သမ္မတဦးသိန်းစိန်၏ မြစ်ဆုံစီမံကိန်း ဆိုင်းငံ့ရေး ဆုံးဖြတ်ချက်ကြောင့် အံ့သြတုန်လှုပ်မိသည်ဟု စီမံကိန်းတွင် အများဆုံး ရင်းနှီးမြှုပ်နှံထားသော တရုတ်အစိုးရပိုင် China Power Investment (CPI) ကုမ္ပဏီဥက္ကဋ္ဌက တနင်္လာနေ့တွင် ပြောဆိုလိုက်သည်။ သမ္မတဦးသိန်းစိန်သည် ယခုနှစ် ဖေဖော်ဝါရီလတွင် စစ်အစိုးရ၀န်ကြီးချုပ်ဘ၀က မြစ်ဆုံစီမံကိန်းကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး တည်ဆောက်ရေးလုပ်ငန်းများ အရှိန်မြှင့် လုပ်ဆောင်ရန် CPI ကုမ္ပဏီကို မှာကြားခဲ့သူ ဖြစ်ခြင်းကြောင့် ယခု ဆုံးဖြတ်ချက်ကို အလွန် အံ့သြမိခြင်းဖြစ်သည်ဟု Mr. Lu Qizhou က ပြောသည်။
"ဆိုင်းငံ့တယ်ဆိုတာက တည်ဆောက်ရေးလုပ်ငန်းတွေ ရပ်ဆိုင်းတယ် ဆိုတာကို ပြောတာ ဆိုရင်တော့ ဒါဟာ ဥပဒေကြောင်းအရ ဆောင်ရွက်စရာတွေ ရှိလာတော့မှာပေါ့" ဟု Mr. Lu Qizhou က ပြောသည်။
CPI ကုမ္ပဏီသည် ဒေါ်လာ ဘီလီယံ ၂၀ တန် မြစ်ဆုံဆည် ၇ ခု စီမံကိန်းအတွက် ယခင်က မြန်မာစစ်အစိုးရထံသို့ ငွေကြေး မည်မျှ ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း ရှင်းလင်းစွာ မသိရသေးပေ။ ကုမ္ပဏီက ယခင်စစ်အစိုးရခေါင်းဆောင် ဦးသန်းရွှေ၊ လက်ရှိ ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးတို့ကို မြစ်ဆုံစီမံကိန်း အတွက် ဒေါ်လာ ၅ ဘီလီယံ အထိ ပေးအပ်ခဲ့ကြောင်း ထိုငွေထဲမှ တချို့ကို မြို့တော်သစ် နေပြည်တော် တည်ဆောက်ရေး လုပ်ငန်းတွင် အသုံးပြုခဲ့ကြောင်း၊ ယခု စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၃.၆ ဘီလီယံ ရှိကြောင်း၊ ဆိုင်းငံ့မှုကြောင့် နှစ်နိုင်ငံ ထိခိုက်နစ်နာမှု ကြီးမားနိုင်ကြောင်း၊ လျော်ကြေး အများအပြား တောင်းဆိုနိုင်ကြောင်း Mr. Lu Qizhou က ပြောသည်။
၂၀၀၆ ခုနှစ်တွင် CPI ကုမ္ပဏီ၊ မြန်မာနိုင်ငံ အမှတ် ၁ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ Asia World ကုမ္ပဏီတို့ သဘောတူညီထားချက်အရ မြစ်ဆုံဆည် စီမံကိန်းကို ၂၀၀၉ ခုနှစ်တွင် အစပြုခဲ့သည်။ စီမံကိန်းပြီးစီးလျှင် ထွက်ပေါ်လာမည့် လျှပ်စစ်ဓာတ် ၉၀ ရာနှုန်းကို တရုတ်နိုင်ငံသို့ နှစ်ပေါင်း ၅၀ တိတိ ပေးပို့ရမည် ဖြစ်သည်။ ထိုကာလ လွန်မြောက်လျှင် မြစ်ဆုံရေအားလျှပ်စစ်လုပ်ငန်းကို မြန်မာနိုင်ငံက ရရှိမည် ဖြစ်သည်။
တနင်္လာနေ့က သမ္မတဦးသိန်းစိန်၏ အကြံပေးအရာရှိတဦးက ပြောကြားရာတွင် ၂၀၁၅ ခုနှစ်တွင် ယခုအစိုးရအဖွဲ့ သက်တမ်းကုန်ပြီး ပေါ်ပေါက်လာမည့် မြန်မာအစိုးရအဖွဲ့ လက်ထက်တွင် စီမံကိန်း နှင့် ပတ်သက်ပြီး ထပ်မံ ဆုံးဖြတ်မည်ဟု ဆိုသည်။ မြန်မာအစိုးရက စီမံကိန်းကို ဆိုင်းငံ့ခြင်းကြောင့် ဥပဒေကြောင်းအရ ဖြေရှင်းရသည့်အခါ လျော်ကြေး ပေးဆောင်ရဖွယ် ရှိကြောင်း၊ စီမံကိန်းကို ဖျက်သိမ်းမည် ဆိုပါက အစိုးရချင်း ဖြေရှင်းရမည့် ကိစ္စ ဖြစ်ကြောင်း ကမ္ဘာ့မြစ်များ ကာကွယ် ထိန်းသိမ်းရေးအဖွဲ့ (International Rivers Network - IRN) က ပြောသည်။
"ဒါမျိုးတွေက ဖြစ်နေကျပါ။ နိုင်ငံအတော်များများ အထူးသဖြင့် လက်တင်အမေရိက နိုင်ငံတွေမှာ နိုင်ငံခြားကုမ္ပဏီများနဲ့လုပ်တဲ့ ရေနံ၊ သဘာဝဓာတ်ငွေ့ တူးဖော်ရေးလုပ်ငန်း စီမံကိန်းတွေကို အဲဒီနိုင်ငံတွေက ကိုယ်တိုင် ဆောင်ရွက်တော့မယ် ဆိုရင် ဒီလိုပဲ ဖြစ်တတ်ပါတယ်" ဟု IRN မှ ဥပဒေပညာရှင် တရုတ်အမျိုးသမီး Ms. Grace Mang က ပြောသည်။ တရုတ်နိုင်ငံခြားရေးဌာန နှင့် CPI ကုမ္ပဏီတို့၏ တုံ့ပြန်ချက်များတွင် မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ပြီး တိုင်ပင်ညှိနှိုင်းလိုကြောင်း ဖော်ပြထားကြသည်။ မြန်မာအစိုးရဘက်က တစုံတရာ ပြန်လည်တုံ့ပြန်မှု မရှိသေးပေ။

Lwin Pwin

0 comments:

Post a Comment