တရုတ်နှင့် ပိုင်ဆိုင်မှုအငြင်းပွားနေသော တောင်တရုတ်ပင်လယ်အတွင်းရှိ ကျွန်းစုအားဝယ်ယူရန် ဂျပန်အစိုးရက သဘောတူလိုက်ပြီဖြစ်ကြောင်း ဂျပန်နေ့စဉ်သတင်းစာ ယိုမီယူရီက စက်တင်ဘာလ ၅ ရက်နေ့တွင် ဖော်ပြခဲ့သည်။
ဂျပန်တွင် ရှင်ကာကူ ၊ တရုတ်တွင် တိုင်အိုယူဟု သိကြသည့်ကျွန်းစုများအနက်မှ ကျွန်းသုံးကျွန်းကို မူလပိုင်ဆိုင်သည့် ဂျပန်မိသားစုထံမှ ယန်း ၂ ဒသမ ၀၅ ဘီလျံ (အမေ ရိကန်ဒေါ်လာ ၂၆ သန်း) ဖြင့်ဝယ်ယူရန် ဂျပန်အစိုးရက မကြာမီလက်မှတ်ထိုး စာချုပ်ချုပ်ဆိုတော့မည်ဖြစ်ကြောင်း အမည်မဖော်လိုသော အစိုးရသတင်းအမြစ်ကို ကိုးကားပြီး ယိုမီယူရီရှင်ဘွန်းနှင့် ကျိုဒိုသတင်းအေဂျင်စီတို့က ဖော်ပြခဲ့သည်။
ဂျပန်ဝန်ကြီးအဖွဲ့အတွင်းရေးမှူး ကိုယ်စားလှယ်သည် စက်တင်ဘာလ ၃ ရက်နေ့က ကျွန်းသုံးကျွန်းကို ၀ယ်ယူရန် ယင်းကျွန်းစုပိုင်ရှင်နှင့်တွေ့ဆုံပြီး အရောင်းအ၀ယ်အတွက် သဘောတူညီမှုရရှိခဲ့ကြောင်း ယိုမီယူရီရှင်ဘွန်းသတင်းစာက ဖော်ပြခဲ့သည်။
အရောင်းအ၀ယ်စာချုပ်ကိုမူ ယခုလကုန်တွင် ချုပ်ဆိုဖွယ်ရှိကြောင်းနှင့် အစိုးရဘက်က ယင်းကိစ္စနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာအတည် ပြုပြောကြားခြင်းမရှိသေးသော်လည်း ယခုလလယ်ပိုင်းတွင်မူ အတည်ပြု နိုင်ဖွယ်ရှိကြောင်း သိရသည်။
ယင်းကျွန်းစုကို ၀ယ်ယူနိုင်ရန် ပြည်သူများ၏ လှူဒါန်းမှုများကို စုဆောင်းထားလျက်ရှိပြီး ယင်းအရောင်းအ၀ယ်ကြောင့် တရုတ်နိုင်ငံနှင့်ဖြစ်ပေါ်လျက်ရှိသော တင်းမာမှုများသည် ပိုမိုမြင့်တက်လာဖွယ်ရှိကြောင်း သိရသည်။
ဝန်ကြီးချုပ်နိုဒါသည် ယင်းအရောင်းအ၀ယ်ကို ယခုလနှောင်းပိုင်းရှိ ကုလသမဂ္ဂ အထွေထွေညီလာခံပြီးနောက် ပြုလုပ်မည့် ဂျပန်-တရုတ်ထိပ်သီးအစည်းအဝေးတွင် ကြေညာရန် ကြံစည်ထားကြောင်း သိရသည်။
ဂျပန်ဝန်ကြီးအဖွဲ့မှ အရောင်းအ၀ယ်အား အတည်ပြုပြီးပါက တရုတ်တို့ဘက်မှ ဝေဖန်မှုများ ပိုမိုမြင့်တက်လာဖွယ်ရှိကြောင်း အဆာဟိရှင်ဘွန်းသတင်းစာတွင် ဖော်ပြခဲ့သည်။
ကျွန်းစုဝယ်ယူရေး ဂျပန်အစိုးရက သဘောတူညီခဲ့ကြောင်း ဂျပန်မီဒီယာများက ဖော်ပြခဲ့ပြီးနောက် တရုတ်က ပိုင်နက်ကို ကာကွယ်ရန် လိုအပ်သည့်အရေးယူများ ဆောင်ရွက်သွားမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment