သမိုင်းတကွေ့မှ အတိုက်အခံနိုင်ငံရေးခေါင်းဆောင် ဗိုလ်ချုပ်အစ်ကို ဦးအောင်သန်း
သန်းဝင်းလှိုင်

 
လွတ်လပ်ပြီးစ ပါလီမန်ဒီမိုကရေစီခေတ်တွင် အတိုက်အခံနိုင်ငံရေးခေါင်းဆောင်အဖြစ် ထင်ရှားခဲ့သော ဗိုလ်ချုပ်အစ်ကို ဦးအောင်သန်းကို အဖ ရှေ့နေဦးဖာ၊ အမိ ကုန်သည်ဒေါ်စုတို့မှ ၁၉၁၁ ခုနှစ် သြဂုတ်လ၂၀ ရက် တနင်္ဂနွေနေ့တွင် မကွေးခရိုင် နတ်မောက်မြို့တောင်ရွာ (အောင်ဆန်းရပ်)၌ ဖွားမြင်ခဲ့သည်။ မွေးချင်း(၉)ဦးအနက် အဋ္ဌမမြောက်(နို့ညှာ) ဖြစ်သည်။ သူ၏ မွေးချင်းများမှာ …
(၁) မခင်ညွှန့် (လယ်ဝန်ကတော်)
(၂) မဝက်(အိမ်ထောင်မပြု)
(၃) မောင်ဘဝင်း (ဘီအေ၊ ဘီအက်စ်စီ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ကျဆုံးခဲ့သူ)
(၄) မရွှေမှန် (ငယ်စဉ်က ကွယ်လွန်)
(၅) မောင်နေအောင် (အမိန့်တော်ရရှေ့နေ)
(၆) မောင်ညိုမောင် (ငယ်စဉ်ကကွယ်လွန်)
(၇) မောင်ထွန်းလင်း
(၈) မောင်အောင်သန်း
(၉) မောင်အောင်ဆန်းတို့ဖြစ်ကြသည်။

မိခင်ဘက်မှအဘိုးဖြစ်သူမှာ မြို့လုလင်သူကြီး ဦးမင်းရောင်ဖြစ်ပြီး သီပေါမင်းပါတော်မူချိန်က မြို့လုလင်၊ နတ်မောက်နယ်က နယ်ချဲ့တို့ကို ဦးဆောင်တော်လှန်ခဲ့သော ဗိုလ်မင်းရောင် (မင်းကြီးရွှေလရောင်) ဖြစ်သည်။
အသက် ၆ နှစ်မှ ၁၃ နှစ်အထိ နတ်မောက်မြို့ရှိ ဘကြီးတော်စပ်သော ဘုန်းတော်ကြီးဦးသောဘိတ၏ မြန်မာစာသင်ကျောင်း၌ ပညာ သင်ကြားခဲ့သည်။ ယင်းကျောင်းမှ ၁၉၂၄ ခုနှစ်တွင် မြန်မာ ၇ တန်းအောင်ခဲ့သည်။ ထို့နောက် ၁၉၂၄ ခုနှစ်မှ ၁၉၂၉ ခုနှစ်တိုင် ရေနံချောင်းမြို့ အမျိုးသားကျောင်း၌ ပညာဆက်လက်သင်ယူသည်။ အစ်ကိုကြီးဦးဘဝင်း (အာဇာနည်ဦးဘဝင်း)၊ (၁၉၀၁-၁၉၄၇) မှာ ယင်းကျောင်းမှ အ ထက်တန်းပြဆရာဖြစ်သည်။
၁၉၂၆ ခုနှစ်တွင် အင်္ဂလိပ်-မြန်မာ ၇ တန်းစကောလားရှစ်စာမေးပွဲ အောင်သည်။ ၁၉၂၈ ခုနှစ်တွင် ဆယ်တန်းစာမေးပွဲကို မြန်မာစာ ဂုဏ် ထူးဖြင့်အောင်သည်။ သို့သော် သင်္ချာဘာသာ၌ကျနေ၍ တက္ကသိုလ်ဝင်ခွင့်မရချေ။ ထို့နောက် ၁၉၂၉ ခုနှစ်တွင် သချာင်္ဘာသာတစ်ခုတည်းသာ ဖြေဆိုခွင့်ရသော်လည်း ဘာသာအားလုံးပြန်ဖြေရာ ဂဏန်းဘာသာတွင် ဂုဏ်ထူးဖြင့်အောင်မြင်ကာ တက္ကသိုလ်ဝင်ခွင့်ရခဲ့သည်။ (ထိုခေတ် က သင်္ချာဘာသာကို ဂဏန်းဘာသာ၊ အက္ခရာသင်္ချာနှင့် ဂဲသြမေထရီဘာသာဟူ၍ ခွဲခြားထားသည်။)
ဦးအောင်သန်းသည် ဗိုလ်ချုပ်အောင်ဆန်းနှင့် အသက် ၄ နှစ်မျှသာခြား၍ အထက်အောက်ညီအစ်ကိုဖြစ်သော်လည်း ဗိုလ်ချုပ်နှင့် စိတ်နေ သဘာဝကွာခြားပုံကို နောင်တွင် ဗိုလ်ချုပ်အောင်ဆန်းက သူ၏ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ၌ ဤသို့ဖော်ပြခဲ့သည်။
“ညီအစ်ကိုမောင်နှမများထဲတွင် ကျနော်အငယ်ဆုံးဖြစ်သည်။ ထို့ကြောင့် ကျနော်တို့အိမ်စံချိန်နှင့်ကြည့်လျှင် ကျနော်အလိုလိုက်ခံရဆုံး ဖြစ် ၏။ အဆိုးဆုံးဟုလည်း အိမ်နီးနားချင်းပါမက ရွာနီးနားချင်းပါ အသိအမှတ်ပြုခံရ၏။ ကျနော်၏အထက် အစ်ကို ကိုအောင်သန်းနှင့် ကျနော်မှာ အသက် ၃ နှစ်ခွဲ ၄ နှစ်မျှကွာ၏။ သူနှင့်ကျနော်ကား ငယ်ငယ်ကရန်ဖြစ်ဘက်ဖြစ်၏။ သူကား လက်မြန်၏။ ကျနော်ကား အားကြီး၏။ မချိန် မဆ လက်လွှတ်စပယ်လုပ်တတ်၏။ သူကား နု၏။ မင်းသားကျချင်၏။ ကျနော်ကား ကြမ်း၏။ သူသည် အစားအသောက်အနေအထိုင်မှစ၍ သပ်ရပ်၏။ အစားဆိုလည်း အစားတိုင်းမစား၊ စားသောက်နေသည့်အခါ အစာမြေကြီးပေါ်သို့ ကျသွားလျှင် သူသည်မစားတော့။ ကျနော်ကား ဖုတ်ဘက်ခါ၍ စားနိုင်လျှင်စား၏။ သူကား အဝတ်များကို သပ်သပ်ရပ်ရပ်ဝတ်တတ်၏။ သူသည် မြေကြီးကြမ်းများပေါ်တွင် မည်သည့်အခါမျှ တုံးလုံးမလှဲ၊ ကျနော်ကား ကြိမ်ဖန်များစွာ လှဲဖူး၏။ သူကား ပါး၏။ လျှင်၏။ ကျနော်ကား ထူ၏။ အေး၏။” ဟူ၍ ရေးသားထားလေသည်။
၁၉၂၉ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၌ ပညာဆက်လက်သင်ယူသည်။ ၄င်းနှင့်တစ်နှစ်တည်း တက္ကသိုလ်ရောက်သူအများမှာ ကိုရှုမောင် (ဗိုလ်ချုပ်ကြီးနေဝင်း)၊ ကိုချင်းစိန် (ရွှေညာမောင်)၊ ကိုဝန် (မင်းသုဝဏ်) စသည်တို့ဖြစ်ကြသည်။ ၁၉၃၁ခုနှစ်တွင် ဥပစာတန်းစာမေးပွဲအောင်၍ အင်္ဂလိပ်စာဂုဏ်ထူးတန်း တက်ခွင့်ရသည်။ ဝိဇ္ဇာရိုးရိုးတန်းတက်၍ ၁၉၃၂-၃၃ နောက်ဆုံးနှစ်တွင် တက္ကသိုလ်ကျောင်းသားသမဂ္ဂ (တကသ) အဖွဲ့၌ အလုပ်အမှုဆောင်အဖွဲ့ဝင်၊ ရန်ကုန်တက္ကသိုလ် ဗုဒ္ဓဘာသာအသင်းအမှုဆောင်၊ မကွေးခရိုင်တက္ကသိုလ်ကျောင်းသား များအ သင်းဥက္ကဋ္ဌ၊ အင်းဝဆောင် သဟာယအသင်းအမှုဆောင်၊ အစားအသောက်ကော်မတီဝင်အဖြစ် ဆောင်ရွက်သည်။ ယင်းအဖွဲ့ပေါင်း စုံ၌ အချိန်ပြည့်ဆောင်ရွက်မှုကြောင့် စာမေးပွဲကျခဲ့ရသည်။
ယင်းနောက် ၁၉၃၄တွင် စာပြန်ကြိုးစား၍ ပြန်ဖြေရာ ဝိဇ္ဇာ (ဘီအေ) စာမေးပွဲကို အင်္ဂလိပ်စာပေ၊ ခေတ်သစ်ရာဇဝင်နှင့် နိုင်ငံရေးသိပ္ပံ ဘာသာရပ်များဖြင့် အောင်မြင်ခဲ့သည်။
၁၉၃၄-၃၆တွင် အင်္ဂလိပ်ဘာသာဖြင့်ထုတ်ဝေသော The New Burma အမည်ရှိ ဝံသာနုသတင်းစာတွင် လက်ထောက်အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။ ထိုစဉ်က အယ်ဒီတာချုပ်မှာ ၉၁ ဌာနခေတ် ဝန်ကြီး၊ ဂျပန်ခေတ်ဝန်ကြီးနှင့် ပထမဆုံး ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီးဖြစ်သော ဒေါက်တာသိန်းမောင် (၁၈၉၁ ခုနှစ် ဇန်နဝါရီ ၂ – ၁၉၄၆ ခုနှစ် မေ ၂၃) ဖြစ်သည်။ နယူးဘားမားသတင်းစာသည် နိုင်ငံ ရေးသတင်းစာဖြစ်သည့်အတိုင်း စီးပွားရေးမတောင့်တင်း၊ အလုပ်သမားများအား လခပင်ပုံမှန်မပေးနိုင်ဘဲ ဝံသာနုစိတ်ရှိသူများသာ ဝင် ရောက်လုပ်ကိုင်ကြသည်။ ဗြိတိသျှအစိုးရကလည်း သတင်းစာနှင့် အလုပ်သမားများ၊ အယ်ဒီတာများကို အခါအခွင့်သင့်တိုင်း ဖိနှိပ်ခဲ့သည်။
၁၉၃၆ ခုနှစ် စက်တင်ဘာတွင် မြန်မာနိုင်ငံဝန်ထမ်းနှင့်အခြားဋ္ဌာနဝန်ထမ်းစာမေပွဲ (Combined B.C.S and other Services Examination) အောင်သည်။ ယင်းနောက် ၁၉၃၇ ခုနှစ် မတ်လ ၁၁ ရက်မှစ၍ မြို့အုပ်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၃၇ – ၄၂တွင် မင်းဘူးအလုပ်သင်မြို့အုပ်၊ ရေစကြိုလက်ထောက်မြို့ပိုင်၊ မြိုင်မြို့ပိုင်အဖြစ် အမှုထမ်းသည်။ ဂျပန်ခေတ် (၁၉၄၂ မတ် ၈ မှ ၁၉၄၅ မေ ၃) တွင် နယ်ပိုင်ဝန်ထောက် ဖြစ်လာသည်။ စစ်ပြီးစ ကက်စဘီ (CAS-B) ခေါ် မြန်မာနိုင်ငံဆိုင်ရာ မြို့ပြအုပ်ချုပ်ရေးအဖွဲ့ [Civil Affairs Service (Burma)] အုပ်ချုပ်ရေး ကာလ ၁၉၄၅ ခုနှစ် အောက်တိုဘာလတွင် မြို့အုပ်ရာထူးမှ နှုတ်ထွက်၍ နိုင်ငံရေးလောကသို့ ဝင်ရောက်ခဲ့သည်။ နိုင်ငံရေးလောက၌ ဆိုရှယ်လစ်ပါတီသို့ ဝင်ရောက်ပြီး တောင်တွင်းကြီးမြို့နယ် ဆိုရှယ်လစ်ပါတီ၌ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ ယင်းနောက် မကွေးခရိုင် ဖဆပလ ဥက္ကဋ္ဌ၊ ၁၉၄၇ တိုင်းပြုပြည်ပြုလွှတ်တော် မကွေးအရှေ့မြောက်နယ် ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်သည်။ သခင်နုဦးဆောင်သော ကြားဖြတ်အစိုးရလက်ထက် ၁၉၄၇ သြဂုတ်၂၅ တွင် သယ်ယူပို့ဆောင်ရေးနှင့်လမ်းပန်းဆက်သွယ်ရေးဋ္ဌာန ပါလီမန်အတွင်းဝန်၊ ၁၉၄၈-၄၉ တွင် ဝန်ကြီးချုပ်ဦးနု၏ တွဲဖက်ပါလီမန်အတွင်းဝန်၊ သယ်ယူပို့ဆောင်ရေးဋ္ဌာနအတွင်းဝန်၊ ပြည်ထဲရေးဋ္ဌာနတွဲဖက်ပါလီမန်အတွင်းဝန်အဖြစ် ဆောင်ရွက်ခဲ့ သည်။
၁၉၄၉ ဧပြီ၂တွင် ဆိုရှယ်လစ်ပါတီနှင့်ရဲဘော်အဖွဲ့ဝင်များ အစိုးရအဖွဲ့မှ နှုတ်ထွက်ရာတွင် ပါဝင်ခဲ့သည်။ ထို့နောက် ဦးဗဆွေ (ဆိုရှယ်လစ်ပါတီအထွေထွေအတွင်းရေးမှူး)၊ သခင်ချစ်မောင် (သာယာဝတီ) (လက်ထောက်အထွေထွေအတွင်းရေးမှူး) တို့နှင့်အတူ နိုင်ငံခြားရေးဗျူရိုဒုတိယအတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သည်။ ၁၉၄၉ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့တွင် ဆိုရှယ်လစ်ခေါင်းဆောင်များ အာဏာယစ်မူး မှုကိုမကြိုက်၍ အာဏာရဆိုရှယ်လစ်ပါတီမှ နှုတ်ထွက်ခဲ့သည်။ ၁၉၅၀ပြည့်နှစ် ဒီဇင်ဘာလ ၃၁ရက်နေ့တွင် ဖဆပလအတိုက်အခံ အလုပ် သမား လယ်သမားပါတီ (ဆိုရှယ်နီ) မှ သခင်ချစ်မောင်၊ သခင်လွင်၊ သခင်လှကျွေတို့ ဦးဆောင်၍ ဒီမိုကရေစီအခွင့်အရေး တောင်းဆိုပွဲကို ရန်ကုန်မြို့တော် မဟာဗန္ဓုလပန်းခြံတွင်ကျင်းပရာ ဦးအောင်သန်းသည် သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။ ထို့ကြောင့် ဖဆပလအဖွဲ့ ချုပ်၏ ထုချေလွှာအတောင်းခံရသည်။
၁၉၅၁ခုနှစ်တွင် ကြည့်မြင်တိုင်လွှတ်တော်အမတ် ဒေါ်ခင်လှ (အမျိုးသမီးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ)၊ ဦးဘလွန်း (လမ်းမတော်)၊ ဦးဉာဏ် ရှိန် (မကွေးအရှေ့မြောက်နတ်မောက်မြို့)၊ မန်းထွန်းရင် (ပါလီမန်ဒုဥက္ကဋ္ဌ)တို့နှင့်အထူ ဖဆပလအဖွဲ့ချုပ်မှ နှုတ်ထွက်ခဲ့သည်။
ထို့နောက် လွှတ်တော်အမတ် တောင်ကြီးဦးထွန်းမြင့်၊ ဒူးဝါဇော်ရစ်၊ စော်နော်တင်ဘွား၊ မန်းထွန်းရင်၊ ဘီလီနွန်း၊ မစ္စတာဖစ်ရှား၊ ဗိုလ်အောင်ခိုတို့နှင့်ပူးပေါင်းပြီး ပါလီမန်အတွင်း အတိုက်အခံအဖွဲ့ကို ဦးဆောင်ခဲ့သည်။ တဖန် သခင်လွင်၊ သာယာဝတီ သခင်ချစ်မောင်၊ သခင်လှကျွေ တို့ဦးဆောင်သော ဆိုရှယ်နီပါတီ ခေါ် ဗမာပြည်အလုပ်သမားလယ်သမားပါတီနှင့် ပူးပေါင်း၍ ပြည်သူ့ ဒီမိုကရေစီတပ်ပေါင်းစု ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ အတွင်းရေးမှူးမှာ သခင်ချစ်မောင် (သာယာဝတီ) ဖြစ်သည်။
၁၉၅၁ခုနှစ် ဇွန်လ ၁၂ရက်နေ့တွင် မြန်မာနိုင်ငံတော် လွတ်လပ်ရေးရပြီးနောက် ပထမဆုံးအကြိမ်ပြုလုပ်ခဲ့သည့် ပါလီမန်ရွေးကောက်ပွဲတွင် ပါလီမန်အတိုက်အခံအဖွဲ့သည် ပြည်သူ့ရဲဘော်၊ တို့ဗမာအစည်းအရုံး၊ ဦးသိန်းဖေမြင့် (တသီးပုဂ္ဂလ)တို့နှင့် ပူးပေါင်းပြီး ပြည်သူ့ငြိမ်းချမ်းရေး အဖွဲ့ပေါင်းစုကို တည်ထောင်ကာ ဦးအောင်သန်းအား ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ခဲ့ကြသည်။ အဖွဲ့၏နာယကမှာ ဆရာကြီးသခင် ကိုယ် တော်မှိုင်း၊ ဒုတိယဥက္ကဋ္ဌ သခင်ထွန်းအုပ်၊ ဗိုလ်လရောင် (ရဲဘော်သုံးကျိပ်)နှင့် အတွင်းရေးမှူးဦးထွန်းမြင့်(တောင်ကြီး)တို့ ဖြစ်ကြ သည်။ အဖွဲ့၏ အမှတ်တံဆိပ် ပန်းသပြေနှင့်ညောင်ရေအိုးပုံကို အစွဲပြု၍ တည်မြဲဖဆပလ ဒုတိယဝန်ကြီးချုပ် ဦးကျော်ငြိမ်းက “ညောင်ရေ အိုးပါတီ”ဟု ကင်ပွန်းတပ်ခဲ့သည်။
ပါလီမန်ရွေးကောက်ပွဲတွင် လမ်းမတော်မဲဆန္ဒနယ်မှ ဝန်ကြီးချုပ် ဦးနုနှင့် ယှဉ်ပြိုင်ရာ ရှုံးနိမ့်ခဲ့သည်။
ရွေးကောက်ပွဲပြီးနောက် ဒေါက်တာဘမော်၏ မဟာဗမာပါတီ၊ သခင်လွင်၊ သခင်ချစ်မောင်(သာယာဝတီ)တို့၏ ဆိုရှယ်နီပါတီ နှင့်ပူးပေါင်း၍ “သုံးပွင့်ဆိုင်မဟာမိတ်အဖွဲ့”သည် ပြည်တွင်းငြိမ်းချမ်းရေး၊ တရုတ်ဖြူကျူးကျော်မှုဆန့်ကျင်ရေး၊ ပြည်သူ့ဒီမိုကရေစီ အခွင့်အရေးကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခဲ့သည်။
ယင်းနောက် ဒီမိုကရေစီနှင့်လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရန်ရည်ရွယ်၍ ၁၉၅၁ ခုနှစ် ဇူလိုင်လ ၂၄ရက်နေ့တွင် ပြည်သူ့ ငြိမ်းချမ်းရေးအဖွဲ့ပေါင်းစု၊ တို့ဗမာအစည်းအရုံး၊ ဆိုရှယ်နီပါတီ၊ သံဃာ့ပါတီ၊ ပြည်သူ့ဒီမိုကရေစီတပ်ပေါင်းစု၊ တောင်သူလယ်သမား အစည်း အရုံး၊ သိမ်ကြီးဈေးဗဟိုသမဂ္ဂ၊ ဗမာပြည်အလုပ်သမားအစည်းအရုံးအဖွဲ့ချုပ်၊ မွန်တိုင်းရင်းသားအစည်းအရုံး၊ ပြည်သူ့လူငယ် အဖွဲ့၊ မဟာဗမာ အဖွဲ့၊ ပြည်သူ့ညီညွတ်ရေးပါတီ၊ ပြည်သူ့မြို့ပြရေးရာကောင်စီ၊ ကရင်ကွန်ဂရက်၊ အမှုထမ်းသမဂ္ဂ၊ ဒီမိုကရေစီ အမျိုးသမီးအဖွဲ့၊ မွန်အမျိုး သားအဖွဲ့၊ ပြည်သူ့ပါတီ၊ ကလောင်သစ်အဖွဲ့၊ တဲအိမ်လူထုစောင့်ရှောက်ရေးအဖွဲ့ စသည့်အဖွဲ့ပေါင်း ၃၀ကျော်ပါဝင်သည့် “ဒီမိုကရေစီအခွင့် အရေးကာကွယ်မှုကော်မတီ”ကို ဖွဲ့စည်း၍ ဥက္ကဋ္ဌအဖြစ် ဦးအောင်သန်းအား တာဝန်ပေးအပ်ခဲ့သည်။ အထွေထွေအတွင်းရေးမှူးမှာ သခင်လှ ကျွေ (ဆိုရှယ်နီပါတီ)ဖြစ်သည်။ အဖွဲ့ဝင်များအဖြစ် သခင်သန်း၊ မွန်ဦးဖိုးချို၊ မွန်ထွန်းရင်၊ သခင်ရှိန်ဇော်၊ သခင်အောင်ရင်၊ သခင်ဗဟန်၊ ဦးအရိယဝံသ၊ ဦးရွှေဖြူ၊ ဦးထွန်းအောင်ကျော်(အမှုထမ်းသမဂ္ဂ)၊ ဦးဘဂျမ်း၊ ဦးလှတင်၊ ရဲဘော်မျိုးညွန့်၊ ရဲဘော်သန်းငွေတို့ အပါအဝင် အမှုဆောင်အဖွဲ့ဝင် ၂၁ ဦး ပါဝင်သည်။
ကော်မတီသည် ၃ နှစ်အတွင်း ဒီမိုကရေစီအခွင့်အရေးချိုးဖောက်မှုပေါင်း ၃၀၀ ကျော်ကို စိစစ်မှတ်တမ်းတင်၍ ဥပဒေနှင့်အညီ အာဏာ ပိုင်များထံ တင်ပြတောင်းဆိုခြင်း၊ လူထုနည်းဖြင့် ကန့်ကွက်ဆန္ဒပြခြင်းများ ပြုလုပ်ခဲ့သည်။ ၁၉၅၄ တွင် ကော်မတီ၏ ၃ နှစ်မြောက် အထိမ်း အမှတ်အဖြစ် “ဒီမိုကရေစီရေးမှတ်တမ်းကြီး” (Records for Democratic Actions) ပထမပိုင်းကို ထုတ်ဝေခဲ့သည်။
၁၉၅၅ခုနှစ် ဖေဖော်ဝါရီလတွင် အလုံမဲဆန္ဒနယ်မှ ရန်ကုန်မြူနီစပါယ်လူကြီးအဖြစ် ရွေးချယ်ခံရသည်။ ၁၉၅၅ခုနှစ် နိုဝင်ဘာလ၁၈ရက် နေ့တွင် တို့ဗမာအစည်းအရုံး၊ ပြည်သူ့ညီညွတ်ရေးပါတီ၊ ပြည်သူ့ငြိမ်းချမ်းရေးအဖွဲ့ပေါင်းစု၊ ဗမာပြည်အလုပ်သမားပါတီ(ဆိုရှယ်နီ)၊ ဗမာပြည်အလုပ်သမားအစည်းအရုံးများအဖွဲ့ချုပ်၊ တောင်သူလယ်သမားညီညွတ်ရေးအစည်းအရုံး၊ ပြည်သူ့လူငယ်အဖွဲ့၊ တရားမျှတမှု အဖွဲ့၊ မွန်အမျိုးသားအဖွဲ့၊ မန်းထွန်းရင်(တသီးပုဂ္ဂလ)၊ ပြည်သူ့ရဲဘော်ပါတီ၊ မွန်ပြည်သူ့တပ်ဦးတို့စုပေါင်း၍ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား ညီညွတ်ရေးတပ်ပေါင်းစု(ပမညတ) [National United Front (NUF)]ကိုတည်ထောင်ခဲ့ရာ ဦးအောင်သန်းသည် သဘာပတိအဖွဲ့ဝင် အဖြစ်ဆောင်ရွက်ခဲ့သည်။ ပမညတသည် ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီအရေး၊ အမျိုးသားညီညွတ်ရေး၊ အမျိုးသားစီးပွားထူထောင်ရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေးထိန်းသိမ်းကာကွယ်ရေး မူဝါဒလမ်းစဉ်ဖြင့် ၁၉၅၆ ခုနှစ် ဧပြီလ၂၇ ရက်နေ့တွင် ကျင်းပသော ဒုတိယအကြိမ် ပါလီမန် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲကို ဝင်ရောက်အရွေးခံရာ အမတ်နေရာ၄၆နေရာ အနိုင်ရရှိခဲ့ သော်လည်း ရန်ကုန်ကြည့်မြင်တိုင် တောင် ပိုင်းမဲဆန္ဒနယ်မှ ဝင်ရောက်အရွေးခံသော ဦးအောင်သန်းသည် ဖဆပလအမတ် မြန်မာ့အလင်း ဦးတင်ကို ရှုံးနိမ့်ခဲ့သည်။
၁၉၅၈ခုနှစ်ဇူလိုင်လတွင် ပမညတထောက်ခံမှုဖြင့် ဦးအောင်သန်းကို ဒီမိုကရေစီမော်ကွန်းတင်ညီလာခံအတွင်းရေးမှူး (လစာ ၁၅၀၀ ကျပ်) ရာထူး ဖဆပလအစိုးရက ကမ်းလှမ်းရာ ငြင်းပယ်ခဲ့သည်။
၁၉၅၈ ခုနှစ် ဇူလိုင်လ၂၀ ရက်နေ့တွင် အမျိုးသားတိုးတက်ရေးပါတီကိုတည်ထောင်၍ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သည်။ ၁၉၅၈ ခုနှစ် စက် တင်ဘာလ၂၆ ရက်နေ့တွင် ဝန်ကြီးချုပ်ဦးနုက ၁၉၅၉ ခုနှစ် ဧပြီလမကုန်မီ လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲကျင်းပရန် အကြောင်း ပြချက်ဖြင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်းကိုအာဏာလွှဲပေးမှုကို ဦးအောင်သန်းသည် ပမညတကိုဦးဆောင်၍ ပြင်းထန်စွာ ကန့်ကွက်ခဲ့သည်။ သူဦးဆောင်နေသော အမျိုးသားတိုးတက်ရေးပါတီကလည်း တရားပွဲများကျင်းပ၍ ကန့်ကွက်ခဲ့ သည်။
ယင်းနှင့်ပတ်သက်၍ ဦးအောင်သန်းသည် သူ၏ “အောင်ဆန်းမိသားစု”စာအုပ် စာ ၈၀ ၌ “ဦးနုက မိမိဆန္ဒအလျောက် ဗိုလ်ချုပ်နေဝင်းအား လွှဲပေးလေဟန် တိုင်းပြည်အား လှည့်စားထားသော်လည်း မိမိအမှားများကြောင့်လွှဲပေးရသည်ကို လူတိုင်းသိပါသည်။
ဦးနုက ဗိုလ်ချုပ်နေဝင်းအား လွှဲမပေးမီ သူ့အား အမတ် ၄၆ ယောက်ဖြင့် ပါလီမန်တွင်ထောက်ခံခဲ့သော ကျနော်တို့ ပမညတကိုလည်း မ ဆွေးနွေးခဲ့ချေ။ ထိုသို့လွှဲပေးခြင်းကိုလည်း ပမညတကသဘောမတူပါ။ အထူးသဖြင့် ကျနော်ခေါင်းဆောင်သော အမျိုးသား တိုးတက်ရေး ပါတီက အကြီးအကျယ်ကန့်ကွက်ပါသည်။ သို့သော် မရပါ။ ဦးနုသည် မိမိအတွက်အကျိုးရှိမည်ထင်လျှင် မည်သည့်ထုံးတမ်းစဉ်လာကိုမျှ လိုက်နာလေ့မရှိ။ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်ပါတီကိုမျှ ထောက်ထားလေ့မရှိပါ”ဟူ၍ ရေးသားထားလေသည်။
ယင်းနောက် ၁၉၅၈ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် အမျိုးသားတိုးတက်ရေးပါတီနှင့် ရဲဘော်ပေါင်းစုံထိန်းသိမ်းရေးအဖွဲ့၊ တို့ဗမာအစည်း အရုံးတို့ ပူးပေါင်းခဲ့သည်။ ပါတီအမည်ကို အမျိုးသားတိုးတက်ရေးပါတီဟုပင် ဆက်လက်အသုံးပြုခဲ့သည်။
ထို့နောက် ဗိုလ်ချုပ်နေဝင်းအိမ်စောင့်အစိုးရလက်ထက် ၁၉၅၉ ခုနှစ် ဧပြီလ ၃ ရက်နေ့ညတွင် ပုဒ်မ၅ဖြင့် ဖမ်းဆီးခံရပြီး မေလ ၇ ရက်နေ့တွင် ရန်ကုန်မှ မိုင်၂၆၀ ကျော်ဝေးသော ပင်လယ်အတွင်းရှိ ကိုကိုးကျွန်းအကျဉ်းစခန်းသို့ ပို့ခဲ့သည်။ ကိုကိုးကျွန်းမှာ အလျားခုနစ်မိုင်၊ အနံနှစ်မိုင် ရှိ၍ ပင်လယ်ပြင်ကိုဖြတ်လျက် သဘောင်္ဖြင့် ၂၈ နာရီကြာမျှ သွားရောက်ရသည်။ ကိုကိုးကျွန်းအကျဉ်းစခန်း၏ထူးခြားချက်မှာ အကျဉ်းသား များအား ထောင်ဝါရမ်းတွင် မည်သို့ပင်ရေးထားစေကာမူ အားလုံးကို သာမာန်အကျဉ်းသားများ (‘ဂ’အကျဉ်းသား) အဖြစ်သာ ဆက်ဆံရန် အိမ်စောင့်အစိုးရက ညွှန်ကြားထားသည်။ ဦးအောင်သန်းသည် ကိုကိုးကျွန်းရောက်ပြီး ကျန်းမာရေးတဖြည်းဖြည်းဆိုးရွားလာသဖြင့် ၁၉၅၉ ခုနှစ်ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ဆေးဝါးကုသရန် ရန်ကုန် စံပြထောင် (ယခုသူနာပြုတက္ကသိုလ်) သို့ ပြန်ပို့ခဲ့သည်။ ထို့နောက် ၁၉၆၀ ပြည့် နှစ် ဇန်နဝါရီလ ၆ ရက်နေ့တွင် ထောင်မှ ပြန်လွှတ်ပေးခဲ့သည်။
၁၉၆၀ပြည့်နှစ် ဖေဖော်ဝါရီလ၆ရက်နေ့တွင် ကျင်းပသော ပါလီမန်ပြည်သူ့လွှတ်တော် အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်ကြည့်မြင် တိုင် တောင်ပိုင်းမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရွေးကောက်ပွဲ၌ ရှုံးနိမ့်ခဲ့ပြန်သည်။
၁၉၆၂ ခုနှစ် မတ်လ၂ ရက်နေ့တွင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်၍ နိုင်ငံတော်အာဏာကိုသိမ်းယူပြီး တော်လှန်ရေး ကောင်စီက ဆိုရှယ်လစ်နိုင်ငံထူထောင်မည်ဟုကြေညာခဲ့ရာ ဦးအောင်သန်းသည် တော်လှန်ရေးကောင်စီကို ထောက်ခံခဲ့သည်။ ၁၉၆၄ ခုနှစ် ဧပြီလတွင် တော်လှန်ရေးကောင်စီက ပေးအပ်သည့်တာဝန်များကို စတင်ထမ်းဆောင်ချိန်မှစ၍ အတိုက်အခံနိုင်ငံရေးသမားဘဝ နိဂုံး ချုပ်ခဲ့ရသည်။
‘၈၈’ ဒီမိုကရေစီအရေးတော်ပုံကြီးအပြီး ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီလတွင် တည်ထောင်ခဲ့သော ပြည်သူ့ဒီမိုကရေစီပါတီ (People’s Democratic Party) တွင် နာယကအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။ သို့သော် ၁၉၉၀ ပြည့်နှစ် မေလ ၂၇ ရက်နေ့တွင် ကျင်းပသော ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးမျှ အရွေးမခံရသောကြောင့် နဝတအမိန့်အမှတ် (၂/၉၂) ဖြင့် ၁၉၉၂ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ဖျက်သိမ်းခံခဲ့ရသည်။
ဦးအောင်သန်းသည် ၁၉၃၆ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် တောင်တွင်းကြိးမြို့နေ ဦးဘတင်၊ ဒေါ်စံတို့၏ တတိယသမီး ဒေါ်ခင်နု (သခင် ထွန်းအုပ်၏ဇနီး ဒေါ်ခင်တုတ်၏ညီမ) နှင့် လက်ထပ်၍ သားစောလှအောင်သန်း၊ သမီးရီရီအောင်သန်း၊ တီတီအောင်သန်း၊ သားချိုအောင်သန်း၊ သမီးငယ်မမသန်းတို့ ထွန်းကားခဲ့သည်။
ဦးအောင်သန်းသည် စာပေဝါသနာထုံ၍ ၁၉၅၂ ခုနှစ် မေလ ၁ ရက်နေ့တွင် ပြည်သူ့နေ့စဉ်သတင်းစာကို ဦးစီးထုတ်ဝေခဲ့သည်။ သို့သော် လုပ်ငန်းမကျွမ်းကျင်၍ ၄ လခန့်အကြာတွင် ရပ်ဆိုင်းသွားခဲ့ရသည်။ ၁၉၅၄ခုနှစ်တွင် ပြည်သူ့ဂျာနယ်ကို ထပ်မံထုတ်ဝေသည်။ သခင်မြသန်း က တာဝန်ခံအဖြစ်ဆောင်ရွက်ပေးခဲ့သည်။ ဂျာနယ်တွင် ဆောင်းပါးများရေးသား၍ လုံးချင်းစာအုပ်များအဖြစ် “၁၆နှစ် နိုင်ငံရေးအ တွေ့အကြုံများ” (၁၉၆၂)၊ “အောင်သန်း၏ အောင်ဆန်း” (၁၉၆၅)၊ “အောင်ဆန်းမိသားစု” (၁၉၇၀)စသည့် စာအုပ်တို့ကို ပြုစုရေးသားခဲ့သည်။ ၁၉၈၁ ခုနှစ်တွင် နိုင်ငံ့ဂုဏ်ရည်ဘွဲ့ (ဒုတိယအဆင့်) ချီးမြှင့်ခံရသည်။
ထို့နောက် ဝါရင့်အတိုက်အခံနိုင်ငံရေးသမားကြီး ဗိုလ်ချုပ်အစ်ကို ဦးအောင်သန်းသည် ရန်ကုန်မြို့ ရန်ကင်းမြို့နယ် နေအိမ်၌ ၁၉၉၁ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ကွယ်လွန်သွားခဲ့လေသည်။

ရည်ညွှန်း
(၁) ဦးအောင်သန်း၊ အောင်ဆန်းမိသားစု စတုတ္ထအကြိမ် – တကောင်းစာပေတိုက်၊ ၂၀၁၁။
(၂) မြဟန်၊ ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ – ဒုတိယအကြိမ်၊ အားမာန်သစ်စာပေ ၂၀၁၀။
(၃) သန်းဝင်းလှိုင်၊ အနှစ်ချုပ်မြန်မာ့သမိုင်းအဘိဓာန် (ဒုတိယတွဲ() ပထမအကြိမ် – ပညာရွှေတောင်စာပေတိုက် ၂၀၁၀။
(၄) မောင်ဇေယျာ၊ “ပါလီမန်ဒီမိုကရေစီခေတ် အတိုက်အခံနိုင်ငံရေးခေါင်းဆောင် ဗိုလ်ချုပ်အစ်ကို ဦးအောင်သန်း (၁၉၁၁-၁၉၉၁)”၊ ပြည်သူ့ ခေတ်ဂျာနယ် အတွဲ ၂ အမှတ် ၇၇ (၂၀၁၂ ဇန်နဝါရီ ၁၂)။


သန်းဝင်းလှိုင်

LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

ကမ္ဘာ့သတင်းများ 29/05/2012

နိုင်ငံတကာသတင်း

ဆီးရီးယား တိုက်ခိုက်မှုတွေအပေါ် ငြိမ်းချမ်းရေး ကိုယ်စားလှယ်စိုးရိမ်

 
ကုလသမဂ္ဂငြိမ်းချမ်းရေး သံတမန်ကိုဖီအာနန်ဟာ ဆီရီးယားနိုင်ငံငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ဆက်လက် လုပ်ဆောင်နိုင်ဖို့ ဒမတ်စကပ်မြို့တော်ကို တနင်္လာနေ့က ရောက်သွားခဲ့ပြီး  ၁၅ လကြာလာပြီဖြစ်တဲ့ အကြမ်းဖက်မှုတွေ အားလုံးရပ်တန့်ပေးဖို့ ထပ်မံ တောင်းဆိုလိုက်ပါတယ်။
မစ္စတာအာနန်ရဲ့  ဒီခရီးစဉ်အတွင်း ဆီးရီးယားသမ္မတ ဘက်ရှာ၊ အာလ်အာဆတ်ဒ်၊ ၊ နိုင်ငံခြားရေး ၀န်ကြီး ၀ါလစ်မိုလန်တို့နဲ့လည်း အင်္ဂါနေ့မှာ တွေ့ဆုံဖို့ရှိပါတယ်။ ဒါ့အပြင် သောကြာနေ့က ဟူလာမြို့မှာ လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှုအတွက်တော့ ဒါဟာ တုန်လှုပ်ခြောက်ခြားစရာ သတ်ဖြတ်မှုဖြစ်တယ်လို့ မစ္စအာနန်က ပြောဆိုလိုက်ပါတယ်။
အခုလို မစ္စတာအာနန် မရောက်ခင် အချိန်လေးမှာပဲ နိုင်ငံ့အလယ်ပိုင်း ဟားမားမြို့တ၀ိုက်မှာ တနင်္ဂနွေနေ့ကနေ တနင်္လာနေ့ အစောပိုင်း အထိ အစိုးရတပ်တွေရဲ့နောက်ထပ်တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၁၃ ဦးအပါအ၀င် စုစုပေါင်း ၃၄ ဦး သေဆုံးခဲ့ရတယ်လို့ ဆီရီးယားအရေး တက်ကြွလှုပ်ရှားသူတွေက ဆိုပါတယ်။
ဒါဟာ သူပုန်တွေက အစိုးရရုံးစိုက်တဲ့နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာအပေါ် ဂလဲ့စားခြေတဲ့အနေနဲ့ အစိုးရတပ်တွေဘက်က ပြန်လည်တိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့လည်း လှုပ်ရှားသူတွေက ဆိုပါတယ်။

လူ ၉၀ကျော် သေဆုံးတဲ့ တိုက်ခိုက်မှု၊ ဆီးရီးယားအစိုးရ ငြင်းဆန်

ဆီးရီးယားနိုင်ငံ ဟောလာ (Houla) မြို့မှာ သောကြာနေ့က ဆီးရီးယားအစိုးရတပ်ဖွဲ့တွေရဲ့ လက်ချက်ကြောင့် လူ ၉၂ ယောက်ထက်မနည်း သေဆုံးခဲ့ရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဆီးရီးယားအစိုးရက ငြင်းဆန်လိုက်ပါတယ်။ ဒီသေဆုံးသွားသူတွေထဲက သုံးပုံတပုံလောက်ဟာ ကလေးငယ်တွေဖြစ်ကြပါတယ်။
ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဂျီဟတ် မက်ခ် ဒစ် စီ (Jihad Makdissi) ကတော့  ဒီ စွပ်စွဲချက်တွေဟာ အကြီးအကျယ် လိမ်ညာမှုတွေသာဖြစ်ပြီး လက်နက်ကိုင် အကြမ်းဖက်သမားတွေကသာ ဆီးရီးယား တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့တာဖြစ်တဲ့အကြောင်း သူက အပြစ်ဖို့ခဲ့ပါတယ်။
ကုလသမဂ္ဂ စောင့်ကြည့်အကဲခတ်သူတွေကတော့  အစိုးရဆန့်ကျင်မှုတွေ အဓိက ဖြစ်ပွားရာ Homs မြို့ ရဲ့ အနောက်မြောက်ဘက်မှာရှိတဲ့ ဟောလာမြို့ကို တိုက်ခိုက်တဲ့နေရာမှာ လက်နက်ကြီးတွေ၊ သံချပ်ကာ တင့်ကားတွေ ကို အသုံးပြုခဲ့ကြတယ်လို့ ပြောဆိုခဲ့တာပါ။
အစိုးရနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကတော့ - ဆီးရီးယားတပ်ဖွဲ့တွေအနေနဲ့ သူတို့ တိုက်ခိုက်ခံနေ ရတဲ့ အခြေအနေကို ခုခံ ကာကွယ်ရင်း လက်တုန့်ပြန်ခဲ့တာဖြစ်ပြီး သူတို့ဘက်က လက်နက်ကြီးတွေ သံချပ်ကာ တင့်ကားတွေကို မသုံးခဲ့ဘူးလို့ ပြောဆိုခဲ့ပါတယ်။
အခု ဟောလာ (Houla) မြို့ တိုက်ခိုက်ခံရမှုဟာ သမ္မတ ဘက်ရှာ အယ်လ် အာဆတ် (Bashar al-Assad's) ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ ၁၅ လတာ ကာလအတွင်း အသေအပျောက် အများဆုံး တိုက်ခိုက်မှုလည်းဖြစ်ပါ တယ်။ သောကြာနေ့ က ၀တ်ပြုဆုတောင်းပွဲအပြီး ဆီးရီးယား စစ်တပ်ကနေ မြို့ကို ပစ်ခတ်ခဲ့တဲ့အတွက် အခုလို သေဆုံးကြရတာလို့ မျက်မြင်သက်သေတွေက ပြောဆိုခဲ့ပါတယ်။




ဆီးရီးယားနိုင်ငံ အလယ်ပိုင်းရှိ Houla မြို့တွင် လူ ၉၀ ကျော် အသတ်ခံရသည့် ဖြစ်စဉ်အပြီး အစိုးရတပ်များကို လက်တုံ့ပြန်တိုက်ခိုက်မှု လုပ်ဆောင်ရန် ဆီးရီးယားစစ်တပ်မှ ဘက်ပြောင်းသူများဖြင့် ဖွဲ့စည်းထားသော ဆီးရီးယားလွတ်မြောက်ရေး တပ်မတော် Free Syrian Army (FSA)မှ ခေါင်းဆောင်တစ်ဦးက တိုက်တွန်းခဲ့သည်။

ကုလ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် အဆိုပြုခဲ့သော ငြိမ်းချမ်းရေးအစီအစဉ်မှာလည်း ယင်းအသတ်ခံရမှု ဖြစ်စဉ်အပြီး ပျက်ပြားသွားပြီဖြစ်ကြောင်း FSA အဖွဲ့ဝင်များက ပြောကြားခဲ့သည်။
မေလ ၂၅ ရက်တွင် Houla မြို့၌ အနည်းဆုံးကလေး ၃၂ ဦးနှင့် မိသားစုအစုလိုက် အပါအ၀င် လူ ၉၀ ကျော် အသတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ ဆီးရီးယားအစိုးရသည် ကိုဖီအာနန်၏ ငြိမ်းချမ်းရေး အစီအစဉ်ကို အခွင့်ကောင်းယူ၍ လက်နက်မဲ့ အရပ်သားများအား အစုလိုက် သတ်ဖြတ်မှု ပြုလုပ်နေသည့်အတွက် ကိုဖီအာနန်၏ ငြိမ်းချမ်းရေးအစီအစဉ်အတိုင်း လိုက်နာလုပ်ဆောင်ရန် မဖြစ်နိုင်တော့ဟု FSA မှ ပြောခွင့်ရ ပုဂ္ဂိုလ်ဗိုလ်မှူးကြီး ကာဆင်ဆာ့ဒ်အက်နီ၏ ပြောကြားချက်ပါသည့် ဗီဒီယိုကို မေလ ၂၆ ရက်တွင် လွှင့်တင်ခဲ့သည်။
ကိုဖီအာနန်၏ အပစ်အခတ် ရပ်စဲရေးအဆိုပြုချက်ကို အစိုးရနှင့် အတိုက်အခံတို့က သဘောတူကြောင်း ဧပြီလလယ်က ကြေညာခဲ့အပြီး နောက်ပိုင်းတွင် အနည်းဆုံးလူ ၁၆၃၅ ဦး အသတ်ခံခဲ့ရကြောင်း သိရသည်။

ဆီးရီးယားနိုင်ငံ၊ ဆီးရီးယားပြည်သူနှင့် ဒေသတွင်းတစ်ခုလုံးကို ကယ်တင်နိုင်ရန်အတွက် ကုလလုံခြုံရေးကောင်စီ၏ လမ်းညွှန်မှုဖြင့် နိုင်ငံစုံ တပ်ဖွဲ့စည်းကာ ဆီးရီးယားအစိုးရတပ်များနှင့် မဟာဗျူဟာမြောက်နေရာများကို လေကြောင်းမှ တိုက်ခိုက်သင့်ကြောင်း အက်နီက တိုက်တွန်းပြောကြားခဲ့သည်။

ယင်းလူအစုလိုက် အသတ်ခံရမှုမှာ ဒေသတွင်းနှင့် အနောက်နိုင်ငံများမှ ရန်သူများ၏ လက်ချက်ဖြစ်ကြောင်း ဆီးရီးယားအစိုးရက အပြစ်တင်ခဲ့သည်။ ဆီးရီးယားအပေါ် စိတ်ဓာတ်ရေးရာ စစ်ပွဲဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်း ဒမတ်စကတ်တက္ကသိုလ်မှ နိုင်ငံရေး သိပ္ပံဌာနမှ ဂျာမယ်အယ်မာမွတ်က ပြောကြားခဲ့သည်။ ယင်းလူအစုလိုက် အသတ်ခံရမှုအပြီး ဆီးရီးယားတွင် ပြည်တွင်းစစ်အန္တရာယ် ကျရောက်နိုင်ကြောင်း နိုင်ငံတွင်းရောက်ရှိနေသော ကုလစောင့်ကြည့်အဖွဲ့ခေါင်းဆောင်က သတိပေးခဲ့သည်။

ယင်းဖြစ်စဉ်အပြီး ဆီးရီးယားအပေါ် နိုင်ငံတကာက ပြင်းပြင်းထန်ထန် အရေးယူရန် ဗြိတိန်က ၎င်း၏ မဟာမိတ်များကို မေလ ၂၆ ရက်တွင် တိုက်တွန်းခဲ့သည်။ လာမည့်ရက်ပိုင်းအတွင်း လုံခြုံရေးကောင်စီအတွင်း အရေးပေါ်ဆွေးနွေးပွဲ ပြုလုပ်နိုင်ရန် တိုက်တွန်းသွားမည်ဟု ဗြိတိန်နိုင်ငံ ခြားရေးဝန်ကြီး ၀ီလျံဟိတ်ဂ်က ပြောကြားခဲ့သည်။

LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung


မြန်မာသတင်းများ မေလ ၂၉ ရက် ၂၀၁၂ ခုနှစ်

 

လွှတ်တော်တွင်း တခြားပါတီတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမည်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ အတိုက်အခံ ပါတီကြီးတစ်ခု ဖြစ်တဲ့အလျောက် လွှတ်တော်တွင်းက တိုင်းရင်းသားပါတီတွေ၊ အခြား အတိုက်အခံ ပါတီတွေနဲ့ ပူးပေါင်း လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဂျာမန်လွှတ်တော် ဥက္ကဋ္ဌအဖွဲ့နဲ့ မနေ့မနက် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားတာ ဖြစ်တယ်လို့ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဟန်သာမြင့်က အခုလို ပြောပါတယ်။
" ဒေါ်အောင်ဆန်းစုကြည်က - ကျွန်မတို့ကတဲ့ မှန်ပါတယ်။ ရာခိုင်နှုန်းအနေနဲ့တော့ နည်းနည်းလေးပဲ။ ဒါပေမဲ့ ကျွန်မတို့က အဓိက အတိုက်အခံပါတီ ဖြစ်သွားပြီ။ အတိုက်အခံပါတီတစ်ခု အနေနဲ့က အကြီးဆုံးပဲ။ အဲတော့ ၂၀၁၀ ခုနှစ်က ဘာကြောင့် မဝင်ခဲ့သလဲဆိုတဲ့ အကြောင်းပြောတယ်။ အဲဒီတုန်းက ဝင်ခဲ့တဲ့ပါတီတွေရှိတယ်။ အဲဒီထဲက တိုင်းရင်းသားပါတီတွေနဲ့ အင်မတန်ကောင်းတဲ့ ဆက်ဆံရေး ရှိနေတယ်။ တချို့သော တိုင်းရင်းသားပါတီများက ၁၉၉၀ ခုနှစ်ကစပြီးတော့ အခုထက်ထိ NLD နဲ့ဆိုလို့ရှိရင် အင်မတန်ကောင်းတဲ့ ဆက်ဆံရေးရှိတယ်။ NLD အဖိနှိပ်ခံရနေရ ကတည်းက သူတို့က ထောက်ခံခဲ့တာ ဖြစ်တဲ့အတွက်ကြောင့် သူတို့နဲ့ မခွဲမခွာ ခုထက်ထိ ရှိနေတယ်ဆိုတဲ့ အကြောင်း၊ သူတိုနဲ့လည်း လုပ်ဆောင်သွားမယ်။ အခု လွှတ်တော်ထဲမှာ ရှိနေပြီးသား၊ ရောက်နေပြီးသား တိုင်းရင်းသား ပါတီများနဲ့လည်း ပူးပေါင်းပြီး လုပ်ဆောင်သွားမယ် ဒါကို ပြောသွားတာပါ"
ဂျာမန်လွှတ်တော်ဥက္ကဋ္ဌနဲ့ အဖွဲ့ဟာ ဒီကနေ့ မနက်က NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ နာယက ဦးတင်ဦးနဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေ၊ NLD လွှတ်တော် ကိုယ်စားလှယ်တွေကို ရွှေဂုံတိုင်လမ်း အဖွဲ့ချုပ်ရုံးမှာ လာရောက် တွေ့ဆုံခဲ့ကြောင်းNLD ပါတီက လွှတ်တော်အတွင်း ဆောင်ရွက်မယ့် ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးမေးမြန်းခဲ့ကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ လဆန်းပိုင်းကပဲ ဒေါက်တာအေးမောင်၊ ဦးစိုင်းအိုက်ပေါင်းစတဲ့ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ NLD အမတ်တွေ ဖြစ်ကြတဲ့ ဦးမင်းဦး၊ ဒေါက်တာ လှမြတ်သွေးတို့ ပါဝင်တဲ့ လွှတ်တော်အမတ် တချို့ဟာ မေလ ၅ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ဂျာမဏီနိုင်ငံက လွှတ်တော်ကို သွားရောက်လေ့လာခဲ့ကြကြောင်း သိရပါတယ်။

နှစ်နိုင်ငံ အကျိုးတူ သဘောတူချက်များ လက်မှတ်ရေးထိုး

သမ္မတကြီး ဦးသိန်းစိန်နဲ့ အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းတို့ မနေ့က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးအတွက် သဘောတူညီချက် ၂ ချက်နဲ့ နားလည်မှု စာချွန်လွှာ ၁၀ ခုကို လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။

စစ်ပြေးဒုက္ခသည်များ မှတ်ပုံတင် ပြန်ထုတ်ပေး

စစ်ကြောင့် ရွာပုန်း၊ ရွာရှောင် ထွက်ပြေးနေရတဲ့ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်က ကရင် စစ်ပြေးဒုက္ခသည်တွေကို လဝက ဝန်ကြီး ဦးခင်ရီ ကိုယ်တိုင် မှတ်ပုံတင် ကတ်ပြားတွေ မနေ့က ညနေပိုင်းမှာ လာရောက် ပေးအပ်သွားပါတယ်။ ကျောက်ကြီးမြို့နယ်က ဒုက္ခသည် နောက်ထပ် တစ်ထောင်ကျော်ကိုလည်း မှတ်ပုံတင်တွေ ထပ်ထုတ်ပေးသွားမယ်လို့ သိရပါတယ်။ မှတ်ပုံတင်ပေးအပ်ပွဲ အခမ်းအနားကို လဝက ဝန်ကြီး ဦးခင်ရီနဲ့အတူ နော်ဝေ (ဒု)နိုင်ငံခြားရေးဝန်ကြီး Mr. Espen Eide နဲ့ အဖွဲ့လည်း တက်ရောက်ခဲ့ပါတယ်။
နော်ဝေနိုင်ငံဟာ KNU နဲ့အစိုးရတို့ အပစ်ရပ် ငြိမ်းချမ်းရေးကိစ္စမှာ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေအတွက် အကူအညီပေးသွားဖို့ သဘောတူထားတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ပထမအစီအစဉ် အနေနဲ့ အမေရိကန်ဒေါ်လာ (၅) သန်းကို နော်ဝေအစိုးရ ကူညီသွားမယ်လို့ ကျောက်ကြီး KNU ဆက်ဆံရေးရုံးမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ နော်ဝေ(ဒု)နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။KNU နဲ့ အစိုးရတို့ လုံးဝ အပစ်အခတ် ရပ်ပြီးတဲ့နောက်ပိုင်းမှာလည်း ဒေသတွင်း မြေမြှုပ်မိုင်း ရှင်းလင်းရေး လုပ်ငန်းတွေအတွက် နော်ဝေနိုင်ငံက နောက်ထပ် ကူညီသွားဖို့ရှိကြောင်း သိရပါတယ်။

ကချင်ပြည်နယ်အတွင်း တင်းမာမှုတွေ ပိုဖြစ်နေ

ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ကေအိုင်အေနဲ့ မြန်မာစစ်တပ်အကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီတွေနဲ့ အလုပ်သမားတွေကို နမ္မတီးဘက်ကို ပြောင်းနေကြဖို့ အာဏာပိုင်တွေက ညွှန်ကြားထားတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။ ဖားကန့်ဒေသမှာ စနေနေ့က တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း တပ်စွဲထားတဲ့ ခလရ (၁၆) က စစ်သည် (၉၀) လောက်ကို ဒေသခံ ရှမ်းစုရွာသားတွေက နေ့စဉ် ထမင်းထုတ် ပို့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီအတောအတွင်း ကချင်ပြည်နယ်နဲ့ အိန္ဒိယနယ်စစ်အနီး ချီဗွေယံ-နမ့်ယွန်းဒေသမှာ လွန်ခဲ့တဲ့ (၆) ရက်လောက် ကစလို့ ဒေသခံ အာဏာပိုင်တွေက မော်တော်ကားတွေကို အဓမ္မ ချောဆွဲနေတဲ့အတွက် ကားပိုင်ရှင်တွေ အခက်အခဲ တွေ့နေတယ်လို့ သိရပါတယ်။
မောင်းလို့မရတော့တဲ့ စစ်တပ်သုံးကားတွေကို မြစ်ကြီးနားမြို့ကို ပို့ဆောင်ဖို့အတွက် နမ့်ယွန်းအခြေစိုက် ခမရ (၁၂၆) က ခေါ်ယူ ခိုင်းစေနေတာလို့ ကားပိုင်ရှင်တစ်ဦးက ပြောပါတယ်။အလားတူ လားရှိုး မူဆယ် ကားလမ်းကို ဒီကနေ့ ပိတ်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ အတည်ပြုချက် မရရှိပါဘူး၊။ ဒီကားလမ်းတလျှောက် KIO တပ်မဟာ ၄ က ပစ်ခတ်မယ်ဆိုတဲ့ ခြိမ်းခြောက်မူတွေ ရှိတယ်လို့ ကုန်သည်တွေက ပြောပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီး တပ်မဟာ ၄ က အရာရှိတစ်ဦးကို မေးကြည့်ရာမှာ အစိုးရ စစ်သားတွေဟာ အရပ်သားကားတွေ သုံးနေတာကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။

မဟာမြတ်မုနိ ဘုရားကြီး ဆိုင်ခန်းခများတိုး၍ ဆိုင်ပိတ်ဆန္ဒပြ 

မန္တလေးမြို့ မဟာမြတ်မုနိဘုရားကြီးအတွင်းရှိ နိဗ္ဗာန်ကုန်ဆိုင်နှင့် အခြားဆိုင်ခန်းခများ တိုးမြှင့်ကောက်ခံခြင်းကို ကန့်ကွက်သည့် အနေဖြင့် တနင်္ဂနွေ နေ့လည်မှ စတင်ကာ ဈေးသည်များက ဆိုင်မထွက်ဘဲ ဆန္ဒပြနေကြသည်။
ဆိုင်ခန်းခများကို ယခင်က တိုးမြှင့်ကောက်ခံခြင်း မရှိခဲ့သော်လည်း ယခုအခါ သုံးဆ တိုးမြှင့်ကောက်ခံ လိုက်ခြင်းကြောင့် ဆိုင်ခန်းပေါင်း ၂၀၀ နီးပါး ပိတ်သိမ်း ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

ဆိုင်ခန်းပိုင်ရှင်များက အကြိမ်ကြိမ် ညှိနှိုင်းသော်လည်း ဂေါပကအဖွဲ့မှ လိုက်လျောမှု မရှိသဖြင့် ဆန္ဒပြကြခြင်း
ဖြစ်ကြောင်း မန္တလေးမှ ပြည်သူသတင်းထောက် တဦးဖြစ်သည့် နိုင်ကိုဇော် က ပြောသည်။


မေလ ၂၇ ရက်နေ့က ဆိုင်ခန်းခွန် တိုးမြှင့်ကောက်ခံရေး ကိစ္စနှင့်ပါတ်သက်ပြီး ဂေါပကအဖွဲ့က ခေါ်ယူသည့် အစည်းအဝေးအား ဘုရားကြီးဈေးဆိုင်များမှ မတက်ရောက်ဘဲ စတင်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

ဆန္ဒပြ ဆိုင်ခန်းများထဲတွင် ဘုရားကြီး အရှေ့စောင်းတန်းနှင့် မြောက်ဘက် စောင်းတန်းမှ အများစုပါဝင်ပြီး နံ့သာပန်းပုရုပ်၊ ကျောက်ဆင်းတုများ ကြေးသွန်းဘုရားများ၊ ဘုရားပန်းအိုး၊ ထီး စသည့် နိဗ္ဗာန်ကုန် ရောင်းသည့် ဆိုင်ခန်းများအပါအဝင် ပလပ်စတစ်လောင်း ဘုရားပုံတော်များ၊ ဘုရားစာများ၊ မုန့်ပဲသရေစာများ ခင်းကျင်းရောင်းချ သည့် ဆိုင်ခန်းငယ်များလည်း ပါဝင်ကြောင်း မေလ ၂၈ ရက်နေ့အထိ ဂေါပကအဖွဲ့နှင့် ဆိုင်ရှင်များ မရရှိသေးဘဲ ဆိုင်ခန်းများ ပိတ်ထားဆဲဖြစ်ကြောင်း


ဘုရားသုံးဆူ ပြန်ပေးမှုတွေ သောင်းကျန်းလာ 

လူ ၁၀ ဦးခန့်ကို ဖမ်းဆီးသွားပြီး ပြန်လည် အကြောင်းကြားခြင်း မရှိသေးသည့် ပြန်ပေးဆွဲမှု တခု တနင်္ဂနွေနေ့ ညနေ ၄ နာရီခန့်က ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် ထပ်မံဖြစ်ပွားခဲ့ကြောင်းဘုရားသုံးဆူမြို့သည် ပြန်ပေးဆွဲမှု မကြာခဏ ဖြစ်ပွားရာ နယ်စပ်မြို့တမြို့ ဖြစ်ပြီး လွန်ခဲ့သည့် မေလ ၈ ရက်နေ့တွင် လည်း လူ ၄ ဦးကို ထိုင်းဘတ်ငွေ ငါးသိန်းဖြင့် ရွေးယူရန် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သေးသည်။

ဖမ်းဆီးခံရသူများမှာ ဘုရားသုံးဆူမြို့အနီး သီဟိုဠ်ခြံ အလုပ်သမား အသက် ၃၈ နှစ်ခန့်ရှိ ကိုသားပုနှင့် ကိုကျော်မြင့်နိုင် တို့ အပါအဝင် ဘုရားသုံးဆူမြို့ ရပ်ကွက် ၃၊ နှင်းဆီလမ်းမှ အလုပ်သမားများနှင့် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ တပ်ရင်း ၃ ကျေးရွာရှိ ရာဘာခြံ အလုပ်သမားများ ပါဝင်သည်ု
ကြောင်း

မေလ ၂၄ ရက်နေ့တွင် ဘုရားသုံးဆူမြို့၌ ပြုလုပ်သည့် စုပေါင်းဂိတ် ဖွင့်လှစ်ရေးနှင့် ပတ်သက်ပြီး ပြုလုပ်သည့် စစ်ဘက်၊ အရပ်ဘက်နှင့် ငြိမ်းချမ်းရေး အဖွဲ့အစည်းများ ပါဝင်သည့် အစည်းအဝေးတွင် အစိုးရ အာဏာပိုင်အဖွဲ့မှ ဘုရားသုံးဆူမြို့တွင် ဖြစ်ပွားနေသည့် ပြန်ပေးမှုကို မွန်ပြည်သစ်ပါတီအနေနှင့် ပါဝင်ဖြေရှင်းစေလိုကြောင်း မွန်ပြည်သစ်ပါတီအနေနှင့် ဖမ်းဆီးခံထားရသူများ၏ မိသားစုများနှင့် အဆက်အသွယ် ရပြီးပြီ ဖြစ်သော်လည်းပြန်ပေးသမားများက ငွေတောင်းခံခြင်းနှင့် ပတ်သက်ပြီး တစုံတရာ အကြောင်းပြန်ကြားလာခြင်း မရှိသေးကြောင်း


အစာငတ်ခံဆန္ဒပြ အလုပ်သမားအရေး ဆွေးနွေး

အလုပ်သမားများ အစာငတ်ခံဆန္ဒပြသည့် ရန်ကုန်တိုင်း မှော်ဘီမြို့နယ် မြောင်းတကာ စက်မှုဇုန် Crown သမဏိစက်ရုံ တွင် အလုပ်သမားများ၏ တောင်းဆိုမှုများ ပြေလည်မှုရရေး အတွက် အလုပ်သမား ခေါင်းဆောင်များ၊ အလုပ်ရှင် ကိုယ်စားလှယ်၊ အလုပ် ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်တို့ တွေ့ဆုံ ဆွေးနွေးကြသည်။ ထိုစက်ရုံ တွင် အလုပ်သမား ၂၀ ကျော်က အခြေခံလစာ တရက်လျှင် ၁၆၀ ကျပ်ရရှိနေမှုကို ကျပ် ၁၆၀၀ အထိ တိုးမြှင့်ပေးရန် ယခုလ ၂၅ ရက်နေ့က စတင် အစာငတ်ခံဆန္ဒပြခဲ့ရာ ယမန်နေ့က အဟာရဓာတ်ချို့တဲ့သူ ၇ ဦးရှိသွားပြီး ၁ ဦးကို ဆေးရုံတင်ထားရကာ ၆ ဦးကို ကျန်းမာရေး စောင့်ရှောက်မှု ပြုလုပ်ထားကြောင်း သိရသည်။


မြန်မာ-ထိုင်း စီးပွားရေး လုပ်ငန်းရှင်များ ဆွေးနွေးမည်

မြန်မာနှင့် ထိုင်း စီးပွားရေးလုပ်ငန်းရှင်များ ရန်ကုန်မြို့ရှိ အင်းလျားလိတ် ဟိုတယ်တွင် ယနေ့ မွန်းလွဲပိုင်း၌ တွေ့ဆုံဆွေးနွေး ကြ မည် ဖြစ်ကြောင်း သိရသည်။ ယင်းဆွေးနွေးပွဲကို ထိုင်းနိုင်ငံ Office of the Board of Investment (BOI)မှ Senior Executive Investment Advisor, Mrs. Hirunya Suchinal က ဦးဆောင်၍ စီးပွားရေး လုပ်ငန်း ကုမ္ပဏီ ၅၀ မှ အဖွဲ့ဝင် ၇၆ ဦးပါဝင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ပြည် ထောင်စု သမ္မတ မြန်မာ နိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်းများ အသင်းချုပ် UMFCCI တို့ ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်သည်ဟု ယမန်နေ့က အစိုးရသတင်းစာ၌ ဖော်ပြသည်။။ ဆွေးနွေးပွဲ၌ စီးပွားရေး ကဏ္ဍအလိုက်  ဆွေးနွေးကြမည် ဖြစ်ကြောင်းလည်း သိရသည်။


အိန္ဒိယ ပို့ ဘလဲ အကျဉ်းထောင်၌ မြန်မာ ၉၀၀ ကျော် ရှိ

 

အိန္ဒိယနိုင်ငံ ရေပိုက်နက် အတွင်း တရားမ၀င် ၀င်ရောက်ခဲ့သော မြန်မာနိုင်ငံသား ၉၀၀ ကျော်ကို အိန္ဒိယ အာဏာပိုင်များက ဖမ်း ဆီး ထောင်ချထားကြောင်း ယခုလ၂၆ ရက်နေ့ ထုတ် အစိုးရ သတင်းစာတွင် ရေးသား ဖော်ပြထားသည်။ အိန္ဒိယနိုင်ငံ ပို့ ဘလဲ အကျဉ်းထောင်တွင် ထောင်ဒဏ် ကျခံနေရသည့် မြန်မာနိုင်ငံသား ၉၀၀ ကျော်ရှိပြီး အများစုမှာ ရေလုပ်သားများ ဖြစ်ကြောင်း၊ ပြစ် ဒဏ်မှ လျှော့ပေါ့ရေး၊ လွတ်ငြိမ်းချမ်း သာခွင့်ပေးရေးတို့အတွက် သက်ဆိုင်ရာသို့ တင်ပြမေတ္တာရပ်ခံ သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်က ဆိုသည်။


မစ်ကြီးနားမြို့ပေါ် မိုင်းကွဲ

 

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်ရှိ ယုဇန ရပ်ကွက်တွင် မနေ့က နံနက် ၆ နာရီခန့်က အင်အားပြင်းမိုင်း တလုံး ပေါက်ကွဲ ခဲ့ကြောင်း မြစ်ကြီးနားမြို့ အမှတ် ၂ ရဲစခန်းမှ ရဲအရာရှိက ပြောသည်။ ပြည်တောင်စု လမ်းမကြီးဘေးရှိ စစ်မှုထမ်းဟောင်း ရုံးရှေ့တွင် ပေါက် ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမိုင်း အမျိုးအစားကို ပြောဆိုနိုင်ခြင်း မရှိသေးသော်လည်း ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း သိရသည်။ ပေါက်ကွဲသည့်နေရာသို့ အာဏာပိုင်များက သွားရောက် စစ်ဆေးရာတွင် မိုင်းပေါက်ကွဲခဲ့သော နေရာနှင့် ၁၀ ပေ ခန့်အကွာတွင်လည်း မပေါက်ကွဲသေးသော မိုင်းတလုံး ရှာဖွေတွေ့ရှိခဲ့ကြောင်း ရဲက ပြောသည်။ ဖောက်ခွဲတရားခံကို စုံစမ်းနေဆဲဖြစ် ကြောင်းလည်း အမှတ် ၂ ရဲစခန်းက ပြောဆိုသည်။


ဦးသိန်းစိန် ကမ္ဘာ့ စီးပွားရေးဖိုရမ် တက်မည့်အစီအစဉ် ဖျက်သိမ်း

 

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပမည့် ကမ္ဘာ့ စီးပွားရေး ဖိုရမ်(WEF)သို့ သမ္မတ ဦးသိန်းစိန် တက်ရောက်မည့် အစီအစဉ်ကို ဖျက် လိုက်ကြောင်း သိရသည်။ ထိုင်း အစိုးရ၏ ဖိတ်ကြားချက်အရ ဦးသိန်းစိန်သည် လာမည့်အပတ် သောကြာနေ့တွင် WEF သို့တက်ရောက်၍ မြန်မာနိုင်ငံ အနာဂတ် နှင့် ပတ်သက်ပြီး မိန့်ခွန်းပြောရန် အစီအစဉ်ရှိသော်လည်း ယင်းအစီအစဉ်ကို ဖျက်လိုက်ခြင်း ဖြစ်ကြောင်း အမည်မဖော်လိုသော အစိုးရ အရာရှိကို ကိုးကား၍ ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြထားသည်။ WEF တွင် ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်မည် ဖြစ်ပြီး မိန့်ခွန်းပြောရန် အစီအစဉ်ရှိကြောင်း သိရသည်။


လက်နက်ကုန်သည်ဟု ယူရသူ နှစ်ဦးကို ထိုင်းက ဖမ်းထား

 

မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသို့ လက်နက်တင်ပို့ ရောင်းဝယ်ရေး လုပ်ကိုင်နေသူဟု ယူဆရသော ထိုင်းနိုင်ငံသား ၂ ဦးကို လက်နက်များနှင့်အတူ ပြီးခဲ့သည့် အပတ် စနေနေ့က ဖမ်းဆီး လိုက်သည်။ အဆိုပါ ထိုင်းနိုင်ငံသား ၂ ဦးကို ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့နယ် အတွင်းရှိ စစ်ဆေးရေး ဂိတ်တွင် ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနတခုဖြစ် သော Dailynews အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။ သက်သေခံ ပစ္စည်းများအဖြစ် ကျည်ဆန် အတောင့် ၁၀၀၀ နှင့် သေနတ် အတို ၂၄ လက်တို့ကို သိမ်းဆည်း ရမိကြောင်း ယင်း သတင်းက ဆိုသည်။


သမ္မတ အကြံပေး ကောင်စီသစ် ဖွဲ့စည်းရန် ပြင်ဆင်

 

သမ္မတ ဦးသိန်းစိန် အတွက် လူမှုရေး၊ စီးပွားရေးနှင့် နည်းပညာ ဆိုင်ရာ အကြံပေး ကောင်စီ ဖွဲ့စည်းရန် ပြင်ဆင်နေကြောင်း သိရ သည်။ ယင်းကောင်စီတွင် ရန်ကုန် စီးပွားရေး တက္ကသိုလ် ပါမောက္ခချုပ် ဟောင်း ဦးမော်သန်း၊ ပါမောက္ခ ဦးအောင်ထွန်းသက်၊ Myanmar Egress မှ ဥက္ကဋ္ဌ ဦးတင်မောင်သန်း၊ ဒေါက်တာ ကျော်ရင်လှိုင်၊ ဦးလှမောင်ရွှေ၊ ထိုင်းနိုင်ငံအခြေစိုက် ဗဟု ဖွံဖြိုးရေးအဖွဲ့မှ ဒေါက်တာ ဇော်ဦး၊ သမ္မတ စီးပွားရေး အကြံပေး ဦးဆက်အောင်၊ KMD ဦးသောင်းတင်၊ ဒေါက်တာ သန့်မြင့်ဦး အပါအ၀င် ၁၅ ဦးဖြင့် ဖွဲ့စည်းမည် ဖြစ်ကြောင်း ယခင်ကလည်း ဒေါက်တာ ဦးမြင့်၊ ဦးကိုကိုလှိုင်တို့ ဦးဆောင် သည့် သမ္မတ ၏ စီးပွားရေး၊ နိုင်ငံရေး အကြံပေး အဖွဲ့များ ဖွဲ့စည်း ထားသည်။

တရုတ် နယ်စပ် ကုန်သွယ်ရေးမှာ မြန်မာ အသာရ

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး၌ ယခင်က တရုတ်နိုင်ငံဘက်က ကုန်သွယ်မှုပိုငွေရရှိနေရာမှ ပြီးခဲ့သည့်၂၀၁၁-၂၀၁၂ ဘဏ္ဍာ ရေးနှစ်တွင် မြန်မာဘက်က ပိုငွေရရှိခဲ့ကြောင်း ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေး နှစ်တွင် တရုတ်-မြန်မာနယ်စပ် ကုန်သွယ်မှုမှာ အမေရိကန် ဒေါ်လာ ၃ ဘီလီယံ ခန့်ရှိသည့်အတွက် ပြီးခဲ့ သည့် ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေး နှစ်နှင့် နှိုင်းယှဉ်လျှင် ဒေါ်လာ ၁ ဒသမ၂ ဘီလီယံ တိုးတက်မှု ရှိလာကြောင်း
နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှု၌ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေး နှစ်တွင် မြန်မာဘက်က ပို့ကုန်မှာ ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံရှိပြီး သွင်း ကုန်မှာ ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံ ရှိခဲ့ကြောင်း၊ ၂၀၁၀-၂၀၁၁ တွင် ပို့ကုန်မှာ ဒေါ်လာ သန်း ၉၃၀ ကျော်ရှိပြီး သွင်းကုန်မှာ ဒေါ်လာ သန်း ၈၆၀ ကျော် ရှိခဲ့ကြောင်းလည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန(စီးပွား/ကူးသန်း)မှ သိရသည်။

လားရှိုး – မူဆယ်လမ်းကို အသုံးမပြုရန် ပိတ်ပင်စာကြောင့် ဒေသခံများထိတ်လန့်

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး – မူဆယ် ကားလမ်းမကြီးကို မေ ၂၈ ရက်နေ့တွင် အသုံးမပြုကြရန် မူဆယ်မြို့နယ် အတွင်းရှိ ကားဂိတ်အသီးသီးသို့ စာပို့ထားသဖြင့် ဒေသခံများ ထိတ်လန့်နေကြကြောင်း ယင်းထုတ်ပြန်စာကို ယမန်နေ့က ဖြန့်ဝေခြင်းဖြစ်ပြီး မည်သည့် အဖွဲ့အစည်းက လာရောက် ပို့ထားသည်ကို မသိရှိကြောင်း၊ယင်းစာများအတွင်း စစ်ပွဲများဖြစ်နိုင်သည့်အတွက် ပြည်သူလူထုကို မထိခိုက်စေရန် ပိတ်ပင်ထားခြင်းဖြစ်သည်ဟု ရေးသား ထားကြောင်း သတင်းရရှိသည်။

ချစ်သူ မိန်းကလေးအား ဓာတ်ဆီလောင်းကာ မီးရှို့ 

ချစ်သူ မိန်းကလေး သူငယ်ချင်းနှင့် စကားများ ရန်ဖြစ်ပြီး အိမ်ရော လူပါ ဓာတ်ဆီလောင်း မီးရှို့ခဲ့သော ဖြစ်ရပ်တခု ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ ၃ ရပ်ကွက်အတွင်း မေလ ၂၇ ရက်နေ့ ညနေ ၆ နာရီခွဲတွင် ဖြစ်ပွားခဲ့ကြောင်း အဆိုပါ ရပ်ကွက်အတွင်း နေထိုင်သူများထံမှ သိရသည်။

စမ်းချောင်းမြို့နယ်၊ လင်းလွန်း တောင်ရပ်ကွက်၊ သရ၀ဏ် ၂ လမ်း၊ အမှတ် ၂၄ (2B)နေ၊ အသက် ၂၅ နှစ် အရွယ် ကိုလွင်ဦးမှာ မိန်းကလေး သူငယ်ချင်းဖြစ်သူ မ---------- နှင့် စကားများပြီးနောက် ဓာတ်ဆီဖြင့် နေအိမ်နှင့် မ-------ကို ပက်ဖြန်းပြီး မီးရှို့ခဲ့ကြောင်း ကမာရွတ် ရဲစခန်း အမှုစစ်ထံမှ သိရသည်။

“မိန်းကလေး အော်သံကြောင့် ရပ်ကွက်ထဲကလူတွေက ထွက်ကြည့်ရင်း မီးလောင်မှန်း သိလို့ မီးသတ်ရယ်၊ ရဲစခန်း ရယ်ကို ခေါ်ပြီး မီးလောင်နေတဲ့ ကောင်မလေးကို ကယ်ဆယ်ခဲ့ရပါတယ်။ ကောင်မလေးက တော်တော်ကို ထိခိုက် ဒဏ်ရာ ရသွားခဲ့ပါတယ်” ဟု ကမာရွတ်မြို့နယ်နေ မျက်မြင်သက်သေတဦးက ပြောသည်။မီးလောင်မှုကြောင့် မ---------၏ ခန္ဒာကိုယ်အနှံ့ မီးလောင်ဒဏ်ရာများ ပြင်းထန်စွာ ရရှိခဲ့ပြီး ကူညီမီးငြှိမ်းပေးခဲ့သော ညီမဖြစ်သူလည်း ဝဲ၊ ယာ ခြေထောက်များတွင် ဒဏ်ရာများရရှိခဲ့၍ ရန်ကုန် ဆေးရုံကြီး အရေးပေါ်ဌာနတွင် ဆေးကုသမှု များခံယူလျက်ရှိကြောင်း သိရသည်။

“အသက်အန္တရာယ် မစိုးရိမ်ရပေမယ့် မီးလောင်တဲ့ဒဏ်ရာတွေကို ကုသမှုခံယူရဦးမှာပါ” ဟု အရေးပေါ်ဌာန တာဝန်ကျ ဆရာဝန်တဦးက မဇ္ဈိမကို ဖြေကြားသည်။

အဆိုပါ အမှုနှင့်ပတ်သက်၍ ကိုလွင်ဦးအား နေအိမ်မီးရှို့မှု၊ အပြင်းအထန် ထိခိုက် နာကျင်စေမှုတို့ဖြင့် ကမာရွတ် ရဲစခန်းက (ပ)၂၃၀/၂၀၁၂ ပုဒ်မ ၄၃၀/၃၂၀ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း အဆိုပါရဲစခန်းမှ စုံစမ်းသိရသည်။


ဦးခင်ရွှေကို လယ်သမားများ တရားစွဲ


ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာ ကျေးရွာမှ လယ်သမားများက ဇေကမ္ဘာ ကုမ္ပဏီ ဥက္ကဋ္ဌ နှင့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးခင်ရွှေ အား လိမ်လည်ပြောဆိုမှုဖြင့် မင်္ဂလာဒုံမြို့နယ် တရားရုံး၌ မနေ့က တရားစွဲဆိုလိုက်ပြီ ဖြစ်သည်။

“ဦးခင်ရွှေက လယ်သမားတွေ လက်ငုပ် လုပ်ကိုင်နေတဲ့ လယ်တွေကို နိုင်ငံတော်က သိမ်းတယ်ဆိုပြီး လိမ်တယ်၊ နိုင်ငံတော် က သိမ်းတာ မဟုတ်ဘဲ လိမ်ပြောတဲ့အတွက် လိမ်လည်မှုနဲ့ ပါ”ဟု လယ်သမားများ ၏ အကျိုးဆောင်ဖြစ်သူ ဦးနေမျိုးဝေ က ပြောသည်။
ဇေကမ္ဘာ ကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေ သည် မင်္ဂလာဒုံမြို့နယ်အတွင်းရှိ အပေါင် ၊ ရွှေနံ့သာ ၊ ပေါင်းကူ စသည့်ကျေးရွာများမှ လယ် သမား ၈၀ ကျော် ၏ လယ်မြေဧက ၈၅၀ ကျော် ကို ၂၀၁၀ ပြည့်နှစ်အတွင်း သိမ်းယူခဲ့ခြင်း ဖြစ်ကြောင်း ယင်းလယ်မြေများအား နိုင်ငံတော်ပိုင် စက်ရုံ၊ အလုပ်ရုံများ တည်ဆောက်ရန် နိုင်ငံတော်က သိမ်းယူခြင်းဖြစ်၍ လျော်ကြေး ပေး ရန်မလိုအပ်ဟု ဦးခင်ရွှေက ပြောဆိုကြောင်း၊ သို့သော် ၎င်းက သဒ္ဓါကြေး အဖြစ် ကျပ် ၃ သိန်း ပေးခြင်းဖြစ်သည်ဟုလည်း ပြော ဆိုခဲ့ကြောင်း လယ်ယာမြေ သိမ်းခံရသည့် လယ်သမားများ ကိုယ်စား လယ်သမားကြီး ဦးကျော်စိန်က တရားစွဲဆိုခြင်း ဖြစ်ကြောင်း၊ ထို ကိစ္စ ကို ဥပဒေ ပုပ်မ ၄၁၇ လိမ်လည်မှု၊ နိုင်ငံတော်အာဏာ အလွဲသုံးစားမှု တို့ဖြင့် စွဲဆိုမည်ဖြစ်ကြောင်း ကူညီဆောင် ရွက်ပေးသူ ရှေ့နေ ဦးဟန်ရှိန်ဝင်း က ပြောသည်။ ဇေကမ္ဘာ ဦးခင်ရွှေသည် ယခင် န၀တ၊ နအဖ စစ်အစိုးရနှင့်နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင် တဦးဖြစ်ပြီး စစ်အစိုးရ ၏ တတိ ယ အဆင့် တာဝန်ယူခဲ့သူ ဗိုလ်ချုပ်ကြီးဟောင်း နှင့် လက်ရှိ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း နှင့် ခမည်း ခမက် တော် စပ်သူလည်း ဖြစ်သည်။

အရှေ့တောင် အာရှနိုင်ငံများတွင် ပြသလျက်ရှိသည့် Tour Exhibition ပြပွဲတွင် မြန်မာအနုပညာရှင် အောင်ကို၏ လက်ရာများပါဝင်ပြသ

အရှေ့တောင်အာရှနိုင်ငံများတွင် Tour Exhibition  အဖြစ်လှည့် လည်ပြသလျက်ရှိသည့် River Scape In Flux အနုပညာပြပွဲတွင် မြန်မာအနုပညာရှင် အောင်ကို၏ အနုပညာဖန်တီးမှု လက်ရာများ ပါဝင်ပြသထားကြောင်း River Scape In Flux ပြပွဲကို ဂျာမနီနိုင်ငံ GOTHI INSTITUTE မှ စီစဉ်ကျင်းပခြင်းဖြစ်ပြီး မြစ်နှင့် ပတ်သတ်သည့် အနုပညာဖန်တီးမှု မျိုးစုံကို Tour Exhibition အဖြစ် အရှေ့တောင်အာရှ နိုင်ငံများတွင် လှည့်လည်ပြသသည့် ပွဲဖြစ်ကြောင်း ပြပွဲတွင် အရှေ့တောင်အာရှနိုင်ငံ များမှအနုပညာရှင်များ၏ ပန်းချီ၊ ဓာတ်ပုံ၊ ဗီဒီယိုနှင့်အင်စတော်လေး ရှင်းလက်ရာအစုံကို ပြသထားသည်။ ယင်းပြပွဲကို ၂၀၁၂ ခုနှစ်ဧပြီလမှစကာ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင်စတင် ပြသခဲ့ပြီး မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံများတွင်၂၀၁၃ ခုနှစ်အထိ ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

မေလ နောက်ဆုံးပတ်တွင် မြန်မာနိုင်ငံအတွက် မုန်တိုင်းအန္တရာယ် စောင့်ကြည့်ရန် လိုဟုဆို

၂၀၁၂ ခုနှစ် မေလနောက်ဆုံးပတ်တွင် မြန်မာနိုင်ငံအတွက် မိုးကြို မုန်တိုင်းအန္တရာယ်ကို စောင့်ကြည့်ရန် လိုသည်ဟု မိုးလေ၀သပညာရှင် ဦးထွန်းလွင်က ဆွေးနွေးပွဲတစ်ခုတွင် ပြောကြားသွားခဲ့သည်။
“ NOAA (National Oceanic and Atmospheric Administration) ကထုတ်ထားတဲ့ နှစ်ပတ်စာ ခန့်မှန်းချက် ထဲမှာ မေလ ၂၃ ရက်ကနေ ဇွန်လ ၅ ရက်အတွင်း ဘင်္ဂလားပင်လယ် အရှေ့အလယ်ပိုင်းနဲ့ အရှေ့တောင် ပိုင်း မြန်မာ့ရေပြင်နဲ့ထိစပ်နေတဲ့ အပိုင်းမှာ မုန်တိုင်းဖြစ်မယ်လို့ ပါတယ်။ မိုးကြိုမှာဖြစ်တဲ့မုန်တိုင်း၊ ဘင်္ဂလား ပင်လယ်အော်မှာဖြစ်တဲ့ မုန်တိုင်းတွေရဲ့ ၃၆ ရာခိုင်နှုန်းက မြန်မာနိုင်ငံကိုဝင်တယ်။ အခုထိ မြန်မာနိုင်ငံကို ၀င်မယ်လို့ ခန့်မှန်းချက် မရှိသေးပေမယ့် သတိထားစောင့်ကြည့်ဖို့တော့ လိုတယ်”ဟု ဦးထွန်း လွင်က ၂၀၁၂ ခုနှစ်မိုးရာသီ၌ မြန်မာ့ဆန်စပါး စိုက်ပျိုးရာတွင် ကြုံတွေ့ရနိုင်မည့် အခက်အခဲများ ဆိုင်ရာ ဆွေးနွေးပွဲတွင် ပြောကြားသွားခဲ့ သည်။
NOAA သည် သမုဒ္ဒရာများ နှင့် လေထုအခြေအနေကို စောင့်ကြည့်သည့် အမေရိကန် အခြေစိုက် အဖွဲ့အစည်းဖြစ်သည်။ ပြီးခဲ့သည့် ၁၃၅ နှစ်အတွင်း မြန်မာနိုင်ငံကို မုန်တိုင်း ၈၅ လုံးဝင်ရောက်ခဲ့ရာ ၎င်းတို့၏ ၅၁ ရာခိုင်နှုန်းမှာ မေလတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဦးထွန်းလွင်က ဆိုသည်။
၂၀၁၂ ခုနှစ်သည် ရာသီဥတု ခန့်မှန်းရ ခက်ခဲလွန်းသဖြင့် အလွန်ဆိုးသည်ဟုဆိုနိုင်ကြောင်း၊ ဇွန်၊ ဇူလိုင်၊ သြဂုတ်လများတွင် ရွာသွန်းနေကျ မိုးရေချိန်အောက်ပိုမည်၊ လျော့မည်၊ ရွာသွန်းမြဲဖြစ်မည်ဟု အဖြေထုတ်ရန် လုံလောက်သည့် အထောက်အထား မတွေ့ရကြောင်း ၎င်းက ထပ်မံပြောကြားသည်။
ယခုနှစ်တွင် မြန်မာနိုင်ငံ အောက်ပိုင်း တနင်္သာရီတိုင်းသို့ မုတ်သုံဝင်ရောက်မြဲအချိန် မေလ ၅ ရက် နေ့တွင် ၀င်ရောက်ခြင်းမရှိဘဲ မေလ ၁၉ ရက်နေ့မှ ၀င်ရောက်ခဲ့သဖြင့် မုတ်သုံနောက်ကျပြီး အားနည်းနေကြောင်း သိရသည်။
“မုတ်သုံက တောင်ပိုင်းကိုပဲ ၀င်တယ်။ မြစ်ဝကျွန်းပေါ် အလယ်ပိုင်းနဲ့မြောက်ပိုင်းတွေကို ၀င်ဖို့ ကျန်သေးတယ်။ မုတ်သုံက အင်ဒိုနီးရှားကနေ ပါကစ္စတန်ထိ ၀င်ရတာဖြစ်တယ်။ မုတ်သုံအ၀င်ကြမ်းမှ နောက် ငါးလဆက်တိုက် မိုးရွာတယ်။ မုတ်သုံက ကိုယ့်ဘာသာကိုယ် မ၀င်နိုင်ရင် မုန်တိုင်းအကူလာတယ်။ မုန်တိုင်းမလာရင် မြန်မာနိုင်ငံအလယ်ပိုင်း၊ မြောက်ပိုင်းတွေကို မုတ်သုံ မရောက်တော့ဘူး”ဟု ၎င်းကဆက်လက် ပြောကြားခဲ့သည်။
ဘင်္ဂလား ပင်လယ်အော်တွင် ဖြစ်ပေါ်မည်ဟု ခန့်မှန်းထားသည့် မုန်တိုင်းသည် ဇွန်လဆန်းတွင် ဖြစ်ပေါ်ပါက မိုးတွင်းသို့ရောက်ရှိသွားပြီဖြစ်သဖြင့် အစဉ်အလာအရ မြန်မာနိုင်ငံကို ၀င်ရောက်ဖွယ်မရှိတော့ ကြောင်းလည်း သိရသည်။


LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

 


အိန္ဒိယနှင့် မြန်မာ ကဏ္ဍမျိုးစုံ ပါဝင်သည့် စီးပွားရေး စာချုပ်များ လက်မှတ်ထိုး 
မြန်မာနိုင်ငံ နှင့် အိန္ဒိယ နိုင်ငံတို့သည် ကဏ္ဍမျိုးစုံ ပါဝင်သည့် နှစ်နိုင်ငံ သဘောတူ စာချုပ်များ တနလာင်္နေ့က နေပြည်တော်တွင် လက်မှတ်ရေးထိုးခဲ့ကြပြီး အိန္ဒိယ-မြန်မာ ကုန်သွယ်ရေးနှင့် ပူးပေါင်း
ဆောင်ရွက်မှုများကို တိုးမြှင့်ကြမည် ဖြစ်သည်။အိန္ဒိယ ဝန်ကြီးချုပ် ဒေါက်တာ မန်မိုဟန်ဆင်းနှင့် မြန်မာ သမ္မတ ဦးသိန်းစိန်တို့သည်နှစ်နိုင်ငံ ကုန်သွယ်ရေး သဘောတူညီမှုစာချုပ်များကို အလေးထား ချုပ်ဆိုခဲ့ကြပြီးယဉ်ကျေးမှုများ ဖလှယ်ရေးနှင့် နှစ်နိုင်ငံအကြားဆက်သွယ်မှုများတိုးမြှင့်ရန်သဘောတူခဲ့ကြသည်။
အိန္ဒိယ၏ ထောက်ပံ့ငွေနှင့် အမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံ အထူးချေးငွေ များဖြင့် မြန်မာနိုင်ငံတွင် ဖွံဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်ရန် ဆွေးနွေးခဲ့ကြပြီး အနာဂတ်တွင် နောက်ထပ် စီမံကိန်းများ ချမှတ် လုပ်ဆောင်ရန်လည်း သဘောတူခဲ့ကြကြောင်း ပူးတွဲ ကြေညာချက်အရ သိရသည်။

အိန္ဒိယမှ မြန်မာနိုင်ငံအား ထုတ်ချေးထားသော အမေရိကန် ဒေါ်လာ သန်း ၅၀၀ တန် ချေးငွေနှင့် ပတ်သတ်၍လည်းပြန်ဆပ်ရမည့် ကာလကို နောက်ဆုတ် ပေးရန် သဘောတူညီထားသည့် နားလည်မှု စာချွန်လွှာကိုလည်း လက်မှတ်ရေးထိုးခဲ့ကြသည်။ ထိုချေးငွေအား စိုက်ပျိုးရေး၊ ဆည်မြောင်း၊ ရထားပို့ဆောင်ရေးနှင့် လျှပ်စစ်စွမ်းအားနှင့် ပတ်သက် သည့် အခြေခံ အဆောက်အအုံများ တည်ဆောက်ရေး စီမံကိန်းများတွင် အသုံးပြုမည် ဖြစ်သည်။

အိန္ဒိယ အနေဖြင့် တမူး-ကလေးဝ လမ်းပေါ်ရှိ တံတား ၇၁ ခုအား ပြုပြင် အဆင့်မြှင့် တည်ဆောက်ရန် တာဝန်ယူမည်ဖြစ်ကြောင်း ဒေါက်တာ မန်မိုဟန်ဆင်းက ကြေညာခဲ့သည်။ ထိုစီမံကိန်းမှာ အိန္ဒိယနိုင်ငံ မိုးရေးမှနေ၍ မြန်မာနိုင်ငံ ကို ဖြတ်သန်းကာ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ဆက်သွယ်ပေါင်းကူးပေးနိုင်မည့် စီမံကိန်းကို အထောက်အကူ ပြုမည်ဖြစ်သည်။ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ ဆက်သွယ်ပေးမည့် အဝေးပြေးလမ်းမ တည်ဆောက်ရေး လုပ်ငန်းများကိုပြန်လည်အရှိန်မြှင့် လုပ်ဆောင်ရန် ဆွေးနွေးခဲ့ကြသည်။ ထို သုံးနိုင်ငံ ဆက်သွယ်ပေးနိုင်မည့် လမ်းအား ၂၀၁၆ ခုနှစ်တွင် ပြီးစီးရန် သဘောတူညီ ခဲ့ကြသည်။

ထို့ပြင် နှစ်နိုင်ငံ ပြည်သူအချင်းချင်း တိုက်ရိုက် ထိတွေ့ ဆက်ဆံမှုကို တိုးမြှင့်ရေးအတွက် အိန္ဒိယနိုင်ငံ Imphal နှင့်မြန်မာနိုင်ငံ မန္တလေး အကြား ဘတ်စ်ကားလိုင်း ပြေှးဆွဲရန် သဘောတူခဲ့ကြသည်။

နှစ်နိုင်ငံအကြား စီးပွါးရေး ဆက်သွယ်မှုနှင့် ခရီးသွားလုပ်ငန်း တိုးမြှင့်ရန်အတွက် အထောက်အကူ ဖြစ်စေနိုင်မည့်နှစ်နိုင်ငံအကြား တိုက်ရိုက် ပျံသန်းပြေးဆွဲပေးမည့် လေကြောင်းလိုင်း ဝန်ဆောင်မှု အသစ်ကိုလည်း လက်မှတ်ရေးထိုး ခဲ့ကြသည်။

ထို့ပြင် ထားဝယ် ရေနက်ဆိပ်ကမ်းကဲ့သို့သော မြန်မာနိုင်ငံ၏ အဓိကကျသော စီမံကိန်းများတွင် အိန္ဒိယနိုင်ငံ အနေဖြင့် ပါဝင်ဆောင်ရွက်နိုင်မည့် အလားအလာများကိုလည်း ဆွေးနွေးခဲ့ကြသေးသည်။
နယ်စပ်ဒေသတွင်လည်း မြန်မာနိုင်ငံအတွက် လမ်းများ အဆင့်မြှင့်တင်ပေးရေး၊ ကျောင်းများ၊ ကျန်းမာရေးနှင့် ဆိုင်သည့် အဆောက်အဦးများ၊ တံတားများ တည်ဆောက်ပေးရေး၊ စိုက်ပျိုးရေးနှင့် သင်ကြားရေးပိုင်း ဆိုင်ရာများတွင် အိန္ဒိယက ကူညီရန်လည်း သဘောတူညီခဲ့ကြသည်။

သိပ္ပံနှင့် နည်းပညာနှင့် ပတ်သတ်၍မူ စိုက်ပျိုးရေး ဇီဝနည်းပညာ၊ ရိတ်သိမ်းချိန်လွန် နည်းပညာများ၊ ဆေးဘက်ဆိုင်ရာ ဇီဝနည်းပညာ၊ ဆေးသုတေသနနှင့် စွမ်းအင်ပိုင်း ဆိုင်ရာများတွင် ဦးစားပေး၍ ပူးပေါင်းဆောင်ရွက်ရန် အတွက် ပူးတွဲလုပ်ငန်းအဖွဲ့မှ သဘောတူ သတ်မှတ်ခဲ့ပြီး ဖြစ်သည်။

မြန်မာ အိုင်တီသိပ္ပံ တည်ထောင်ရေး အတွက်လည်း အိန္ဒိယ အနေဖြင့် ငွေကြေးနှင့် နည်းပညာ အကူအညီများ
ပေးအပ်မည် ဖြစ်ကာ ရန်ကုန်မြို့ရှိ IMCEITS (India–Myanmar Centre for Enhancement of IT Skills) တွင် နောက်ထပ် ငါးနှစ်စာအတွက် နည်းပညာနှင့် ငွေကြေး အကူအညီများ ဆက်လက် ပေးအပ်သွားမည်
ဖြစ်ကြောင်း အိန္ဒိယ ဝန်ကြီးချုပ်က ကြေညာခဲ့သည်။

ကမ္ဘာ့လေထုနှင့် စပ်လျဉ်းသည့် သိပ္ပံပညာ၊ ဓာတုဗေဒပညာ၊ အင်ဂျင်နီယာသိပ္ပံ၊ ဇီဝသိပ္ပံ၊ ဆေးသိပ္ပံ၊ သချာင်္နှင့် ကွန်ပျူတာဆိုင်ရာ သိပ္ပံနှင့် ရူပဗေဒ ပညာရပ်များနှင့် ပတ်သတ်၍လည်း အိန္ဒိယမှ သုတေသန ထောက်ပံ့ကြေး ဆုများ ပေးအပ်မည် ဖြစ်ကြောင်း သဘောတူညီခဲ့ကြသည်။

ထို့ပြင် အိန္ဒိယမှ ကူညီလျက်ရှိသော သင်တန်းများနှင့် ပတ်သတ်၍ အိန္ဒိယ နည်းပညာနှင့် စီးပွါးရေး ပူးပေါင်း
ဆောင်ရွက်ရေး (ITEC) အစီအစဉ်၏ သင်တန်းသားများ အပါအဝင် မြန်မာနိုင်ငံမှ လက်ရှိခွဲတမ်း ရရှိနေသော သင်တန်းသား ဦးရေ ၂၅၀ အတွက် နေရာပေးနေခြင်းအား နှစ်ဆ တိုးမြှင့်၍ ၅၀၀ အတွက် နေရာပေးမည်
ဖြစ်သည်။

အိန္ဒိယ၏ ငွေကြေးနှင့် နည်းပညာ အကူအညီများကို ယူ၍ ဂေဟဗေဒဆိုင်ရာ အသိပညာများ၊ ရှေးရိုးအစဉ်အလာ ဗဟုသုတများနှင့် နောက်ဆုံးပေါ် နည်းပညာများကို အသုံးပြု၍ စိုက်ပျိုးရေး သုတေသနနှင့် စိုက်ပျိုးရေးပညာ အဆင့်မြင့်ဌာန (Centre for Excellence) အဖြစ် ထူထောင်ရန် နားလည်မှု စာချွန်လွှာ တခု လက်မှတ်ရေးထိုး ခဲ့ကြသည်။ထို့ပြင် စိုက်ပျိုးရေး သုတေသန ဌာနတွင် စပါးဇီဝဥယျာဉ်တခု တည်ထောင်ရေး အတွက်လည်း သဘောတူညီခဲ့ကြ သည်။

ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု

နှစ်နိုင်ငံ ကုန်သွယ်ရေးအား နှစ်ဆ တိုးမြှင့်ရန် အတွက် ၂၀၁၅ ခုနှစ်ကို ပစ်မှတ်ထားရန် သဘောတူညီခဲ့ကြသည်။ ကုန်သွယ်ရေး တိုးမြှင့်ရန်အတွက် အသုံးမချရသေးသည့် နယ်ပယ်များ ရှိနေကြောင်း နှစ်နိုင်ငံ ခေါင်းဆောင်များက အလေးအနက်ထား ပြောကြားခဲ့ပြီး ထိုဖြစ်နိုင်ချေများအား အသုံးချကြကာ ကုန်သွယ်ရေး တိုးမြှင့်ကြရန် စီးပွါးရေးသမား များအား တိုက်တွန်းခဲ့သည်။ ထို့ပြင် အိန္ဒိယ ကုမ္ပဏီများ အနေဖြင့် ဆိပ်ကမ်းတည်ဆောက်ရေး၊ အဝေးပြေးလမ်းများ တည်ဆောက်ရေး၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့၊ စိုက်ခင်းများနှင့် ထုတ်လုပ်ရေး ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံကြရန် အတွက်လည်း အားပေးသွားမည်ဟု ဆိုသည်။

နှစ်နိုင်ငံ ကုန်သွယ်ရေး တိုးမြှင့်ရေးကို တားဆီးနေသည့် အရာများကိုလည်း ဖယ်ရှားကြမည် ဖြစ်ကြောင်း နှစ်နိုင်ငံခေါင်းဆောင်များက ကတိ ပေးခဲ့ကြသည်။ ထို့ကြောင့် ပထမ အဆင့် အနေဖြင့် နှစ်နိုင်ငံအကြား စီးပွါးရေး လုပ်ဆောင်ရာတွင် ငွေကြေးလွှဲပြောင်းမှုများ လွယ်ကူချောမွေ့ စေရေးအတွက် United Bank of India ၏ ရုံးခွဲကို ရန်ကုန်မြို့တွင် ဖွင့်လှစ်မည့် အစီအစဉ်ကို နှစ်နိုင်ငံ ခေါင်းဆောင်များက ကြိုဆိုခဲ့ကြသည်။

မြန်မာ အရာရှိများ အား အိန္ဒိယဘဏ်များက ဘဏ်လုပ်ငန်းနှင့် ပတ်သတ်သည့် သင်တန်းများ ပေးမည် ဖြစ်သည်။ ထို့ပြင် Reserve Bank of India အနေဖြင့် မြန်မာနိုင်ငံ ဗဟိုဘဏ် (Central Bank) နှင့် နားလည်မှု စာချွန်လွှာတခု
ရေးထိုးကာ အနာဂတ် ကာလတွင် အိန္ဒိယနှင့် မြန်မာ ငွေကြေးများအကြား ငွေကြေးလဲလှယ်မှု နှုန်းထားများ သတ်မှတ်ရန် သဘောတူခဲ့ကြသည်။

စွမ်းအင်ကဏ္ဍ

အနာဂတ် စွမ်းအင်ကဏ္ဍနှင့် ပတ်သတ်၍ နှစ်နိုင်ငံ ပိုမို နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း နှစ်နိုင်ငံ ခေါင်းဆောင်များက ဆိုခဲ့ကြသည်။ မြန်မာ့ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ကဏ္ဍတွင် အိန္ဒိယ ကုမ္ပဏီများ အနေဖြင့် ပိုမို ရင်းနှီးမြှုပ်နှံလာစေရေးကို အားပေးမည် ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ဖိတ်ခေါ်ထားသည့် လုပ်ကွက်များတွင် လည်း အိန္ဒိယကုမ္ပဏီများ ပါဝင် ရင်းနှီးမြှုပ်နှံရန် အားပေးမည် ဖြစ်သည်။ ထို့ပြင် ရေနံစက်ရုံ စီမံကိန်းများတွင်လည်း အိန္ဒိယ ကုမ္ပဏီများ ပါဝင်လာစေရန် အားပေးမည် ဖြစ်ကြောင်း သဘောတူခဲ့ကြသည်။

ထို့ပြင် ထမံသီနှင့် ရွှေစရေး ရေအားလျှပ်စစ် စီမံကိန်းများနှင့် ပတ်သတ်၍ အိန္ဒိယ၏ အသေးစိတ် အစီရင်ခံစာ အတွက် ပြင်ဆင်လုပ်ကိုင်မှုများအပေါ် ကျေနပ်အားရမှုကို မြန်မာသမ္မတ ဦးသိန်းစိန်က ဖော်ပြခဲ့သည်။
ထို့ပြင် အိန္ဒိယ ရှေးဟောင်းသုတေသန Survey အဖွဲ့မှ ဆောင်ရွက်နေဆဲ ဖြစ်သည့် ပုဂံရှိ အာနန္ဒာဘုရား ထိန်းသိမ်းစောင့်ရှောက်ပြုပြင်ရေး လုပ်ငန်းများနှင့် ပတ်သတ်၍လည်း မြန်မာနိုင်ငံက ကျေနပ်ကြောင်း ဖော်ပြခဲ့သည်။ ထိုလုပ်ငန်းမှာ လာမည့် ၂နှစ်အတွင်း ပြီးစီးလိမ့်မည်ဟု မျှော်လင့်ရပေသည်။
မြန်မာနိုင်ငံ ခရီးစဉ် အကြို အိန္ဒိယ ဝန်ကြီးချုပ်၏ ကြေညာချက်

ကျွန်ုပ်အနေဖြင့် မြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားချက်ဖြင့်  မေလ ၂၇ ရက်နေ့မှ မေလ ၂၉ ရက်အထိ မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်မည် ဖြစ်ပါသည်။

ဤ ခရီးစဉ်သည် ကျနော်၏ ပထမဆုံး မြန်မာနိုင်ငံ ခရီးစဉ်လည်း ဖြစ်သည်။ ထို့ပြင် လွန်ခဲ့သည့် ၂၅ နှစ်အတွင်း အိန္ဒိယ ဝန်ကြီးချုပ် တယောက်၏ ပထမဆုံး မြန်မာ ခရီးစဉ်လည်း ဖြစ်သည်။

အိန္ဒိယနိုင်ငံ အနေဖြင့် အိမ်းနီးချင်း မိတ်ဆွေနိုင်ငံ တနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးကို အထူး အလေးအနက်ထားသည်။ နှစ်နိုင်ငံ ဆက်ဆက်ရေး တိုးတက် ခိုင်မြဲလာမှုကိုလည်း မကြာသေးသော နှစ်များက သက်သေပြလျက် ရှိပေသည်။ ကျွန်ုပ်၏ ယခု မြန်မာနိုင်ငံ ခရီးစဉ်သည် ယမန်နှစ် အောက်တိုဘာလ အတွင်းက
မြန်မာနိုင်ငံတော် သမ္မတ၏ အလွန်အောင်မြင်ခဲ့သော အိန္ဒိယ ခရီးစဉ်အတွင်းတွင် ချမှတ်ခဲ့ကြသည့် ဆုံးဖြတ်ချက်များ အား မည်မျှ အကောင်အထည် ဖော်နိုင်သည် ဆိုသည်ကို ပြန်လည် သုံးသပ်ရန် အခွင့်အရေး တရပ်ပင် ဖြစ်သည်။ ထို့ပြင် ကျွန်ုပ်တို့ အနေဖြင့် နှစ်နိုင်ငံ အစီအစဉ်သစ်များကိုလည်း ပြုလုပ်ရန် စဉ်းစားကြမည် ဖြစ်ပြီး လာမည့်နှစ်များ အတွင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးအတွက် လမ်းပြမြေပုံ တခုကိုလည်း သတ်မှတ်ကြမည်ဖြစ်သည်။

ပိုမို ကောင်းမွန်သည့် ကုန်သွယ်ရေး လမ်းကြောင်းများနှင့် ရင်းနှီးမြှုပ်နှံမှုများ ဖော်ဆောင်ရေး၊ နယ်စပ်ဒေသများ ဖွံ့ဖြိုးရေး၊ နှစ်နိုင်ငံ ဆက်သွယ်မှု တိုးမြှင့်ရေး၊ စွမ်းဆောင်ရည်များ မြှင့်တင်ရေးနှင့် လူ့အရင်းအမြစ် ဖွံ့ဖြိုးရေးတို့သည် ကျွန်ုပ်၏ ခရီးစဉ်အတွင်း အလေးထား၍ ဆွေးနွေးဖွယ်ရာရှိသည့် အကြောင်းအရာများ ဖြစ်ကြသည်။ ထို့ပြင် နှစ်နိုင်ငံ သဘောတူညီချက်များ၊ နားလည်မှု စာချွန်လွှာများအား လက်မှတ်ရေးထိုးဖွယ်ရာ ရှိပြီး နှစ်နိုင်ငံ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ကာ ပြည်သူအချင်းချင်း တိုက်ရိုက် ထိတွေ့ဆက်ဆံရေးကိုလည်း မြှင့်တင်မည် ဖြစ်သည်။

အိန္ဒိယအနေဖြင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ စနစ်သို့ ပြောင်းလဲ ကျင့်သုံး အုပ်ချုပ်နေမှုနှင့် မြန်မာအစိုးရ၏ အားလုံး ပါဝင်သည့် အမျိုးသား ရင်ကြားစေ့ရေး လုပ်ငန်းစဉ်အတွက် ဆောင်ရွက်နေသည့် ခြေလှမ်းများကို ကြိုဆိုသည်။ ကျွန်ုပ်တို့ အနေဖြင့် မြန်မာနိုင်ငံအား ကျွန်ုပ်တို့၏ ဒီမိုကရေစီ အတွေ့အကြုံများကို မျှဝေပေးရန်လည်း အသင့် ရှိနေပေသည်။

ရန်ကုန်တွင် ကျွန်ုပ်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အခွင့်အရေးတရပ် ရရှိမည် ဖြစ်သည်။ ကျွန်ုပ် အနေဖြင့် မြန်မာ့ လူမှုအဖွဲ့အစည်းမှ အုပ်စုတခုအား သတင်းစကားများ ပြောကြားခွင့် ရရှိမည်ဟု မျှော်လင့်သလို အိန္ဒိယနှင့် အိန္ဒိယ အနွယ်ဝင်များနှင့် ထိတွေ့ဆက်သွယ်ခွင့် ရရှိလိမ့်မည်ဟု မျှော်လင့်ပါသည်။

နှစ်နိုင်ငံ၏ တူညီသော သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုများက နှစ်နိုင်ငံနေ ပြည်သူများ၏ ဆက်ဆံရေးကို တိုးမြှင့်ပေး လိမ့်မည် ဖြစ်သည်။ ကျွန်ုပ်အနေဖြင့် နှစ်ပေါင်း ၂,၆ဝဝ နီးပါးက ဗုဒ္ဓအမွေအနှစ် ဖြစ်သည့် သမိုင်းဝင် ရွှေတိဂုံဘုရား သို့လည်း သွားရောက် ဖူးမြော်ရန် မျှော်လင့်ထားပြီး အိန္ဒိယ၏ နောက်ဆုံး ဧကရာဇ် Bahadur Shah Zafar အားမြှုပ်နှံထားရာနေရာ သို့လည်း ရန်ကုန်တွင် သွားရောက်လည်ပတ်ရန် မျှော်လင့်ထားသည်။

ကျွန်ုပ်တို့ အနေဖြင့် မြန်မာအစိုးရနှင့် မြန်မာနိုင်ငံသူ နိုင်ငံသားများအား ဆက်လက်၍ ရင်းနှီးစွာ ဆက်ဆံကာ ပူးပေါင်းဆောင်ရွက်ကာ နှစ်နိုင်ငံ အပြန်အလှန်အကျိုးရှိရေး အတွက် ဆက်လက် ဆောင်ရွက်သွားပါမည်။

LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

ရင်းနှီးမြှုပ်နှံမှုအစ ပြည်တွင်းက

 
လာမယ့် ဇွန်လ ၂၀-၂၁ ရက် ရန်ကုန်မှာ ကျင်းပမယ့် “မြန်မာ့ရင်းနှီးမြှုပ်နှံမှုသစ် ထိပ်သီးဆွေးနွေးပွဲ ၂၀၁၂ (New Myanmar Investment Summit 2012)” မတိုင်မီ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီး ဦးဝင်းမြင့်က မြန်မာနိုင်ငံကို နိုင်ငံခြားကုမ္ပဏီတွေ လာရောက်စုံစမ်းမှုများ ရှိပေမယ့် လက်တွေ့မှာ ထင်သလောက် ရင်းနှီးမြှုပ်နှံမှုတွေ မလုပ်ကြဘူး၊ “ကျနော်တို့ လွဲနေတာတွေ တော့ရှိနေပြီ။ ဟန်ရေးပြနေလို့ မရတော့ဘူး၊ အနှစ်သာရရှိရှိလုပ်မှ ရမယ်” လို့ ပြောလိုက်ပါတယ်။ ဒါဟာ သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ နေပြည်တော်အစိုးရရဲ့ စီးပွားရေးပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ချက်တွေ မလုံလောက်သေးကြောင်း နှိုးဆော်တာပဲ ဖြစ်ပါတယ်။ မြန်မာကျပ် ငွေလဲနှုန်းစနစ် ပြုပြင်တာ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ အလုပ်သမားဥပဒေ ရေးဆွဲပြဌာန်းတာဟာ ဩဘာပေးစရာတွေပါ။ ဒါတွေလောက်နဲ့ နိုင်ငံတကာက ငွေအလုံးအရင်းနဲ့ ထုတ်ချေးမယ့် သူတွေဆီက ယုံကြည်မှု ချက်ချင်းကြီးရဖို့ မလုံလောက်ဘူးလို့ လတ်တလောရလဒ်တွေက သက်သေပြနေပါပြီ။
သမ္မတရဲ့ စီးပွားရေးအကြံပေးရုံးနဲ့ နီးစပ်သူတွေအဆိုအရ နိုင်ငံခြားအရန်ငွေ အမေရိကန်ဒေါ်လာ ၈ ဘီလီယံ လက်မှာကိုင်ထားတဲ့ (တနည်း နိုင်ငံသားတဦး ဒေါ်လာ ၁၃၀ စီ ပိုင်တဲ့) မြန်မာအစိုးရဟာ ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရံပုံငွေ အဖွဲ့ (IMF) နဲ့ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) တို့လို ငွေချေးမယ့်သူတွေရယ်၊ တခြားနိုင်ငံခြား အစိုးရတွေဆီက အကူအညီတွေရယ်နဲ့ တိုင်းပြည်မှာ အရေးပေါ်လိုအပ်နေတဲ့ လမ်းပန်းဆက်သွယ်ရေး၊ ရေ၊ မီး၊ တယ်လီဖုန်း ဆက်သွယ်ရေး အစရှိတဲ့ အခြေခံအဆောက်အအုံတွေ တည်ဆောက်နိုင်ဖို့ ဦးစားပေး လျာထားကြောင်း သိရပါတယ်။
မြင်သာတဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးတွေဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသား အများစုကို လွှတ်ပေးတာ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အမတ်တွေကို လွှတ်တော်ထဲ ဝင်ခွင့်ပြုတာ၊ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အပစ်ရပ်ရေး စကားပြောတာတွေကြောင့် နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းတွေအပေါ် ဩဇာရှိတဲ့ အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့က ဒဏ်ခတ်ပိတ်ဆို့ရေးတွေကို (အကန့်အသတ်နဲ့) ပြန်ရုပ်သိမ်းသွားပါပြီ။
ဒါပေမယ့် ငွေချေးဖို့ဆုံးဖြတ်ရေးဟာ တခြားအချက်တွေပေါ်လည်း မူတည်ပါသေးတယ်။ ADB ကတော့ ထုတ်လုပ်ရေးကဏ္ဍ မြင့်တက်လာပြီး ဈေးကွက်ထဲမှာ ပြိုင်ဆိုင်မှုတိုးလာဖို့၊ ငွေဖောင်းပွမှုကို ကာကွယ်ဖို့၊ အစိုးရအသုံးစရိတ် လျော်ကန်သင့်မြတ်စွာ သုံးစွဲဖို့၊ မလိုအပ်ဘဲ အကြွေးထပ်မတင်ဖို့ကို အာရုံစိုက်တယ်လို့ ပြောပါတယ်။
မြန်မာပြည်ဟာ အခြေခံအဆောက်အအုံများ တည်ဆောက်ရေး၊ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှု ထုတ်လုပ်ရေးတို့မှာ ရင်းနှီးမြှုပ်နှံမှု အကြီးအကျယ်လိုနေပေမယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများစုဟာ စွမ်းအင်၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ရေး၊ သယံဇာတ တူးဖော်ရေးတွေမှာသာများပြီး အစိုးရဘဏ်တွေက ထုတ်ချေးတာတွေကလည်း အမှန်တကယ် လိုအပ်နေတဲ့ အကြီးစားစီမံကိန်းတွေ၊ ပြည်တွင်း အလတ်စားနဲ့ အသေးစား လုပ်ငန်းရှင်တွေ မဟုတ်ဘဲ စွမ်းအင်နဲ့ သယံဇာတ တူးဖော်ရေးလုပ်ငန်းတွေမှာ ကန်ထရိုက်လုပ်တဲ့ ပုဂ္ဂလိကတွေကိုသာ ငွေအများစု ထုတ်ချေးခဲ့ပါတယ်။
ဒီထက်ပိုပြောရရင် တရုတ်ကုမ္ပဏီတွေ ဦးစီးတဲ့စီမံကိန်းတွေဟာ လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုနဲ့ နည်းပညာ လွှဲပြောင်းမှု မရှိသလောက်ဖြစ်ပေမယ့် လမ်းဖောက်လုပ်ရေး၊ တရုတ်အလုပ်သမားများအတွက် ဖျော်ဖြေရေးလို ကိစ္စရပ်များကိုတော့ မြန်မာ စစ်အာဏာပိုင်တွေနဲ့ ခရိုနီတွေကို ကန်ထရိုက်ပြန်ပေးပါတယ်။ ဒီကန်ထရိုက် လုပ်ငန်းတွေအတွက် လိုအပ်တဲ့ ငွေကြေးအထောက်အပံ့ကို နိုင်ငံတော်က ကျခံရပါတယ်။ ပဋိပက္ခဖြစ်နေတဲ့ တိုင်းရင်းသားဒေသတွေမှာဆို စီမံကိန်းကို စစ်တပ်က လုံခြုံရေးပါ ပေးရပါတယ်။
မြန်မာပြည် စီးပွားရေးနဲ့ပတ်သက်လို့ ပါရဂူဘွဲ့ယူ ကျမ်း မကြာသေးခင်ကတင် ရေးပြီးသွားသူ ဂျဲရတ်ဘတ်ဆင်ဂျာက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုတာ မြန်မာနိုင်ငံမှာ တကယ်လိုအပ်နေတဲ့ အဓိပ္ပာယ်ရှိရှိလုပ်ရမယ့် ပြုပြင်ပြောင်းလဲရေးရဲ့ တစိတ်တပိုင်းသာဖြစ်တယ်လို့ ဆိုပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက ပြဿနာလည်း မဟုတ်၊ အဖြေလည်း မဟုတ်ဘူးလို့ ဆိုပါတယ်။
“အရေးအကြီးဆုံး ပြဿနာတခုက (ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှု) ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ အသုံးပြုထည့်ဝင်မယ့် အရင်းအနှီးနဲ့ စုဆောင်းငွေတွေကို လမ်းညွန်ရာမှာ မြန်မာ့စီးပွားရေးစနစ်ဟာ အရမ်းကို ဆိုးရွားလွန်းနေတာပါ။ နည်းပညာနဲ့ ဥပဒေပိုင်းမှာ အတားအဆီးတွေ အများကြီး ရှိနေပါတယ်။ လူတွေရဲ့ ဓနကို ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ ထည့်ဝင်ရင်းနှီးဖို့၊ အဲဒီကတဆင့် နိုင်ငံ့စီးပွားရေးထဲ စီးဝင်သွားစေဖို့ အဟန့်အတားတွေ အများကြီးရှိနေပါတယ်” လို့ အခု ရန်ကုန်မှာ နေထိုင်နေပြီး Vriens and Partners အတွက် အကြံပေးလုပ်နေတဲ့ ဂျဲရတ်ဘတ်ဆင်ဂျာက ပြောတာကို အေးရှားတိုင်းမ် အွန်လိုင်း သတင်းက ရေးသားပါတယ်။
အမှန်တကယ်လည်း ငွေတွေဟာ သူ့နေရာနဲ့သူ စနစ်တကျ ခွဲဝေအသုံးပြုနေတာထက် ဦးတည်ရာမဲ့ ဝရုန်းသုန်းကား ရွေ့နေကြတာပါ။ ကားဆိုလည်းကားမို့လို့၊ အိမ်ခြံမြေဆိုလည်း အိမ်ခြံမြေမို့လို့ ငါးပွက်ရာ ငါးစာချနေကြတာဟာ မြန်မာ့ဈေးကွက်ရဲ့ ယဉ်ကျေးမှုလို ဖြစ်ခဲ့ပါပြီ။ နိုင်ငံတော်အဆင့်မှာလည်း ရေနံ၊ ဓာတ်ငွေ့ရောင်းရတာတွေ၊ စွမ်းအင်ထုတ်လုပ်ရေး စီမံကိန်းတွေကရတဲ့ ဝင်ငွေတွေဟာ အထိန်းအသိမ်းညံ့ဖျင်းတာ၊ အပျောက်ရိုက်တာနဲ့ စစ်အသုံးစရိတ် အဆမတန်သုံးတာကြောင့် သဲထဲရေသွန်သလို အရာမထင်ခဲ့ပါဘူး။
ဒါကြောင့် ဂျဲရတ်ဘတ်ဆင်ဂျာက “ပြည်တွင်းရင်းနှီးမြှုပ်နှံမှု”က ပိုအရေးကြီးတယ်လို့ ပြောတာပါ။ ဖွံ့ဖြိုးရေးမူဝါဒနဲ့ လိုက်လျောညီထွေစွာ အစိုးရအသုံးစရိတ်တွေကို ထိထိရောက်ရောက် သုံးစွဲတာအပြင် ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှု ထုတ်လုပ်ရေးလုပ်ငန်းတွေ (အထူးသဖြင့် အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေ) ဖွံ့ဖြိုးတိုးတက်နိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းနဲ့ ဥပဒေတွေ ပြင်တန်ပြင်၊ ဖျက်တန်ဖျက်ပြီး အရင်းအနှီးတွေ လွယ်ကူစွာ ရနိုင်ရေး၊ လုပ်ငန်းတွေ ချောချောမောမော လည်ပတ်နိုင်ရေး အကူအညီတွေ ပေးသင့်ပါတယ်။ သူက “ဂျီဒီပီတက်သွားဖို့ မဟုတ်တာတော့ မှန်တယ်။ ဒါပေမယ့် ဒါဟာ ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးပါတယ်။ ဒါဟာ နိုင်ငံခြားရင်းနှီးမြုပ်နှံသူတွေ ဝင်လာတာထက်ကို ရေရှည်မှာ ပိုအရေးပါပါတယ်” တဲ့။
ဒီလို ပြည်တွင်းရင်းနှီးမြှုပ်နှံမှုတွေနဲ့ ဈေးကွက်ကို ပြင်ဆင်နေရာချဖို့၊ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ယုံယုံကြည်ကြည်နဲ့ ဝင်ရောက်လာနိုင်ဖို့ မူဝါဒနဲ့ ဥပဒေ ပြောင်းလဲရေးတွေ လုပ်ဆောင်ရမယ့် တချိန်တည်းမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဖြစ်ထွန်းလာမှာတွေကို ကျွမ်းကျွမ်းကျင်ကျင် ထက်ထက်မြက်မြက် စီမံခန့်ခွဲနိုင်မယ့်သူတွေ မွေးထုတ်ရေး၊ တနည်း လူ့အရင်းအနှီးဖွံ့ဖြိုးရေးအတွက် စိန်ခေါ်မှုကလည်း လတ်တလောကို ရင်ဆိုင်နေရပါပြီ။ မလွှဲသာတာကတော့ ဒီကိစ္စဖြေရှင်းဖို့ နိုင်ငံခြား အကြံပေးတွေနဲ့ ပတ်သက်ရာကိစ္စရပ်တွေအတွက် ဒေါ်လာ မီလီယံပေါင်းများစွာ ကုန်ကြရဦးမယ်ဆိုတာပါပဲ။
ကိုးကား။ ။ Kim Jolliffe ၏ Myanmar’s precarious opening


LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

ကမ္ဘာ့သတင်းများ 28/05/2012

နိုင်ငံတကာသတင်း 
 

စင်ကာပူအတိုက်အခံ အလုပ်သမားပါတီမှ အမတ်တစ်ဦးသည် ဖေဖော်ဝါရီလတွင် ပါတီမှ အထုတ်ခံရသဖြင့် လစ်လပ်သွားသောနေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်ခဲ့ရာ အတိုက်အခံပါတီကပင် အနိုင်ရခဲ့ကြောင်း သိရသည်။

Hougang ခရိုင်တွင် ပြုလုပ်ခဲ့သော ရွေးကောက်ပွဲ၌ အတိုက်အခံပါတီမှ ကိုယ်စားလှယ်လောင်း Png Eng Huat က မဲ ၆၂ ဒသမ ၀၉ ရာခိုင်နှုန်း ရရှိခဲ့ပြီး အာဏာရ  People's Action Party (PAP) ပါတီမှ ကိုယ်စားလှယ်လောင်း ဒက်စမွန်ချိုက မဲ ၃၇ ဒသမ ၉၁ ရာခိုင်နှုန်း ရရှိခဲ့ကြောင်း သိရသည်။ စင်ကာပူကျွန်း အရှေ့မြောက်ပိုင်းရှိ ယင်းခရိုင်တွင် အတိုက်အခံတို့က အနှစ် ၂၀ ကျော်ကြာ အခြေအနေကောင်းခဲ့ကြောင်း သိရသည်။

အတိုက်အခံပါတီမှအမတ် Yaw Shin Leong မှာ အိမ်ထောင်ရေး ဖောက်ပြန်မှုစွဲချက်များကြောင့် ဖေဖော်ဝါရီလ ၁၅ ရက်တွင် ပါတီမှ ထုတ်ပယ်ခြင်း ခံခဲ့ရခြင်းဖြစ်သည်။

ရာစုနှစ်၏ထက်ဝက်ခန့် အာဏာယူလာခဲ့သော စင်ကာပူ အာဏာရပါတီသည် ပြီးခဲ့သော အထွေထွေရွေးကောက်ပွဲတွင် သမိုင်းတစ်လျှောက် အဆိုးရွားဆုံး ရလဒ်ကြုံတွေ့ခဲ့ပြီးနောက် တစ်နှစ်အကြာတွင် ယခုရွေးကောက်ပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ လူဝင်ကြီးကြပ်ရေးမူဝါဒ ဖြေလျော့မှု၊ ၀င်ငွေ ကွာဟချက် မြင့်တက်လာမှု၊ အစိုးရ၀န်ကြီးများ၏ လစာမြင့်မားမှုတို့မှာ အာဏာရပါတီအပေါ် ထောက်ခံမှု လျော့ကျစေသည့် အချက်များဖြစ်ကြောင့် လေ့လာသူများက သုံးသပ်ခဲ့သည်။ 

လူ ၉၀ကျော် သေဆုံးတဲ့ တိုက်ခိုက်မှု၊ ဆီးရီးယားအစိုးရ ငြင်းဆန်

ဆီးရီးယားနိုင်ငံ ဟောလာ (Houla) မြို့မှာ သောကြာနေ့က ဆီးရီးယားအစိုးရတပ်ဖွဲ့တွေရဲ့ လက်ချက်ကြောင့် လူ ၉၂ ယောက်ထက်မနည်း သေဆုံးခဲ့ရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဆီးရီးယားအစိုးရက ငြင်းဆန်လိုက်ပါတယ်။ ဒီသေဆုံးသွားသူတွေထဲက သုံးပုံတပုံလောက်ဟာ ကလေးငယ်တွေဖြစ်ကြပါတယ်။
ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဂျီဟတ် မက်ခ် ဒစ် စီ (Jihad Makdissi) ကတော့  ဒီ စွပ်စွဲချက်တွေဟာ အကြီးအကျယ် လိမ်ညာမှုတွေသာဖြစ်ပြီး လက်နက်ကိုင် အကြမ်းဖက်သမားတွေကသာ ဆီးရီးယား တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့တာဖြစ်တဲ့အကြောင်း သူက အပြစ်ဖို့ခဲ့ပါတယ်။
ကုလသမဂ္ဂ စောင့်ကြည့်အကဲခတ်သူတွေကတော့  အစိုးရဆန့်ကျင်မှုတွေ အဓိက ဖြစ်ပွားရာ Homs မြို့ ရဲ့ အနောက်မြောက်ဘက်မှာရှိတဲ့ ဟောလာမြို့ကို တိုက်ခိုက်တဲ့နေရာမှာ လက်နက်ကြီးတွေ၊ သံချပ်ကာ တင့်ကားတွေ ကို အသုံးပြုခဲ့ကြတယ်လို့ ပြောဆိုခဲ့တာပါ။
အစိုးရနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကတော့ - ဆီးရီးယားတပ်ဖွဲ့တွေအနေနဲ့ သူတို့ တိုက်ခိုက်ခံနေ ရတဲ့ အခြေအနေကို ခုခံ ကာကွယ်ရင်း လက်တုန့်ပြန်ခဲ့တာဖြစ်ပြီး သူတို့ဘက်က လက်နက်ကြီးတွေ သံချပ်ကာ တင့်ကားတွေကို မသုံးခဲ့ဘူးလို့ ပြောဆိုခဲ့ပါတယ်။
အခု ဟောလာ (Houla) မြို့ တိုက်ခိုက်ခံရမှုဟာ သမ္မတ ဘက်ရှာ အယ်လ် အာဆတ် (Bashar al-Assad's) ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ ၁၅ လတာ ကာလအတွင်း အသေအပျောက် အများဆုံး တိုက်ခိုက်မှုလည်းဖြစ်ပါ တယ်။ သောကြာနေ့ က ၀တ်ပြုဆုတောင်းပွဲအပြီး ဆီးရီးယား စစ်တပ်ကနေ မြို့ကို ပစ်ခတ်ခဲ့တဲ့အတွက် အခုလို သေဆုံးကြရတာလို့ မျက်မြင်သက်သေတွေက ပြောဆိုခဲ့ပါတယ်။

ဆီးရီးယားစစ်တပ် အင်အားသုံး တိုက်ခိုက်မှု အရပ်သား ၉၀ ကျော်သေဆုံး

ဆီးရီးယားနိုင်ငံမှာ အစိုးရဘက်က အစီအစဉ်ရှိရှိ ချိတ်ဆက် တိုက်ခိုက်ခဲ့တာကြောင့် လွန်ခဲ့တဲ့၂၄ နာရီ အတွင်း ကလေးငယ်များစွာအပါအဝင် လူပေါင်း ၉၀ ကျော် သေခဲ့ရတယ်လို့ တက်ကြွလှုပ်ရှားသူတွေက စနေနေ့မှာ ဆိုလိုက်ပါတယ်။
ဒီ တိုက်ခိုက်မှုမှာ အစိုးရတပ်တွေက ပြည်သူ့စစ်တွေနဲ့ ချိတ်ဆက်ပြီး နိုင်ငံအလယ်ပိုင်း Homs မြို့မှာ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။အစိုးရဘက်ကလည်း ဒီအစုလိုက်အပြုံလိုက် တိုက်ခိုက်မှုဖြစ်ခဲ့တာကို ငြင်းဆိုမှုမရှိခဲ့ပါဘူး။ ဒါပေမဲ့ ဒီတိုက်ခိုက်မှုကို အမည် မဖော်ပြထားတဲ့ အကြမ်းဘက်အဖွဲ့တခုက လုပ်တာဖြစ်တယ်လို့ စွပ်စွဲလိုက်ပါတယ်။
ဒီတိုက်ခိုက်မှုဟာ လွန်ခဲ့တဲ့တနှစ်ကျော်ကစပြီး သမ္မတ ဘတ်ရှာအယ်လ်အာဆတ်အစိုးရကို ဆန့်ကျင် ဆန္ဒပြပွဲတွေထဲမှာ အသေအပျောက်အများဆုံး အကြမ်းဘက်မှုတွေထဲက တခုဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီး Robert Mood ဦးဆောင်တဲ့ ကုလသမဂ္ဂလေ့လာ စောင့်ကြည့်ရေးအဖွဲ့အနေနဲ့ ဒီတိုက်ခိုက်မှုဖြစ်ခဲ့တဲ့ရွာကို စစ်ဆေးမှုတွေလုပ်ဖို့ စနေနေ့မှာ ရောက်ရှိခဲ့ပါတယ်။
ဗိုလ်ချုပ်ကြီး Mood ကပဲ ဒီအကြမ်းဘက်မှုဟာ ရက်ရက်စက်စက်ကြေကွဲစရာဖြစ်တယ်လို့ ပြောလိုက် ပြီး သေဆုံးသွားသူတွေထဲမှာ အသက် ဆယ်နှစ်အောက်ကလေး ၃၂ ဦးကျော်နဲ့ အရွယ်ရောက်သူပေါင်း ၆၀ ကျော်ပါတယ်လို့ ဆိုလိုက်ပါတယ်။ ဗွီဒီယိုပုံရိပ် တခုထဲမှာတော့ သောကြာနေ့က သေဆုံးသွားသူတွေ ကို သူတို့ရဲ့မိသားစုဝင်တွေက မြေမြှုပ်သင်္ဂြိုဟ်နေတာကို ပြသခဲ့ပါတယ်။ တကယ်တော့ ဒီ သတ်ဖြတ်မှုတွေ စဖြစ်လာခဲ့တာက ပြီးခဲ့တဲ့အပတ် သောကြာနေ့ကတည်းက ဖြစ်ပါတယ်။


ဂျပန်နိုင်ငံက စွမ်းအင်သုံးစွဲမှုတွင် နျူကလီးယားစွမ်းအင်ကို လိုအပ်ချက်၏ ၁၅ ရာခိုင်နှုန်းထိ ထုတ်ယူသုံးစွဲသွားဖွယ်ရှိကြောင်း သဘာဝပတ်ဝန်းကျင်ရေးရာဝန်ကြီး ဂိုရှီဟိုဆိုနိုက မေလ ၂၅ ရက်နေ့တွင် ပြောကြားခဲ့သည်။

ဂျပန်သည် ၂၀၃၀ ပြည့်နှစ်တွင် နျူကလီးယားစွမ်းအင်ကင်းစင်သည့် နိုင်ငံဖြစ်လာရန် မျှော်မှန်းထားပြီး စွမ်းအင်မူဝါဒနှင့် ပတ်သက်ပြီး ဖြစ်နိုင်ချေများစွာကို အစိုးရအထူးအဖွဲ့ တစ်ဖွဲ့က လေ့လာနေသည်။ ယမန်နှစ်က ဆူနာမီနှင့် နျူကလီးယား အကျပ်အတည်းကြောင့် စွမ်းအင်းရင်း မြစ်ရှားပါးသော ဂျပန်သည် နျူကလီးယားစွမ်းအင်ကို ကြီးကြီးမားမား မှီခိုနေရသည်။
စွမ်းအင်လိုအပ်ချက်၏ သုံးပုံ တစ်ပုံခန့်ကို နျူကလီးယားစွမ်းအင်မှ ရယူနေရပြီး မူဝါဒချမှတ်သူများက နျူကလီးယားစွမ်းအင်ကို ၅၀ ရာခိုင်နှုန်းထိ မှီခိုရန် ရည်ရွယ်ထားခဲ့သည်။

သို့သော်လည်း မတ်လ အကျပ်အတည်းပြီး နောက်ပိုင်းမှစကာ နျူကလီးယားဓာတ်ပေါင်းဖိုများကို လုံခြုံရေးစစ်ဆေးမှုများအတွက် ပိတ်ပင်ထားခဲ့ရပြီး ယခုအခါ ဂျပန်နိုင်ငံ တစ်နိုင်ငံလုံးတွင် နျူကလီးယား ဓာတ်ပေါင်းဖို လည်ပတ်မှုမရှိတော့ပေ။ 


ပါကစ္စတန်ဝန်ကြီးချုပ် ယူဆွတ်ဖ် ရာဇာဂီလာနီမှာ ရာထူးဆက်လက် ထမ်းဆောင်ရန် အရည်အချင်းပြည့် မီခြင်း ရှိ၊ မရှိ ကြားနာဆုံးဖြတ်မှု ဆောင်ရွက်မည်မဟုတ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဖာမီဒါမီရ်ဇာက မေလ ၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

သမ္မတ အလီဇာဒါရီ၏ ခြစားမှုများကို ပြန်လည်စစ်ဆေးရန်အတွက် ဆွစ်ဇာလန် အာဏာပိုင်များကို တောင်းဆိုခိုင်းမှုကို ၀န်ကြီးချုပ်က ငြင်းဆိုခဲ့သဖြင့် တရားရုံး မထီမဲ့မြင်ပြုမှု စွပ်စွဲချက်များဖြင့် ၀န်ကြီးချုပ် ဂီလာနီကို အဖွဲ့ဝင် ခုနှစ်ဦးပါဝင်သော တရားရုံး ချုပ်တရားသူကြီးများက စီရင်ချက် ချမှတ်ခဲ့ခြင်းဖြစ်သည်။
ပါကစ္စတန်နိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ စီရင်ချက်သည် ၀န်ကြီးချုပ်ကို ရာထူးမှ ထုတ်ပယ်ရန်သင့်သော အကြောင်းအချက် ဖြစ်  မဖြစ်ကို စဉ်းစားဆုံးဖြတ်ရန် လွှတ်တော်ဥက္ကဋ္ဌတွင် ရက် ၃၀ စဉ်းစား ချိန်ရထားသည်။ လွှတ်တော်ဥက္ကဋ္ဌက ရာထူးမှ ထုတ်ပယ်ရန် သင့်သည်ဟု ယူဆပါက ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြကာ ထုတ်ပယ်ရန် သင့်၊ မသင့်ကြားနာမှု ပြုလုပ်ရမည်ဖြစ်သည်။

ထုတ်ပြန်ခဲ့သော စာမျက်နှာ ငါးမျက်နှာရှိ ကြေညာချက်တွင် မီရ်ဇာက တရားရုံးချုပ်၏ ညွှန်ကြားချက်ကို ၀န်ကြီးချုပ်က မလိုက်နာခဲ့ခြင်းသည် ၀န်ကြီးချုပ်ကို ရာထူးမှ ဖယ်ရှားရေးနှင့်စပ်ဆိုင်သော ကိစ္စဟု မယုံကြည်ကြောင်း ဂီလာနီ၏ ပြစ်ဒဏ်ကျမှုသည် ၎င်းကိုရာထူးမှ ထုတ်ပယ်ရန်အတွက် အခြေခံအကြောင်း တစ်ခုဖြစ်သည်ဟု ဝေဖန်သုံးသပ်သူများနှင့် နိုင်ငံရေး ပြိုင်ဘက်များက သုံးသပ်ခဲ့သော်လည်း လွှတ်တော်ဥက္ကဋ္ဌ၏ ဆုံးဖြတ်ချက်ကြောင့် ၀န်ကြီးချုပ်သည် ၎င်း၏ ငါးနှစ်သက်တမ်းကို ပြီးဆုံးအောင် ထမ်းဆောင်နိုင်ရန် အခွင့်အလမ်းများသွားပြီဖြစ်သည်။  

LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung