မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ တွေ့နေရပြီ ဆိုပေမဲ့ ဒီအပြောင်းအလဲတွေက အချိန်မရွေး နဂိုလမ်းကြောင်းဘက်ကို ပြန်လှည့်သွားနိုင်တာမို့ နီးနီးကပ်ကပ် စောင့်ကြည့်ဖို့ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ပ်ဘဲလ် (Kurt Campbell) က နယူးယောက်မြို့ ကုလသမဂ္ဂရုံးမှာ သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေး အပါအ၀င် အပြောင်းအလဲတွေ လက်တွေ့ ဖော်ဆောင်ဖို့ လိုသေးတာကြောင့် မြန်မာအစိုးရကို ဆက်ပြီး ဖိအားပေးသွားမယ်လို့လည်း ဆိုပါတယ်။
မြန်မာနိုင်ငံကို အရေးယူ ပိတ်ဆို့မှုတွေနဲ့ ဒဏ်ခတ် အရေးယူနေတဲ့ အမေရိကန် အစိုးရက တိုက်ရိုက် ဆွေးနွေး ဆက်ဆံတဲ့ မူဝါဒကိုပါ ချမှတ်ထားပြီး ဒီလဆန်းမှာပဲ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ဒဲရက်ခ် မစ်ချဲလ် (Derek Mitchell) ကို မြန်မာနိုင်ငံ စေလွှတ်ခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့ကတော့ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ တွေ့နေရပြီ ဖြစ်ပေမဲ့ အထူးစိတ်ပူစရာ ဖိနှိပ် ချုပ်ချယ်မှုတွေ တွေ့နေရဆဲပဲလို့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ် ကမ့်ပ်ဘဲလ်က ပြောကြားခဲ့ပါတယ်။
တချိန်တည်းမှာပဲ မြန်မာသမ္မတ ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့သလို မြန်မာအစိုးရသစ် အဖွဲ့ဟာ စီးပွားရေး မူဝါဒ အသစ်တွေနဲ့အတူ လူမှု လူ့အဖွဲ့အစည်းတွေနဲ့ပါ ပုံမှန် ဆွေးနွေးနေတာလိုမျိုး အရင်က အမေရိကန်နိုင်ငံက မျှော်လင့်မထားတဲ့ အပြောင်းအလဲတွေကို ပြီးခဲ့တဲ့ လပိုင်းတွေ အတွင်းမှာပဲ တွေ့ခဲ့ရတယ်လို့လည်း ပြောပါတယ်။ ဒါပေမဲ့ ဒီအပြောင်းအလဲတွေဟာ အချိန်မရွေး ဒုံရင်းအနေအထား ပြန်ဖြစ်သွားနိုင်ခြေ ရှိတယ်လို့လည်း မစ္စတာ ကမ့်ပ်ဘဲလ်က ပြောပါတယ်။
မစ္စတာ ကမ့်ပ်ဘဲလ်အပြင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ဒဲရက်ခ် မစ်ချဲလ်နဲ့တကွ အမေရိကန် အစိုးရ တာဝန်ရှိသူတွေဟာ ဒီသီတင်းပတ်ထဲမှာပဲ နယူးယောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တက်ရောက်လာတဲ့ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ တွေ့ဆုံ ဆွေးနွေးဖို့ ရှိပါတယ်။
Lwin Pwin

0 comments:

Post a Comment