လွတ်မြောက်လာသူ အကျဉ်းသားများအနေဖြင့် မိမိယုံကြည်ချက်လမ်းကြောင်း အတိုင်း ဆက်လုပ်သွားမည်ဟု မျှော်လင့်ကြောင်းနှင့် ဆက်လုပ်ရန် အတွက်လည်း အတိုက်အခံ ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်သည်။ ဝါရင့်နိုင်ငံရေးသမားကြီးများ ကန်တော့ပွဲနှင့် လွတ်မြောက်လာသူ အကျဉ်းသားများ ကြိုဆိုပွဲ နှစ်ခုကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ရုံးတွင် အောက်တိုဘာလ ၂၁ ရက် ကျင်းပခဲ့ရာ၌ ယခုကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ သက်ကြီးပူဇော်ပွဲကို စတင် ကျင်းပခဲ့ဖြစ်ကာ လွတ်လပ်ရေး တိုက်ပွဲများမှ ယနေ့အချိန်အထိ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ဒီမိုကရေစီရေး လုပ်ဆောင်နေသည့် ဝါရင့်နိုင်ငံရေးသမားကြီး ရှစ်ဦးကို ဖိတ်ကြား ဂုဏ်ပြုခဲ့ခြင်းဖြစ်သည်။ ဂုဏ်ပြုခံ နိုင်ငံရေးသမားကြီးများမှာ ဦးနိုင်ငွေသိန်း၊ သခင်လှကွန်း၊ ဦးသာဘန်း၊ ဗိုလ်အောင်နိုင်၊ ဦးအုန်းမောင် (ရွှေတောင်)၊ ဦးကျော်စိန်နှင့် ဦးထွေးမြင့်တို့ ဖြစ်သည်။ ယင်းပွဲသို့ NLD ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၊ ဝါရင့်နိုင်ငံရေး သမားကြီးများ၊ပြည်နယ်/တိုင်းများမှ ပါတီအဖွဲ့ဝင် စုစုပေါင်း ၁,၅၀၀ ခန့် တက်ရောက်ခဲ့ကြသည်။ ယင်းတို့ထဲတွင် မကြာမီက လွတ်မြောက်လာသည့် လူရွှင်တော် ကိုသူရ (ခ) ဇာဂနာ၊ NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်သည့် ဦးကျော်ခင် (တောင်ကြီး)နှင့် ဦးစောလှိုင် (အင်းတော်) အပါအဝင် အကျဉ်းသား ၁၀၀ ခန့်လည်း ပါရှိသည်။ ယင်းအပြင် မကြာခင်တွင် ကျန်ရှိနေသည့် အကျဉ်းသားများ လွတ်မြောက်လာမည်ဟု မျှော်လင့်ကြောင်းနှင့် ကြိုဆိုပွဲကိုလည်း အောင်ဆန်းကွင်းတွင် ကျင်းပမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။
Lwin Pwin

0 comments:

Post a Comment