မြန်မာသတင်းများ  စက်တင်ဘာ ၀၆၂၀၁၂

ကြေးနီစီမံကိန်း လူ ၄,၀၀၀ ဆန္ဒပြ


ကြေးနီစီမံကိန်းအတွက် ဆုံးရှုံးခဲ့တဲ့လယ်၊ သိမ်းဆည်းခံမြေနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ အတွက် ဒေသခံတွေ ဆန္ဒပြခဲ့ကြပါတယ်။ စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်ထဲ က လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းအတွက် ဖယ်ရှားခံရတဲ့ ရွာလေးရွာနဲ့ လယ်မြေဧက ၇,၀၀၀ ကျော် သိမ်းဆည်းခံခဲ့ရတာတွေအပြင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ သဘာဝ   ပတ်ဝန်း ကျင် ပျက်စီးဆုံရှုံးမှုတွေ ဖြစ်နေရတာကြောင့် မကျေနပ်မှုတွေ ဖြစ်ကြတဲ့ ဒေသခံ လူထုအင်အား ၄,၀၀၀ ခန့်ကနေ ဒီစီမံကိန်းကို လုံးဝ ရပ်ဆိုင်းပစ်ဖို့ တောင်းဆိုတဲ့ အနေနဲ့ မုံရွာ-ပုသိမ် ကား လမ်းမကြီးပေါ်မှာ ဆန္ဒပြခဲ့ကြပါတယ်။
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်ထဲက လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း အတွက် ဒေသခံတွေရဲ့ လယ်မြေတွေကို မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နဲ့ တရုတ် ကုမ္ပဏီဖြစ် တဲ့ မြန်မာ-၀မ်ဘောင် ကုမ္ပဏီတို့က သိမ်းယူတာကြောင့် ဆန္ဒပြရာကနေ စီမံကိန်းကိုပါ ဖျက်သိမ်းဖို့ အတွက် တောင်းဆိုလာခဲ့တာ ဖြစ်ပါတယ်။

ဒေသခံတွေကိုအကူညီပေးနေတဲ့ နိုင်ငံရေးအကျဉ်းသား အကျိုးဆောင်ကွန်ယက် က  ကျောင်းသားခေါင်းဆောင် ကိုဟန်ဝင်းအောင် ပြောပြတာက-

“ပုသိမ်-မုံရွာ လမ်းဆုံ လမ်းခွမှာပဲ လုံခြုံရေးတွေ ပိတ်ဆို့ထားတဲ့အချိန်မှာ လူအင်အား ၄,၀၀၀ က စည်းကမ်းတကျနဲ့ ဝိုင်းရံပြီးတော့ ခွပ်ဒေါင်းအလံတွေ လွှင့်ထူတယ်။ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်း သားများ သမဂ္ဂခေါင်းဆောင်တွေက ကျေးလက်ပြည်သူ ပြည်သားတွေကို တရားတွေ ဟောတယ်။ ဟောပြီးတော့ ဒီနေ့  ကိစ္စကတော့ အမျိုးသားရေး ကိစ္စတခုဖြစ်တဲ့ ဘာသာရေး၊ ယဉ်ကျေးမှု၊ လူ့အခွင့်အရေးဆုံးရှုံးနေတဲ့ ကိစ္စဖြစ်တဲ့အတွက် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို ရပ်တန်းကနေ ရပ်ဖို့အတွက် လက်မှတ်ထိုး ဆန္ဒပြုလွှာတွေကို စတင်ပြီးတော့ ရေးထိုးပါတယ်။ အဲဒီနောက် ဦးပိုင် လို့ အမည်တပ်ထားတဲ့ အခေါင်းတစ်ခေါင်းရယ်၊ ရမ်ဘို-လို့ အမည်တပ်ထားတဲ့ အခေါင်းတစ်ခေါင်းရယ်၊ ပုဒ်မ ၁၄၄ လို့ အမည်တပ်ထားတဲ့ အခေါင်းတစ်ခေါင်းရယ် ---- ပြည်သူလူထုက ဓာတ်ဆီလောင်း မီးရှို့ပြီးတော့ ကြေးစည်တွေ ထုပြီးတော့ သင်္ဂြိုဟ်ခဲ့ပါတယ်။”

လူထုအင်အား များပြားတဲ့အတွက် အာဏာပိုင်တွေဘက်က အကြမ်းဖက်ဖြိုခွဲတာမျိုးတွေ မလုပ်ခဲ့ဘူးလို့ ဆိုပါတယ်။

“ပြည်သူလူထုအင်အား အရမ်းများပြီး ကျေးရွာအသီးသီးက ဝိုင်းအုံကြည့်နေတဲ့ ပြည်သူတွေ ရှိနေတဲ့အတွက် အပြင်ကနေပြီး လုံထိန်းတွေနဲ့ရံထားတာတို့၊ မီးသတ်ကားတွေနဲ့ ပိတ်ဆို့တာတို့ ဒီလောက်ပဲ ရှိပါတယ်။”

ဒီ စီမံကိန်းလုပ်ထားတဲ့နယ်မြေမှာ ဆန္ဒပြခွင့်ရဖို့အတွက်  ဒေသခံတွေက ၈ ကြိမ်အထိ တောင်းခဲ့ပေ မဲ့ ခွင့်မပြုဘဲ ပုဒ်မ ၁၄၄ ထုတ်ပြီး တားမြစ်မှုတွေ ထပ်လုပ်တဲ့အတွက် အခုလိုမျိုး ခွင့်ပြုချက်တောင်း မနေတော့ဘဲ သူတို့ရဲ့ ဆန္ဒတွေကို ထုတ်ဖော်ရတာဖြစ်ကြောင်း ဒေသခံတွေက ဆိုပါတယ်။ လယ်သိမ်း ယာသိမ်းတာအပြင် အာဏာပိုင်တွေဘက်က ခြိမ်းခြောက်တာ၊ ဒေသခံတွေကို အကူအညီပေးနေသူတွေကို ဖမ်းဆီးတာ၊ ဖမ်းဝရမ်းထုတ်တာတွေကို ကျေနပ်မှု မရှိတာကြောင့် အခုလိုမျိုး ဆန္ဒပြရတာလို့ ဒေသခံလယ်သမားတဦးက ပြောပါတယ်။

“မနေ့က လုံထိန်းတွေနဲ့ တောင်သူလယ်သမားတွေကို ခြိမ်းခြောက်တာတွေပေါ့ဗျာ။ -----”

မုံရွာ-ပုသိမ် ကားလမ်းမကြီးကို အာဏာပိုင်တွေက ပိတ်ဆို့ပြီး ဆန္ဒပြသူတွေကို တားဆီးလိုက်တဲ့ အတွက် ဒေသခံတွေဟာ မုံရွာ-ပုသိမ်ကားလမ်းမပေါ်မှာပဲ ဆန္ဒပြတာကိုလုပ်ခဲ့ပြီး ၄ နာရီကြာ ဆန္ဒပြပြီးတဲ့နောက်မှာတော့ ဆန္ဒပြမှုကို ရပ်ခဲ့ပြီး လယ်သမားတွေ မြေသိမ်းခံရမှုကို လွှတ်တော်ကို တင်ပြဆွေးနွေးဖို့ သဘောထား ကောက်ခံမှုတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီလို တင်ပြမှုက အကျိုးသက်ရောက်မှု ရှိပါ့မလားလို့ မေးတဲ့အခါမှာတော့ ကျောင်းသားခေါင်းဆောင် ကိုဟန်ဝင်းအောင်က အခုလိုပြောပါတယ်။

“ပြည်သူ့ဆန္ဒကို လေးစားတဲ့အစိုးရလို့ ယုံကြည်တဲ့အတွက် သူတို့ကတော့ အဆင့်ပေါင်းစုံကို  ကြိုးစားသွားမှာပါ။  ရတယ် မရဘူးဆိုတာကတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ အပိုင်းလို့ပဲ တာဝန်ရှိသူတွေက သတ်မှတ်ပါတယ်။”

လက်ပန်းတောင်းတောင် ကြေးနီးစီမံကိန်း ရပ်တန့်ဖို့အတွက် အမျိုးသားရေးတာဝန်တရပ်အနေနဲ့ လုပ်ဆောင်သွားဖို့ အတွက် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ် ဗကသ မြန်မာနိုင်ငံ ရန်ကုန် ၀ိဇ္ဇာ/သိပံ္ပ တက္ကသိုလ် ကျောင်းသားများ ကွန်ယက် နိုင်ငံရေးအကျဉ်းသားမိသားစု အကျိုးဆောင်ကွန်ယက်၊ ရန်ကုန်ပြည်သူ့ အကျိုးဆောင် ကွန်ယက်၊ မိတ္ထီလာ အကျိုးဆောင် ကွန်ယက်တို့က ခွပ်ဒေါင်းအလံများ လွှင့်ထူပြီး တရားဟောတာတွေ၊ လူထု နစ်နာမှုတွေ ကို ဖော်ထုတ်တာတွေ လုပ်ခဲ့ကြပါတယ်။

လက်ပန်းတောင်းတောင်၊ ကြေးနီစီမံကိန်းက တနိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စဖြစ်နေတဲ့အကြောင်း  လွန်ခဲ့တဲ့ ၁၈-နှစ် ကတည်းက လုပ်နေတဲ့ စပါယ်တောင် ကြေးနီစီမံကိန်းကြောင့် အဲဒီ ဒေသတွေ ကံကုန်းရွာ အပါအ၀င်ရွာတွေမှာ  ရေတွေ တနယ်လုံး ရေချိုမရတာ၊ ဘာသီးနှံမှ စိုက်မရတဲ့ မြေ ဧကပေါင်း ထောင်နဲ့ချီ ရှိတာတွေ ဖြစ်ခဲ့ကြောင်း။ လက်ပန်းတောင်း တောင် ကိစ္စကို တကမ္ဘာလုံး က မြန်မာတွေ လက်မှတ်ထိုး ကောက်ယူကန့်ကွက်ဖို့ လိုတဲ့အကြောင်း ကျောင်းသားတွေ က လည်း ပြောပါတယ်။ ဒီစီမံကိန်းကို မဟန့်တားနိုင်ဘူးဆိုရင် ချင်းတွင်းမြစ်ရေ အက်စစ်စီး ၀င်တာတွေ ကနေ ဧရာဝတီ မြစ်ထဲထိ ရောက်ရှိနိုင်တဲ့အတွက် စိုရိမ်စရာကောင်းတဲ့ အခြေအနေမှာ ရှိနိုင်ကြောင်းတွေကို လည်း ပြောသွားကြပါတယ်။

လက်ပန်းတောင်းတောင်လူထု အခေါင်းတု (၃) ခု မီးရှို့ပြီး ဆန္ဒပြ


စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း အနီးမှာ ဒေသခံ ကျေးရွာတွေက လူထု တစ်သောင်းကျော်လောက် မနေ့က စုဝေးပြီး ပုဒ်မ (၁၄၄) ထုတ်ပြန်ချက်၊ တရုတ် ၀မ်ပေါင် ကုမ္ပဏီနဲ့ မြန်မာ စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီတွေ အပေါ် မကျေနပ်မှုကို ကိုယ်စားပြု ဖန်တီးထားတဲ့ အခေါင်းတု (၃) ခုကို မီးရှို့သဂြိုဟ်ပွဲလုပ်ပြီး ဆန္ဒပြခဲ့ကြပါတယ်။
ဒီဆန္ဒပြပွဲကို အာဏာပိုင်တွေဘက်က လက်နက်ကိုင် လုံခြုံရေးရဲတွေ ရာနဲ့ချီ ချထားခဲ့ပြီး နှစ်ဖက် ရုတ်ရုတ်သဲသဲ ဖြစ်ပွားခဲ့ပါတယ်။ နှစ်ဖက် ရုတ်ရုတ်သဲသဲ ဖြစ်ပွားခဲ့ကြပေမယ့် အခေါင်းတု မီးရှို့သဂြိုဟ်ပွဲကတော့ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြတယ်လို့ တောင်သူတွေက ပြောပါတယ်။
ဒေသခံလူထုနဲ့ အာဏာပိုင်တွေအကြား တင်းမာမှု ဖြစ်ခဲ့ပုံကို ဒေသခံ ကျေးရွာသူတစ်ဦးက MEDIA ကို အခုလို ပြောပြပါတယ်။
”ရဲတွေက ကျွန်မတို့ လူထုကို ဝိုင်းထားတယ်။ ပုသိမ် မုံရွာလမ်းရှေ့ကို ကျွန်မတို့ မဖြတ်ရအောင် လမ်းပိတ်ဆို့ထားတယ်။ ပုသိမ်လမ်းဆုံမှာ တရုတ်ကုမ္ပဏီအခေါင်း တစ်ခုရယ်၊ ဦးပိုင် ကုမ္ပဏီအခေါင်း တစ်ခုရယ် အလောင်းသုံးလောင်းကို လူထုတွေက မီးသဂြိုဟ်တယ်။ ကျွန်မတို့ နယ်မြေမှာလေ၊ ဒါမတရား သိမ်းပိုက်တာလေ။ သိမ်းပိုက် မခံနိုင်တာကိုး။ လူထုတွေက လူအင်အားပြကြတယ်။ လူအင်အား တစ်သောင်းလောက်ရှိတယ်။ ဒီလူထုတွေ မသွားမလာရအောင် ရှေ့ကနေပြီးတော့ လမ်းပိတ်ဆို့ ထားကြတယ်။ ရဲတွေဘာတွေဆို နှစ်ရာကျော်လောက်ရှိမယ်။ ကုမ္ပဏီ လူကြီးတွေရော”
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းအနီးက ဒီကနေ့ ဆန္ဒပြပွဲမှာ မန္တလေး ဗကသ ကျောင်းသားတွေလည်း ပါဝင်ခဲ့ကြပြီး ဆန္ဒပြ လူအုပ်ကြီးဟာ မုံရွာ-ပုသိမ် လမ်းမကြီးကနေ တစ်မိုင်လောက်ခရီးကို လမ်းလျှောက်ခဲ့ကြပါတယ်။
အဲဒီနောက် ဘုရားတစ်ဆူမှာ ၀င်ရောက် ဆုတောင်းခဲ့ကြသလို လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း ရပ်တန့်ရေးအတွက် နိုင်ငံတော် အကြီးအကဲတွေကို စာရေးသား တင်ပြဖို့ လက်မှတ်တွေ စုပေါင်း ရေးထိုးခဲ့ကြတယ်လို့ သိရပါတယ်။
စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီနဲ့ တရုတ် ၀မ်ပေါင် ကုမ္ပဏီတို့ဟာ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို ဖက်စပ် လုပ်ကိုင်နိုင်ဖို့အတွက် စီမံကိန်းတ၀ိုက် ကျေးရွာ ၂၆ ရွာက လယ်မြေဧက (၇၈၀၀) ကျော် အဓမ္မ သိမ်းယူထားတာကို မကျေနပ်တဲ့အတွက် လယ်သိမ်းခံ တောင်သူတွေက သြဂုတ်လ နောက်ဆုံးပတ်ကစလို့ နေ့စဉ်ရက်ဆက် ဆိုသလို ဆန္ဒပြပွဲတွေ ဆင်နွှဲနေကြတာ ဖြစ်ပါတယ်။

ရုံးချုပ်အပေါ် ဆန္ဒပြပွဲ NLD ပြိုကွဲ အားနည်းအောင် ကြိုးပမ်းခြင်းလို့ ဦးဥာဏ်ဝင်းပြောဆို

 

မြို့နယ်တချို့မှာ လတ်တလော ဖြစ်ပေါ်နေတဲ့ NLD အဖွဲ့ဝင်တွေရဲ့ ပါတီရုံးချုပ်အပေါ် ဆန္ဒဖော်ထုတ်ပွဲတွေဟာ အင်န်အယ်လ်ဒီပါတီကို ပြိုကွဲအောင် အားနည်းအောင် ကြိုးပမ်းနေကြတာသာ ဖြစ်တယ်လို့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက မနေ့က ပြောကြားလိုက်ပါတယ်။


ပါတီတွင်း မကျေလည်မှု တွံ့တေး NLD ဆန္ဒပြ

ပါတီညီလာခံတွင် ပါဝင်မည့် ညီလာခံကော်မရှင် အဖွဲ့ဝင်များကို တိုင်းတာဝန်ရှိသူများက နီးစပ်ရာ ရွေးချယ်ခြင်းနှင့် ပါတီလုပ်ငန်းများတွင် နီးစပ်သူများကိုသာ လုပ်ပိုင်ခွင့်ပေးသည်ဆိုသော စွပ်စွဲချက်များဖြင့် အတိုက်အခံပါတီကြီးဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲချုပ်၏ တွံတေးမြို့နယ်ရုံး တာဝန်ရှိသူများ အပါအဝင် ရန်ကုန်တိုင်းရုံး တာဝန်ရှိသူများကိုပါ တွံတေးပါတီဝင်များက အင်္ဂါနေ့က ဆန္ဒပြကြကြောင်း သိရသည်။


ဒညင်းကုန်း အုတ်စက်ရုံလုပ်သားတို့ နေစရာတောင်း

အမှတ် ၂ စက်မှုဝန်ကြီးဌာနပိုင် အင်းစိန် ဒညင်းကုန်း အုတ်စက်ရုံကို မားသားထရိတ်ဒင်း ကုမ္ပဏီသို့ ရောင်းချလိုက်ရာ စက်ရုံအတွင်းနေထိုင်သည့် အုတ်လုပ်သား အိမ်ထောင်စု ၃၀ ကို ကုမ္ပဏီက ဆက်လက်
နေထိုင်ခွင့် မပြုတော့ခြင်းကြောင့် နေစရာ ပြန်လည်ဖန်တီးပေးရန် တောင်းဆိုနေကြ
ကြောင်း သိရသည်။

မြန်မာ နိုင်ငံရေး ပါတီများ အမေရိကန် ရောက်


မြန်မာ နိုင်ငံရေးပါတီများ အမေရိကန်နိုင်ငံသို့ လေ့လာရေး ခရီး ရောက်ရှိနေသည်။ သတင်းမီဒီယာ နှင့် ပြည်သူ့ ဆက်ဆံရေး အစီအစဉ်အရ အမေရိကန်နိုင်ငံခြားဝန်ကြီး ဌာန၏ ဖိတ်ကြားချက်ဖြင့် အမေရိကန် နိုင်ငံရေးကို လေ့လာရန် သြဂုတ် ၂၆ ရက်မှ စက်တင်ဘာ ၁၅ ရက်အထိ သွားရောက်ခြင်း ဖြစ်ကြောင်း၊ သွားရောက်လေ့လာသူများတွင် တစည ပါတီမှ ကိုဇင်မောင်မောင်ဌေး၊ NDF ပါတီမှ ကိုကျော်သူရ၊ ချင်း တိုးတက်ရေး ပါတီမှ ကိုရှိန်းထွန်း စသည်တို့ ပါဝင်ပြီး နိုင်ငံရေး ပါတီ ၈ ပါတီကို ဖိတ်ကြားခြင်း ဖြစ်ကြောင်း VOA သတင်း၌ ပါရှိသည်။ လက်ရှိတွင် အမေရိကန်၌ သမ္မတ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေး လှုပ်ရှားမှုများပြုလုပ်နေသော ကာလလည်း ဖြစ်သည်။

ငြိမ်းချမ်းရေး ဖော်ဆောင်မှု တိုင်းရင်းသား ၀န်ကြီးများ ပါဝင်လို


ပြည်နယ်နှင့်တိုင်းဒေသ အသီးသီးမှ တိုင်းရင်းသားရေးရာ ၀န်ကြီးများသည် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်များတွင်ပါဝင် ဆောင်ရွက်နိုင်ရန်နှင့် လုပ်ပိုင်ခွင့် ကိစ္စများကို သမ္မတ ဦးသိန်းစိန်နှင့်တွေ့ဆုံစဉ် ဆွေးနွေးမည် ဟုသိရသည်။
ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်များတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နှင့် အစိုးရ ငြိမ်းချမ်းရေး အဖွဲ့တို့ တွေ့ဆုံဆွေးနွေးရာ၌ ပါဝင်ခွင့်ရရေး၊ တိုင်းရင်းသား ရေးရာ ၀န်ကြီးများအား ပေးအပ်ထားသည့် အဆောင် အယောင်၊ တာဝန် များ ထမ်းဆောင်ခွင့်ရရေး တင်ပြနိုင်ရန် အစည်းအဝေး တရပ်ကို ရန်ကုန်မြို့၌့ ပြုလုပ်ကြောင်း ရခိုင် လက်နက်ကိုင်အဖွဲ့ နှင့် အစိုးရ ငြိမ်းချမ်းရေးအဖွဲ့ ဆွေးနွေးပါက ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီးများ ပါဝင်ခွင့်ရရေး၊ အ လားတူ ကရင်၊ ချင်း စသည့် အဖွဲ့တို့နှင့်တွေ့ဆုံ ဆွေးနွေးရာတွင်လည်း သက်ဆိုင်ရာ ၀န်ကြီးများ အားလုံးပါဝင်ခွင့်ရရေး နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် တတ်နိုင်သည့် ကဏ္ဍမှ ပါဝင်ဆောင်ရွက်လိုကြောင်း သိရသည်။

SSA တောင်ပိုင်းနှင့် “၀” တပ်ဖွဲ့ ဆက်ဆံရေး တင်းမာနေ


ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSA-S) တပ်ဖွဲ့နှင့် “၀” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်(UWSA) တပ်ဖွဲ့တို့ နှစ်ဘက် ဆက်ဆံရေး တင်းမာမှု ဖြစ်ပွားနေကြာင်း ယခုနှစ်ဇူလိုင်လ ၃၁ ရက်နေ့က ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းတုံမြို့နယ် ရာဘာခြံတခုအတွင်း၌ SSA-S တပ်ဖွဲ့ဝင်များပါဝင်သော ၁၄ ဦးအဖွဲ့အား UWSA က ဖမ်းဆီးလိုက်ပြီးနောက် သြဂုတ် လဆန်းပိုင်းမှ စ၍ နှစ်ဘက်တပ်ဖွဲ့များ ဆက်ဆံရေး တင်းမာလာရခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

ဟွန်ဒိုင်း ကုမ္ပဏီလည်း မြန်မာ ကားဈေးကွက် စိတ်ဝင်စား


တောင်ကိုရီးနိုင်ငံမှ ဟွန်ဒိုင်း ကား ထုတ်လုပ်ရေး ကုမ္ပဏီ(Hyundai Motor Company)က မြန်မာ ကားဈေးကွက်သို့ ၀င်ရောက် ရန် စီစဉ်နေကြောင်း သတင်းရသည်။ ဟွန်ဒိုင်း ကားများကို မြန်မာနိုင်ငံသို့ တင်သွင်းနိုင်ရေးအတွက် ပြည်တွင်းရှိ ဒိုင်းမွန်း စတား ကုမ္ပဏီ နှင့် ညှိနှိုင်းဆောင်ရွက်နေကြောင်း သိရသည်။

ဦးသိန်းစိန်နှင့် တောင်အာဖရိက ၀န်ကြီး တွေ့ဆုံ


သမ္မတ ဦးသိန်းစိန်နှင့် တောင် အာဖရိက နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေး ၀န်ကြီး H.E Mrs. Maite Nkoana Mashabane တို့ ယမန်နေ့က နေပြည်တော်၌ တွေ့ဆုံသည်။ တွေ့ဆုံရာ၌ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုများ၊ တောင်အာဖရိက ကုမ္ပဏီများ မြန်မာ သတ္တု တူးဖော်ရေး ကဏ္ဍတွင် ရင်းနှီး မြုပ်နှံရန်၊ ပိတ်ဆို့ အရေးယူမှုများ ရုပ် သိမ်းရေး၊ မြန်မာနိုင်ငံ၌ တောင်အာဖရိက သံရုံး ဖွင့်လှစ်နိုင်ရေး စသည့် နိုင်ငံရေး ၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍများကို ဆွေးနွေး ကြ ကြောင်း အစိုးရ သတင်းစာများက ဖော်ပြသည်။

ရင်းနှီးမြှုပ်နှံမှု အလာနည်းမည်ကို စိုးရိမ်နေ


ပြင်ဆင်ရေးဆွဲနေသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းတွင်  ဒေသတွင်း နိုင်ငံများနှင့် နှိုင်းယှဉ်ပါက အားနည်းချက် များရှိနေသည့်အတွက် ရင်းနှီးမြှုပ်နှံသူများ စိတ်ဝင်စားမှု နည်းပါးနိုင်ကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်း ရှင်များအသင်း တာဝန်ရှိသူများနှင့် စီးပွားရေးပညာရှင်များက ထောက်ပြပြောဆိုလိုက်ကြောင်း ဥပဒေမူကြမ်းပါ စီးပွားရေး လုပ်ငန်းနယ်ပယ် ကဏ္ဍများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံခွင့် ကန့်သတ်ချက်များ၊ အနိမ့်ဆုံး ရင်းနှီး မြှုပ်နှံမှု ငွေပမာဏ သတ်မှတ်ချက်၊ နိုင်ငံခြားသား လုပ်သား ခန့်အပ်မှု အချိုးအစား တင်းကျပ်မှု၊  လုပ်ငန်းခွင့်ပြုမိန့်ရရှိရန် ကြာမြင့်ကာလ စသည့် အချက်အလက်တို့သည် ရင်းနှီးမြှုပ်နှံလိုသူ နိုင်ငံခြားသား လုပ်ငန်းရှင်များကို တွေဝေစေနိုင်ကြောင်း UMFCCI တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ လူမှုစီးပွား အကြံပေးကောင်စီ အဖွဲ့ဝင်တဦးဖြစ်သူ စီးပွားရေးပညာရှင် ဒေါက်တာဇော်ဦးတို့က  စက်တင်ဘာ ၄ ရက် ညနေ ရန်ကုန်မြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ထောက်ပြပြောဆိုလိုက်ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။


နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဥပဒေမူကြမ်း ကန့်သတ်ချက်များနေဟု ဝေဖန်ခံရ

နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဥပဒေမူကြမ်းသည် ကျန်အာဆီယံအဖွဲ့ဝင် နိုင်ငံများရှိ ဥပဒေနှင့်
နှိုင်းယှဉ်လျှင် ကန့်သတ်ချက် များပြားနေသဖြင့် နိုင်ငံခြား ရင်းနှီးမြုပ်နှံသူများကို တွန့်ဆုတ်သွားစေနိုင်သည်ဟု ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးဝင်းအောင်က ဝေဖန်ပြောကြား လိုက်သည်။

လွှတ်တော်နှစ်ရပ်လုံးတွင် ဆွေးနွေး အတည်ပြုပြီးဖြစ်ကာ သမ္မတဦးသိန်းစိန်ထံပေးပို့ထားသော ဥပဒေမူကြမ်းတွင်နိုင်ငံခြားသားများအနေဖြင့် အနိမ့်ဆုံး အမေရိကန်ဒေါ်လာ ငါးသန်း ရင်းနှီးမြှုပ်နှံရမည်ဟုပါရှိပြီး မြန်မာနိုင်ငံသား လုပ်ငန်းရှင်များနှင့် ဖက်စပ်လုပ်ကိုင်လိုပါက နိုင်ငံခြားသားက အရင်းအနှီး၏ အနည်းဆုံး ၃၅ ရာခိုင်နှုန်းမှ အများဆုံး ၄၉ ရာခိုင်နှုန်းအထိ ထည့်ဝင်ခွင့်ရှိသည်ဆိုသော အချက်ကို အဓိက ထောက်ပြသွားးသည်။

အာဆီယံအဖွဲ့ဝင် ၁ဝ နိုင်ငံအနက် ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူနှင့် ဗီယက်နမ်နိုင်ငံတို့တွင် နိုင်ငံခြားသား များအတွက် အနိမ့်ဆုံးရင်းနှီးမြှုပ်နှံရမည့် ငွေကြေးပမာဏကို သတ်မှတ် ကန့်သတ်ထားခြင်းမရှိပါ။ ထို့အပြင် ကျန်နိုင်ငံ များအနက် အမြင့်ဆုံးဖြစ်သော လာအိုနိုင်ငံတွင်ပင် အနိမ့်ဆုံးမြုပ်နှံရမည့်ငွေပမာဏကို ဒေါ်လာသုံးသိန်းသာ သတ်မှတ်ထားသည်။

“လူအများစု မလိုက်နာနိုင်တဲ့ ဥပဒေကို ပြဌာန်းမိရင် ဥပဒေကို ချိုးဖောက် ကြပါလိမ့်မယ်။ ပြီးတော့ မနှစ်မြို့ဖွယ် ကွင်းဆက်တွေဖြစ်လာလိမ့်မယ်” ဟု ဦးဝင်းအောင်က ရန်ကုန်ရှိ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တွင် အင်္ဂါနေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

ဖက်စပ်လုပ်ကိုင်လိုသော် နိုင်ငံခြားသားက အနည်းဆုံး ၃၅ ရာခိုင်နှုန်း မတည် ပိုင်ဆိုင်ရမည်ဟု ပြဌာန်းပါက မြန်မာ လုပ်ငန်းရှင်က ဖက်စပ်လုပ်ငန်းတစ်ခုလုံး(၁၀၀ ရာခိုင်နှုန်း) ကို ဝယ်ယူခွင့် မရှိတော့သည့် ကိန်းသေပြဌာန်းချက်ဖြစ်သဖြင့် မြန်မာနိုင်ငံသားများ၏ လုပ်ငန်းချဲ့ထွင်နိုင်မှုကို ချုပ်ချယ်လိုက်သလို ဖြစ်စေမည်ဟု ယူဆကြသည်ဟု ဆိုသည်။

ထို့ပြင် နိုင်ငံခြားသားက ဖက်စပ်လုပ်ငန်း၏ အများဆုံး ၄၉ ရာခိုင်နှုန်းအထိသာ ပိုင်ဆိုင်ရမည်ဟု ပြဌာန်းပါကလည်းမြန်မာလုပ်ငန်းရှင်များအတွက်  ၅၁ ရာခိုင်နှုန်းအထိ ငွေမလိုက်နိုင်ဘဲဖြစ်မှာကို စိုးရိမ်သူများလည်းရှိသည်။

ရင်းနှီးမတည်ငွေ အမြောက်အများတတ်နိုင်သည့် မြန်မာလုပ်ငန်းရှင်အနည်းစု အတွက်သာ အလုပ်ဖြစ်ပြီး အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် နိုင်ငံခြားလုပ်ငန်းရှင်နှင့် လက်တွဲလုပ်ကိုင်ခွင့် ဆုံးရှုံးလိမ့်မည်ဟု လုပ်ငန်းရှင်အချို့က ယုံကြည်နေကြသည်။

အတိုက်အခံ  အမျိုးသားဒီမိုကရေစီပါတီသစ်၏ အောက်လွှတ်တော်အမတ် ဦးသိန်းညွန့်က “နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေဆိုတာ နိုင်ငံခြား သားတွေ လာရင်းနှီးမြှုပ်နှံအောင် ဆွဲဆောင်ရတဲ့ ဥပဒေဆိုတော့ မျှော်မှန်းသလို နိုင်ငံခြားသားတွေကို မဆွဲဆောင်နိုင်ရင်၊ လက်တွေ့လုပ်ရင်းနဲ့ အဆင်မပြေရင် အတည်ပြုပြီးမှ ပြန်ပြင်ရမှာပေါ့”ဟု ပြော သည်။

သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာသည့် သမ္မတ၏ အမျိုးသား စီးပွားရေးနှင့် လူမှုရေးအကြံပေး ကောင်စီ အဖွဲ့ဝင်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေရေးဆွဲစဉ်က အစိုးရကို အကြံဉာဏ်များ ပေးခဲ့သူ  ဒေါက်တာဇော်ဦးကလည်း ဥပဒေမူကြမ်းတွင် ကန့်သတ်မှုတွေများနေကြောင်း သဘောတူလက်ခံသည်။

“ဥပဒေအကျပ်အတည်းကြောင့် နိုင်ငံခြားက ရင်းနှီးမြှုပ်နှံသူတွေ မလာတော့ရင် စီးပွားရေး ပိတ်ဆို့မှုတွေရပ်ဖို့ အားကောင်း မောင်းသန် ဝိုင်းပြောပေးမယ့် အဖွဲ့တွေမရှိနိုင်တော့ဘူး” ဟု ဦးဇော်ဦးက မီဒီယာများကို ပြောကြားသည်။အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးမှုဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတဦးဖြစ်သူ ဦးကျော်ဇောမောင်ပြောကြားမှုတခုတွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဥပဒေ စက်တင်ဘာလထဲတွင် ထွက်ရှိနိုင်လိမ့်မည်ဟု မျှော်လင့်ထားပြီး လူနည်းစု စီးပွားရေးလုပ်ငန်းရှင်များကိုသာ အကျိုးပြုမှာမဟုတ်ကြောင်း ကာကွယ်ပြောကြားသွားသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေမူကြမ်း စီးပွားရေးလုပ်ငန်းတချို့အတွက် အဟန့်အတားဖြစ်


လွှတ်တော်မှာ မကြာခင် အတည်ပြုဖို့ ဆွေးနွေးနေတဲ့ FDI ခေါ် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ဥပဒေမူကြမ်းဟာ SME လို့ ခေါ်တဲ့ ပြည်ပက အသေးစားနဲ့ အလတ်စားကုမ္ပဏီတွေ စိတ်ဝင်စားမှု ကျဆင်းစေနိုင်တဲ့ ကန့်သတ်ချက်တွေ ပါဝင်နေသလို ပြည်တွင်း အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေ ထွန်းကားလာရေး အတွက်လည်း အဟန့်အတား ဖြစ်နေတယ်လို့ စီးပွားရေး လုပ်ငန်းရှင်တွေက ပြောလိုက်ပါတယ်။
မနေ့က ညနေက ရန်ကုန်မြို့ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (UMFCCI) မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ UMFCCI ဥက္ကဋ္ဌ ဦးဝင်းအောင်၊ စီးပွားရေး ပညာရှင် ဒေါက်တာ ဇော်ဦး၊ အထည်ချုပ် လုပ်ငန်းရှင်များ ဥက္ကဋ္ဌ ဦးမြင့်စိုးတို့က ပြောဆိုခဲ့တာပါ။
နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှပ်နှံမှု ဥပဒေမူကြမ်းမှာ ပြည်ပကုမ္ပဏီတွေ အနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံလိုတယ်ဆိုရင် အနိမ့်ဆုံး ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၅ သန်း ရင်းနှီးရမယ်လို့ သတ်မှတ်ထားတာဟာ အိမ်နီးချင်း အာဆီယံ နိုင်ငံတွေထက် ၉ ဆ လောက် များနေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ပြည်ပ အသေးစားနဲ့ အလတ်စား ကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု အားနည်းသွားအောင် ကန့်သတ်ထားသလို ဖြစ်နေတယ်လို့ ထောက်ပြထားတာပါ။ ဒါ့အပြင် ပိုင်ဆိုင်မှုအပိုင်းမှာလည်း ပြည်ပကုမ္ပဏီတွေ အနေနဲ့ ၄၉ ရာခိုင်နှုန်းသာ ဖက်စပ်ပိုင်ဆိုင်ခွင့် ရှိတယ်လို့ ကန့်သတ်ထားတာဟာ ပြည်တွင်းလုပ်ငန်းရှင်တွေသာ ပိုင်ဆိုင်မှု ရာခိုင်နှုန်း အများစု ရယူရမယ်လို့ သတ်မှတ်ထားသလို ဖြစ်နေတဲ့အတွက် ရင်းနှီးမြှုပ်နှံဖို့ ငွေပင် ငွေရင်း ကန့်သတ်ချက်တွေ ရှိနေတဲ့ ပြည်တွင်း အသေးစားနဲ့ အလတ်စား လုပ်ငန်းရှင်တွေကိုလည်း ကန့်သတ်ထားသလို ဖြစ်နေတယ်လို့ ဆိုပါတယ်။
တချို့လုပ်ငန်းတွေမှာဆိုရင် ပြည်ပကုမ္ပဏီတွေ အနေနဲ့ ၁၀၀ ရာခိုင်နှုန်း ပိုင်ဆိုင်မှု ပေးထားရင်တောင် မြန်မာနိုင်ငံလို စီးပွားရေးဈေးကွက် အနေနဲ့ နည်းပညာနဲ့ အလုပ်အကိုင်တွေရမှာ ဖြစ်တဲ့အတွက် အကျိုးရှိပါတယ်လို့လည်း ထောက်ပြပါတယ်။
SME လို့ခေါ်တဲ့ အသေးစားနဲ့ အလတ်စားကုမ္ပဏီတွေ ဥပမာအားဖြင့် အထည်ချုပ်လုပ်ငန်းဟာ အောက်ခြေအထိ အလုပ်အကိုင် ဖန်တီးပေးတာကြောင့် အဲဒီလိုလုပ်ငန်းတွေကို ကန့်သတ်ထားသလို ဖြစ်နေတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေမူကြမ်းကို ပြင်ဆင်ဖို့ လိုအပ်တယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။

အရန်ဆန် တန် ၁ သိန်းကျော် ရောင်းချပေးမည်


မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းအသင်းမှ အရန်ဆန် တန် ၁ သိန်းကျော်ကို သက်သာသော နှုန်းထားဖြင့် စားသုံးနိုင်ရန် ယခု လဆန်း ပိုင်းမှ စတင်၍ တိုက်ရိုက် ထုတ်ရောင်း ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ ယင်းဆန်များသည် တိုင်းဒေသ အသီးသီးရှိ ဆန် ကုန်သည်များ သိုလှောင် ထားသော ဆန်များ ဖြစ်ကြောင်း၊ ယခုနှစ်အတွင်း မိုးများပြီး ရေကြီးရေလျှံ ဖြစ်၍ လယ်ယာ ဧက များစွာ ရေနစ်မြုပ်မှုကြောင့် ဆန်စပါး ပြည်တွင်း လိုအပ်ချက် အခက်အခဲ မဖြစ်စေရန်နှင့် ဈေးနှုန်းများ ထိန်းသိမ်းနိုင်ရန် အတွက်ဖြစ်ကြောင်း အစိုးရ မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြထားသည်။ ရေကြီး ရေလျှံဖြစ်မှုကြောင့် ဧရာဝတီ တိုင်းတခုတည်းတွင်ပင် လယ် ဧက ၂ သိန်း ကျော် ရေနစ်မြုပ်ခဲ့သည်ဟု ဆန်စပါး လုပ်ငန်း အသင်း က ပြောဆိုကြောင်းလည်း သိရသည်။

စင်္ကာပူ လေကြောင်းလိုင်း ရန်ကုန်ကို ပြေးဆွဲမည်


စင်္ကာပူ လေကြောင်းလိုင်း Singapore Airlines Ltd (SIA) သည် မြန်မာနိုင်ငံ ရန်ကုန်မြို့နှင့် စင်္ကာပူ ကို အောက်တိုဘာ လကုန် ပိုင်းမှ စတင်၍ နေ့စဉ် ပြေးဆွဲမည် ဖြစ်ကြောင်း သိရသည်။ အလည်အပတ် ခရီးသွားများ အပါအ၀င် စီးပွားရေး လုပ်ငန်း သမားများအတွက် အဓိက ရည်၍ ပြေးဆွဲခြင်း ဖြစ်ကြောင်း SIA တာဝန်ရှိသူ တဦးကို ကိုးကား၍ Reuters သတင်းက ဆိုသည်။


အများပိုင် အိုင်တီ ကုမ္ဗဏီ တစ်ခုဖြစ်ရေး ခြေလှမ်းပြင်

ပြည်တွင်း အိုင်တီလုပ်ငန်းများတွင် ရင်းနှီးမြှပ်နှံမှုများ လုပ်ကိုင်မည့် အများပိုင် ကုမ္ဗဏီတစ်ခု
ဖြစ်လာစေရန် ဦးတည်ကာ တည်ထောင်မှုအတွက် ဆောင်ရွက်နေပြီဖြစ်ကြောင်း အဆိုပါ  ကုမ္ပဏီ၏ BOD အဖွဲ့ဝင် ဖြစ်သည့် ဦးမင်းဦးက ပြောသည်။ကုမ္ပဏီကို စတင် လည်ပတ်ရန်အတွက် ကျပ်သိန်း တစ်သောင်းခွဲ ဝန်းကျင်လျာထားကာ BOD အဖွဲ့ဝင် ၉ ဦးဖြင့် စတင်ဆောင်ရွက်တော့မည်ဖြစ်
ကြောင်း သတင်းရရှိသည်။



အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့သို့ အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်လျောက်ထားကြသည့် ကုမ္ပဏီ(၂၀)အနက်မှ ပုဂ္ဂလိက အာမခံလုပ်ငန်းလုပ်ကိုင်ရန်အတွက် ကမ္ဘောဇ၊ မက်စ်မြန်မာ၊ အေးရှားဝေါလ် အစရှိသည့် ကုမ္ပဏီကြီး ၁၂ ခုသို့ လုပ် ကိုင်ခွင့် ချထားပေးလိုက်ကြောင်း ပုဂ္ဂလိကအာမခံလုပ်ငန်း လုပ်ကိုင်ခွင့်ရရှိသည့် ကုမ္ပဏီ ၁၂ ခုမှာ Apex Insurance International Co,ltd ၊ I.K. B.Z Insurance International Co,ltd၊ ဧရာမြန်မာအာမခံလုပ်ငန်း၊ မြ၀တီအာမခံကုမ္ပဏီလီမိတက်၊ Great Future International Insurance  Co,ltd၊ Capital Life Ltd Insurance Application ၊ Global Standard Insurance Public Co,Ltd ၊ Green Asia Insurance Co,Ltd၊ ကျောက်စိမ်းဘုရင်နှင့် ဘုရင်မ၀န်ဆောင်မှုကုမ္ပဏီလီမိတက်၊ Pillar of Truth Insurance Co,Ltdိ၊ နိုင်ငံသားစီးပွားရေး အာမခံအများပိုင်လီမိတက်၊ မြင့်မိုရ်မင်းအာမခံကုမ္ပဏီတို့ဖြစ်ကြောင်း ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့်ပြုသွားမည့် အာမခံအမျိုးအစားများမှာ အသက်အာမခံနှင့် အထွေထွေအာမခံများဖြစ်သည့် မီးအာမခံ၊ မော်တော်ယာဉ် အလုံးစုံအာမခံ၊ ငွေပို့ငွေသယ်အာမခံ၊ ငွေသားလုံခြုံမှု အာမခံနှင့် သမာဓိအာမခံတို့ဖြစ်ပြီး လုပ်ငန်း၏ ခိုင်မာမှုနှင့် ယုံကြည်စိတ်ချရမှုအတွက် အသက်အာမခံလုပ်ငန်း လုပ်ကိုင်သူများသည် Paid-up Capital မတည်ရင်းနှီးငွေ ကျပ်သန်းခြောက်ထောင်၊ အထွေထွေအာမခံအတွက် မတည်ရင်းနှီးငွေ ကျပ်သန်းလေးသောင်းနှင့် လုပ်ငန်းနှစ်ခုပေါင်းလုပ် ကိုင်လိုသူများသည် မတည်ရင်းနှီးငွေ ကျပ်သန်းလေးသောင်းခြောက်ထောင်(၄၆ဘီလီယံ)ရှိရမည့်အပြင် ဖွင့်လှစ်မည့် ရုံးအဆောက်အအုံမြေနေရာတို့ကိုလည်း တင်ပြရပြီး ပုဂ္ဂလိက အာမခံလုပ်ငန်းများအတွက် ချမှတ်ထားသော စည်းမျဉ်း စည်းကမ်း ရှစ်ချက်ဖြင့်လည်း ကိုက်ညီသူများကိုသာ ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


လေကြောင်းနှင့် ရေကြောင်းပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပ

လေကြောင်းပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲအား ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ၄ ရက်နေ့၊ နံနက် ၁၀ နာရီက နေပြည်တော်ရှိ ပို့ဆောင်ရေးဝန်ကြီးဌာနတွင် ကျင်းပခဲ့သည်။ တာဝန်ရှိသူများ၊ လေကြောင်းလိုင်းများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။


ကျပ်ငါးထောင်တန် ငွေဖြည့်ကတ် ထပ်မံထွက်ရှိမည်

မိုဘိုင်းဖုန်းများ၏ ကြိုတင်ငွေ ဖြည့်ကတ်များအား လက်ရှိထုတ်လုပ်နေသည့် ကျပ်တစ်သောင်းတန်၊ နှစ်သောင်းတန်နှင့် ကျပ်သုံးသောင်းတန် ငွေဖြည့်ကတ်များအပြင် ကျပ်ငါးထောင်တန် ငွေဖြည့်ကတ်များပါ မကြာမီ ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းရရှိသည်။


ဒဲရစ် မစ်ချဲလ် ရခိုင်ဒေသ သွားရောက်မည်

 

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာ ဒဲရစ် မစ်ချဲလ် သည် ရခိုင်ပြည်နယ်သို့ သွားရောက်ရန် ရှိကြောင်း သိရ သည်။ ယခုလ ၉ ရက်တွင် ရန်ကုန်မြို့မှ စစ်တွေမြို့သို့ စတင် သွားရောက်မည် ဖြစ်ပြီး ရခိုင်ဒေသတွင်း ပဋိပက္ခများနှင့် ပတ်သက်၍ လေ့လာရန် ဖြစ်ကြောင်း အမည်မဖော်လိုသူ အရာရှိတဦးကို ကိုးကား၍ နိရဉ္ဇရာ သတင်းက ဖော်ပြသည်။ သို့သော် ရက်မည်မျှ နေ မည်၊ မည်သူနှင့် တွေ့၍ မည်သည့် ကိစ္စများ လုပ်ဆောင်မည်ဆိုသည်ကို အတိအကျ မသိရှိရကြောင်း၊ အမေရိကန် သံရုံးကလည်း တစုံတရာ ထုတ်ပြန်ခြင်း မရှိသေးကြောင်းလည်း ပါရှိသည်။

ဒေါက်တာထွန်းအောင်ကို စစ်တွေခရိုင် တရားရုံးတွင် ထပ်မံစစ်ဆေး

မကြာသေးခင်က ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအတွင်း အာဏာပိုင်တွေက အမှု ၅ မှုနဲ့ ဖမ်းဆီး ထိန်းသိမ်းခဲ့တဲ့ ဒေါက်တာထွန်းအောင် (ခေါ်) နုရာဟက်ကို စစ်တွေခရိုင် တရားရုံးမှာ မနေ့က ထပ်မံ ရုံးထုတ် စစ်ဆေးခဲ့ပါတယ်။

LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment