မြန်မာ့ စီးပွားရေး သတင်းများ  အောက်တိုဘာ ၂၆ ၊ ၂၀၁၂

မြန်မာ့ရေလုပ်ငန်း ဝန်ပိနေ


ပြည်တွင်းဘဏ်ချေးငွေ အတိုးနှုန်းမြင့်မားခြင်း အပါအဝင် လုပ်ငန်းလည်ပတ်နိုင်ရန် အရေးကြီးသော ရေ မီး လမ်းပန်းဆက်သွယ်ရေး ညံ့ဖျင်းမှုဒဏ်ကြောင့် ရေလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် အခက်အခဲများ ကြုံတွေ့နေရသည်။
“ဘဏ်အတိုးနှုန်း မြင့်မားခြင်းကို ခံစားနေရတာတော့ ရေလုပ်ငန်းရှင်တွေအနေနဲ့ တော်တော်ကြာနေပြီ။ နာဂစ်တိုက်ပြီးနောက်ပိုင်း လျှပ်စစ်မီးမရလို့ အအေးခန်းစက်ရုံတွေ မလည်ပတ်နိုင်လို့ရေခဲက အစ၊ ဓာတ်ဆီ၊ ဒီဇယ်၊ မီးစက်အဆုံး အကုန်လုံးကို ကိုယ့်ဘာသာကိုယ် သုံးခဲ့ရတော့ ငွေလိုတယ်။ ဆိုတော့ ဘဏ်ချေးငွေချေးရတယ်။ ချေးငွေ အတိုးနှုန်းတွေက မြင့်မားနေတော့ မဆပ်နိုင်။ ပြန်ပြီးတောင် မရင်းနိုင်တဲ့ အနေအထားတွေ ထိရောက်နေတယ်”ဟု ပုဇွန် လုပ်ငန်းရှင်များအသင် ဥက္ကဌ ဦးနှင်းဦးကပြောဆိုသည်။
ဘဏ်အတိုးနှုန်းမှာ ယခင် ၁၇ရာခိုင်နှုန်း၊ ယခုနောက်ပိုင်းတွင် ၁၄ ရာခိုင်နှုန်း ပေးရသည်။ ယင်းသို့ ဘဏ်တိုးနှုန်း မြင့်မားမှုကြောင့် လုပ်ငန်းလည်ပတ်ရန် လိုအပ်သောငွေကြေး အခက်အခဲဖြစ်လာရပြီး နောက်ပိုင်းတွင် ပြည်ပတင်ပို့မှုအပါအ၀င် ပြည်တွင်းဈေးကွက်ပါ ထိခိုက်လာမည်ကိုလည်း တချို့က စိုးရိမ်နေကြသည်။
ရေလုပ်ငန်းကဏ္ဍတွင် အဓိက ကြုံတွေနေရသော ရေထွက်ကုန်ပစ္စည်းရှားပါးမှုနှင့် မွေးမြုရေး လုပ်ငန်းများ ကျဆင်းနေမှုကြောင့် စက်ရုံများစွမ်းအားပြည့် မလည်ပတ်နိုင် ဖြစ်နေသည့်အပေါ် အမြန်ဆုံး ပြန်လည် ပြည့်မီ တိုးတက်လာစေရန် အစီအမံများ စနစ်တကျ ချမှတ်၍ ဆောင်ရွက်သင့်ကြောင်း၊ မွေးမြူုရေးလုပ်ငန်းများ အမြန်ဆုံးတိုးတက်လာစေရန် နိုင်ငံတော်အနေဖြင့် စီမံဆောင်ရွက်မှုကို မွေးမြူုရေးလုပ်ငန်းရှင်များက လိုလားလျှက်ရှိကြောင်းကို မြန်မာနိုင်ငံ ရေထွက်ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များ အသင်းမှ ပြည်သူ့လွှတ်တော်ဥက္ကဌ ထံသို့တင်ပြထားကြောင်းလည်း သိရသည်။
“ရေထွက်ကုန်ပစ္စည်း ကုန်ကျစရိတ် တက်တာလည်း မပြောနဲ့။ အစာစပ် ပစ္စည်း လုပ်တဲ့ ကျနော်တို့ လုပ်ငန်းသမားတွေလည်း ပဲဖတ်၊ နှမ်းဖတ်ကအစ ဖွဲနုအဆုံး အကုန်ဈေး အရမ်းတက်နေတာ ခံနေရတယ်။ တချို့ အစာစပ် စက်ရုံတွေဆိုရင် ပိတ်တဲ့ အဆင့်တောင် ရှိနေပြီ။ ဘယ်လိုမှ အဆင်မပြေဘူး။ မီးကလည်း အပြည်အ၀ မရဘူး” ဟု လှိုင်သာယာရှိ အစာစပ်လုပ်ငန်း လုပ်ကိုင်သူ ဦးနေထွန်းမင်းက ပြောသည်။
ရေထွက်ပစ္စည်း ထုတ်လုပ်သူများ အသင်းနှင့် ပို့ကုန်လုပ်ငန်းရှင်များ အသင်းမှ အတွင်းရေးမှုး ဒေါ်တိုးနန္ဒာတင်ကလည်း “ခု ရေထွက် ကုန်ပစ္စည်း ထုတ်လုပ်သူတွေအနေနဲ့ များများထုတ်တဲ့သူက များများရှုံးမယ်။ နောက်ပိုင်း ဘာတွေဖြစ်လာလဲဆိုရင် ပြည်တွင်း ငါး ပုဇွန် ဈေးကြီးမှာတောင် ပစ္စည်းပြတ်တဲ့ထိ ဈေးကွက် ကမောက်ကမဖြစ်တာ ပြည်ပတင်ပို့မှု ဆိုရင်တော့အဝေးကြီးပဲ။ ဒီကြားထဲ ဘဏ်ချေးငွေတွေက များ၊ မဆပ်နိုင်တော့ အတိုးနှုန်းတွေက ထပ်တက်။ ဒါကြောင့် နောက်ပိုင်း ရင်းနှီးမြှုပ်နှံသူတွေဝင်လာရင် ပူးပေါင်းသင့်တယ်။ ဒါမှ သူတို့ဆီက နည်းပညာ၊ ငွေကြေး အရင်းအနှီး ရမယ်။ ဒါမှသာ ရေလုပ်ငန်းက ပြန်တိုးတက်လာနိုင်မယ် ထင်တယ်” ဟု ပြောသည်။
သို့သော် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ မထွက်လာနိုင်သေး၍ နိုင်ငံခြား စီးပွားရေး လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံမှုမရှိသေးဘဲ လာရောက်လေ့လာရုံ အဆင့်သာ ရှိသေးကြောင်း ပုဇွန်လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးနှင်းဦးက ပြောသည်။
“အဓိကကတော့ ရေထွက်ကုန်ပစ္စည်းတွေ ပြည်တွင်းမှာတောင် မထုတ်လုပ်နိုင်တာ ပြည်ပနိုင်ငံတွေနဲ့ ယှဉ်နိုင်ဖို့ဆိုတာ အဝေးကြီးပဲ လိုပါသေးတယ်။ ဒီလို ကုန်ကျစရိတ်တွေ မြင့်မားနေတာ၊ လျှပ်စစ်မီး လုံလောက်စွာ မရရှိတာ၊ လမ်းပန်း ဆက်သွယ်ရေး အခက်အခဲတွေကြောင့် သယ်ယူစရိတ်တွေက အရမ်းမြင့်မားနေတာတွေ၊ဘဏ်ချေးငွေ အတိုးနှုန်း မြင့်မားတာတွေက အရမ်းအခက်အခဲဖြစ်စေတယ်။
ဒါတွေသာ ပြင်ဆင်ပေးမယ်ဆိုရင် ရေထွက်ကုန် ပြည်ပတင်ပို့တဲ့သူတွေအနေနဲ့ ပြည်တွင်း ထုတ်လုပ်မှုပါ အဆင်ပြေနိုင်တယ်” ဟု  ဦးနှင်းဦးက ဆက်လက် ပြောဆိုသည်။


အင်းလေး ရေပေါ်ဈေး ပြန်ဖော်ထုတ်သင့်ကြောင်း ဟိုတယ်လုပ်ငန်းရှင်များ အကြံပြု

နိုင်ငံခြားသား ခရီးသည်များ အများဆုံး စိတ်ဝင်စားမှုရှိခဲ့သော အင်းလေးဒေသရှိ ရေပေါ်ဈေးကို
ပြန်လည်ဖော်ထုတ်သင့်ကြောင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများက ပြောဆိုကြသည်။
“အင်းလေးဒေသရဲ့ ရေပေါ်ဈေးဆိုတာ ကမ္ဘာပေါ်မှာ တခုတည်းသာရှိခဲ့တဲ့ သဘာဝ ရေပေါ်ဈေး ဖြစ်ပါတယ်။ ထိုင်းမှာရှိတဲ့ ရေပေါ်ဈေးဆိုတာ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်ကမှ ဖန်တီးပြုလုပ်ပြီး နိုင်ငံခြားသား ခရီးသည်တွေလည်း အတော်စိတ်ဝင်စားကြပါတယ်။ အင်းလေးဒေသမှာရှိတဲ့ ရေပေါ်ဈေးက လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကတည်းက တိမ်ကောသွားတာ၊ ကုန်းပေါ်တတ်ပြီး ဈေးရောင်းလာကြတယ်။ အခုဆိုရင် နာမည်ပဲ ကျန်တော့တယ်။ ဒီလိုရှားပါးတဲ့ သဘာဝ ရေပေါ်ဈေးကို ပြန်လည်ဖော်ထုတ်နိုင်ရင်တော့ ခရီးသွားတွေကို အတော်ဆွဲဆောင်နိုင်တဲ့ နေရာတခုဖြစ်လာမှာပါ” ဟု မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း (တောင်ကြီးဟိုတယ်ဇုန်) မှ အတွင်းရေးမှူး ဦးအောင်ကျော်မိုး က ပြောသည်။

တောင်ကြီး ဟိုတယ်ဇုန်မှ အင်းလေး ညောင်ရွှေဒေသတွင် ဟိုတယ် အလုံး ၄၀၊ ကလောဒေသတွင် ဟိုတယ် ၂၃ လုံး၊ လွိုင်ကော်ဒေသတွင် သုံးလုံး၊ ပင်းတယ်ဒေသတွင် ငါးလုံး ရှိသည်။ အင်းလေးဒေသ ရွာမရွာတွင် တည်ရှိခဲ့သည့် ရေပေါ်ဈေးလေးမှာ အရှည်ပေ ၁၅၀ ဝန်းကျင် ရှိခဲ့သည်။ ၎င်းအား အတုယူ၍ ထိုင်းနိုင်ငံက ဖန်တီးနိုင်ခဲ့၍ ယခုအချိန်တွင် အာရှ၌ ဘန်ကောက် Damnoen Saduak ရေပေါ်ဈေး တခုသာ လူသိများနေရသည်။ ထိုဈေးတွင် အစားသောက်နှင့် သစ်သီးဝလံမျိုးစုံအပြင်၊ အဝတ်အထည်နှင့် လက်မှု
ပညာများပါ လှေချင်းထိ၍ ရောင်းချကြကာ နိုင်ငံခြားသား ဧည့်သည်များဖြင့် အလွန်စည်ကားသည်ဟု ဆိုသည်။

“ရေပေါ်ဈေးစာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက အင်းလေးဒေသမှာ ရှိခဲ့ပါတယ်။ လုပ်ယူဖန်တီးထားတာ မဟုတ်ပါဘူး။ ချစ်စရာကောင်းတဲ့ ရေပေါ်ဈေးနေရာလေး တခုက အခြားပုံစံနဲ့ ဖြစ်တည်သွားတာ နှမြောစရာကာင်းပါတယ်။ ကျနော်တို့ အားလုံး နဂိုအတိုင်း ရှိအောင် ပြန်ကြိုးစားသင့်ပါတယ်။ ရေပေါ်ဈေးဟာ အင်းလေးဒေသ အတွက်လည်း ဂုဏ်ယူစရာနေရာလေးပါ” ဟု May Guest House မှ လုပ်ငန်းရှင် ဦးညီညီတင် က ဆိုသည်။

ခရီးသွားလုပ်ငန်း လုပ်ကိုင်ခဲ့ဖူးသည့် ထွေးဦး မြန်မာရုပ်သေးအဖွဲ့မှ ပညာရှင် ဦးခင်မောင်ထွေး က “ကျနော် ခရီးသွားလုပ်ငန်းမှာ ဝင်လုပ်ခဲ့က နိုင်ငံခြားသား ဧည့်သည်တွေကို အင်းလေးကို လိုက်ပို့ခဲ့ရတယ်။ အင်းလေးက ပြန်လာပြီးတဲ့ ဧည့်သည်တွေတိုင်းက တောတောင်ရေမြေ သဘာဝ အလှတရားတွေနဲ့ ပြည့်စုံနေတာကြောင့် အင်းလေးဟာ ကမ္ဘာပေါ်မှာ ဘယ်လိုနေရာမှာမှ မရှိနိုင်တဲ့ နေရာမျိုးတဲ့။ တခေါက်ရောက်ပြီးရင် နောက်တခေါက် ပြန်သွားချင်တယ်။ အင်းလေးကို နောက်တခါ ပြန်သွားနိုင်အောင် ကြိုးစားမယ်လို့ ပြောကြတယ်။ ခြုံပြောရရင် အင်းလေးဟာ ခရီးသွားလုပ်ငန်းအတွက်သာ မဟုတ်ဘဲ နိုင်ငံအတွက်ပါ ဂုဏ်ယူစရာ နေရာတခုပါ” ဟု ဆိုသည်။

ထို့ပြင် “ရန်ကုန်-အင်းလေး အဝေးပြေးလမ်းမကြီး တခုကို ၄ - ၅ နာရီခရီးနဲ့ သွားနိုင်အောင် အစိုးရဘက်က ပံ့ပိုး
ကူညီပေးလိုက်ရင် အင်းလေးဒေသဟာ ပြည်ပခရီးသည် အများဆုံး ဝင်ရောက်တဲ့နေရာ ဖြစ်လာမှာပါ” ဟု ဦးခင်မောင်ထွေး က အကြံပြုသည်။ ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်ရှိ အင်းလေးကန်မှာ မြန်မာနိုင်ငံတွင် ဒုတိယ အကြီးဆုံးကန် ဖြစ်ပြီး ဖောင်တော်ဦး ဘုရားဖူးနှင့် ကမ္ဘာ့ခရီးသွားများ သွားရောက်လေ့ရှိသည်။

မူလက ရေပြင်ဧရိယာ ၁၀၀ စတုရန်းမိုင်အထိ ရှိခဲ့ရာမှ ၂ဝဝ၈ ခုနှစ်တွင် ၂၃ မိုင်ခန့်သာ ရှိတော့ကာ ၂ဝ၁ဝ ခုနှစ်ထဲတွင် စံချိန်တင် ရေခမ်းခြောက်ခဲ့သည်။  ရေခမ်းခြောက်ကာ ရေအဆိပ်သင့်နေသည့် အင်းလေးကန်အတွင်း ကျေးရွာ၊ နေအိမ်နှင့် ကျွန်းမျောများ ထပ်မံ မဆောက်လုပ်ရန် အပါအဝင် ၁ဝ ချက်အား ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ၂၀၁၁ ခုနှစ်၊ ဇွန်လပိုင်းကပြုလုပ်သည့် ဆွေးနွေးပွဲတရပ်တွင် တိုက်တွန်းခဲ့ဖူးသည်။



LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                          http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment