မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်မြို့ သင်္ကန်းကျွန်းမြို့နယ်ရှိ အောင်ဆန်း - ပင်လုံ စာဖတ်ခန်းဖွင့်ပွဲသို့ ယနေ့နံနက် ၁၀ နာရီခန့်က သွားရောက်
အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဒု ဥက္ကဋ္ဌ ဦးတင်ဦးတို့ တက်ရောက် ဖွင့်လှစ်ပေးပြီး ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောကြားကြောင်း စာဖတ်ခန်းဖြစ်မြောက်ရေး ဦးစီးလုပ်ဆောင်ခဲ့သူ ရှေ့နေကြီး ဦးအောင်သိန်းက ပြောသည်။

“လူငယ်တွေ စာပေပိုမိုလေ့လာပြီး ခေတ်နဲ့ ရင်ဘောင်တန်းနိုင်အောင် လေ့လာဖို့ သဘောမျိုး ဒေါ်အောင်ဆန်းစုကြည်ရော၊ ဦးတင်ဦးကပါ ပြောသွားပါတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ စာဖတ်ခန်းကို သင်္ကန်းကျွန်းမြို့နယ် NLDပါတီက ဖွင့်လှစ်ခြင်း ဖြစ်ပြီး အခမ်းအနားကို လူ ၅၀၀ ခန့် တက်ရောက်ကြောင်း ဦးအောင်သိန်းကပြောသည်။

အောင်ဆန်းပင်လုံ စာဖတ်ခန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်မှာ လက်ရှိမြန်မာနိုင်ငံ၌ ကာကွယ်ရေး အသုံးစရိတ်မှာ ၂၄ ရာခိုင်နှုန်း သုံးစွဲနေသော်လည်း ပညာရေး အသုံးစရိတ်ကိုမူ ၄ ရာခိုင်နှုန်းသာ သုံးစွဲသည့်အတွက် ပညာရေးပိုင်းတွင် အားနည်း နေကြောင်း၊ ထို့ကြောင့် စာဖတ်ခန်းဖွင့်လှစ်၍ လူငယ်များ ပညာဗဟုသုတပိုင်းတွင် တိုးတက်စေရန် တတ်စွမ်းသမျှ ဆောင်ရွက် ရခြင်းဖြစ်ကြောင်း ဦးအောင်သိန်းက ဆက်လက်ရှင်းပြသည်။

ယခုစာဖတ်ခန်းတွင် ကျန်းမာရေး၊ ဘာသာရေး၊ ပညာရေး၊ ကလေးစာပေ၊ နိုင်ငံတကာ၊ သမိုင်းအထောက် အထားနှင့် ပတ်သက် သည့် စာပေါင်း ၂၀၀၀ ကျော် လက်ခံရရှိ ထားသည့်အပြင် အင်တာနက်မှ တဆင့် ရှာဖွေဖတ်ရှုနိုင်သည့် အွန်လိုင်းစာကြည့်တိုက် လည်းပါဝင်သည်ဟု သိရသည်။

Lwin Pwin

0 comments:

Post a Comment