီးစဉ်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် တွေ့ဆုံအပြီးတွင် မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုများ အဆုံးသတ်ရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

အနောက်ဈေးကွက် ပြန်ဖွင့်မည်ကို ပို့ကုန်လုပ်ငန်းရှင်များ ကြိုဆို


မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စီးပွားရေးပိတ်ဆို့မှုများကို ဖြေလျှော့ရန် ပြောဆိုလိုက်သည်နှင့် တပြိုင်  တည်းမှာပင် ဥရောပသမဂ္ဂ(EU)၏ မြန်မာ့ပို့ကုန်များအပေါ် အခွန်ကင်းလွတ်ခွင့်နှင့် ကန့်သတ်မှု ကင်းလွတ်ခွင့်များကို ပယ်ဖျက် လိုက်ရာ ပြည်တွင်း ပို့ကုန်လုပ်ငန်းရှင်များက ကြိုဆို လိုက်ကြသည်။
မြန်မာကုန်များ တင်ပို့ခွင့်ကို အမေရိကန်အစိုးရက ခွင့်ပြုရန် အလားအလာရှိနေချိန်တွင် EUကလည်း မြန်မာနိုင်ငံတွင် ဖြစ်ပေါ် နေ သည့် အပြောင်းအလဲများကို အသိအမှတ်ပြုသည့်အနေဖြင့် စစ်လက်နက် ပစ္စည်းများမှ လွဲ၍ ကင်းလွတ်ခွင့်များပေးခြင်းဖြစ်သည် ဟု အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။
အမေရိကန်က စီးပွားရေးပိတ်ဆို့မှုကို နိုင်ငံရေးတိုးတက်မှုနှင့် ချိတ်ဆက်ထားသော်လည်း EU ကမူ အပြည်ပြည်ဆိုင်ရာ အလုပ် သမား အခွင့်အရေးများနှင့် ချိတ်ဆက်ထားရာ ယခုအခါ ကလေးစစ်သားနှင့် အဓမ္မလုပ်အားပေး ခိုင်းစေမှုများ လျော့နည်းလာခြင်းကြောင့် EU က ကင်းလွတ်ခွင့်များ ပြန်လည် ပေးအပ်လာခြင်း ဖြစ်သည်။
ထိုသို့ အမေရိကန်နှင့် EUကင်းလွတ်ခွင့်များ ပြန်လည်ရရှိတော့မည်ဆိုခြင်းကြောင့် မြန်မာ့ အထည်ချုပ်လုပ်ငန်းနှင့် ရေထွက် ပစ္စည်း တင်ပို့မှု လုပ်ငန်းများ အကျိုးရှိလာမည်ဖြစ်ကြောင်း ပြည်တွင်း ပို့ကုန်လုပ်ငန်းရှင်များက ခန့်မှန်းပြောဆိုကြသည်။
မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးမြင့်စိုးက လက်ရှိတင်ပို့နေသော မြန်မာ့အထည်များကို ဥရောပနိုင်ငံ များက အခွန်ငွေ ၁၁ မှ ၁၇ ရာခိုင်နှုန်းအထိ ကောက်ခံကြောင်း၊ ထို့ကြောင့် အခွန်ကင်းလွတ်ခွင့်ရထားသည့် အိမ်နီးချင်းနိုင်ငံမှ အထည် ချုပ် လုပ်ငန်းများနှင့် မယှဉ်နိုင်ကြောင်း၊ အခွန်ကင်းလွတ်ခွင့်ရရှိပါက ဈေးကွက်တွင် ယှဉ်ပြိုင်သွားနိုင်မည်ဖြစ်ကြောင်း ပြောသည်။
“ဒီလို အခွန်မပေးရဘူးဆိုတဲ့ အခွင့်အရေးမျိုးက ဘင်္ဂလားဒေ့ရှ် နဲ့ ကမ္ဘောဒီးယား တောင် ရနေတာ၊ ကျနော်တို့လည်း အခုပြန်ရတာ အရမ်းကောင်းတယ်”ဟု ၎င်းက ဆိုသည်။
ထိုသို့ အခွန်ကင်းလွတ်ခွင့်ကြောင့် ဥရောပဈေးကွက်တွင် ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် နိုင်ငံများမှ အထည်ချုပ်လုပ် ငန်းများနှင့် ယှဉ်ပြိုင်လာနိုင်မည့်အပြင် ပြည်တွင်း၌လည်း အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာမည်ဖြစ်ကြောင်း ဦးမြင့်စိုးက ပြောဆိုသည်။
EU ကင်းလွတ်ခွင့်များမှာ လာမည့် ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှ စတင်အသက်ဝင်မည်ဟု ဆိုသော်လည်း ပြည်တွင်း ပို့ကုန် လုပ်ငန်းရှင်များကမူ အမြန်ဆုံး စတင်နိုင်ရန် မျှော်လင့်နေကြကြောင်းလည်း ဦးမြင့်စိုးက ဆက်ပြောသည်။
ဥရောပ အ၀တ်အထည်ဈေးကွက်မှာ ကမ္ဘာတွင် အကြီးဆုံးဖြစ်ပြီး အများဆုံးတင်ပို့နေသည့် နိုင်ငံမှာ ကမ္ဘောဒီယား နှင့် ဗီယက်နမ် နိုင်ငံ တို့ ဖြစ်ကြောင်း သိရသည်။
ဈေးကွက်ပြိုင်ဆိုင်နိုင်ရန်မှာ အခွန်ကင်းလွတ်ခွင့်ရရှိခြင်းသာမက သယ်ယူပို့ဆောင်ရေး အပါအ၀င် အခြေခံ အဆောက်အအုံများကောင်းရန် လိုကြောင်း၊ ထို့အပြင် အလုပ်သမားများ၏ ထုတ်လုပ်မှုအရည်အသွေး၊ ပိုမိုလျင်မြန်စွာလုပ်ကိုင်နိုင်မှု စွမ်းရည်၊ စက်ရုံပိုင်ရှင်များနှင့် ၀ယ်ယူသူများ၏ ဆက်ဆံရေး ကောင်းမွန်မှုတို့ အပေါ်တွင်လည်း မူတည်ကြောင်း ဦးမြင့်စိုးက ထောက်ပြသည်။
ယခုအခါ အခွန်ကင်းလွတ်ခွင့်တားဆီးထားခြင်းကို ပယ်ဖျက်ခြင်းကြောင့် နာမည်ကြီး Adidas အထည်ချုပ်လုပ်ငန်းကြီးများက လာ ရောက် ရင်းနှီးမြှုပ်နှံရန် ကြိုးစားနေသည့်အပြင် ပြည်တွင်း၌ ယခင်ကတည်းက ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံခြားသား လုပ်ငန်းရှင် များ က လုပ်ငန်းများ ချဲ့ထွင်ရန် စတင်ကြိုးစားနေပြီဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ရှိနေစဉ်ကာလ ၂၀၁၁ ခုနှစ်အတွင်း ၌ EUသို့ မြန်မာ့ကုန်ပစ္စည်း တင်ပို့မှုမှာ ယူရို ၁၆၉ သန်း ရှိပြီး အများစုမှာ အ၀တ်အထည်များဖြစ်သည်ဟု အစိုးရ ထုတ်ပြန်ချက်တွင် ပါရှိသည်။
ပြည်ပသို့ ရေထွက်ကုန်ပစ္စည်း တင်ပို့နေသည့် လုပ်ငန်းရှင်များကလည်း EU ၏ အခွန်ကင်းလွတ်ခွင့်နှင့် ကန့်သတ်မှု ကင်းလွတ်ခွင့် များပေးခြင်းကို ကြိုဆိုကြောင်း၊ သို့သော် မြန်မာနိုင်ငံ၌ EU နိုင်ငံများမှ သတ်မှတ်ထားသည့် အဆင့်မီရေထွက်ပစ္စည်း ထွက်ရှိမှု နည်းပါးကြောင်း၊ ထို့အတွက် အအေးခန်းများ ပြုပြင်ခြင်းမှအစ မွေးမြူခြင်းအဆုံး နိုင်ငံတကာ အဆင့်မီရန် ကြိုးစားဆဲဖြစ်ကြောင်း မြန်မာနိုင်ငံ ရေလုပ်ငန်းရှင်များ အသင်းချုပ် အတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောသည်။
“ဒီလိုပေးဖို့ကို ကျနော်တို့ တော်တော်ကို တောင်းဆိုထားတာပါ၊ ဒါပေမယ့် လက်ငင်းအကျိုးခံစားရမလားဆိုတော့ မခံစားရပါဘူး၊ ဘာကြောင့်လည်းဆိုတော့ ကျနော်တို့မှာ EU အဆင့်မီတဲ့ စက်ရုံတွေ၊ မွေးမြူရေးတွေ မရှိလို့ပါ၊ တော်တော် ကြိုးစားရပါဦးမယ်”ဟု လည်း ၎င်းက ဆိုသည်။
လက်ရှိတွင် EU နိုင်ငံများရှိ တခြားသော အာရှ နွယ်ဖွားများအတွက် မွေးမြူရေး ငါးမြစ်ချင်းများကိုသာ တင်ပို့နေခြင်း ဖြစ်ပြီး ငါး၊ ပုစွန် စသည့် ထွက်ကုန်များကို တင်ပို့မည်ဆိုလျှင် EU သတ်မှတ်ချက် အဆင့်မီရန်အတွက် ငွေကြေး၊ နည်းပညာ စသည်များ လိုအပ်ကြောင်း၊ ထိုအတွက် ကြိုးစားရဦးမည်ဖြစ်ကြောင်း ဦးဝင်းကြိုင်က ဆက်လက် ပြောဆိုသည်။
ပြည်တွင်းငါးမွေးမြူရေး လုပ်ငန်းများ၏ အခြေအနေမှာ ၂၀၁၀ ခုနှစ်နှစ်ကုန်ခန့်ကတည်းက ကျဆင်းနေသည့် အမေရိကန်ဒေါ်လာ ဈေးကြောင့် နာလန်မထူနိုင်သည်မှာ ကြာပြီဖြစ်ကြောင်း၊ လုပ်ငန်းရှင်များက အရှုံးပေါ်သည့်အတွက် ငါး၊ ပုစွန် ကန်များ၊ အအေးခန်း များ အများစုကို ပိတ်ထားရဆဲဖြစ်ကြောင်း သိရသည်။
EU က မြန်မာကို ၁၉၉၇ ခုနှစ်မှ စ၍ ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ထားခြင်း ဖြစ်သည်။ ပိတ်ဆို့အရေးယူမှုများတွင် စစ် လက်နက် ပစ္စည်း ၀ယ်ယူခွင့်၊ ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေး ဆိုင်ရာ ၊ ပြည်ဝင်ခွင့် ဗီဇာ ပိတ်ပင်ထားမှုနှင့် EU နိုင်ငံများ အတွင်း ခရီးသွားလာ ရေး၊ မြန်မာ စစ်အာဏာပိုင်များနှင့် ၄င်းတို့နှင့် ဆက်နွယ်သူများ၏ ပိုင်ဆိုင်မှုများ ထိန်းချုပ်ခြင်း စသည်တို့ ပါဝင်သည်။ ဗီဇာ ပိတ်ပင် မှုကို ဇန်န၀ါရီ လကုန်ပိုင်းက ရုပ်သိမ်း ပေးထားသည်။


ဘုရင့်နောင်တံတား အမှတ်(၂) စီမံကိန်းအပါအ၀င် ရန်ကုန်တိုင်းဒေသကြီးအတွင်း တံတားသစ်ငါးစင်း ထပ်မံတည်ဆောက်မည်၊ ယာဉ်သွားလာမှုအား စစ်တမ်းကောက်ယူကာ Transportation Plan များ ရေးဆွဲဆောင်ရွက်သင့်ကြောင်း သုံးသပ်မှုများ ရှိနေ


ရန်ကုန်တိုင်းဒေသကြီးအတွင်း ဘုရင့်နောင်တံတား အမှတ်(၂) စီမံကိန်း အပါအ၀င် တံတားသစ်ငါးစင်း ထပ်မံတည်ဆောက်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါ တံတားစီမံကိန်းများမှာ (၁)ရန်ကုန်-ဒလ-တွံတေး-ကော့မှူး-ဖျာပုံ-ဘိုကလေးသို့ ဆက်သွယ်သွားလာနိုင်မည့် ရန်ကုန်မြစ်ဖြတ်တံတား၊ (၂) ကြည့်မြင်တိုင်နှင့် တစ်ဖက်ကမ်းရှိ အေးရွာသို့ ဆက်သွယ်မည့် လေးလမ်းသွား လှိုင်မြစ်ဖြတ်တံတား၊ (၃) လှိုင်မြစ်ဖြတ် ခြောက်လမ်းသွား ဘုရင့်နောင်တံတား အမှတ်-(၂)စီမံကိန်း၊ (၄) ထန်းတပင်-မှော်ဘီလမ်းပေါ်ရှိ လှိုင်မြစ်ဖြတ် နှစ်လမ်းသွားဝါးတစ်ရာ တံတားနှင့် (၅) ပုဇွန်တောင်နှင့် ဒေါပုံမြို့နယ်များကို ဆက်သွယ်မည့် သာကေတတံတားသစ်တို့ဖြစ်ကြောင်းလည်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း တံတားသစ်များ ထပ်မံတည်ဆောက်မည့် အခြေအနေများနှင့် စပ်လျဉ်းပြီး ရန်ကုန်မြို့တွင်း၌ လက်ရှိယာဉ်သွားလာနေမှုအခြေအနေများကို စစ်တမ်းကောက်ယူကာ Transportation Plan  များ ရေးဆွဲဆောင်ရွက်သင့် ကြောင်းလည်း မြို့ပြအင်ဂျင်နီယာများက သုံးသပ်ပြောကြားခဲ့သည်။
''ဒီတံတားသစ်စီမံကိန်းတွေက Yangon City Development Plan အရ  proposal လုပ်ထားတာလို့လည်း သိရပါတယ်၊၊ ရန်ကုန်မှာ တံတားတွေကို ဟိုနေရာထိုး၊ ဒီနေရာထိုး လုပ်မယ့်အစား ယာဉ်သွားလာမှု အားလုံးကိုခြုံပြီးမှ ဘယ်နေရာက သင့်တော်မယ်ဆိုပြီး လုပ်သင့်ပါတယ်။ နိုင်ငံတကာမှာ အတွေ့အကြုံတွေ ရှိထားတယ်။ ထိုင်းမှာဆိုလည်း တံတားတွေ အထပ်တွေသာ များတယ်။ ယာဉ်ကြောရှင်းလားဆိုတော့ မရှင်းသေးဘူး။ ရန်ကုန်မှာလည်း အခု တံတားနှစ်စင်းထိုးတာကိုတောင် Traffic က ပိတ်နေပြီ။ နောက်ထပ်ထိုးမယ့်တံတားတွေအတွက်ဆိုရင် သေချာလေ့လာပြီးမှ ဆောင်ရွက်သင့်ပါတယ်''ဟု မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း ဒုတိယဥက္ကဋ္ဌဦးအောင်မြင့်က ဆိုပါသည်။
''ရန်ကုန်မှာ လက်ရှိယာဉ်တွေက ဘယ်ကိုအသွားများနေလဲ၊ လူတွေက ဘယ်အထိသွားချင်နေလဲ၊ ဘယ်ကနေ ဘယ်အထိတောင် သွားနေကြတာလဲ။ ဒါတွေကို Study လုပ်ဖို့ လိုတယ်။ ပြီးရင် Yangon CityDevelopment Plan နည်းတူ TransportationPlan ကိုလည်း ဆွဲသင့်တယ်။ လူထုသယ်ယူပို့ဆောင်ရေးကို ဘယ်လိုဆောင်ရွက်သင့်တယ်ဆိုတာ Plan တွေ ရေးဆွဲဆောင်ရွက်သင့်တယ်။ အဲဒီလိုမဟုတ်ရင် အများပြည်သူကို စိတ်ဒုက္ခပေးရာ ရောက်ပါတယ်''ဟု မြို့ပြအင်ဂျင် နီယာတစ်ဦးက သုံးသပ်ပြောကြားခဲ့သည်


LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment