မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေမှာ စစ်မှန်တဲ့ စာနယ်ဇင်းလွတ်လပ်ခွင့် အလားအလာ မတွေ့ရသေးဘူးလို့ စာပေအသိုင်းအ၀ိုင်းထဲက သူတွေက ပြောကြပါတယ်။ ပြန်ကြားရေးဝန်ကြီးနဲ့ စာပေစိစစ်ရေးအရာရှိတို့က သတင်းလွတ်လပ်ခွင့် အလားလာတွေကို ဒီရက်ပိုင်းအတွင်း ပြောနေကြတဲ့အပေါ် ပြည်တွင်း စာနယ်ဇင်း သမားတွေက သူတို့မြင်နေတဲ့ အခြေအနေတွေကို တုံ့ပြန် ပြောဆိုကြတာဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်ကိုသွားနေတဲ့ နိုင်ငံမို့ နောက်ဆုံးမှာ စာအုပ်စာစောင်အားလုံးဟာ ထုတ်ဝေပြီးမှ တင်ပြတဲ့စနစ်ကိုသွားမယ်လို့ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက လွှတ်တော်ထဲမှာ ပြောခဲ့သလို ဒါဟာ လွတ်လပ်မှုနဲ့ တာဝန်ယူမှု၊ လွတ်လပ်မှုနဲ့ ဆင်ခြင်တုံတရား သဟဇာတဖြစ်တဲ့အချိန်မှာလို့ ဆိုတဲ့အတွက် ဒီအချိန်ကို ဘယ်တော့ သတ်မှတ်မလဲ၊ ဘယ်လိုအနေအထားတွေကျမှ သတ်မှတ်မှာလဲ။
မြန်မာနိုင်ငံမှာ ထုတ်ဝေပြီးမှတင်ပြတဲ့ ထုတ်တင်စနစ်နဲ့ မထုတ်ဝေခင် ကြိုတင်တင်ပြရတဲ့ တင်ထုတ်စနစ် ဆိုပြီး အမျိုးအစားနှစ်ခု ခွဲခြား သတ်မှတ်ထားသလို နောက်ဆုံး အားလုံးဟာ ထုတ်တင်စနစ်ဖြစ်မယ်လို့ ဆိုပေမဲ့ ဒီ ထုတ်တင်စနစ်အတွက် ချမှတ်ထားတဲ့ စည်းကမ်းသတ်မှတ်ချက်တွေအရ စာပေစိစစ်ရေးအဖွဲ့ဟာ ဆက်ရှိနေဦးမှာပါ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၉ ရက်နေ့မှာ ပြန်ကြားရေးဝန်ကြီးက အခြေခံဥပဒေနဲ့အညီ ဖော်ဆောင်ပေးမယ့် သတင်းမီဒီယာဥပဒေကို ပြင်ဆင်တာ၊ ဖြည့်စွက် ပယ်ဖျက် ပြဌာန်းတာတွေကို လွှတ်တော်ကနေ လုပ်မယ်ဆိုပေမဲ့ လက်တွေ့ဖြတ်သန်းနေရတဲ့ စာနယ်ဇင်းသမားတွေရဲ့ ဒီပြဌာန်းချက်တွေအပေါ် ဝေဖန် အကြံပြုချက်တွေကိုလည်း ထည့်သွင်းစဉ်းစာဖို့ လိုမယ်လို့ ထောက်ပြပါတယ်။
မြန်မာ့စာအုပ် စာနယ်ဇင်းလောကကို စာပေစိစစ်ရေးက အရင်တုန်းက အချက် ၂၁ ချက်ရှိတဲ့ စည်းကမ်းချက်တွေ သတ်မှတ်ထားရာကနေ အခု အချက် ၁၂ ချက်နဲ့သာ ပြောင်းလဲ ဆောင်ရွက်နေတယ်လို့ ပြန်ကြားရေးဝန်ကြီးက လွှတ်တော်မှာပြောခဲ့သလို ဒီအချက်တွေဟာ အာဆီယံနဲ့ ကမ္ဘာ့နိုင်ငံအများစုမှာ ကျင့်သုံးနေတဲ့မူတွေကို လေ့လာပြီးမှ နို်င်ငံနဲ့ ကိုက်ညီအောင် ဆောင်ရွက်ထားပါတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ကမ္ဘာ့ သတင်းလွတ်လပ်ခွင့် အဖွဲ့ကြီးတွေကတော့ မြန်မာနိုင်ငံမှာ အရပ်သားအစိုးရ တက်လာတယ်ဆိုပေမဲ့ အရင်ကပိတ်ပင်ထားတဲ့ သတင်းတချို့ ကို ဖော်ပြခွင့်ပေးလာတာကလွဲရင် သတင်းနဲ့စာနယ်ဇင်း ဖိနှိပ်ထားမှုဟာ ဘာမှ တိုးတက် ပြောင်းလဲလာတာ တိုးတက်လာတာ မရှိသေးဘူးလို့ ဝေဖန်ထောက်ပြနေကြဆဲ ဖြစ်ပါတယ်။
Lwin Pwin

0 comments:
Post a Comment