မြန်မာ သတင်းများ  စက်တင်ဘာ ၁၃၊ ၂၀၁၂

Western Union နဲ့ မြန်မာဘဏ် နိုင်ငံတကာငွေလွှဲလုပ်ငန်းစတင်ဖို့ သဘောတူ


နိုင်ငံတကာ ငွေလွှဲကုမ္ပဏီကြီးဖြစ်တဲ့ Western Union နဲ့ မြန်မာနိုင်ငံက မြန်မာ Oriental ဘဏ်တို့ ပူးပေါင်းပြီးတော့ တရားဝင် ငွေလွှဲပြောင်းမှု၊ ဝန်ဆောင်မှုလုပ်ငန်းကို ဒီနှစ်မကုန်ခင်မှာ စတင်တော့ မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် နိုင်ငံရပ်ခြားမှာ တရားဝင်သွားရောက် အလုပ်လုပ်ကိုင်နေကြတဲ့ မြန် မာနိုင်ငံသားတွေအနေနဲ့ နီးစပ်ရာ၊ ဒါမှမဟုတ် တရားဝင်မဟုတ်တဲ့ ငွေလွှဲပြောင်းတဲ့ နည်းလမ်းတွေ ကို အသုံးမပြုတော့ဘဲ မြန်မာနိုင်ငံကို တရားဝင် ငွေလွှဲပြောင်းနိုင်တော့မယ်လို့ မြန်မာနိုင်ငံ ဘဏ် အသိုင်းအဝိုင်းက ပြောပါတယ်။ အပြည့်အစုံကို တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ မနှစ်ကစပြီးတော့ ဒီမိုကရေစီရေး အပြောင်းအလဲတွေ ဖြစ်ပေါ်လာပြီးကတည်းက အနောက်နိုင်ငံတွေက အဆင့်မြင့် ကိုယ်စားလှယ်တွေ စီးပွားရေးလုပ်ငန်းတွေရဲ့ ကိုယ်စား လှယ်တွေ မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံလာနေကြတာမှာ အခု Western Union ရဲ့ ဝန်ဆောင်မှု မြန်မာနိုင်ငံမှာ စတင်တော့မယ်ဆိုတဲ့ ဖြစ်ရပ်က နောက်ဆုံးတွေ့ရတဲ့ စီးပွားရေးတိုးတက်ပြောင်းလဲမှု တခုပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွက် အရေးကြီးလှတဲ့ အသွင် ကူးပြောင်းမှု လုပ်ငန်းစဉ်မှာ အခုလို မျိုး ပါဝင်ခွင့်ရတဲ့အတွက် အထူးဝမ်းမြောက်မိပါကြောင်း Western Union ရဲ့ ဟောင်ကောင်က Asia Pascific ရုံးချုပ် Cooperate Communication ဌာနက ဒု-ဥက္ကဋ္ဌ Pai De Lima က အခုလို ပြောပါတယ်။

"မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ စီးပွားရေးဆိုင်ရာ ပြောင်းလဲဖွံ့ဖြိုးမှုတွေကို အထောက်အကူပေးတဲ့ အနေနဲ့ ကျမတို့အနေနဲ့ လက်တွဲလုပ်ဆောင်မယ့် Myanmar Oriental Bank ရော မြန်မာ ဗဟိုဘဏ် ဘက်ကပါ စီစဉ်ဆောင်ရွက်စရာတွေကို မြန်မြန်ဆန်ဆန်ပဲ ဆောင်ရွက်ပေးတာတွေ့ရလို့ အထူး သဘောကျမိပါတယ်။ မြန်မာနိုင်ငံအတွက် အရေးပါတဲ့ ဒီ အပြောင်းအလဲကာလမှာ တထောင့် တနေရာက ပါဝင်ခွင့်ရတဲ့အတွက် Western Union အနေနဲ့ အင်မတန် ဂုဏ်ယူမိပါတယ်။

အခုထိတော့ အခက်အခဲရယ်လို့ သိပ်မတွေ့ရသေးပါဘူး။ ဒါပေမဲ့ ဒီ ငွေလွှဲပြောင်းတဲ့ ဝန်ဆောင်မှုကို ဘယ်လို စတင်မလဲ၊ မြန်မာဗဟိုဘဏ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ဘောင်ဝင်အောင် လုပ်ငန်းတွေ ကို ဘယ်လိုဆောင်ရွက်မလဲ ဆိုတာတွေမှာ သေချာအောင် လုပ်ရပါမယ်။ ကျမတို့ ငွေလွှဲစနစ် ကို မြန်မာနိုင်ငံမှာ ဘယ်လိုအသုံးပြုမလဲဆိုတာနဲ့ ဘယ်လို ချိတ်ဆက်ထားမလဲဆိုတာတွေ အပြင် ဝန်ထမ်းတွေကို လေ့ကျင့်သင်တန်းပေးဖို့၊ ဒါတွေအကုန်စီစဉ်နေပါတယ်။

နိုင်ငံရပ်ခြားမှာ ရောက်နေတဲ့ မြန်မာတွေ အဆင်ပြေပြေနဲ့ မြန်မာနိုင်ငံကို စိတ်ချယုံကြည်စွာ ငွေ လွှဲပြောင်းနိုင်ဖို့ အခုတော့ သဘောတူလက်မှတ်လည်း ထိုးပြီးပြီဆိုတော့ Western Union နဲ့ မြန်မာ့ Oriental ဘဏ်တို့ လက်တွဲပြီး ဒီလုပ်ငန်းကို စတင်ဆောင်ရွက်နေကြပါပြီ။"

Western Union Asia Pacific ရုံးချုပ်က ပြောရေးဆိုခွင့်ရှိတဲ့ Cooperate Communication ဌာနက ဒု-ဥက္ကဋ္ဌ မစ္စ် ဒလီမား ပြောသွားတာဖြစ်ပါတယ်။ Western Union ကုမ္ပဏီက နိုင်ငံပေါင်း ၂၀၀ မှာ ဌာနခွဲပေါင်း ၅၀၀,၀၀၀ နဲ့ ငွေအလွှဲအပြောင်း ကိစ္စရပ်တွေအတွက် ဝန်ဆောင်မှု ပေးနေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာလည်း အခုလို နိုင်ငံတကာနည်းတူ တရားဝင်ငွေလွှဲပြောင်းမှုစံနစ် ရှိလာမယ် ဆိုရင် နိုင်ငံခြားကိုရောက်ပြီး အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသား နှစ်သန်းလောက်က အချိန်တိုတို နဲ့ မြန်မာနိုင်ငံကို တရားဝင် ငွေတွေ လွှဲပြောင်းပေးအပ်နိုင်တော့မှာပါ။ ဒါကြောင့်မို့လို့ ငွေလွှဲချင်တဲ့ သူတွေအတွက်ရော နိုင်ငံအတွက်ပါ အကျိုးများမှာဖြစ်ပါတယ်လို့ မြန်မာနိုင်ငံဘက်က ဝန်ဆောင်မှုပေးမယ့် မြန်မာ Oriental Bank က အကြီးတန်း အထွေထွေမန်နေဂျာ ဦးသန်းဝင်းက ဗွီအိုအေကို အခုလို ပြောပါတယ်။

"တရားဝင်လာတဲ့ ပိုက်ဆံတွေကို အစိုးရအနေနဲ့ကလည်း အားပေးတာကိုး။ နိုင်ငံခြားဝင်ငွေလည်း ရတာကိုး။ နိုင်ငံအရပ်ရပ်မှာရှိတဲ့ ကိုယ့်ရဲ့နိုင်ငံသားတွေရဲ့ငွေ ပြန်ပို့ဖို့ကလည်း တချို့နေရာတွေကျတော့လည်း အခက်အခဲရှိတာကိုး။ အရင်တုန်းကလည်း ဟွန်တီတွေ ပိုက်ဆံလိမ်သွားတာတွေ ဘာတွေ ရှိခဲ့ဖူးတာကိုး။ ပို့တဲ့သူကလည်း စိတ်ချယုံကြည်ရတဲ့သူတွေလည်း ရှိကောင်းရှိမှာပေါ့။ ဒါပေမဲ့ ဒီလို အဖွဲ့ကြီးနဲ့လုပ်တာက ပိုပြီးတော့ ကောင်းမယ်လို့ ကျနော်တို့လည်း ယူဆပါတယ်။ တရက်အတွင်းနဲ့၊ မိနစ်ပိုင်းအတွင်းနဲ့လို အဆင်ပြေနိုင်ပါတယ်။ သူက မြန်ဆန်တယ်၊ မှန်ကန်တယ်၊ တိကျတယ်။"

မြန်မာ Oriental Bank က အကြီးတန်း အထွေထွေမန်နေဂျာ ဦးသန်းဝင်း ပြောသွားတာပါ။ မြန် မာနိုင်ငံမှာ စတင်တည်ထောင်လာခဲ့တာ နှစ်နှစ်ဆယ် ပြည့်တော့မှာဖြစ်တဲ့ မြန်မာ Oriental Bank ရဲ့ ရန်ကုန်က ဘဏ်ခွဲ ရှစ်နေရာအပါအဝင် နိုင်ငံတဝှန်းဘဏ်ခွဲ ၁၉ နေရာကနေပြီးတော့ Western Union ရဲ့ ဝန်ဆောင်မှုနဲ့ ငွေလွှဲပြောင်းစံနစ်ကို အသုံးပြုနိုင်မှာဖြစ်တယ်လို့ မြန်မာ Oriental Bank က ပြောပါတယ်။

ဒါပေမဲ့ လောလောဆယ်တော့ နိုင်ငံတကာကပဲ မြန်မာနိုင်ငံကို ငွေလွှဲလို့ရမှာဖြစ်ပြီး မြန်မာနိုင်ငံဘက်က နေပြီးတော့ နိုင်ငံရပ်ခြားကို ငွေပို့လို့ ရနိုင်သေးမှာ မဟုတ်ဘူးလို့လည်း သိရပါတယ်။

မြန်မာနိုင်ငံအပေါ်မှာ အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂနဲ့ သြစတြေးလျနိုင်ငံတို့က ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်ရေးဆိုင်ရာ အရေးယူပိတ်ဆို့မှုတချို့ကို ဖယ်ရှားပေးပြီးတော့ သုံးလအကြာမှာပဲ အခုလိုမျိုး မြန်မာနိုင်ငံကို တရားဝင် ငွေလွှဲပြောင်းရေး ဝန်ဆောင်မှု စတင်ဖို့အတွက် မြန်မာနိုင်ငံကဘဏ်တခုနဲ့ နိုင်ငံတကာ ငွေလွှဲပြောင်းရေးကုမ္ပဏီတို့ သဘောတူ လက်မှတ် ရေးထိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။



ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်း စတုထ္တအကြိမ် အလှူငွေပေးအပ်ပွဲ ကျင်းပ


ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်း၏ စတုထ္တအကြိမ် အလှူငွေပေးအပ်ပွဲနှင့် အလှူရှင်များအား ဂုဏ်ပြုပွဲ အခမ်းအနားကို စက်တင်ဘာလ ၁၂ရက်နေ့က ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီစားသောက်ဆိုင်တွင် ကျင်းပပြုလုပ်ခဲ့သည်။


နန်နင်းမြို့တွင် ကျင်းပမည့် ၉ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံမှ Country of Honour အနေဖြင့် တက်ရောက်ပြသမည်


တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်းရှီးပြည်နယ်၊ နန်နင်းမြို့တွင် စက်တင်ဘာလ ၂၁ ရက်နေ့မှ ၂၅ ရက်နေ့အထိ ပြုလုပ်မည့် ၉ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲသို့ မြန်မာစီးပွားရေးလုပ်ငန်းရှင်များမှ ပြခန်းပေါင်း ၁၀၀ ကျော် တက်ရောက်ပြသရန် စီစဉ်ထားကြောင်း သိရသည်။

 
အခြေခံပညာကဏ္ဍတွင် ပညာရေးဝန်ထမ်းများ၏ လစာနှုန်းထားများနှင့် ရာထူးအဆင့်များကို မူလကထက် ပြောင်းလဲ တိုးမြှင့်သွားမည်ဖြစ်ကြောင်း သိရ


အခြေခံပညာကဏ္ဍတွင် ပညာရေးဝန်ထမ်းများ၏ လစာနှုန်းထားများ နှင့် ရာထူးအဆင့်များကို မူလကထက် ပြောင်းလဲတိုးမြှင့် သွားမည်ဖြစ်ကြောင်း အမှတ် (၃) အခြေခံပညာဦးစီးဌာနမှ သိရှိရသည်။


သဘာဝဓာတ်ငွေ့ လုံလောက်စွာ ရရှိမည်ဆိုပါက ရန်ကုန်မြို့မှ ရေနံချောင်း၊ ချောက်စသည့် ဒေသများသို့ သွားရာ လမ်းတစ်လျှောက်တွင် သဘာဝဓာတ်ငွေ့ အရောင်းဆိုင်များ ဖွင့်လှစ်မည်


မြန်မာနိုင်ငံတွင် သဘာဝ ဓာတ်ငွေ့အရောင်းဆိုင် ဖွင့်လှစ်မှု အနေဖြင့် ၄၅ ဆိုင် ဖွင့်လှစ်ထားပြီး ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် တွင် ပြည်ပသို့တင်ပို့မည့် ရွှေသဘာဝ ဓာတ်ငွေ့စီမံကိန်းမှ သဘာဝဓာတ်ငွေ့များ ရရှိပါက ရန်ကုန်မြို့မှ သဘာဝဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းရာ လမ်းတစ်လျှောက်တွင် သဘာဝဓာတ်ငွေ့ အရောင်းဆိုင်များ ဖွင့်လှစ်သွားနိုင်မည် ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ ရန်ကုန်မြို့တွင် သဘာဝဓာတ်ငွေ့အရောင်းဆိုင် ၄၁ ဆိုင်ဖွင့်လှစ်ထားပြီး ချောက်၊ ရေနံချောင်းနှင့် မန္တလေးမြို့များ၌ ငါးဆိုင်ဖွင့်လှစ်ထားသဖြစ်ကြောင်း သိရသည်။


ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကခရီးစဉ် စက်တင်ဘာလ ၁၆ ရက်မှစတင်ပြီး ရက်ပေါင်း ၂၀ ကြာမြင့်မည်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ အမေရိက ခရီးစဉ်မှာ စက်တင်ဘာလ ၁၆ ရက်မှ အောက်တိုဘာလ ၅ ရက်နေ့အထိ ရက်ပေါင်း ၂၀ ကြာမြင့်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းကြိုင်၏ ပြောကြားချက်အရ သိရသည်။


သမ္မတ ဦးသိန်းစိန် တရုတ်နှင့် အမေရိကန်သို့ သွားမည်

 

 

သမ္မတ ဦးသိန်းစိန် တရုတ်နိုင်ငံသို့ လာမည့် စက်တင်ဘာ ၁၈ ရက်တွင် သွားရောက်မည် ဖြစ်ပြီး အမေရိကန်သို့ စက်တင်ဘာ ၂၃ တွင် သွားရောက်ဖွယ်ရှိကြောင်း သတင်းရသည်။ တရုတ် ခရီးစဉ်သည် ၉ ကြိမ်မြောက် နန်နင်း ကုန်စည်ပြပွဲသို့ တက်ရောက်ရန် သွား ရောက်သည့် ခရီးစဉ် ဖြစ်ပြီး အမေရိကန် ခရီးစဉ်မှာ နယူးယောက်မြို့တွင် ကျင်းပမည့် ၆၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ သို့ တက်ရောက်ရန် သွားရောက်ခြင်း ဖြစ်ကြောင်း Eleven media group ဖေ့စ်ဘုတ် တွင် ဖော်ပြထားသည်။


နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ဖိုရမ် ကျင်းပ

 

 

နေပြည်တော်၌ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ Myanmar Global Investment ဖိုရမ် ကို ယနေ့ စတင်၍ ၂ ရက်ကြာ ကျင်းပ မည် ဖြစ်ကြောင်း သိရသည်။ Euro Money အဖွဲ့မှ ဦးဆောင်ကျင်းပသော ယင်း ဖိုရမ်ကို သမ္မတ ဦးသိန်းစိန် တက်ရောက် ဖွင့်လှစ် သည်။ သမ္မတရုံး ၀န်ကြီး ဦးစိုးသိန်း၊ စွမ်းအင် ဒု ၀န်ကြီး ဦးထင်အောင်၊ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ် ဒဲရစ် မစ်ချဲလ် တို့ အပါအ၀င် ပြည်တွင်း ပြည်ပမှ ပညာရှင်များက စွမ်းအင် ကဏ္ဍ၊ ဘဏ်လုပ်ငန်း၊ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု၊ မြေယာနှင့် အိမ်ခြံမြေ ရင်းနှီးမြုပ်နှံမှု၊ လမ်းပန်း ဆက်သွယ် ရေး၊ စိုက်ပျိုးရေး ကဏ္ဍ ဆိုင်ရာ အစရှိသည်တို့ကို ဆွေးနွေးကြမည် ဖြစ်ကြောင်း Euro Money က ထုတ်ပြန် ထားသည်။

ကြေးမုံ သတင်းစာ ပြောင်းလဲလာ


အစိုးရထုတ် ကြေးမုံ သတင်းစာသည် ယခုရက်ပိုင်းအတွင်း အပြင်အဆင် ပြောင်းလဲ ထုတ်ဝေလာသည်။ ယခင် အဖြူအမည်းဖြင့် ထုတ်ဝေနေရာမှ ယခုအခါ တချို့စာမျက်နှာများတွင် အရောင်များ ၊ စာလုံးဒီဇိုင်းပုံစံ အသစ်များ နှင့် စာမျက်နှာ အထားအသို ဖွဲ့စည်းမှုများ ပြောင်းလဲလာသည်ကို တွေ့ရသည်။ အယ်ဒီတာ့အာဘော် အပါအ၀င် သတင်း အကြောင်းအရာ ရွေးချယ် ရေးသား ပုံ များကိုမူ ယမန်နှစ်က စတင် ပြောင်းလဲခဲ့သည်။ ကြေးမုံ ကို ပြောင်းလဲမည်ဖြစ်ကြောင်း ၂၀၁၀ နှစ်ကုန်ပိုင်းတွင် တာဝန်ရှိသူများက ပြောဆိုထားသည်။ ကြေးမုံ သတင်းစာသည် ၁၉၅၇ နှစ်က စတင်ထုတ်ဝေခဲ့ရာ လက်ရှိ စောင်ရေ သိန်းချီ ရိုက်နှိပ် ရောင်းချနေ ရကြောင်း သိရသည်။ ကြေးမုံ ကို ကြေးမုံ ဦးသောင်း၊ ဦးဝင်းတင်၊ ဇ၀န အစရှိသည့် သတင်းစာဆရာကြီးများက စတင် တည်ထောင် လုပ်ကိုင်ခဲ့ကြပြီး အရည်အသွေးရှိ သတင်းစာတစောင် ဖြစ်ခဲ့သော်လည်း ၁၉၆၂ ခုနှစ်က ဗိုလ်ချုပ်ကြီး နေ၀င်း အာဏာသိမ်းပြီး နောက် ပြည်သူပိုင် အသိမ်းခံခဲ့ရသည်။ ထိုနောက်ပိုင်းမှ စ၍ ကြေးမုံ သတင်းစာမှာ အစိုးရသတင်း ဦစားပေး ဖော်ပြရသည့် သတင်း စာ၊ ဝါဒဖြန့် သတင်းစာ အဖြစ် အသုံးပြုခံခဲ့ရပြီး အရည်သွေးလည်း ကျဆင်းသွားသည်။

မြန်မာ နှင့် စင်္ကာပူ တဂိုးစီ သရေ


ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်းတွင် ယမန်နေ့က မြန်မာ့ လက်ရွေးစင် ဘောလုံး အသင်း နှင့် စင်္ကာပူ အသင်းတို့ ခြေစမ်း ကစားရာ တဘက် တဂိုးစီဖြင့် သရေပွဲ ဖြစ်သွားသည်။ မြန်မာ အသင်းသည် ၂၀၁၂ ခု ဆူဇူကီး ဖလားပွဲ အတွက် လေ့ကျင့် ပြင်ဆင် နေခြင်း ဖြစ်ပြီး ဆူဇူကီး ဖလား ခြေစစ် ပွဲစဉ်များကို ရန်ကုန်မြို့၌ အောက်တိုဘာ ၅ ရက် တွင် စတင်မည် ဖြစ်ကြောင်း လည်း သိရ သည်။

ရန်ကုန်၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဟိုတယ်များ ထပ်မံဆောက်လုပ်


မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အလားအလာ အရ ရန်ကုန်မြို့တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဟိုတယ် ၄ လုံး ထပ်မံ ဆောက်လုပ် နေ ကြောင်း သိရသည်။ ယင်း ဟိုတယ်များမှာ အိပ်ခန်း ၂၄၀ ပါ ရှန်ဂရီလာ ကွန်းပလပ်စ်၊ အိပ်ခန်း ၆၀ (လက်ရှိ) ပါ ရို့စ် ဂါးဒင်း၊ အိပ် ခန်း ၂၇၀ ပါ စင်တာပွိုင့်၊ အိပ်ခန်း ၁၀၀ ပါ န၀ရတ် ဟိုတယ်တို့ ဖြစ်သည်ဟု အစိုးရ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းတာဝန်ရှိသူ တဦး က ပြောကြားကြောင်း The Voice အင်တာနက် စာမျက်နှာ၌ ဖော်ပြထားသည်။ ထို့အပြင် ပြည်တွင်း လုပ်ငန်းရှင်များက ချဲ့ထွင်နေသော ဟိုတယ် အခန်း စုစုပေါင်း ၁၀၀၀ အပါအဝင် ၂၀၁၃ ခုနှစ်အတွင်း ၀င်ရောက်လာမည့် ဧည်သည် ပေါင်း ၉ သိန်း ခန့်အတွက် အခန်း ပေါင်း ၁၆၇၀ ခန့် ထွက်ပေါ်လာမည် ဖြစ်ကြောင်း၊ ရန်ကုန်မြို့တွင် လက်ရှိ ဟိုတယ် ၁၉၅ လုံး ရှိပြီး အခန်းပေါင်း ၈၃၅၆ ခန်း ခန့်ရှိကြောင်း၊ မြန်မာ တနိုင်ငံလုံးတွင် ဟိုတယ် အခန်းပေါင်း ၂၆၀၀၀ ခန့်ရှိကြောင်းလည်း သိရသည်။

ထိုင်းနယ်စပ်၌ လက်နက် မှောင်ခိုတဦး ဖမ်းမိ


ရှမ်းပြည်နယ် တာချီလိတ်မြို့နယ်သို့ လက်နက်ပစ္စည်းများ တင်ပို့ ရောင်းဝယ်ရေး လုပ်ကိုင်နေသူဟု ယူဆရသော မြန်မာနိုင်ငံသား ၁ ဦးကို သက်သေခံ ပစ္စည်းများနှင့် အတူ ထိုင်း-မြန်မာနယ်စပ်တွင် ပြီးခဲ့သည့် တပတ် သောကြာနေ့က ကိတ်မုန့်ဘူးနှင့် နို့မှုန့်ဘူး အခွံများအတွင်း ထည့်၍ သယ်ဆောင်လာသည့် ၉ မမ ကျည်ဆန်တောင့် ၁၄၉၀ ကို ဖမ်းဆီးရမိခဲ့ကြောင်းသက်သေခံ ပစ္စည်းဖြစ်သည့် ကျည်ဆန်များကို မယ်ဆိုင် – တာချီလိတ် ချစ်ကြည်ရေး တံတား စစ်ဆေးရေး ဂိတ်တွင် စက်တင်ဘာလ ၇ ရက် နေ့ တွင် မြန်မာ အာဏာပိုင်များက ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်းသိရ သည်။

အပြည်ပြည်ဆိုင်ရာ အာရှနိုင်ငံရေးပါတီများ ညီလာခံအဖွဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် တွေ့ဆုံ


ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းကို ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ တရုတ်၊ ကမ္ဘောဒီးယား စတဲ့ နိုင်ငံတွေက လွှတ်တော်ကိုယ်စားလှယ် ၂၀ ကျော်ပါဝင်တဲ့ (ICAPP) အပြည်ပြည်ဆိုင်ရာ အာရှနိုင်ငံရေး ပါတီများ ညီလာခံအဖွဲ့က မနေ့က နေပြည်တော် လွှတ်တော်အဆောက်အဦးမှာ သွားရောက် တွေ့ဆုံခဲ့ပါတယ်။

ငှက်နှစ်ကောင် ချိုချဉ်စက်ရုံ အလုပ်သမားအခွင့်အရေး တောင်းဆို


မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၅၉ လမ်းပေါ်က မနော်ဟရီလမ်း အနီးမှာရှိတဲ့ ငှက်နှစ်ကောင် ချိုချဉ်စက်ရုံက နေ့စားအမျိုးသမီး လုပ်သား ၇၀ ကျော်ဟာ နေ့စားလုပ်ခ တိုးမြှင့်ပေးရေး၊ သတ်မှတ် အလုပ်ချိန်နဲ့အညီ အလုပ်လုပ်ခွင့်ရရေး၊ အလုပ်ခွင်အတွင်း လုပ်သားအခွင့်အရေး ခံစားခွင့်ရရှိရေး စတဲ့အချက်တွေ ပါဝင်တဲ့ တောင်းဆိုချက် (၁၂) ချက်နဲ့အတူ မနေ့က စက်ရုံဝင်းအတွင်း ငြိမ်းချမ်းစွာ ထိုင်သပိတ် ဆင်နွဲခဲ့ကြပါတယ်။

ABSDF ခေါင်းဆောင်ဟောင်းများ ကျဆုံးရဲဘော်များအတွက် အလှူဒါနပြု


ABSDF ကျောင်းသားတပ်မတော် ခေါင်းဆောင်ဟောင်းတွေ ဖြစ်ကြတဲ့ ဦးမိုးသီးဇွန်နဲ့ ဦးထွန်းအောင်ကျော်တို့ ဦးဆောင်တဲ့အဖွဲ့ဟာ ၁၉၈၈ ခုနှစ်ကစလို့ ရွှေဝါရောင် တော်လှန်ရေးနဲ့ မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားမှု တလျှောက်မှာ ကျဆုံးသွားခဲ့တဲ့ ရဟန်းရှင်လူ ပြည်သူ အပေါင်းကို ရည်စူးပြီး မနေ့က မနက်ပိုင်းက ရန်ကုန်မြို့၊ တောင်ဥက္ကလာပ မြို့နယ်မှာရှိတဲ့ ငွေကြာယံ ပရိယတ္တိ စာသင်တိုက်မှာ အမျှအတန်းဝေမှု ပြုလုပ်ခဲ့ပါတယ်။

 

ဒီမိုကရေစီနည်းကျ အုပ်ချုပ်ရေးမှူးရွေးဖို့ ရပ်ကွက်နေပြည်သူများ တောင်းဆို

 

ရန်ကုန်တိုင်း မှော်ဘီမြို့နယ် အမှတ် (၄) ရပ်ကွက် မှာ ရပ်ကွက်တွင်း ပြည်သူတွေကို အသိမပေးပဲ အထက်အာဏာပိုင်တွေက ရပ်ကွက် အုပ်ချုပ်ရေးမှူးအဖြစ် ပဏာမ ရွေးချယ်ထားတဲ့ လူပုဂ္ဂိုလ်တွေကို လက်မခံနိုင်ကြောင်း ရပ်ကွက်သူ၊ ရပ်ကွက်သား ၂၅၀၀ ကျော် စုပေါင်း လက်မှတ်ထိုးပြီး မြိုနယ်အုပ်ချုပ်ရေးမှူးထံကို မနေ့က စာတင်လိုက်တယ်လို့ သိရပါတယ်။

 

အလှူခံခရီးစဉ် ကူညီသူကို မြို့နယ်အုပ်ချုပ်ရေးမှူး တရားစွဲ

 

နာမည်ကျော် မဇ္ဈိမလှိုင်း တေးဂီတအဖွဲ့က ဂီတပညာရှင် ကိုရဲလွင် ဦးဆောင်တဲ့ ပန်းရဲ့လမ်း လူမှုကွန်ယက် အဖွဲ့ကနေ ဧရာဝတီတိုင်း ရေဘေး ဒုက္ခသည်တွေအတွက် မကွေးတိုင်းအတွင်း သွားရောက်ခဲ့တဲ့ ကူညီရေး အလှူခံ ခရီးစဉ်အတွင်း အကူအညီပေးခဲ့သူ မကွေးမြို့က ဦးမောင်မောင်စိုးကို မြို့နယ်အုပ်ချုပ်ရေးမှူးက ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေး အက်ဥပဒေ ပုဒ်မ ၂၆/၂၇အရ မနေ့က တရားစွဲဆို လိုက်တယ်လို့ စုံစမ်းသိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ယခုလ ၁၇ ရက် အမေရိကန်ပြည်ထောင်စု ရောက်မည်


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန် ပြည်ထောင်စုကို ဒီလ (၁၇)ရက်နေ့ ရောက်ရှိမှာ ဖြစ်ပြီး အောက်တိုဘာလ ပထမအပတ် အထိ နေထိုင်မှာ ဖြစ်ပါတယ်။

မိုးထိမိုးမိ ရွှေကွက်တွင် ကုမ္ပဏီနှင့် အင်းသားများ အကျိုးစီးပွား ကွာဟဆဲ



မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်ရှိ မိုးထိမိုးမိ ရွှေတူးဖေါ်ရေးလုပ်ငန်းတွင် ပင်မကုမ္ပဏီကြီးဖြစ်သော အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီနှင့် အကျိုးတူဆောင်ရွက်သူရွှေတူးဖေါ်သူများအကြား အဆင်မပြေ မှုများ ဆက်လက်ရှိနေကြောင်း အဆိုပါရွှေတူးဖေါ်ရေး အသိုင်းအဝန်းမှ ပြောသည်။သြဂုတ်လ ၂၇ ရက်နေ့တွင် ကုမ္ပဏီမှ လုံခြုံရေးများနှင့် ၉၅ဝ လုပ်ကွက်မှ အင်းသား အယောက် ၁၅ဝ ခန့် အချင်းဖြစ်ပွားခဲ့ပြီး အင်းသားများ တရားစွဲဆိုခံထားရကြောင်း ယင်းလုပ်ငန်းခွင်မှ အင်းလုပ်သားများက ပြောသည်။ ထိုကုမ္ပဏီနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်နေသော ကုမ္ပဏီငယ်များအကြား အင်း၊ အက်တာများ ယခင်အတိုင်း လုပ်ကိုင်ခွင့်ပေးရန်၊ ဇုန်အသီးသီးရှိ ကျောက်ကြိတ်ခွဲ စက်များအား ကုမ္ပဏီမှ တနှစ် သက်တမ်းတိုးပြီး ကြိတ်ခွဲ ခွင့်ပြုရန်၊ အင်း၊ အက်တာများမှ နစ်နာကြေး တောင်းခံသူတို့အား နစ်နာကြေးပေးရန် စသည့် အချက်များအပါအဝင် အချက် ၆ ချက်ပါ သဘောတူစာချုပ် ချုပ်ဆိုပြီး နောက်ပိုင်းတွင်လည်း မကျေနပ်မှုများ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။

LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment