မြန်မာ့ စီးပွားရေး သတင်းများ  စက်တင်ဘာ   ၁၉၊ ၂၀၁၂


Road to Mandalay ဇိမ်ခံသင်္ဘောလိုင်း ဆွဲသည့် Orient Express ကုမ္ပဏီက ၂၀၁၃ ဇူလိုင်လတွင် ဧရာဝတီမြစ်ကြောင်းအတွင်း ဇိမ်ခံသင်္ဘောလိုင်းသစ် ဆွဲရန်စီစဉ်


မြန်မာနိုင်ငံ ဧရာဝတီမြစ်အတွင်း Road to Mandalay ဇိမ်ခံ သင်္ဘောလိုင်းကို ပြေးဆွဲလျက်ရှိသည့်  Orient Express ကုမ္ပဏီက ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် နောက်ထပ်ဇိမ်ခံ သင်္ဘောလိုင်းသစ်ဆွဲရန် စီစဉ်နေသည် ဟု သိရသည်။
မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင် ပြောင်းလဲမှုများအပြီးတွင် မြန်မာနိုင်ငံသို့ လာရောက်သော ခရီးသွားဦးရေ တိုးတက်လာမှုနှင့် အတူခရီးသွားဆိုင်ရာ တောင်းဆိုမှုများ မြင့်တက်လာသည့်အတွက် ယခုကဲ့သို့ ဇိမ်ခံသင်္ဘော လိုင်းပြေးဆွဲရန် စီစဉ်ခြင်းဖြစ်ကြောင်း အေပီသတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
“မြန်မာနိုင်ငံဟာ လွန်ခဲ့တဲ့နှစ် အနည်းငယ်က တူရကီနဲ့ ထိုင်းနိုင်ငံ တို့ဖြစ်ခဲ့ပုံမျိုးနဲ့တူပါတယ်။ မတို့မထိ ရသေးပါဘူး။ လူတွေကလည်း စစ်မှန်ပါတယ်” ဟု အဆိုပါကုမ္ပဏီ၏ အရောင်းမြှင့်တင်ရေးဌာနမှ ဒါရိုက်တာ မာကိုရိုဆာက Wall Street Journal သို့ ပြောကြားခဲ့သည်။
ယင်းသို့ပြေးဆွဲမည့်ဇိမ်ခံသင်္ဘော ခရီးစဉ်တွင် ပုဂံမြို့အထိ အကွာအဝေးကို ခုနစ်ညဖြင့် ပြေးဆွဲပေးမည်ဖြစ်ပြီး ၁၁ ညကြာမြင့်မည့် ခရီးစဉ်များလည်း ရှိသည်ဟု ဆိုသည်။ သင်္ဘောပေါ်တွင် ယောဂသင်တန်းများ၊ ဓာတ်ပုံပညာနှင့် ခရီးစဉ်အကြောင်း ရှင်းလင်းပြောကြားမှုများလည်း ပါဝင်မည်ဖြစ်သည်ဟု မစ္စတာရိုဆာ က ပြောကြားခဲ့သည်။
ခရီးစဉ်များမှာ ဈေးပေါသည့် ခရီးစဉ်များမဟုတ်ဟု ၎င်းကပြောကြားခဲ့သော်လည်း ခရီးစဉ်အတွက် လတ်မှတ်ဈေးနှုန်းကို ထုတ်ဖော် ပြောကြားခြင်းမရှိခဲ့ဟု သိရသည်။
အဆိုပါ ကုမ္ပဏီသည် ထိုင်းနိုင်ငံဘန်ကောက်နှင့် စင်ကာပူနိုင်ငံ ကို Eastern& Orient Express ရထားလိုင်း ပြေးဆွဲလျက်ရှိပြီး ၎င်းခရီးစဉ်အတွက် ဈေးအသက်သာဆုံး နှစ်ညအိပ်ခရီးစဉ်အတွက်ပင် အမေရိကန် ဒေါ်လာ ၂၅၀၀ ကျော် ကျသင့် သည်ဟု ကုမ္ပဏီဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
၎င်းတို့ကုမ္ပဏီက Road to Mandalay အမည်နှင့် ဇိမ်ခံသင်္ဘောလိုင်းကို ဧရာဝတီမြစ်အတွင်း ပြေး ဆွဲနေသည်မှာ ၁၇ နှစ်ခန့်ရှိသွားပြီ ဖြစ်ပြီး သုံးရက်မှ ခုနစ်ရက်ခရီးစဉ် အထိရှိသည်ဟု သိရသည်။ ခုနစ်ည အိပ် ရှစ်ရက်ခရီးစဉ်အတွက် ကုန်ကျ စရိတ်မှာအမေရိကန်ဒေါ်လာ ၃၄၄၀ မှ ၈၀၀၀ အထိရှိကြောင်း သိရသည်။
“မြန်မာ့နိုင်ငံရေး အခြေအနေ ပြောင်းလဲလိုက်တာနဲ့ ကျွန်တော်တို့လည်း သိသိသာသာ အခြေအနေ ကောင်းလာပါတယ်။ ပြီးခဲ့တဲ့ ၁၈ လအတွင်းမှာ တောင်းဆိုမှုတွေ တိုးလာခဲ့ပြီး ကျွန်တော်တို့ကလည်း ထူးခြားတဲ့ ၀န်ဆောင်မှုတွေပေးအပ်မှာ ဖြစ်ပါတယ်” ဟု မစ္စတာရိုဆာက ပြောကြားသွားခဲ့သည်။


စွမ်းအင် ကန်ထရိုက် MOGE အတည်ပြုခွင့်မရှိဟု ဆို


စွမ်းအင်ကဏ္ဍ ကန်ထရိုက် စာချုပ်များနှင့် ပတ်သက်ပြီး မြန်မာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)တဦးတည်း အတည်ပြု ပေး ပိုင်ခွင့် မရှိကြောင်း MOGE မန်နေးဂျင်း ဒါရိုက်တာ(ငြိမ်း) ဦးစန်းလွင် က ပြောဆိုလိုက်သည်။ ပြီးခဲ့သည့် ဇွန်လ ပြည်ပ ခရီးစဉ် အတွင်း ဒေါ်အောင်ဆန်းစုကြည်က MOGE နှင့် ပူးပေါင်း လုပ်ကိုင်လိုသော ပြည်ပလုပ်ငန်းရှင်များကို ကန့်သတ် တင်းကျပ်မှုများ ပြု လုပ်နေပြီး မြန်မာနိုင်ငံ၏ စွမ်းအင် လုပ်ငန်းသည် နိုင်ငံတကာ စံနှုန်းနှင့် ညီသော ပွင့်လင်းမြင်သာမှုလည်း မရှိကြောင်း ဝေဖန် ပြော ဆိုမှုကို ပြန်လည် တုံ့ပြန်ခြင်း ဖြစ်သည်ဟု သိရသည်။ ပြီးခဲ့သည့် အပတ်က ရန်ကုန်မြို့၌ ဦးစန်းလွင်ကိုတွေ့ဆုံ မေးမြန်းမှုတွင် ပြန် လည် ဖြေကြားခြင်း ဖြစ်သည်ဟုလည်း Bloomberg သတင်းတွင် ဖော်ပြထားသည်။

EU သို့ ၂၀၁၁ ခု အတွင်း မြန်မာကုန် တင်ပို့မှု ယူရို ၁၆၉ သန်း ဖိုးရှိ


ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ထားသော်လည်း မြန်မာနိုင်ငံ၏  ထွက်ကုန်များ ဥရောပ သမဂ္ဂ(EU) ဈေးကွက်သို့ တင်ပို့မှုမှာ ၂၀၁၁ ခုနှစ် အတွင်း ယူရို ၁၆၉ သန်းဖိုး ရှိကြောင်း အစိုးရက ထုတ်ပြန်လိုက်သည်။ ၎င်းမှာ EU တင်သွင်းမှု စုစုပေါင်း ၏ ၀ . ၀၁ ရာခိုင်နှုန်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှ ကမ္ဘာ အရပ်ရပ်သို့ တင်ပို့မှု၏ ၃ ရာခိုင်နှုန်း ဖြစ်ကြောင်း၊ အကန့်အသတ်များကြားမှ EU သို့ တင်သွင်းမှု အများစုမှာ အ၀တ်အထည်များ ဖြစ်ကြောင်း အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။ ထို့အပြင် လက်ရှိ EU သို့ ကုန်ပစ္စည်း တင်ပို့ ရောင်းချရာတွင် အခွန် ကင်းလွတ်ခွင့်နှင့် ကန့်သတ်မှု ကင်းလွတ်ခွင့်များကိုလည်း ပြန်လည် ပေးအပ်လိုက်ပြီ ဖြစ်ကြောင်း၊ လက်နက် ခဲယမ်းများမှ လွဲ၍ ကျန်သော ကုန်သွယ်ရေး ဆိုင်ရာ ကိစ္စရပ်များအတွက် ကင်းလွတ်ခွင့် ရရှိမည်ဖြစ်ကြောင်း၊ ယင်း အစီ အစဉ်သစ်သည် ၂၀၁၄ နှစ်ဆန်းတွင် စတင်မည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ EU က မြန်မာကို ၁၉၉၇ ခုနှစ်မှ စ၍ ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ထားခြင်း ဖြစ်သည်။ ပိတ်ဆို့အရေးယူမှုများတွင် စစ် လက်နက်ပစ္စည်း ၀ယ်ယူခွင့်၊ ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေး ဆိုင်ရာ ၊ ပြည်ဝင်ခွင့် ဗီဇာ ပိတ်ပင်ထားမှုနှင့် EU နိုင်ငံများ အတွင်း ခရီးသွားလာရေး၊ မြန်မာ စစ်အာဏာပိုင်များနှင့် ၄င်းတို့နှင့် ဆက်နွယ်သူများ၏ ပိုင်ဆိုင်မှုများ ထိန်းချုပ်ခြင်း စသည်တို့ ပါဝင်သည်။ ဗီဇာ ပိတ်ပင်မှုကို ဇန်န၀ါရီ လကုန်ပိုင်းက ရုပ် သိမ်း ပေးထားသည်။

မြန်မာနိုင်ငံကို ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်ရေးပေးမည့် အစီအစဉ် EU တင်သွင်း


အီးယူ ဥရောပသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံကို ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်ရေးတွေ ပေးသွားဖို့ အစီအစဉ်တစ်ရပ်ကို တင်သွင်းလိုက်ပြီလို့ သိရပါတယ်။ အဲဒီအစီအစဉ်မှာ စစ်လက်နက်ခဲယမ်းတွေကလွဲရင် မြန်မာနိုင်ငံတင်သွင်းလာတဲ့ ကုန်ပစ္စည်းအားလုံးကို ဥရောပသမဂ္ဂ ဈေးကွက်ထဲကို အကောက်အခွန်မဲ့ တင်သွင်းခွင့် ပြုမယ့်အစီအစဉ်လည်း ပါဝင်ပါတယ်။

မြန်မာ အပါအ၀င် အာရှ ၄ နိုင်ငံ ခရီးသွားလုပ်ငန်း သဘောတူ


ကမ္ဘောဒီးယား ၊ လာအို ၊ မြန်မာ နှင့် ဗီယက်နမ် နိုင်ငံ ၄ နိုင်ငံက နိုင်ငံတကာ ခရီးသွား လုပ်ငန်းအတွက် ပူးပေါင်း ဆောင်ရွက်ရန် သဘော တူလိုက်ကြောင်း သိရသည်။ လာမည့် ၂၀၁၅ ခုနှစ် တွင် နိုင်ငံတကာ ခရီးသွားဧည့်သည် ၂၅ သန်းခန့် ကို ဆွဲဆောင် နိုင် မည့် လုပ်ငန်းများအတွက် ဖြစ်ကြောင်း၊ ယင်း အစီအစဉ်ကို ဗီယက်နမ် နိုင်ငံ ဟိုချီမင်းမြို့တွင် ကျင်းပသော ၀န်ကြီးအဆင့် အစည်း အဝေး၌ သဘောတူလိုက်ကြခြင်း ဖြစ်ကြောင်း Viet Nam News သတင်းက ဆိုသည်။

နယ်စပ်ကုန်သွယ်ရေး ‘နှစ်ဆတိုးရန်’ ထိုင်း မျှော်မှန်းထား

အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်ရေးကို ၂ဝ၁၅ ခုနှစ်တွင် နှစ်ဆတိုးကာ အမေရိကန်ဒေါ်လာ ၆၄ ဘီလီယံ အထိ ရှိလာစေရန် ထိုင်းနိုင်ငံက မျှော်မှန်းထားသည်။ ထိုအချိန်တွင် ပေါ်ထွက်လာမည့် အာဆီယံ စီးပွါးရေး အသိုင်းအဝိုင်း (AEC) ကြောင့် ပေါ်ထွက်လာမည့်ကျယ်ပြန့်သော ဈေးကွက်ကြီးများကို မျှော်ကာ ထိုသို့ ရည်ရွယ် မှန်းဆထားခြင်း ဖြစ်သည်။

“AEC မတိုင်ခင် ပေါ်ပေါက်လာမယ့် ပိုမိုနီးစပ်တဲ့ စီးပွါးရေး ပူးပေါင်း ဆောင်ရွက်မှုတွေကြောင့် နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးဟာ ထိုင်းနိုင်ငံအတွက် ပိုပြီး အရေးပါလာဦးမယ်။ နောက်ထပ် အာဆီယံနိုင်ငံတွေ အထူးသဖြင့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ တို့က အကောက်ခွန်တွေကို လျှော့ချနေကြပြီး ထိုင်းနိုင်ငံက ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ကုန်သွယ်ရေးကိုလည်း ပိုပြီး မြှင့်တင်လုပ်ဆောင်ဖို့ လိုလာနေပါတယ်” ဟု ထိုင်းနိုင်ငံ ကုန်သွယ်ရေး ကိုယ်စားလှယ် အဖွဲ့ ဥက္ကဋ္ဌ အော်လန်းချိုင်ပရာဗတ် (OlarnChaipravat) က တနင်္လာနေ့ က ပြောကြားလိုက်သည်။

ဥရောပ ကြွေးမြီ အကြပ်အတည်းကြောင့် နောင်နှစ်ပေါင်း အတော်ကြာထိ ရှိနေဦးမည့် ကမ္ဘာလုံးဆိုင်ရာ စီးပွါးရေးနှေးကွးမှုအတွင်း နိုင်ငံ့စီးပွါးရေး ခိုင်မာနေစေရန်အတွက် ထိုင်းအစိုးရက နယ်စပ် ကုန်သွယ်ရေးကို ထည့်သွင်းဆောင်ရွက်သွားမည် ဖြစ်သည်။

AEC စနစ်အတွင်း အကောက်ခွန် သုညအထိ လျှော့ချထားမည်ဖြစ်၍ အာဆီယံ ကုန်သွယ်ရေးကို နှစ်ဆအထိ တိုးလာစေသင့်ကြောင်း နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး အလုပ်ကော်မတီ၏ ပထမဆုံး အစည်းအဝေးအပြီး အော်လန်း က ပြောကြားလိုက်သည်။

အာဆီယံနိုင်ငံများအကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်း မြှင့်တင်ရေး တို့အတွက် ထိုင်းအစိုးရ က ဆောင်ရွက်သွားမည် ဖြစ်ပြီး နယ်စပ် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တို့အတွက် ထိုင်းအစိုးရက လုပ်ငန်း အစီအစဉ် ငါးရပ် ရေးဆွဲချမှတ်သွားမည် ဖြစ်သည်။

လုပ်အား အသားပေး စီးပွါးရေး လုပ်ငန်းများကို အိမ်နီးချင်းနိုင်ငံများတွင် တည်ထောင် လုပ်ကိုင်ပြီး တတိယနိုင်ငံဈေးကွက်များသို့ တင်ပို့နိုင်ရန်အတွက် အစိုးရက မက်လုံးများ ပေးသွားမည် ဖြစ်သည်။ ဤနည်းဖြင့် ထိုင်းနိုင်ငံတွင်ဖြစ်ပေါ်လျက်ရှိသော လုပ်သားအင်အား ရှားပါးမှုကို လျော့ပါးသက်သာစေပြီး ကုန်ချော တင်ပို့ရာတွင်လည်း ဖွံ့ဖြိုးပြီးနိုင်ငံများက အိမ်နီးချင်းနိုင်ငံများကို အထူး သက်သာသော အခွန်နှုန်းထားများ ပေးထားသဖြင့် ထိုင်းလုပ်ငန်းရှင်များ အတွက် ပို့ကုန် အထူးအခွင့်အရေးများ ရရှိစေမည် ဖြစ်သည်။

စိုက်ပျိုးရေး လုပ်ငန်းအနေနှင့်လည်း အာဆီယံ ပေါင်းစည်းရေးကို ရှေးရှုသည့်အနေဖြင့် အာဆီယံ နိုင်ငံများအပြင် အခြား တတိယနိုင်ငံများသို့လည်း တင်ပို့သွားမည်ဖြစ်သည်။ ထိုင်းနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများရှိ အသေးစားနှင့် အလတ်စားလုပ်ငန်းများ သည်လည်း ပိုမိုပြိုင်ဆိုင်နိုင်စွမ်း ရှိလာစေရေးအတွက် ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်မှုများ လုပ်ဆောင်လာမည် ဖြစ်သည်။

ထိုင်းနိုင်ငံအနေနှင့် နယ်စပ် ဂိတ်များလည်း ပိုမိုဖွင့်လှစ်ကာ အမြဲတန်း နယ်စပ်ဂိတ် ငါးခုကို နိုင်ငံတကာ နယ်စပ်စခန်း များအဖြစ် အဆင့်မြှင့်တင်သွားမည်ဖြစ်ပြီး အနည်းဆုံး ယာယီဂိတ် ၁ဝ ခုကိုလည်း အမြဲတမ်း နယ်စပ်ဂိတ်များအဖြစ် တိုးမြှင့်သွားမည် ဖြစ်သည်။

မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ကို အဓိကထားကာ အိမ်နီးချင်းနိုင်ငံများတွင် ကူးသန်း ရောင်းဝယ်ရေး ဘဏ်များ ဖွင့်လှစ်ရေး ထိုင်းအစိုးရက ကူညီထောက်ပံ့ပါရန်လည်း ထိုင်းအမျိုးသား သင်္ဘောလုပ်ငန်းရှင်များ အသင်း ဒု-ဥက္ကဋ္ဌ ဗာလော့ဗီတာနာကွန် က ပြောကြားလိုက်သည်။

ပခုက္ကူ လေဆိပ်ကို အပြည်ပြည်ဆိုင်ရာ လေဆိပ်အဖြစ် မြှင့်တင်မည်

နိုင်ငံခြားသား အများဆုံး ဝင်ရောက်သည့် လေဆိပ်တခု ဖြစ်သည့် ပုဂံညောင်ဦး လေဆိပ်အား
နိုင်ငံတကာ အဆင့်မီ တိုးချဲ့ခြင်းထက် ပခုက္ကူလေဆိပ်အား အပြည်ပြည်ဆိုင်ရာ လေဆိပ်အဖြစ် တည်ဆောက်ရန် ရည်ရွယ်ထားသည် ဟု  လေကြောင်း ညွှန်ကြားမှု ဦးစီးဌာန က ဆိုသည်။
စက်တင်ဘာလ ဒုတိယပတ်က နေပြည်တော်တွင် ကျင်းပခဲ့သည့် လေကြောင်း ပို့ဆောင်ရေးကဏ္ဍ  ဖွံဖြိုးတိုးတက်ရေး
အတွက် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ  အလုပ်ရုံဆွေးနွေးပွဲတွင် ၎င်းက ထိုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

၂၀၁၃ တွင် လွတ်လပ်သည့် ငွေကြေးမူဝါဒ ကျင့်သုံးရန် မြန်မာလျာထား

ရင်းနှီးမြှုပ်နှံသူများက ယခင် စစ်အစိုးရဟောင်းမှ ပြောင်းလဲလာသော အစိုးရသစ်ထံသို့ ငွေကြေးများ ထည့်ဝင်မြှုပ်နှံ ရန် ပြင်ဆင်နေကြပြီဖြစ်၍ ဈေးနှုန်းများနှင့် ဘဏ်များ တည်ငြိမ်နေစေရန် လာမည့်နှစ်ဝက်တွင် လွတ်လပ်သည့်ငွေကြေးမူဝါဒကို ကျင့်သုံး အကောင်အထည် ဖော်ရန် မြန်မာဗဟိုဘဏ်က ပြင်ဆင်လျက်ရှိသည်။

ဗဟိုဘဏ်၏ လုပ်ပိုင်ခွင့်နှင့် လွတ်လပ်မှုကို တိုးမြှင့်လာစေရေးအတွက် ဥပဒေသစ် တရပ်ကို လွှတ်တော်တွင်
နောက်လ၌ စဉ်းစားဆွေးနွေးသွားမည်ဟု ဗဟိုဘဏ် ဒု-အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဝင်း က စက်တင်ဘာ ၁၄ ရက်နေ့က ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်းတခုတွင် ပြောကြားသွားသည်။ အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့ IMF နှင့် ထိုင်းဘဏ်တို့က မြန်မာအရာရှိများအား လေ့ကျင့် သင်တန်းပေးမှုများကိုလည်း မကြာမီ အပြီးသတ် ပြုလုပ်သွားမည် ဖြစ်သည်။

“ကျနော်တို့က နောက်ကျနေတော့ ပိုကြိုးစားပန်းစား လုပ်ရမှာပေါ့။ သင်တန်း အစီအစဉ်တွေ ပြီးသွားရင် နောက်လုပ် ရမယ့်ဟာတွေက ငွေကြေးဖောင်းပွမှုနဲ့ နိုင်ငံခြား ငွေဈေးကွက်ကို ဦးတည်လုပ်ရမယ်” ဟု ဦးမောင်မောင်ဝင်း က ဆိုသည်။

Western Union ၊ ကိုကာကိုလာ တို့ကဲ့သို့သော ကုမ္ပဏီကြီးများက မြန်မာနိုင်ငံတွင်း လာရောက်လုပ်ကိုင်တော့မည် ဟု ကြေညာထားချိန်တွင် အများအားဖြင့် ငွေကြေး ဆောင်ရွက်မှုများဖြင့်သာ လုပ်ကိုင်နေကြသည့် ဘဏ္ဍာရေးစနစ်ကို ထိန်းချုပ်သွားရန် မြန်မာအရာရှိများက ပြင်ဆင်နေကြသည်။

၂ဝ၁၂ ခုနှစ်၊ ဧပြီလမှ စတင်၍ နိုင်ငံခြား ငွေဈေးကို ထိန်းချုပ် အရှင်မျှောသည့် စနစ်ကို စတင် ကျင့်သုံးခဲ့ပြီးနောက်နိုင်ငံခြားငွေ ကြေးလဲလှယ်ရောင်းဝယ်မှု လုပ်ငန်းသည် ပြင်ပ ဈေးကွက်တွင် ပြုလုပ်နေရာမှ ယခုအခါ ဘဏ်များသို့ စတင်ရွေ့လျား လုပ်ကိုင်လာနေပြီ ဖြစ်သည်။ ကုန်ပစ္စည်းတင်ပို့သူ၊ တင်သွင်းသူများအပေါ် ထိန်းချုပ် ကန့်သတ်မှုများ ကိုလည်း ယခင်လက လျှော့ချပေးခဲ့ပြီဟု ဦးမောင်မောင်ဝင်း က ပြောသည်။

နိုင်ငံခြား ငွေကြေး ရောင်းဝယ်မှု လုပ်ငန်းများကို အခွင့်အမိန့်ရ ဘဏ်များက နေ့စဉ် ဒေါ်လာ နှစ်သန်းဖိုးအထိ ကိုင်တွယ်လုပ်ကိုင်ဆောင်ရွက်နေကြပြီဖြစ်ပြီး ပြင်ပ ဈေးကွက်တွင် ဒေါ်လာ ငါးသန်းအထိ ရှိနေသည်ဟု သူကပြော သည်။

၂ဝ၁၃ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းမပြုမီ တရားမဝင် ကုန်သွယ်မှုလုပ်ငန်းများကို ဗဟိုဘဏ်က ပပျောက် သွားစေလိုပြီး နိုင်ငံခြား ကုမ္ပဏီများကဒေါ်လာသန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံရန် ပြင်ဆင်နေချိန်၌ အာဏာပိုင်များကိုလည်း လုပ်ပိုင်ခွင့်များ ပိုမိုပေးအပ်သွား မည် ဖြစ်သည်။


အရင်းအနှီး တိုးတက်လာခြင်း


“ကျနော်တော့ ဒါကို တကယ့်ကို စိုးရိမ်တယ်ဗျာ” ဟု ဦးမောင်မောင်ဝင်း က နိုင်ငံတွင်းသို့ တဟုန်ထိုး တိုးတက်ဝင်ရောက်လာမည့် အရင်းအနှီးများကြောင့် ပေါ်ပေါက်လာမည့် အကျိုး သက်ရောက်မှုများကို ရည်ညွှန်းပြောကြားလိုက် သည်။

“အဲဒီအချိန် ငွေကြေးစီးဝင်မှု များလာရင် ကျနော်တို့ ငွေကြေးကလည်း အရမ်း တန်ဘိုး တက်လာမှာ။ ကျနော်တို့ ဒီအတွက် အကောင်းဆုံး လုပ်ကိုင်သွားဖို့ လိုတယ်။ ဒီ စိန်ခေါ်မှုကို ရင်ဆိုင်ကျော်လွှားဖို့အတွက် အခြား ဝန်ကြီးဌာနတွေ၊ အခြားအဖွဲ့အစည်း အင်စတီကျူးရှင်းတွေနဲ့လည်း ညှိနှိုင်း ဆောင်ရွက်သွားဖို့လိုတယ်” ဟု ဆက်ပြောသည်။

ငွေကြေးကို အရှင်မျှောလိုက်ကတည်းက ကျပ်ငွေဈေးသည် ၅.ရ% တက်သွားပြီး ယနေ့ ပေါက်ဈေး တဒေါ်လာလျှင် ၈၆၄.၉၅ သာ ရှိတော့သည်။ ယင်းသည် အရှေ့တောင် အာရှ နိုင်ငံများအတွင်း အဆိုးဆုံး အခြေအနေဖြစ်သည်ဟု ဘလွန်းဘတ်က ပြုစုထားသော ကိန်းဂဏန်းများအရ သိရသည်။

ငွေကြေး တည်ငြိမ်နေစေရန်အတွက် အစိုးရနှင့် ဗဟိုဘဏ်တို့ ပူးပေါင်း ဆောင်ရွက်ဖို့လိုသည်။ နည်းလမ်းတခုမှာ သဘာဝ သယံဇာတ ရောင်းချရငွေများကို စုဆောင်းထားခြင်းဖြင့် အရန်ငွေကြေးအဖြစ် ထားရှိရန်ဖြစ်သည်ဟု IMF အရာရှိ မီရားလ်ကာရာဆူလူး (Meral Karasulu) က လွန်ခဲ့သောအပတ်က နေပြည်တော်တွင် ပြုလုပ်သည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲ၌ မြန်မာအစိုးရကို အကြံပေးသွားသည်။

“မြန်မာနိုင်ငံမှာ လုပ်စရာ ဘဏ္ဍာရေးနဲ့ အဆောက်အအုံပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ အများကြီး ရှိသေးတယ်။ ဒါမှ စီးဝင်လာမယ့် ငွေတွေက စီးပွါးရေးမှာ အကျိုးရှိစေမှာ ဖြစ်ပြီး ငွေလဲလှယ်ရေး ဈေးကွက်ကိုလည်း ထူးထူးခြားခြား ဆိုးကျိုးတွေ မဖြစ်စေမှာ။ ဒါတွေကတော့ ဗဟိုဘဏ်ရဲ့အခန်းကဏ္ဍရဲ့အပြင်မှာပဲ ရှိပါတယ်” ဟု သူက ပြောသည်။


အိန္ဒိယနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ


အိမ်နီးချင်း အိန္ဒိယနိုင်ငံကလည်း လက်လီဈေးကွက်နှင့် လေကြောင်းလုပ်ငန်းများကို ဖွင့်ပေးလိုက်ခြင်းဖြင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို လုပ်ဆောင်နေသည်။ စီးပွါးရေး ပြန်လည် နိုးထလာစေရန်အတွက် ကွန်ဂရက် ညွန့်ပေါင်းအစိုးရ အဖွဲ့အတွင်း ဆန့်ကျင် ကန့်ကွက်မှုများ ရှိနေသည့်အကြားမှ ဝန်ကြီးချုပ် မန်မိုဟန်ဆင်းက သူ၏ ဒုတိယ သက်တမ်းအတွင်း အကြီးဆုံး အလောင်းအစားအဖြစ် ဤမူဝါဒ အပြောင်းအလဲများကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အာရှတခွင် စီးပွါးရေး တိုးချဲ့မှုများ ကမ္ဘာ့စီးပွါးရေး ချည့်နဲ့နေခြင်းကြောင့် မှေးမှိန်နေသည့် အချိန်တွင် စီးပွါးရေး တိုးတက်မှုနှုန်း မြင့်တက်လာစေရန် မြန်မာအစိုးရက ဈေးကွက်ကို ဖွင့်ပေးခဲ့ခြင်း ဖြစ်သည်။

အီလက်ထရောနစ် ပစ္စည်းများ တင်ပို့ရမှု ကျဆင်းသွားခြင်း၊ ဥရောပဈေးကွက်သို့ ကုမ္ပဏီများက ရောင်းချရသည့် ကုန်စည်းများ ကျဆင်းသွားခြင်း တို့ကြောင့် စင်္ကာပူ၏ ပို့ကုန်လုပ်ငန်းသည် စီးပွါးရေးပညာရှင်များ ခန့်မှန်းထားသည် ထက် သြဂုတ်လအတွင်း လျော့နည်းကျဆင်းသွားသည်ဟု ယနေ့ထုတ်ပြန်သော အစီရင်ခံစာ တရပ်တွင် ရေးသား ထားသည်။

အိန္ဒိယနိုင်ငံသည် အခြေခံအတိုးနှုန်း သတ်မှတ်မှုကို ယနေ့ ထိန်းထားလိုက်ပြီး တဘက်တွင် အပ်နှံငွေ ထုတ်ချေးမှုများ ကို မမျှော်လင့်ဘဲ လျှော့ချလိုက်သည်။ အဆိုပါ လျှော့ချလိုက်သော ပမာဏကို အရံငွေအဖြစ် သီးသန့်ဖယ်ထားရမည်
ဖြစ်သည်။

ယမန်နှစ် အဆိုပါကာလနှင့် နှိုင်းယှဉ်လျှင် လုပ်အားခ စရိတ်သည် ပိုမိုနှေးကွေးသော နှုန်းထားဖြင့် တက်လာနေသည် ဟု ဥရောပသမဂ္ဂ စာရင်းအင်းဌာနက ပြောဆိုဖွယ်ရှိနေပြီး ဥရောပဇုံ၏ ကုန်သွယ်ရေး ပိုငွေမှာလည်း လျော့နည်း ကျဆင်းလာဖွယ်ရှိသည်ဟု စစ်တမ်းများက ပြဆိုနေသည်။

နယူးရောက် ဧရိယာအတွင်း ကုန်ထုတ်လုပ်မှုသည် စက်တင်ဘာလအတွင်း ပိုမို နှေးကွေးသော နှုန်းထားဖြင့် ကျုံ့ဝင် သွားဖွယ် ရှိနေပြီး ထိုနှုန်းထားသည် သြဂုတ်လ အတွင်း အနှုတ် ၅.၉% ရှိခဲ့ရာမှ ယခုလအတွင်း အနှုတ် ၂% ရှိလိမ့် မည်ဟု နယူးရောက် ပြည်ထောင်စု ဗဟိုဘဏ် အထွေထွေ စီးပွါးရေး ကိန်းဂဏန်း ခန့်မှန်းချက်အညွှန်းတွင် ဆိုထား သည်။ နယူးရောက်၊ နယူးဂျာဆီ မြောက်ပိုင်းနှင့် ကွန်နက်တီကတ် တောင်ပိုင်းတို့ ပါဝင်သည့် အင်ပါယာစတိတ် ညွှန်းကိန်းများတွင်မူ အဆိုပါ ကျုံ့ဝင်မှုမှာ သုညအောက် ရောက်ဖွယ် ရှိသည်။

စစ်တပ်က ၁ဝ စုနှစ် ငါးခုကြာ တိုက်ရိုက်အုပ်ချုပ်နေမှုကို အဆုံးသတ်လိုက်သည့် အစိုးရ အဖွဲ့တွင် ယမန်နှစ် နှစ်ကုန် ပိုင်းက သမ္မတ ရာထူး ရယူလိုက်ပြီးနောက် ဦးသိန်းစိန်သည် မြန်မာနိုင်ငံကို ဒီမိုကရေစီစနစ်သို့ ရှေးရှုပြောင်းလဲခဲ့ သည်။ ၂ဝ၁၅ ရွေးကောက်ပွဲ မတိုင်မီ အလုပ်အကိုင်သစ်များ ဖန်တီးလိုနေပြီး အဆိုပါ ရွေးကောက်ပွဲတွင် နိုင်ငံရေး အကျဉ်းသားဟောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည် လည်း ပါဝင်မည်
ဖြစ်သည်။

ယမန်နှစ်က ကားများ တင်သွင်းခွင့် ပေးလိုက်ခြင်းမျိုးကဲ့သို့သော အစိုးရ၏ မူဝါဒများသည် ငွေကြေး စီမံခန့်ခွဲရာတွင် အသုံးကျခဲ့သည်ဟု ဗဟိုဘဏ် ဒု-အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဝင်း က ဆိုသည်။ ကုန်ပစ္စည်း တင်ပို့သူများက
ငွေဈေးကို တဒေါ်လာလျှင် ကျပ် ၉ဝဝ မှ ၁,ဝဝဝ ကြားအထိ ရောက်အောင် ဆွဲတင်ပြီး သူတို့၏ ပို့ကုန်များ ပိုမို ပြိုင်ဆိုင်နိုင်ရေး လုပ်နေချိန်တွင် ဗဟိုဘဏ်အနေဖြင့်လည်း သွင်းကုန်သမားများနှင့် ကျေးလက်နေ ပြည်သူများ အတွက် ထည့်သွင်းစဉ်းစားရသည်ဟု သူက ပြောသည်။

ဥပဒေသစ် ပြဋ္ဌာန်းပြီးသည်နှင့် ငွေကြေးမူဝါဒနှင့် ဘဏ္ဍာရေး တည်ငြိမ်မှု ကော်မတီများ ဖွဲ့စည်းလုပ်ဆောင်သွားမည် ဟုလည်း သူက ဆက်ပြောသည်။ အရန် နိုင်ငံခြားငွေသည် သွင်းကုန် ၁ဝ လခွဲစာအထိ ရှိသည်ဟုလည်း ဆိုသည်။ IMF ၏ ခန့်မှန်းချက်အရမူ ၂ဝ၁၃ ခုနှစ်၊ ဧပြီလကုန်တွင် ဒေါ်လာ ၉.၉ ဘီလီယံ သို့မဟုတ် သွင်းကုန် ၉.၇ လစာ ရှိမည်ဟု ဆိုသည်။


နှစ်စဉ် တိုးတက်မှုနှုန်း

မူဝါဒ ချမှတ်သူများက ဈေးနှုန်းများကို ထိန်းချုပ်ထားနိုင်လျှင် မြန်မာ့စီးပွါးရေးသည် နှစ်စဉ် တိုးတက်မှုနှုန်း ၈% အထိ ရှိမည်ဖြစ်ပြီး ကုန်သွယ်ရေးလည်း တိုးမြင့်လာကာ ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်မှာ ဖြစ်သည်ဟု အာရှဖွံ့ဖြိုးရေး ဘဏ် (ADB) က ယခင်လက ပြောကြားဖူးသည်။ မြန်မာ့လူဦးရေ ၆၄ သန်း၏ လေးပုံတပုံမျှသာ လျှပ်စစ် သုံးစွဲနိုင်ပြီး မိုဘိုင်းဖုံး အသုံးပြုမှုနှင့် အင်တာနက်အသုံးပြုမှုမှာ အရှေ့တောင်အာရှ နိုင်ငံများအတွင်း အနိမ့်ဆုံး ဖြစ်သည်ဟု ADB က ဆိုသည်။

မြန်မာနိုင်ငံဗဟိုဘဏ်သည် ဘဏ္ဍာရေး ဝန်ကြီးဌာန အောက်ရှိ ဌာနတခုသာ ဖြစ်ပြီး အဓိက လုပ်ငန်းမှာ ဘတ်ဂျက် လိုငွေကို ဖြည့်တင်းပေးရန်အတွက် ငွေကြေးများ ရိုက်နှိပ်ပေးရေးသာ ဖြစ်နေသည်။ ငွေချေးစာချုပ်များ ရောင်းချရမှု မှာ ဧပြီလတွင် ကုန်ဆုံးသော ယမန်နှစ် ဘတ်ဂျက် လိုငွေပြမှု၏ ၄၆% သာ ရှိသည်။ ကျန်ငွေကို ငွေကြေး ထပ်မံ ထုတ်ဝေခြင်းဖြင့် ဖြည့်တင်းခဲ့သည်ဟု IMF က ဆိုသည်။

အာရှတွင် အနိမ့်ဆုံးဖြစ်သော အခွန်ကောက်ခံမှု အခြေခံများကို အာဏာပိုင်များက တိုးချဲ့နိုင်လျှင် ဘတ်ဂျက် လိုငွေပြမှု လျော့နည်း ကျဆင်းသွားလိမ့်မည်ဟု IMF က မျှော်မှန်းထားသည်။ ဤသို့ဖြင့် တဖြေးဖြေး လျော့နည်း ကျဆင်းလာကာ ၂ဝ၃၁ ခုနှစ်တွင် ဝင်ငွေ/ထွက်ငွေ ညီမျှသော ဘတ်ဂျက်သို့ ရောက်ရှိလိမ့်မည်ဟုလည်း မျှော်မှန်း ထားသည်။ ငွေကြေး ဖောင်းပွမှုနှုန်းမှာမူ ယခုဘဏ္ဍာရေးနှစ်တွင် ပျှမ်းမျှ ၅.၈% ရှိနေကာ ရေရှည်တွင် ၃.၅% ဖြင့် တည်ငြိမ်နေလိမ့်မည်ဟု မေလအတွင်းက ထုတ်ပြန်သော IMF အစီရင်ခံစာတွင် ရေးသားထားသည်။

၂ဝ၁၃ ခုနှစ်တွင် နိုင်ငံခြားဘဏ်များကို ပြည်တွင်းငွေချေးသူများနှင့် ဖက်စပ်လုပ်ငန်းများ တည်ထောင်ရန် အစိုးရက ခွင့်ပြုလိမ့်မည်ဟုလည်း ဦးမောင်မောင်ဝင်း က ပြောသည်။ ဤသို့ဖြင့် တဖြေးဖြေး လုပ်ငန်းခွဲများ ထူထောင်နိုင်လာ ကာ ဘဏ်ခွဲများ အပြည့်အဝ ဖွင့်လှစ်ခွင့် ရရှိလာမှာ ဖြစ်သည်ဟုဆိုသည်။ ပိုင်ဆိုင်မှု ရာခိုင်နှုန်းသတ်မှတ်မှုမှာ အသစ် ပြဋ္ဌာန်းမည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေပေါ်တွင် တည်နေပြီး အဆိုပါ ဥပဒေမှာ ပါလီမန်က အတည်ပြုပြီး
ဖြစ်ကာ သမ္မတက လက်မှတ်ရေးထိုး သဘောတူညီချက် ပေးရန် စောင့်ဆိုင်းနေရဆဲရှိသည်။

နိုင်ငံသားများ ငွေကြေးသုံးစွဲရ လွယ်ကူစေရန်လည်း အစိုးရက ယခုနှစ်အတွင်း ခွင့်ပြုပေးခဲ့သည်။ ပြည်တွင်း ကုန်စည် များကို မိမိတို့၏ ဘဏ်ကတ်များဖြင့် ဝယ်ယူနိုင်ကြပြီး ပုဂ္ဂလိကဘဏ် အများအပြားကိုလည်း ထိုင်း၊ မလေးရှား၊ စင်္ကာပူ စသည့်နိုင်ငံများတွင် အလုပ်လုပ်ကိုင်နေကြသော ရွှေ့ပြောင်းလုပ်သားများထံမှ ငွေလွှဲလုပ်ငန်းများ လုပ်ကိုင်ခွင့် ပြုခဲ့ သည်။ နိုင်ငံခြား ကုမ္ပဏီများသည်လည်း ၎င်းတို့လုပ်ငန်းသုံး ငွေကြေးများကို အစိုးရဘဏ် လေးခုမှ တဆင့် လွှဲပြောင်း
နိုင်ကြပြီ ဖြစ်သည်။ ထိုအခွင့်အရေးကို အခြား ပုဂ္ဂလိကဘဏ်များသို့လည်း မကြာမီ ပေးသွားမည်ဖြစ်သည်ဟု  ဦးမောင်မောင်ဝင်း က ပြောသည်။

“အိမ်နီးချင်း နိုင်ငံတွေနဲ့ နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ စနစ်တွေနဲ့အညီ ကျနော်တို့ အကောင်းဆုံး ဖြစ်အောင် လုပ်နေပါတယ်။ အစိုးရသစ်ရဲ့ တံခါးဖွင့် မူဝါဒကြောင့် နိုင်ငံ့စီးပွါးရေး တိုးတက်လာမှာပါ” ဟု ဗဟိုဘဏ် ဒု-အုပ်ချုပ်ရေးမှူးက ပြောကြားသွားသည်။


LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment