19/07/2011
(၆၄)နှစ်တင်းတင်းပြည့်ခဲ့လေပြီ၊ ဇူလိုင်မိုးရေစက်တွေနှင့်အတူ မြန်မာပြည်သူတို့ မျက်ရည်ပင်လယ်ဝေခဲ့ရသည့်နေ့တစ်နေ့၊
(၁၉)ဇူလိုင်၊ ဗိုလ်ချုပ်နှင့် ရဲဘော်များ ကျဆုံးခဲ့ရသည့်နေ့၊ ဘယ်လိုပင်ဖျောက်ဖျောက် မပျောက်ပျက်နိုင်သည့်နေ့တစ်နေ့၊ ကျွန်ုပ်တို့ သင်တို့အားလုံး၏ အာဇာနည်နေ့၊ အာဇာနည်ဖြစ်ထိုက်သော၊ ဂုဏ်ပြုထိုက်သော အာဇာနည်ကြီးများကို အလေးပြုရမည်၊ ဂုဏ်ပြုရမည်၊ ထိုအရာကား သမိုင်းကပေးခဲ့သော တာဝန်ကြီးတစ်ရပ် မဟုတ်ပါလား......
ဗိုလ်ချုပ်သည်တိုင်းပြည်အတွက် အသက်ပါမကျန်အောင် အလုပ်လုပ်ခဲ့သည်၊ တိုင်းပြည်ကြီးကို တိုင်းတစ်ပါးကျွန်သဘောက်ဘ၀မှ လွတ်မြောက်စေချင်ခဲ့သည်၊ ဒီမိုကရေစီနိုင်ငံတော်ကြီး ထူထောင်ဖို့ရန် ရည်မှန်းထားခဲ့သည်၊ သို့သော် ဗိုလ်ချုပ်ပြောသည့်ဒီမိုကရေစီကား မြန်မာပြည်တွင် အရိပ်အယောင်ပင်မတွေ့ရှိရသေး။
ဗိုလ်ချုပ်တည်ထောင်ခဲ့သည့်တပ်မတော်သည်လည်း ဗိုလ်ချုပ်ကို အလေးပြုရကောင်းမှန်းပင်မသိတော့၊ အလွန်အင်မတန်မှ ၀မ်းနည်းစရာကောင်းပေစွ၊
သမိုင်းဟူသည် ဖျောက်ဖျက်ပစ်လို့ ရကောင်းသည့်အရာမဟုတ်ပေ၊ ဗိုလ်ချုပ်သည် သမိုင်းကောင်းခဲ့သည်၊ ဗိုလ်ချုပ်၏ လုပ်ဖော်ကိုင်ဖက်များလည်း သမိုင်းကောင်းခဲ့ကြသည်။ ကိုယ်ကျိုးစွန့်အနစ်နာခံကာ အသက်ပေးလှူသွားခဲ့ကြသည်။စံပြုအတုယူထိုက်သော ဂန္ထ၀င်မြောက် အာဇာနည်သူရဲကောင်းအပေါင်းတို့ပါတကား.....
ဗိုလ်ချုပ်တည်ထောင်ခဲ့သော တပ်မတော်နှင့် မြန်မာပြည်ကြီးသည် ယနေ့ဘာတွေဖြစ်နေပါပြီလဲ၊ အားလုံးသိတဲ့မြင်တဲ့အတိုင်းပင်၊ ဟိုလူလာလည်း မျက်နှာချိုသွေးရ၊ ဒီလူလာလဲမျက်နှာချိုသွေးရနှင့် ဖာသည်တိုင်းပြည်ဖြစ်နေပြီမဟုတ်ပါလား၊ လွန်ခဲ့သည့် (၆၄) နှစ်က ဗိုလ်ချုပ်ပြောခဲ့သည့်စကား ဒီနေ့အထိ မှန်ကန် ထိရောက်နေဆဲ၊ တိုင်းပြည်နှင့် လူမျိုးမျက်နှာကိုမှ မထောက်ထားပဲ အာဏာကိုအလွဲသုံးစားလုပ်ခဲ့ကြသည့် အာဏာရူးလူတစ်စု၏ မဟုတ်မတရား ဖိနှိပ်ချုပ်ချယ်ကန့်သတ်မှုများကြောင့် ကျွန်ုပ်တို့ မြန်မာပြည်ကြီးသည် ဖာသည်တိုင်းပြည် ဘ၀သို့ ရောက်မှန်းမသိရောက်ခဲ့ရလေသည်။
ရင်နာလိုက်စမ်းပါ အိုမြန်မာပြည်သူပြည်သားအပေါင်းတို့.... ကျွန်ုပ်တို့ သင်တို့ ဘ၀များသည် အာဏာရူးလူတစ်စု၏ ဖိနပ်အောက်တွင်စုတ်ပြတ်သပ်နေအောင် ပြားပြားမှောက်ခံခဲ့ကြရသည်၊ ခံနေရဆဲ နောက်လဲ ဆက်လက်ခံကြဦးမည်ဆိုလျှင် သားစဉ်မြေးဆက် စစ်ကျွန်သဘောက် ပြားပြားမှောက်လို့ လူလုံးမလှ ဘ၀တွေနှင့် အဖြစ်ဆိုး စနစ်ဆိုးတွေ ရင်ကော့ ခါးကော့ကာ လူးလိမ့်ခံကြပေဦးတော့မည်။
အချိန်ရှိခိုက် လုံ့လစိုက်ကာ ၀ိုင်းဝန်းညီညာစွာ စစ်အာဏာရှင်အရေခြုံ မြေခွေးများကို အမြန်ဆုံး နှိမ်နှင်းကြပါစို့၊ ငေးမောတွေဝေ မှိုင်တွေနေပြီး ဘ၀တွေ သေနေမဲ့အစား မိမိတိုင်းပြည်နှင့် လူမျိုးအတွက် မိမိ၏ သားစဉ်မြေးဆက် လူစဉ်မီ ဘ၀ပီပီ ဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် (၆၄)နှစ်မြောက်အာဇာနည်နေ့မှအစပြုကာ အာဏာရူးတွေကို လက်တွဲတော်လှန်ကြပါစို့၊ လက်တွဲတော်လှန်ကြပါစို့၊ လက်တွဲတော်လှန်ကြပါစို့။
0 comments:
Post a Comment