မြန်မာသတင်းများ  စက်တင်ဘာ ၀၇၂၀၁၂

NCGUB ၀န်ကြီးချုပ်နဲ့ တွေ့ဆုံ မေးမြန်းခန်း

အမေရိကန်မှာ လက်ရှိအာဏာရ ဒီမိုကရက်တစ်ပါတီနဲ့ သမ္မတ အိုဘာမားက မြန်မာနိုင်ငံအပေါ်မှာ လက်တွေ့ကျ ဆက်ဆံရေး မူဝါဒနဲ့ ချဉ်းကပ်ခဲ့ပါတယ်။ မြန်မာအစိုးရဘက်က ပြုပြင်ပြောင်းလဲရေး အခြေအနေ တိုးတက်ရင် တိုးတက်သလို ပိတ်ဆို့ဒဏ်ခတ်မူတွေကိုလည်း အကန့်အသတ်နဲ့ တစ်ခုချင်း လျော့ချပေးခဲ့ပါတယ်။ ဒီလိုသမ္မတအိုဘားမားရဲ့ လက်တွေ့ကျကျ ဆက်ဆံရေးမူဝါဒနဲ့ ပတ်သက်လို့ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရအဖွဲ့ NCGUB ရဲ့ ၀န်ကြီးချုပ် ဒေါက်တာစိန်ဝင်းကို ဗွီအိုအေ မြန်မာသတင်းဌာန ဌာနမှူး ဦးသန်းလွင်ထွန်းက တွေ့ဆုံမေးမြန်းထားပါတယ်။

ဦးသန်းလွင်ထွန်း။   ။အမေရိကန်မှာ လက်ရှိလုပ်နေတဲ့ ဒီမိုကရက်တစ်ပါတီရဲ့ ပါတီညီလာခံမှာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမူတွေနဲ့ပတ်သက်ပြီးတော့ တော်တော်လေးကို သူတို့ ချီးမွမ်းခန်းတွေ ဖွင့်သွားပါတယ်။ ပါတီရဲ့ လက်ရှိသမ္မတ အိုဘားမားရဲ့ လက်တွေ့ကျ ဆက်ဆံရေးမူဝါဒ ရဲ့ ချဉ်းကပ်ပုံ မှန်ကန်မူ ပုံစံမျိုးလေးတွေကိုလည်း သူတို့တွေ ဂုဏ်မြှောက်ပြောဆိုနေတာတွေရှိတယ်။ ပါတီအနေနဲ့ ပါတီရဲ့ ကြေညာချက်တွေမှာပေါ့နော်။

ဒါတွေနဲ့ပတ်သက်ပြီးတော့ သမ္မတအိုဘားမားရဲ့ မြန်မာနိုင်ငံအပေါ် လက်တွေ့ကျ ချဉ်းကပ် လုပ်ဆောင်မူ မူဝါဒမှာ ပြည်ပရောက် ဒီနိုင်ငံရေးအဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍက ဘယ်လောက်အထိ ရှိခဲ့သလဲ ဆိုတာလေး ရှင်းပြပေးပါလား။

ဝန်ကြီးချုပ်ဒေါက်တာစိန်ဝင်း။   ။ ကျနော်တို့ကတော့ သမ္မတအိုဘားမားရဲ့ ချဉ်းကပ်မူကို ကြိုဆိုပါတယ်။ ဒီပြည်ပရောက် ဆိုတာတော့ ကျနော်တို့အဖွဲ့အစည်း အနေနဲ့ပဲ ကျနော် ပြောဖို့ပေါ့နော်။ ဒါက ဘာလဲဆိုတော့ အရင်ကတည်းက  ကျနော်တို့အနေနဲ့ Sanctions တွေ ခေါ်ထားတယ်။ ဝေဖန်မူတွေ လုပ်တယ်။ တချိန်တည်းမှာပဲ ကျနော်တို့ အမေရိကန်အစိုးရကို တိုက်တွန်းပါတယ်။ ဒါ သက်သေတွေလည်း ရှိပါတယ်။

တိုက်တွန်းတယ်ဆိုတာ သူတို့နဲ့ စကားပြောပါ။ Engagement ကို လုပ်ပါ။ သူတို့နဲ့ စကားမပြောပဲ မနေပါနဲ့။ စကားပြော။ ကျနော်တို့ တိုက်တွန်းတယ်။ နောက်ပြီး အဲ့ဒီ့အချိန်တုန်းက Republican အစိုးရ ပေါ့နော်။ဆိုတော့ Democrat ရော Republican ရောက အထူးသဖြင့် Congress မှာ Bipartite ထောက်ခံမူကို ကျနော်တို့ ရခဲ့ပါတယ်။

ဦးသန်းလွင်ထွန်း။   ။ ပြီးခဲ့တဲ့ နှစ်၂၀ကျော် ကာလအတွင်းမှာ ဆရာတို့အနေနဲ့က ဒီ အထူးသဖြင့် အစောပိုင်း ကာလတွေမှာ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမူ၊ အထီးကျန် ဒဏ်ခတ်ထားမူ၊ အဲ့ဒီ့အနေအထားကနေ လက်တွေ့ကျ ဆက်ဆံတဲ့အခြေအနေ အထိ တဖြေးဖြေး ရွေ့လျော လာအောင် လုပ်တယ်ဆိုတဲ့ နေရာမှာ ဒါက ဆရာတို့ရဲ့ ချဉ်းကပ်မူတွေ ဆရာတို့ရဲ့ တိုက်တွန်းမူတွေက တော်တော်လေး အရေးပါ အရာရောက်ခဲ့တယ်လို့ ဆိုချင်တာလား။

ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်း။   ။ ဟုတ်ကဲ့။ ဟုတ်ကဲ့။ ကျနော်တို့ရဲ့ ချဉ်းကပ်မူက အရေးပါ အရာ ရောက်တယ်။ တွန်းအားပေးတယ်ပေါ့ဗျာ။ ဒီလိုတော့ ကျနော် ဆိုနိုင်ပါတယ်။

ဦးသန်းလွင်ထွန်း။   ။ အဲ့တော့ ကျနော်ထပ်ဆင့်ပြီး မေးချင်တာကတော့ ဒီလိုပြည်တွင်းမှာ အခုမြင်နေရတဲ့ ရုတ်တရက်ကြီး အရှိန်အဟုန်နဲ့ ထပြီး ဖြစ်လာခဲ့တဲ့ ပြုပြင်ပြောင်းလဲမူတွေပေါ့လေ။ အဲ့တာတွေက အခု ဆရာပြောသလို အပြင်ဘက်က ဒီ-တွန်းအားပေးမူတွေရဲ့ အကြောင်းကြောင့်လား။

ဒါမှမဟုတ်လို့ ရှိရင် အစိုးရကိုယ်တိုင်ကိုက သူတို့ပုံဖော်ခဲ့သလို လမ်းပြမြေပုံ-ခုနှစ်ချက်လိုပေါ့နော်။

တဆင့်ချင်း လုပ်ဆောင်သွားတဲ့ ရည်ရွယ်ချက် ရှိရှိနဲ့ တဖြေးဖြေးချင်း ပြောင်းလာနေတဲ့ အခြေအနေကြောင့်လား။ ဒါမှမဟုတ်လို့ရှိရင် မကြာသေးခင် အချိန်ကာလအထိ အကျဉ်းထောင်တွေထဲမှာ ဒါမှမဟုတ်လို့ရှိရင် အချုပ်အနှောင်ခံနေရတဲ့ ပြောရေးဆိုခွင့် မရှိခဲ့တဲ့ ပြည်တွင်းနိုင်ငံရေး လူပ်ရှားမူတွေ၊ အဖွဲ့အစည်းတွေ၊ ပုဂ္ဂိုလ်တွေရဲ့ အခန်းကဏ္ဍတွေကြောင့်လား။ ဘယ်လိုမျိုးတွေကြောင့်ပါလဲ။

ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်း။   ။ ကျနော်ကိုယ်ပိုင်အမြင်အရဆို သုံးခုစလုံး ပါတယ်ဗျ။ ဘာကြောင့်လဲ ဆိုတော့ အားလုံးပြောတဲ့အတိုင်းပဲ သူတို့ ဒီ န၀တ၊ နအဖ ပြောင်းတဲ့အချိန်မှာ လမ်းပြမြေပုံတော့ မဟုတ်ဘူးပေါ့ဗျာ။ National Convention ဆိုတာကို ပြောသွားတယ် နော်။

၁၉၉၀ ရွေးကောက်ပွဲ ပြီးတဲ့အခါမှာ ရွေးကောက်ပွဲရလာဒ်အတိုင်း အကောင်အထည်ဖော်မယ့်အစား  National Convention အမျိုးသားညီလာခံဆို လမ်းပြောင်းလိုက်တယ်။ တချိန်တည်းမှာပဲ နောက်တခါ လမ်းပြမြေပုံဆိုတာ ပေါ်လာတယ်။ အဲ့တော့ ဒီ နအဖမှာလည်း ဒီလမ်းကြောင်းကိုတော့ သူတို့စဉ်းစားတဲ့ စဉ်းစားချက် ရှိနိုင်တာပေါ့ဗျာနော်။

တဖက်ကလည်း ဒီစဉ်းစားချက်ကို တွန်းအားပေးနိုင်တာက ပြည်တွင်းမှာရှိတဲ့ အခုနပြောသလို အကျဉ်းထောင်ထဲ ရောက်နေတဲ့သူတွေ ဒီလမ်းမပေါ်မှာ ဆန္ဒပြတဲ့သူတွေ အထူးသဖြင့် ဒီရွှေဝါရောင်ကိစ္စတွေ ပေါ်လာတယ်။ နာဂစ်ကိစ္စတွေ ပေါ်လာတယ်။

ဒီကိစ္စတွေ ပေါ်လာတဲ့အခါမှာ ကျနော်တို့အမြင်အရဆိုရင် ဒီအတိုင်းကြီး ဆက်သွားဖို့ဆိုတာတော့ မဖြစ်တော့ဘူး။ သူတို့ အင်္ဂလိပ်လိုပြောရင်တော့ Lost and Legitimacy ပေါ့ဗျာ။ ဘာပဲပြောပြော အဲ့တော့ အချက်က သုံးချက်စလုံး ပါပါတယ်။ ကျနော့်အမြင်က။

ဦးသန်းလွင်ထွန်း။   ။ ဟုတ်ကဲ့။ အဲ့တော့ မြန်မာနိုင်ငံထဲမှာ အခုမြင်နေရတဲ့ ပြုပြင်ပြောင်းလဲမူတွေက အများစိုးရိမ်နေသလိုပေါ့နော်။ ပြောင်းပြန် နောက်ကြောင်းပြန်သွားမယ့် အနေအထားမျိုးတွေရော ရှိနေသေးလား။

ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်း။   ။ အဲ့တာကတော့ ရှိတယ်ဗျ။ ရှိပြီး အဲ့တာကိုလည်း အထူးသဖြင့် လူတွေက စိုးရိမ်တယ်။ ဒီအကြောင်းကြောင့်လည်း ကျနော်တို့ President အိုဘားမားကို ပြောချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ ဒါတွေလုပ်တာ။ ဒါပေမယ့်လို့ ပွဲမပြီးသေးဘူးလို့။

မြန်မာလို ခေါ်ရင်တော့ ပွဲမပြီးသေးဘူးပေါ့ဗျာ။ ဒီမိုကရေစီအပြောင်းအလဲကို ကျနော်တို့ မရောက်သေးဘူး။ အဲ့တာကြောင့်မို့လို့ အမေရိကန်အစိုးရရဲ့  မြန်မာပေါ်မယ် ထားတဲ့ ကန့်သက်ချက်တွေ အကုန်လုံးကိုတော့ မရုပ်သိမ်းပါနဲ့ဦးလို့ ကျနော် ပြောချင်တယ်။

ဦးသန်းလွင်ထွန်း။   ။ အဲ့တာဆိုရင် ပြည်တွင်းမှာရှိတဲ့ သမ္မတဦးသိန်းစိန်ကိုရော ဘယ်လိုပြောချင်လဲ။

ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်း။   ။ သမ္မတဦးသိန်းစိန်က သူ လုပ်တယ်လို့ ကျနော်မြင်တယ်။ ဒါပေမယ့်လို့ ကျနော်တို့ ပြောပြောနေတဲ့ Anti-reformist တွေက ရှိသေးတယ်ဗျ။ ဥပမာ ကချင်ပြည်မှာ တိုက်ပွဲတွေဖြစ်နေတယ်။ သမ္မတဦးသိန်းစိန်က ဒါကို တနည်းနည်းနဲ့ ရပ်ဖို့ ပြောတာ ကျနော်တို့ ခဏခဏ ကြားရပါတယ်။ တခါ မကပါဘူး။ ဒါပေမယ့်လို့ ဗမာ့တပ်မတော်ဟာ အကြီးအကျယ်ကို ထိုးစစ်တွေ ဆင်နေတယ်။ ဒါက မဟုတ်တော့ဘူးလေ။ ဒီလိုဟာမျိုးတွေ ပေါ်လာတယ်။

နောက်တခါ ဒီမိုကရေစီဆိုရင် အခြေခံဥပဒေက ဒီမိုကရေစီနဲ့ လိုက်လျောညီထွေတဲ့ အခြေခံဥပဒေ ဖြစ်ရမှာပေါ့။ တပ်မတော်ကို Commander in Chief ပေါ့နော် တပ်မတော်ဗိုလ်ချုပ်ကို အင်မတန်ကြီးမားတဲ့ အာဏာပေးထားမျိုးလည်း မပေးထားသင့်ဘူး။

ဦးသန်းလွင်ထွန်း။   ။ အဲ့ဒီ့ပြောင်းလဲမူကို ဦးတည်နေတယ်လို့ရော မမြင်ဘူးလား။
ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်း။   ။ ဦးတည်နိုင်ပါတယ်။ ဒါပေမယ့် အဲ့တာကို lift ပေါ့ဗျာ။ မဖျက်ပဲနဲ့ဆိုရင် ခုနပြောသလို ပြန်သွားနိုင်တယ်။ ပြန်သွားနိုင်တဲ့ စိုးရိမ်ချက်က ရှိနေတယ်။ ပြန်ပြီးတော့ in a reversible မဟုတ်ပဲ reversible ပြန်ပြီး သွားနိုင်တဲ့အတွက် ကျနော်တို့က President အိုဘားမားကိုပြောတာပါ။

ဦးသန်းလွင်ထွန်း။   ။ ကျေးဇူးတင်ပါတယ်ခင်ဗျ။

VOA ဌာနမှူးဦးသန်းလွင်ထွန်းက ၀န်ကြီးချုပ် ဒေါက်တာစိန်ဝင်းကို တွေ့ဆုံမေးမြန်းခဲ့တာပါ။

ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရအဖွဲ့ NCGUBကို ဖျက်သိမ်းမလား။
မြန်မာနိုင်ငံကိုပဲ ပြန်လည်သွားရောက်ပြီး မြန်မာ့နိုင်ငံရေး ဆက်လက် ဆောင်ရွက်ကြမလား ဆိုတာကိုတော့ NUGUB ဝန်ကြီးဒေါက်တာစိန်ဝင်းနဲ့ တွေ့ဆုံမေးမြန်းခန်းကို နောက်တပတ် ထုတ်လွှင့်မယ့် VOA TV မဂ္ဂဇင်းအစီအစဉ်နဲ့ မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းတွေမှာ နားဆင်နိုင်ကြပါတယ်။

UMFCCI နဲ့ FTUB ပထမဆုံးအကြိမ် တွေ့ဆုံ


မြန်မာနိုင်ငံကို လေးပတ်ကြာ ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ ပြည်ပအခြေစိုက် မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် FTUB နဲ့ မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း UMFCCI တို့ မနေ့က ရန်ကုန်မြို့မှာ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြပါတယ်။

 ဖွဲ့စည်းပုံခုံရုံး ဥက္ကဌနဲ့အဖွဲ့ဝင်များ နုတ်ထွက်


ဖွဲ့စည်းပုံဆိုင်ရာခုံရုံး တာဝန်ရှိသူတွေကို ရာထူးကနေ အနားပေး ဖယ်ရှားဖို့ဆိုတဲ့ အဆိုကို လွှတ်တော်တွင်း သတ်မှတ်ထားတဲ့ မဲအရေအတွက် သုံးပုံနှစ်ပုံ ထောက်ခံမှုရပြီး ဆုံးဖြတ်လိုက်ပြီး၊ ညပိုင်းမှာပဲ ခုံရုံး တာဝန်ရှိသူအားလုံးကို ရာထူးကနေ အနားပေးလိုက်ပြီလို့ သမ္မတ ဦးသိန်းစိန် အမိန့်ထွက်လာတာပါ။နိုင်ငံတော် ဖွဲ့စည်းပုံဆိုင်ရာခုံရုံးရဲ့ ဥက္ကဌနဲ့ ခုံရုံးအဖွဲ့ဝင်တွေကို သမ္မဦးသိန်းစိန်ရဲ့ အမိန့်နဲ့ တာဝန်တွေကနေ နူတ်ထွက်ခွင့်ပြုတယ်လို့ သမ္မတရုံးကနေ ထုတ်ပြန်ကြေညာသွားပါတယ်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးအဖွဲ့ တာဝန်ဆက်လက် ထမ်းဆောင်ရန် မသင့်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ကြေညာ

ဦးသိန်းစိုးခေါင်းဆောင်တဲ့ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေကို ဖောက်ဖျက်ကျူးလွန်မှု၊ လုပ်ငန်းတာဝန် မကျေပွန်မှုတွေကြောင့် လက်ရှိ ထမ်းဆောင်နေတဲ့ ရာထူးတာဝန်တွေကို ဆက်လက် ထမ်းဆောင်ဖို့ မသင့်ကြောင်း နေပြည်တော်မှာ မနေ့က့  ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပြီး လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ကြေညာခဲ့ပါတယ်။

စွပ်စွဲပြစ်တင်ရန် လွှတ်တော်နှစ်ရပ်ပေါင်း ထောက်ခံ


လွှတ်တော်မှ ဖွဲ့စည်းသည့် ကော်မရှင်၊ ကော်မတီများကို ”ပြည်ထောင်စုအဆင့်အဖွဲ့” များအဖြစ် မသတ်မှတ်ကြောင်း နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေခုံးရုံး ဆုံးဖြတ်ချက်အပေါ် ကန့်ကွက်မှုကို ပြီးခဲ့သည့်လက ပြည်သူ့လွှတ်တော်မှ စတင်ခဲ့သည်။
ယခုနှစ် မတ်လကတည်းက ဆုံးဖြတ်ခဲ့သော ထို ပြည်ထောင်စုအဆင့်အဖွဲ့ မဟုတ်ဟူသော ဆုံးဖြတ်ချက်သည် လွှတ်တော်ကော်မတီအသစ်တခု ဖြစ်သည့် ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဖွဲ့စည်းပြီး နောက်ပိုင်း အငြင်းပွားမှု အရှိန်မြင့်လာခဲ့သည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးအား အမျိုးသား လွှတ်တော်၏ စွပ်စွဲပြစ်တင်မှုအဆိုကို ပြည်သူ့လွှတ်တော်က မနေ့က ထောက်ခံလိုက်ပြီး စွပ်စွဲပြစ်တင်မှု ပြုလုပ်ရန် သမ္မတထံ တင်ပြသွားမည် ဖြစ်ကြောင်းသိရသည်။ စွပ်စွဲပြစ်တင်မှုအတွက် လွှတ်တော်အမတ်စုစုပေါင်း၏ ၃ ပုံ ၂ ပုံ ထောက်ခံမှုလိုအပ်ပြီး ထိုအချိုးအရ အမတ်စုစုပေါင်းမှာ ၂၈၆ ဦး၏ ထောက်ခံမဲသာ လိုအပ်သော်လည်း ယနေ့တွင် ထိုအဆိုကို ပြည်သူ့လွှတ်တော်အမတ်ပေါင်း ၃၀၇ ဦးက ထောက်ခံခဲ့ကြောင်း သိရသည်။

လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်း လုံးဝရပ်ဆိုင်းဖို့ လက်မှတ်ရေးထိုး တောင်းဆို

မြန်မာစစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီနဲ့ တရုတ်ဝမ်ပေါင် ကုမ္ပဏီတို့ရဲ့ သိမ်းပိုက်ခံ လယ်မြေနဲ့ အိမ်ခြံတွေ ပြန်ရရေး တောင်းဆိုနေတဲ့ မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း တဝိုက် ဒေသခံတွေဟာ ဒီစီမံကိန်း ရပ်ဆိုင်းဖို့ စုပေါင်းလက်မှတ်ထိုး တောင်းဆိုပွဲကို မနေ့က ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

လယ်သမားအရေး ဆောင်ရွက်နေသူ လုံထိန်းရဲ လိုက်လံဖမ်းဆီး

စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း တစ်ဝိုက် ကျေးရွာတွေက လယ်သိမ်းခံ တောင်သူလယ်သမားတွေ အရေးကို ဆောင်ရွက်ပေးနေတဲ့ ရန်ကုန် ပြည်သူ့အကျိုးဆောင်ကွန်ရက် အဖွဲ့ဝင်လေးဦးကို ရာနဲ့ချီတဲ့ လုံထိန်းရဲတွေက လက်နက်ကိရိယာ အပြည့်အစုံနဲ့ မနေ့ ည ၁၁ နာရီလောက်က ဆည်တဲရွာမှာ ဝင်ရောက်ရှာဖွေခဲ့ ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် တွေ့ဆုံဆွေးနွေး

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေနဲ့ မနေ့က မနက်ပိုင်းက ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံးမှာ ပထမဆုံးအကြိမ်အဖြစ် တစ်နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူ တစ်ဦးက အတည်ပြု ပြောကြားပါတယ်။

ကန့်သတ်ချက်များကြောင့် အသေးစား လူမှုလုပ်ငန်းများ အခက်တွေ့


ခေတ်စနစ်နှင့် မလျော်ညီတော့သော ဥပဒေများနှင့် တရားဝင်မှတ်ပုံတင်မှသာ လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင် ခွင့်ရရှိမည်ဆိုသည့် အချက်များကြောင့် ပြည်တွင်းရှိ ရပ်ရွာအခြေပြု အဖွဲ့အစည်းများနှင့် အသေးစား NGO လုပ်ငန်းများ အခက်အခဲ ကြုံတွေ့နေကြရကြောင်း NGO အသိုင်းအ၀ိုင်းမှ သိရသည်။
“နိုင်ငံခြား အကူအညီကို တိုက်ရိုက်ရယူနေတဲ့ ပြည်တွင်း NGO ကြီးတွေကို မှတ်ပုံတင်ခိုင်းတာက ကိစ္စမရှိပါဘူး။ ဒါပေမယ့် ကိုယ့်ရပ် ကိုယ့်ရွာအတွက် ကိုယ့်ထမင်းကိုယ်စားပြီး လုပ်နေတဲ့ CSO တွေ၊ CBO တွေကို မှတ်ပုံမတင်ခိုင်းပါနဲ့။ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ အသိအမှတ်ပြုမှုနဲ့ လှုပ်ရှားခွင့် ပေးစေချင်တယ်” “တချို့ဒေသတွေမှာ မှတ်ပုံတင်မရှိဘဲ မလှုပ်ရှားရဘူး၊ လှုပ်ရှားရင် အဖွဲ့ ကြီးကြီးငယ်ငယ် ထောင် ၅ နှစ် ဆိုပြီး ပြောထားတာတွေရှိတယ်။ ဒီအဖွဲ့အစည်းလေးတွေဟာ အစိုးရအဖွဲ့က မလုပ်နိုင်တဲ့၊ မမြင်နိုင်တဲ့ နေရာတွေက ကွက်လပ်တွေကို လိုက်ဖြည့်ပေးနေတာပါ။ ဒါကို နားလည်ပေးပါ။ လုပ်ခွင့်ပေးစေချင်ပါတယ်” ဟု ရက္ခိတ လူမှုဖွံ့ဖြိုးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်သိန်းဖေက ပြောသည်။
၂၀၁၁ ခုနှစ်မှ စတင်ပြီး ပြည်တွင်း NGO များ၏ မှတ်ပုံတင်ကြေးကို ၁ နှစ်လျှင် ၁၀၀ ကျပ်နှုန်းဖြင့်သာ ပေးဆောင်နေရာမှ ၂၀၁၂ ခုနှစ်တွင် မှတ်ပုံတင်ကြေး ၁ နှစ်လျှင် ၁ သိန်းနှုန်းဖြင့် ငါးနှစ်စာ တပြိုင်နက် ပေးဆောင်စေခဲ့ရာ တနိုင်တပိုင်နှင့် အချိန်ပိုင်း လုပ်ကိုင်နေသော အဖွဲ့အစည်းများ အခက်အခဲ တွေ့နေရကြောင်း သိရသည်။

အပြောင်းအလဲတွေ လမ်းပေါ်ထိ မရောက်သေး


ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီး ပြည်သူလူထု အကျိုးအတွက် ပြုပြင်ပြောင်းလဲမှုတွေ လုပ်မယ်လို့ ကြေငြာခဲ့တာ အခုဆိုရင် ၁၇ လ ရှိသွားပါပြီ။ အခုအချိန်ထိတော့ ပြည်တွင်းရှိ ရပ်ရွာအခြေပြု အဖွဲ့အစည်းများ  နေတဲ့အရပ်ဆီ ထိ သမ္မတရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ မရောက်လာသေးပါ။


အခြေခံပညာရေး ဝန်ထမ်းများအား ယခုလမှစတင်၍လစာတိုး

အခြေခံပညာဦးစီးဌာနအောက် ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့်မှ မြို့နယ်အဆင့်အထိ စီမံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာပညာရေး ဝန်ထမ်းများနှင့် ဆရာဆရာမအား လက်ရှိရာထူး၏ တစ်ဆင့်တိုးလစာများ အတိုင်း တိုးမြှင့်ပေးသွားမှာဖြစ်ကြောင်း ဆရာများ၏ အရည်အသွေး ပိုမိုမြင့်မားလာစေရန်နှင့် စီမံခန့်ခွဲမှုအပိုင်းအဆင့်တိုးမြှင့် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ဌာနမှ တာဝန်ခံညွှန်ကြားရေးမှူးချုပ် ဦးအောင်ရှိန်ကပြောသည်။

မူလတန်းကျောင်းအုပ်များကို အထက်တန်းပြလစာသို့လည်းကောင်း၊ ခရိုင်ပညာရေးမှူးကို ဒုတိယညွှန်ကြားရေးမှူး အဆင့်နှင့် လစာသို့လည်းကောင်း၊  ပြည်နယ်နှင့်တိုင်းဒေသကြီး ပညာရေးမှူးများကို ညွှန်ကြား ရေးမှူးအဆင့်နှင့် လစာသို့ လည်းကောင်း သတ်မှတ် တိုးမြှင့်ပေးသွားမှာဖြစ်သည်။
လစာတိုးနှုန်းပမာအားဖြင့် အခြေခံပညာကျောင်းအုပ်တစ်ဦးသည် လက်ရှိလစာပေါ်တွင် ၇ ရာခိုင်နှုန်းခန့် တိုးမည်ဖြစ်
ကြောင်း သိရသည်။


အင်္ဂလိပ်စာ သင်ခန်းစာများ MRTV4 ပထမဆုံး လွှင့်တော့မည်

အင်္ဂလိပ်စာ လေ့လာလိုသူများအတွက် အင်္ဂလိပ်ဘာသာစကား သင်ကြားမှု အထောက်ကူပြု ဇာတ်လမ်းတို၊ တွေ့ဆုံမေးမြန်းခန်းများ၊ ဈေးဝယ်ခြင်း၊ သတင်းအစီရင်ခံပုံများ စသည့် အင်္ဂလိပ်စာ သင်ခန်းစာများ ရုပ်မြင်သံကြားမှတဆင့် ထုတ်လွှင့်နိုင်ရန် MRTV4 နှင့် ဗြိတိသျှကောင်စီတို့ ပူးပေါင်း ဆောင်ရွက်လျက် ရှိနေသည်။Word on the Street ဟု အမည်ပေးထားသည့် အဆိုပါ သင်ခန်းစာများ ထုတ်လွှင့်ရခြင်းမှာ "အင်္ဂလိပ်စာ အရည်သွေး တိုးတက်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ပါ။ အရင်ဘာသာရပ်ပိုင်းဆိုင်ရာတွေကတော့ ထုတ်လွှင့်ဖူးပါတယ်။ အင်္ဂလိပ်စာနဲ့ ပတ်သက်တဲ့ ပရိုဂရမ် (အစီအစဉ်) ကတော့ အခုပထမဆုံးပါ။" ဟု  MRTV4 အစီအစဉ်များ ဌာနမှူး မချမ်ငြိမ်းသူ က ပြောသည်။

ဗြိတိသျှကောင်စီနှင့် ဘီဘီစီ ပါရှင်းဘာသာဌာနတို့ ပြုစုထားသည့် အဆိုပါ သင်ခန်းစာများကို MRTV4 နှင့် ၎င်း၏ ဆက်စပ် ရုပ်သံလိုင်း For Edu တို့မှ ယခုနှစ် စက်တင်ဘာလကုန် သို့မဟုတ် အောက်တိုဘာလတွင် ပြသနိုင်ရန် စီစဉ်နေပြီး နေ့လည်ပိုင်းတွင် ထုတ်လွင့်မည် ဖြစ်
ကြောင်း သိရသည်။

လျှပ်စစ် စွမ်းအား ၀န်ကြီးဌာန ပြင်ဆင် ဖွဲ့စည်း


အစိုးရ အမှတ်(၁) လျှပ်စစ် စွမ်းအား ၀န်ကြီးဌာန နှင့် အမှတ်(၂) လျှပ်စစ် စွမ်းအား ၀န်ကြီးဌာန ၂ ခုကို ပေါင်း၍ “လျှပ်စစ် စွမ်းအား ၀န်ကြီးဌာန” အဖြစ် ပြင်ဆင်ဖွဲ့စည်းလိုက်သည်။ ပြည်ထောင်စု လွှတ်တော် ၏ သဘောတူညီချက်ဖြင့် ပြင်ဆင် ဖွဲ့စည်းဖြင့် ဖြစ်ကြောင်း စက်တင်ဘာ ၅ ရက်နေ့ ရက်စွဲနှင့် သမ္မတ ဦးသိန်းစိန်က လက်မှတ်ထိုး၍ ထုတ်ပြန်ထားသည်။ အမှတ်(၁) လျှပ်စစ် စွမ်း အား ၀န်ကြီးကို သြဂုတ် ၂၈ ရက်စွဲဖြင့် သမ္မတ က နုတ်ထွက်ခွင့် ပြုထားကြောင်း သိရသည်။

ရင်းနှီးမြုပ်နှံမှုဥပဒေကြမ်း ဆွေးနွေးညှိုနှိုင်းကြဆဲ


မြန်မာနိုင်ငံမှာ မကြာခင် ပြဌာန်းဖို့ရှိနေတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေဆိုင်ရာ ဥပဒေ တရပ် ပြင်ဆင် ရေးဆွဲနေတာမှာ အရင်ကနဲ့မတူတဲ့ ပွင့်လင်းမြင်သာတဲ့ ဆွေးနွေး အကြံပြုမှုတွေနဲ့ သတင်းမီဒီယာတွေမှာ ထုတ်ပြန် ပြောဆိုတာတွေ ရှိခဲ့တဲ့အတွက် သင့်လျော်တဲ့ ဥပဒေ တရပ် ဖြစ်လာနိုင်တယ်လို့ စီးပွားရေး ပညာရှင်တချို့က သုံးသပ်ပါတယ်လို့သိရပါတယ်။


အိန္ဒိယက မြန်မာနိုင်ငံတွင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးချဲ့မည်

မြန်မာနှင့် အိန္ဒိယနှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေး ဆက်ဆံမှု တိုးမြှင့်ရန် ရည်ရွယ်၍ အိန္ဒိယမှ လုပ်ငန်းရှင်များသည် ယခုသီတင်းပတ်အတွင်း ရန်ကုန်မြို့တွင် ကုန်စည်ပြပွဲတစ်ခုကို ပြုလုပ်ခဲ့ သည်။
မြန်မာနိုင်ငံတွင် ဈေးကွက်ချဲ့ထွင်ရန်အတွက် စက်တင်ဘာ ၄ ရက်နှင့် ၅ ရက်နေ့များတွင် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း အဆောက်အအုံတွင် ကျင်းပသည့်ပြပွဲတွင် ဒယ်လ်ဒက်တာက ယင်းကဲ့သို့ပြောကြားသည်။

ဆေးရုံသုံးပစ္စည်း၊ ကြွေပြား ကျောက်ပြား၊ အဝတ်အထည်၊ ဆန်စက်နှင့် ပတ်သက်သော ပစ္စည်းများ၊ ဓါတ်မြေသြဇာနှင့် အခြား စက်ပစ္စည်းများ ထုတ်လုပ်ရောင်းချနေသည့် ကုမ္ပဏီပေါင်း ၂၈ ခု ပါဝင်ပြသခဲ့သည်။ အိန္ဒိယနိုင်ငံမှ အသေးစား၊ အလတ်စားနှင့် အကြီးစား ကုမ္ပဏီများ လာရောက်ရင်းနှီးမြှုပ်နှံလိုကြောင်းနှင့် ယခုပြပွဲသည် ၂၀၁၂ အတွင်း FIEO ကပြုလုပ်သည့် ပထမဦးဆုံးပွဲ ဖြစ်သလို၊ တတိယအကြိမ်မြောက် အိန္ဒိယကုန်စည်ပြပွဲဖြစ်ကြောင်း မြန်မာနိုင်ငံဖက်မှ စီစဉ်ပေးသည့် NMT Ltd မှ အထွေထွေ မန်နေဂျာ မစ္စတာ ဒယ်နီယယ် ရာဂျစ် Mr.Daniel Rajiv က ပြောသည်။ မြန်မာနှင့် အိန္ဒိယနှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏမှာ ၂၀၁၀-၁၁ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၀၇၀ ဒဿမ ၈၈ ရှိခဲ့ပြီး၊ ၂၀၀၉-၁၀တွင် ဒေါ်လာသန်းပေါင်း ၁၄၉၇ ဒဿမ ၇၇ ရှိခဲ့ရာ၊ မြန်မာဘက်က အသာစီးရှိနေကြောင်း ဗဟိုစာရင်းအင်း အဖွဲ့စာရင်းများက ဆိုသည်။ယခုနှစ် မတ်လတွင် ကုန်ဆုံးခဲ့သည့် ၂၀၁၁-၁၂နှစ် ဘဏ္ဍာနှစ်စာရင်းများအရ အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာသန်းပေါင်း ၁၈၉ ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွန်ကြားမှုဦးစီး ဌာနထုတ်ပြန်ချက်အရ သိရသည်။ အိန္ဒိယ၏ အဓိက ရင်းနှီးမြှုပ်နှံမှုနယ်ပယ်များတွင် ပို့ဆောင်ဆက်သွယ်ရေး၊ ရေအားလျှပ်စစ်၊ ရေနံ သဘာဝဓါတ်ငွေ့နှင့် စွမ်းအင်တို့ ပါဝင်သည်။

ပြင်သစ် ဆီးနိတ် အမတ်နှင့် ဦးသိန်းစိန် စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းရေး ဆွေးနွေး


ပြင်သစ်နိုင်ငံ ဆီးနိတ် အမတ် Mr. Gerard Midquel နှင့် သမ္မတ ဦးသိန်းစိန် တို့ ယမန်နေ့က နေပြည်တော် သမ္မတ အိမ်တော်၌ တွေ့ဆုံသည်။ ၎င်းတို့ တွေ့ဆုံရာ၌ နှစ်နိုင်ငံ ဆက်ဆံရေး၊ ပိတ်ဆို့ အရေးယူမှုများ ရုပ်သိမ်းရေး၊ စွမ်းအင် ကဏ္ဍ၊ စက်သွယ်ရေးနှင့် နည်းပညာ၊  စက်မှု လုပ်ငန်း စသည့် နိုင်ငံရေး၊ စီးပွားရေး များကို ဆွေးနွေးကြကြောင်း သိရသည်။ မြန်မာနိုင်ငံသို့ ရောက်ရှိနေ သော အမေရိကန် ဆီးနိတ် အမတ် Mr. Dana Rohrabocher နှင့် ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တို့ ယမန်နေ့က တွေ့ဆုံ ဆွေး နွေး ကြကြောင်းလည်း အစိုးရ သတင်းစာများက ဖော်ပြသည်။

မြန်မာပြည်တွင် MasterCard သုံးနိုင်တော့မည်


မြန်မာနိုင်ငံတွင်း၌ မာစတာ ကတ်(MasterCard) အကြွေး ၀ယ်ခွင့်ကတ် လုပ်ငန်း လုပ်ကိုင်ရန် စီစဉ်နေကြောင်း သိရသည်။ ယင်း အစီအစဉ်ကို မြန်မာနိုင်ငံမှ Co-Operative Bank Limited (သမ၀ါယမ ဘဏ်)နှင့် ဆောင်ရွက်ရန် သဘောတူညီမှု ပြုလုပ်ထား ကြောင်း Reuters သတင်းတွင် ဖော်ပြသည်။ မာစတာကတ်ကို စီးပွားရေး လုပ်ငန်းရှင်များ နှင့် ဘဏ်များ ဆက်ဆံလုပ်ကိုင်ရာတွင် လည်းကောင်း၊ ဘဏ်များက ငွေထုတ်၊ ငွေလွှဲ ရန်အတွက် စီစဉ်ပေးထားသော ATM စက်များ၌ လည်းကောင်း၊ အကြွေး ၀ယ်ယူ ရာတွင် လည်းကောင်း သုံးနိုင်ကြောင်း သိရသည်။ MasterCard Inc သည် အမေရိကန်နိုင်ငံ နယူးယောက်မြို့ အခြေစိုက် ဖြစ်ပြီး ကမ္ဘာတ၀န်း နိုင်ငံပေါင်း ၂၀၀ ကျော် ချိတ်ဆက်လုပ်ကိုင်နေသော ငွေကြေး ဆိုင်ရာ လုပ်ငန်း ဖြစ်သည်ဟုလည်း ဆိုသည်။

ရန်ကုန်-မန္တလေး လမ်းမကြီးတွင် အရှိန်ထိန်းတိုင်းစက် တပ်မည်


ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် သတ်မှတ်အရှိန်ထက် ပိုမိုမောင်းနှင်သော မော်တော်ယာဉ်များကို မောင်းနှင်သွားသည့် အချိန်၊ မောင်းနှင်သွားသည့် အရှိန်နှုန်း၊ GPS တည်နေရာတို့ကို အရှိန်ထိန်း တိုင်းတာမည့် စက်ကိရိယာကို တပ်ဆင်သွားမည်ဟု အမြန်လမ်းမကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေဝင်းက ပြောသည်။ အရှိန်ထိန်းတိုင်းစက်သည် အရှိန်နှုန်း ၄၀၀ ကီလိုမီတာအထိ မှတ်တမ်းတင်နိုင်ပြီး ရေဒါစနစ် ပါဝင်ကြောင်း၊ လမ်းမကြီးပေါ်တွင် မိုင်နှုန်းပိုမို မောင်းနှင်လာသည့် ယာဉ်၏ နံပါတ်ပြား၊ ယာဉ်ပုံစံ၊ ယာဉ်မောင်းသူပုံစံတို့ကို မှတ်တမ်းတင်ထားနိုင်ကြောင်း သိရသည်။

ပွင့်လင်းမြင်သာမှုကြောင့် ပြည်ပ စွမ်းအင် ရင်းနှီးမှု နှောင့်နှေးနိုင်


မြန်မာနိုင်ငံ စွမ်းအင်လုပ်ငန်း ကဏ္ဍသည် လတ်တလောအခြေအနေအရ နိုင်ငံတကာအဆင့်မီ ပွင့်လင်း မြင်သာမှုရှိရန် ဆောင်ရွက် မည်ဆိုပါက ပြည်တွင်းသို့ လာရောက် ရင်းနှီးမြှုပ်နှံလိုသော စွမ်းအင် လုပ်ငန်းများ နှောင့်နှေး ကြန့်ကြာမှု ဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံ စွမ်းအင် ၀န်ကြီးဌာနက ပြောဆိုသည်ဟု Reuters သတင်းတွင် ပါရှိသည်။ ရန်ကုန်မြို့တွင် ကျင်းပသော ဆွေးနွေးပွဲ တခု၌ အရာရှိတဦး၏ အလွတ်သဘော ပြောဆိုချက်ကို ဖော်ပြထားခြင်း ဖြစ်သည်။ စွမ်းအင် တူးဖော်ထုတ်လုပ်ရေး လုပ်ငန်းတွင် နိုင်ငံ တကာ စံနှုန်းအရ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ထိခိုက်မှု ၊ ဇီဝမျိုးစိပ်များနှင့် ဒေသခံများ၏ လူမှုဘ၀ ထိခိုက်မှု ဆိုင်ရာများ နှင့် ပတ်သက်ပြီး ပွင့်လင်းမြင်သာမှု ရှိရမည် ဖြစ်ကြောင်း သိရသည်။

တရုတ် ဒု စစ်ဦးစီးချုပ်နှင့် ဒု ဗိုလ်ချုပ်မှူးကြီး မင်အောင်လှိုင် တွေ့ဆုံ


တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်(PLA) ဒု စစ်ဦးစီးချုပ် General Ma Xiaotian နှင့် မြန်မာ ကာကွယ်ရေး ဦးစီးချုပ် ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ ယမန်နေ့က နေပြည်တော် ဇေယျာ သီရိ ဗိမာန်တွင် တွေ့ဆုံဆွေးနွေးကြကြောင်း သိရသည်။ နယ်စပ်ဒေသ အရေး၊ မူးယစ်ဆေးဝါး ပြဿနာ ပူးပေါင်း ဖြေရှင်းရေး၊ မဲခေါင် မြစ်ကြောင်း လုံခြုံရေး ပူးပေါင်း ဆောင်ရွက်ရန်၊ နှစ်နိုင်ငံ တပ်မတော် အကြား ဆက်ဆံရေး တိုးမြှင့်ရန် စသည်တို့ကို ဆွေးနွေးကြကြောင်း သိရသည်။

စစ်တိုင်းမှူးနှင့် တပ်မမှူးများ ပြောင်းရွှေ့


မြန်မာ့ တပ်မတော်အတွင်း မြောက်ပိုင်းတိုင်း၊ အရှေ့မြောက်ပိုင်းတိုင်း၊ အလယ်ပိုင်းတိုင်းနှင့် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ  စစ်တိုင်းမှူး အပါအ၀င် တပ်မမှူးများ အပြောင်းအရွှေ့ကို ပြီးခဲ့သည့် သောကြာနေ့က စတင်ပြုလုပ်သည်။
မန္တလေး အခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ရဲအောင် အား စစ်ဥပဒေချုပ်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇေယျာအောင် ကို မီးရထားဝန်ကြီးအဖြစ် လွှတ်တော်တွင် အမည်စာရင်းတင်သွင်းခံရပြီး အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် အောင်ကျော်ဇောကို ပဲခူးတိုင်း တောင်ငူ အခြေစိုက် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ ပြောင်းရွှေ့ တာဝန် ထမ်းဆောင်စေခြင်း ဖြစ်သည်။
၎င်းတို့၏ နေရာတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ညိုစောအား အလယ်ပိုင်းတိုင်း၊ အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်ကို မြောက်ပိုင်းတိုင်း၊ တပ်မတော် နည်းပညာ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် အောင် စိုးကို အရှေ့မြောက်တိုင်းသို့ လည်းကောင်း တိုင်းမှူးများအဖြစ် ပြောင်းရွှေ့ တာဝန်ပေးလိုက်သည်။
ယခု စစ်တိုင်းမှူးများ အပြောင်းအရွှေ့ ပြုလုပ်ချိန်သည် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်း ကချင်ပြည် လွတ်လပ်ရေး တပ် မတော်(KIA) အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင်တပ်များနှင့် တိုက်ပွဲပြင်းထန်ချိန်နှင့် တိုက်ဆိုင်နေသည်။
စစ်ဘက်အသိုင်းအ၀ိုင်း အဆိုအရ မြောက်ပိုင်းတိုင်းနှင့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးများ ပြောင်းရွှေ့ခံရခြင်းသည် KIA တပ်များနှင့် တိုက်ခိုက်ရာတွင် အကျအဆုံးများခြင်း၊ စခန်းသိမ်းတိုက်ပွဲ ရရှိမှု နည်းပါးခြင်းတို့ကြောင့်ဖြစ်သည်ဟု သိရသည်။
“တချို့က ငြိမ်းချမ်းရေး အတွက်လို့ ထင်တယ်၊ မဟုတ်ပါဘူး၊ တိုက်ပွဲမှာ အကျအဆုံးများရင် ရည်မှန်းချက်ကို မသိမ်းနိုင်ဘူးဆိုရင် ဒီလိုပဲ အပြောင်းအရွှေ့ လုပ်ကြတာပါပဲ”ဟု စစ်ဘက် အသိုင်းအ၀ိုင်း နှင့် နီးစပ်သူ တဦးက ပြောဆိုသည်။
မြန်မာ့တပ်မတော်သည် တိုက်ပွဲများ၌ သေကျေ၊ ဒဏ်ရာရ စာရင်းနှင့်ပတ်သက်ပြီး တရားဝင်ပြောဆိုလေ့မရှိသော်လည်း မကြာ သေး ခင်က ဖြစ်ပွားခဲ့သည့် ကချင်ပြည်နယ် ဖားကန့် ဒေသတိုက်ပွဲ၌ စစ်တပ်မှ အရာအရှိ အရာခံများ အပါအ၀င် ၇၀ ခန့် ကျဆုံး သည် ဟု KIA အဖွဲ့ က ဆိုသည်။
တရုတ်-မြန်မာ နယ်စပ်ရှိ စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇော ကလည်း“သြဂုတ်လထဲမှာ လားရှိုးနဲ့ ကျောက်မဲမှာ KIA ရယ်၊ နောက် ရှမ်းတပ်တွေနဲ့ ဖြစ်တဲ့ တိုက်ပွဲတွေမှာ သေကျေ ဒဏ်ရာရတာ များတယ်၊ ဒါကြောင့် ရမခ (အရှေ့မြောက်ပိုင်း)တိုင်းမှူးကို ပြောင်းတာ ဖြစ်မယ်”ဟု ဆိုသည်။
ဗိုလ်ချုပ် ဇေယျာအောင်၊ ဗိုလ်ချုပ် အောင်ကျော်ဇောနှင့် ဗိုလ်ချုပ် ရဲအောင် တို့မှာ ၂၀၁၀ ပြည့်နှစ် သြဂုတ်လအတွင်းက စစ်တိုင်းမှူးများ အဖြစ် တာဝန်ပေး ခံရသူများ ဖြစ်သည်။
မြောက်ပိုင်းတိုင်းနှင့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးများ အပြောင်းအရွှေ့နှင့် ပတ်သက်ပြီး KIA အဖွဲ့ ပြောခွင့်ရ ဦးလနန် ကမူ ငြိမ်းချမ်းရေး အတွက် ထူးခြားမှုရှိမည် မထင်ဟု ဆိုသည်။
ယခုပြုလုပ်သည့် စစ်ဘက်ဆိုင်ရာ ရာထူးအပြောင်းအရွှေ့များတွင် လစ်လပ်နေသည့် တပ်မမှူးများ နေရာအတွက် ဗိုလ်မှူးကြီးတင် မောင်ဆွေ အား တပ်မ ၇၇ တပ်မ မှူး၊ ဗိုလ်မှူးကြီး အောင်ဇော်အေးမှာ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်(စကခ) ၁၄ တပ်မမှူး အဖြစ် ခန့်အပ် ခဲ့ပြီး လွှတ်တော် နှစ်ရပ်တွင် တက်ရောက်နေသည့် တပ်မတော်သား ကိုယ်စားလှယ်များ ဖြစ်သည့် ဗိုလ်မှူးကြီး လှမြင့်စိုးနှင့် ဗိုလ်မှူးကြီး သန်းထွတ်သိန်း တို့လည်း တပ်မမှူးများအဖြစ် ရာထူးတိုးမြှင့် ခံရကြောင်း သိရသည်။



LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment