10/08/2011


ဤစာကိုရေးရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ မြန်မာပြည်ကြီး စစ်မှန်၍ ငြိမ်းချမ်းသော ဒီမိုကရေစီ၏အနှစ်သာရပြည့်ဝသော နိုင်ငံတော်သစ်ထူထောင်ရန်အတွက် ရည်ရွယ်ပြီးရေးသားခြင်းဖြစ်ပါသည်။ ရှစ်လေးလုံး အရေးတော်ပုံကြီးမှအစပြုကာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် ကြိုးပမ်းတည်ဆောက်ခဲ့ကြရာတွင် ဖိနှိပ်မှု၊ ချုပ်ခြယ်မှု၊ ကန့်သတ်မှုအမျိုးမျိုးနှင့်ရင်ဆိုင်ကြုံတွေ့ကာ သမိုင်းတစ်ဆစ် အချိုးအကွေ့တစ်ခုသို့ ရောက်ရှိခဲ့ပေပြီ။ လောကဓံအဆိုးတွေကိုကြံ့ကြံ့ခံအံတုရင်း မိမိယုံကြည်ချက်အတွက် ရှေ့ဆက်ချီတက်နေကြသော ရဲဘော်အပေါင်းတို့အား၎င်း၊ ဒီမိုကရေစီတိုက်ပွဲအတွက် အကြောင်းအမျိုးမျိုးဖြင့် အသက်ပေးသွားကြကုန်သော အာဇာနည် သူရဲကောင်းအပေါင်းတို့အား၎င်း လေးစားဦးညွတ်အလေးပြု ဂုဏ်ပြုအပ်ပါသည်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် လူထုကပေးအပ်ထားသော တာဝန်များကို ထမ်းပိုးဆောင်ရွက်ရန် တာဝန်ယူထားသော လူထုခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်သည်။ ယနေ့ လူထုခေါင်းဆောင်လျှောက်လှမ်းနေရသော လမ်းခရီးသည် ကြမ်းတန်းခက်ထန်ပြီး လှိုင်းတံပိုးများအောက်ကလှေတစ်စင်းပမာလို။ လူထုနှင့်ထိတွေ့ဆက်ဆံခွင့် အခွင့်အရေးများစွာ ဆုံးရှုံးပြီး ပေးဆပ်မှုများစွာတို့ဖြင့် ဒီမိုကရေစီရည်မှန်းချက်ပန်းတိုင်ကို မရောက်ရောက်သည့်အထိ လျှောက်လှမ်းနေဆဲ။ လူထုခေါင်းဆောင်သည် ငြိမ်းချမ်းရေးလမ်းစဉ်ကို ဆုတ်ကိုင်ထားသည်။ တွေ့ဆုံဆွေးနွေးအဖြေရှာပြီး တိုင်းပြည်၏ နိုင်ငံရေး၊စီးပွားရေး၊ လူမှုရေး ပြဿနာများစွာတို့ကို ငြိမ်းချမ်းစွာ ဖြေရှင်းလိုသည်။ ဤအရာသည် လူထုခေါင်းဆောင်၏ တာဝန်ဖြစ်သလို သူမ၏တာဝန်ကို သူမသည် ကျေပြွန်စွာ ထမ်းပိုရွက်ဆောင်နေပေသည်။
လူထုခေါင်းဆောင်သည် ပြည်သူနှင့်ထိတွေ့ဆက်ဆံခွင့် အနဲအကျဉ်းသာရရှိခဲ့သည်။ ယခုအခါတွင်လူထုနှင့် လူထုခေါင်းဆောင်ကြားထိတွေ့ခွင့်များများရရှိရန် အချိန်အခါသို့ရောက်ရှိလာပြီဖြစ်သည်။လူထုခေါင်းဆောင်၏ ငြိမ်းချမ်းသောနည်းဖြင့် တွေ့ဆုံဆွေးနွေးအဖြေရှာရေး စီမံကိန်းကို တစ်ညီတစ်ညွတ်တည်း ၀ိုင်းဝန်းဆန္ဒပြု လက်မှတ်ရေးထိုးထောက်ခံသည့် ကမ်ပိန်း တစ်ရပ်ကို ပြည်သူလူထုကြီးတစ်ရပ်လုံးက အလေးအနက်ထားကာ မဖြစ်မနေလုပ်ဆောင်သင့်ပေသည်။ လူထုခေါင်းဆောင်အပေါ် လူထုက ယုံကြည်မှုရှိကြောင်းကို ထပ်လောင်း၍ ပြသရာရောက်ပြီး ကုလသမဂ္ဂအပါအ၀င် တစ်ကမ္ဘာလုံး၏ မြန်မာနိုင်ငံအပေါ်ထားရှိသည့်စေတနာကို ရောင်ပြန်ထင်ဟတ်စေမည်ဖြစ်သည်။
ဒီမိုကရေစီစနစ်သည် ပြည်သူ့ဆန္ဒ၊ပြည်သူ့တာဝန်သည် အဓိကဖြစ်ပေသည်။ ပြည်သူတိုင်းသည် မိမိတာဝန်ကိုကျေစေရန် မိမိ၏ ရင်ထဲကဆန္ဒအစစ်အမှန်ကို ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသား ထုတ်ဖော် ဆန္ဒပြုလက်မှတ်ရေးထိုးကြစေချင်သည်။လမ်းကြောင်းမှန်လျှောက်ပြီး လုပ်ရပ်မှန်ကန်ပါက အောင်ပွဲသည် လက်တစ်ကမ်းအလိုမျှသာ၊ မဝေးတော့သည့် အနာဂတ်တစ်ခုတွင် အားလုံးတူညီစွာ ဆန္ဒတွေစုစည်းပြီး လှပသည့်နိုင်ငံသစ်တစ်ခုတည်ဆောက်ဖို့ရန် အချိန်ကြရောက်လာပြီဖြစ်ကြောင်း လွင်ပြင်အဖွဲ့သားများမှ အသိပေးတိုက်တွန်းနိုးဆော်လိုက်ပါသည်။



လွင်ပြင်အဖွဲ့သားများ

0 comments:

Post a Comment