ချင်းမိုင် (မဇ္ဈိမ) ။        ။ အစာအိမ်ကင်ဆာ ရောဂါ ခံစားနေရသူဖြစ်ပြီး အင်းစိန်ထောင်တွင် ထောင်ဒဏ် အနှစ် ၂ဝ ကျခံနေရသူ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ဦးဆောင်အဖွဲ့ဝင် ကိုဇော်လင်းထွန်းကို လွှတ်ပေးပါရန် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ-ဘီ)က အစိုးရကို တိုက်တွန်းလိုက်သည်။

စက်တင်ဘာ ၂ဝဝ၃ ခုနှစ်ကတည်းက ထောင်ကျနေခဲ့သော ကိုဇော်လင်းထွန်းသည် အစာအိမ်ကင်ဆာရောဂါအပြင်၊ အသည်းရောင် အသားဝါ၊ ကျောက်ကပ် ကျောက်တည်ရောဂါ၊ အစာအိမ်ရောဂါနှင့် နှလုံးရောဂါတို့ ခံစားနေရပြီး လမ်းပင် ကောင်းစွာ မလျှောက်နိုင်ကြောင်း ပြည်ပအခြေစိုက် (အေအေပီပီ -ဘီ) ၏ သောကြာနေ့ ထုတ်ပြန်ချက် တွင် ဖေါ်ပြထားသည်။

"ယခုနှစ် ဇူလိုင်လမှ စတင်ကာ ကျန်းမာရေး အခြေအနေ ဆိုးရွားလာခဲ့ပြီး စက်တင်ဘာ ၁ ရက်နေ့အထိ ထောင်ပြင်ပ
ဆေးရုံးများသို့ တက်ရောက်ကုသခွင့် မရခဲ့ဘဲ၊ ယင်းလအတွင်း အင်းစိန်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် စမ်းသပ်ကြည့်ချိန်တွင် အစာအိမ် ကင်ဆာရောဂါ ခံစားနေရကြောင်း သိလာရသည်ဟု" အေအေပီပီ-ဘီက
ဖော်ပြထားသည်။

ဆယ်စုနှစ်ပေါင်းများစွာ ဖျက်သိမ်းခံခဲ့ရကာ မြေအောက်လှုပ်ရှားမှု အသွင်ဖြင့် ရှိနေခဲ့သည့် ဗမာနိုင်ငံလုံးဆိုင်ရာ
ကျောင်းသားများ သမဂ္ဂအဖွဲ့ချုပ်ကို သွေးသစ်လောင်း ဖွဲ့စည်းမှုဖြင့် ဖမ်းဆီးခံခဲ့ရပြီး၊ အရေးပေါ်စီမံချက် ဥပဒေ၊ မတရားသင်းဥပဒေ၊ လူဝင်မှုကြီးကြပ်ရေး ဥပဒေ၊ အသင်းအပင်း ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေများဖြင့် ထောင်ဒဏ် ချခဲ့သည်။

သူ၏ မိတ်ဆွေတဦးဖြစ်သူ ဦးဌေးမှ သမ္မတ ဦးသိန်းစိန်ထံ စက်တင်ဘာ ၉ ရက်နေ့တွင် အသနားခံစာ တင်ပြ
တောင်းဆိုထားသော်လည်း တုန့်ပြန်မှု မရဘဲဖြစ်နေသေးသည်ဟု ထုတ်ပြန်ချက်ကဆိုသည်။

မြန်မာတနိုင်ငံလုံး အကျဉ်းထောင်များတွင် နိုင်ငံရေး အကျဉ်းသား နှစ်ထောင်နီးပါးရှိပြီး အင်းစိန်ထောင် တခုထဲတွင်ပင် ကျန်းမာရေး ဆိုးရွားနေသည့် နိုင်ငံရေး အကျဉ်းသား ၁၆၄ ယောက်ရှိနေသည်ဟု အေအေပီပီ-ဘီ က ပြောသည်။
မဇ္ဈိမ
Retold by Lwin Pwin

0 comments:

Post a Comment