ချင်းမိုင် (မဇ္ဈိမ) ။       ။ အီတာလျံ- ထိုင်း ကုမ္ပဏီက အကောင်အထည် ဖော်မည့် ရေနက်ဆိပ်ကမ်း အပါအဝင်
ထားဝယ် ဖွံ့ဖြိုးမှု စီမံကိန်းအတွက် အစိတ်အပိုင်းတခုဖြစ်သည့် ထားဝယ်၊ ကန်ချနဘူရီ အဝေးပြေးကားလမ်း
ဖောက်လုပ်မှုကို စက်တင်ဘာလ ၁၅ ရက်နေ့မှစတင် တားမြစ်ထားသည်ဟု ကရင်အမျိုးသား အစည်းအရုံး KNU က ပြောသည်။

“အခုချိန်မှာ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ (သဘာဝ) ပတ်ဝန်းကျင်နဲ့ ထိခိုက်မယ်ဆိုရင်၊ ပြီးတော့
လူထု ဖွံ့ဖြိုးတိုးတက်မှုနဲ့ ထိခိုက်မယ်ဆိုရင် အဲဒါ ကျမတို့က ပေးလုပ်လို့ မရဘူးပေါ့နော်။” ဟု KNU အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်က ပြောသည်။

မြန်မာနိုင်ငံ တနင်္သာရီတိုင်း ထားဝယ်မြို့နှင့် ထိုင်းနိုင်ငံ အနောက်ဘက်ရှိ ကန်ချနဘူရီတို့ ဆက်သွယ် ဖောက်လုပ်နေ
သော လမ်းလုပ်ငန်းကို မည်သည့်အချိန်တွင် ပြန်လည်ခွင့်ပြုမည်ဟု ပြောကြားသွားခြင်းမရှိသော်လည်း ဒေသခံများ၏ ဆန္ဒပေါ်မူတည်ကာ ဆုံးဖြတ်မည်ဟု ဆိုသည်။

အထက်ပါ ကုမ္ပဏီမှယာဉ်များ ဖြတ်သန်းသွားလာမှုမလုပ်ရန် KNU က အကြောင်းကြားထားပြီးနောက်ပိုင်း
လမ်းဖောက် ကုမ္ပဏီဘက်မှ ယာဉ်များဖြတ်သန်းသွားလာမှု ရပ်ဆိုင်းနေသည်ဟု ဒေသခံတဦးက ပြောသည်။

ဇူလိုင်လဆန်းပိုင်းတွင် KNU ၏ စစ်ဘက်ဖြစ်သော KNLA တပ်ဖွဲ့ဝင်များက တားမြစ်ခဲ့သေးသော်လည်း လမ်းဖောက် လုပ်ခြင်းကြောင့် ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို ဒေသခံများထံ စစ်တမ်း ကောက်ယူရန်အတွက် စက်တင်ဘာလ ၁၄ ရက်နေ့ထိ ကုမ္ပဏီအလုပ်သမားများနှင့် ယာဉ်များကို ဖြတ်သန်းသွားလာ ခွင့်ပြုထားခဲ့သည်။

ထားဝယ်၊ ကန်ချနဘူရီသို့ ဆက်သွယ်မည့် ရှစ်လမ်းသွား အဝေးပြေး လမ်းမကြီးတလျှောက်သည် ကေအန်ယူ မြိတ်၊ ထားဝယ်ခရိုင် လက်အောက်ရှိ တပ်မဟာ (၄) တပ်ဖွဲ့ဝင်များ စစ်ရေးလှုပ်ရှားရာဒေသ ဖြစ်သည်။

ကားလမ်းတလျှောက်တွင် ကရင်တိုင်းရင်းသားကျေးရွာ ၁၃ ရွာ ရှိကာ ဥယျာဉ်ခြံနှင့် တောင်ယာ စိုက်ပျိုးခြင်းဖြင့်
အဓိက အသက်မွေးဝမ်းကျောင်း ပြုကြသည်။

၁၆ဝ ကီလိုမီတာ ရှည်သော ထားဝယ်၊ ကန်ချနပူရီလမ်းသည် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် အလွန်အရေးပါသည့် အစိတ်အပိုင်းတခု ဖြစ်ပြီး မြန်မာနိုင်ငံအတွင်းပိုင်းတွင် ၁၃ဝ ကီလိုမီတာခန့် ရှည်လျားသည်။

Retold by Lwin pwin

0 comments:

Post a Comment