မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၀ါရှင်တန်ဒီစီအခြေစိုက် Oxi Day အဖွဲ့ကြီးကနေပြီးတော့ ပထမဦးဆုံး Oxi Day Crete တိုက်ပွဲဆု ချီးမြှင့်လိုက်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းက ဟစ်တလာနဲ့ မူဆိုလိုနီတို့လို အင်အားကြီးတဲ့ အာဏာရှင်တွေကို ဂရိနိုင်ငံငယ်ကလေးက No လို့ အဓိပ္ဗာယ်ရတဲ့ Oxi ဆိုတဲ့ ဝေါဟာရကို သုံးပြီးတော့ အာခံခဲ့ကြတာမှာ အမျိုးသမီးတွေ ပါဝင်ခဲ့တဲ့ အခန်းကဏ္ဍကို ဒီဆုက ဂုဏ်ပြုချီးမြှင့်တာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း မြန်မာ့ဒီမိုကရေစီရရှိရေးနဲ့ လွတ်လပ်မှုအတွက် သတ္တိရှင် အမျိုးသမီးတဦး အနေနဲ့ အခုလို ဆုချီးမြှင့်တာ ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းက ဂျာမနီနဲ့ အီတလီ ၀င်ရိုးစွန်းတပ်တွေကို တွန်းလှန်ရာမှာ ဂရိနိုင်ငံ၊ ခရိကျွန်းမှာ ဖြစ်ပွားခဲ့တဲ့ ခရိတိုက်ပွဲမှာ အမျိုးသမီးထုရဲ့ အခန်းကဏ္ဍဟာ လွတ်လပ်မှုနဲ့ ဒီမိုကရေစီအတွက် သတ္တိ ပြောင်မြောက်စွာ တွန်းလှန်နိုင်ကြသူတွေအဖြစ်နဲ့ မှတ်တမ်းအတင်ခံခဲ့ကြရပါတယ်။ ဒီလို သတ္တိပြောင်မြောက်သူတွေကို မှတ်တမ်းတင်နိုင်ဖို့အတွက် ၀ါရှင်တန်အခြေစိုက်၊ Oxi Day အဖွဲ့ကြီးက Oxi Day Crete တိုက်ပွဲဆု ချီးမြှင့်ဖို့ ဆုံးဖြတ်ခဲ့ပြီး ပထမဦးဆုံးအဖြစ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ဖို့ ရွေးချယ်လိုက်တယ်လို့ Oxi Day အဖွဲ့ ဥက္ကဋ္ဌ အဲန်ဒရူး၊ မွန်နားတို့စ်ကို ပြောကြားခဲ့ပါတယ်။
ဒီဆုပေးအပ်ဖို့ အရင်အောက်လွှတ်တော် ဒီမိုကရက်ခေါင်းဆောင် နန်စီ ပေါ်လိုစီက (Nancy Pelosi) နာမည်စာရင်းတင်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဂရိ-အမေရိကန် အဖွဲ့ကြီးဖြစ်တဲ့ Oxi Day အဖွဲ့ဟာ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ကို ကျင်းပဖို့ရှိပြီး ဒီနှစ်အတွက် အထိမ်းအမှတ်မှာတော့ ဆု ၂ ခုပေးဖို့ ရှိပါတယ်။ အမျိုးသားအတွက် Oxi Day ဆုကို မကြာသေးခင်ကမှ အာရပ်ကမ္ဘာရဲ့ ဒီမိုကရေစီလှုပ်ရှားမှုကို စတင်ခဲ့တဲ့ တူနီးရှားနိုင်ငံက လူ့အခွင့်အရေး လှုပ်ရှားသူ Jamel Bettaieb ကို ပေးအပ်မှာဖြစ်ပြီး အမျိုးသမီးအတွက် ပထမဆုံး Oxi Day ခရိ စစ်ပွဲဆုကို ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်မှာဖြစ်ပါတယ်။
အမျိုးသမီးတွေ အတွက် ပေးတဲ့ ဆုကတော့ Battle of Crete ဆုပါ။ လေထီးနဲ့ ဆင်းပြီး ခရိကျွန်းကို သိမ်းပိုက်ဖို့ ကျိုးစားတဲ့ နာဇီတပ်သား အသေအပျောက် အများဆုံးအဖြစ် မှတ်တမ်းတင်ခဲ့ရတဲ့ ခရိတိုက်ပွဲမှာ ပါဝင်ဆင်နွှဲခဲ့တဲ့ အမျိုးသမီးတွေကို ရောမပုံပြင်ထဲက ဘီလူးကြီး ဂိုလိုင်းရတ် Goliath ကို လောက်လေးဂွနဲ့ တွန်းလှန်ခဲ့တဲ့ ဒေးဗစ် ရဲ့ ရဲစွမ်းသတ္တိ ရှိသူလို့ တင်စားကြပါတယ်။ ဒီလို အစွမ်းသတ္တိရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အောက်တိုဘာလ ၂၇ ရက်နေ့ ၀ါရှင်တန် ဒီစီမှာ ကျင်းပမယ့် အောက်ဆီဒေး နှစ်ပတ်လည် အခမ်းအနားမှာ ဆုပေးဖို့ စီစဉ်ထားပါတယ်။
ဒီဆုကို အမေရိကန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားတဲ့ Burma Campaign အဖွဲ့ တာဝန်ခံ ဦးအောင်ဒင်က ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား လက်ခံရယူမှာဖြစ်ပြီး  ဒေါ်အောင်ဆန်းစုကြည်က ဒီအခမ်းအနားအတွက် ဗီဒီယိုမိန့်ခွန်း ပေးပို့ဖို့ ရှိတယ်လို့လည်း အောက်ဆီဒေး အဖွဲ့က ပြောပါတယ်။
Lwin Pwin

0 comments:

Post a Comment