၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျမ်းကျိန်ထားတဲ့ သမ္မတကြီးအစိုးရဆိုတာ မမေ့လိုက်ပါနဲ့

by မောင်ခင်အေးတင့်(မဒေါက်)

အခုလဆန်းပိုင်းကစလို့ ဗမာ့တပ်မတော်အတွင်း စစ်တပ်အရာရှိအတော်များများကို သမ္မတဦးသိန်းစိန်က နေရာအပြောင်း အရွှေ့လုပ်ခဲ့ပါ တယ်။ စပြောရင်တော့ ဒု-သမ္မတဟောင်း ဦးတင်အောင်မြင့်ဦးနေရာမှာ အရင် ရေတပ်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးဉာဏ်ထွန်းကို စစ်ယူနီဖေါင်းချွတ် ဦးဉာဏ်ထွန်းအဖြစ် အစားထိုးခန့်အပ်ခဲ့သလို ပြည်ထောင်စုကာကွယ်ရေးဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီး လှမင်းနေရာမှာ ဒု-ဗိုလ်ချုပ်ကြီးဝေလွင်ကို ခန့်အပ်တာဝန်ပေးအပ်ခဲ့ပြန်ပါတယ်။

ဒါ့ပြင် မကြာသေးခင် ရက်ပိုင်းလေးကလည်း ၀န်ကြီး၊ ဒု-၀န်ကြီး တွေ အရွှေ့အပြောင်း လုပ်ခဲ့ပါတယ်။ ထူးခြားတယ်လို့ ပြောချင်ပြောနိုင်တာက ဒီ ဒု-၀န်ကြီး အရွှေ့အပြောင်းမှာ ပထမ ဦးဆုံး ဗမာအမျိုးသမီးတယောက်ကို ဒု-၀န်ကြီးရာထူး အပ်နှင်းတာဝန်ပေးခဲ့တာဖြစ်ပါတယ်။ လူပြော များတဲ့ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းကိုတော့ သမ၀ါယမ၀န်ကြီးအဖြစ် ပြောင်းရွှေ့ချထားလိုက်ပါတယ်။ ဒါ့ပြင် စစ်အုပ်စုတွေရဲ့ အကျင့် ဟောင်းဖြစ်တဲ့ တရားဝင် မထုတ်ပြန်တဲ့ အခြားအပြောင်းအရွှေ့တွေလည်းရှိနိုင်ပါသေးတယ်။ အခြားအရွှေ့အပြောင်းတွေကိုတော့ (သမ္မတ ရုံးဝက်ဘ်ဆိုဒ်မှာသာ ဖတ်ကြည့်ကြပါ။)

မနေ့တနေ့ကလည်း လွတ်တော်ရေးရာ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး အဖွဲ့ဝင်ကိုးဦးစလုံးကို နိုင်ငံတော်သမ္မတရုံး အမိန့် အမှတ်(၂၉/၂၀၁၂)အရ ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၃၁နှင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံး ဥပဒေအမှတ် ၂၈-ပါ ပြဋ္ဌာန်းချက်များအရ မိမိဆန္ဒအရ နှုတ်ထွက်ခွင့်ပြုကြောင်း သမ္မတလက်မှတ်ရေးထိုး ကြေညာပြီး နှုတ်ထွက်စေခဲ့ပါတယ်။ အခုလောလောဆယ် ပြန်လည်ခန့်အပ်ခြင်း မပြုလုပ်ရသေးဘဲ ဖွဲ့စည်းပုံ အခြေခံဥပဒေ စည်းမျဉ်းစည်းကမ်းများအရသာ ပြန်လည်ရွေးချယ်ခန့်အပ်ရမှာ ဖြစ်ပါတယ်။ ဒါတွေကို အကျဉ်းချုံးပြန်ပြောရတာက ဒီလိုပါ။
အခု စစ်ရာထူးအပြောင်းအလဲမှာ လက်ရှိ ကေအိုင်အေနဲ့ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေတဲ့ ကချင်ပြည်နယ် မြစ်ကြီးနား အခြေစိုက် မပခ စစ်တိုင်းမှူးနဲ့ သျှမ်းပြည် (မြောက်ပိုင်း)လားရိုးမြို့အခြေစိုက် ရမခ စစ်တိုင်းမှူးတွေအပါအဝင် အနည်းဆုံး စစ်တိုင်းမှူး ၅-ဦး၊ ကစထမှူးနဲ့ တပ်မမှူးတွေ ပါရှိကြောင်းနဲ့ မပခစစ်တိုင်းမှူး ဗိုလ်ချုပ်ဇေယျာအောင်ကို မီးရထားဝန်ကြီးနဲ့ ရမခတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်ဇောကို တောင်ပိုင်းတိုင်း-စစ်တိုင်းမှူးအဖြစ် ပြောင်းရွှေ့လိုက်တယ်လို့ စစ်ရုံးချုပ်နဲ့ နီးစပ်သူတဦးက အတည်ပြုပြောဆိုပါတယ်။ လစ်လပ်သွားတဲ့ မပခနဲ့ ရမခ-စစ်တိုင်းမှူးနေရာတွေမှာ ရလခ တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်နဲ့ တပ်မတော်နည်းပညာ ကျောင်းအုပ်ကြီး ဗမခ အောင် စိုးတို့ကို ပြောင်းရွှေ့လိုက်ပါတယ်။ ဒါ့ပြင် လပခ၊ တပခ၊ ရလခတိုင်းမှူးတွေရဲ့နေရာမှာ ကစထမှူးနှင့် တပ်မမှူးတွေလည်း ပြောင်းရွှေ့ ရောက်လာကြပါတယ်။
ဒီလက်ရှိ စစ်တပ်အပြောင်းအလဲအပေါ် တရုပ်-ဗမာနယ်စပ် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောကတော့…
“ဒီအပြောင်းအလဲမှာ ထူးခြားချက် ၃ ခုလောက်သွားတွေ့တယ်၊ conflict ဖြစ်နေတဲ့ နယ်မြေတွေကို ရောက်လာတဲ့ ထွန်း ထွန်းနောင်ဆိုရင် တိုက်ရင်းနဲ့ ရာထူးတက်လာတာ၊ ကိုအောင်စိုးကလည်း စစ်သားမိသားစုထဲက ကြီးပြင်းလာပြီး လက်ရှိ တပ်မ ၈၈က တိုက်နေတဲ့သူတယောက် ပတ်ကားစစ်သားမိသားစုတွေထဲက ဖြစ်တယ်။ ကိုအောင်စိုးဆိုရင် ၂၆-အပတ် စဉ်မှာ ပထမဆုံး တိုင်းမှူး ဖြစ်လာတယ်။ ဒါဟာ စစ်ရပ်ချင်လို့ မဟုတ်ဘူးဆိုတာကို ပြတယ် ” “နောက်တစ်ခုက ဇေယျာ အောင်ကို မီးရထားဝန်ကြီးခန့်တဲ့ကိစ္စမှာ စစ်တပ်ကနေ ၀န်ကြီးနေရာကို တိုက် ရိုက်သွားတယ်ဆိုတာ အရင်နအဖ စစ်အစိုးရ လုပ်ထုံးလုပ်နည်းအတိုင်း လုပ်နေတုန်းပဲဆိုတာကို သွားတွေ့တယ်။ နောက်တစ်ခုက မင်း အောင်လှိုင် သူဟာ သူ့ရဲ့ကာကွယ်ရေးဦးစီးချုပ်ဘဝမှာ သူ့ထက် ဂျူနီယာအများကြီးကျတဲ့ အပတ်စဉ်ခွာတဲ့သူတွေကို ဆွဲတင်နေတာ ဖြစ် တယ်။ သူနဲ့ ၁၉ အပတ်စဉ်တူတဲ့ လူအားလုံးဆိုရင် နိုင်ငံခြားရေးဝန်ကြီးရုံးကို ရောက်သွားပြီ အခုတခေါက် အပြောင်းအလဲမှာ ပိုပြီး သိသာလာတယ်။ ဗိုလ်နေဝင်းတုန်းကလို ဗိုလ်သန်းရွှေတုန်းကလို လုပ်နည်းတွေက ဘာမှမပြောင်းဘူးဆိုတာကို တွေ့ရတယ် ” လို့ သုံးသပ် ပြောဆိုပါတယ်။
ဒါကိုကြည့်ရင် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်ဟာ ဗိုလ်သန်းရွှေရဲ့ အရိပ်မိုးထားတာကနေ လွတ်လွတ်ကင်းကင်း မဖြစ် သေးဘူးဆိုတာ အထင်ရှားဆုံး သက်သေပါပဲ။ သူတဦးတည်းသဘောနဲ့လည်း လုပ်လို့မရနိုင်ပါဘူး၊ ဗိုလ်သန်းရွှေကိုယ်တိုင် ရွေးချယ်ခန့်အပ်ထားတဲ့ ကာချုပ် မင်းအောင်လှိုင်ရဲ့ သဘောတူညီ ခွင့်ပြုချက်မယူဘဲနဲ့ လုပ်ဝံ့ပါ့မလားဆိုတာ စဉ်းစားစရာပါ။ သာမန်အပေါ်ယံလောက်အနေနဲ့တော့ သမ္မတ ကြီး ဦးသိန်းစိန်ဟာ အမှန်တကယ် ပြုပြင်ပြောင်းလဲရေးကို လိုလားတဲ့သူ ပုံရိပ်အဖြစ်တော့ မြင်ကောင်းမြင်လို့ရနိုင်ပေမဲ့ သူလုပ်သမျှကိစ္စ တိုင်းဟာ စစ်တပ်လူတန်းစား အုပ်စိုးချုပ်ကိုင်ရေးဆိုတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ မူကျောရိုးကနေ နည်းနည်းလေးမှ မလွတ်သွားသေး ပါဘူး။
ဒါ့ပြင် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ တည့်တန့်ခိုင်မြဲရေးကို ထပ်ဇောင်းပေးလိုက်တာက ကေအိုင်အေအဖွဲ့အနေနဲ့ အပစ် အခတ်ရပ်စဲရေးလုပ် ငန်းစဉ်ကို လုံးဝဆွေးနွေးညှိနှိုင်းမှု မပြုလုပ် နိုင်ငံရေးအရ ဆွေးနွေးမှုပြုလုပ်ပြီးမှသာ အပစ်အခတ်ရပ်စဲ မည် ဆိုသည့်အချက်ကို ကိုင်စွဲထား ဆိုတဲ့ခေါင်းစဉ်နဲ့ စစ်အစိုးရပိုင် စက်တင်ဘာ(၆)ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ မှာ ကာကွယ်ရေးဝန်ကြီးဌာန ဒု-၀န်ကြီး ဗိုလ်မှူးချုပ်အောင်သော်က တပ်မတော်နှင့်ကေအိုင်အေ ပစ်ခတ်တိုက်ခတ်မှုများ စတင်ဖြစ်ပွားခဲ့သည့် ၂၀၁၁ခုနှစ် ဇွန်လမှစတင်၍ ပြည်နယ်အဆင့် ၃-ကြိမ်၊ ပြည်ထောင်စုအဆင့် ၃-ကြိမ်၊ အလွတ် သဘော ၄-ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပါကြောင်း၊ တပ်မတော်အနေနှင့် ငြိမ်းချမ်းရေးကို အပြည့်အ၀ လိုလားပါကြောင်း၊
နိုင်ငံတော်သမ္မတကလည်း ၂၀၁၁ခုနှစ် ဒီဇင်ဘာ ၁၀-ရက်တွင် ကချင်ပြည်နယ်အတွင်း ခုခံကာကွယ်ရုံမှအပ ပစ်ခတ် တိုက်ခိုက်ခြင်း၊ ကေအိုင်အေတပ်စခန်းများအား ချီတက်ထိုးစစ်ဆင်ခြင်း မပြုလုပ်ရန် ညွှန်ကြားခဲ့ပါကြောင်း၊ နိုင်ငံတော် သမ္မတ၏ ယင်းညွှန်ကြားချက်အပေါ် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် ကွပ်ကဲမှုအောက်တပ်များကို ချက်ချင်း ချပြပြီး သက်ဆိုင်ရာ တပ်ရင်း/တပ်ဖွဲ့များမှလည်း တိကျစွာ လိုက်နာဆောင်ရွက်လျှက် ရှိပါကြောင်း ဗိုလ်မှူးချုပ် အောင် သော်က ပြောထားသော်လည်း လက်ရှိ ကချင်ပြည်နယ် ဖားကန့်မြို့နယ် KIA နယ်မြေအတွင်း အစိုးရစစ်တပ်မှ သြဂုတ်လ မှစ၍ ယခုစက်တင်ဘာလအထိ နေ့စဉ်တိုက်ပွဲဖြစ်ပွားမှု ပြင်းထန်လာတာကြောင့် ဖားကန့်မြို့အနီးက ကျေးရွာဒေသခံတွေ ဟာ လုံခြုံရာ ဖားကန့်မြို့တွင်းရှိ မှော်ဝမ်း၊ မရှီကထောင်၊ မေသီလကျောင်း၊ ရခိုင်ရိုးရာ ယဉ်ကျေးမှုကျောင်း၊ ရှမ်းရိုးရာ ယဉ်ကျေးမှုကျောင်း၊ ဗုဒ္ဓဘုန်းကြီးကျောင်း၊ ကက်သလိတ်-RC-ဘုရားကျောင်း၊ ခရစ်ယာန်နှစ်ခြင်းကျောင်း စတဲ့နေရာတွေ ဆီ ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒုက္ခသည်တသိန်းခန့်ထိ တိုးများလာနေတာက ဒု-ကာကွယ်ရေးဝန်ကြီးရဲ့ စကားဟာ လွှတ်တော်နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဂုဏ်သိက္ခာကို မထီမဲ့မြင် စော်ကားရာကျနေပါတယ်။ ဒါတင်မက ဩဂုတ် လ ၃၁-ရက်နေ့ကနေ စက်တင်ဘာ ၃-ရက်နေ့အထိ ကေအိုင်အေကို ချေမှုန်းထိုးစစ်ဆင်ဖို့ ဖားကန့်ကျော်စိမ်းမှော်ဒေသကို စစ်ရဟတ်ယာဉ်တွေနဲ့ စစ်သည်အင်အားအပါအ၀င် စစ်လက်နက်ကိရိယာတွေကို လူးလာခေါက်တုန့် ၇-ကြိမ်ထက်မနည်း သွားပို့နေတဲ့ပုံတွေကိုလည်း သတင်းမီဒီယာတွေမှာ ရှောင်လွှဲမရ မြင်တွေ့နေရပါတယ်။
တပ်မတော်အနေဖြင့် ပြည်သူလူထုအသုံးပြုနေသည့် လမ်းကြောင်းနှင့် နယ်မြေလုံခြုံရေးတာဝန် ထမ်းဆောင်နေသည့် ဌာန ချုပ်များ၊ တပ်စခန်းများ၊ စစ်ကြောင်းများသို့ ရိက္ခာပို့ဆောင်စဉ်၊ လူနာပို့ဆောင်စဉ်၊ တာဝန်လဲလှယ်စဉ်၊ လုံခြုံရေးနှင့် နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် ကေအိုင်အေအဖွဲ့မှ နှောင့်ယှက်ပစ်ခတ်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်း စုစုပေါင်း (၉၂၆) ကြိမ် ပြုလုပ်ခဲ့သဖြင့် ထိတွေ့မှုများ ဖြစ်ပွားခဲ့ရခြင်းဖြစ်ပါကြောင်း၊ ယခုကာလအတွင်း ကေအိုင်အေအဖွဲ့အနေဖြင့် စစ်ရေးနှင့် မသက်ဆိုင်သော ပစ်မှတ်များဖြစ်သည့် အများပြည်သူသုံး လမ်းတံတားများအား မိုင်းခွဲခြင်း (၆၆) ကြိမ် ပြုလုပ်ခဲ့ပါကြောင်း၊ သမ္မတကြီး၏ ညွှန်ကြားချက်ရရှိပြီးနောက် တပ်မတော်အနေဖြင့် ကေအိုင်အေစခန်းများအား ထိုးစစ်ဆင်ခြင်းကို လုံးဝ ပြုလုပ်ခဲ့ခြင်း မရှိပါကြောင်း၊ သို့သော် အများပြည်သူ အသုံးပြုလျှက်ရှိသည့် လမ်းကြောင်းနှင့် နယ်မြေလုံခြုံရေး ဆောင်ရွက် စဉ် တဖက်မှ တိုက်ခိုက်လာမှုအား ပြည်သူလူထု၏ အကျိုးစီးပွားကို အစဉ်စောင့်ရှောက်ရန် တာဝန်ရှိသည်နှင့်အညီ ယင်း တာဝန်ကိုသာ ထမ်းဆောင်နေခြင်း ဖြစ်ပါကြောင်း၊ ကေအင်န်ယူငြိမ်းချမ်းရေးအဖွဲ့နှင့် ငြိမ်းချမ်းရေးဆောင်ရွက်ရာတွင် နှစ် ဖက်ရိုးသားမှု၊ ယုံကြည်မှုရှိကြသည့်အတွက် ပြဿနာတစုံတရာ ဖြစ်ပွားခြင်းမရှိဘဲ နယ်မြေတည်ငြိမ်အေးချမ်းမှု ရှိနေခြင်း ကို သာဓကအဖြစ် တွေ့မြင်နိုင်ပါကြောင်း ဒု-၀န်ကြီးရဲ့ ဖြေကြားချက်အပေါ် ကေအိုင်အေပြောခွင့်ရ ဦးလနန်က “သူတို့ စစ်ဆင်ရေးလုပ်လာတဲ့အချိန်မှာ ဒေသခံသွားတဲ့လမ်းတွေကို အသုံးမပြုဘူးဆိုရင်တော့ ဒီကိစ္စပေါ်လာနိုင်စရာ အကြောင်း မရှိဘူး။ သူတို့က လူထုကို အကာအကွယ်လုပ်ပြီး အရပ်ဝတ်ပုံစံနဲ့ လူထုတွေနဲ့ရောပြီး မော်တော်ယဉ်တွေ စီးလာတယ်။ ဒီလိုလုပ်တော့ စစ်ရေးအရ ပြန်ပြီးတုန့်ပြန်ရတာပဲ” ဖြစ်ပါတယ်လို့ တုန့်ပြန်ပြောဆိုပါတယ်။
ကျန်တိုင်းရင်းသားလက်နက်ကိုင်(၁၀)ဖွဲ့သည်လည်း အပစ်အခတ်ရပ်စဲရေးမှတဆင့် ငြိမ်းချမ်းရေးသဘောတူလက်မှတ် ရေးထိုးနိုင်ခဲ့သည်အထိ အောင်မြင်မှုရရှိနေသည်ကို တွေ့မြင်နိုင်ပါကြောင်း၊ ကေအိုင်အေအဖွဲ့အနေဖြင့် အပစ်အခတ်ရပ်စဲ ရေးလုပ်ငန်းစဉ်ကို လုံးဝဆွေးနွေးညှိနှိုင်းမှု မပြုလုပ်ဘဲ နိုင်ငံရေးအရ ဆွေးနွေးမှုပြုလုပ်ပြီးမှသာ အပစ်အခတ်ရပ်စဲမည်ဆို သည့်အချက်ကို ကိုင်စွဲထားသဖြင့် လတ်တလော ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပေါ်နေရခြင်း ဖြစ်ပါကြောင်း၊ တပ်မတော် အနေဖြင့် ကေအိုင်အေအဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေးအပါအ၀င် ထာဝရငြိမ်းချမ်းရေး ရရှိစေရေးအတွက် စိတ်ရှည်သည်းခံ စွာဖြင့် ဆောင်ရွက်လျှက်ရှိပါကြောင်း၊ ကေအိုင်အေအနေဖြင့် နိုင်ငံတကာနှင့် အများကလက်ခံကျင့်သုံးလျှက်ရှိသည့် ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်များအတိုင်း ဆက်လက်ဆောင်ရွက်မည်ဆိုပါက အခြားအဖွဲ့များနည်းတူ ငြိမ်းချမ်းရေးသဘောတူညီ ချက်များ လက်မှတ်ရေးထိုးနိုင်မည် ဖြစ်ပါကြောင်းဖြင့် ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ အမျိုးသားလွှတ်တော်ကိုယ် စားလှယ် ဦးခက်ထိန်နန်၏ မေးမြန်းချက်အပေါ် ဒု-၀န်ကြီးရဲ့ ပြန်လည်ဖြေကြားချက်ဟာ မဟုတ်မမှန်ကြောင်း KIO ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်က… ကျနော်တို့ အမြဲပြောနေတာကတော့ အခုဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုတွေဟာ အဓိက ပြဿနာ မဟုတ်ဘူး။ တိုင်းရင်းသားအရေးနဲ့ ပတ်သက်တဲ့ နိုင်ငံရေးပြဿနာပါ။ ဒီနိုင်ငံရေးပြဿနာကို အစိုးရအဆက် ဆက်က မဖြေရှင်းနိုင်တဲ့အတွက် တိုက်ပွဲဖြစ်နေရတာပါ၊ ၎င်းတို့အနေဖြင့် အစိုးရနှင့် ဆယ်နှစ်ကျော် အပစ်အခတ်ရပ်စဲရေး လုပ်၍ ဆက်ဆံရေးရုံးဖွင့်၊ ဒေသ ဖွံ့ဖြိုးရေး လုပ်ခွင့်သာရခဲ့ပြီး လက်ရှိအစိုးရဘက်က အပစ်ခတ်ရပ်စဲရေးကိစ္စ တတွင်တွင် ပြောသော်လည်း နိုင်ငံရေးဆွေးနွေးရေးကိစ္စကို အစိုးရဘက် အလေးမထားကြောင်း ပြောပါတယ်။
ဒါတွေကိုကြည့်ရင် နိုင်ငံတော်သမ္မတကြီးဦးဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နဲ့ လုပ်ငန်းကော်မတီ ရဲ့ ငြိမ်းချမ်းရေးဖြစ်ပေါ်ရေး ကြိုးပမ်းချက်တွေဖြစ်တဲ့ အပစ်အခတ်ရပ်စဲရေး၊ ထာဝရငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ တွေအပေါ် အမျိုးသားပြည်သူတရပ်လုံးအနေနဲ့ ယုံကြည်စိတ်ချဖို့ ခဲယဉ်းနေပါသေးတယ်။ ဒီအချက်ကို ထပ်ပိုးနေတဲ့အကြောင်းအရာ အဖြစ်အပျက်ကိစ္စတွေကလည်း တိုင်းပြည်တ၀ှမ်း နေရာအနှံ့အပြားမှာ ဖြစ်ပေါ်နေပါတယ်။ အထူးသဖြင့်ကတော့ အစိုးရက လယ်မြေယာ မြေဥပဒေကို ပြဋ္ဌာန်းပေးပြီး စီးပွားရေးလုပ်ငန်းရှင် ခရိုနီတွေနဲ့ ဒေသအာဏာ ပိုင်တွေ ပူးတွဲပြီး ပြည်သူပြည်သားတွေရဲ့ ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်စားသောက်နေတဲ့ လယ်မြေ ယာမြေ ဥယျာဉ်ခြံမြေ တွေကို အတင်းအဓမ္မ မတရား လိုက်လံသိမ်းဆည်းနေတာတွေဟာ ဒီကနေ့ သတင်းတွေ၊ မီဒီယာတွေမှာ ပလူပျံနေပါ တယ်။
သာဓကအနေနဲ့ တခုပြောရရင် မနေ့ စက်တင်ဘာ(၁၀) ရက်နေ့ မနက် ၉း၁၅မိနစ်က စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ၀က်မှေးကျေးရွာ လက်ပံတောင်းတောင်ကျေးရွာနဲ့ လယ်ယာမြေသိမ်းခံရတဲ့ ဒေသခံတောင်သူ (၁၀) ဦးက လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဆန္ဒပြပွဲ အေးအေးချမ်းချမ်းနဲ့ အောင်မြင်ဖို့ရာ အတွက် ဘုရားဝတ်ပြုဆုတောင်းနေတာကို ဒေသဆိုင်ရာ အာဏာပိုင်တွေက ဟန့်တားတဲ့အနေနဲ့ မုံရွာမြို့ ဆုတောင်းပြည့် ဘုရားကြီး ရင်ပြင်တော်ဝင်ပေါက်အားလုံးကို ထွက်ပေါက်မရှိစေရန် ပိတ်လှောင် ထားလိုက်သလို နောက်ထပ် ဘုရားဝတ်ပြုဆုတောင်းဖို့သွားတဲ့သူ အယောက် (၁၀၀) ကို ခရိုင်ရဲအရာရှိရဲ့အမိန့်နဲ့ မီးသတ်ကား ၃-စီး၊ လုံခြုံရေး ရဲတပ်ဖွဲ့ဝင် (၁၅၀) က တား ဆီးပိတ်ပင်ထားလိုက်တာမို့ သမ္မတကြီးအစိုးရပြောတဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကိုလုပ်ဆောင်နေပါတယ်ဆိုတာဟာ သန်း (၆၀) သော ပြည်သူတွေကို စာမတတ်ပေမတတ် ငတုံးငအတွေပဲဆိုပြီး ငါ့စကားနွားရ လိမ်လည်လှည့်ဖျား စော်ကားနေတာပဲဖြစ်ပါတယ်။ သန်းရွှေ ပုပ်ထဲကပဲတွေ ချည်းဖြစ်နေပါတယ်။

၂-နှစ်သက်တမ်းဝင်လာပြီဖြစ်တဲ့ စစ်တပ်ကျောထောက်နောက်ခံ အရပ်သားစစ်တပိုင်းအစိုးရ သမ္မတ ဦးသိန်းစိန်ရဲ့ ဒီ အပြောင်း အရွှေ့ အလဲတွေက အမှန်တကယ် သန်း(၆၀)သော ပြည်သူတရပ်လုံးရဲ့ လူမှုစီးပွားဘ၀ ပြေလည်ချောင်ချိစေ ရေးနဲ့ အမျိုးသားဖိနှိပ်မှု ကင်းစင်ရေး အတွက် ဟုတ်ဟန်မတူဘဲ စစ်ရာဇ၀တ်ကောင် စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ အင်မတန် ဆိုးဝါးလှစွာ ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အကာအကွယ်ပေးဖို့ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၄) ကူးပြောင်းရေးကာလပြဋ္ဌာန်းချက်များ ပုဒ်မ(၄၄၅)-(၄၄၆)အရ အပေါ်ယံ သကာရည်လောင်း ပုံဖော်နေတာသာ ဖြစ်ပါလိမ့်မယ်။ ဒါဆိုရင်တော့ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဥပဒေတွင်း ဥပဒေပ၊ လွှတ်တော်တွင်း လွှတ်တော်ပ လူထုနိုင်ငံရေးနဲ့ လူထုအာဏာဖီဆန်ရေးတိုက်ပွဲအဖြစ် နည်းပုံသဏ္ဍာန် ပေါင်းစုံနဲ့ ပေါင်းစပ်တိုက်ပွဲဝင် သွား ဖို့ကလွဲလို့ တခြားမရှိတော့ပါဘူး။ လူထုပါရင် အရာရာပြီးမြောက်ပါတယ်။ လူထုကသာ အခရာပါ။


LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment